← Chapters

အခန်း ၁၀၇၃

Vol. 72 Ch. 1073

အခန်း ၁၀၇၃

Vol. 72 Ch. 1073

အခန်း ၁၀၇၃ - မင်း ငါ့ဥယျာဉ်ကို ဖျက်ဆီးလိုက်တာ

လူငယ်လေး၏ ပါးစပ်မှာ အနည်းငယ်တွန့်လိမ်သွားပြီး သူ့ဒေါသထဲတွင် အံ့ဩမှုတချို့ပင် ရောယှက်နေသည်။ ဤအဆင့်နိမ့်ကမ္ဘာမှ ဒေသခံက သူ့ကို မကြောက်ရွံ့သည့်အပြင် အသံအကျယ်ကြီးဖြင့်ပင် ကျိန်ဆဲလိုက်သေးသည်။

သိထားရမည့်အချက်မှာ ပြီးခဲ့သည့်တစ်ခေါက်က သူ ဤကဲ့သို့သော အဆင့်နိမ့်ကမ္ဘာကို လာရောက်စဉ်က ဒေသခံများသည် သူ့ကိုမြင်သည်နှင့် အလွန်ကြောက်ရွံ့သွားပြီး စကားပင် မပြောရဲခဲ့ကြပေ။ ထိုအချိန်က သူ၏ အထက်စီးဆန်လိုသော စိတ်ဆန္ဒမှာ အကြီးအကျယ် ကျေနပ်မှုရရှိခဲ့သည်။

ဤဒေသခံက အီးတစ်ချက်ပေါက်ရုံဖြင့် သူ့ကို သေအောင်လုပ်နိုင်သည်ဟု ပြောလိုက်လေသလား။

"မင်းမျက်နှာက ဘာလို့ တွန့်လိမ်နေတာလဲ။ မျက်နှာလေဖြတ်နေလို့လား။ ဆေးစစ်ဖို့ ဆေးရုံပို့ပေးရမလား။ ငါ့မှာ ဆေးရုံအများကြီးရှိတယ်။ မျက်နှာလေဖြတ်တာပဲဖြစ်ဖြစ် စိတ်ရောဂါပဲဖြစ်ဖြစ် ငါတို့က ကျွမ်းကျင်ပြီးသား"

"တော်တော့"

"မျက်နှာက ဘာလို့ အဲ့လောက်နီနေတာလဲ။ ဒေါသထွက်နေတာလား။ အပူကျသွားအောင် စုပ်ခွက်တင်တဲ့ကုထုံး လုပ်ပေးရမလား"

"တော်တော့လို့။ ငါ တော်တော့လို့ ပြောနေတယ်လေ"

လူငယ်လေးထံမှ လေလှိုင်းတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာသည်။

"အဆင့်နိမ့်ကောင်.. မင်း သေချင်နေတာပဲ"

"အရမ်းအားကောင်းတဲ့ စွမ်းအင်တုံ့ပြန်မှုပဲ"

အုပ်ချုပ်ရေးစင်တာတွင် ကိစ္စရပ်များကို ကိုင်တွယ်နေကြသော အဆင့်ကိုးသက်ရှိအချို့မှာ ဤနေရာသို့ လှမ်းကြည့်ရင်း တိန်တဆိတ်အံ့အားသင့်သွားကြသည်။ သူသည် အဆင့်ရှစ်သက်ရှိမျှသာ ဖြစ်သော်လည်း သူ့အရှိန်အဝါမှာ အဆင့်ကိုးသက်ရှိတစ်ယောက်ထက်ပင် သာလွန်နေသည်။

"ဒါက အဆင့်မြင့်ကမ္ဘာက သက်ရှိတစ်ယောက်များလား"

အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ကြသော ဤမကောင်းဆိုးဝါးအိုကြီးများက အဆင့်မြင့်ကမ္ဘာများအကြောင်း သိထားသည်။

ရှေးယခင် နှစ်ပေါင်းသောင်းဂဏန်းမှ သန်းဂဏန်းရှိသည့် ကာလများကတည်းက အဆင့်မြင့်ကမ္ဘာများရှိ လူများမှာ အပြိုင်ကမ္ဘာအမျိုးမျိုးသို့ ဆင်းသက်လာတတ်ကြသည်။ သူတို့တစ်ဦးစီတိုင်းမှာ မယုံနိုင်လောက်အောင် အစွမ်းထက်ကြပြီး များသောအားဖြင့် သူတို့ထက် သက်ရှိအဆင့်ပိုမြင့်မားသူများကိုပင် အနိုင်ယူနိုင်စွမ်း ရှိကြသည်။

သူတို့၏ လုပ်ရပ်များကိုလည်း လုံးဝ ခန့်မှန်း၍ မရနိုင်ပေ။ အချို့က ဟိုဟိုသည်သည်လျှောက်သွားတတ်ကြပြီး အချို့ကတော့ မျိုးနွယ်စုအသီးသီးရှိ သိုင်းပညာရှင်များကို စိန်ခေါ်ကာ အချို့ကမူ တွေ့သမျှလူကို အရူးအမူးသတ်ဖြတ်တတ်ကြသည်။

အစပိုင်းတွင် ဤစကြဝဠာများမှ အသန်မာဆုံးလူများက ဦးဆောင်ဖြေရှင်းလေ့ရှိ၏။ အဆင့်ပိုမြင့်သော စကြဝဠာများရှိ ဖျက်ဆီးလိုသော ဤသက်ရှိများကို တွေ့ရှိသည်နှင့်တစ်ပြိုင်နက် သူတို့ကို သတ်ဖြတ်ရန် အလွန်ပြင်းထန်သော နည်းလမ်းများကို ချက်ချင်းအသုံးပြုကြသည်။ အချိန်ကြာလာသည်နှင့်အမျှ ထိုအဆင့်မြင့်သက်ရှိများ၏ လုပ်ရပ်များမှာ အနည်းငယ် စည်းကမ်းကျလာလေသည်။

သို့သော်လည်း အဆင့်မြင့်ကမ္ဘာရှိ အဆင့်ကိုး သက်ရှိတစ်ယောက် ထပ်ပေါ်လာသည်။ စုံစမ်းစစ်ဆေးရန် သွားရောက်ခဲ့သော ခွန်အားကြီးသူများအားလုံး အသတ်ခံခဲ့ရသည်။ ဤသတင်းမှာ ကမ္ဘာခြားစစ်မြေပြင်ကတစ်ဆင့် စကြဝဠာများစွာဆီသို့ ပျံ့နှံ့သွားသည်။

နောက်ပိုင်းတွင် ဤလူများ ပေါ်လာခြင်းနှင့်ပတ်သက်၍ စကြဝဠာအသီးသီးက မျက်ကွယ်ပြုရန်သာ ရွေးချယ်ခဲ့ကြသည်။ မည်သို့ပင်ဆိုစေ ထိုလူများမှာ အချိန်ကြာမြင့်စွာ နေထိုင်လေ့မရှိပေ။ သူတို့အနေနှင့် ဖျက်ဆီးမှုများ ပြုလုပ်ခဲ့လျှင်ပင် သက်ရောက်မှုကြီးကြီးမားမား မရှိလှချေ။ သတ်ဖြတ်ခြင်းကို ရူးသွပ်သူများမှာ လူနည်းစုသာ ဖြစ်သောကြောင့် သူတို့၏ လုပ်ရပ်များက ပိုလွတ်လပ်လာခဲ့သည်။

သို့သော် မမျှော်လင့်ထားပါဘဲ ယခုတစ်ကြိမ်တွင် ဤလူများက ကမ္ဘာခြားအုပ်ချုပ်ရေးစင်တာ၌ ပေါ်လာခဲ့ပြီး မိစ္ဆာကောင် ကျန်းမုန့်လောင်နှင့်ပင် ထိပ်တိုက်တွေ့နေကြသည်။

စကြဝဠာ၏ အသန်မာဆုံးလူ အများအပြားသည် ကျန်းမုန့်လောင်၏ မင်္ဂလာဆောင်သို့ တက်ရောက်ခဲ့ကြသည်။ မင်္ဂလာဆောင်နေ့တွင် သူ့ဖခင် ပေါ်လာခဲ့သည်။ အဆင့်မြင့်စကြဝဠာမှ ထိုပြိုင်ဘက်ကင်းစွမ်းအားကား တစ်သက်မေ့နိုင်စရာမရှိလောက်အောင်ပင်။

ထိုအချိန်မှသာ ကျန်းမုန့်လောင်တွင် မယုံနိုင်ဖွယ်ကောင်းသော ကျွမ်းကျင်မှုများနှင့် စွမ်းရည်အများကြီး ဘာကြောင့်ရှိနေရသလဲဆိုသည်ကို သူတို့ နားလည်သွားကြသည်။ သူသည် သူ့အဖေကို အားကိုးခဲ့ရခြင်းပင်။

ယခု အဆင့်မြင့်မျိုးနွယ်စုများရှိ သက်ရှိများနှင့် ကျန်းမုန့်လောင် တွေ့ဆုံသောအခါ တစ်ယောက်က ကိုယ့်ကိုယ်ကိုယ် နံပါတ်တစ်ဟု ထင်မှတ်ကာ မိုက်ရူးရဲဆန်နေပြီး ကျန်တစ်ယောက်ကမူ အဆင့်နိမ့်စကြဝဠာမှ လူများကို အထင်သေးကာ မောက်မာနေသဖြင့် တိုက်ပွဲတစ်ခု ဖြစ်လာရန်မှာ လုံးဝရှောင်လွှဲ၍မရနိုင်တော့ပေ။

ထို့ပြင် ယခုမူ ပေါက်ကွဲထွက်တော့မည့်ဆဲဆဲအခြေအနေသို့ ရောက်ရှိနေလေပြီ။

"အဆင့်နိမ့်ကောင်... ငါ့လက်ချက်နဲ့ သေရတာကိုပဲ ကံကောင်းတယ်လို့ မှတ်လိုက်"

ထိုလူငယ်လေး၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ တောက်ပသွားသည်။ ယနေ့ ဤဒေသခံကို သူ မသတ်နိုင်ပါက နောင်တွင် သူ့ဂိုဏ်းတူညီညီမများရှေ့၌ မျက်နှာပြရဲတော့မည် မဟုတ်ပေ။

အဆင့်ရှစ်သက်ရှိတစ်ယောက်အနေနှင့် သူလည်း ကျန်းမုန့်လောင်၏ သက်ရှိအဆင့်ကို အာရုံခံနိုင်သည်။

ဤဒေသခံမှာ ငယ်ရွယ်ပုံပေါက်သော်လည်း သူသည်လည်း အဆင့်ရှစ်သက်ရှိတစ်ယောက်ပင်။

အနည်းငယ် အံ့အားသင့်သွားသော်လည်း အံ့ဩမှုသက်သက်သာ ဖြစ်၏။ ဤကဲ့သို့သော အဆင့်နိမ့်စကြဝဠာများတွင် ပါရမီရှင် သို့မဟုတ် အပြင်းအထန် ကျင့်ကြံသူတစ်ယောက် တစ်ခါတစ်ရံပေါ်လာခြင်းမှာ ပုံမှန်ပင်။ ထို့ပြင် ယခင်က သူ့ဂိုဏ်းတူအစ်ကိုအများအပြားမှာ ဤအဆင့်နိမ့်ကမ္ဘာများတွင် ဂိုဏ်း၏ ပစ္စည်းအချို့ကို မတော်တဆ ဆုံးရှုံးခဲ့ဖူးသည်။

အဆင့်နိမ့်စကြဝဠာများမှ ဤလူများသည် သူတို့၏ ပစ္စည်းများကို နားလည်နိုင်မည့် နည်းလမ်းများကို ရှာတွေ့သွားခြင်း ဖြစ်နိုင်သည်။ ထို့ကြောင့် ဤမျှငယ်ရွယ်သော အဆင့်ရှစ်သက်ရှိတစ်ယောက် ပေါ်လာခြင်းမှာ လုံးဝမဖြစ်နိုင်သည့် အရာတော့ မဟုတ်ပေ။

သို့သော် အဆင့်နိမ့်ကမ္ဘာနှင့် အဆင့်မြင့်ကမ္ဘာများကြားရှိ အကြီးမားဆုံးသော ကွာဟချက်မှာ သူတို့၏ ပတ်ဝန်းကျင်ပင်။ အခြားသော အခြေအနေများအားလုံး တူညီနေလျှင်ပင် သူတို့သည် ဤအဆင့်နိမ့်ကမ္ဘာများမှ လူများထက် အဆတစ်ရာ ပိုမိုသန်မာသည်မှာ သေချာပေါက်ပင်။

"မင်း အခုလို မောက်မာနေတာလည်း အံ့ဩစရာမရှိပါဘူး"

ထိုလူငယ်လေးက အေးစက်ခက်ထန်စွာ ပြောလိုက်သည်။

"ဒါပေမဲ့ အဆင့်နိမ့်ကမ္ဘာတွေက အဆင့်နိမ့်တွေက အမြဲတမ်း အဆင့်နိမ့်တွေ ဖြစ်နေမှာပဲ။ သူတို့က ဘယ်လိုအကြောင်းပြချက်နဲ့မှ အထက်တန်းစားတွေ ဖြစ်လာမှာမဟုတ်ဘူး။ အဆင့်မြင့်ကမ္ဘာက လာတယ်ဆိုတာ ဘာမှန်းသိသွားအောင် မင်းကို ငါ ပြပေးမယ်"

"လေဟာနယ်ဖြိုခွင်းလက်ဝါး"

သာမန်အဆင့်ကိုးသက်ရှိတစ်ယောက်ကိုပင် ရှက်ရွံ့သွားစေလောက်သည့် အားကောင်းလှသော စွမ်းအင်လှိုင်းတစ်ခုက ထိုလူငယ်လေး၏ လက်ဝါးထက်က ထွက်ပေါ်လာသည်။

လှိုင်းလုံးကဲ့သို့ အင်အားများ ပေါက်ကွဲထွက်ပေါ်လာပြီး အဖျက်ဓာတ်စွမ်းအားများ ပြည့်နှက်နေသော စွမ်းအင်တစ်ခုက ကျန်းမုန့်လောင်၏ မျက်နှာသို့ တိုက်ရိုက်ဦးတည်လာသည်။ အကယ်၍ ထိမှန်ပါက အဆင့်ကိုးသက်ရှိတစ်ယောက် သေမသွားလျှင်ပင် အရေခွံတစ်လွှာတော့ ကွာကျသွားပေမည်။

သို့သော် ကျန်းမုန့်လောင် အေးစက်စက် နှာမှုတ်လိုက်သည်။ သူ့ခန္ဓာကိုယ်က မျက်စိတစ်မှိတ်အတွင်းမှာပင် အကွာအဝေးတိုတိုလေး ရွေ့လျားသွားပြီး ပြင်းထန်သော လက်ဝါးလေပြင်းကား သူ့ရှေ့ဆံပင်စများကိုသာ ပွတ်တိုက်ဖြတ်သန်းသွားသည်။

ထိုလူငယ်လေးက ကျန်းမုန့်လောင်နှင့် ငါးမီတာပင် မဝေးတော့ချေ။ ဤအကွာအဝေးတွင် သူ့တိုက်ခိုက်မှု လွဲချော်သွားလိမ့်မည်ဟု လုံးဝထင်မထားသည့်အပြင် ကျန်းမုန့်လောင် မည်သို့ ရှောင်တိမ်းသွားသည်ကိုပင် သူ မမြင်လိုက်ရပေ။

"မသာကောင်.. မင်း ငါ့ဆံပင်တွေကို ဖွပစ်လိုက်တယ်ကွ"

ကျန်းမုန့်လောင်က ဘီးတစ်ချောင်းကို ထုတ်ယူကာ ရှုပ်ပွသွားသော သူ့ဆံပင်များကို သေသပ်အောင် ဖီးသင်လိုက်ပြီးနောက် ဆံပင်လိမ်းဂျယ်လ်တစ်ကီလိုဂရမ်ခန့် ဖြန်းလိုက်သည်။

"ကြည့်စမ်း... အဲ့ဒီအဆင့်နိမ့်ကောင်က ဂိုဏ်းတူအစ်ကိုကြီးရဲ့ လက်ဝါးသိုင်းကွက်ကို ရှောင်လိုက်တယ်ဟ"

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသဖြင့် လူငယ်လေး၏ ဂိုဏ်းတူညီညီမများမှာ တစ်ပြိုင်တည်း ဆွေးနွေးပြောဆိုလာကြသည်။

"ဂိုဏ်းတူအစ်ကိုကြီးရဲ့ လေဟာနယ်ဖြိုခွင်း လက်ဝါးက အဆင့်ရှစ်သိုင်းပညာဖြစ်တဲ့အပြင် ကျွမ်းကျင်ပိုင်နိုင်တဲ့အဆင့်အထိ လေ့ကျင့်ထားတယ်လို့ ကြားဖူးတယ်။ အဆင့်ကိုးသိုင်းပညာရှင် ဂိုဏ်းတူအစ်ကိုအစ်မတော်တော်များများတောင်မှ အဲ့ဒါကို ထိပ်တိုက်ရင်မဆိုင်ရဲကြဘူး။ အဆင့်နိမ့်လူသားတစ်ယောက်က တကယ်ကြီး ရှောင်သွားတာလား"

"အရင်က ငါတို့ကြားခဲ့ရတဲ့ ကောလာဟလတွေ အားလုံးက အတုတွေများ ဖြစ်နေမလား"

"မဖြစ်နိုင်တာ"

"ဘယ်သူသိမှာလဲ။ ငါတို့မျက်စိနဲ့ တပ်အပ်မြင်ခဲ့တာမှမဟုတ်တာ"

သူတို့၏ ဆွေးနွေးပြောဆိုသံမှာ တီးတိုးဖြစ်သော်လည်း ထိုလူငယ်လေးကတော့ စကားလုံးတိုင်းကို ကြားနေရသည်။

သူ့ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်လာသည်။ အဆင့်နိမ့်တစ်ယောက်က သူ့အပေါ် ဤမျှအထိ သံသယဝင်သွားအောင် လုပ်နိုင်ပေသည်။

ဒါတွေအားလုံးက ဒီကောင်ကြောင့်ပဲ။

"ရွှမ်း"

လူငယ်လေး၏ ကျောဘက်ရှိ ဓားရှည်မှာ ဓားအိမ်ထဲမှ ကျွတ်ထွက်လာပြီး အေးစက်စက်ရောင်စဉ်တစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်။ ထိုဓားမှာ သူ၏ အကောင်းဆုံးလက်နက်ပင်။

ထိုဓားမှာ အဆင့်ရှစ်လက်နက်တစ်ခုဖြစ်ပြီး မာကျောမှုနှင့် ထက်ရှမှုနှစ်ခုစလုံးတွင် သာမန် အဆင့်ရှစ်သိုင်းလက်နက်များထက် သာလွန်သည်။ ထို့ပြင် ထိုကမ္ဘာရှိ လက်မှုပညာက ဓားတွင် အေးစက်သော အအေးဓာတ်တစ်ခုကို ထည့်သွင်းပေးထားသည်။

ဓားမှာ အချိန်နှင့် ဟင်းလင်းပြင်ကို ဖောက်ထွင်းလာသည့်အလားပင်။ သူ့ပစ်မှတ်မှာ ကျန်းမုန့်လောင်၏ နဖူးတည့်တည့်ဆီကိုသာ ဖြစ်၏။

"ဒေါင်"

ကျန်းမုန့်လောင်က အပြုံးလေးတစ်ပွင့်ဖြင့် ဓားသွားပေါ်သို့ လက်ချောင်းတစ်ချောင်းဖြင့် ဖွဖွလေး တောက်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုလူငယ်လေး၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားသည်။ ဓားဆီက တုံ့ပြန်လာသော အင်အားမှာ ယုံနိုင်စရာမရှိလောက်အောင် ကြောက်မက်ဖွယ်ကောင်းလှပြီး ဓားပင် လွတ်ကျသွားမတတ် ဖြစ်သွားချေသည်။

"မဖြစ်နိုင်ဘူး"

"အမြန်နှုန်းကတော့ အဆင်ပြေတယ်။ ဒါပေမဲ့ စွမ်းအားကတော့ တိုးတက်ဖို့ လိုသေးတယ်။ မင်း ပိုပြီးလေ့ကျင့်ဖို့ လိုသေးတာပဲ"

"သိချင်တတ်ချင်ယောင်ဆောင်မနေနဲ့။ မင်းကအဆင့်နိမ့်ကမ္ဘာက အဆင့်နိမ့်တစ်ယောက်လေ။ မင်းက ဘာတွေများသိလို့လဲ"

ဓားချီစွမ်းအင်က ပြင်းထန်သော မုန်တိုင်းတစ်ခုအလား ဖြတ်သန်းသွားပြီး ဓားသိုင်းကွက်များကို ထုတ်ဖော်လာသော်လည်း ကျန်းမုန့်လောင်၏ အင်္ကျီအစွန်းကိုပင် မပွတ်တိုက်မိခဲ့ပေ။

ကျန်းမုန့်လောင် ဘေးပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်လေရာ ဥယျာဉ်ထဲရှိ အပင်များမှာ ပြတ်ကျနေပြီး မြေပြင်နှင့် နံရံများပေါ်တွင် ရုပ်ဆိုးလှသော အက်ကွဲကြောင်းများ ဖြစ်ပေါ်လာသည့်အပြင် သူ့အိမ်ရှေ့တံခါးပင် ဓားချီစွမ်းအင်တစ်ခုကြောင့် အလယ်က ကွဲထွက်သွားပြီး ဗီလာထဲသို့ တန်းတန်းမတ်မတ် ထိုးဖောက်ဝင်ရောက်သွားသည်။

"သောက်ကျိုးနည်း"

ကျန်းမုန့်လောင်၏ မျက်လုံးများမှာ အေးစက်သွားသည်။

"ခွေးကောင်... မင်း ငါ့ဥယျာဉ်ကို ဖျက်ဆီးလိုက်တာပဲ"

********************

All Chapters