အခန်း ၁၆၂
Vol. 17 Ch. 162
အခန်း - ၁၆၂
ကူရိုင်း နီဟာကူသည် လေးနက်တည်ကြည်သော မျက်နှာထားဖြင့် အစည်းအဝေးစားပွဲ၏ ထိပ်ဆုံးနေရာမှ မတ်တတ်ရပ်လိုက်ပြီး လက်နှစ်ဖက်စလုံးကို စားပွဲပြင်ပေါ်သို့ ထောက်ကာ အေးစက်သော လေသံဖြင့် ပြောလိုက်သည်။ “ငါတို့ ဒီအတိုင်း ငြိမ်နေရတဲ့ အကြောင်းရင်းက ပရောဂျက် R အခိုးခံလိုက်ရလို့ပဲ”
အစည်းအဝေးတက်ရောက်နေသည့် အဖွဲ့ခေါင်းဆောင် တစ်ဆယ့်နှစ်ဦးစလုံးသည် ပရောဂျက် R က မည်သည့်အရာကို ကိုယ်စားပြုသည်ကို ကောင်းစွာ သိကြသည်။ အထူးလျှို့ဝှက်ချက်ဖြစ်သော ပရောဂျက် R အမှန်တကယ် အခိုးခံလိုက်ရလိမ့်မည်ဟု ၎င်းတို့ လုံးဝ မထင်မှတ်ထားခဲ့ကြချေ။
အသက်အငယ်ဆုံး အဖွဲ့ခေါင်းဆောင်တစ်ဦးက စကားပြောခွင့်တောင်းရန် လက်ထောင်လိုက်သည်။ ကူရိုင်း နီဟာကူက ခေါင်းငြိမ့်ပြလိုက်ပြီးနောက် ထိုအငယ်ဆုံး ခေါင်းဆောင်က မေးမြန်းလိုက်သည်။ “ဝန်ကြီး ကူရိုင်း... ပရောဂျက် R ရဲ့ စမ်းသပ်မှု ပတ်ဝန်းကျင်က ဘယ်ကွန်ရက် ချိတ်ဆက်မှုမှ မရှိဘူးမလား... အဲဒါကို ဘယ်လိုလုပ်ပြီး အခိုးခံလိုက်ရတာလဲ”
ကူရိုင်း နီဟာကူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရင်း “မင်းက ငါ့ကို မေးခွန်းထုတ်နေတာလား”
ထိုအငယ်ဆုံး အဖွဲ့ခေါင်းဆောင်က ပျာပျာသလဲ ခေါင်းခါပြလိုက်ပြီး “မဟုတ်ပါဘူး ဝန်ကြီး ကူရိုင်း... ကျွန်တော်က မယုံနိုင်ရုံသက်သက်ပါပဲ”
“မယုံနိုင်စရာ ဖြစ်နေရင်တောင်မှ ပရောဂျက် R ကတော့ အခိုးခံလိုက်ရပြီ... ပရောဂျက် R ကို ရသွားတဲ့ အင်အားစုက သူ့ရဲ့ ကာကွယ်ရေးစနစ်ကို ဖောက်ထွင်းပြီးတာနဲ့ ပရောဂျက်နဲ့ပတ်သက်တဲ့ ဒေတာတွေကို လာရှာဖို့ ငါတို့ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေး ဗျူရိုဆီကို သေချာပေါက် ရောက်လာလိမ့်မယ်... ဒါကြောင့်မို့လို့ အပြင်မှာ ဘယ်လောက်ပဲ ဆူညံပွက်လောရိုက်နေပါစေ... အဓိက ကွန်ရက်ကြီး လေးခုဖြစ်တဲ့ အစိုးရကွန်ရက်၊ စစ်ဘက်ကွန်ရက်၊ ထောက်လှမ်းရေးကွန်ရက်နဲ့ နည်းပညာမြင့် လုပ်ငန်းစုကြီးတွေရဲ့ ကွန်ရက်တွေနဲ့ မပတ်သက်သရွေ့ ငါတို့ ငြိမ်ငြိမ်လေးပဲ နေကြမယ်” ကူရိုင်း နီဟာကူသည် သက်ပြင်းအရှည်ကြီး တစ်ချက်ချလိုက်ပြီး “လူကြီးမင်းတို့... မင်းတို့ရဲ့ အဖွဲ့ ဆယ့်နှစ်ဖွဲ့ဟာ ငါတို့ အပြည်ပြည်ဆိုင်ရာ ထောက်မ်းရေး ဗျူရိုရဲ့ အင်အားအကောင်းဆုံး လက်နက်တွေပဲ... အရာအားလုံးကို မင်းတို့အပေါ်မှာပဲ ပုံအပ်ထားတယ်”
အဖွဲ့ခေါင်းဆောင် ဆယ့်နှစ်ဦးစလုံးက တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။ “စိတ်ချပါ ဝန်ကြီး”
နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေး ဗျူရို၊ ဆိုက်ဘာလုံခြုံရေးဌာနအောက်ရှိ ဆိုက်ဘာလုံခြုံရေး အဖွဲ့ဆယ့်နှစ်ဖွဲ့လုံးမှ အဖွဲ့ဝင်တိုင်းမှာ ကမ္ဘာ့အဆင့်မီ ကျွမ်းကျင်သူများချည်းသက်သက် ဖြစ်ကြသည်။
၎င်းတို့ကို အပြင်လောကနှင့် ယှဉ်ကြည့်မည်ဆိုပါက ဟက်ကာ မဟာမိတ်အဖွဲ့၏ ဒုတိယခေါင်းဆောင်ဖြစ်သူ ‘ကျားနက်’ အဆင့်ရှိသည့် ဆရာကြီးများ ဖြစ်ကြသည်။
ထိုအဖွဲ့ခေါင်းဆောင် ဆယ့်နှစ်ဦးမှာမူ ပို၍ပင် ကြောက်ခမန်းလိလိ ကောင်းမွန်ကြပြီး ‘ဓါးနက်’ ကဲ့သို့သော ကမ္ဘာ့အဆင့်မီ ထိပ်တန်းအဆင့်နီးပါးပုဂ္ဂိုလ်များ ဖြစ်ကြသည်။
ဤတရားဝင် အဖွဲ့ဆယ့်နှစ်ဖွဲ့အပြင်၊ ကမ္ဘာ့အဆင့်မီ ပထမတန်းစားနီးပါးရှိသော လုံခြုံရေး ကျွမ်းကျင်သူများနှင့် ဖွဲ့စည်းထားသည့် အရံအဖွဲ့ပေါင်း နှစ်ဆယ်ကျော်ပင် ရှိသေးသည်။
အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေး ဗျူရို၏ စုစုပေါင်း အင်အားမှာ ဟက်ကာ မဟာမိတ်အဖွဲ့ထက် အနည်းဆုံး အဆနှစ်ဆယ်မျှ ပိုမို ကြီးမားလှသည်။
ရှီလဲ့ကဲ့သို့ ကမ္ဘာ့အဆင့်မီ ထိပ်သီးဟက်ကာတစ်ဦးပင်လျှင် အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေး ဗျူရိုနှင့် ထိပ်တိုက်ရင်ဆိုင်ရန် မဝံ့ရဲပေ။
အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေး ဗျူရိုနှင့် အသာစီးမရလျှင်ပင် အရှုံးမရှိဘဲ ရင်ဆိုင်နိုင်ရန်အတွက် ရှီလဲ့ကဲ့သို့သော ကမ္ဘာ့အဆင့်မီ ထိပ်သီးဆရာကြီး အနည်းဆုံး နှစ်ဦး လိုအပ်မည်ဖြစ်ပြီး ထိုသို့ဆိုလျှင်ပင် ခုခံကာကွယ်ရုံမျှသာ တောင့်ခံနိုင်မည် ဖြစ်သည်။
ထိုသို့ဆိုလျှင်ပင် ရှီလဲ့အတွက် အသက်ဘေးမှ လွတ်မြောက်ရန်မှာ လွယ်ကူသော ကိစ္စတစ်ခု ဖြစ်နေဆဲပင်။ အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေး ဗျူရိုတစ်ခုလုံးက သူ့ကို လိုက်လံ ဖမ်းဆီးလျှင်ပင် အဆိုးဆုံးအနေဖြင့် စူပါကွန်ပျူတာ ‘ယန်’ ကို စွန့်လွှတ်လိုက်ရုံဖြင့် သူ လွတ်မြောက်အောင် ပြေးနိုင်ဆဲ ဖြစ်သည်။
ရှနိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား ဆိုက်ဘာစစ်ပွဲမှာ တစ်နာရီကျော်မျှ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ဂျပန်နိုင်ငံ၏ ကွန်ရက်ကို စစ်တလင်းအဖြစ် အသုံးပြုထားရာ အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကအဖွဲ့အမြောက်အမြား၏ တရားဝင် ဝက်ဆိုက်များသည် ကပ်ဘေးသင့်သကဲ့သို့ ပျက်စီးခြင်းသို့ ရောက်ရှိခဲ့ရသည်။
ဟက်ကာ မဟာမိတ်အဖွဲ့၏ တရားဝင် အဖွဲ့ဝင်များ၏ အကူအညီဖြင့် ရှနိုင်ငံ၏ တတိယမျိုးဆက် ဟက်ကာ အဖွဲ့အစည်းများသည် ဂျပန်နိုင်ငံ၏ တတိယမျိုးဆက် ဟက်ကာ အဖွဲ့အစည်းများနှင့် အပြန်အလှန် အကြိတ်အနယ် ရှိပြီး အင်အားချင်း မျှတစွာ တိုက်ခိုက်နေကြသည်။
သာမန် ဂျပန် အင်တာနက် အသုံးပြုသူများသည် ဖိုရမ်များထဲတွင် စစ်ပွဲအကြောင်း ဆွေးနွေးနေကြသည်။ ဂျပန်ဟက်ကာများ အသာစီးမရဘဲ အခြေအနေ မကောင်းသည်ကို မြင်ရသောအခါ ၎င်းတို့အားလုံး ဒေါသတကြီး ဆဲဆို ကျိန်ဆဲကြလေတော့သည်။
ရှီလဲ့သည် ထိုဖိုရမ်များထဲမှ ဆွေးနွေးချက်များကို စောင့်ကြည့်နေခဲ့သည်။ ဂျပန် ဟက်ကာလောက၏ စိတ်ဓာတ်ကို ပိုမို ရိုက်ချိုးရန်အတွက် အားနေသော ရှီလဲ့သည် ထိုဆူညံပွက်လောရိုက်နေသော ဖိုရမ်များကို တိုက်ရိုက် စီးနင်း သိမ်းပိုက်ပစ်လိုက်ပြီး သာမန် ဂျပန် အင်တာနက် အသုံးပြုသူများ ဆွေးနွေးစရာ နေရာမရှိအောင် လုပ်ပစ်လိုက်သည်။
ဤငါးလေးများကို ကိုင်တွယ်ပြီးနောက် ရှီလဲ့သည် အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေး ဗျူရိုအတွင်းသို့ ထိုးဖောက် ဝင်ရောက်ရန် လှုပ်ရှားလိုက်သည်။
အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေး ဗျူရို၏ ဆာဗာ ကာကွယ်ရေးစနစ်များသည် အန္တရာယ်ရှိပုံ မပေါ်ပေ။ သို့သော်လည်း ရှီလဲ့သည် ၎င်းတို့ကို လျှော့တွက်ရန် မဝံ့ရဲပါ။ ဤအဖွဲ့အစည်းမှာ ထောက်လှမ်းရေးသူလျှို အေဂျင်စီတစ်ခုနှင့် ဆင်တူလှသည်။ ၎င်းတို့၏ စွမ်းအား မည်မျှအထိ အစွမ်းထက်သည်ကို ရှီလဲ့ မသိသော်လည်း ၎င်းတို့သည် အလွန်အမင်း အင်အားတောင့်တင်းကြောင်းကိုမူ သိသည်။ သူ ပြန်လည်မွေးဖွားလာခဲ့သော်လည်း လက်ရှိတွင် ၎င်းတို့ထက် ပို၍ အင်အားမကြီးသေးချေ။
အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေး ဗျူရို၏ အပြင်ဘက် ပတ်လည်တွင် ရှိနေရင်း ရှီလဲ့သည် ယာယီ ကွန်ပျူတာအဖြစ် အသုံးပြုရန် သာမန် ဂျပန်လူမျိုးတစ်ဦး၏ ကွန်ပျူတာကို ကျပန်း ဆွဲယူ ထိန်းချုပ်လိုက်သည်။ ထိုသာမန် ပုဂ္ဂလိက ကွန်ပျူတာမှတစ်ဆင့် သူသည် စမ်းသပ်စစ်ဆေးမည့် အီးမေးလ်ဗုံးတစ်ခုကို ဖန်တီးကာ အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေး ဗျူရိုထံသို့ ပေးပို့လိုက်သည်။
အီးမေးလ် ပို့ပြီးနောက် ရှီလဲ့သည် သူ၏ ခြေရာလက်ရာများကို ချက်ချင်း ဖျောက်ပစ်လိုက်ပြီး အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေး ဗျူရို၏ အခြေအနေကို စောင့်ကြည့်ရန် ပုန်းအောင်းနေခဲ့သည်။ စမ်းသပ်စစ်ဆေးမည့် အီးမေးလ်ဗုံးသည် အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေး ဗျူရိုသို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် တစ်ဖက်လူ၏ ဖိုင်းယားဝေါလ်က ကြားဖြတ် ဖမ်းယူခြင်း ခံလိုက်ရသည်။
သို့သော်လည်း ရှီလဲ့ ဖန်တီးထားသော အီးမေးလ်ဗုံးမှာ ထိုမျှနှင့် ဖျက်ဆီးပစ်ရန် မလွယ်ကူပေ။ ကြားဖြတ် ဖမ်းယူခြင်း ခံရပြီးနောက် အီးမေးလ်ဗုံးသည် ချက်ချင်း ပေါက်ကွဲသွားခဲ့ပြီး ဖိုင်းယားဝေါလ်၏ လုပ်ဆောင်ချက်များကို နှောင့်ယှက်ဖျက်ဆီးမည့် ပြင်းထန်သော ဗိုင်းရပ်စ် အမြောက်အမြားအဖြစ်သို့ တဟုန်ထိုး အသွင်ပြောင်းသွားခဲ့သည်။
အပြင်ဘက်တွင် ပုန်းအောင်းကာ စောင့်ကြည့်နေသော ရှီလဲ့သည် စိတ်ထဲတွင် အနည်းငယ် ဝမ်းသာသွားခဲ့သည်။ ထိုအသွင်ပြောင်း ဗိုင်းရပ်စ်များသည် ဖိုင်းယားဝေါလ်အတွင်းသို့ ဝင်ရောက်သွားသရွေ့ အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေး ဗျူရို၏ အတွင်းပိုင်း ဒေတာအချို့ကို ပြန်လည် ပေးပို့နိုင်မည် ဖြစ်သည်။ ဤအချက်က ရှီလဲ့အတွက် အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေး ဗျူရို၏ အန္တရာယ်ရှိမှု အဆင့်အတန်းကို ဆုံးဖြတ်ရန် အထောက်အကူ ဖြစ်စေလိမ့်မည်။
သို့သော်လည်း ရှီလဲ့၏ အပြုံးသည် ငါးစက္ကန့်မျှပင် မခံခဲ့ချေ။ အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေး ဗျူရိုအတွင်းမှ ပြင်းထန်သော ဒေတာလှိုင်း အမြောက်အမြားသည် ရုတ်တရက် ထိုးတက်လာပြီး ထိုအသွင်ပြောင်း ဗိုင်းရပ်စ်များကို လုံးဝ ရှင်းလင်း ပျက်စီးသွားစေခဲ့သည်။
အပြင်ဘက်မှ စောင့်ကြည့်နေသော ရှီလဲ့သည် အလွန်အမင်း ထိတ်လန့်သွားခဲ့ပြီး နဖူးမှ ချွေးစေးများပင် ပြိုက်ပြိုက်ကျလာခဲ့သည်။
ဗိုင်းရပ်စ်များကို ချက်ချင်း ရှင်းလင်းပစ်လိုက်သည့် ထိုပြင်းထန်လှသော နည်းလမ်းမှာ အနည်းဆုံးတော့ ကမ္ဘာ့အဆင့်မီ ကျွမ်းကျင်သူ အယောက်အစိတ်ခန့် တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်သည့် ရလဒ်ပင် ဖြစ်သည်။
ရှီလဲ့သည် အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေး ဗျူရို၏ စိတ်ဝင်စားမှုကို ဆွပေးမိသွားပြီး ၎င်းတို့က သူ့ကို ကိုင်တွယ်ရန် ထိုကျွမ်းကျင်သူများကို စေလွှတ်လာမည်ကို စိုးရိမ်သဖြင့် အလျင်အမြန် နောက်ဆုတ်ခဲ့ရသည်။
‘အမလေး... ဂျပန်ရဲ့ အဆုံးစွန်သော စွမ်းအား ဖြစ်ရုံတင်မကဘူး၊ ငါတို့နိုင်ငံရဲ့ NS လိုပဲ တကယ့်ကို ကြောက်စရာကောင်းတာပဲ’ ရှီလဲ့သည် သူ၏ ရင်ဘတ်ကို ဖိလိုက်မိသည်။ အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေး ဗျူရိုသည် ဤမျှအထိ ကြောက်မက်ဖွယ်ကောင်းနေသဖြင့် တစ်ယောက်တည်း ဝင်တိုက်ခြင်းမှာ လူမိုက်လုပ်ရပ် ဖြစ်သည်မှာ ထင်ရှားလှသည်။
သို့သော်လည်း အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေး ဗျူရိုသည် ဂျပန်ကွန်ရက်အတွင်း သာမန် ဖျက်ဆီးမှုများတွင် ပါဝင်ရန် ၎င်းတို့၏ ကျွမ်းကျင်သူများကို စေလွှတ်ခြင်း မရှိသည်မှာ တကယ့်ကို စိတ်ပျက်စရာ ကောင်းလှသည်။
ဟက်ကာ မဟာမိတ်အဖွဲ့က ဆာကူရာ အဖွဲ့၊ အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေး ဗျူရိုမှ ကျွမ်းကျင်သူများနှင့် တိုက်ခိုက်နေသည့် ယာဆူကူနီ နတ်ကွန်း စစ်တလင်းဆီသို့ ပြန်လည် နောက်ဆုတ်လာရင်း၊ ရှီလဲ့၏ စိတ်ထဲတွင် အကြံအစည်တစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။
တိတ်တဆိတ် ထိုးဖောက်ဝင်ရောက်ခြင်းရော၊ ရှေ့တန်းမှ ဗြောင်တိုက်ခိုက်ခြင်းပါ အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေး ဗျူရိုအတွင်းသို့ ဝင်ရောက်ရန် မဖြစ်နိုင်သေးသဖြင့်... သူသည် ၎င်းတို့ထဲမှ လူတစ်ယောက်အဖြစ် အသွင်ယူလိုက်လျှင်ကော။
ပြင်ပကာကွယ်ရေး မည်မျှပင် ခိုင်မာပါစေ အတွင်းပိုင်း ကာကွယ်ရေးစနစ်သည် အမြဲတမ်း အားနည်းတတ်သည်မဟုတ်လော။
အကယ်၍ ရှီလဲ့သည် ယာဆူကူနီ နတ်ကွန်းကို ဝိုင်းရံထားသည့် အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေး ဗျူရိုမှ ကျွမ်းကျင်သူများအနက် တစ်ဦးကို တိတ်တဆိတ် ထိန်းချုပ်လိုက်ပြီး၊ ထိုသူ၏ အိုင်ပီ လိပ်စာနောက်သို့ လိုက်ကာ အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေး ဗျူရိုအတွင်းသို့ လျှောခနဲ ဝင်ရောက်သွားနိုင်မည်ဆိုလျှင် ဤအရာသည် သေချာပေါက် ကောင်းမွန်သော နည်းလမ်းတစ်ခု ဖြစ်ပေလိမ့်မည်။
ရှီလဲ့သည် ချက်ချင်း လက်တွေ့အကောင်အထည်ဖော်သူ ဖြစ်သည်။ သူသည် ထိုကျွမ်းကျင်သူ ဆယ်ဦးအနက် အရည်အချင်း အညံ့ဆုံးတစ်ဦးကို ရှာဖွေရန် ချက်ချင်း စတင် စောင့်ကြည့်လေ့လာခဲ့ပြီး အားနည်းသော နေရာကိုသာ ရွေးချယ် တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။
အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေး ဗျူရိုမှ ဤကျွမ်းကျင်သူ ဆယ်ဦး အဖွဲ့မှာလည်း အရံအဖွဲ့မျှသာ ဖြစ်သည်။ ကမ္ဘာ့အဆင့်မီ အဆင့်သို့ ရောက်ရှိထားသည့် ၎င်းတို့၏ အဖွဲ့ခေါင်းဆောင်မှလွဲ၍ ကျန်ရှိသူများမှာ ပထမတန်းစားနီးပါး ကျွမ်းကျင်သူများ ဖြစ်ကြသည်။
ပထမတန်းစားနီးပါး ကျွမ်းကျင်သူများအကြားတွင်လည်း အားကောင်းသူနှင့် အားနည်းသူ ဟူ၍ ရှိကြသေးသည်။ ရှီလဲ့သည် တိုက်စစ် အားအနည်းဆုံး တစ်ဦးကို ရှာဖွေတွေ့ခဲ့ပြီး သူ့ကို စမ်းသပ်ကြည့်လိုက်ရာ မည်သည့် တုံ့ပြန်မှုမျှ မရှိသည်ကို တွေ့ရသည်။ ရှီလဲ့သည် သူ၏ အင်အားအပြည့်ကို အသုံးပြုကာ တစ်ဖက်လူ၏ အိုင်ပီလိပ်စာသို့ တိတ်တဆိတ် ချိတ်ဆက်လိုက်ပြီး၊ ထိုအိုင်ပီလိပ်စာကို သူ၏ ကိုယ်ပိုင်အိုင်ပီကို ဖုံးကွယ်ရန် ကြားခံပရောက်စီ အဖြစ် အသုံးပြုကာ အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေး ဗျူရိုဆီသို့ ထိုးဖောက် ဝင်ရောက် စစ်ဆေးလိုက်သည်။
အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေး ဗျူရိုသို့ ရောက်ရှိသောအခါ ရှီလဲ့သည် ၎င်းတို့၏ တရားဝင် ဝက်ဆိုက်၏ နောက်ကွယ်စနစ် ထဲသို့ ဝင်ရောက်လိုက်သည်နှင့် တပြိုင်နက် တစ်ခုခု မှားယွင်းနေသည်ကို ချက်ချင်း ရိပ်မိလိုက်သည်။ တရားဝင် ဝက်ဆိုက် ဝန်ဆောင်မှု ပေးထားသည့် ဆာဗာတွင် အလွှာပေါင်းများစွာသော ကာကွယ်ရေးစနစ်များ အမှန်တကယ် ရှိနေသည်။ ထို့အပြင် ရှီလဲ့ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် တစ်ဖက်လူ၏ ရိပ်မိခြင်းကို ခံလိုက်ရသည်။
ရှီလဲ့သည် များစွာ ထိတ်လန့်သွားခဲ့သည်။ သူ ဘာကြောင့် ရိပ်မိသွားရသလဲဆိုသည်ကို စဉ်းစားရန် အချိန်မရှိတော့သဖြင့် လှည့်ပြန်ကာ အသည်းအသန် ထွက်ပြေးလေတော့သည်။
အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေး ဗျူရို၏ တရားဝင် ဝက်ဆိုက် ဆာဗာအတွင်းမှ ဒေတာလှိုင်း ပေါင်းနှစ်ဆယ်ကျော်သည် ရှီလဲ့နောက်သို့ ချက်ချင်း လိုက်လံ ဖမ်းဆီးခဲ့ကြသည်။ ရှီလဲ့သည် ထိုလိုက်လံ ဖမ်းဆီးမှုကို ပိတ်ဆို့ရန် စူပါကွန်ပျူတာ ‘ယန်’ ကို ထိန်းချုပ်လိုက်ပြီး ကြားခံဆာဗာများပေါ်ရှိ အချက်အလက်များကို လျင်မြန်စွာ ဖျောက်ပစ်လိုက်သည်။
ရှီလဲ့ ထိန်းချုပ်မှုအောက်တွင် ရှိသော ကြားခံဆာဗာများသည် အိုက်စင်ကုမ္ပဏီထံမှ ပင်မ ကွန်ပျူတာ အစေခံများနှင့် စူပါကွန်ပျူတာ ‘ယန်’ မှလွဲ၍ ကျန်ရှိသည့် အရာများမှာ သူ ယာယီ သိမ်းပိုက်ထားသည့် အသေးစားနှင့် အလတ်စား ဆာဗာများသာ ဖြစ်ကြသည်။
ပထမဆုံး စီးပွားရေးလုပ်ငန်းသုံး ဆာဗာသည် ဆယ်စက္ကန့်မျှပင် မခံဘဲ အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေး ဗျူရိုမှ ခြေရာခံ ကျွမ်းကျင်သူများ၏ တိုက်ရိုက် ဖောက်ထွင်းခြင်းကို ခံလိုက်ရသည်။
ရှီလဲ့သည် အချက်အလက်များကို ဖျောက်ပစ်ရန် အချိန်မရှိတော့သဖြင့် ဒုတိယမြောက် ကြားခံဆာဗာသို့သာ ပြောင်းရွှေ့ခဲ့ရသည်။ သို့သော်လည်း သူသည် အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေး ဗျူရိုမှ ထိုကျွမ်းကျင်သူများ၏ စွမ်းအားကို လျှော့တွက်မိခဲ့သည်။ ဒုတိယမြောက် ကြားခံဆာဗာသည်လည်း ခဏချင်းအတွင်း ဖောက်ထွင်းခံလိုက်ရပြီး မည်သည့် ခုခံမှုမျှ မပြုလုပ်နိုင်ခဲ့ချေ။
‘မအေဘေးတွေ... ငါ့နောက်ကို လိုက်နေတဲ့ ကမ္ဘာ့အဆင့်မီ ကျွမ်းကျင်သူ အယောက်နှစ်ဆယ်ကျော် ရှိနေတာပဲ’ ရှီလဲ့သည် စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။ သူသည် ကြားခံဆာဗာ အချို့ကို ကျော်ဖြတ်ရန် စူပါကွန်ပျူတာ ‘ယန်’ ၏ အလွန်မြင့်မားသော တွက်ချက်မှု စွမ်းဆောင်ရည်ကို တောင်းဆိုလိုက်ပြီး၊ သတ္တမမြောက် ကြားခံဆာဗာပေါ်တွင် စနစ်မှတ်တမ်းအမျိုးမျိုးကို လျင်မြန်စွာ ရှင်းလင်းပစ်လိုက်ပြီးမှ လိုင်းဖြတ်လိုက်လေတော့သည်။
အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေး ဗျူရိုမှ လုံခြုံရေး ကျွမ်းကျင်သူများသည် သတ္တမမြောက် ကြားခံဆာဗာအထိ ခြေရာခံ လိုက်လာခဲ့ကြသော်လည်း ရှီလဲ့၏ အိုင်ပီလိပ်စာ အချက်အလက်များကို ဆုံးရှုံးသွားခဲ့ရသည်။ ၎င်းတို့သည် မကျေမနပ်ဖြစ်ရင်း အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေး ဗျူရိုသို့သာ ပြန်လှည့်သွားခဲ့ကြရသည်။
ဆာဗာ နံပါတ် (၁) ၏ ရှေ့တွင် ရှီလဲ့၏ မျက်နှာအမူအရာမှာ ပျက်ယွင်းနေခဲ့သည်။ အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေး ဗျူရို၏ စွမ်းအားမှာ မျှော်လင့်ထားသည်ထက် ပိုမို အားကောင်းနေပြီး၊ ၎င်းတို့သည် သူ ထိုးဖောက် ဝင်ရောက်လာမည်ကို သိရှိနေသည့်အလား ၎င်းတို့၏ အသိုက်အမြုံကို ခေါင်းမာစွာ စောင့်ကြပ်နေကြပြီး မီးငြှိမ်းသတ်ရန် အပြင်သို့ ထွက်မလာကြချေ။
“တောက်... အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေး ဗျူရို အစုတ်ပလုတ်ေကာင်တွေ... ရာဖေးလ်လိုအဆင့်မရှိတဲ့ကောင်က အဲဒီတုန်းက ပရောဂျက် R ရဲ့ ဝင်ရောက်ခွင့် အခွင့်အာဏာကို ဘယ်လိုများ ရခဲ့တာလဲ... သူ ဂျပန်မှာ အကြီးအကျယ် သောင်းကျန်းခဲ့ဖူးတယ်လို့လည်း ငါ တစ်ခါမှ မကြားဖူးပါဘူး” ရှီလဲ့သည် မိမိဘာသာ တိုးတိုးလေး ရေရွတ်လိုက်သည်။
သူ၏ နားထင်များကို ညင်သာစွာ ပွတ်သပ်ရင်း ရှီလဲ့သည် စိတ်ထဲမှ တွေးတောလိုက်မိသည်။ ‘လက်ရှိ အခြေအနေတွေကို ယှဉ်ကြည့်မယ်ဆိုရင် ရာဖေးလ်ရဲ့ နည်းပညာက ငါ့လောက် မကောင်းတာ သေချာတယ်... သူတောင် ဒေတာ အခွင့်အာဏာတွေကို ရနိုင်ခဲ့ရင် ငါ မရနိုင်စရာ အကြောင်းမရှိဘူး... ငါ တစ်ခုခု မှားယွင်း စဉ်းစားမိနေတာ ဖြစ်ရမယ် ပရောဂျက် R ရဲ့ အခွင့်အာဏာကို ဖွင့်ဖို့အတွက် အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေး ဗျူရိုအတွင်းပိုင်းက အိုင်ပီလိပ်စာတစ်ခုရဲ့ အကူအညီ လိုအပ်နေလို့ ဖြစ်မလား’
အဖြေရှာမရသဖြင့် ရှီလဲ့သည် ကွန်ပျူတာစားပွဲကို လက်သီးဖြင့် ထုလိုက်ပြီး အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
“မင်းတို့က လိပ်လို ခေါင်းလျှိုပြီး အောင့်အီးနေချင်မှတော့... ငါ ယဉ်ကျေးမနေတာကို လာမပြစ်တင်နဲ့တော့”
အောက်တိုဘာလအတွင်း၊ ဂျပန်နှင့် ရှနိုင်ငံတို့အကြား ဆိုက်ဘာစစ်ပွဲတွင် ရှနိုင်ငံ၏ ဟက်ကာများသည် စည်းမျဉ်းများကို တင်းကျပ်စွာ လိုက်နာခဲ့ကြသည်။ ဆိုလိုသည်မှာ အစိုးရကွန်ရက်၊ ထောက်လှမ်းရေးကွန်ရက်၊ စစ်ဘက်ကွန်ရက်နှင့် လုပ်ငန်းစုကြီးများ၏ ကွန်ရက်များကို မထိတွေ့ခြင်း ဖြစ်သည်။
ထိုကွန်ရက်များ၏ ကာကွယ်ရေး အဆင့်အတန်းများမှာ ပိုမို မြင့်မားသော်လည်း၊ ၎င်းတို့သည် ဟက်ကာ ဆရာကြီးများ၏ တိုက်ခိုက်မှုကို လုံးဝ ကြံ့ကြံ့ခံနိုင်ခြင်း မရှိကြချေ။
ဟက်ကာများအနေဖြင့် အဓိက ကွန်ရက်ကြီး လေးခုကို မထိတွေ့ကြခြင်းမှာ အဓိကအားဖြင့် ထိုကွန်ရက်များကို တင်းကျပ်စွာ ကာကွယ်ထားသောကြောင့် ဖြစ်သည်။ ဟက်ကာတစ်ဦး တိုက်ခိုက်လိုက်သည်နှင့် ၎င်းတို့သည် ပြင်းထန်သော ခြေရာခံခြင်းကို သေချာပေါက် ခံရပေလိမ့်မည်။ အကယ်၍ ၎င်းတို့၏ အရည်အချင်း မပြည့်မီဘဲ အဖမ်းခံရပါက ၎င်းတို့အတွက် ကောင်းမွန်သော နိဂုံး ရှိလိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် ဟက်ကာများသည် ယေဘုယျအားဖြင့် အဓိက ကွန်ရက်ကြီး လေးခုကို မထိကြချေ။
မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိပြီး အလွန် အစွမ်းထက်သော နည်းပညာ စွမ်းအားကို ပိုင်ဆိုင်ထားသည့် ဟက်ကာများမှလွဲ၍ပေါ့။ သေကြောင်းကြံစည်နေသည့် ဦးနှောက်မရှိသော ဟက်ကာအချို့ကတော့ ချွင်းချက်ပင်။
ရှီလဲ့သည် လက်နှစ်ဖက်စလုံးကို ကီးဘုတ်ပေါ်သို့ တင်လိုက်သည်။ ဆာဗာ နံပါတ် (၁) ၏ မော်နီတာပေါ်တွင် တိုကျိုအစိုးရ၏ တရားဝင် ဝက်ဆိုက်ပေါ်လာခဲ့လေတော့သည်။