အခန်း ၁၀၇၇
Vol. 72 Ch. 1077
အခန်း ၁၀၇၇ - ကမ္ဘာသစ်၏ ဘုရင်
အဆင့်နိမ့်ကမ္ဘာတစ်ခု၏ ခိုင်မာမှုသည် အဆင့်ကိုးအထွတ်အထိပ်ရှိ အဆင့်နိမ့်သက်ရှိတစ်ယောက်ကိုသာ ခံနိုင်ရည်ရှိသည်။ အကယ်၍ အလယ်အလတ်အဆင့် သက်ရှိတစ်ယောက်သာ ဆင်းသက်လာပါက အချိန်တိုအတွင်း ကမ္ဘာတစ်ခုလုံးကိုပင် ပြိုကျပျက်စီးသွားစေနိုင်သည်။
ထို့ကြောင့် ပြီးခဲ့သည့်အကြိမ်က ကျန်းမုန့်လောင်၏အဖေ ဤနေရာသို့ ဆင်းသက်လာစဉ်က သူသည် ကမ္ဘာနှစ်ခုကြားရှိ လမ်းကြောင်းတစ်ခုကိုသာ ဖွင့်လှစ်ခဲ့ပြီး သူ့ခန္ဓာကိုယ်အစစ်ဖြင့် မဆင်းသက်ခဲ့ပေ။
"ဒါက ဘယ်လိုစွမ်းအားမျိုးလဲ"
ကျန်းမုန့်လောင်မှာ လူတိုင်း၏ အာရုံစိုက်မှုကို ချက်ချင်းဆွဲဆောင်သွားသည်။
ထိုအချိန်က ကျန်းမုန့်လောင်အဖေ၏ စွမ်းအားများက တချို့တစ်ဝက်သာ ထိုကမ္ဘာ၏ ဝဲဂယက်ကတစ်ဆင့် စိမ့်ဝင်လာခဲ့ခြင်းဖြစ်သော်လည်း ကမ္ဘာနှစ်ခုမှာ မသိနိုင်သော အကွာအဝေးတစ်ခုဖြင့် ခြားနားနေသောကြောင့် မြင်ကွင်းမှာ ကမ္ဘာကြီးကို တုန်လှုပ်စေခဲ့သော်ငြား ခံနိုင်ရည်ရှိသော အတိုင်းအတာတစ်ခုအတွင်း၌ ရှိနေသေးသည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ အဆင့်ကိုးအလယ်အလတ်သက်ရှိတစ်ယောက်၏ စွမ်းအားမှည သူတို့ရှေ့မှောက်တွင် ပေါက်ကွဲထွက်ပေါ်လာခဲ့လေရာ သေးနုပ်ခြင်းဆိုသည်မှာ ဘယ်လိုခံစားချက်မျိုးဖြစ်ကြောင်း နောက်ဆုံးတွင် သူတို့ နားလည်သွားကြတော့သည်။
"ဒါက အဆင့်ကိုးသက်ရှိထက် ကျော်လွန်နေတဲ့ စွမ်းအားလား။ ဒါက မစ္စတာကျန်းရဲ့ အစစ်အမှန် စွမ်းအားလား"
"အရင်တုန်းက ငါတို့မဟာမိတ်တပ်ဖွဲ့တွေ စကြဝဠာအမှတ်၇ကို သွားခဲ့တဲ့အချိန် မစ္စတာကျန်းသာ ငါတို့တွေအားလုံးကို ဖျက်ဆီးချင်ခဲ့မယ်ဆိုရင် လက်ဖျောက်တစ်ချက်စာ အချိန်လောက်ပဲ ကြာလိမ့်မယ်"
"သူနဲ့ ဝဲဂယက်ထဲကလူတွေ..တကယ်တမ်း ဘယ်သူက ပိုသန်မာတာလဲ"
...
"နတ်ဘုရားဖြိုခွင်းခြင်းနယ်ပယ်သုံးဆင့်"
ဝဲဂယက်ထဲရှိ လူများမှာ ထိတ်လန့်တုန်လှုပ်နေသော အသံဖြင့် ရေရွတ်လိုက်ကြသည်။ သူတို့၏ကမ္ဘာတွင် သိုင်းနယ်ပယ်ကိုးခု၏အထက်၌ အစစ်အမှန် စွမ်းအားကြီးမားသော နယ်ပယ်ရှိ၏။ ကောင်းကင်ဖြိုခွင်းခြင်းနယ်ပယ်သုံးဆင့်၊ လျှို့ဝှက်နက်နဲဖြိုခွင်းခြင်းနယ်ပယ်သုံးဆင့်နှင့် နတ်ဘုရားဖြိုခွင်းခြင်းနယ်ပယ်သုံးဆင့်ဟူ၍ ခွဲခြားထားသည်။ နတ်ဘုရားဖြိုခွင်းခြင်းနယ်ပယ်သို့ ရောက်ရှိသူများမှာ ဂိုဏ်းချုပ်များ ဖြစ်ကြသည်။
ယခုမူ ကျန်းမုန့်လောင်ထံမှ ထွက်ပေါ်လာသော စွမ်းအားမှာ နတ်ဘုရားဖြိုခွင်းခြင်းနယ်ပယ် အဆင့်တွင် ရှိနေချေသည်။
"ကျုပ် ပြောသားပဲ။ ကျုပ်ဘက်က လူတွေကို ခေါ်သွားချင်တယ်ဆိုရင် အိမ်မက်မက်နေလိုက်လို့"
ကျန်းမုန့်လောင်၏ ကျောဘက်မှ မရေမတွက်နိုင်သော ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။ ထိုအရာကား ဆရာလော့ဖုန်း၏ အထင်ကရလက်နက်ဖြစ်သော "နတ်ဘုရားလက်နက်"ပင်တည်း။ ဆရာလော့ဖုန်းသည် သူ့စိတ်စွမ်းအားဖြင့် အတွေးတစ်ချက်တည်းနှင့် မျိုးနွယ်စုတစ်ခုကို ဖျက်ဆီးပစ်နိုင်စွမ်းရှိသော မယုံနိုင်လောက်အောင် အစွမ်းထက်သည့် စိတ်စွမ်းအင်သခင်တစ်ဦးပင်။
"ရွှစ်... ရွှစ်... ရွှစ်..."
ဝဲဂယက်ထဲမှ ဆန့်ထွက်လာသော လက်ကြီးမှာ ချက်ချင်းပင် အပိုင်းပိုင်းအစစ ကြေမွသွားပြီး ဝဲဂယက်၏ အခြားတစ်ဖက်မှ နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာသည်။
"မင်း...ရာရာစစ..."
"ကျုပ်က ဘာကိုမလုပ်ရဲရမှာလဲ။ မြန်မြန်ပြန်လျော်ပေးစမ်း"
ကျန်းမုန့်လောင်က အလျှော့မပေးဘဲ ပြောလိုက်သည်။
"ခင်ဗျား လျော်မပေးရင် ခင်ဗျားတို့ဂိုဏ်းဆီကို လာခဲ့မယ်။ တကယ်ပြောနေတာနော်"
"မင်းက သန်မာတယ်ဆိုရင်တောင် ငါတို့ကမ္ဘာနဲ့ ဘယ်လိုဆက်သွယ်မှုမျိုးမှ မရှိဘဲနဲ့ မင်း ရှာတွေ့နိုင်မှာ မဟုတ်ဘူး။ မင်းက ဒီလူတွေကို လိုချင်နေမှတော့ မင်းဆီမှာပဲ ထားခဲ့လိုက်တော့မယ်"
"ဆရာ"
ဆရာဖြစ်သူက သူတို့ကို စွန့်ပစ်သွားတော့မည်ကို လူငယ်လေး ချက်ချင်းသိလိုက်သည်။
ကောင်းကင်ဖြိုခွင်းခြင်းသုံးဆင့်ရှိ သိုင်းပညာရှင်တစ်ယောက်အတွက် တပည့်တစ်ယောက် ဆုံးရှုံးသွားလျှင်ပင် သူတို့၏တပည့်အဖြစ် ခံယူလိုသူ ထောင်ပေါင်းများစွာ ကျန်နေသေးသည်။ ဂိုဏ်းတစ်ခုလုံးတွင် သူတို့၏တပည့်ဖြစ်လာရန် တန်းစီစောင့်ဆိုင်းနေသူ မည်မျှရှိသလဲ။
"အကြီးအကဲ... ကျွန်တော်တို့ကို မစွန့်ပစ်လိုက်ပါနဲ့"
"အကြီးအကဲ ကယ်ပါဦး"
"ထွက်ပြေးဖို့ ကြိုးစားနေတာလား"
ကျန်းမုန့်လောင်က သူ့ညှပ်ဖိနပ်ကို ကောက်ကိုင်ကာ ဝဲဂယက်ဆီသို့ ပစ်ပေါက်လိုက်သော်လည်း ဝဲဂယက်မှာ မျက်စိတစ်မှိတ်အတွင်းမှာပင် ငြိမ်သက်သွားပြီး ဘာအရိပ်အယောင်မှ ကျန်ရစ်မနေခဲ့တော့ပေ။
"သောက်ကျိုးနည်း.. သူတို့ပြေးတာ တော်တော်မြန်သားပဲ"
ကျန်းမုန့်လောင်လည်း သူ့ဖိနပ်ကို ပြန်ကောက်စွပ်ရင်း နှုတ်ခမ်းစူကာ ပြောလိုက်သည်။
သူက လူငယ်များကို ကြည့်လိုက်သည်။
"မင်းတို့ဆရာက အမှိုက်ပဲ။ အမြော်အမြင်လည်း သိပ်မရှိဘူး"
လူငယ်တစ်စုမှာ မျှော်လင့်ချက်မဲ့နေလေပြီ။ သူတို့ခမျာ ဂိုဏ်း၏စွန့်ပစ်ခြင်းကို ခံလိုက်ရချေပြီ။
"ဒါဆိုရင်တော့ မင်းတို့ တစ်သက်လုံး ငါ့ရဲ့ကမ္ဘာခြားအုပ်ချုပ်ရေးစင်တာမှာ လုံခြုံရေးဝန်ထမ်းတွေအဖြစ် အလုပ်လုပ်ကြပေတော့"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"မင်းတို့ရဲ့နေရာတွေကို စီစဉ်ပေးဖို့ ခဏနေရင် လူတစ်ယောက် ရောက်လာလိမ့်မယ်။ ဘယ်သူမှ ထပြဿနာထပ်မရှာနဲ့။ မဟုတ်ရင် အလကားခိုင်းစားခံရရုံတင် မကတော့ဘူး"
သူတို့အားလုံး သက်ပြင်းချလိုက်မိကြသည်။ ကံကောင်းထောက်မစွာဖြင့် လုံခြုံရေးအလုပ်မျှသာ ဖြစ်၏။ သူတို့၏အသက်ကို နှုတ်ယူရန် ရည်ရွယ်မထားပေ။
သို့သော် သူတို့သည် ပစ္စည်းများကိုသာ ဖျက်ဆီးခဲ့ပြီး မည်သူ့ကိုမှ ထိခိုက်နစ်နာအောင် မလုပ်ခဲ့သဖြင့် ယခုလိုဖြစ်လာခြင်းမှာ အံ့သြစရာတော့ မဟုတ်ပေ။ သူတို့ကို သတ်ပစ်ခြင်းမှာ အမှန်တကယ်ပင် ဆုံးရှုံးမှုတစ်ခု ဖြစ်လိမ့်မည်။
"စကားမစပ် မင်းတို့တွေက ဘယ်ကလာတာလဲ။ ပြီးတော့ ဒီကို ဘယ်လိုရောက်လာတာလဲ"
"ကျွန်တော်တို့က ဟောက်ထျန်းနယ်မြေရဲ့ ချန်းလန်ဓားဂိုဏ်းကပါ"
နောက်ဆုံးတွင် သူတို့ အရှုံးပေးလိုက်ကြသည်။
"အဲ့ဒီနာမည်က တော်တော်လေး စိတ်ကူးယဉ်ဆန်တာပဲ"
ကျန်းမုန့်လောင်သည် ကမ္ဘာမြေ၏ ဝတ္ထုများထဲမှ ထိုကမ္ဘာများနှင့် ဇာတ်ကောင်များအားလုံး အမှန်တကယ် တည်ရှိနေသလားနှင့် ဤကမ္ဘာများအကြားတွင် မည်သို့သော အထူးဆက်သွယ်မှုများ ရှိနေနိုင်သလဲဆိုသည်ကို ရုတ်တရက် တွေးတောမိသွားသည်။
"ဒါဆို ဒီကို ဘယ်လိုရောက်လာတာလဲ"
"ကျွန်တော်တို့ဂိုဏ်းမှာ ဝိညာဉ်ကမ္ဘာကြေးမုံလို့ခေါ်တဲ့ ရတနာတစ်ခု ပိုင်ဆိုင်ထားပါတယ်။ အဲ့ဒီကတစ်ဆင့် ထောင်ပေါင်းများစွာသော အဆင့်နိမ့်ကမ္ဘာတွေထဲက တစ်ခုဆီကို ကျပန်းဝင်ရောက်နိုင်ပါတယ်။ ဒါက ကျွန်တော်တို့အတွက် ဂိုဏ်းရဲ့ အကဲဖြတ်စမ်းသပ်မှုတစ်ခုပါ"
"မင်းတို့တွေ တော်တော်ကံဆိုးတာပဲ"
ဟောက်ထျန်းနယ်မြေ၏အောက်တွင် ယခင်က ကမ္ဘာခြားစစ်မြေပြင်ဖြစ်နိုင်ခြေရှိသော ကမ္ဘာငယ်လေး ထောင်ပေါင်းများစွာ ရှိနေပုံရသည်။ အကယ်၍ သူတို့သာ အခြားကမ္ဘာတစ်ခုဆီသို့ ပို့ဆောင်ခံခဲ့ရလျှင် သူတို့ ထိုနေရာတွင် မည်ကဲ့သို့သော ဖျက်ဆီးမှုများ လုပ်ခဲ့သည်ကို သူ သိမည်မဟုတ်သလို ဂရုစိုက်မိမည်လည်း မဟုတ်ပေ။
သို့သော် ကမ္ဘာခြားအုပ်ချုပ်ရေးစင်တာသို့ ပို့ဆောင်ခံရခြင်းမှာမူ သူတို့ အမှန်တကယ်ပင် ကံဆိုးလွန်းနေခြင်းပင်။
"မင်းတို့ ဘယ်လိုပြန်ကြမလဲ"
"ဒီဟာနဲ့ပါ"
ထိုလူငယ်လေးက သွေးကဲ့သို့ နီရဲနေသော အခြား ကျောက်စိမ်းဆွဲသီးတစ်ခုကို ထုတ်ယူလိုက်သည်။
"ဒီကနေတစ်ဆင့် ကျွန်တော်တို့ကို ပြန်ခေါ်သွားဖို့ ဝိညာဉ်ကမ္ဘာကြေးမုံရဲ့ စွမ်းအားကို ဆင့်ခေါ်လို့ရပါတယ်။ ဒါပေမဲ့..."
"ဒါပေမဲ့ ဘာဖြစ်လဲ"
"ပုံမှန်အခြေအနေအရဆိုရင် ဒီကျောက်စိမ်းဆွဲသီးက အစိမ်းရောင်အလင်းတန်း ထွက်နေရမှာပါ။ ဒါပေမဲ့ အခုတော့ အသုံးမဝင်တဲ့ သာမန် ကျောက်စိမ်းတုံးလေးတစ်တုံး ဖြစ်နေပါပြီ။ ဆရာက ဝိညာဉ်ကမ္ဘာကြေးမုံကို ပိတ်လိုက်ပုံရတယ်။ ကျွန်တော်တို့ ပြန်လို့မရတော့ဘူး"
"အဲ့ဒီအဘိုးကြီးက တော်တော်ရက်စက်တာပဲ"
[ကျောင်းအုပ်ကြီး... သူသာ အဲ့ဒီလိုမလုပ်ခဲ့ဘူးဆိုရင် ဒီကျောက်စိမ်းဆွဲသီးကတစ်ဆင့် သူတို့ကမ္ဘာကို ခင်ဗျား ရှာတွေ့နိုင်မှာလေ။ အဲ့ဒါဆိုရင် သူ့အတွက် ပြဿနာပိုမများသွားနိုင်ဘူးလား]
"ဟုတ်သားပဲ"
ကျန်းမုန့်လောင် ပြုံးလိုက်လေသည်။
"ဒါပေမဲ့ ဆောရီးပဲ။ ငါက ကျန်းမုန့်လောင်ကွ။ ကောထန်.. သူ့ကမ္ဘာရဲ့တည်နေရာကို မင်း ရှာနိုင်မလား"
[သေချာပေါက်ရတာပေါ့။ ကျောင်းအုပ်ကြီးဆီမှာ အလယ်အလတ်အဆင့်သက်ရှိတစ်ယောက်ရဲ့ စွမ်းအားရှိနေသရွေ့ အဆင့်နိမ့်နဲ့ အလယ်အလတ်အဆင့်ကမ္ဘာတွေကြားက အတားအဆီးတွေကို ချိုးဖျက်နိုင်ပါတယ်။ ပြီးတော့ သူတို့ကမ္ဘာကို ရှာတွေ့ဖို့လည်း ကျွန်တော် ကူညီပေးနိုင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီဓားဂိုဏ်းကို ရှာဖို့ကတော့ သူတို့ကမ္ဘာထဲရောက်သွားရင် ကျောင်းအုပ်ကြီးအပေါ်မှာပဲ မူတည်ပါလိမ့်မယ်]
"နားလည်ပြီ"
ကျန်းမုန့်လောင် ခေါင်းညိတ်လိုက်သည်။ ဤတစ်ကြိမ်တွင် သူ ခရီးရှည်တစ်ခု ထွက်ရတော့မည်။
ထိုချန်းလန်ဓားဂိုဏ်းသည် သူတို့၏ ကမ္ဘာငယ်များကိုလာသည့် လမ်းကြောင်းကို ပိတ်ထားလိုက်ပြီ ဖြစ်သော်ငြား ထိုနေရာမှာ ဟောက်ထျန်းနယ်မြေပေါ်ရှိ သေးငယ်သော ထောင့်လေးတစ်ထောင့်သာ ဖြစ်နိုင်ချေရှိ၏။ မိမိကိုယ်ကိုယ် အထက်တန်းစားဟုခံယူထားသော ထိုလူများက ဘယ်အချိန် ပြဿနာထပ်ရှာရန် ရောက်လာမလဲဆိုသည်ကို သူ အာမမခံနိုင်ပေ။
ထို့ကြောင့် အကောင်းဆုံးနည်းလမ်းမှာ ကမ္ဘာတစ်ခုလုံးကို သိမ်းပိုက်ရန်ပင်။
[ကျောင်းအုပ်ကြီး... ခင်ဗျား အဲ့လောက်အထိ အကြမ်းဖက်ဖို့ မလိုပါဘူး။ အလယ်အလတ်အဆင့်ကမ္ဘာတစ်ခုကို သိမ်းပိုက်ရတာက ပြဿနာ အရမ်းများလွန်းပါတယ်။ အဲ့ဒီလောက်ကြီးတဲ့ ကမ္ဘာတစ်ခုက ခင်ဗျားရဲ့အချိန်တွေကို အများကြီး ဖြုန်းတီးပစ်လိမ့်မယ်]
"မင်းမှာ တခြားနည်းလမ်းရှိလို့လား"
[ရှိပါတယ်။ ဒီကမ္ဘာကို အဆင့်မြင့်ကမ္ဘာတစ်ခုအဖြစ် အဆင့်မြှင့်တင်လိုက်မယ်ဆိုရင်... ပြီးတော့ အဆင့်မြင့်ကမ္ဘာတွေထဲမှာတောင် တော်တော်လေးစွမ်းအားကြီးတဲ့ ကမ္ဘာတစ်ခုအဖြစ် အဆင့်မြှင့်လိုက်မယ်ဆိုရင် ဒီလိုအခြေအနေမျိုး နောက်ဘယ်တော့မှ ဖြစ်လာတော့မှာ မဟုတ်ပါဘူး]
"လုပ်ဆောင်ဖို့ လမ်းညွှန်ချက်ရှိလား"
[ကျောင်းအုပ်ကြီး... ခင်ဗျားရဲ့ဝိညာဉ်ကို ဒီကမ္ဘာမှာ အပ်နှံထားနိုင်ပါတယ်။ ပြီးတော့ ကျောင်းအုပ်ကြီး အလယ်အလတ်အဆင့်သက်ရှိတစ်ယောက် ဖြစ်လာတာနဲ့ ဒီကမ္ဘာကလည်း အလယ်အလတ်အဆင့် ကမ္ဘာတစ်ခု ဖြစ်လာပါလိမ့်မယ်။ တကယ်လို့ ကျောင်းအုပ်ကြီးသာ အဆင့်မြင့် သက်ရှိတစ်ယောက် ဖြစ်လာခဲ့ရင် ဒီကမ္ဘာကို အဆင့်မြင့်ကမ္ဘာတစ်ခုအဖြစ် အဆင့်မြှင့်တင်နိုင်ပါတယ်]
"တော်တော်ရိုးရှင်းမယ့်ပုံပဲ"
[သာမန်လူတွေအတွက်ကတော့ ခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ ဝိညာဉ်အပ်နှံထားတဲ့ ကမ္ဘာက ပိုအဆင့်မြင့်လေလေ အဆင့်တက်ဖို့ ပိုလွယ်ကူလေလေဖြစ်လို့ပါ။ ကမ္ဘာငယ်တွေက လူတွေ အဆင့်ကိုးသက်ရှိအဖြစ် အဆင့်တက်သွားရင်တောင် သူတို့ရဲ့ဝိညာဉ်ကို ပြန်အပ်နှံဖို့အတွက် အလယ်အလတ်အဆင့်ကမ္ဘာတစ်ခုကို ရောက်တဲ့အထိ စောင့်ဆိုင်းချင်ကြပါတယ်။ ဒါပေမဲ့ ကျောင်းအုပ်ကြီးအတွက်ကတော့ သိပ်ကွာခြားမှုရှိမှာ မဟုတ်ပါဘူး]
"ဒါဆိုရင်တော့ ငါ အထက်ကမ္ဘာကို သွားလေ့လာသင့်တယ်။ ပြီးတော့ ငါတို့ကမ္ဘာကို အဆင့်မြင့်ကမ္ဘာတစ်ခုအဖြစ် အဆင့်မြှင့်တင်လိုက်တာနဲ့ တစ်ခါတည်းပွဲသိမ်းပေါ့"
ယခု ထူးရှယ်နတ်ဘုရားကျောင်းတော်သည် လုပ်ဆောင်ချက်အသစ်တစ်ခုကို ဖွင့်လှစ်ထားပြီဖြစ်၏။ ကျန်းမုန့်လောင်အနေနှင့် နေရာတစ်ခုသို့ ရောက်သွားသရွေ့ ထူးရှယ်နတ်ဘုရားကျောင်းတော်ကတစ်ဆင့် ကိုဩဒိနိတ်များကို ချန်ထားနိုင်ပြီး သူ ယခင်ကရောက်ဖူးသည့် မည်သည့်နေရာ သို့မဟုတ် မည်သည့်ကမ္ဘာကိုမဆို လွတ်လပ်စွာ အသွားအပြန်ခရီးထွက်နိုင်စွမ်းရှိ၏။ ဤသည်မှာ စွန်းဝူခုန်း၏ ရုပ်ရွှေ့ပြောင်းခြင်းထက်ပင် ပိုအထင်ကြီးစရာကောင်းနေတော့သည်။
ကျန်းမုန့်လောင်လည်း ကောင်းကင်ကြီးကို တွေဝေငေးမောရင်း လှမ်းကြည့်လိုက်သည်။
"ဒီတစ်ခါတော့ ငါ တကယ်ပဲ ကမ္ဘာသစ်တစ်ခုရဲ့ ဘုရင် ဖြစ်လာတော့မှာပေါ့"
*******************