အခန်း ၁၀၇၈
Vol. 72 Ch. 1078
အခန်း ၁၀၇၈ - အနုနည်းနဲ့မရရင် ကြမ်းလိုက်
စကြဝဠာအမှတ်၇၏ အလယ်ဗဟိုသည် စကြဝဠာအမှတ်၇၏ အဓိကအကျဆုံးသော ဒေသပင်။ ဤနေရာရှိ စကြဝဠာမူလစွမ်းအင်မှာ မည်သည့်အဆင့်မြင့်မျိုးနွယ်စုထက်မဆို အဆပေါင်းများစွာ ပိုမိုများပြားပြီး စကြဝဠာအတွင်း၌ သယံဇာတနှင့် ဓာတ်သတ္တုများ အကြွယ်ဝဆုံးဖြစ်သည်။
ဒိုင်နိုဆောနှင့်တူသော သတ္တဝါကြီးတစ်ကောင်၏ အလောင်းက ဂိုဘီသဲကန္တာရတစ်ခွင်တွင် ပြန့်ကျဲနေသည်။ ကိုယ်ထည်အရှည်မှာ မီတာတစ်သောင်းကျော်ရှိရာ စကြဝဠာအမှတ်၇တစ်ခုလုံးတွင် ပြိုင်ဘက်ကင်း ကြောက်မက်ဖွယ်အကောင်းဆုံး သားရဲကြီးတစ်ကောင် ဖြစ်နေပေသည်။
စကြဝဠာအမှတ်၇အတွင်းရှိ အဆင့်ကိုးသက်ရှိတချို့က ဤဒေသကို သိမ်းပိုက်ရန်အတွက် ထိုသားရဲကြီးအား နှိမ်နင်းရန် ကြိုးစားခဲ့ကြဖူးသည်။ သို့သော် ခြွင်းချက်မရှိ အားလုံးကျရှုံးခဲ့ပြီး တစ်ဦးမှာ ဒဏ်ရာအပြင်းအထန်ဖြင့် သေဆုံးသွားခဲ့ရသည်။
ဤသည်မှာ စကြဝဠာအမှတ်၇တစ်ခုလုံးတွင် အဆင့်ကိုးအထွတ်အထိပ်သက်ရှိအဆင့်ကို ချိုးဖျက်နိုင်ရန် အလားအလာအရှိဆုံး သတ္တဝါဟု ဆိုလျှင်လည်း ချဲ့ကားပြောဆိုရာ မရောက်ပေ။
သို့သော် ယခုအခါတွင်မူ ထိုအရာမှာ အလောင်းကောင်သက်သက်သာ ဖြစ်နေချေပြီ။ ခန္ဓာကိုယ်ပေါ်ရှိ သွေးများမှာ မခြောက်သေးဘဲ စီးဆင်းနေဆဲဖြစ်ရာ တိုက်ပွဲက ယခုလေးတင်မှ ပြီးဆုံးသွားကြောင်း ပြသနေသည်။ ဤနေရာ၏ သခင်ကလည်း အခြားတစ်ယောက် ဖြစ်သွားခဲ့လေပြီ။
ခြုံထည်ဝတ်ဆင်ထားပြီး ကျောတွင် အနက်ရောင် ပေတံတစ်ချောင်းသယ်ထားသော ကျန်းမုန့်လောင်သည် သူ့မျက်နှာပေါ်ရှိ သွေးများကို ဖြည်းညင်းစွာ သုတ်ပစ်လိုက်သည်။
"ဒီကောင်က တော်တော်ကြမ်းတာပဲ။ နည်းနည်းလောက်သာ ထပ်သန်မာနေရင် ငါတောင် သူ့ကို နိုင်ဖို့မလွယ်ဘူး"
ကျန်းမုန့်လောင်ခမျာ အနည်းငယ် မောဟိုက်နေပုံရသည်။
[ကျောင်းအုပ်ကြီး... ဒီသတ္တဝါက စကြဝဠာအမှတ်၇ရဲ့ အဓိကအကျဆုံးနေရာမှာ နေထိုင်ခဲ့တာပါ။ သူ့ပါရမီက အလယ်အလတ်ကမ္ဘာတွေက အညံ့ဆုံးသားရဲတွေနဲ့ တန်းတူလောက်ပါပဲ။ အညံ့ဆုံးဆိုပေမဲ့ ဒီလိုကမ္ဘာငယ်လေးတွေက အမှိုက်တွေနဲ့တော့ လုံးဝယှဉ်လို့မရပါဘူး]
"တကယ်ပဲကိုး။ ငါက အခု အဆင့်ရှစ်သက်ရှိအဆင့်မှာဆိုပေမဲ့ သာမန်အဆင့်ကိုး အထွတ်အထိပ်သက်ရှိတွေတောင် ငါ့ပြိုင်ဘက် မဟုတ်ဘူး။ ဒါပေမဲ့ ဒီသားရဲက ငါ့ခွန်အားတွေ အကုန်လုံးကို ထုတ်သုံးရတော့မတတ် ဖြစ်သွားစေတယ်"
[ကျောင်းအုပ်ကြီးရဲ့ လက်ရှိစွမ်းအားနဲ့ ဟောက်ထျန်းနယ်မြေကို သွားမယ်ဆိုရင်တော့ နည်းနည်းအားနည်းတဲ့ ကောင်းကင်ဖြိုခွဲခြင်းပထမအဆင့် သိုင်းပညာရှင်လောက်နဲ့ပဲ ယှဉ်တိုက်နိုင်မှာပါ။ အဲဒီထက်မြင့်တဲ့ လူတွေနဲ့ဆိုရင်တော့ ထွက်ပြေးရလိမ့်မယ်]
"ဒီလောက်ဆိုရင် တော်တော်လေး ကောင်းနေပါပြီ"
ကောထန်၏ အချက်အလက်များမှတစ်ဆင့် ကျန်းမုန့်လောင် နားလည်ထားသည်မှာ ကောင်းကင်ဖြိုခွဲခြင်းပထမအဆင့် သိုင်းပညာရှင်တစ်ဦး၏ အပေါ်ယံတိုက်ခိုက်မှုကို ခံနိုင်ရည်ရှိသော စစ်မှန်သည့် အဆင့်ကိုးသိုင်းပညာရှင်တစ်ယောက်မှာ ပါရမီရှင်များထဲမှ ပါရမီရှင်ဟု သတ်မှတ်ခံရပြီး ဖြစ်၏။
[မှန်ပါတယ်။ ထူးရှယ်နတ်ဘုရားကျောင်းတော် ရှိနေတာမို့ ဒါက အခြေခံလုပ်ဆောင်ချက်လောက်ပါပဲ။ ဒါနဲ့ ကျောင်းအုပ်ကြီး..ခင်ဗျားဝတ်ထားတဲ့ပုံစံက ဘယ်လိုကြီးလဲ]
"ဟားဟားဟား.. ဒါကို ငါက 'ကောင်းကင်ကိုဖြတ်သန်း၍တိုက်ခိုက်ခြင်း'ဇာတ်လမ်းထဲက ရှောင်ယန်ရဲ့ဝတ်စုံကို အခြေခံပြီး အထူးဒီဇိုင်းဆွဲ ချုပ်ထားတာလေ။ မမိုက်ဘူးလား"
ကျန်းမုန့်လောင်က ကြွားဝါလိုက်သည်။
"ဒါတွေအကုန်လုံးက အဆင့်ကိုးသိုင်းလက်နက်တွေကွ"
[အလကားအကြွားသက်သက်ပါ]
ကောထန်က လှောင်ပြောင်လိုက်သည်။
[ကျောင်းအုပ်ကြီး...ဒီလောက်ပါပဲ။ ဒီနေရာပဲ]
"ကောင်းပြီလေ"
ကျန်းမုန့်လောင်၏ အမူအရာကား ချက်ချင်းဆိုသလို လေးနက်သွားသည်။
"ကိုင်အို-ကန်!"
အဆင့်ရှစ်သက်ရှိတစ်ယောက်၏ မျိုးရိုးဗီဇအဆင့်သာ ရှိသော်ငြား လက်ရှိအချိန်တွင် ကျန်းမုန့်လောင်၏ စွမ်းအားမှာ ဤကမ္ဘာကြီး ခံနိုင်ရည်ရှိသော ကန့်သတ်ချက်ကို အနည်းငယ်ကျော်လွန်သွားပြီဖြစ်၏။
"နဂါးလက်သီး"
သူ အရှေ့သို့ လက်သီးထိုးချလိုက်လေရာ ပြတ်သားသော အသံတစ်သံနှင့်အတူ လေဟာနယ်အတွင်း၌ ဧရာမအက်ကြောင်းကြီးတစ်ခု ရုတ်တရက် ပွင့်ဟသွားလေသည်။
ကျန်းမုန့်လောင်လည်း အက်ကွဲကြောင်းကို အတင်းဆွဲဖြဲလိုက်ပြီး အတွင်းသို့ ပေါ့ပေါ့ပါးပါးပင် ဝင်ရောက်သွားသည်။
ပုံမှန်လေဟာနယ်အက်ကွဲကြောင်းတစ်ခုတွင် သာမန်အဆင့်ခုနစ်နှင့် အဆင့်ရှစ်သက်ရှိများ၏ ခန္ဓာကိုယ်များကို ဆွဲဆုတ်ပစ်နိုင်လောက်အောင် အားကောင်းသော အာကာသအချိန်မုန်တိုင်းကြီးများ ရှိတတ်သည်။ သို့သော် ဤအက်ကွဲကြောင်းအတွင်း၌မူ သီးခြားကမ္ဘာငယ်လေးတစ်ခုနှင့် တူနေပြီး မရေမတွက်နိုင်သော ဖန်အပိုင်းအစများဖြင့် ဖွဲ့စည်းထားပုံပေါ်ကာ ဖန်သားပြင်အပြင်ဘက်ရှိ မုန်တိုင်းကြမ်းများကိုပင် ရှင်းလင်းစွာ မြင်နေရသည်။
ဤနေရာလွတ်၏ အလယ်ဗဟို၌ နှလုံးခုန်သကဲ့သို့ တဒိတ်ဒိတ်ခုန်နေသော ဧရာမသလင်းကျောက်ကြီးတစ်ခု လွင့်မျောနေသည်။
[ကျောင်းအုပ်ကြီး... ဒါက စကြဝဠာအမှတ်၇ရဲ့ အမြုတေပါပဲ]
"ဘုရားရေ... တကယ်ကြီး 'နှလုံးသား'တစ်ခု ရှိနေတာပဲ။ ငါက စိတ်ကူးယဉ်ဆန်တာတစ်ခုခုလို့ ထင်နေခဲ့တာ"
ကျန်းမုန့်လောင်မှာ ထိုအရာကို လှမ်းကိုင်ချင်စိတ်ဖြစ်သွားသည်။
သို့သော် ပြင်းထန်လှသော တွန်းကန်အားတစ်ခုက ရုတ်တရက် ရိုက်ခတ်လာသည်။ ထိုစွမ်းအားမှာ အဆင့်ရှစ် သို့မဟုတ် အဆင့်ကိုးသက်ရှိတစ်ဦးထက် လုံးဝမနိမ့်ကျပေ။
[ကျောင်းအုပ်ကြီး.. ဒီကမ္ဘာ့နှလုံးသားမှာ ကိုယ်ပိုင်အသိဉာဏ် ရှိပါတယ်။ ခင်ဗျားအနေနဲ့ ဒီမှာ ဝိညာဉ်အမှတ်အသားကို ရိုက်နှိပ်ချင်တယ်ဆိုရင် သူ့ရဲ့အသိအမှတ်ပြုလက်ခံမှုကို အရင်ရယူဖို့ လိုပါလိမ့်မယ်]
"ဘုရားရေ...တော်တော်မောက်မာတာပဲ"
ကျန်းမုန့်လောင်က ရယ်မောလိုက်၏။
"ငါ့ရဲ့ ဝိညာဉ်အမှတ်အသားကိုရတာ မင်းအတွက် ဂုဏ်ယူစရာပဲကွ"
ကောထန်သင်ပေးထားသော နည်းလမ်းအတိုင်း ကျန်းမုန့်လောင်လည်း သူ့ဝိညာဉ်တစ်စိတ်တစ်ပိုင်းကို ခွဲထုတ်လိုက်လေရာ ကျန်းမုန့်လောင်၏ပုံစံအတိုင်း အချိုးကျသေးငယ်အောင် ပြုလုပ်ထားသည့် ရွှေရောင်ရုပ်လုံးလေးတစ်ခုက သူ့မျက်ခုံးကြားမှ ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။
"ချစ်စရာအသေးလေး..ငါ့ကို ဝင်ခွင့်ပြုစမ်းပါ။ မငြင်းပါနဲ့ကွာ"
ကျန်းမုန့်လောင်မှာ ထိုကမ္ဘာ့နှလုံးသားပေါ်သို့ သူ့ဝိညာဉ်အမှတ်အသားကို ရိုက်နှိပ်ရန် ကြိုးစားလိုက်သည်။
၁၀မီတာ၊ ၉မီတာ၊ ၈မီတာ...
သို့သော် ကမ္ဘာ့နှလုံးသားနှင့် တစ်မီတာပင် မဝေးတော့သည့်အချိန်တွင်...
"ဘန်း"
ပြင်းထန်သော နှလုံးခုန်သံတစ်ခုနှင့်အတူ အားကောင်းလှသော စွမ်းအင်လှိုင်းတစ်ခုက ပေါက်ကွဲမှုတစ်ခုပမာ အရပ်မျက်နှာအနှံ့သို့ ဖြာထွက်သွားလေသည်။
ကျန်းမုန့်လောင်မှာ သတိမထားမိလိုက်သဖြင့် ထိုဝိညာဉ်အမှတ်အသားလည်း ကြေမွလုနီးပါးဖြစ်သွားသည်။
သတိပြုရမည့်အချက်မှာ ထိုအရာသည် သူ့ဝိညာဉ်အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ကျန်းမုန့်လောင်အတွက်ပင်လျှင် ဝိညာဉ်နှင့်ပတ်သက်၍ တစ်စုံတစ်ရာ ပြဿနာပေါ်လာပါက ထိခိုက်ဒဏ်ရာရသွားနိုင်သည်။
"သေစမ်း... ကောင်းကောင်းပြောလို့မရရင် ကြမ်းရတော့မှာပဲ"
ကျန်းမုန့်လောင်၏ အမူအရာမှာ အနည်းငယ် တင်းမာသွားသည်။
"ငါ့ဝိညာဉ်ရဲ့ ခိုနားရာဖြစ်လာတာ မင်း ကံကောင်းတာပဲ။ ကျေးဇူးကန်းတဲ့အလုပ်မျိုး မလုပ်ဖို့ ငါအကြံပေးချင်တယ်။ ငါသာ အလယ်အလတ် သက်ရှိ အဆင့်မြင့်သက်ရှိ ဒါမှမဟုတ် အထူးသက်ရှိအဆင့်တွေအထိ ချိုးဖျက်နိုင်ခဲ့ရင် မင်းလည်း အကျိုးကျေးဇူးရပြီး အလယ်အလတ်ကမ္ဘာ ဒါမှမဟုတ် အဆင့်မြင့်ကမ္ဘာအထိ မြင့်တက်သွားနိုင်တယ်ဆိုတာ နားလည်လား"
"ဘန်း"
ပြင်းထန်လှသော နှလုံးခုန်သံတစ်သံ တစ်ဖန်ထွက်ပေါ်လာပြန်သည်။ ယခုတစ်ကြိမ်တွင်မူ ကမ္ဘာ့နှလုံးသားထံမှ 'နားလည်စရာလားကွ'ဟု ပြောနေသည့်အလား မပီပြင်သော ဆန္ဒတစ်ခုကိုပင် ကျန်းမုန့်လောင် ခံစားမိလိုက်သည်။
ကမ္ဘာ့နှလုံးသား၏ အတွေးထဲတွင် အလယ်အလတ်ကမ္ဘာသို့ တက်လှမ်းရန်ဆိုသည်မှာ လက်လှမ်းမမီနိုင်သော အိပ်မက်တစ်ခုသာ ဖြစ်၏။ အကယ်၍ ထိုသို့စွမ်းဆောင်နိုင်သူ တကယ်ရှိခဲ့လျှင်ပင် အနည်းဆုံးတော့ အဆင့်ကိုး အထွတ်အထိပ်သက်ရှိဖြစ်ရမည်။ ယခု သူ့အမြုတေပေါ်သို့ အတင်းအဓမ္မ အမှတ်အသားလာနှိပ်နေသူမှာ အဆင့်ရှစ်သက်ရှိမျှသာ ဖြစ်နေလေသည်။
ကမ္ဘာတစ်ခု၏ အမြုတေအနေနှင့် သက်ရှိတစ်ဦးတည်း၏ အမှတ်အသားကိုသာ ထိန်းသိမ်းထားနိုင်သည်။ ထိုသက်ရှိ သေဆုံးသွားပါက အမှတ်အသားကို အစားထိုး၍ မရတော့ပေ။ ဆိုလိုသည်မှာ သူ့အနေနှင့် ဘယ်သောအခါမှ အလယ်အလတ်ကမ္ဘာတစ်ခု ဖြစ်လာနိုင်တော့မည် မဟုတ်ပေ။
ထို့ကြောင့် ကမ္ဘာ့နှလုံးသားအတွက် ဤကိစ္စမှာ အလွန်အရေးကြီးပြီး သတိထားရမည့် ကိစ္စပင်။
"ဒါက ဘာသဘောလဲ။ ငါ့ကို အထင်သေးတာလား"
ကျန်းမုန့်လောင်မှာ သူ့လက်ထဲရှိ ပေတံကြီးကို ဖြုတ်ကိုင်လိုက်၏။
"မင်းကို နောက်တစ်ကြိမ် အခွင့်အရေးပေးမယ်"
"ဘန်း ဘန်း"
ပြင်းထန်သော နှလုံးခုန်သံနှစ်သံ ထပ်မံထွက်ပေါ်လာသော်လည်း ယခုတစ်ကြိမ်တွင်မူ အလွန်စူးစိုက်မှုရှိပြီး ကျန်းမုန့်လောင်ကို တိုက်ရိုက်ပစ်မှတ်ထားလာလေသည်။
"အမလေး.. မင်းက အနုနည်းနဲ့မရဘူးပဲ။ ကြမ်းမှရမယ့်ကောင်ကိုး"
ကျန်းမုန့်လောင်က ပေတံကြီးကို ဝှေ့ယမ်းကာ ထိုနှလုံးခုန်သံလှိုင်းနှစ်ခုကို ရိုက်ခွဲပစ်လိုက်သည်။
"ကိုင်အို-ကန်"
"ဂိတ်ရှစ်ပေါက်ဖွင့်ခြင်း"
"ကောင်းကင်မီးတောက်သုံးဆင့်ပြောင်းလဲခြင်း"
"ကမ္ဘာမြေအဆင့် အခြေခံတိုက်ခိုက်ရေးသိုင်းကွက်... မီးလျှံခွဲဖြာဆူနာမီလှိုင်း"
ကျန်းမုန့်လောင်လည်း အထက်သို့ ခပ်မြင့်မြင့် ခုန်တက်လိုက်သည်။ အားကောင်းလှသော တိုက်ခိုက်ရေးစွမ်းအင်များကို အနက်ရောင်ပေတံကြီးပေါ်သို့ စုစည်းလိုက်လေရာ ကမ္ဘာတစ်ခုကိုပင် ရိုက်ခွဲနိုင်လောက်သည့် အင်အားများကို သယ်ဆောင်လျက် ကမ္ဘာ့နှလုံးသားဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။
"ခွမ်း"
အဆင့်ကိုးအထွတ်အထိပ်သက်ရှိများပင် အရာမထင်စေနိုင်သော ကမ္ဘာ့နှလုံးသားပေါ်တွင် ရှင်းလင်းပြတ်သားသည့် အက်ကွဲကြောင်းကြီးတစ်ခု ထွက်ပေါ်လာလေသည်။
"ကမ္ဘာမြေအဆင့် အလယ်အလတ်တိုက်ခိုက်ရေးသိုင်းကွက်... ဆဋ္ဌမဟန်ချက်ခြေလှမ်း"
"ဝုန်း ဝုန်း ဝုန်း"
ယခုတစ်ကြိမ်တွင် ကျန်းမုန့်လောင်၏ ပေတံကြီး ကမ္ဘာ့နှလုံးသားပေါ်သို့ မကျရောက်လာခင်မှာပင် ထိုအရာကား ကြောက်လန့်နေသည့်အလား တုန်ယင်သွားသည်။
အဆင့်ရှစ်သက်ရှိတစ်ယောက်က ဤမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားမျိုး ပိုင်ဆိုင်ထားလိမ့်မည်ဟု ဘယ်သောအခါမှ မမျှော်လင့်ထားပေ။ တစ်ချက်တည်းရိုက်ချရုံဖြင့် သူ့အမြုတေကို အက်ကွဲသွားစေခဲ့သည်။
ဤဒုတိယအချက်၏ စွမ်းအားမှာ ပထမအချက်ထက် အနည်းဆုံး နှစ်ဆသုံးဆခန့် ပိုမိုပြင်းထန်ကြောင်းကိုပင် သူ ခံစားမိသည်။ အကယ်၍ တကယ်သာ အရိုက်ခံလိုက်ရပါက ကမ္ဘာ့နှလုံးသားကိုယ်တိုင် ကြေမွသွားနိုင်ချေရှိ၏။
ကမ္ဘာ့နှလုံးသား ကြေမွသွားသည်နှင့် ကမ္ဘာ့စွမ်းအားများက ကမ္ဘာ့နှလုံးသားအသစ်တစ်ခုကို ပြန်လည်မွေးဖွားပေးမည် ဖြစ်သော်လည်း ယခုလက်ရှိ သူ့အသိစိတ်မှာမူ လုံးဝပျောက်ကွယ်သွားမည်သာ။
သူ့မှာ မပီပြင်သော အသိစိတ်လေးတစ်ခု ဖြစ်တည်လာစေရန် အလွန်ပင်ပန်းခက်ခဲစွာ ကြိုးပမ်းခဲ့ရသည်ဖြစ်ရာ ဤကဲ့သို့သော အဖြစ်မျိုးကို မည်သို့ခွင့်ပြုနိုင်မည်နည်း။
ထို့ကြောင့် သူ့ဝိညာဉ်အမှတ်အသား ရိုက်နှိပ်ခြင်းကို ခွင့်ပြုပေးရန် ဆန္ဒရှိကြောင်း ကျန်းမုန့်လောင်ထံသို့ ချက်ချင်းပင် သတင်းပေးပို့လိုက်တော့သည်။
"ကျစ်"
ကျန်းမုန့်လောင်က လှောင်ပြုံးပြုံးလိုက်၏။
"အပေါစားဆန်လိုက်တဲ့စိတ်ဓာတ်"
************************