← Chapters

အခန်း ၁၀၇၅

Vol. 72 Ch. 1075

အခန်း ၁၀၇၅

Vol. 72 Ch. 1075

အခန်း ၁၀၇၅ - ငါ့ပိုက်ဆံတွေ လျော်ပေးစမ်း

"ဂိုဏ်းတူအစ်ကိုကြီး"

"ဂိုဏ်းတူအစ်ကိုကြီး အဆင်ပြေရဲ့လား"

ပွဲကြည့်နေခဲ့ကြသော လူငယ်လေးများလည်း နောက်ဆုံးတော့ သတိဝင်လာပြီး ထိုလူငယ်လေးကို ဝိုင်းထူမပေးရန် ချက်ချင်း ရောက်လာကြသည်။

သူတို့က ဘောင်းဘီတိုနှင့် ညှပ်ဖိနပ်စီးထားသော လူငယ်ကို ထိတ်လန့်နေသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။ သူတို့၏ ဂိုဏ်းတူအစ်ကိုကြီးကို ဤအခြေအနေရောက်အောင် အလွယ်တကူ ရိုက်နှက်နိုင်သူဖြစ်ရာ သူတို့ဘက်က လူအယောက်ရာဂဏန်းလောက် ရှိနေလျှင်ပင် အလွယ်တကူ အနိုင်ပိုင်းခံရမည်သာ။

"ငါ အဆင်ပြေပါတယ်"

ထိုလူငယ်လေးမှာ တစ်ကိုယ်လုံး သွေးသံတရဲရဲနှင့် စုတ်ပြတ်သတ်နေပုံပေါ်သော်လည်း အပေါ်ယံဒဏ်ရာမျှသာ ဖြစ်သည်။

ဤအဆင့်နိမ့်ကမ္ဘာရှိ နိယာမဥပဒေသများမှာ အားနည်းလှသည်။ ကျောက်ခဲများ၏ မာကျောမှုနှင့် သတ္တုများ၏ ခိုင်ခံ့မှုတို့မှာ သူတို့ကမ္ဘာနှင့် နှိုင်းယှဉ်၍မရပေ။ အကယ်၍ သူတို့ကမ္ဘာမှာသာဆိုလျှင် ဤကဲ့သို့ အနည်းငယ်ပွတ်တိုက်မိရုံဖြင့် မသေလျှင်ပင် အရေခွံတစ်လွှာတော့ ကွာကျသွားမည်ဖြစ်၏။

သူသည် ကိုယ်ပေါ်မှ ဆေးလုံးနီတစ်လုံးကို ထုတ်ယူ၍ မျိုချလိုက်လေရာ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများမှာ ချက်ချင်း အနာဖေးတက်သွားပြီး သူ့အရှိန်အဝါများလည်း တော်တော်များများ ပြန်လည်ကောင်းမွန်လာသည်။

"မစ္စတာကျန်း"

ထိုအချိန်တွင် ကမ္ဘာခြားအုပ်ချုပ်ရေးစင်တာမှ လူများလည်း ပြေးလာကြသည်။

"မစ္စတာကျန်း... ဒီလူတွေက ပြင်ပကမ္ဘာက ဧည့်သည်တွေဗျ။ ခင်ဗျား သတိထားမှရမယ်။ ကျွန်တော်တို့..."

အဆင့်မြင့်ကမ္ဘာရှိ ဤလူများကို ပြင်ပကမ္ဘာမှ ဧည့်သည်များဟု ခေါ်ဝေါ်ကြသည်။ အဆင့်ကိုး သက်ရှိများပင် သူတို့နှင့်ပတ်သက်၍ သတိထားရပြီး အနည်းငယ်အမှားလုပ်မိသည်နှင့် သေဆုံးရသည်အထိ ဖြစ်သွားနိုင်ပေသည်။

သို့သော် ကျန်းမုန့်လောင်၏ မျက်နှာချင်းဆိုင်တွင် စုတ်ပြတ်နေသော အဝတ်အစားများနှင့် သွေးအနာဖေးများ ဖုံးလွှမ်းနေသည့် လူငယ်လေးကို မြင်လိုက်ရသောအခါ သူတို့ လူမှား၍ စိတ်ပူမိသွားကြောင်း သိလိုက်ရသည်။

မိစ္ဆာဘုရင်ကျန်းမုန့်လောင်နှင့် ယှဉ်လိုက်လျှင် ဤလူများက ပိုအဆင့်မြင့်သောကမ္ဘာမှ လာသူများ ဖြစ်နေလျှင်ပင် ဘာအကျိုးအမြတ်မှ ရသွားပုံမပေါ်ပေ။ ဤသည်မှာ အလွန်ကြွယ်ဝလှသောဒုတိယမျိုးဆက်၏ အခြေခံအုတ်မြစ်များလား။

ကျောက်စိမ်းပြားတစ်ခုက ကျန်းမုန့်လောင်၏ လက်ထဲတွင် ပေါ်လာလေသည်။ သူလည်း လက်ထဲတွင် နှစ်ချက်ခန့် အလေးချိန်ဆလိုက်သည်။ ထိုအရာမှာ ဤလူငယ်လေးထံမှ သူယူလာခဲ့သော တစ်ခုတည်းသော အရာပင်။

ထိုလူငယ်လေးက ကျောက်စိမ်းပြားကို ကြည့်ကာ ချက်ချင်းပင် အထိတ်တလန့်ဖြစ်သွားသည်။ ဤကျောက်စိမ်းပြားမှာ ပစ္စည်းများသိမ်းဆည်းရန် နေရာလွတ်ပါဝင်သော ရတနာတစ်ခုဖြစ်၏။ သူပိုင်ဆိုင်သမျှအရာအားလုံးကို ဤကျောက်စိမ်းပြားထဲတွင် ဝှက်ထားသည်။ ဆေးလုံးများသာမက ကျင့်စဉ်များနှင့် သိုင်းပညာရပ်များလည်း ပါဝင်ပြီး ထိုအရာအားလုံးမှာ ဂိုဏ်းတွင် သူ နှစ်ပေါင်းများစွာ ကြိုးစားပမ်းစားအားထုတ်ရာမှ ရရှိခဲ့ခြင်းပင်။

"ဒီပစ္စည်းမှာ ငါ့ရဲ့ဝိညာဉ်အမှတ်အသား ပါတယ်။ ငါ့ထက် သန်မာတဲ့လူဆိုရင်တောင် ငါ့ကို သတ်လိုက်လို့ ငါ့ရဲ့ဝိညာဉ်အမှတ်အသား ပျောက်ကွယ်သွားတာမျိုးမဟုတ်ရင် အတင်းအဓမ္မဖျက်ပစ်လို့ မရဘူး။ ဒါပေမဲ့ သူ ဒါကို သေချာပေါက်သိမှာမဟုတ်ဘူး"

သို့သော် သူ မှားယွင်းနေကြောင်း သိလိုက်ရသည်။ ဆိုးဆိုးဝါးဝါးမှားယွင်းနေခြင်းပင်။

ကျောက်စိမ်းပြားပေါ်တွင် သူ ချန်ထားခဲ့သော ဝိညာဉ်အမှတ်အသားမှာ စွမ်းအားတစ်ရပ်၏ အတင်းအဓမ္မ ဖျက်ဆီးခြင်းကို ခံလိုက်ရသည်။

ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

လူငယ်လေး၏ ကြောင်တောင်တောင် ဖြစ်နေသော မျက်နှာအမူအရာကို ကြည့်ကာ ကျန်းမုန့်လောင်က လှောင်ပြောင်လိုက်သည်။

"အလယ်အလတ်ကမ္ဘာက ပစ္စည်းဆိုတော့လည်း ဒီလောက်ပဲစွမ်းမှာပေါ့"

"ဆေးလုံးတချို့ သိုင်းကျင့်စဉ်တစ်ခု သိုင်းကျမ်းငါးခုခြောက်ခုလောက်နဲ့ တန်ဖိုးမသိရတဲ့ ဒင်္ဂါးပြားနည်းနည်းတဲ့။ ကျစ်... မင်းက ဘာလို့ ဒီလောက်တောင် ဆင်းရဲနေရတာလဲ"

ကျန်းမုန့်လောင်၏ လှောင်ပြောင်သံကို ကြားသောအခါ ထိုလူငယ်လေးခမျာ လက်သီးများကို တင်းတင်းဆုပ်ထားလိုက်သည်။

ဆင်းရဲတယ်တဲ့လား။ ဤအရာများမှ သူတို့ဂိုဏ်းရှိ သာမန်တပည့်များ အိမ်မက်ထဲမှာပင် တွေ့ခွင့်မရသည့် အရာများပင်။ ဤပစ္စည်းများထဲက ဘယ်တစ်ခုမဆို များပြားလှသော ဥစ္စာဓနဖြင့် လဲလှယ်ရသည်။ သို့တိုင် ထိုလူက သူ့ကို ဆင်းရဲသည်ဟု ပြောနေလေသည်။

"ဘန်း"

ကျန်းမုန့်လောင်က ကျောက်စိမ်းပြားကို ပြန်ပစ်ပေါက်လိုက်သည်။

"ဒီပစ္စည်းတွေက ငါ့အတွက်တော့ အမှိုက်တွေလိုပဲ။ မင်းမှာ ပိုတန်ဖိုးရှိတဲ့ဟာ ဘာရှိသေးလဲ။ မင်း ငါ့အိမ်ကို ဖျက်ဆီးထားတယ်နော်။ မင်း လျော်ကြေးပေးရမယ်"

"ကျွန်တော့်ပိုင်ဆိုင်မှုတွေအားလုံး ဒီထဲမှာပါပဲ"

ထိုလူငယ်လေးက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။

"မင်းဘေးနားက လူတွေဆီမှာရော"

"သူတို့ရဲ့ပိုင်ဆိုင်မှုတွေက ကျွန်တော့်လောက် တန်ဖိုးမရှိပါဘူး"

"မင်း နောက်ကွယ်မှာ ဂိုဏ်းတစ်ခုတော့ ရှိရမယ်မဟုတ်လား"

ကျန်းမုန့်လောင်က မေးလိုက်သည်။

"ဘယ်အဆင့်လဲ"

"ခင်ဗျား ဘယ်လိုသိတာလဲ"

ထိုလူငယ်လေး၏ အမူအရာမှာ သိသိသာသာ အံ့အားသင့်သွားလေသည်။ သူတို့ကမ္ဘာတွင် ဂိုဏ်းများလို အဖွဲ့အစည်းများရှိကြောင်း အဆင့်နိမ့်ကမ္ဘာရှိ လူတစ်ယောက်က ဘယ်လိုလုပ် သိနိုင်မည်နည်း။

"အဆင့်လေးဂိုဏ်းတစ်ခုပါ"

"ဪ တော်တော်ကြီးတာပဲ။ သူတို့ဆီမှာ ပိုင်ဆိုင်မှုတချို့တော့ ရှိလောက်မှာပါလေ"

ပိုင်ဆိုင်မှုတချို့တော့ ရှိလောက်မယ်ဆိုတာက ဘာကိုဆိုလိုတာလဲ။

ထိုကမ္ဘာရှိ လူငယ်များအားလုံးက ကျန်းမုန့်လောင်၏ လေသံမှာ အလွန်မောက်မာလွန်းသည်ဟု ခံစားလိုက်ရသည်။

အဆင့်လေးဂိုဏ်းတစ်ခု၏ သဘောတရားက ဘာလဲ။

အနည်းဆုံးတော့ အင်ပါယာတစ်ခုကို ထိန်းချုပ်ထားနိုင်သည်။ သူတို့ကမ္ဘာတွင် အင်ပါယာတစ်ခု၏သဘောတရားက ဘာလဲ။ အဆုံးမရှိသော ကြွယ်ဝချမ်းသာမှုကို ရည်ညွှန်းသည်။ ဤအဆင့်နိမ့်ကမ္ဘာ၏ ဥစ္စာဓနအားလုံးကို ပေါင်းလိုက်လျှင်ပင် အင်ပါယာတစ်ခုနှင့် နှိုင်းယှဉ်ဖို့ ခက်ခဲလိမ့်မည်။

ထို့ပြင် အဆင့်လေးဂိုဏ်းဆိုသည်မှာ အင်ပါယာတစ်ခု၏အထက်ရှိ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ရေတွက်၍မရနိုင်သော ရတနာများနှင့် အရင်းအမြစ်များကို ပိုင်ဆိုင်ထားသည်။ သို့တိုင် သူက ပိုင်ဆိုင်မှုတချို့တော့ ရှိလောက်မည်ဟု ပြောလိုက်လေသလား။

"မင်းမှာ မင်းဂိုဏ်းကို ဆက်သွယ်နိုင်တဲ့ နည်းလမ်းရှိမယ်ဆိုတာ ငါသိတယ်"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"မင်းရဲ့ဂိုဏ်းကို ပြန်ပေးငွေလာပေးခိုင်းလိုက်"

ကျန်းမုန့်လောင် ခဏမျှ စဉ်းစားလိုက်သည်။

"မင်းတို့ဆီက အကုန်လုံးကိုတော့ ငါ မယူပါဘူး။ မင်းတို့ဂိုဏ်းမှာ သိုလှောင်ရုံတချို့ ရှိတယ်မလား။ တစ်ဝက်လောက်ပဲ ငါ ယူလိုက်မယ်"

"တစ်ဝက်..."

လူငယ်လေး၏ ပါးစပ်မှာ တွန့်လိမ်သွားသည်။ ဂိုဏ်း၏တစ်ဝက်ဟူသော ဥစ္စာဓနက ဘယ်လောက်တောင် များပြားလိုက်လေမလဲ။ မရေမတွက်နိုင်သော အံ့ဖွယ်ဆေးလုံးများ၊ ရှားပါးပန်းများနှင့် သစ်ဖုသစ်ဥများ၊ သိုင်းပညာရှင်တစ်ယောက်ကို အလျင်အမြန်ကျင့်ကြံနိုင်ရန် ကူညီပေးနိုင်သော ဝိညာဉ်ကျောက်တုံးများ စသည့် ရတနာပေါင်းစုံတို့ ပါဝင်သည်။ သိုလှောင်ရုံတစ်ဝက်ကို မဆိုထားနှင့်။ ရတနာတစ်ခုတည်းကပင် ဤအဆင့်နိမ့်ကမ္ဘာထက် ပိုတန်ဖိုးရှိနိုင်သည်။ သူ ရူးများနေသလား။

"ဟွန်း... ကျွန်တော်တို့အနေနဲ့ ဂိုဏ်းရဲ့ပစ္စည်းတွေကို ပေးချင်တယ်ဆိုရင်တောင် ခင်ဗျားမှာ ယူရဲတဲ့သတ္တိရှိမရှိ သံသယဖြစ်မိတယ်"

"အဓိပ္ပာယ်မရှိတဲ့စကား နောက်တစ်ခွန်း ထပ်ပြောကြည့်။ မင်းတို့ပစ္စည်းတွေကို ငါ လိုချင်တော့မှာ မဟုတ်ဘူး။ မင်း တစ်သက်လုံး ငါ့အစေခံအဖြစ် ဒီမှာပဲ နေရလိမ့်မယ်။ ထွက်သွားခွင့်မရှိဘူး"

ဤစကားကို ကြားသောအခါ သူတို့၏အမူအရာများမှာ သိသိသာသာ ပြောင်းလဲသွားသည်။ အဆင့်နိမ့်သက်ရှိတစ်ယောက်၏ အစေခံဖြစ်ရမည်တဲ့လား။ သူတို့ အသတ်ခံလိုက်ရတာကမှ ပိုကောင်းဦးမည်။

"ခင်ဗျားက ကျွန်တော်တို့ကို ဂိုဏ်းဆီက အကူအညီတောင်းခိုင်းနေတာပေါ့။ တကယ်ပြောနေတာလား"

ထိုလူငယ်လေး၏ ဆရာမှာ ဂိုဏ်းရှိ အကြီးအကဲတစ်ဦးဖြစ်ပြီး သူ့အဆင့်မှာ ကြောက်မက်ဖွယ်ကောင်းသော အဆင့်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်၏။ အကယ်၍ သူသာ ဤအဆင့်နိမ့်ကမ္ဘာသို့ ဆင်းသက်လာပါက ဤကမ္ဘာကိုပင် ဆုတ်ဖြဲပစ်နိုင်ပေသည်။

ဤသည်မှာ အဆင့်ကိုးထက် ကျော်လွန်သော စွမ်းအားဖြစ်ပြီး ဤကမ္ဘာအတွက်တော့ အဆင့်ကိုး သက်ရှိကိုပင် ကျော်လွန်သွားခြင်းဖြစ်၏။

သူ့ဆရာက သူ့အပေါ် အလွန်အလိုလိုက်သည်။ သူ ဤကမ္ဘာငယ်လေးတွင် အရှက်ခွဲခံခဲ့ရကြောင်း ဆရာဖြစ်သူသာ သိသွားပါက ပြင်းထန်လှသော သူ့ဒေါသကို ဤအဆင့်နိမ့်ကမ္ဘာအနေနှင့် လုံးဝ တောင့်ခံနိုင်မည်မဟုတ်ပေ။

ထို့ကြောင့် ကျန်းမုန့်လောင်၏ လုပ်ရပ်များတွင် ထောင်ချောက်တစ်ခုခု ရှိနေမလားဟု သံသယဝင်မိသည်။

"အဓိပ္ပာယ်မရှိတာတွေ လျှော့ပြောစမ်း။ ပါးစပ်ပိတ်ထားလိုက်တော့"

ကျန်းမုန့်လောင်က စိတ်မရှည်ဟန်ဖြင့် ပြောလိုက်သည်။

"မင်းတို့တွေဆီက ပစ္စည်းတွေအားလုံး ပေါင်းလိုက်ရင်တောင် ငါ့ခွေးလည်ပတ်က ခေါင်းလောင်းလောက်တောင် တန်ဖိုးမရှိဘူး။ မင်းတို့ကို ငါ စိတ်မဝင်စားဘူး။ ငါ့ကို လျော်ကြေးပေးမယ့်လူကို အမြန်ခေါ်လိုက်စမ်း"

"ခင်ဗျား နောင်တမရဖို့တော့ မျှော်လင့်ပါတယ်"

ထိုလူငယ်လေးမှာ သေဒဏ်ချမှတ်ခံထားရသူတစ်ဦး လွတ်ငြိမ်းချမ်းသာခွင့်ရသွားသလိုပင်။ သူ ဘယ်လိုထွက်ပြေးရမလဲဆိုသည်ကို တွေးနေခဲ့သည်။ သူ့တွင် ဆရာဖြစ်သူကို ဆက်သွယ်ရန် နည်းလမ်းရှိသော်လည်း သူတို့နှစ်ဦးကြားရှိ မယုံနိုင်လောက်အောင် ကြီးမားလှသော စွမ်းအားကွာဟချက်က သူ့အတွက် အခွင့်အရေးမရစေခဲ့ပေ။ သို့သော်လည်း တစ်ဖက်လူက သူ့ကို ဤအခွင့်အရေးအား တက်တက်ကြွကြွ ပေးလာခဲ့လေရာ သူတို့မှာ ဦးနှောက်မကောင်းတာလား သို့မဟုတ် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလွန်ကဲနေသလားဆိုသည်ကို သူ မသိတော့ပေ။

ထိုလူငယ်လေးက သွေးကဲ့သို့ နီရဲနေသော ကျောက်စိမ်းဆွဲသီးတစ်ခုကို ထုတ်ယူလိုက်၏။ ဤဆွဲသီးတွင် သူ့ဆရာဖြစ်သူ၏ ဝိညာဉ်အမှတ်အသားအနည်းငယ် ကျန်ရစ်နေသည်။ ဆွဲသီးအတွင်းရှိ စိတ်စွမ်းအင်ကို အသက်သွင်းလိုက်သရွေ့ ကမ္ဘာတစ်ခုခြားနေလျှင်ပင် သူ့ဆရာကို ဆက်သွယ်နိုင်ပြီး ဆရာဖြစ်သူ၏ စွမ်းအားအချို့ကို ဆင့်ခေါ်နိုင်မည်ဖြစ်၏။

ယခု သူ့တွင် အခွင့်အရေးရလာပြီဖြစ်ရာ တုံ့ဆိုင်းခြင်းမရှိဘဲ ကျောက်စိမ်းဆွဲသီးကို ချေမွပစ်လိုက်သည်။

"မစ္စတာကျန်း... သူ့ကို မြန်မြန်တားလိုက်ပါ"

ဤကမ္ဘာရှိ အဆင့်ကိုးသက်ရှိတစ်ယောက်က ချက်ချင်း အော်လိုက်သည်။

"ဒီမြင်ကွင်းကို အရင်က ကျွန်တော်မြင်ဖူးတယ်။ ပြင်ပကမ္ဘာက ဧည့်သည်တစ်ယောက်က ဒီလိုနည်းလမ်းနဲ့ အဆင့်ကိုးသက်ရှိထက် ကျော်လွန်တဲ့ စွမ်းအားတစ်ခုကို ဆင့်ခေါ်ပြီး ကျွန်တော်တို့ရဲ့ အဆင့်ကိုးအထွတ်အထိပ် သက်ရှိတစ်ယောက်ကို သတ်ပစ်ခဲ့တာ"

ကျန်းမုန့်လောင်တွင် နက်နဲသော နောက်ခံရှိကြောင်း သူတို့သိထားကြသော်လည်း ကျန်းမုန့်လောင်အနေနှင့် သူ့မိသားစုကို ချက်ချင်းဆက်သွယ်နိုင်မည့် နည်းလမ်းများရှိမရှိ ဘယ်သူက သိမည်နည်း။ အကယ်၍ သူ့တွင် ရှိနေလျှင်ပင် တစ်ဖက်လူက လူကိုယ်တိုင်ပေါ်လာပါက သူ သေချာပေါက် ဒုက္ခရောက်မည်သာ။

"မလိုပါဘူး"

ကျန်းမုန့်လောင်က ပေါ့ပေါ့ပါးပါး အပြုံးလေးဖြင့် ပြောလိုက်သည်။

"ဘယ်သူမှမလာရင် ငါ့ကို ဘယ်သူက ပိုက်ဆံ လျော်ပေးမှာလဲ"

မျက်စိတစ်မှိတ်အတွင်းမှာပင် ကမ္ဘာခြားအုပ်ချုပ်ရေးစင်တာတစ်ခုလုံး ပြင်းထန်သော မုန်တိုင်းတစ်ခုအတွင်း ကျရောက်သွားသည်။ ဤမြင်ကွင်းမှာ ကျန်းမုန့်လောင်၏ မင်္ဂလာဆောင်သို့ သူ့အဖေလာရောက်စဉ်ကနှင့် အတိအကျ တူညီနေပေသည်။ ရောင်စုံလေဝဲဂယက်တစ်ခု၊ မြင့်မြတ်သော စွမ်းအင်နှင့် အရှိန်အဝါများပင်။

"ဆရာ ကျွန်တော်တို့ကို ကယ်ပါဦး"

ရင်းနှီးနေသော စွမ်းအားကို ခံစားလိုက်ရသဖြင့် လူငယ်လေးမှာ ရုတ်တရက် ငိုယိုလိုက်၏။

"အဆင့်နိမ့်ကမ္ဘာက အဆင့်နိမ့်သက်ရှိတွေက ကျွန်တော်တို့ကို သတ်ချင်နေတယ်"

ကျန်းမုန့်လောင်က ဝဲဂဟက်ရှိရာ တည်နေရာသို့ အော်ဟစ်လိုက်သည်။

"သောက်ကျိုးနည်း... ပြန်လျော်ပေးစမ်း"

*********************

All Chapters