အခန်း ၁၆၇
Vol. 17 Ch. 167
အခန်း - ၁၆၇
နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာ ထောက်လှမ်းရေးဗျူရို၏ စူပါကွန်ပျူတာသည် စူပါကွန်ပျူတာ ယန် ၏ စွမ်းဆောင်ရည် ကိုးဆယ်ရာခိုင်နှုန်းခန့် ရှိပြီး သီးသန့် Linux စနစ်တစ်ခုကို အသုံးပြုထားသည်။ ထို့ကြောင့် ရှီလဲ့အနေဖြင့် အချိန်တိုအတွင်း ၎င်းကို ဖောက်ထွင်းဝင်ရောက်ရန် အလွန်အမင်း ခက်ခဲပေလိမ့်မည်။
ရှီလဲ့သည် စူပါကွန်ပျူတာ ယန် ကို ထိန်းချုပ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာ ထောက်လှမ်းရေးဗျူရို၏ စူပါကွန်ပျူတာကို အလုံးစုံ စကင်ဖတ်လိုက်ပြီး စူပါကွန်ပျူတာ၏ ဖိုင်းယားဝေါလ်ကိုလည်း ကိုယ်တိုင် စမ်းသပ်စစ်ဆေးလိုက်သည်။
‘တောက်... ငါ ဒီစူပါကွန်ပျူတာတွေကို အမုန်းဆုံးပဲ’ ရှီလဲ့က စိတ်ထဲကနေ မကျေမနပ် ညည်းတွားလိုက်မိသည်။
ဆိုက်ဘာလုံခြုံရေးဌာနအတွင်း၌ ကူရိုင်း နီဘာကူသည် အဖွဲ့ဆယ့်နှစ်ဖွဲ့စလုံးမှ လုံခြုံရေးပညာရှင် အားလုံးကို စုစည်းလိုက်ပြီး လော်စပီကာစနစ်မှတစ်ဆင့် ကျယ်လောင်စွာ ကြေညာလိုက်သည်။ “လုပ်ဖော်ကိုင်ဖက်တို့... ကျွန်တော် မင်းတို့ကို စိတ်ပျက်စရာကောင်းတဲ့ သတင်းဆိုးတစ်ခု ပြောရမယ် ကိုကုဘွန်းဂျီမြို့မှာ ဖြစ်မယ်ဆိုတဲ့ ပမာဏ ၉.၀ အဆင့်ရှိ ငလျင်ဆိုတာ ဟက်ကာတစ်ယောက်က ငလျင်ကြိုတင်ခန့်မှန်းရေးအဖွဲ့ထဲ ခိုးဝင်ပြီး ဒေတာတွေကို မသမာတဲ့နည်းနဲ့ ပြုပြင်မွမ်းမံထားတဲ့ သတင်းအတုသက်သက်ပဲ”
စတုရန်းမီတာ လေးရာကျော် ကျယ်ဝန်းသော ရုံးခန်းမကြီးအတွင်းရှိ ဆိုက်ဘာလုံခြုံရေးအဖွဲ့ ဆယ့်နှစ်ဖွဲ့မှ စုစုပေါင်း လူတစ်ရာ့နှစ်ဆယ်ခန့်သည် ငြိမ်သက်စွာ နားထောင်နေကြသည်။
“ဒီငလျင်ကြောင့် ဘယ်လောက်အထိ ဆုံးရှုံးမှုတွေ ရှိခဲ့လဲ မင်းတို့ သိချင်လား” ကုရိုင်း နီဘာကူသည် လက်ထဲက စာရွက်စာတမ်းကို ကိုင်ကာ ဖတ်ပြလိုက်သည်။ “နာရီဝက်မပြည့်ခင် အချိန်အတွင်းမှာတင် ကိုကုဘွန်းဂျီမြို့တစ်ခုတည်းမှာတင် သေဆုံးသူဦးရေ မိနစ်ပိုင်းအတွင်း အယောက်နှစ်ဆယ်အထိ ရှိသွားပြီ အဆောက်အအုံ ခုနစ်လုံး မီးလောင်ခဲ့တယ် ရတနာဆိုင် ဆယ့်သုံးဆိုင် ဓားပြတိုက်ခံရတယ် ပြီးတော့ ကျွန်တော့်လက်ထဲမှာ ရှိတဲ့ ဒေတာတွေက ပထမဆုံး ကနဦး စာရင်းဇယားတွေပဲ ရှိသေးတယ်”
ဤကဲ့သို့သော ဒေတာများကို ကြားလိုက်ရသောအခါ၊ အထူးသဖြင့် သေဆုံးသူဦးရေ အယောက်နှစ်ဆယ်အထိ ရှိသွားကြောင်း ကြားလိုက်ရချိန်တွင် လုံခြုံရေးပညာရှင်များသည် ၎င်းတို့၏ လက်သီးများကို တင်းတင်းဆုပ်လိုက်ကြတော့သည်။
ယခုက ငြိမ်းချမ်းရေးကာလ ဖြစ်သည်။
သေခြင်းတရားက ဂျပန်နိုင်ငံဆီသို့ အမှန်တကယ် ကျရောက်လာခဲ့ခြေပြီ။
ဤအရာကို ဟက်ကာများ၏ ဖျက်ဆီးမှုဟု မသတ်မှတ်နိုင်တော့ဘဲ အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုအဖြစ်သာ အဓိပ္ပာယ်ဖွင့်ဆိုရပေလိမ့်မည်။
ကူရိုင်း နိီဘာကူသည် လက်ထဲက စာရွက်စာတမ်းကို ချလိုက်ပြီး ဒုတိယထပ် စင်္ကြံပေါ်တွင် ရပ်ကာ အောက်ရှိ ဆိုက်ဘာလုံခြုံရေးပညာရှင် အမြောက်အမြားကို စိုက်ကြည့်ရင်း ဝမ်းနည်းပူဆွေးသော လေသံဖြင့် ပြောလိုက်သည်။ “လုပ်ဖော်ကိုင်ဖက်တို့... ကျွန်တော်တို့ရဲ့ ပေါ့ဆမှုကြောင့် တိုကျိုမြို့မှာ ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ဖြစ်ပွားခဲ့ရပြီ... ဒီအမှားကို ကျွန်တော်တို့ ပြန်လည်ကုစားနိုင်ဖို့ မျှော်လင့်ပါတယ် ငလျင်ကြိုတင်ခန့်မှန်းရေးအဖွဲ့ရဲ့ ဒေတာတွေကို ပြုပြင်ခဲ့တဲ့ ဟက်ကာက အခု ကျွန်တော်တို့ရဲ့ အတွင်းပိုင်း ဆာဗာကို တိုက်ခိုက်နေတယ်... လုပ်ဖော်ကိုင်ဖက်တို့... မင်းတို့ သူ့ကို ဖမ်းမိနိုင်မလား”
“ဖမ်းမိနိုင်ပါတယ်” ဟု ဆိုက်ဘာလုံခြုံရေးပညာရှင်များက ကျယ်လောင်စွာ ဖြေကြားလိုက်ကြသည်။
ကုရိုင်း နီဘာကူ၏ အသံက ပိုမိုပြင်းထန်လာပြီး “နည်းနည်းလောက် ထပ်ပြီး ကျယ်ကျယ်ပြောစမ်း... ငါ မကြားရဘူး”
“ဖမ်းမိနိုင်ပါတယ် ကျွန်တော်တို့ရဲ့ မိခင်နိုင်ငံတော်ရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ ဟက်ကာကို မဖြစ်ဖြစ်အောင် ဖမ်းဆီးမယ်လို့ ကျိန်ဆိုပါတယ်” အိုဒါ ရှိီးရှန်က ဦးဆောင်၍ အော်ဟစ်လိုက်ပြီး ကျန်ရှိသော ဆိုက်ဘာလုံခြုံရေးပညာရှင်များကလည်း ထပ်ဆင့်ကာ အော်ဟစ်လိုက်ကြတော့သည်။
ကူရိုင်း နိီဘာကူက ခေါင်းကို လေးလံစွာ ညိတ်လိုက်ပြီး “အားလုံးကို မင်းတို့ဆီပဲ လွှဲလိုက်ပြီ”
ဆိုက်ဘာလုံခြုံရေးပညာရှင် အဖွဲ့ဆယ့်နှစ်ဖွဲ့စလုံးသည် ၎င်းတို့၏ စားပွဲခုံများဆီသို့ ပြန်သွားကြပြီး ကွန်ပျူတာများကို လည်ပတ်လုပ်ဆောင်ကာ သက်ဆိုင်ရာ အဖွဲ့ခေါင်းဆောင်များ၏ ကွပ်ကဲမှုအောက်တွင် အတွင်းပိုင်းဆာဗာကို ဝိုင်းရံပိတ်ဆို့လိုက်ကြတော့သည်။
ရှီလဲ့သည် အားနည်းချက်တစ်ခုကို တိုက်ခိုက်နေပြီး အတွင်းပိုင်းဆာဗာထဲသို့ ဝင်ရောက်ခါနီးအချိန်တွင် ကျောက်ဆောင်သဖွယ် မာကျောသော ဖိုင်းယားဝေါလ် က အသည်းအသန် သတိပေးချက် ထုတ်ပြန်လာခဲ့သည်။ ရှီလဲ့က ထိုသတိပေးချက်ကို တစ်ချက် ကြည့်လိုက်ရုံမျှဖြင့် သူ၏ မျက်နှာက ချက်ချင်း ဖြူဖျော့သွားခဲ့ရသည်။
ဒေတာစီးကြောင်း ရာပေါင်းများစွာသည် အတွင်းပိုင်းဆာဗာ၏ အပြင်ဘက်အနားသတ်တွင် ပျံဝဲနေကြပြီး ၎င်းတို့က ဝိုင်းရံပိတ်ဆို့မှုတစ်ခုကို ပြုလုပ်ထားပြီး ဖြစ်သည်။ ရှီလဲ့အနေဖြင့် မည်သို့ပင် ထွက်ပြေးရန် ကြိုးပမ်းပါစေ ၎င်းတို့က သူ၏ ခြေရာကို ရှာဖွေတွေ့ရှိပြီး လိုက်လံဖမ်းဆီးနိုင်မည် ဖြစ်သည်။
‘တောက်... ဘာတွေ ဖြစ်ကုန်တာလဲ’ ရှီလဲ့က စိတ်ထဲကနေ ကျိန်ဆဲလိုက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာ ထောက်လှမ်းရေးဗျူရို၏ အတွင်းပိုင်းဆာဗာထဲမှ ချက်ချင်း ဆုတ်ခွာလိုက်တော့သည်။
ဒေတာစီးကြောင်း ရာပေါင်းများစွာက ရှီလဲ့ကို နောက်ယောင်ခံ လိုက်လာကြပြီး ထိုအထဲတွင် ဒေတာစီးကြောင်း တစ်ဆယ့်နှစ်ခုကမူ အနီးကပ်ဆုံး လိုက်လံ ဖမ်းဆီးနေသည်။ ၎င်းတို့မှာ အခြားမဟုတ်ဘဲ ကမ္ဘာ့အဆင့်မီ လုံခြုံရေးပညာရှင် အဖွဲ့တစ်ဆယ့်နှစ်ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များပင် ဖြစ်သည်။
ဟက်ကာမဟာမိတ်အဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ ဓါးနက်သည် ထောက်ပံ့ပို့ဆောင်ရေး မန်နေဂျာဖြစ်သူ ကျားသစ်နက်ကို တရားဝင်အဖွဲ့ဝင်များအားလုံး မိမိတို့နိုင်ငံသို့ ပြန်ကြရန်နှင့် ၎င်းတို့၏ ကိုယ်ပိုင်ကွန်ပျူတာများမှ ခိုးဝင်မှုခြေရာလက်ရာ အားအားလုံးကို ဖျက်ဆီးပစ်ရန် ညွှန်ကြားလိုက်သည်။
ကျားသစ်နက် ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာ ထောက်လှမ်းရေးဗျူရို ဆိုက်ဘာလုံခြုံရေးဌာန၏ အရံအဖွဲ့မှ လုံခြုံရေးပညာရှင်များသည် ယာဆူကူနီ နတ်ကွန်း၏ တရားဝင်ဝက်ဆိုက်ကို အသည်းအသန် ပြန်လည် တိုက်ခိုက်ကြတော့သည်။
တစ်ချိန်တည်းမှာပင် ထွက်ခွာသွားသော ကျားသစ်နက်က အသံဆက်သွယ်ရေးလိုင်းထဲတွင် ရုတ်တရက် စိုးရိမ်တကြီး ပြောလာခဲ့သည်။ “ခေါင်းဆောင်... ကျွန်တော်တို့ရဲ့ သီးသန့်ဆာဗာကို နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာ ထောက်လှမ်းရေးဗျူရိုက တိုက်ခိုက်နေပြီ သူတို့ရဲ့ တိုက်စစ်က အရမ်းပြင်းထန်တယ်၊ ကျွန်တော် တစ်ယောက်တည်း မတောင့်ခံနိုင်တော့ဘူး”
ဓါးနက်က လျင်မြန်စွာ ပြောလိုက်သည်။ “အနက်ရောင်လက်... မင်း တစ္ဆေနက် နဲ့ အနက်ရောင်နှလုံးသားကို ခေါ်ပြီး သီးသန့်ဆာဗာကို ချက်ချင်း ပြန်ကာကွယ်တော့ သီးသန့်ဆာဗာကို ဘာပြဿနာမှ အဖြစ်ခံလို့ မရဘူး”
ဟက်ကာမဟာမိတ်အဖွဲ့၏ သီးသန့်ဆာဗာသည် ၎င်းတို့၏ တရားဝင်အဖွဲ့ဝင်များအတွက် IP Address ကာကွယ်ရေး ဝန်ဆောင်မှုများကို ပေးဆောင်ထားခြင်း ဖြစ်သည်။ အကယ်၍ သီးသန့်ဆာဗာသာ ဖောက်ထွင်းခံလိုက်ရပါက ဟက်ကာမဟာမိတ်အဖွဲ့၏ တရားဝင်အဖွဲ့ဝင် အများစုမှာ ဒုက္ခအကြီးအကျယ် ရောက်ပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် တရားဝင်အဖွဲ့ဝင်အများစုသည် သီးသန့်ဆာဗာသို့ ချိတ်ဆက်ရန် အသုံးပြုထားသော IP Address များမှာ ၎င်းတို့၏ အစစ်အမှန် IP Address များ ဖြစ်နေသောကြောင့် ဖြစ်သည်။ သီးသန့်ဆာဗာသာ ကျဆုံးသွားပါက ဟက်ကာမဟာမိတ်အဖွဲ့၏ အဖွဲ့ဝင်အမြောက်အမြားမှာ အလင်းပေါ်သို့ ရောက်ရှိသွားပေလိမ့်မည်။
အကယ်၍ ဟက်ကာမဟာမိတ်အဖွဲ့၏ အဖွဲ့ဝင်အမြောက်အမြား အလင်းပေါ်သို့ ရောက်ရှိသွားပါက ဟက်ကာမဟာမိတ်အဖွဲ့သည် ပြင်းထန်သော ရိုက်ခတ်မှုကို ခံရမည်ဖြစ်ပြီး ဖျက်သိမ်းရမည့် အကျပ်အတည်းနှင့်ပင် ရင်ဆိုင်ရနိုင်ခြေ ရှိသည်။
သူ၏အဖွဲ့ကို ဦးဆောင်ကာ သီးသန့်ဆာဗာသို့ ပြန်သွားခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာ ထောက်လှမ်းရေးဗျူရို၏ တိုက်ခိုက်မှုကို တားဆီးရင်း တစ်ချိန်တည်းမှာပင် သီးသန့်ဆာဗာ၏ စနစ်မှတ်တမ်းများကို ရှင်းလင်းလိုက်သည်။
ကျားသစ်နက်သည် ဟက်ကာမဟာမိတ်အဖွဲ့၏ ဝက်ဆိုက်မှတစ်ဆင့် တရားဝင်အဖွဲ့ဝင်အားလုံးထံသို့ အတွင်းပိုင်း မက်ဆေ့ခ်ျများ ပေးပို့ကာ ၎င်းတို့၏ ကိုယ်ပိုင်ကွန်ပျူတာများမှ ခိုးဝင်မှုလိပ်စာများကို ဖျက်ဆီးပစ်ရန် ညွှန်ကြားလိုက်သည်။
ယာဆူကူနီ နတ်ကွန်းတွင် ဟက်ကာမဟာမိတ်အဖွဲ့၏ အဓိကအဖွဲ့ဝင် ခြောက်ဦးသာ ကျန်ရှိတော့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာ ထောက်လှမ်းရေးဗျူရိုမှ အရံအဖွဲ့ ဆိုက်ဘာလုံခြုံရေးပညာရှင်များ၏ အရေအတွက်မှာမူ ပိုမိုတိုးပွားလာနေသည်။
အစပိုင်းတွင် အရံအဖွဲ့ သုံးဖွဲ့သာ ရှိသော်လည်း ယခုအခါ အရံအဖွဲ့ ခုနစ်ဖွဲ့အထိ တိုက်ခိုက်နေပြီ ဖြစ်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာ ထောက်လှမ်းရေးဗျူရိုတွင် စုစုပေါင်း အရံအဖွဲ့ နှစ်ဆယ့်ခုနစ်ဖွဲ့ ရှိသည်။ ယာဆူကူနီ နတ်ကွန်းကို ကိုင်တွယ်နေသည့် အဖွဲ့ခုနစ်ဖွဲ့မှလွဲ၍ ကျန်ရှိသော အဖွဲ့နှစ်ဆယ်သည် တရုတ်နိုင်ငံ၏ တတိယမျိုးဆက် ဟက်ကာအဖွဲ့အစည်းကို စတင် တိုက်ခိုက်ကြတော့သည်။
ကမ္ဘာပေါ်တွင် အဆင့်မြင့်နီးပါး ရှိသော လုံခြုံရေးပညာရှင်များနှင့် ရင်ဆိုင်ရသောအခါ တရုတ်နိုင်ငံ၏ တတိယမျိုးဆက် ဟက်ကာအဖွဲ့အစည်းသည် ကြက်ကလေး ငှက်ကလေးများကဲ့သို့ အထိနာကာ အလဲလဲအပြိုပြို ကျရှုံးသွားခဲ့ရတော့သည်။
အခြားတစ်ဖက်တွင်မူ ရှီလဲ့သည် နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာ ထောက်လှမ်းရေးဗျူရို ဆိုက်ဘာလုံခြုံရေးဌာန၏ တရားဝင်အဖွဲ့တစ်ဆယ့်နှစ်ဖွဲ့၏ လိုက်လံဖမ်းဆီးမှုမှ လွတ်မြောက်ရန် အလွန်အမင်း ရုန်းကန်နေရသည်။
ကြားခံဆာဗာနှစ်ဆယ့်နှစ်လုံး ဆက်တိုက်ကို နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာ ထောက်လှမ်းရေးဗျူရို၏ လုံခြုံရေးပညာရှင်များက ဆယ်စက္ကန့်ပင် မပြည့်ခင်အတွင်း ဖောက်ထွင်းဖျက်ဆီးပစ်ခဲ့ကြပြီး ရှီလဲ့မှာမူ သီသီလေးသာ လွတ်မြောက်ခဲ့ရသည်။
ထိုတရားဝင်အဖွဲ့ တစ်ဆယ့်နှစ်ဖွဲ့၏ နောက်ကွယ်တွင်မူ ဖုံးကွယ်ထားသော ဒေတာစီးကြောင်းတစ်ခုက အေးအေးလူလူ လိုက်ပါလာနေသည်။ ဤဒေတာစီးကြောင်းမှာ ရှီလဲ့၏ အစီအစဉ်ကို ဖျက်ဆီးပြီး ရှီလဲ့ကို အလွန်အမင်း အန္တရာယ်ရှိသော အခြေအနေသို့ တွန်းပို့ခဲ့သည့် ရာဖေးလ်ပင် ဖြစ်သည်။
ဂျင်းယာဥယျာဉ် ၊အဆောက်အအုံ (၁၀)၊ အခန်း (၂၀၀၃) အတွင်း၌ ရှီလဲ့၏ နှုတ်ခမ်းများက တင်းတင်းစေ့ထားပြီး မျက်မှန်နောက်ကွယ်ရှိ သူ၏ မျက်ဝန်းများက အေးစက်သော အလင်းရောင်များဖြင့် တောက်ပနေသည်။
‘ဒါက နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာ ထောက်လှမ်းရေးဗျူရိုရဲ့ လိုက်လံဖမ်းဆီးနိုင်တဲ့ အင်အားအားလုံးပဲလား မျှော်လင့်ထားတဲ့အတိုင်း တကယ့်ကို အစွမ်းထက်လွန်းတယ်... တစ်ယောက်ချင်းစီက ကမ္ဘာ့အဆင့်မီပဲ ရှိပေမယ့် သူတို့ရဲ့ ပေါင်းစပ်အင်အားက ငါ့ကိုတောင် သုံးလှမ်းလောက် ဆုတ်ခွာသွားအောင် ဖိအားပေးနိုင်တယ်’
အသံတိတ်ကီးဘုတ်မှ တိုးညင်းသော အသံတစ်ခု ထွက်ပေါ်လာပြီး ရှီလဲ့၏ လက်ချောင်းဆယ်ချောင်းမှာ ရိပ်ခနဲ ရိပ်ခနဲ ဖြစ်သွားသည်အထိ မြန်ဆန်လှသည်။
ဆိုက်ဘာလုံခြုံရေးဌာန၏ အထွေထွေရုံးခန်းအတွင်း၌ ပထမအဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ အိုဒါ ရှိရှန်က ကျယ်လောင်စွာ ပြောလိုက်သည်။ “လုပ်ဖော်ကိုင်ဖက်တို့... နည်းနည်းလောက် ထပ်ပြီး ဖိအားပေးလိုက်စမ်းပါ၊ ငါတို့ သူ့ကို မိတော့မယ်”
တရားဝင်အဖွဲ့ တစ်ဆယ့်နှစ်ဖွဲ့၏ နောက်ကွယ်မှ လိုက်ပါလာသော ရာဖေးလ်သည် လောလောဆယ်တွင် ရယ်မောနေသည်။ “ဟားဟားဟား... အဲဒီကောင်က ဒီလုံခြုံရေးပညာရှင်တွေရဲ့ လိုက်လံဖမ်းဆီးတာကို ကမ္ဘာပတ်ပြီး ထွက်ပြေးနေရတာပဲ... ခံရမှာပေါ့ ငါ့ရဲ့ Plan R ကို လက်ရဲဇက်ရဲ လာထိရဲတယ် မင်းကို ငါ ဘယ်တော့မှ ခွင့်မလွှတ်ဘူး”
ထွက်ပြေးနေရသော ရှီလဲ့သည် လုပ်ငန်းစုအဆင့် ဆာဗာအကြီးစားတစ်ခုကို ခေါ်ယူလိုက်ပြီး ကနဦး ကာကွယ်ရေးစနစ်များကို လျင်မြန်စွာ တည်ဆောက်လိုက်သည်။ စက္ကန့်အနည်းငယ်အကြာတွင် အဖွဲ့ခေါင်းဆောင် ဆယ့်နှစ်ဦးစလုံး ပထမဆုံး ရောက်ရှိလာကြပြီး ရှီလဲ့၏ ပိတ်ဆို့ခြင်းကို ခံလိုက်ရသည်။
သို့သော်လည်း ၎င်းတို့သည် ခေတ္တမျှသာ ပိတ်ဆို့ခြင်း ခံလိုက်ရပြီး ချက်ချင်းပင် ပြန်လည် တိုက်ခိုက်ကြသဖြင့် ရှီလဲ့မှာ စနစ်မှတ်တမ်းများနှင့် ချိတ်ဆက်ထားသော IP အချက်အလက်များကို ရှင်းလင်းရန် အချိန်မရဘဲ အသည်းအသန် ကာကွယ်နေရတော့သည်။
အကယ်၍ ချိတ်ဆက်ထားသော IP အချက်အလက်များကို မရှင်းလင်းနိုင်ပါက ထိုလုံခြုံရေးပညာရှင်များသည် ချိတ်ဆက်ထားသော IP လိပ်စာအတိုင်း ဆက်လက် ခြေရာခံပြီး ရှီလဲ့ကို လိုက်လံဖမ်းဆီးနိုင်မည် ဖြစ်သည်။ အကယ်၍ ရှီလဲ့က ထွက်ပြေးရုံသာ ပြေးနေမည်ဆိုပါက နောက်ဆုံးတွင် သူ ရှုံးနိမ့်သွားပေလိမ့်မည်။
ထိုလုပ်ငန်းစုအဆင့် ဆာဗာအကြီးစားအတွင်း၌ ရှီလဲ့သည် ထောင်ချောက်များနှင့် ဗိုင်းရပ်စ်ဗုံး အမျိုးမျိုးကို လျင်မြန်စွာ ဖန်တီးလိုက်ပြီး ဆာဗာတစ်ခုလုံးကို ပရမ်းပတာ ဖြစ်သွားအောင် ပြုလုပ်လိုက်သည်။
အဖွဲ့ခေါင်းဆောင် ဆယ့်နှစ်ဦးသည် ထိုလုပ်ငန်းစုအဆင့် ဆာဗာအကြီးစားကို ဖောက်ထွင်းပြီးကာမှ ထောင်ချောက်များ၏ ပိတ်ဆို့ခြင်းကို ချက်ချင်း ခံလိုက်ရပြီး ဗိုင်းရပ်စ်ဗုံးအမြောက်အမြား ပေါက်ကွဲထွက်လာကာ ဆာဗာအကြီးစားတစ်ခုလုံးကို လျင်မြန်စွာ ဖျက်ဆီးပစ်လိုက်တော့သည်။
ရှီလဲ့သည် ဆာဗာထဲမှ ရုန်းထွက်လိုက်ပြီး နောက်ထပ် ဆာဗာတစ်ခုသို့ လျင်မြန်စွာ ဆုတ်ခွာသွားခဲ့သည်။ သို့သော်လည်း နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာ ထောက်လှမ်းရေးဗျူရို၏ တရားဝင်အဖွဲ့ ဆယ့်နှစ်ဖွဲ့ကို ဤမျှလောက်နှင့် အလွယ်တကူ ခါချနိုင်ပါမည်လား။
အကယ်၍ ရှီလဲ့သာ အပြည့်အဝ ပြင်ဆင်ထားခဲ့မည်ဆိုပါက ၎င်းတို့ကို ခါချနိုင်ကောင်း ခါချနိုင်လိမ့်မည်။ သို့သော် ရှီလဲ့သည် ရာဖေးလ်၏ လှည့်စားခြင်းကို ခံခဲ့ရသဖြင့် သူ၏ ပြင်ဆင်မှုများမှာ မလုံလောက်ခဲ့ချေ။ ထို့အပြင် ရှီလဲ့၏ ကာကွယ်ရေးစနစ်မှာ သူ၏ တိုက်စစ်ကဲ့သို့ ထက်မြက်မှု မရှိခြင်းကြောင့် သူ၏ ထွက်ပြေးမှုမှာ အတော်လေး ခက်ခဲနေခြင်း ဖြစ်သည်။
ရာဖေးလ်သည် ရှီလဲ့၏ နောက်ကွယ်မှသာ လိုက်ပါနေပြီး သူ့ကို တိုက်ခိုက်ခြင်း မရှိချေ။ သူ၏ ရည်ရွယ်ချက်မှာ ရှီလဲ့၏ လက်ထဲတွင် ရှိနေသော Plan R သာ ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာ ထောက်လှမ်းရေးဗျူရိုကို ကူညီပြီး ရှီလဲ့ကို ဖမ်းဆီးရန် မဟုတ်ပေ။
‘တိုကျိုမြို့တော်အစိုးရရဲ့ တရားဝင်ဝက်ဆိုက်ပဲဖြစ်ဖြစ်၊ ငလျင်ကြိုတင်ခန့်မှန်းရေးအဖွဲ့ပဲဖြစ်ဖြစ်... ငါ ဘာသက်သေမှ ချန်မထားခဲ့ပါဘူး... ဒီလုံခြုံရေးပညာရှင်တွေက ဘာလို့ ငါ့နောက်ကို လိုက်နေကြတာလဲ အမုန်းဆုံး နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာ ထောက်လှမ်းရေးဗျူရို... မင်းတို့ကို ငါ တကယ် မုန်းတယ်’ ရှီလဲ့သည် နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာ ထောက်လှမ်းရေးဗျူရိုမှ လုံခြုံရေးပညာရှင်များ အားလုံး အဘယ်ကြောင့် သူ့ကို ခြေရာခံရန် ဝိုင်းအုံ ထွက်လာကြသနည်း ဟု စိတ်ထဲကနေ သံသယဖြစ်မိသည်။ ဤအရာက လုံးဝကို သိပ္ပံမကျလှချေ။
ကံဆိုးစွာပင် သူ မည်သို့ပင် ခန့်မှန်းပါစေ သူကိုယ်တိုင် ရာဖေးလ်၏ ကစားခြင်းကို ခံနေရသည်ကိုမူ စိတ်ကူးပင် ယဉ်နိုင်မည် မဟုတ်ပေ။
ဤအရာက ရာဖေးလ်၏ အားသာချက် ဖြစ်သည်။ သူက အမှောင်ထဲတွင် ပုန်းကွယ်နေခြင်း ဖြစ်သည်။ ရှီလဲ့သည် Plan R ကို ယူဆောင်ထားသဖြင့် တစ်ဖက်သတ် အခြေအနေသို့ ရောက်ရှိနေရသည်။ ရှီလဲ့က နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာ ထောက်လှမ်းရေးဗျူရိုကို စူးစမ်းစစ်ဆေးချိန်တွင် ရာဖေးလ်က သူ့ကို ပစ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
သာမန် ကြားခံဆာဗာ သုံးဆယ်နီးပါးခန့် ထပ်မံ ဆုံးရှုံးသွားပြီးနောက် ရှီလဲ့ ယာယီပြင်ဆင်ထားသော ကြားခံဆာဗာများမှာ ကုန်ဆုံးလုနီးပါး ဖြစ်သွားခဲ့ရပြီ။
ကြားခံဆာဗာများ မရှိတော့ပါက ရှီလဲ့အနေဖြင့် စိတ်မကောင်းစရာ အခြေအနေနှင့် ဧကန်မုချ ရင်ဆိုင်ရတော့မည် ဖြစ်သည်။
‘ငါ ဘာလုပ်ရမလဲ တောက်... ငါ ဘာလုပ်ရမလဲ ငါ စူပါကွန်ပျူတာ ယန် ကိုပဲ စွန့်လွှတ်လိုက်ရမလား’ ရှီလဲ့က စိတ်ထဲကနေ တိတ်တဆိတ် တွေးတောနေမိသည်။
စူပါကွန်ပျူတာ ယန် သည် ရှီလဲ့၏ အကြီးမားဆုံး ဝှက်ဖဲ ဖြစ်သည်။ အကယ်၍ သူသာ စူပါကွန်ပျူတာ ယန် ကို စွန့်လွှတ်လိုက်ပါက ရှီလဲ့အနေဖြင့် ကမ္ဘာ့အဆင့်မီ ဟက်ကာနည်းပညာများ ရှိနေသော်လည်း ပူးပေါင်းလုပ်ဆောင်မည့် စူပါကွန်ပျူတာတစ်လုံး မရှိတော့သည့် အခြေအနေသို့ ရောက်ရှိသွားမည် ဖြစ်သည်။
ထို့ကြောင့် ရှီလဲ့သည် နောက်ဆုံးအချိန်အထိ စူပါကွန်ပျူတာ ယန် ကို စွန့်လွှတ်ရန် လုံးဝ ဆန္ဒမရှိချေ။
နောက်ကွယ်မှ လိုက်ပါလာသော ရာဖေးလ်သည် ရှီလဲ့ ဖောက်ထွင်းခဲ့သည့် ကြားခံဆာဗာများကို စိတ်ထဲကနေ တိတ်တဆိတ် ရေတွက်နေမိသည်။ “ဟွန်း... ကြားခံဆာဗာ ခုနစ့်ဆယ့်လေးလုံး ရှိသွားပြီ၊ နောက်ဆုံး သုံးလုံးက သာမန် လုပ်ငန်းစုအဆင့် ဆာဗာတွေအဖြစ် လျှော့ချသွားပြီ... ကြည့်ရတာ အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ကောင်က သူ့ရဲ့ စူပါကွန်ပျူတာ ဘော့တ် ကို ထုတ်သုံးတော့မယ် ထင်တယ်ဟုတ်လား... ငါ သူ့ရဲ့ စူပါကွန်ပျူတာကို ဖြုတ်ချနိုင်သရွေ့ သူ့ကို ဧကန်မုချ ရှာတွေ့မှာပဲ”
နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာ ထောက်လှမ်းရေးဗျူရို၏ တရားဝင် ဆိုက်ဘာလုံခြုံရေးပညာရှင် အဖွဲ့တစ်ဆယ့်နှစ်ဖွဲ့သည် ရှီလဲ့ကို ထွက်ပေါက်မရှိသည့် လမ်းပိတ်ထဲသို့ တဖြည်းဖြည်း မောင်းပိတ် ခြေရာခံမိသွားကြပြီ ဖြစ်သည်။
နံပါတ် (၁) ဆာဗာရှေ့တွင် ထိုင်နေသော ရှီလဲ့၏ မျက်ဝန်းများတွင် ပြတ်သားသော အရိပ်အယောင်များ ပေါ်ထွက်လာခဲ့သည်။
‘ကြည့်ရတာ... ငါ စွန့်လွှတ်လိုက်ရုံပဲ ရှိတော့တယ်’