← Chapters

အခန်း ၁၀၇၄

Vol. 72 Ch. 1074

အခန်း ၁၀၇၄

Vol. 72 Ch. 1074

အခန်း ၁၀၇၄ - အထင်ကြီးလောက်စရာကောင်းတဲ့ နျူကလိယက်အက်ဆစ် ဆေးစစ်ချက်

ဝမ်လင်တည်ဆောက်ထားသော အိမ်ရာစီမံကိန်းမှာ အကောင်းဆုံးသတ္တုပစ္စည်းများကို အသုံးပြုထားခြင်းပင်။ ဤဗီလာမှာ ကျန်းမုန့်လောင်အတွက် အထူးရည်ရွယ်ဆောက်လုပ်ထားခြင်းဖြစ်၍ ပိုမိုဂရုတစိုက် တည်ဆောက်ထားသည်။ အဆင့်ငါး အထွတ်အထိပ်မျိုးနွယ်စု စစ်သင်္ဘောတစ်စင်း၏ ဗုံးကြဲတိုက်ခိုက်မှုကို ခံရလျှင်ပင် အလွန်ဆုံး အမည်းရောင်အရာလေးတစ်ခုသာ ကျန်ရစ်ခဲ့ပေမည်။

သို့သော် ဤလူငယ်လေး၏ ဓားချီစွမ်းအင်အောက်တွင်မူ တို့ဟူးတစ်တုံးလို ကြေမွလွယ်နေချေသည်။

အိမ်၊ ဥယျာဉ်၊ စင်္ကြံလမ်း၊ ရေပူစမ်း။ အရာအားလုံးမှာ အပေါက်အပြဲများဖြစ်ကုန်ပြီး အပျက်အစီးများဟုပင် သတ်မှတ်၍ရနေလေပြီ။ အကယ်၍ မိသားစုဝင်အနည်းငယ်နှင့် သက်တော်စောင့်များကသာ ကာကွယ်မပေးထားလျှင် ဓားချီစွမ်းအင်က သူတို့၏ အသက်ကိုပါ နှုတ်ယူသွားနိုင်ပေသည်။

သို့သော် ထိုလူငယ်လေး၏ အမြင်တွင်မူ သူ့ရှေ့ရှိ မြင်ကွင်းက အံ့ဩဖွယ်ကောင်းနေချေသည်။ သူ့ဓားသိုင်းပညာရပ်၏ အဓိကအချက်မှာ အမြန်နှုန်းဖြစ်သည်။ အလွန်အဆင့်မြင့်မားသော ကိုယ်ဖော့ပညာရပ်များကို ပိုင်ဆိုင်မထားလျှင် သာမန်အဆင့်ရှစ်သိုင်းပညာရှင်များအနေနှင့် သူ့ဘက်က အစွမ်းကုန်ထုတ်သုံးထားသော ဓားမုန်တိုင်းကို တောင့်ခံနိုင်မည် မဟုတ်ပေ။

စက္ကန့်အနည်းငယ်အတွင်း သူသည် ဓားချီရာဂဏန်းကို ထုတ်ဖော်ခဲ့သော်လည်း ဤအဆင့်နိမ့်သက်ရှိ၏ ဆံပင်တစ်မျှင်ကိုပင် ပြတ်တောက်သွားအောင် မစွမ်းဆောင်နိုင်ခဲ့ပေ။ ဤအဆင့်နိမ့်သက်ရှိမှာ သူထင်ထားသလောက် မရိုးရှင်းလှပေ။

ကျန်းမုန့်လောင်ခမျာ သူ့ဗီလာကို ရင်နာနာဖြင့် ကြည့်လိုက်၏။

"ဒီကမ္ဘာခြားအုပ်ချုပ်ရေးစင်တာမှာ တစ်စတုရန်းမီတာကို အိမ်ခြံမြေဈေး ဘယ်လောက်ရှိလဲဆိုတာ မင်းသိလား။ ပျမ်းမျှဈေးက အေးစ် ၁.၅သန်းရှိတယ်။ အဲ့ဒါ ဘာကိုဆိုလိုတာလဲ မင်းနားလည်လား။ အဆင့်ငါးမျိုးနွယ်စုတစ်ခုလုံးရဲ့ တစ်ဝက်နဲ့ ညီမျှတယ်ကွ"

"ငါ့ဗီလာဧရိယာထဲက အိမ်တွေရဲ့ တန်ဖိုးက ဘယ်လောက်လဲဆိုတာရော မင်းသိလား။ တစ်စတုရန်းမီတာကို အေးစ်၈သန်းရှိပြီးတော့ ဝယ်ဖို့အတွက် မဲနှိုက်ရသေးတာ။ ငါ့ဗီလာက စတုရန်းမီတာ၈၀၀၀ကျော် ကျယ်ဝန်းပြီး တစ်စတုရန်းမီတာတိုင်းအတွက် ပြင်ဆင်မွမ်းမံမှုစရိတ်က အဲ့ဒီ အနိမ့်ဆုံးဈေးရဲ့ ဆယ်ဆထက်တောင် ကျော်သေးတယ်။ အခုတော့ မင်းက ငါ့အိမ်ကို ဒီလိုအပျက်အစီးပုံကြီး ဖြစ်အောင် လုပ်လိုက်တယ်ပေါ့လေ"

"အသိဉာဏ်တုစနစ် ဆုံးရှုံးမှုအခြေအနေကို အစီရင်ခံစမ်း"

ဤဗီလာအတွက် အားထုတ်မှုများစွာ ရင်းနှီးမြှုပ်နှံထားသော ကျန်းမုန့်လောင်က အမိန့်ပေးလိုက်သည်။

"သခင်.. ဗီလာထဲက အနုပညာလက်ရာ စုစုပေါင်း ၈၃၇ခုဟာ အနည်းနဲ့အများ ပျက်စီးသွားပြီး ရှေးဟောင်းပစ္စည်း ၁၂၉၂ခုလည်း ပျက်စီးသွားပါတယ်။ အဲ့ဒီအထဲမှာ သခင် လွန်ခဲ့တဲ့သုံးနှစ်က လေလံပွဲတစ်ခုမှာ ကြယ်တာရာဒင်္ဂါး၁၈သန်းနဲ့ ဝယ်ယူခဲ့တဲ့ စကြဝဠာအမှတ်၇က ပထမဆုံး ကျောရိုးရှိသက်ရှိရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းလည်း ပါဝင်ပါတယ်"

စနစ်က အစီရင်ခံလာသည်။

"ပြီးတော့ သခင်ကြီးအော်လန်နီဆီက ကြယ်တာရာဒင်္ဂါး၈သန်းနဲ့ ဝယ်ယူထားတဲ့ ပန်းချီကားလည်း ပါပါသေးတယ်။း"

...

"ကျစ်"

ကျန်းမုန့်လောင်၏ နှလုံးသားမှာ သွေးထွက်မတတ် နာကျင်သွားသည်။ ဤဗီလာထဲတွင် မရေမတွက်နိုင်သော ရှားပါးရတနာများရှိပြီး အချို့ဆိုလျှင် သူ့ဘိုးဘေးကျန်းခိုင်က စကြဝဠာမျိုးနွယ်စုများတွင် တစ်ချိန်က အပ်နှံထားခဲ့သော ခမ်းနားထည်ဝါသည့် ကျောက်မျက်ရတနာများပင်။ ပစ္စည်းအားလုံးနီးပါးမှာ တန်ဖိုးဖြတ်၍မရနိုင်ချေ။ တစ်ခုချင်းစီတိုင်းက ဧရာမအထွတ်အထိပ် အဆင့်ငါးမျိုးနွယ်စုတစ်ခုနှင့်ပင် လဲလှယ်နိုင်စွမ်းရှိသည်။

ယခုတော့ ဆုံးရှုံးမှုမှာ ယူကျုံးမရနိုင်အောင် ကြီးမားလွန်းလှသည်။

"ဆက်မပြောနဲ့တော့။ ငါ နည်းနည်းလောက် အေးအေးဆေးဆေး နေချင်တယ်"

ကျန်းမုန့်လောင်က သူ့ရင်ဘတ်ကိုဖိရင်း ပြောလိုက်သည်။

"ဒီတစ်ခါ ငါ ဘယ်လောက် ဆုံးရှုံးသွားလဲဆိုတာကိုပဲ ပြောပြပါတော့"

"သခင်..စုစုပေါင်းတန်ဖိုးက အေးစ်၈၅၀ဘီလီယံကျော် ရှိပါတယ်"

ဟူး...

ထိုပမာဏကို ကြားလိုက်ရုံဖြင့် ဤကမ္ဘာခြားအုပ်ချုပ်ရေးစင်တာရှိ လူတိုင်း နှလုံးရပ်သွားမတတ်ပင်။ ထိုပမာဏကား ဗီလာတစ်လုံးနှင့် ပရိဘောဂများသာ ဖြစ်သော်လည်း အဆင့်ကိုး သက်ရှိတစ်ယောက်၏ တစ်သက်တာဥစ္စာဓနတစ်ခုလုံးထက်ပင် ကျော်လွန်နေသည်။

မှန်ပေသည်။ ကျန်းမုန့်လောင်က ချမ်းသာကြွယ်ဝသည်။ သူ့အတွက် ဤပမာဏမှာ သမုဒ္ဒရာထဲက ရေတစ်စက်မျှသာ ဖြစ်သော်ငြား သူသည် ငတုံးတစ်ယောက်တော့ မဟုတ်ပေ။ သူ့ဥစ္စာဓနများက လေတိုက်ရင်း ပါလာခဲ့ခြင်းမဟုတ်ပါဘဲ အဆင့်ဆင့် တည်ဆောက်ခဲ့ရခြင်းဖြစ်၏။ တစ်ခါတစ်ရံတွင် ဓားပြတိုက်ခြင်း သို့မဟုတ် သာမန်စီးပွားရေးအရောင်းအဝယ်များမှတစ်ဆင့် ရှာဖွေထားခြင်းဖြစ်၏။

အားစိုက်ထုတ်စရာမလိုဘဲ ရလာသည်ဟု ထင်ရသော်လည်း ငွေကြေးများ ဖြစ်နေဆဲပင်။

"လျော်စမ်း"

"မင်း ဘာပြောလိုက်တာလဲ"

ထိုလူငယ်လေးမှာ တစ်ခဏမျှ မှင်တက်သွားသည်။

"ငါ့ကို လျော်ကြေးပေးလို့ ပြောနေတာကွ"

ကျန်းမုန့်လောင်ခမျာ ဘာဖြစ်သွားမှန်း မမြင်နိုင်လောက်အောင် မြန်ဆန်သောအရှိန်ဖြင့် ခုန်တက်လာသည်။ ထိုလူငယ်လေးခမျာ မျက်တောင်တစ်ခတ်စာအချိန်မျှသာ ခံစားလိုက်ရပြီးနောက် ကျန်းမုန့်လောင်က သူ့ရှေ့သို့ရောက်လာကာ ဦးခေါင်းကလည်း အားကောင်းသော လက်တစ်ဖက်၏ တင်းကျပ်စွာ ဆုပ်ကိုင်ခြင်းကို ခံလိုက်ရသည်။

စူးရှသော နာကျင်မှုတစ်ခု ထွက်ပေါ်လာပြီး မသိစိတ်၏ စေ့ဆော်မှုအရ သူ့ဓားရှည်ဖြင့် ကျန်းမုန့်လောင်ဆီသို့ ထိုးချလိုက်သည်။

"ချွင်"

ဓားရှည်သည် ကျန်းမုန့်လောင်ကို ထိမှန်သွားသော်လည်း ဘာထိခိုက်မှုမှ မဖြစ်စေသည့်အပြင် သူ့အင်္ကျီကိုသာ စုတ်ပြဲသွားစေပြီးနောက် ဓားနှစ်ပိုင်းကျိုးသွားခဲ့သည်။

အဆင့်ရှစ်ဝိညာဉ်လက်နက်တစ်ခုကို လက်ဗလာဖြင့် ချိုးဖျက်နိုင်ခြင်းမှာ ဒဏ္ဍာရီများထဲတွင်သာ ကြားဖူးသည့် အရာတစ်ခုပင်။

သူတို့၏ ဟောက်ထျန်းနယ်မြေတွင် သိုင်းပညာရှင်များကို အမျိုးအစားနှစ်မျိုး ခွဲခြားထားသည်။ တစ်မျိုးမှာ သူတို့လို ဓားသိုင်းကျင့်ကြံသူများပင်။ ထိုအရာမှာ ယေဘုယျအခေါ်အဝေါ်တစ်ခုသာ ဖြစ်၏။ လူတိုင်းက ရွှမ်းချီဟုခေါ်သော အဆင့်မြင့်စွမ်းအင်တစ်ခုကို ကျင့်ကြံကြသည်။ ထိုအရာမှာ စကြဝဠာမူလစွမ်းအင်ထက် အဆတစ်ရာပိုသန်မာကာ အဆင့်နိမ့်ကမ္ဘာများတွင် အလွယ်တကူ သတ်ဖြတ်နိုင်စွမ်း ရှိသည်။

နောက်တစ်မျိုးမှာ ခန္ဓာကိုယ်ကို သန့်စင်လေ့ကျင့်ကြသော ခန္ဓာကျင့်ကြံသူများ ဖြစ်၏။ သူတို့၏ရွှမ်းချီမှာ သိပ်အစွမ်းထက်ချင်မှ ထက်မည်ဖြစ်သော်လည်း သူတို့၏ခန္ဓာကိုယ်များကမူ ဝိညာဉ်လက်နက်များနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိကာ ဝိညာဉ်လက်နက်များ၏ တိုက်ခိုက်မှုများကိုပင် လက်ဗလာဖြင့် ခုခံနိုင်ကြသည်။

သို့သော် ဟောက်ထျန်းနယ်မြေတွင် ခန္ဓာကျင့်ကြံခြင်းမှာ အလွန်ရှားပါးသည်။ ပထမအချက်မှာ ကိုယ်ကာယလေ့ကျင့်မှု လျှို့ဝှက်ကျင့်စဉ်များ နည်းပါးခြင်းကြောင့်ဖြစ်၏။ ဒုတိယအချက်မှာ ဤလမ်းစဉ်က အလွန်ခက်ခဲပြီး နာကျင်ရသောကြောင့်ပင်။

ထို့ကြောင့် ပုံမှန်အားဖြင့် အဆင့်တူခန္ဓာကျင့်ကြံသူများက ဓားသိုင်းကျင့်ကြံသူများထက် များစွာ ပိုမိုသန်မာကြသည်။

သို့ပါလျက်နှင့် ဤနေရာတွင် အဆင့်ရှစ်ဝိညာဉ်လက်နက်ကို ခန္ဓာဖြင့် ခုခံနိုင်သူတစ်ယောက် ရှိနေသည့်အပြင် သူသည် အဆင့်နိမ့်ကမ္ဘာမှ အဆင့်နိမ့်သက်ရှိတစ်ယောက်မျှသာ ဖြစ်သည်။ ဤအရာကတော့...

သူ ဆက်မအံ့ဩနိုင်ခင်မှာပင် သူ့ခန္ဓာကိုယ်မှာ ထိုလက်ဖြင့် လေထဲသို့ မချီခံလိုက်ရပြီး ကျိုးသွားသော ဓားရှည်ကလည်း အမှိုက်တစ်စကဲ့သို့ ဘေးသို့ လွှင့်ပစ်ခံလိုက်ရသည်။

"မေမေရေ ဖေဖေ ကောင်းကင်ပေါ် ပျံတက်သွားပြီ"

ကျန်းမုန့်လောင်၏ ကလေးနှစ်ယောက်မှာ တောက်ပနေသော မျက်လုံးများဖြင့် သူ ထွက်ခွာသွားသည်ကို ကြည့်နေကြသည်။

"မေမေ... သားရဲ့အိမ်စာတွေ ပြဲသွားပြီ။ ဒါဆို သား အိမ်စာလုပ်စရာ မလိုတော့ဘူးပေါ့နော်"

"မရဘူး"

လုရီယောင်က ဘာမှမဖြစ်ခဲ့သလိုပင် ပြောလိုက်သည်။

"သား အိမ်စာပြီးအောင် လုပ်ရမယ်"

သူ(မ)က ဆက်သွယ်ရေးစက်ကတစ်ဆင့် ဆက်ပြောလိုက်သည်။

"အိမ်တော်ထိန်း.. အိမ်က ကိစ္စတွေကို လာရှင်းလင်းပေးပြီး နေစရာနေရာအသစ်တစ်ခု စီစဉ်ပေးပါ။ ဒီနေ့အတွက် ကျွန်မအလှပြင်ဖို့ ရက်ချိန်းက သေချာတယ်မလား"

...

"လွှတ်စမ်း။ အောက်တန်းစားကောင်... ငါ ဘယ်သူလဲဆိုတာ မင်းသိလား"

ကျန်းမုန့်လောင်ထံတွက် ကြက်ပေါက်လေးတစ်ကောင်နှယ် ဆွဲကိုင်ခံထားရသော လူငယ်လေးမှာ အစောကလိုပင် မာနမချသေးပေ။

"မင်း ဘယ်သူဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူးကွ"

ကျန်းမုန့်လောင်သည် ဖွံ့ဖြိုးတိုးတက်မှု မရှိသေးသော နေရာတစ်ခုကို ရှာဖွေလိုက်ပြီး မြေပြင်ဆီသို့ ထိုးဆင်းကာ လူငယ်လေး၏ ခန္ဓာကိုယ်ကို မြေကြီးထဲသို့ ရိုက်သွင်းလိုက်သည်။

"ငါ ဘယ်သူ့ကိုရိုက်ရိုက် ဘယ်တော့မှ ဂရုမစိုက်ဘူး။ ငါ လွန်ဆန်လို့မရတဲ့လူဆိုတာလည်း မရှိဘူး"

လွှမ်းမိုးနိုင်သော အင်အားကြောင့် မြေပြင်မှာ အက်ကွဲသွားပြီး လူငယ်လေး၏ ပါးစပ်ထဲက သွေးများ စီးကျလာကာ အသက်ရှူနှုန်းများလည်း မြန်ဆန်လာသည်။ သူ တကယ်ထိတ်လန့်လာပြီဖြစ်၏။

နှစ်ယောက်စလုံးက စစ်မှန်သောအဆင့်ရှစ်များ ဖြစ်ကြပြီး သူသည် အဆင့်မြင့်ကမ္ဘာမှ လာသူဖြစ်၍ ဤတောသားကို အလွယ်တကူ ချေမှုန်းနိုင်ရမည်ဖြစ်၏။ ဘာကြောင့် သူက ချေမှုန်းခံနေရတာလဲ။

"ဒီနေရာကိုပါ တစ်ခါတည်း ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးလိုက်မယ်လေ"

ကျန်းမုန့်လောင်က ထိုသို့ပြောပြီး လူငယ်လေးကို မြေပြင်ပေါ်သို့ ဖိချကာ တရွတ်တိုက် ဆွဲခေါ်သွားသဖြင့် လမ်းတစ်လျှောက်ရှိ တောင်ကုန်းများ ပြန့်ပြူးသွားပြီး ထိုဧရိယာတစ်ခုလုံး ဖုန်မှုန့်များ ဖုံးလွှမ်းသွားသည်။

တစ်ချိန်က မတ်စောက်ခဲ့သော ဂိုဘီသဲကန္တာရမှာ မိနစ်အနည်းငယ်အတွင်း မယုံနိုင်လောက်အောင် ပြန့်ပြူးသွားပြီး မြေပြင်ပေါ်တွင် မြေဆီလွှာကောင်းများပင် ပေါ်ထွက်လာသည်။

"ဘိုင်း"

ကျန်းမုန့်လောင်မှာမူ သွေးသံရဲရဲနှင့် အဝတ်အစားများ စုတ်ပြဲနေသော လူငယ်လေးကို မြေပြင်ပေါ်သို့ ပေါ့ပေါ့ပါးပါး ပစ်ချလိုက်သည်။

"အလယ်အလတ်ကမ္ဘာတွေက လူတွေဆိုတာလည်း အဲ့ဒီလောက်ကြီး ထူးခြားမနေပါဘူးကွာ"

...

"မြင်လိုက်လား။ ဂိုဏ်းတူအစ်ကိုကြီးကို တစ်ယောက်ယောက်က မြေကြီးပေါ် ဖိချလိုက်တာလေ"

"ဘာလို့ ဒီအဆင့်နိမ့်ကမ္ဘာရဲ့ ဒေသခံက အဲ့ဒီလောက် အစွမ်းထက်နေရတာလဲ။ ငါတို့ဂိုဏ်းတူအစ်ကိုကြီးက အဆင့်ရှစ်သက်ရှိလေ"

"ဟုတ်တယ်။ ဂိုဏ်းတူအစ်ကိုကြီးက အဆင့်မြင့် ရွှမ်းထျန်းကျင့်စဉ်ကိုလည်း ကျင့်ကြံထားသေးတာ။ အဲ့ဒီဒေသခံပြောတဲ့ ဒီအန်အေဆေးစစ်ချက်ဆိုတာက အရမ်းအစွမ်းထက်တဲ့ သိုင်းကျင့်စဉ်တစ်ခုများလား"

"ဝိုး... အထင်ကြီးချင်စရာကောင်းတဲ့ ဒီအန်အေ ဆေးစစ်ချက်ပဲ။ ငါတို့တွေ ဂိုဏ်းတူအစ်ကိုကြီးလိုမျိုး ဒီအဆင့်နိမ့်ကမ္ဘာက ဒေသခံတွေကို အထင်မသေးသင့်တော့ဘူး"

"ငါတို့ဂိုဏ်းတူအစ်ကိုကြီး... အရိုက်ခံရလို့ သေတော့မသွားလောက်ပါဘူးနော်"

**********************

All Chapters