← Chapters

အခန်း ၁၀၈၀

Vol. 72 Ch. 1080

အခန်း ၁၀၈၀

Vol. 72 Ch. 1080

အခန်း ၁၀၈၀ - မင်းမှာ ပိုက်ဆံရှိလား

"ချီမုန့်... ငါ မင်းကို အမြဲတမ်း ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တာလေ။ ဘာလို့ ငါ့ကို သစ္စာဖောက်ရတာလဲ"

သတ္တမမင်းသားဟု လူသိများသော လူငယ်လေးက အုပ်စု၏ အလယ်ဗဟိုရှိ အဖြူရောင်ဝတ်ရုံနှင့် သက်လတ်ပိုင်းအရွယ် အမျိုးသားကို ကြည့်လိုက်သည်။ ထိုလူက ဤအုပ်စု၏ ခေါင်းဆောင်ဖြစ်ပုံရသည်။

"သတ္တမမင်းသား ခင်ဗျား ကျွန်တော့်ကိုချည်း အပြစ်တင်လို့တော့ မရဘူးလေ။ ကျွန်တော်ကလည်း တောက်ပတဲ့အနာဂတ်ကို လိုချင်ရုံပါ"

အဖြူရောင်ဝတ်ရုံနှင့် သက်လတ်ပိုင်းအရွယ် အမျိုးသားက "သစ္စာဖောက်"ဟူသည့် စကားလုံးအပေါ် ဂရုစိုက်ပုံမပေါ်ပေ။

"အရင်တုန်းကတော့ ခင်ဗျားက သိုင်းကျင့်စဉ်မှာ ပြိုင်ဘက်ကင်းပါရမီရှင်ဖြစ်ခဲ့ပြီး မင်းသားအားလုံးက ခင်ဗျားအောက်မှာပဲ ရှိခဲ့ကြတယ်။ ခင်ဗျားက မင်းဆက်ရဲ့ အရိုက်အရာကို ဆက်ခံဖို့ အလားအလာအကောင်းဆုံးလူ ဖြစ်ခဲ့တာပေါ့"

"ဒါပေမဲ့ အခုတော့ အခြေအနေတွေက မတူတော့ဘူး။ ခင်ဗျားရဲ့ အခြေခံစွမ်းအင်တွေအကုန်လုံး ပျက်စီးသွားပြီဆိုတော့ အခု ခင်ဗျားက သာမန်လူတစ်ယောက် ဖြစ်နေပြီ။ ခင်ဗျားမှာ ထီးနန်းတစ်ခုလုံးကို အုပ်ချုပ်နိုင်တဲ့ စွမ်းရည်တွေ ရှိနေရင်တောင် ဒီနေရာက အင်အားကြီးသူက အားနည်းသူကို အနိုင်ကျင့်တဲ့ နေရာမျိုးပဲလေ။ သာမန်လူတစ်ယောက် ဦးဆောင်တဲ့ ထီးနန်းတစ်ခုက ဘယ်တော့မှ အင်အားကြီးလာမှာ မဟုတ်ဘူး"

ထိုလူငယ်လေးခမျာ နှုတ်ခမ်းကို တင်းတင်းကိုက်ထားပြီး ဒေါသကြောင့် သူ့ခန္ဓာကိုယ်မှာ ထိန်းမရအောင် တုန်ယင်နေသည်။

ဤချီမုန့်သည် အမြဲတမ်း သူအယုံကြည်ရဆုံးသော လက်အောက်ငယ်သား ဖြစ်ခဲ့သည်။ အရေးကြီးသော ကိစ္စအဝဝကို သူ့ထံတွင် ယုံယုံကြည်ကြည် လွှဲအပ်ထားခဲ့ပြီး အမြဲတမ်း ရက်ရက်ရောရော ဆက်ဆံကာ အာဏာနှင့် စည်းစိမ်ချမ်းသာများကို လိုလေသေးမရှိ ပေးသနားခဲ့သည်။

သို့တိုင် နောက်ဆုံးတွင်မူ သစ္စာဖောက်ခံခဲ့ရသည်။ သူ့သိုင်းကျင့်ကြံမှုအရှိန် မြန်ဆန်စေရန် နေ့စဉ်သောက်သုံးနေသော ဆေးလုံးများထဲသို့ ချီမုန့်က အဆိပ်တစ်မျိုး ရောထည့်ခဲ့သည်။ ဤအဆိပ်က သူ့မွေးရာပါပါရမီကို ဖျက်ဆီးပစ်ခဲ့ပြီး နှစ်ပေါင်းများစွာ သူကျင့်ကြံထားခဲ့သော သိုင်းစွမ်းအင်များအားလုံး ညတွင်းချင်း ပျောက်ကွယ်သွားစေသဖြင့် နောက်တစ်ဖန် ပြန်လည်စုစည်းနိုင်ခြင်း မရှိတော့ပေ။

နေရာအနှံ့အပြားတွင် သမားတော်ကောင်းများကို လိုက်လံရှာဖွေခဲ့သော်လည်း ကုသနိုင်မည့်နည်းလမ်းကို မတွေ့ခဲ့ပေ။ သူ့ကို မူလအတိုင်း ပြန်လည်ကောင်းမွန်လာစေနိုင်သည့် တစ်ခုတည်းသောအရာမှာ ဒဏ္ဍာရီများထဲတွင်သာ တည်ရှိနေလေရာ ထိုအဖြစ်ကား သူ့သိုင်းပညာလမ်းစဉ် ပြီးဆုံးသွားပြီဖြစ်ကြောင်း ပြသနေသည်။

သို့သော် သူ လက်မလျှော့ခဲ့ပေ။ သိုင်းကျင့်ကြံရန် မဖြစ်နိုင်တော့လျှင် အုပ်ချုပ်ရေးစွမ်းရည်ဖြင့် ပြည်သူလူထု၏ နှလုံးသားကို သိမ်းပိုက်မည်။

သူ့ဦးဆောင်မှုအောက်တွင် သူအုပ်ချုပ်သော ဒေသသည် မင်းဆက်တစ်ခုလုံးအတွင်း၌ အစည်ကားအတိုးတက်ဆုံး ဖြစ်လာခဲ့သည်။ ပြည်သူအားလုံးက သူ့ကို အလွန်ချီးကျူးခဲ့ကြပြီး မင်းဆက်တစ်ခုလုံး၏ ဧကရာဇ်ဖြစ်သူ သူ့ခမည်းတော်ပင် သူ့အုပ်ချုပ်ရေးစွမ်းရည်များကို လေးစားမှုအသစ်များဖြင့် ရှုမြင်လာကာ သူ့ကို အိမ်ရှေ့စံအဖြစ် ခန့်အပ်ရန်ပင် စဉ်းစားလာခဲ့သည်။

သူ့သိုင်းကျင့်ကြံမှုအတွက်မူ သူ့ကို ကာကွယ်ရန် စွမ်းအားကြီးမားသော သိုင်းပညာရှင်အချို့ကို အမြဲတမ်း တာဝန်ပေးထားနိုင်သည်။ သူတို့၏ မင်းဆက်မှာ ကြီးမားကျယ်ဝန်းပြီး သယံဇာတ ပေါကြွယ်ဝလှသဖြင့် ဤသည်မှာ ခက်ခဲသော ကိစ္စရပ်တစ်ခု မဟုတ်ပေ။

သို့သော် ထိုအချိန်တွင် အခြားမင်းသားများအားလုံး စတင်လှုပ်ရှားလာကြသည်။ အထူးသဖြင့် သတ္တမမင်းသား၏ အရှိန်အဝါအောက်တွင် ပါရမီနှင့် အုပ်ချုပ်ရေးစွမ်းရည်တို့၌ ဒုတိယနေရာသာ လိုက်နိုင်သော ပထမမင်းသားပင်။ မနာလိုဝန်တိုမှုက သူ့ကို ဤညီတော်အား ရှင်းလင်းဖယ်ရှားပစ်ရန် တွန်းအားပေးခဲ့လေရာ ယနေ့အခြေအနေသို့ ဆိုက်ရောက်လာခဲ့သည်။

သတ္တမမင်းသား သူ့ပိုင်နက်ထဲရှိ မြို့တော်သို့ လာရာလမ်းတွင် သူ့ကိုကာကွယ်ရင်း သစ္စာရှိသော စစ်သည်အချို့ အသက်ပေးခဲ့ရပြီးဖြစ်၏။ ယခုအခါ မြို့တော်နှင့် သိပ်မဝေးတော့ပေ။ သို့သော် ရှောင်လွှဲ၍မရသော ဤနေရာတွင် သူတို့ ချုံခိုတိုက်ခိုက်ခံခဲ့ရပြန်သည်။

ယခုအခါ သူ့ဘေးတွင် စစ်မှန်သောသိုင်းအဆင့်ရှစ် စစ်သည်တစ်ဦးသာ ကျန်ရှိတော့သည်။

"ဂျောက် ဂျောက်"

သတ္တမမင်းသားက ချီမုန့်ကို မေးခွန်းထုတ်ရင်း အတိတ်က အဖြစ်အပျက်များကို ပြန်လည်အမှတ်ရနေစဉ်မှာပင် ဘေးနားက အလွန်နားဝင်ဆိုးသော အသံတစ်သံ ထွက်ပေါ်လာသည်။

နတ်ဆိုးမျိုးနွယ်တစ်ဦးက ကျောက်တုံးတစ်တုံးပေါ်တွင်ထိုင်ကာ ဘာအမျိုးအစားမှန်း မသိရသော အခွံမာသီးတစ်မျိုးကို ပါးစပ်ဖြင့်ကိုက်ခွဲရင်း သူတို့၏ စကားများကို အလွန်စိတ်ဝင်တစား နားထောင်နေလေသည်။

"ဘာလို့ ငါ့ကိုကြည့်နေကြတာလဲ။ ဆက်ပြောကြလေ။ မရပ်လိုက်နဲ့"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ဒီဇာတ်လမ်းက အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတာပဲ။ ငါသာ အကုန်လုံးနားမထောင်လိုက်ရရင် စိတ်ထဲမှာ တစ်ခုခုလိုနေသလို ခံစားရမှာ။ ငါ့အထင်တော့ မင်းတို့ ဒီဇာတ်လမ်းကို ဝတ္ထုတစ်ပုဒ်အဖြစ်သာ ပြောင်းရေးလိုက်မယ်ဆိုရင် ချီတျန်းမှာ သေချာပေါက် ရောင်းအားအကောင်းဆုံးစာအုပ်ဖြစ်လာလိမ့်မယ်"

"နားကိုမလည်နိုင်ဘူး"

ချီမုန့်က ကျန်းမုန့်လောင်ကို တစ်ချက်ကြည့်ကာ အထင်အမြင်သေးစွာ ပြောလိုက်သည်။ ဤနတ်ဆိုးမျိုးနွယ်မှာ သိုင်းအဆင့်ရှစ်တွင်သာ ရှိကြောင်း သူ့လက်အောက်ငယ်သားများက သူ့ကို သတင်းပို့ထားပြီးဖြစ်၏။

မင်းဆက်တစ်ခုလုံး သို့မဟုတ် တိုက်နယ်တစ်ခုလုံးကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင် လုပ်နိုင်စွမ်းရှိသည့် နတ်ဆိုးမျိုးနွယ်ဆိုသူသည် အနည်းဆုံး ကောင်းကင်ဖြိုခွဲခြင်းအဆင့် သို့မဟုတ် ထိုထက်ပို၍စွမ်းအားကြီးမားလိမ့်မည်ဟု သူ မူလက ထင်မှတ်ထားသည်။

နတ်ဆိုးမျိုးနွယ်တဲ့လား။ နတ်ဆိုးမျိုးနွယ်ဆိုသည်မှာ တကယ်တော့ ကြီးမားသော ခြိမ်းခြောက်မှု မရှိသည့် "သန္ဓေသား"အဆင့်မျှသာ ဖြစ်နေပေသည်။

သတ္တမမင်းသားကို လာရောက်ဖမ်းဆီးသူများထဲတွင် စစ်မှန်သောသိုင်းအဆင့်ရှစ်များ ငါးဦးထက်မနည်း ပါဝင်ပြီး စစ်မှန်သောသိုင်းအဆင့်ကိုး တစ်ဦးပင် ပါနေသေးသည်။ အရွယ်မရောက်သေးသည့် အရေးမပါသော နတ်ဆိုးမျိုးနွယ်လေးတစ်ယောက်ကို သူတို့က ကြောက်နေစရာ အကြောင်းရှိပါ့မလား။

"သတ္တမမင်းသား... ထပ်ပြောနေစရာ မလိုတော့ပါဘူး။ အရင်တုန်းက ခင်ဗျား ကျွန်တော့်အပေါ် ထားခဲ့တဲ့ ကျေးဇူးတရားတွေကို ကျွန်တော် မှတ်မိပါတယ်။ ခင်ဗျား သေသွားပြီးတဲ့နောက် ခင်ဗျားရဲ့ဂူကို နှစ်တိုင်း ကျွန်တော်လာလည်ပါ့မယ်။ ဒီလောကကြီးကနေ ထွက်ခွာဖို့ ပြင်ထားလိုက်တော့"

"သတ္တမမင်းသားဆီကို သွားချင်ရင် ငါ့အလောင်းကို အရင်ကျော်သွားလိုက်"

ဒဏ်ရာရနေသော စစ်သည်က သတ္တမမင်းသားရှေ့တွင် ချက်ချင်းဝင်ရပ်လိုက်လေရာ လက်နက်များ ကိုင်ဆောင်ထားသည့် သံချပ်ကာဝတ်စုံနှင့် စစ်သည်ရာချီတို့ကြားတွင် အနည်းငယ် တွေဝေသွားစေသည်။

"ဧည့်သည်တော်အကြီးအကဲတို့...ကျေးဇူးပြုပြီး"

ချီမုန့်က သူ့နောက်ရှိ လူများကို လက်အုပ်ချီကာ ပြောလိုက်သည်။

"ဟားဟားဟား... ငါတို့အလှည့် ရောက်လာပြီထင်တယ်"

"ချီမုန့်... မင်းရဲ့ အောင်မြင်မှုတွေကို ပထမမင်းသားဆီ သတင်းပို့တဲ့အခါ ငါတို့ကို မမေ့နဲ့ဦးနော်"

ဆိုးယုတ်သော အသွင်အပြင်များရှိသော်လည်း အားကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်နေသည့် လူငါးယောက်က လူအုပ်ကြားထဲမှ ရှေ့သို့ ထွက်လာခဲ့သည်။ သူတို့အားလုံးမှာ စစ်မှန်သောသိုင်းအဆင့်ရှစ်များ ဖြစ်ကြသည်။

သတ္တမမင်းသား၏ လက်အောက်ရှိ စစ်သည်၏ အမူအရာမှာ ချက်ချင်းပင် မှုန်ကုပ်သွားသည်။ တစ်ဦးချင်းယှဉ်တိုက်ရမည့် အခြေအနေဆိုလျှင် သူ ဒဏ်ရာရထားသော်ငြား သေချာပေါက် အနိုင်ရမည်ဟု မဆိုနိုင်သည့်တိုင် သတ္တမမင်းသားနှင့်အတူ ထွက်ပြေးလွတ်မြောက်နိုင်ရန်မူ ဖြစ်နိုင်ခြေရှိပေသည်။

သို့သော် ယခုအခါ သူတို့ဘက်က ငါးယောက်ဖြစ်နေပြီး ပထမမင်းသား၏ လက်အောက်တွင် အခြားဧည့်သည်တော်အကြီးအကဲတစ်ဦးလည်း ရှိနေသေးရာ သူသည် စစ်မှန်သောသိုင်းအဆင့်ကိုး သိုင်းပညာရှင် ဖြစ်၏။ ထွက်ပြေးရန်ဆိုသည်မှာ သေချာပေါက် မဖြစ်နိုင်တော့ပေ။

"သတ္တမမင်းသား ဂရုစိုက်ပါ"

ထိုစစ်သည်က သူ့ဓားကိုမြှောက်ကာ ရှေ့သို့ ပြေးဝင်သွားသည်။

စစ်မှန်သောသိုင်းအဆင့်ရှစ် သိုင်းပညာရှင်များ၏ တိုက်ပွဲမှာ ကျန်းမုန့်လောင်၏ကမ္ဘာရှိ အဆင့်ရှစ် သက်ရှိများ၏ တိုက်ပွဲလောက် ခမ်းနားကြီးကျယ်မှု မရှိသော်လည်း သိုင်းစွမ်းအင်များက အရပ်မျက်နှာအနှံ့ ပျံသန်းနေပြီး အမျိုးမျိုးသော သိုင်းပညာရပ်များကို ထုတ်ဖော်အသုံးပြုနေကြလေရာ သူ့အတွက် အလွန်မျက်စိပွင့်စေခဲ့သည်။

လူသားများ၏ အလားအလာက မျှော်လင့်ချက်မဲ့နေသော အခြေအနေများတွင် ပေါက်ကွဲထွက်ပေါ်လာလေ့ရှိသည်။ ထိုစစ်သည်က တစ်ယောက်နှင့်ငါးယောက် ယှဉ်တိုက်ခဲ့ရပြီး ပြင်းထန်စွာ ဒဏ်ရာရထားသည့်ကြားက ပြိုင်ဘက်နှစ်ယောက်ကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့သည်။ သို့သော် သူသည် နောက်ဆုံးတွင် အင်အားမမျှတမှုကြောင့် ရှုံးနိမ့်သွားခဲ့ရပြီး ထိုငါးယောက်ထဲမှ တစ်ယောက်က ဓားရှည်ဖြင့် သူ့ရင်ဘတ်ကို ထိုးဖောက်လိုက်သည်။

"ဂျွတ် ဂျွတ်"

သတ္တမမင်းသားခမျာ နောက်ဆုံးကျန်ရှိသော သူ့သစ္စာရှိလက်အောက်ငယ်သားလေး သူ့မျက်စိရှေ့မှောက်တွင် သေဆုံးသွားသည်ကို ကြည့်ရင်း နက်ရှိုင်းလှသော ကူကယ်ရာမဲ့မှုနှင့် စိတ်ပျက်အားငယ်မှုကိုသာ ခံစားနေရသည်။

ယနေ့ကား သူ့ဘဝလမ်းခရီး အဆုံးသတ်မည့်နေ့ ဖြစ်ပုံရသည်။

"သတ္တမမင်းသား.. မြန်မြန်ဆန်ဆန်ပဲ ပြီးသွားပါလိမ့်မယ်။ ခဏလေးပါပဲ။ သိပ်နာမှာ မဟုတ်ပါဘူး"

ချီမုန့်က ခပ်ညစ်ညစ်ပြုံးလိုက်၏။

"ဟေး.. မင်းတို့က ငါ့ကိုမမြင်ရဘူးလို့ ထင်နေတာလား"

ဇာတ်လမ်းက ပြီးလုနီးပါးဖြစ်နေချိန်တွင် ကျန်းမုန့်လောင်က နေကြာစေ့တစ်ထုပ်ကို အေးအေးဆေးဆေးပင် စားလို့ပြီးသွားခဲ့သည်။ သတ္တမမင်းသားနှင့် ဤနေရာတွင် တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့ခဲ့ရသည်ဖြစ်ရာ သူတို့ကြားတွင် ရေစက်အနည်းငယ်ရှိသည်ဟု ခံစားရသဖြင့် ကံဆိုးကာ ကျရှုံးနေသော ဤမင်းသားကို ကူညီရန် သူ ဆုံးဖြတ်လိုက်သည်။

"ဟေး မင်းနာမည်ဘယ်လိုခေါ်လဲ"

ကျန်းမုန့်လောင်က မေးလိုက်သည်။

"ငါက ချင်းဖန်မင်းဆက်ရဲ့ သတ္တမမင်းသားချီရှို့ ပါ"

ထိုလူငယ်လေးက ကျန်းမုန့်လောင်ကို ကြည့်လိုက်၏။

"ခင်ဗျားက သူတို့ပြောနေတဲ့ နတ်ဆိုးမျိုးနွယ်လား"

"ဘာနတ်ဆိုးမျိုးနွယ်လဲ။ ငါက နတ်ဆိုးသခင်ကွ"

ကျန်းမုန့်လောင်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"မင်းမှာ ပိုက်ဆံရှိလား"

"ပိုက်ဆံလား"

ချီရှို့မှာ ခဏတာအံ့အားသင့်သွားလေသည်။

"ငါတို့မင်းဆက်မှာ စုစုပေါင်း မြို့ပေါင်း၁၈၄မြို့ရှိပြီး အဲဒီအထဲက အချမ်းသာဆုံး မြို့၂၈မြို့က ငါ့ရဲ့နာမည်အောက်မှာ ရှိတယ်။ မင်းဆက်တစ်ခုလုံးမှာ ငါ့ထက်ချမ်းသာတဲ့လူ ၁၀ယောက်တောင် မပြည့်ဘူးလို့ ငါ ရဲရဲကြီးပြောရဲတယ်"

"ပွင့်ပွင့်လင်းလင်းပြောရရင် ငါ ဒီကိုရောက်တာ ပထမဆုံးအကြိမ်ပဲ။ ပြီးတော့ ငါ့ဆီမှာလည်း ပိုက်ဆံသိပ်မပါဘူး။ အလကားလည်း ဘာမှမလုပ်ပေးချင်ဘူး။ ဒါက ငါ့ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်လို့လေ"

ဤတိုက်နယ်တွင် အခြေချရန် ပိုက်ဆံလိုအပ်ကြောင်း သိထားသော ကျန်းမုန့်လောင်က ထောက်ပြလိုက်သည်။

"ခင်ဗျားဆိုလိုချင်တာက..."

"ငါ မင်းရဲ့အသက်ကို ကယ်ပေးမယ်။ မင်းရဲ့အသက်က ဘယ်လောက်တန်ဖိုးရှိလဲဆိုတာ မင်းဘာသာမင်း ဆုံးဖြတ်"

"တကယ်လို့ ခင်ဗျားသာ ကျုပ်ကို ကယ်တင်နိုင်မယ်ဆိုရင် ကျုပ်စည်းစိမ်တစ်ဝက်ကိုပေးဖို့ ဆန္ဒရှိပါတယ်"

သူ့ကို ကယ်တင်နိုင်ရန် အခွင့်အလမ်း နည်းပါးကြောင်း ချီရှို့ သိထားသော်လည်း နတ်ဆိုးမျိုးနွယ်ဟု အခေါ်ခံရပြီး ထိုသို့သော ဟောကိန်းများပါ ရှိနေသည်ဖြစ်ရာ ဤလူကို သူ အထင်သေး၍ မရပေ။

"နောင်အနာဂတ်မှာ ငါသာ မင်းဆက်ရဲ့ အရိုက်အရာကို အောင်အောင်မြင်မြင် ရယူနိုင်ခဲ့ရင် မင်းဆက်တစ်ခုလုံးကို ခင်ဗျားနဲ့ တစ်ဝက်စီ ခွဲဝေယူပါ့မယ်"

"သဘောတူတယ်"

ကျန်းမုန့်လောင်ကလည်း ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်သည်။

"မင်းရဲ့အသက်ကို ငါ ကာကွယ်ပေးမယ်"

ကျန်းမုန့်လောင်က သူ့နှာခေါင်းကိုကလော်ကာ ထွက်လာသည့်အရာကို ဘေးသို့ ပစ်ပေါက်လိုက်သည်။

"ဒီလူရဲ့အသက်ကို ငါ ကာကွယ်ပေးထားတယ်။ ဒါကြောင့် ဒီနေရာမှာ မင်းတို့ လုပ်စရာဘာမှမရှိတော့ဘူး။ တခြားနေရာကိုသွားပြီး ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ကြတော့"

********************

All Chapters