အခန်း ၁၆၆
Vol. 17 Ch. 166
အခန်း - ၁၆၆
နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာ ထောက်လှမ်းရေးဗျူရို ဆိုက်ဘာလုံခြုံရေးဌာနအတွင်း၌ ပထမအဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ အိုဒါ ရှိီးရှန်သည် စိုးရိမ်စိတ်မအေးနိုင်ဘဲ ကုရိုင်း နိီဘာကူကို စိုက်ကြည့်ရင်း အဖြေကို စောင့်ဆိုင်းနေမိသည်။
ကုရိုင်း နီဘာကူအနေဖြင့် ဤငလျင်နှင့်ပတ်သက်၍ သံသယနှင့် ဇဝေဇဝါဖြစ်စရာများဖြင့် ပြည့်နှက်နေသော်လည်း ဂျပန်နိုင်ငံ၏ အင်အားအကောင်းဆုံး အင်တာနက် ကာကွယ်ရေးအင်အားစု ဖြစ်သည့်အားလျော်စွာ ဆိုက်ဘာလုံခြုံရေးဌာန၏ ကမ္ဘာ့အဆင့်မီ လုံခြုံရေးပညာရှင် အဖွဲ့ဆယ့်နှစ်ဖွဲ့စလုံးကို မည်သည့်အမှားအယွင်းမျှ အဖြစ်ခံ၍ မရချေ။ သူသည် လက်ကို မတတ်သာသလို ဝှေ့ယမ်းလိုက်ပြီး အိုဒါ ရှိရှန်ကို ပြောလိုက်သည်။ “အမိန့်ကို ထုတ်ပြန်လိုက်တော့... ရုံးချုပ်ကနေ ဆုတ်ခွာပြီး လင်းဟိုင် အခြေစိုက်စခန်းမှာ စုရပ်လုပ်ကြမယ်”
လင်းဟိုင် အခြေစိုက်စခန်းသည် နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာ ထောက်လှမ်းရေးဗျူရို ဆိုက်ဘာလုံခြုံရေးဌာနအတွက် သီးသန့်အခြေစိုက်စခန်းတစ်ခု ဖြစ်ပြီး အဲဒိုဂါဝါဒေသ၏ တောင်ဘက်အကျဆုံး ကမ်းရိုးတန်းဧရိယာတွင် တည်ရှိသည်။
အိုဒါ ရှိီးရှန်က ဝမ်းသာအားရဖြင့် “ဝန်ကြီး ကုရိုင်း... ကျွန်တော် အခုချက်ချင်း အမိန့်ထုတ်ပြန်လိုက်ပါ့မယ်” ဟု ဆိုလိုက်သည်။
ခဏအကြာတွင် လုံခြုံရေးပညာရှင် အဖွဲ့ဆယ့်နှစ်ဖွဲ့စလုံးသည် အလောတကြီး ဆုတ်ခွာရန် ပြင်ဆင်ကြတော့သည်။ နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာ ထောက်လှမ်းရေးဗျူရို၏ တရားဝင် ဝက်ဆိုက်အပြင်ဘက်တွင် စောင့်ဆိုင်းနေသော ရှီလဲ့သည် အင်တာနက် လှုပ်ရှားမှု စူးစမ်းစစ်ဆေးခြင်းမှတစ်ဆင့် ဤအခြေအနေကို ချက်ချင်း သိရှိသွားခဲ့သည်။
‘ဟွန်း... ငါကပဲ မင်းတို့အားလုံး သေဘေးကို မကြောက်ကြဘူး အောက်မေ့နေတာ’ ရှီလဲ့က စိတ်ထဲကနေ လှောင်ပြုံးပြုံးလိုက်သည်။ သူ၏ လက်ချောင်းများက ကီးဘုတ်ပေါ်တွင် လျင်မြန်စွာ ရိုက်နှက်လိုက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာ ထောက်မ်းရေးဗျူရို၏ တရားဝင် ဝဘ်ဆိုက်ကို ကျော်ဖြတ်ကာ ဝဘ်ဆာဗာ၏ အပြင်ဘက်အနားသတ်သို့ တိုက်ရိုက် ဝင်ရောက်သွားခဲ့သည်။
ရှီလဲ့သည် ဤဝက်ဆာဗာကို အလျင်အမြန် ထိန်းချုပ်လိုက်သည်။ မည်သည့် ပြုပြင်မွမ်းမံမှုမျှ မလုပ်ဘဲ ဆာဗာ၏ မူလအခြေအနေအတိုင်း ထိန်းသိမ်းထားကာ ဆာဗာနှင့် အတွင်းပိုင်းဆာဗာများအကြား ချိတ်ဆက်ထားသော ဆက်သွယ်ရေးလမ်းကြောင်းကို အသုံးပြု၍ နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာ ထောက်လှမ်းရေးဗျူရိုအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာ ထောက်လှမ်းရေးဗျူရို၏ အတွင်းပိုင်း ဆာဗာများသည် စူပါကွန်ပျူတာတစ်လုံးကို အသုံးပြုထားခြင်း ဖြစ်သည်။
ဤအရာက ရှီလဲ့၏ မျှော်လင့်ချက်ထက် လုံးဝကျော်လွန်မနေပေ။ သိက္ခာကြီးမားလှသော နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာ ထောက်လှမ်းရေးဗျူရိုတွင် စူပါကွန်ပျူတာတစ်လုံး မရှိလျှင်မှ ထူးဆန်းနေပေလိမ့်မည်။
ရှီလဲ့သည် အတွင်းပိုင်းဆာဗာ၏ အပြင်ဘက်အနားသတ်သို့ ဝင်ရောက်ပြီး ဤစူပါကွန်ပျူတာ၏ အခြေအနေကို စစ်ဆေးကြည့်လိုက်သည်။ ခဏအကြာတွင် ရှီလဲ့၏ မျက်ခုံးများ တွန့်ချိုးသွားခဲ့ရသည်။
‘ငါ နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာ ထောက်လှမ်းရေးဗျူရိုကို အထင်သေးမိသွားတာပဲ သူတို့ရဲ့ စူပါကွန်ပျူတာက စူပါကွန်ပျူတာ ယန် ထက် နည်းနည်းလေးပဲ နိမ့်တာပဲ’
စူပါကွန်ပျူတာ ယန် သည် ကမ္ဘာပေါ်တွင် အဆင့်ကိုး နေရာ၌ ရှိပြီး နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာ ထောက်လှမ်းရေးဗျူရို၏ စူပါကွန်ပျူတာမှာမူ ကမ္ဘာ့အဆင့် တစ်ဆယ် နေရာခန့်တွင် ရှိပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ၎င်း၏ စွမ်းဆောင်ရည်မှာ စူပါကွန်ပျူတာ ယန် ၏ ကိုးဆယ်ရာခိုင်နှုန်းကျော်အထိ ရှိနေသောကြောင့် ဖြစ်သည်။
ရှီလဲ့သည် သူ၏ နားထင်ကို ပွတ်သပ်လိုက်သည်။ နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာ ထောက်လှမ်းရေးဗျူရို၏ စူပါကွန်ပျူတာ အသုံးပြုထားသော စနစ်မှာ သဘာဝကျစွာပင် Linux ဖြစ်ပြီး ၎င်းက ဗျူရိုကိုယ်တိုင် မူရင်းကုဒ်များကို ပြုပြင်မွမ်းမံထားသည့် သီးသန့်စနစ်တစ်ခု ဖြစ်သည်။ ရှီလဲ့အနေဖြင့် ဟက်ပြီး ဝင်ရောက်ချင်လျှင်ပင် အချိန်အတော်များများ ပေးရပေလိမ့်မည်။
နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာ ထောက်လှမ်းရေးဗျူရို ဆိုက်ဘာလုံခြုံရေးဌာန၏ ရုံးခန်းအတွင်း၌ ကူရိုင်း နီဘာကုသည် ကွန်ပျူတာရှေ့တွင် ထိုင်ကာ တည်ငြိမ်စွာ လည်ပတ်လုပ်ဆောင်နေသည်။
ဆိုက်ဘာလုံခြုံရေးဌာန၏ ဝန်ကြီးဖြစ်သည့်အားလျော်စွာ ကူရိုင်း နိီဘာကူသည် မည်သည့်အချိန်မဆို ဟယ်လီကော်ပတာဖြင့် ကယ်ဆယ်ရေးကို စီစဉ်နိုင်သဖြင့် လောလောဆယ်တွင် ထိတ်လန့်တုန်လှုပ်ခြင်း မရှိသေးပေ။
‘တစ်ခုခုတော့ မဟုတ်ဘူး လုံးဝကို မဟုတ်တာ ဒီငလျင်နောက်ကွယ်မှာ မသင်္ကာစရာ တစ်ခုခု ရှိနေတယ်’ ကူရိုင်း နိီဘာကူက စိတ်ထဲကနေ ကြံစည်တွေးတောနေသော်လည်း ထရပ်ပြီး တားဆီးရန်မူ မဝံ့ရဲချေ။ အကယ်၍ ထိုပမာဏ ၉.၀ အဆင့်ရှိ ငလျင်က အမှန်တကယ် ဖြစ်လာခဲ့လျှင် ကူရိုင်း နိီဘာကူတစ်ယောက် ဤတာဝန်ကို မထမ်းဆောင်နိုင်ပေ။
ရုတ်တရက် ကူရိုင်း နိီဘာကူ၏ ကွန်ပျူတာပေါ်တွင် စာသားကွက်တစ်ခု ပေါ်လာခဲ့သည်။
ထိုစာသားကွက်အတွင်း၌ ကာဆာရွေ့လျားသွားသည်နှင့်အမျှ အင်္ဂလိပ်စာတန်းတစ်လိုင်း ထွက်ပေါ်လာသည်။
“ငါ မင်းကို လျှို့ဝှက်ချက်တစ်ခု ပြောပြချင်လို့”
ကူရိုင်း နိီဘာကူသည် ကွန်ပျူတာစခရင်ပေါ်ရှိ စာသားကွက်ကို အံ့အားသင့်စွာ စိုက်ကြည့်နေမိပြီး စိတ်ထဲတွင် အကြီးအကျယ် တုန်လှုပ်သွားခဲ့ရသည်။
ဤအရာက နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာ ထောက်လှမ်းရေးဗျူရို၏ အတွင်းပိုင်း ကွန်ရက် ဖြစ်သော်လည်း တစ်စုံတစ်ယောက်က သူ၏ ကွန်ပျူတာထဲအထိ ဟက်ပြီး ဝင်ရောက်လာနိုင်ခြင်းက စိတ်ကူးကြည့်ရန်ပင် မဖြစ်နိုင်လောက်အောင် အံ့ဩစရာ ကောင်းလှသည်။
“မင်း ငါ့ကို ဘာလျှို့ဝှက်ချက် ပြောပြချင်လို့လဲ” ကုရိုင်အိ နိဘာကုသည် ခိုးဝင်လာသော ဟက်ကာကို စိတ်လောတကြီး ခြေရာမခံဘဲ ယဉ်ကျေးပျူငှာသော စာသားကိုသာ ရိုက်ထည့်လိုက်သည်။
“တိုကျို ကိုကုဘွန်းဂျီမြို့မှာ ဖြစ်မယ့် ပမာဏ ၉.၀ အဆင့်ရှိတဲ့ ငလျင်က ဟက်ကာတစ်ယောက်က ဒေတာတွေကို ပြုပြင်မွမ်းမံထားတာသက်သက်ပဲ... ငါ မင်းဆီ ဖိုင်တစ်ခု ပို့ပေးလိုက်မယ်၊ အဲဒါကို ဖတ်ကြည့်ပြီးရင် မင်း သိသွားလိမ့်မယ်... အကယ်၍ မင်းက ဗိုင်းရပ်စ်တွေကို ကြောက်တယ်ဆိုရင် ဒီထဲမှာပဲ ဖွင့်ကြည့်လိုက်” ဟု ထိုလျှို့ဝှက်ဆန်းကြယ်သော ဟက်ကာက စာသားကွက်ထဲတွင် ကူရိုင်း နိီဘာကုကို ပြောလိုက်သည်။
ကူရိုင်း နိီဘာကူ၏ စိတ်လှုပ်ရှားသွားခဲ့သည်။ ဤလျှို့ဝှက်ဆန်းကြယ်သော ဟက်ကာ ပြောပြသည့် လျှို့ဝှက်ချက်က သူ၏ သံသယများနှင့် ထပ်တူကျနေသောကြောင့် ဖြစ်သည်။
“ငါက ဘာလို့ မင်းကို ယုံရမှာလဲ... ဒါမှမဟုတ် မင်း ဒီလိုလုပ်ရတဲ့ ရည်ရွယ်ချက်က ဘာလဲ” ကူရိုင်း နိီဘာကူသည် ဤဟက်ကာက အကြောင်းပြချက်မရှိဘဲ ဤမျှ အရေးကြီးသော အချက်အလက်များကို ပြောပြလိမ့်မည်ဟု မယုံကြည်ချေ။ တစ်ဖက်လူတွင် မရိုးသားသော ရည်ရွယ်ချက် တစ်ခုခု ရှိနေရမည် ဖြစ်သည်။ သို့သော်လည်း သူသည် ထိုဒေတာများကို လက်ခံလိုက်သည်။
ထိုလျှို့ဝှက်ဆန်းကြယ်သော ဟက်ကာက စာသားကွက်ထဲတွင် အင်္ဂလိပ်လို ဆက်လက် ရိုက်နှက်လိုက်သည်။ “ဒီငလျင်ကို ကြိုးကိုင်ခဲ့တဲ့ ဟက်ကာက ငါနဲ့ ရန်ငြိုးရှိတယ်... ဒါပေမဲ့ ငါ တစ်ယောက်တည်း အင်အားနဲ့တော့ သူ့ကို မယှဉ်နိုင်ဘူး ဒါကြောင့် မင်းတို့ကို ဆွဲခေါ်ပြီး ကူတိုက်ခိုင်းဖို့ မျှော်လင့်တာ”
တစ်ဖက်လူ၏ အဖြေကို မြင်ရသောအခါ ကူရိုင်း နိီဘာကူသည် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်မိသော်လည်း တစ်ချိန်တည်းမှာပင် စိုးရိမ်စိတ် ဝင်လာခဲ့သည်။ ဤလျှို့ဝှက်ဆန်းကြယ်သော ဟက်ကာသည် နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာ ထောက်လှမ်းရေးဗျူရို၏ အတွင်းပိုင်းကွန်ရက်ထဲသို့ အသံတိတ် ခိုးဝင်နိုင်စွမ်း ရှိသည်။ သူက ဧကန်မုချ ထိပ်တန်းအဆင့် ဟက်ကာပညာရှင်တစ်ဦး ဖြစ်ရမည်။ သို့သော် သူကိုယ်တိုင်ကပင် ထိုရန်သူကို မယှဉ်နိုင်ဘူးဟု ဆိုသည်။
သို့ဆိုလျှင် သူ၏ ရန်သူက မည်မျှအထိ အစွမ်းထက်နေပါသနည်း။
ထိုလျှို့ဝှက်ဆန်းကြယ်သော ဟက်ကာက အင်္ဂလိပ်လို ဆက်လက် ရိုက်နှက်လိုက်သည်။ “ငါ မင်းတို့ကို တီဗီလိုင်း အားလုံးရဲ့ ထုတ်လွှင့်မှု အစီအစဉ်တွေကို ထိန်းချုပ်ပြီး သတင်းအမှားဖြစ်ကြောင်း ရှင်းလင်းချက် ထုတ်ပြန်ဖို့ ကူညီပေးနိုင်တယ်”
ကူရိုင်း နိီဘာကူ၏ ကွန်ပျူတာစခရင်ပေါ်တွင် ဝင်ဒိုးအသစ်တစ်ခု ထပ်မံ ပေါ်လာပြီး NTV, TV Asahi နှင့် TV Tokyo တို့၏ ထုတ်လွှင့်မှု မြင်ကွင်းအချို့ကို ပြသလာသည်။
နောက်တစ်ခိုက်တွင် ထိုထုတ်လွှင့်မှု မြင်ကွင်းများ အားလုံး ရုတ်ချည်း ပျောက်ကွယ်သွားပြီး ၎င်းတို့၏ နေရာတွင် ငလျင်ကြိုတင်ခန့်မှန်းရေးအဖွဲ့မှ သတိပေးချက်ကို ပြန်လည် ရုပ်သိမ်းလိုက်ကြောင်း ဒေတာများနှင့်အတူ ဤငလျင်သတိပေးချက်မှာ ဟက်ကာတစ်ဦး ခိုးဝင်မှုကြောင့် ဖြစ်ပေါ်လာသည့် သတင်းအမှားသာ ဖြစ်ကြောင်း အသံဖြင့် ရှင်းလင်းချက် ထွက်ပေါ်လာခဲ့သည်။
တိုကျိုတစ်မြို့လုံးရှိ လျှပ်စစ် ပြသရေးပစ္စည်းများပေါ်တွင်လည်း ဤမက်ဆေ့ခ်ျကို ပြသလာခဲ့ပြီး မြို့ပြ လေကြောင်းရန် အချက်ပေးဥဩသံများကိုလည်း ပိတ်ပစ်လိုက်နိုင်ခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာ ထောက်လှမ်းရေးဗျူရို၏ အတွင်းပိုင်း ဆာဗာ အပြင်ဘက်အနားသတ်တွင်မူ ရှီလဲ့သည် စူပါကွန်ပျူတာ ယန် ကို ထိန်းချုပ်ကာ ဗျူရို၏ အတွင်းပိုင်း ဆာဗာများကို အလုံးစုံ စကင်ဖတ်ရင်း အသုံးပြုနိုင်မည့် အားနည်းချက်များကို ရှာဖွေရန် ကြိုးပမ်းနေဆဲ ဖြစ်သည်။ သူသည် အဓိက တီဗီလိုင်းများတွင် ငလျင်သတိပေးချက် ပြန်လည်ရုပ်သိမ်းလိုက်သည့် သတင်းများ ထုတ်လွှင့်နေသည်ကို မသိရှိသေးပေ။
ကူရိုင်းနီဘာကူသည် လျှို့ဝှက်ဆန်းကြယ်သော ဟက်ကာ ပေးပို့လိုက်သည့် ဖိုင်ကို ဖွင့်ကြည့်လိုက်သည်။ ထိုဖိုင်ထဲ၌ ငလျင်ကြိုတင်ခန့်မှန်းရေးအဖွဲ့၏ စနစ် ဟက်ခံရမှုနှင့် ပတ်သက်သည့် ခြေရာခံ အချက်အလက်များနှင့် ခြေရာလက်ရာအချို့ကို ပြသနေသည်။
သူ့စိတ်ထဲတွင် သံသယဖြစ်မိသည်မှာ အဘယ်ကြောင့် သူ၏ လက်အောက်ငယ်သားများက ဤဟက်ကာ ခိုးဝင်မှု ခြေရာလက်ရာများကို ရှာမတွေ့ခဲ့ကြသနည်း ဟူ၍ ဖြစ်သည်။ ဤအချက်ကို တွေးမိရင်း ကူရိုင်း နိီဘာကူက စာသားကွက်ထဲတွင် အင်္ဂလိပ်လို ရိုက်ထည့်လိုက်သည်။ “ငါ ငလျင်ကြိုတင်ခန့်မှန်းရေးအဖွဲ့ရဲ့ စနစ်ကို စစ်ဆေးဖို့ လူတွေကို စေလွှတ်ခဲ့သေးတယ်... သူတို့က ဘာလို့ ဒီခြေရာလက်ရာတွေကို ရှာမတွေ့ခဲ့တာလဲ”
ထိုလျှို့ဝှက်ဆန်းကြယ်သော ဟက်ကာက လျင်မြန်စွာ ပြန်လည် တုံ့ပြန်လိုက်သည်။ “ဘာလို့လဲဆိုတော့ အဲဒီ ကောက်ကျစ်တဲ့ ဟက်ကာက အစပိုင်းမှာ အဲဒီစနစ်တွေကို ထိန်းချုပ်ပြီး ငလျင်ကြိုတင်ခန့်မှန်းရေး ဆော့ဖ်ဝဲလ်ကို သုံးလို့ ပမာဏ ၉.၀ အဆင့်ရှိတဲ့ ငလျင်သတင်းကို အတုဖန်တီးခဲ့တာ... ပြီးတော့ ငလျင်ကြိုတင်ခန့်မှန်းရေးအဖွဲ့ရဲ့ တာဝန်ကျဝန်ထမ်းက သတိပေးချက်ကို ထုတ်ပြန်လိုက်တာနဲ့ သူက ခြေရာလက်ရာ အားလုံးကို ချက်ချင်း ဖျက်ပစ်လိုက်တာပဲ ဒါကြောင့် မင်း စေလွှတ်လိုက်တဲ့ ဝန်ထမ်းတွေက အခြေအနေကို စိတ်ချရတယ်လို့ အထင်မှားသွားကြတာ”
ကူရိုင်း နိီဘာကူသည် စိတ်ထဲကနေ သက်ပြင်းချလိုက်မိသည်။ ‘ဪ ဒီလိုကိုး’ လုံခြုံရေးပညာရှင်များ မည်သည့်သဲလွန်စမျှ ရှာမတွေ့ခဲ့ခြင်းမှာ မဆန်းတော့ချေ။ ငလျင်ကြိုတင်ခန့်မှန်းရေးအဖွဲ့ထဲ ခိုးဝင်ခဲ့သည့် ဟက်ကာမှာ အလွန်အမင်း အကွက်စေ့လွန်းလှသည်။
“မင်း ဘယ်သူလဲဆိုတာ ငါ သိခွင့်ရှိမလား” ကူရိုင်း နိီဘာကူက စမ်းသပ်သည့်အနေဖြင့် မေးမြန်းလိုက်သည်။
ထိုလျှို့ဝှက်ဆန်းကြယ်သော ဟက်ကာက ချက်ချင်းပင် ငြင်းပယ်လိုက်သည်။ “မင်းရဲ့ လုံခြုံရေးပညာရှင်တွေကို ပြန်ခေါ်လိုက်တော့ အဲဒီ ကောက်ကျစ်တဲ့ ဟက်ကာက အခု မင်းတို့ရဲ့ အတွင်းပိုင်း ဆာဗာတွေကို တိုက်ခိုက်နေပြီ”
ဤစာသားများ ခေတ္တမျှ ပေါ်လာပြီးနောက် စာသားကွက်တစ်ခုလုံးသည် မည်သည့်ခြေရာလက်ရာမျှ မကျန်ဘဲ ပျောက်ကွယ်သွားခဲ့ပြီး စနစ်အတွင်း၌ပင် မှတ်တမ်းများ မကျန်ရစ်ခဲ့ချေ။ ထိုလျှို့ဝှက်ဆန်းကြယ်သော ဟက်ကာသည် ဒေတာအားလုံးကို ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်သည်။
ကမ္ဘာကြီး၏ အခြားတစ်ဖက်တွင်မူ ရွှေဝါရောင် ဆံပင်များနှင့် ရာဖေးလ်၏ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်ထွက်နေသည်။ သူက မိမိကိုယ်ကိုယ် တိုးတိုးလေး ရေရွတ်လိုက်သည်။ “ကောင်စုတ်လေး... မင်း ပြီးခဲ့တဲ့တစ်ခေါက်က ငါ့ကို ဒုက္ခပေးခဲ့တာ ဒါပေမဲ့ ဒီတစ်ခေါက်တော့ ငါ မင်းကို သေချာ ပြန်ပေးဆပ်လိုက်ပြီ”
ယခုလေးတင် နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာ ထောက်လှမ်းရေးဗျူရိုထဲသို့ ခိုးဝင်ခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သော ဟက်ကာမှာ အခြားသူမဟုတ်ဘဲ မီးတောက်ဓား ရာဖေးလ်ပင် ဖြစ်သည်။
ပြီးခဲ့သည့်တစ်ခေါက်က ဆူမီဒါခရိုင်ရဲတပ်ဖွဲ့ ကွန်ရက်စနစ်အတွင်း၌ သူသည် ရှီလဲ့၏ ဖိနှိပ်ခြင်းကို ခံခဲ့ရသဖြင့် ပြန်လည် ခုခံနိုင်စွမ်း လုံးဝမရှိခဲ့ဘဲ ထိုအချိန်ကတည်းက ရန်ငြိုးဖွဲ့ထားခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် ဆူမီဒါခရိုင်၏ အခြေအနေကို စစ်ဆေးပြီးနောက် ရာဖေးလ်သည် Plan R ကို သူ့အား ဖိနှိပ်ခဲ့သည့် လူက ယူဆောင်သွားကြောင်း သိရှိခဲ့သည်။ ထို့အပြင် ထိုလူသည် Plan R နှင့် ပတ်သက်သည့် အချက်အလက်များကို ရှာဖွေရန် နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာ ထောက်လှမ်းရေးဗျူရိုထံသို့ ဧကန်မုချ သွားရောက်လိမ့်မည် ဖြစ်သည်။ ထို့ကြောင့် ရာဖေးလ်သည် နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာ ထောက်လှမ်းရေးဗျူရို၏ ကွန်ရက်အခြေအနေကို အနီးကပ် စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။
ရှီလဲ့က အီးမေးလ်ဗုံးကို အသုံးပြု၍ နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာ ထောက်လှမ်းရေးဗျူရို၏ တရားဝင် ဝက်ဆိုက်ကို ဗုံးကြဲတိုက်ခိုက်လိုက်သောအခါ ရာဖေးလ်သည် ရှီလဲ့၏ ခြေရာကို ချက်ချင်း အမိဖမ်းမိခဲ့သည်။ သူသည် ရှီလဲ့၏ IP Address ကို ခြေရာမခံနိုင်သော်လည်း ရှီလဲ့၏ လှုပ်ရှားမှုများကိုမူ ခန့်မှန်းနိုင်ခဲ့သည်။
ရာဖေးလ်သည် ရှီလဲ့၏ နောက်ကွယ်မှနေ၍ တိတ်တဆိတ် လိုက်ပါခဲ့သည်။ ရှီလဲ့၏ အစီအစဉ်ကို သိရှိသွားပြီးနောက် ရာဖေးလ်သည် ရှီလဲ့၏ သတ္တိကို စိတ်ထဲကနေ တိတ်တဆိတ် ချီးကျူးမိသော်လည်း ပြဇာတ်ကို ထိုင်ကြည့်နေရင်း တစ်ချိန်တည်းမှာပင် ရှီလဲ့ကို သစ္စာဖောက်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။
ရာဖေးလ်အနေဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာ ထောက်လှမ်းရေးဗျူရိုထဲသို့ မည်သို့ ခိုးဝင်နိုင်ခဲ့သနည်း ဆိုရလျှင်မူ ၎င်းမှာ Plan R မပျောက်ဆုံးမီ ကတည်းက ရာဖေးလ်သည် ဤဗျူရိုထဲသို့ ဟက်ပြီး ဝင်ရောက်ထားပြီးသား ဖြစ်နေသောကြောင့် ဖြစ်သည်။ ထိုအချိန်က နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာ ထောက်လှမ်းရေးဗျူရို၏ ကာကွယ်ရေးစနစ်မှာ အားကောင်းလှသော်လည်း Plan R ပျောက်ဆုံးပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် အမြင့်ဆုံးအဆင့် သတိပေးချက်နှင့် အလုံးစုံသော ကာကွယ်ရေး အခြေအနေမျိုးနှင့်မူ လုံးဝ အလှမ်းဝေးကွာလှပေသည်။
စူပါကွန်ပျူတာတစ်လုံးထဲသို့ ဟက်ရန်အတွက် ပြောင်မြောက်သော နည်းပညာများအပြင် အားနည်းချက်များကို ရှာဖွေရန် အချိန်အမြောက်အမြား လိုအပ်သည်။ ဤအချက်ကြောင့်ပင် ရာဖေးလ်၏ နည်းပညာမှာ ရှီလဲ့ထက် အနည်းငယ် နိမ့်ကျနေသော်လည်း ရှီလဲ့တစ်ယောက် ဗျူရို၏ စူပါကွန်ပျူတာကြောင့် အပိတ်ခံထားရချိန်တွင် သူကမူ ကူရိုင်း နိီဘာကူ၏ ကွန်ပျူတာထဲသို့ အလွယ်တကူ ခိုးဝင်နိုင်ခဲ့ခြင်း ဖြစ်သည်။
အကယ်၍ ရှီလဲ့ကို အချိန် တစ်နာရီ သို့မဟုတ် နှစ်နာရီခန့် ပေးလိုက်လျှင်မူ သူသည် နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာ ထောက်လှမ်းရေးဗျူရို၏ စူပါကွန်ပျူတာ ကာကွယ်ရေးစနစ်ကို ဧကန်မုချ ဖောက်ထွင်းနိုင်မည် ဖြစ်သည်။
သို့သော်လည်း... လက်ရှိတွင် ထိုမျှလောက် အဖိုးတန်လှသော အချိန်များစွာ မရှိခြင်းကသာ ပြဿနာ ဖြစ်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာ ထောက်လှမ်းရေးဗျူရို အတွင်း၌ ကူရိုင် နိီဘာကူသည် ဖုန်းကို ကောက်ကိုင်ကာ ဆိုက်ဘာလုံခြုံရေး ပညာရှင် ပထမအဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ အိုဒါ ရှိီးရှန်ထံသို့ ဖုန်းခေါ်ဆိုလိုက်သည်။ သူသည် ဦးစွာပထမ ပမာဏ ၉.၀ အဆင့်ရှိ ငလျင်သတင်းမှာ ဟက်ကာတစ်ဦး ခိုးဝင်မှုကြောင့် ဖြစ်ပေါ်လာသည့် သတင်းအမှားသာ ဖြစ်ကြောင်း ရှင်းပြလိုက်ပြီးနောက် လုံခြုံရေးပညာရှင် အားလုံးကို ဆိုက်ဘာလုံခြုံရေးဌာနသို့ ချက်ချင်း ပြန်လာကြရန်နှင့် ငလျင်ကြိုတင်ခန့်မှန်းရေးအဖွဲ့၏ ဒေတာများကို နှောက်ယှက် ပြုပြင်ခဲ့သည့် ဟက်ကာကို အစွမ်းကုန် ဖမ်းဆီးရန် အမိန့်ပေးလိုက်တော့သည်။
ရှနိုင်ငံမှ ဟက်ကာမဟာမိတ်စစ်တပ်ကြီးသည် ဂျပန်နိုင်ငံ၏ အင်တာနက် လောကထဲတွင် မြင်းဇက်ကုန်နှင်လျက် ရှိသည်။ ဂျပန်နိုင်ငံ တိုကျိုတွင် ပမာဏ ၉.၀ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်တော့မည်ဟူသော သတင်းကို မြင်တွေ့ရသောအခါ ဟက်ကာအားလုံးနီးပါးမှာ ဝမ်းသာအားရ ကြွေးကြော်ခဲ့ကြသည်။
သဘာဝဘေးအန္တရာယ်နှင့် ရင်ဆိုင်ရချိန်တွင် ဂျပန်ဟက်ကာများ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အကြီးအကျယ် ကျဆင်းသွားပေလိမ့်မည်။
ဟက်ကာမဟာမိတ်အဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ ဓါးနက်သည် အဖွဲ့၏ အသံဆက်သွယ်ရေးလိုင်းထဲတွင် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “ညီအစ်ကိုတို့ရေ... ကောင်းကင်ကြီးကတောင် ငါတို့ကို ကူညီနေပြီ”
ယာဆူကူနီ နတ်ကွန်းကို ဝိုင်းရံထားကြသော နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာ ထောက်လှမ်းရေးဗျူရိုမှ လုံခြုံရေးပညာရှင်များ ဆုတ်ခွာသွားပြီးနောက် ဟက်ကာမဟာမိတ်အဖွဲ့အပေါ် ကျရောက်နေသည့် ဖိအားများမှာ အတော်လေး လျော့နည်းသွားခဲ့သည်။ ၎င်းတို့သည် ချက်ချင်းပင် မယုံနိုင်စရာကောင်းသော ဖျက်ဆီးရေးစွမ်းရည်များကို ပြသကာ ဂျပန်နိုင်ငံ၏ အွန်လိုင်းကမ္ဘာထဲတွင် ကြီးမားသော ပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေခဲ့သည်။
ခဏအကြာတွင် ရာဖေးလ်သည် တီဗီလိုင်း အားလုံး၏ အစီအစဉ်များကို ထိန်းချုပ်ကာ သတင်းအမှားဖြစ်ကြောင်း ရှင်းလင်းချက် ထုတ်ပြန်လိုက်သောအခါ ဟေးဖုန်းသည် အခြေအနေတစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း ချက်ချင်း ရိပ်မိလိုက်သည်။
နိုင်ငံနှစ်ခုကြားက ဟက်ကာစစ်ပွဲသည် အင်တာနက်လောကထဲတွင် ဆူညံပွက်လောရိုက်နေရုံဖြင့် အဆင်ပြေရုံရှိသေးသော်လည်း ဟက်ကာတစ်ယောက်က ဤမျှအထိ ရက်စက်ကြမ်းကြုတ်စွာ ငလျင်ကြိုတင်ခန့်မှန်းရေးအဖွဲ့ကို အသုံးပြုပြီး ဂျပန်နိုင်ငံ တိုကျိုကို ဤမျှ ပြင်းထန်စွာ တိုက်ခိုက်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။
ဓါးနက်သည် NTV ၏ အရေးပေါ် သတင်းလိုင်းမှတစ်ဆင့် တိုကျိုမြို့ ကိုကုဘွန်းဂျီမြို့၏ သနားစရာကောင်းလှသော ပျက်စီးယိုယွင်းမှု အခြေအနေများကို မြင်တွေ့ခဲ့ရသည်။ ဤတစ်ကြိမ်တွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာ ထောက်လှမ်းရေးဗျူရိုအနေဖြင့် ငလျင်ကြိုတင်ခန့်မှန်းရေးအဖွဲ့၏ ဒေတာများကို ပြုပြင်ခဲ့သည့် ဟက်ကာကို မိမိရရ ဖမ်းဆီးရန် ဧကန်မုချ အံကြိတ် ဆုံးဖြတ်ထားကြပေလိမ့်မည်။
ထို့အပြင် ၎င်းတို့ကိုယ်တိုင်လည်း ဒုက္ခရောက်နိုင်ခြေ ရှိပေသည်။
တစ်ချိန်တည်းမှာပင် နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာ ထောက်လှမ်းရေးဗျူရို၏ စူပါကွန်ပျူတာကို ကိုင်တွယ်ဖြေရှင်းနေဆဲဖြစ်သော ရှီလဲ့မှာမူ ဗျူရို၏ ပညာရှင်များ ဆိုက်ဘာလုံခြုံရေးဌာနသို့ အပြေးအလွှား ပြန်လည်ရောက်ရှိနေကြပြီဖြစ်ကြောင်းနှင့် သူ့အား ဖမ်းဆီးရန် လက်ဦးမှု ရယူတော့မည်ဖြစ်ကြောင်းကို လုံးဝ မသိရှိသေးပေ။