← Chapters

အခန်း ၁၀၇၉

Vol. 72 Ch. 1079

အခန်း ၁၀၇၉

Vol. 72 Ch. 1079

အခန်း ၁၀၇၉ - ငါ့ကို လာကြိုတဲ့သူတွေက ဒီလောက်တောင် များတာလား

ရွှေရောင်အမှတ်အသားသည် ကမ္ဘာ့နှလုံးသားပေါ်သို့ ဖြည်းညင်းစွာ ပေါင်းစပ်သွားပြီး ယခုတစ်ကြိမ်တွင်မူ ဘာခုခံမှုမျှ မလုပ်တော့ပေ။

မိမိ၏ဝိညာဉ်အမှတ်အသားကတစ်ဆင့် ကမ္ဘာ့နှလုံးသား၏ အတွေးများနှင့် ဆန္ဒများကို ရှင်းလင်းစွာ ခံစားသိရှိလိုက်ရသောအခါ သူ အောင်မြင်သွားပြီဖြစ်ကြောင်း ကျန်းမုန့်လောင် သိလိုက်သည်။

ကျန်းမုန့်လောင်က သူ့ဝိညာဉ်အမှတ်အသား ရိုက်နှိပ်ခြင်းကို အောင်မြင်စွာ ပြီးမြောက်သွားချိန်တွင် အားကောင်းလှသော သူ့သက်ရှိစွမ်းအားများ တုံ့ပြန်စီးဆင်းမှုကြောင့် ကမ္ဘာ့နှလုံးသားပေါ်ရှိ အက်ကွဲကြောင်းများမှာ ချက်ချင်းဆိုသလို အကောင်းပကတိအတိုင်း ပြန်လည်သက်သာသွားပြီး ယခင်ကထက်ပင် ပိုမိုခိုင်မာအားကောင်းလာခဲ့သည်။

ထိုအချိန်မှစ၍ စကြဝဠာအမှတ်၇တစ်ခုလုံးသည် ကျန်းမုန့်လောင်၏ ကံကြမ္မာနှင့် ဆက်နွှယ်သွားပြီး အကောင်းအဆိုးဒွန်တွဲကာ ကောင်းတူဆိုးဖက်ဖြစ်သွားတော့သည်။

"ကဲ... နောက်တစ်ဆင့်အနေနဲ့ ဟောက်ထျန်းနယ်မြေကို သွားကြည့်ရမယ့်အချိန်ပဲ"

ကျန်းမုန့်လောင်၏ အစောင့်အရှောက်များနှင့် ထူးရှယ်နတ်ဘုရားကျောင်းတော်မှ ကျောင်းသားများက စကြဝဠာအမှတ်၇နှင့် ကမ္ဘာခြားအုပ်ချုပ်ရေးဗဟိုဌာနတစ်ခုလုံးတွင် အခြေချစောင့်ကြပ်နေကြသဖြင့် ကြီးကြီးမားမားပြဿနာများ ရှိလာနိုင်စရာ အကြောင်းမရှိပေ။ အကယ်၍ မထိန်းချုပ်နိုင်သော ကိစ္စတစ်ခုခု ဖြစ်ပေါ်လာလျှင်ပင် ထူးရှယ်နတ်ဘုရားကျောင်းတော်ကတစ်ဆင့် သူ ချက်ချင်း ပြန်လာနိုင်သေးသည်။

"ကောထန်... ကျပန်းဆရာတစ်ယောက်ယောက်ရဲ့စွမ်းအားကို ငါ့ကိုပေးစမ်း"

အလယ်အလတ်ကမ္ဘာသို့သွားမည့် တံခါးပေါက်ကို ဖွင့်ရန်အတွက် ဤကမ္ဘာကြီး ခံနိုင်ရည်ရှိသော ကန့်သတ်ချက်ထက် များစွာသာလွန်သော စွမ်းအားကို ပိုင်ဆိုင်ထားရန် လိုအပ်သည်။ ကျန်းမုန့်လောင်ကိုယ်တိုင်၏ စွမ်းအားကိုချည်း အားကိုးရုံဖြင့် မလုံလောက်ပေ။ အလွန်ဆုံး သူလုပ်နိုင်သည်မှာ လေဟာနယ်ကို ဆွဲဖြဲရန်သာ။ သို့သော် ထိုလေဟာနယ်ဆိုသည်မှာလည်း အာကာသနှင့် အချိန်၏ အတားအဆီးမျှသာဖြစ်ပြီး ဤကမ္ဘာကြီး၏ နယ်နိမိတ်အတွင်း၌သာ ရှိနေသေးသည်။

အဆင့်ရှစ်အလယ်အလတ် သက်ရှိစွမ်းအားများ စီးဆင်းဝင်ရောက်လာမှုနှင့်အတူ ကျန်းမုန့်လောင်က အရှေ့သို့ လက်သီးတစ်ချက် ထိုးချလိုက်သည်။

ဤလက်သီးချက်က လေဟာနယ်ကို ထိုးဖောက်သွားပြီး ကမ္ဘာ့အတားအဆီးကိုပါ ဖောက်ထွင်းသွားလေသည်။

ကျန်းမုန့်လောင်က ထိုအက်ကွဲကြောင်းအတွင်းသို့ ချက်ချင်းလှမ်းဝင်လိုက်သည်။ အကြောင်းမှာ ထိုမျှကြီးမားသော စွမ်းအားမျိုး အချိန်ကြာမြင့်စွာ တည်ရှိနေပါက ကမ္ဘာကြီးတစ်ခုလုံး ခံနိုင်ရည်မရှိဘဲ ပြိုကွဲသွားနိုင်သောကြောင့်ပင်။

ကျန်းမုန့်လောင် ပျောက်ကွယ်သွားသည့် ခဏမှာပင် အက်ကွဲကြောင်းလည်း ပြန်လည်ငြိမ်သက်သွားသည်။

...

"ဝိုး... ဒါက ငါတို့ကမ္ဘာရဲ့အပြင်ဘက်က နေရာလား"

ကျန်းမုန့်လောင်မှာ ပူဖောင်းများ ပြည့်နှက်နေသော သမုဒ္ဒရာတစ်ခုထဲတွင် လွင့်မျောနေသလို ခံစားလိုက်ရပြီး ပူဖောင်းတစ်ခုစီတိုင်းက ကမ္ဘာတစ်ခုစီ ဖြစ်နေကြသည်။ အချို့သော ပူဖောင်းများသည် သီးခြားတည်ရှိနေကြပြီး အချို့မှာမူ တစ်ခုနှင့်တစ်ခု ထပ်တူကျနေကာ ပိုမိုကြီးမားသော ပူဖောင်းကြီးများက ဝန်းရံထားကြသည်။

ကျန်းမုန့်လောင်သည် ယခု ပူဖောင်းငယ်လေးများနှင့် ဧရာမပူဖောင်းကြီးတစ်ခုကြားရှိ လေဟာပြင်ထဲတွင် ရောက်ရှိနေခြင်းပင်။

ပိုးသားကဲ့သို့ ချောမွေ့နေသော ထိုအမြှေးပါးကို ဖောက်ထွင်းဝင်ရောက်ပြီးနောက် အခြားသော ကမ္ဘာအသစ်စက်စက်တစ်ခု ရှိနေပုံရသည်။

"ကောထန်.. ဒါက ဟောက်ထျန်းနယ်မြေထဲက ကမ္ဘာလား"

ကျန်းမုန့်လောင်က အရှေ့တွင် ဖြည်းညင်းစွာ လှုပ်ရှားနေသည့် ရောင်စုံအမြှေးပါးကို ကြည့်ကာ မေးလိုက်သည်။

[ဟုတ်ပါတယ် ကျောင်းအုပ်ကြီး... ဟောက်ထျန်းနယ်မြေဆိုတာ ခင်ဗျားတို့ရဲ့ ကမ္ဘာထောင်ပေါင်းများစွာအထက်မှာရှိတဲ့ အလယ်အလတ်ကမ္ဘာတစ်ခုပါ။ ဒီအမြှေးပါးကို ဖြတ်သွားလိုက်တာနဲ့ ဟောက်ထျန်းနယ်မြေကို ရောက်ပါလိမ့်မယ်]

"သွားကြစို့"

ကျန်းမုန့်လောင်က ဟောက်ထျန်းနယ်မြေကမ္ဘာထဲသို့ ခေါင်းစိုက်ကာ ထိုးဆင်းသွားတော့သည်။

...

ကမ္ဘာကိုဖြတ်သန်းသွားသည့် အခိုက်အတန့်တွင် ကျန်းမုန့်လောင်မှာ စွမ်းအားများဖြင့် ရေနှစ်မင်္ဂလာအပေးခံနေရသလို ခံစားလိုက်ရသည်။

ထာဝရသက်တမ်းမှာ သူ့ခန္ဓာကိုယ်က ထွက်ခွာနေပြီး ကမ္ဘာနှစ်ခုအကူးအပြောင်းတွင် သူ့ခန္ဓာကိုယ်ရှိ ဆဲလ်များနှင့် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတိုင်းက သိမ်မွေ့သော အပြောင်းအလဲများကို ခံစားနေရသည်။

[တည်နေရာအမှတ်အသားသစ်များ သတ်မှတ်နေပါပြီ။ နောင်အနာဂတ်မှာ ကျောင်းအုပ်ကြီးအနေနဲ့ ဘယ်နေရာကနေမဆို ဟောက်ထျန်းနယ်မြေကို ဝင်ရောက်နိုင်ပါပြီ]

[ဆွဲငင်အားက ကမ္ဘာမြေထက် ၆၈.၇ဆလောက် ရှိပါတယ်။ စွမ်းအင်က စကြဝဠာအမှတ်၇ထက် ၁၂၂ဆ ပိုမိုသိပ်သည်းပြီး လေဟာနယ်တည်ငြိမ်မှုက စကြဝဠာအမှတ်၇ထက် ၄၀၅ဆရှိပါတယ်။ သာမန်ကျောက်တုံးတွေရဲ့ မာကျောမှုက စကြဝဠာအမှတ်၇ထက် ၃၈၈ဆရှိပြီး သူ့ဧရိယာက စကြဝဠာအမှတ်၇ထက် အဆပေါင်း၁၂၀၀၀၀ ကျယ်ဝန်းပါတယ်...]

ကောထန်က ဤကမ္ဘာနှင့် ပတ်သက်သမျှ အရာအားလုံးကို လျင်မြန်စွာ ခွဲခြမ်းစိတ်ဖြာလိုက်သည်။

မြင့်တက်လာသော ဆွဲငင်အား၊ လေဟာနယ် တည်ငြိမ်မှုနှင့် ပစ္စည်းများ၏ မာကျောမှု မြင့်တက်လာခြင်းအားလုံးက ကျန်းမုန့်လောင်အနေနှင့် ဤကမ္ဘာနှင့် အသားကျရန် လိုအပ်ကြောင်း ညွှန်ပြနေသည်။

ဥပမာအားဖြင့် ယခင်က ဂြိုဟ်တစ်လုံးကို သူ ပေါ့ပေါ့ပါးပါး ဖျက်ဆီးပစ်နိုင်ခဲ့သော်လည်း ယခုအခါတွင်မူ တောင်ထွတ်တစ်ခုကိုသာ ရိုက်ချိုးနိုင်လောက်မည်ဖြစ်၏။

"သောက်ကျိုးနည်း... ဘာတွေဖြစ်နေတာလဲကွ"

ကျန်းမုန့်လောင် သတိပြန်လည်လာချိန်တွင် မိမိကိုယ်မိမိ ဥက္ကာပျံတစ်ခုပမာ မြေပြင်ပေါ်သို့ ထိုးကျနေကြောင်း တွေ့လိုက်ရသည်။

အားလပ်ချိန်များတွင် ပြုလုပ်ထားသော သူ၏ သံမဏိလူသားသံချပ်ကာဝတ်စုံကို အလျင်အမြန် ဝတ်ဆင်လိုက်သည်။ အားကောင်းသော မီးတောက်များ ပေါက်ကွဲထွက်ပေါ်လာပြီး ပြင်းထန်လှသော တွန်းကန်အားက သူပြုတ်ကျနေသော အရှိန်ကို အဆက်မပြတ် လျှော့ချပေးလိုက်သည်။

မြေပြင်နှင့် ဝင်မဆောင့်မိခင်လေးတွင်မှ သူ့အရှိန်မှာ ခံနိုင်ရည်ရှိသော အနေအထားအထိ လျော့ကျသွားတော့သည်။

"ဝုန်း!"

ကျယ်လောင်လှသော ပေါက်ကွဲသံကြီးနှင့်အတူ ကျန်းမုန့်လောင်သည် ဧရာမသဲကန္တာရကြီး၏ အလယ်ဗဟိုသို့ ကျဆင်းသွားပြီး ပြင်းထန်လှသော ရိုက်ခတ်မှုကြောင့် အဝါရောင်သဲများဖြင့် ဖွဲ့စည်းထားသော မှိုပွင့်ပုံစံတိမ်တိုက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။

"ထွီ ထွီ ထွီ"

ကျန်းမုန့်လောင်လည်း အပျက်အစီးပုံကြားမှ ထွက်လာခဲ့သည်။ သာမန်ကျောက်သားဂြိုဟ်တစ်ခုကို အလွယ်တကူ ရိုက်ခွဲနိုင်စွမ်းရှိသည့် အဆင့်Sသတ္တုစပ် သံချပ်ကာဝတ်စုံမှာ သဲကန္တာရ ကျောက်ပြင်ပေါ်တွင် မီတာအနည်းငယ်သာ ကျယ်ဝန်းသော တွင်းငယ်လေးတစ်ခုကိုသာ ဖြစ်စေနိုင်သည်။

"ဒါကြောင့်လည်း အလယ်အလတ်ကမ္ဘာ ဖြစ်နေတာကိုး။ ဒီမှာ ကြုံသလိုတူးလိုက်တဲ့ ကျောက်တုံးတစ်တုံးကတောင် မာကျောမှုမှာ အဆင့်ခြောက် ဒါမှမဟုတ် အဆင့်ခုနစ်သိုင်းလက်နက်တစ်ခုနဲ့ ယှဉ်နိုင်တယ်"

ကမ္ဘာမြေနှင့် လုံးဝကွာခြားနေသည့် ပြင်းထန်သော ဆွဲငင်အားနှင့် လေထုကို အသားကျစေရန် မိနစ်အနည်းငယ်မျှ အချိန်ယူလိုက်ပြီးနောက် ကျန်းမုန့်လောင်လည်း သဲတွင်းထဲမှ ဖြည်းညင်းစွာ ပျံသန်းထွက်ခွာလာခဲ့သည်။

"ဘာတွေဖြစ်နေတာလဲ"

ကျန်းမုန့်လောင် အံ့ဩသွားသည်။

သဲတွင်းကို ဝန်းရံထားသည်မှာ လက်နက်အသီးသီး ကိုင်ဆောင်ထားပြီး သံချပ်ကာဝတ်စုံများ ဝတ်ဆင်ထားသည့် လူအုပ်ကြီးဖြစ်၏။ သူတို့၏ အရှိန်အဝါများမှာ အဆင့်ခြောက်သက်ရှိလောက်ရှိပြီး ဤကမ္ဘာတွင်ဆိုလျှင် စစ်မှန်သောသိုင်း အဆင့်ခြောက် ဖြစ်ပေမည်။

သူတို့အပြင် စစ်သည်များ၏ အကာအကွယ်အောက်တွင် ပုန်းအောင်းနေကြသော ပညာရှင်ပုံစံလူတစ်စုလည်း ရှိနေသေးသည်။

သူတို့ရှေ့တွင်မူ ဇိမ်ခံဝတ်စုံကို ဝတ်ဆင်ထားသော်လည်း အခြေအနေဆိုးဝါးနေပုံရသော လူငယ်တစ်ဦးနှင့် သူ့ဘေးတွင် ဓားကိုင်ဆောင်ထားသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ရှိနေချေသည်။ ထိုအမျိုးသား ဒဏ်ရာရထားသည်မှာ သိသာလှသည်။

"ဒါ ဘယ်သူလဲ။ သတ္တမမင်းသားကို ကယ်ဖို့လာတဲ့ သူပုန်လား"

"တစ်ခုခုကို ဖုံးကွယ်ထားချင်တဲ့ပုံစံနဲ့ ဝတ်ရုံခြုံထားတာ။ လူကောင်းတော့ မဖြစ်နိုင်ဘူး"

"နေဦး.. လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ငါတို့မင်းဆက်ရဲ့ ပုရောဟိတ်ကြီးမစ္စတာပိုင် ဟောကိန်းထုတ်ခဲ့တာ မှတ်မိလား။ ငါတို့မင်းဆက်ကိုတင်မက ဟောက်ထျန်းနယ်မြေတစ်ခုလုံးကိုပါ ဇောက်ထိုးမိုးမျှော်ဖြစ်အောင် လုပ်မယ့် ကမ္ဘာ့ပြင်ပက လူတစ်ယောက် ရောက်လာလိမ့်မယ်ဆိုတာလေ"

"အဲဒီပုရောဟိတ်က အဲဒီဟောကိန်းကြောင့်ပဲ လိမ်လည်သူအဖြစ်နဲ့ ကွပ်မျက်ခံလိုက်ရတယ်လို့ ငါမှတ်မိတယ်။ ဟုတ်တယ်မလား"

"မဟုတ်ဘူး။ နေပါဦး။ သူပြောခဲ့တဲ့ရက်က အခုအချိန်လောက်နဲ့ ကွက်တိပဲ"

"နတ်ဆိုးမျိုးနွယ်... တကယ်ကြီး နတ်ဆိုးမျိုးနွယ် ကောင်းကင်ကနေ ကျလာတာဟေ့"

"သူက ငါတို့နဲ့ တော်တော်လေး တူတာပဲ။ တကယ်ပဲ နတ်ဆိုးမျိုးနွယ် ဟုတ်ရဲ့လား"

"ငါတို့က ဒါကို အဓိပ္ပာယ်မရှိဘူးလို့ အမြဲတမ်း ထင်ခဲ့ကြတာ။ ဒါပေမဲ့ မစ္စတာပိုင်က ဒီလူပေါ်လာမယ့်အချိန်နဲ့ နေရာကို တိတိကျကျ ဟောထားခဲ့တာဆိုတော့ တကယ်များ..."

"ဒါပေမဲ့ သူက အရမ်းနူးညံ့ပြီး အားနည်းသလိုပဲ။ ရက်စက်ကြမ်းကြုတ်မယ့်ပုံစံလည်း မပေါက်ဘူး။ အရမ်းစွမ်းအားကြီးတဲ့ပုံစံလည်း မဟုတ်ဘူးမလား"

"အပြင်ပန်းသွင်ပြင်တွေက လှည့်စားတတ်ပါတယ်ကွာ။ သူ့ကြည့်ရတာ အန္တရာယ်မရှိပုံပေါ်တိုင်း အန္တရာယ်မရှိဘူးလို့ မှတ်ယူလို့မရဘူး"

...

သဲတွင်းကို ဝန်းရံထားသော လူများမှာ ကျန်းမုန့်လောင်ကို မိစ္ဆာကောင်တစ်ကောင်ကဲ့သို့ သတိထားကာ စောင့်ကြည့်နေကြသည်။

"နတ်ဆိုးမျိုးနွယ်လား"

သူတို့ပြောနေသည့် စကားများကို ကျန်းမုန့်လောင် သဘာဝကျကျပင် ကြားနိုင်သည်။

တစ်ယောက်ယောက်က သူ ရောက်လာမည်ဟုဟောကိန်းထုတ်ထားသတဲ့လား။

ကျန်းမုန့်လောင် အလွန်အံ့ဩသွားရသည်။ ဟောကိန်းက သူသည် ကမ္ဘာကြီးတစ်ခုလုံးကို ဇောက်ထိုးမိုးမျှော် ဖြစ်သွားစေလိမ့်မည်ဟု ညွှန်ပြနေခြင်းဖြစ်ရာ ကံမကောင်းစွာဖြင့် သူတို့စကားမှာ မှန်နိုင်ခြေရှိသည်။

"နတ်ဆိုးမျိုးနွယ်"ဟူသည့် အသုံးအနှုန်းနှင့် ပတ်သက်၍မူ ဗီလိန်တစ်ယောက်၏ ဘွဲ့နာမည်ကို ကျန်းမုန့်လောင် လက်မခံချင်၍ မဟုတ်သော်လည်း နည်းနည်းလောက်ပိုမိုက်သော နာမည်မျိုးကို သူတို့ မစဉ်းစားတတ်ကြလေသလား။ နတ်ဆိုးမျိုးနွယ်ဆိုသည်မှာ ရုပ်ချောလှသော လူတစ်ယောက်နှင့် သိပ်မလိုက်ဖက်သလို ဗီလိန်တစ်ယောက်အနေနှင့်လည်း ခမ်းနားထည်ဝါမှု မရှိပါချေ။

အကယ်၍ သူ့အတွက် နာမည်ပြောင်တစ်ခု ရှိရမည်ဆိုလျှင် နတ်ဆိုးသခင်ကသာ ခန့်ညားထည်ဝါနေပေမည်။

သို့သော် ယနေ့တွင် သူသည် အဓိကအာရုံစိုက်ခံရမည့်သူ မဟုတ်ဘဲ ဤကမ္ဘာသစ်ရှိ "ထောင်ချောက်"တစ်ခုအတွင်းသို့ မတော်တဆ ဝင်ရောက်လာမိပုံရသည်။ ဤအုပ်စုသည် သတ္တမမင်းသားဆိုသူကို လိုက်လံဖမ်းဆီးနေပုံရပြီး သူ မထင်မှတ်ဘဲ ပေါ်လာခြင်းမှာ "ပုရောဟိတ်"ဆိုသူ၏ ဟောကိန်းကို မရည်ရွယ်ဘဲ အတည်ပြုပေးလိုက်သလို ဖြစ်သွားသည်။

"နတ်ဆိုးမျိုးနွယ်ပဲဖြစ်ဖြစ် သတ္တမမင်းသားပဲဖြစ်ဖြစ် ဒီနေ့ သူတို့နှစ်ယောက်လုံးကို ရှင်းပစ်ရမယ်"

ပညာရှင်ပုံစံပေါက်နေသူများ၏ မျက်နှာထက်တွင် ဝမ်းမြောက်ဝမ်းသာဖြစ်နေသည့် အမူအရာများ ပေါ်လွင်လာသည်။

"ဒါဆိုရင် အိမ်ရှေ့စံမင်းသားက ငါတို့ကို အထူးဆုချီးမြှင့်မှာ သေချာတယ်"

"တိုက်ခိုက်ကြ။ အဲဒီသတ္တမမင်းသားကို အရင်ဖမ်းစမ်း"

ရုတ်ခြည်းပင် ပတ်ဝန်းကျင်အခြေအနေမှာ ရန်လိုသော အငွေ့အသက်များ လွှမ်းမိုးသွားတော့သည်။

*******************

All Chapters