← Chapters

အခန်း ၁၆၉

Vol. 17 Ch. 169

အခန်း ၁၆၉

Vol. 17 Ch. 169

အခန်း - ၁၆၉

ရှီလဲ့သည် ဒေတာစီးကြောင်း၏ ရင်းမြစ်ကို ခြေရာခံလိုက်ရာ တိကျသော IP လိပ်စာ ကို ရှာမတွေ့ခဲ့သော်လည်း ထိုရင်းနှီးကျွမ်းဝင်လှသော ပရောက်စီဆာဗာတည်ဆောက်ပုံ နည်းလမ်းများမှတစ်ဆင့် တစ်ဖက်လူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို ခန့်မှန်းမိသွားခဲ့သည်။ သူသည် အခြားသူမဟုတ်ဘဲ အိန်ဂျယ်ကောင်စီမှ မီးတောက်ဓား ရာဖေးလ်ပင် ဖြစ်သည်။

သူ၏ အစီအစဉ် အဘယ်ကြောင့် ပျက်စီးသွားခဲ့ရသနည်းဆိုသည်ကို ရှီလဲ့ နောက်ဆုံးတွင် သဘောပေါက်သွားခဲ့ပြီ။ ရာဖေးလ်သည် ကန့်လန့်ကာနောက်ကွယ်မှနေ၍ ကြိုးကိုင်နေခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

‘ပြီးခဲ့တဲ့တစ်ခေါက် ဆူမီဒါခရိုင်မှာ ငါ ရာဖေးလ်လက်ထဲကနေ Plan R ကို လုယူခဲ့တာ ရာဖေးလ် ငါ့ကို ပစ်မှတ်ထားတာကလည်း Plan R ကြောင့်ပဲ ဖြစ်ရမယ် ကောက်ကျစ်တဲ့ ရာဖေးလ်... မင်းက ငါ့ကို လုပ်ကြံဖို့ ဝံ့ရဲမှတော့ နောက်ဆက်တွဲ ဘာဖြစ်လာမလဲဆိုတာ ငါ့ကို လာအပြစ်မတင်နဲ့တော့’ ရှီလဲ့က စိတ်ထဲကနေ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရင်း ရာဖေးလ်၏ IP လ်ပ်စာ ကို ရှာဖွေရန် စူပါကွန်ပျူတာ ယန် ကို မောင်းနှင်လိုက်တော့သည်။

ရာဖေးလ်သည် ပန်ရှီဖိုင်းယားဝေါလ်ကို တိုက်ခိုက်ရန်အတွက်သာ အာရုံစိုက်နေသဖြင့် ရှီလဲ့၏ ပြောင်းပြန်ခြေရာခံမှုကို လုံးဝ သတိမပြုမိခဲ့ချေ။ ပန်ရှီဖိုင်းယားဝေါလ်၏ ပြောင်မြောက်လှသော စွမ်းဆောင်ရည်ကြောင့် လူတိုင်းက ရှီလဲ့သည် အဆင့်တစ် ဘော့တ်ဆာဗာအတွင်းမှနေ၍ ပန်ရှီဖိုင်းယားဝေါလ်ကို ကိုယ်တိုင် လည်ပတ်လုပ်ဆောင်နေသည်ဟု ထင်မှတ်နေကြသည်။ သို့သော် ၎င်းက ပန်ရှီဖိုင်းယားဝေါလ်၏ အလိုအလျောက် ကာကွယ်ရေးစနစ်သာ ဖြစ်သည်ကိုမူ ၎င်းတို့ မသိရှိကြချေ။

အိုဒါ ရှိီးရှန်သည် အဖွဲ့ဆယ့်နှစ်ဖွဲ့ကို ဦးဆောင်၍ ပန်ရှီဖိုင်းယားဝေါလ်ကို တိုက်ခိုက်ခဲ့သော်လည်း အကြိမ်ကြိမ် ပိတ်ဆို့ခြင်း ခံခဲ့ရသည်။ သူက ဆိုက်ဘာလုံခြုံရေးဌာနအတွင်း၌ ပန်ရှီဖိုင်းယားဝေါလ်၏ ထူးခြားချက် အားလုံးကို ဖော်ထုတ်ရန် အမိန့်ပေးလိုက်သည်။

၎င်းတို့အနေဖြင့် ပန်ရှီဖိုင်းယားဝေါလ်၏ ထူးခြားချက်များကို သိရှိထားသရွေ့ ဤအကြိမ်တွင် ရှီလဲ့ကို မဖမ်းမိလျှင်ပင် သက်သေအချို့ကို စုဆောင်းမိသွားမည် ဖြစ်သည်။ နောက်တစ်ကြိမ် ပန်ရှီဖိုင်းယားဝေါလ်နှင့် ထပ်မံ ကြုံတွေ့ရသောအခါ ရှီလဲ့၏ မည်သူမည်ဝါဖြစ်ကြောင်းကို လျင်မြန်စွာ အတည်ပြုနိုင်မည် ဖြစ်သည်။

ရာဖေးလ်၏ ဒေတာစီးကြောင်းအတိုင်း လိုက်ပါရင်း ရှီလဲ့သည် ပရောက်စီဆာဗာတစ်ခုပြီးတစ်ခုကို ကျော်ဖြတ်ကာ ရာဖေးလ်၏ နောက်ဆုံးချိတ်ဆက်မှု အပြင်ဘက်အနားသတ်သို့ အောင်မြင်စွာ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့သည်။

နောက်ဆုံးချိတ်ဆက်မှုသည် အစစ်အမှန် IP လိပ်စာ ပင် ဖြစ်သည်။ နောက်ဆုံးချိတ်ဆက်မှုကို ရှာတွေ့ပြီဆိုသည်နှင့် အစစ်အမှန် IP လိပ်စာ ကို ရှာတွေ့ခြင်းနှင့် ညီမျှပေသည်။

‘ဟားဟားဟား’ ရှီလဲ့က စိတ်ထဲကနေ ရူးသွပ်စွာ ရယ်မောလိုက်မိသည်။ ရာဖေးလ်၏ လက်ထဲတွင် စူပါကွန်ပျူတာ လဲ့ ရှိနေသည်ကို သူ သိရှိထားသည်။ အကယ်၍ ရာဖေးလ်သာ စူပါကွန်ပျူတာကို ချိတ်ဆက်ထားခဲ့မည်ဆိုပါက စူပါကွန်ပျူတာ၏ ကာကွယ်ရေးစနစ်ကို ဖောက်ထွင်းရန် ရှီလဲ့အနေဖြင့် အချိန်အတော်များများ ပေးရပေလိမ့်မည်။ သူ၏ ခြေရာကိုပင် ရိပ်မိသွားနိုင်ခြေ ရှိသည်။

သို့သော်လည်း စူပါကွန်ပျူတာကို ကာကွယ်ရန်အတွက် ရာဖေးလ်သည် ၎င်းကို အသုံးမပြုခဲ့ဘဲ ထိုအမှိုက် ဘော့တ်ဆာဗာများကိုသာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။

ဤအချက်ကြောင့်ပင် ရာဖေးလ်၏ အစစ်အမှန် IP လိပ်စာ ကို ရှီလဲ့က အမိအရ ဆုပ်ကိုင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ကွန်ပျူတာစခရင်ပေါ်ရှိ အမေရိကန်နိုင်ငံ ၏ IP Address ကို ကြည့်ရင်း ရှီလဲ့သည် ဤ IP Address ကို CIA သို့မဟုတ် FBI ထံသို့ တိုင်ကြားချင်စိတ် ပြင်းပြနေခဲ့သည်။ သို့သော်လည်း ပြန်လည် တွေးတောကြည့်ပြီးနောက် ရှီလဲ့ စိတ်ကို ထိန်းချုပ်လိုက်သည်။

၂၀၀၆ ခုနှစ်တွင် အိန်ဂျယ်ကောင်စီအတွင်း၌ ရာဖေးလ်၏ ရာထူးက သိပ်မမြင့်မားသေးသဖြင့် သူ သိရှိထားသည့် လျှို့ဝှက်ချက်များက သိပ်မများပြားလှသေးချေ။ အကယ်၍ သူသာ CIA သို့မဟုတ် FBI ၏ ဖမ်းဆီးခြင်းကို ခံရလျှင်ပင် အလွန်ဆုံးရှိလှ ထိုအေဂျင်းနှစ်ခုအတွက် အတင်းအဓမ္မ အလုပ်လုပ်ပေးရသည့် အခြေအနေမျိုးသာ ဖြစ်လာပေလိမ့်မည်။

ရာဖေးလ်၏ အစစ်အမှန် IP Address ရှေ့တွင် ရပ်တန့်ရင်း ရှီလဲ့သည် ရာဖေးလ်၏ ကိုယ်ပိုင်ကွန်ပျူတာထဲသို့ ဟက်ပြီး ဝင်ရောက်စစ်ဆေးသင့် မစစ်ဆေးသင့်ကို စဉ်းစားနေမိသည်။

‘ငါ ဒီအထိတောင် ရောက်လာပြီပဲ... ရာဖေးလ်ရဲ့ ကွန်ပျူတာထဲမှာ ဘာတွေ ရှိလဲဆိုတာ ကြည့်ရသေးတာပေါ့’ ရှီလဲ့သည် စူပါကွန်ပျူတာ ယန် ကို ဂရုတစိုက် ထိန်းချုပ်ပြီး ရာဖေးလ်၏ ကိုယ်ပိုင်ကွန်ပျူတာထဲသို့ ဖောက်ထွင်း ဝင်ရောက်လိုက်တော့သည်။

ရာဖေးလ်၏ ဟက်ကာနည်းပညာမှာ ကမ္ဘာ့အဆင့်မီ ထိပ်တန်းအဆင့်တွင် ရှိနေသော်လည်း သူ၏ ကိုယ်ပိုင်ကွန်ပျူတာမှာမူ သာမန် စွမ်းဆောင်ရည်မြင့် ကွန်ပျူတာတစ်လုံးမျှသာ ဖြစ်သည်။ ၎င်းက စူပါကွန်ပျူတာ ယန် ကို မည်သို့ပင် တောင့်ခံနိုင်ပါမည်နည်း။

အခြေခံ ပစ္စည်းကိရိယာ မပြည့်စုံဘဲနှင့် မည်သည့်အရာကိုမျှ ထိရောက်စွာ မလုပ်ဆောင်နိုင်ပါချေ။

ကမ္ဘာ့အဆင့်မီ ထိပ်တန်းဟက်ကာတစ်ဦး ဖြစ်သော်လည်း စူပါကွန်ပျူတာ မရှိဘဲ သာမန်ကွန်ပျူတာတစ်လုံးကိုသာ အားကိုးနေရပါက အစွမ်းထက်လှသော နည်းပညာများကို ပြသနိုင်မည် မဟုတ်ပေ။

ရှီလဲ့သည် ရာဖေးလ်၏ သတိပြုမိခြင်းမရှိစေဘဲ သူ၏ ကိုယ်ပိုင်ကွန်ပျူတာထဲရှိ ဖိုင်အားလုံးကို လိုက်လံ ရှာဖွေလိုက်သည်။ ရာဖေးလ်၏ ကိုယ်ပိုင်ကွန်ပျူတာမှာ အလွန် သန့်ရှင်းလှသည်။ လိုအပ်သော စနစ်ဖိုင်များမှလွဲ၍ အခြားဖိုင်များ လုံးဝ မရှိသလောက်ပင် ဖြစ်သည်။

ဝှက်ထားသော ဖိုဒါတစ်ခု ရှီလဲ့၏ မျက်စိရှေ့တွင် ပေါ်လာသောအခါ သူ၏ မျက်ဝန်းများ ရုတ်ချည်း တောက်ပသွားခဲ့ရသည်။

‘Plan R Data’

ရှီလဲ့သည် ထိုဖိုဒါကို ချက်ချင်း မဖွင့်သေးဘဲ ဖိုင်စနစ် ခွဲခြမ်းစိတ်ဖြာခြင်း ကိရိယာ ကို အသုံးပြု၍ ဖိုင်၏ သဘောသဘာဝနှင့် ကာကွယ်ရေးစနစ် ရှိမရှိ စသည်တို့ကို အရင်ဆုံး ခွဲခြမ်းစိတ်ဖြာလိုက်သည်။

အခြားသော ကမ္ဘာ့အဆင့်မီ ထိပ်တန်းဟက်ကာတစ်ဦး၏ ကိုယ်ပိုင်ကွန်ပျူတာထဲရှိ လျှို့ဝှက်ဖိုင်တစ်ခုကို အလောတကြီး ဇွတ်အတင်း ဖွင့်ကြည့်ခြင်းက အလွန် မိုက်မဲသော လုပ်ရပ် ဖြစ်သည်။

ခွဲခြမ်းစိတ်ဖြာခြင်း ကိရိယာ၏ ရလဒ်က ရှီလဲ့ကို ပြုံးမိသွားစေသည်။ ရာဖေးလ်သည် အလွန်အမင်း မာန်မာနကြီးလွန်းလှသည်။ မည်သူမျှ သူ၏ ကာကွယ်ရေးစနစ်ကို ဖောက်ထွင်းပြီး သူ၏ ကွန်ပျူတာထဲ ဝင်မလာနိုင်ဟု အပိုင်တွက်ထားခဲ့ပုံရသည်။

ထို Plan R Data ဖိုဒါတွင် မည်သည့် ကာကွယ်ရေးစနစ်မျှ မရှိချေ။

ရှီလဲ့သည် ထိုဖိုဒါကို ဖွင့်လိုက်ပြီးနောက် သူ့ကို ပိုမို အံ့အားသင့်သွားစေသည့် အရာတစ်ခုကို ချက်ချင်း ရှာဖွေတွေ့ရှိသွားခဲ့သည်။

‘Plan R Access Permission Certificate Key’

ဤအရာကို မြင်လိုက်ရသောအခါ ရှီလဲ့တစ်ယောက် တည်ငြိမ်စွာ မနေနိုင်တော့ချေ။ သူသည် ထို Plan R Data ဖိုဒါတစ်ခုလုံးကို တိုက်ရိုက် ကူးယူလိုက်ပြီး ကွန်ရက်မှတစ်ဆင့် စူပါကွန်ပျူတာ ယန် ဆီသို့ ပေးပို့လိုက်ကာ ၎င်းမှတစ်ဆင့် နံပါတ် (၁) ဆာဗာဆီသို့ ပြန်လည် ပေးပို့လိုက်တော့သည်။

ထို Plan R Data ဖိုဒါ၏ ပမာဏမှာ 1MB ပင် မပြည့်ချေ။ ရှီလဲ့သည် ရာဖေးလ်၏ ကွန်ပျူတာစနစ်ကို ထိန်းချုပ်ထားသဖြင့် သူ ဖိုင်များကို ရယူနေသည်ကို ရာဖေးလ် သတိမပြုမိခဲ့ချေ။ ဆယ်စက္ကန့်ခန့် အချိန်အတွင်းမှာတင် Plan R Data ကို ရယူပြီးစီးသွားခဲ့ပြီ ဖြစ်သည်။

နံပါတ် (၁) ဆာဗာ၏ ဒက်စတော့ပ် ပေါ်ရှိ Plan R Data ဖိုဒါကို ကြည့်ရင်း ရှီလဲ့တစ်ယောက် အော်ဟစ် ရယ်မောလိုက်မိတော့သည်။

“ရာဖေးလ်... အော်... ရာဖေးလ်... မင်း အရာရာကို အကွက်စေ့စေ့ တွက်ချက်ပြီး ငါ့ကိုတောင် လုပ်ကြံခဲ့တာ... ဒါပေမဲ့ နောက်ဆုံးမှာ ငါ့အတွက်ပဲ အကျိုးရှိသွားလိမ့်မယ်လို့ မင်း မျှော်လင့်မထားဘူးမလား” မိမိကိုယ်ကိုယ် ရေရွတ်ပြီးနောက် ရှီလဲ့၏ စိတ်ထဲတွင် ကောက်ကျစ်သော အစီအစဉ်တစ်ခု ထွက်ပေါ်လာခဲ့သည်။

ရာဖေးလ်သည် သူ့ကို တစ်ကြိမ် လုပ်ကြံခဲ့သဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာ ထောက်လှမ်းရေးဗျူရိုမှ လုံခြုံရေးပညာရှင်များ အားလုံး သူ့နောက်ကို ခွေးပြေးဝက်ပြေး လိုက်လံ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ ထို့အပြင် ကြီးမားသော အလားအလာရှိသည့် ပန်ရှီဖိုင်းယားဝေါလ်နှင့်အတူ အိုက်စင်ကုမ္ပဏီ၏ အဆင့်တစ် ဘော့တ်ဆာဗာကိုပါ စွန့်လွှတ်ခဲ့ရသည်။

ရှီလဲ့၏ ကလဲ့စားချေတတ်သော စိတ်နေသဘောထားအရ ရာဖေးလ်ကို ဤအတိုင်း အလွယ်တကူ လွှတ်ပေးပါမည်နည်း။

ရာဖေးလ်မဆိုထားနှင့် အားကောင်းလှသော အိန်ဂျယ်ကောင်စီကိုပင် ရှီလဲ့ မည်သည့်အခါမျှ နောက်ဆုတ်ခဲ့ဖူးခြင်း မရှိချေ။

ရှီလဲ့သည် ရာဖေးလ်၏ ကိုယ်ပိုင်ကွန်ပျူတာနှင့် ချိတ်ဆက်မှုကို ဆက်လက် ထိန်းသိမ်းထားသည်။ နံပါတ် (၁) ဆာဗာပေါ်တွင် သူသည် Plan R ဖိုဒါကို ဖွင့်လိုက်ပြီး လျင်မြန်စွာပင် စကားဝှက်အတု စစ်ဆေးခြင်းကို ကျော်ဖြတ်လိုက်ကာ သူ အသင့်ပြင်ဆင်ထားသော စနစ်နောက်ဖေးတံခါးတည်ဆောက်မည့် ဒေတာစီးကြောင်းကို ရာဖေးလ်၏ ကွန်ပျူတာဆီသို့ ပေးပို့လိုက်တော့သည်။

ရာဖေးလ်၏ ကိုယ်ပိုင်ကွန်ပျူတာအတွင်း၌ ရှီလဲ့၏ ကူညီမှုဖြင့် ထိုဒေတာစီးကြောင်းသည် စနစ်နောက်ဖေးတံခါးတစ်ခုကို တိတ်တဆိတ် တည်ဆောက်လိုက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာ ထောက်လှမ်းရေးဗျူရိုထံသို့ မက်ဆေ့ခ်ျတစ်ခု ပေးပို့လိုက်သည်။

ဤအရာအားလုံးကို ရှီလဲ့၏ ဖုံးကွယ်မှုအောက်တွင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သဖြင့် ရာဖေးလ်သည် မည်သည့်အမှားအယွင်းမျှ သတိမပြုမိခဲ့ဘဲ နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာ ထောက်လှမ်းရေးဗျူရိုမှ ပညာရှင်များနှင့်အတူ ရှီလဲ့၏ အဆင့်တစ် ဘော့တ်ဆာဗာကို ပျော်ပျော်ပါးပါး ဆက်လက် တိုက်ခိုက်နေဆဲ ဖြစ်သည်။

Plan R နောက်ဖေးတံခါး ပရိုဂရမ်က တည်နေရာ အချက်အလက်များကို နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာ ထောက်လှမ်းရေးဗျူရိုထံသို့ ပေးပို့လိုက်ပြီဖြစ်ကြောင်း ရှီလဲ့ အတည်ပြုပြီးနောက် သူသည် ရာဖေးလ်၏ ကွန်ပျူတာပေါ်ရှိ Plan R Data ဖိုဒါကို ချက်ချင်း ဖျက်ပစ်လိုက်သည်။ အကယ်၍ ဤဖိုဒါကို မဖျက်ပစ်ပါက ယုတ္တိဗေဒအရ အမှားအယွင်း ဖြစ်ပေါ်လာပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ရာဖေးလ်တွင် Plan R ၏ သော့ချက်ရှိနေပါက သူသည် နောက်ဖေးတံခါး ပရိုဂရမ်ကို အစပျိုးစရာ အကြောင်းမရှိသောကြောင့် ဖြစ်သည်။

နောက်ဖေးတံခါး ပရိုဂရမ် အစပျိုးသွားပြီ ဖြစ်သဖြင့် ထိုနေရာတွင် Plan R သာ ရှိရမည်ဖြစ်ပြီး သော့ချက် ရှိမနေရပါချေ။

ရှီလဲ့သည် Plan R Data ဖိုဒါကို ရှင်းလင်းလိုက်ပြီး နောက်ဖေးတံခါး ပရိုဂရမ်က ရာဖေးလ်၏ အစစ်အမှန် IP Address ကို နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာ ထောက်လှမ်းရေးဗျူရိုထံသို့ ပေးပို့နေသည်ကို ပြုံး၍ ကြည့်နေမိသည်။ ထို့နောက် သူ၏ ခိုးဝင်မှု ခြေရာလက်ရာများကို လျင်မြန်စွာ ရှင်းလင်းပြီး မည်သည့်သဲလွန်စမျှ မချန်ဘဲ ထွက်ခွာသွားခဲ့တော့သည်။

အိုက်စင်ကုမ္ပဏီ၏ အဆင့်တစ် ဘော့တ်ဆာဗာသည် အဆက်မပြတ် တိုက်ခိုက်ခြင်းကို ခံနေရသော်လည်း ပန်ရှီဖိုင်းယားဝေါလ်ကြောင့် မပြိုလဲဘဲ တောင့်ခံထားနိုင်သည်။ နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာ ထောက်လှမ်းရေးဗျူရို ဆိုက်ဘာလုံခြုံရေးဌာနအတွင်း၌မူ ရုတ်တရက် အချက်ပေးဥဩသံတစ်ခု မြည်ဟည်းလာခဲ့သည်။

အထွေထွေရုံးခန်းအတွင်းရှိ ပြသရေးနံရံကြီးပေါ်တွင် အနီရောင် မက်ဆေ့ခ်ျတစ်ခု ပေါ်ထွက်လာခဲ့သည်။

‘Plan R ကယ်ဆယ်ရေးစနစ် — ပစ်မှတ် IP Address ကို ရှာဖွေတွေ့ရှိပြီ၊ ပစ်မှတ်တွင် သော့ချက် ရှိမနေပါ’ ထိုမက်ဆေ့ခ်ျ၏ အောက်တွင် IP Address အတန်းလိုက်ကြီးကို ပြသနေသည်။ ၎င်းက ရာဖေးလ်၏ အစစ်အမှန် လိပ်စာပင် ဖြစ်သည်။

ကူရိုင်းနိီဘာကူသည် ဤ IP Address နှင့် သက်ဆိုင်သော လိပ်စာကို ချက်ချင်း စုံစမ်းစစ်ဆေးလိုက်သည်။ ထို IP Address မှာ အမေရိကန်နိုင်ငံတွင် ရှိနေကြောင်း သိလိုက်ရသောအခါ ကူရိုင်းနိီဘာကူ၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

“အားလုံးပဲ... အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ ဟက်ကာကို လိုက်တာကို ရပ်လိုက်တော့ အင်အားအားလုံးကို သုံးပြီး Plan R ရှိတဲ့နေရာကိုပဲ ခြေရာခံကြစမ်း” ကူရိုင်းနိီဘာကူက မိုက်ခရိုဖုန်းမှတစ်ဆင့် ဟိန်းဟောက်လိုက်တော့သည်။

Plan R သည် အလွန်တရာ အရေးကြီးလှသည်။ တိုကျိုမြို့ပြတစ်ခုလုံးကို ထိတ်လန့်ခြောက်ခြားအောင် ပြုလုပ်ခဲ့သည့် ငလျင်ဟက်ကာပင်လျှင် Plan R ၏ အရေးပါမှုနှင့် ယှဉ်နိုင်ခြင်း မရှိချေ။

ရှီလဲ့၏ အဆင့်တစ် ဘော့တ်ဆာဗာ အနီးတစ်ဝိုက်တွင် ရှိနေသော နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာ ထောက်လှမ်းရေးဗျူရိုမှ တရားဝင် လုံခြုံရေးပညာရှင် အဖွဲ့ဆယ့်နှစ်ဖွဲ့စလုံးသည် မည်သည့် အရိပ်အယောင်မျှ မပြဘဲ ရုတ်ချည်း ဆုတ်ခွာသွားခဲ့ကြသဖြင့် ရာဖေးလ်တစ်ဦးတည်းသာ ဆက်လက် တိုက်ခိုက်ရန် ကျန်ရစ်ခဲ့တော့သည်။

ရာဖေးလ်အနေဖြင့် ဘာတွေ ဖြစ်ပျက်နေသည်ကို သဘောမပေါက်ခင်မှာပင် သူ၏ ကိုယ်ပိုင် အစစ်အမှန် IP Address မှာ ပြန်လည် တိုက်ခိုက်ခြင်းကို ခံလိုက်ရတော့သည်။

“ဒါက...” ရာဖေးလ်သည် ကွန်ပျူတာစခရင်ကို အလွန်အမင်း ထိတ်လန့်တုန်လှုပ်စွာ စိုက်ကြည့်နေမိသည်။ သူ၏ ကွန်ပျူတာမှာ အပြင်ဘက်မှနေ၍ အတင်းအဓမ္မ ထိန်းချုပ်ခြင်းကို ခံနေရခြင်း ဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာ ထောက်လှမ်းရေးဗျူရို၏ အတွင်းပိုင်းဆာဗာများသည် စူပါကွန်ပျူတာ ယန် ပြီးလျှင် အစွမ်းအထက်ဆုံး ဖြစ်သည်။ ၎င်းတို့အနေဖြင့် ရာဖေးလ်၏ အစစ်အမှန် IP Address ကို ရရှိသွားပြီဖြစ်သဖြင့် ရာဖေးလ်၏ ကွန်ပျူတာကို တိုက်ခိုက်ရန်မှာ မခက်ခဲလှပေ။

ရာဖေးလ်သည် ကမ္ဘာ့အဆင့်မီ ထိပ်တန်းဟက်ကာတစ်ဦး ဖြစ်သော်လည်း စူပါကွန်ပျူတာ၏ ကူညီမှု မရှိပါက သူ၏ ကာကွယ်ရေးစနစ်မှာ ကြံ့ကြံ့ခံနိုင်စွမ်း မရှိရပါချေ။

ကြီးမားသော အပြောင်းအလဲများ ဆက်တိုက် ဖြစ်ပေါ်လာသဖြင့် ရာဖေးလ်တစ်ယောက် ဝေဝေဝါဝါ ဖြစ်သွားခဲ့ရသည်။ ကွန်ပျူတာစခရင်ပေါ်တွင် ဝင်ဒိုးတစ်ခု ရုတ်တရက် ပေါ်လာပြီး စာသားအချို့ကို ပြသလာသည်။

“အမေရိကန်က ဟက်ကာ... ကျွန်တော်တို့က ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာ ထောက်လှမ်းရေးဗျူရိုက ဖြစ်ပါတယ်... Plan R ကို အခုချက်ချင်း လွှဲအပ်ပေးပါ မဟုတ်ရင်တော့ ကျွန်တော်တို့ CIA နဲ့ အမေရိကန်တရားရေးဌာနကတစ်ဆင့် မင်းကို ဂျပန်နိုင်ငံဆီ လွှဲပြောင်းယူရလိမ့်မယ် မိုက်မဲတဲ့ အတွေးတွေ မတွေးပါနဲ့၊ မင်းရဲ့ အစစ်အမှန်လိပ်စာနဲ့ အဲဒီလိပ်စာမှာ ကွန်ရက်အသုံးပြုဖို့ လျှောက်ထားခဲ့တဲ့ အသုံးပြုသူရဲ့ နာမည်ကိုပါ ကျွန်တော်တို့ ရှာဖွေတွေ့ရှိထားပြီးပြီ... မင်း ဘယ်လိုမှ ထွက်ပြေးလို့ မရပါဘူး”

ရာဖေးလ်သည် သူ၏ မျက်ခုံးများကို တွန့်ချိုးလိုက်ရင်း မိမိကိုယ်ကိုယ် တိုးတိုးလေး ရေရွတ်လိုက်သည်။ “ဘာတွေ ဖြစ်ကုန်တာလဲ... အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ကောင်ရဲ့ နောက်ကွယ်မှာ ကြီးမားတဲ့ အဖွဲ့အစည်းကြီးတစ်ခု ရှိနေတာများလား”

ရာဖေးလ်အနေဖြင့် ဤကဲ့သို့ တွေးမိခြင်းက မဆန်းလှပေ။ အဘယ်ကြောင့်ဆိုသော် ရာဖေးလ်သည် ရှီလဲ့၏ အဆင့်တစ် ဘော့တ်ဆာဗာကို တိုက်ခိုက်နေချိန်တွင် ရှီလဲ့ ထိန်းချုပ်ထားသော အိုက်စင်ကုမ္ပဏီ၏ အဆင့်တစ် ဘော့တ်ဆာဗာမှာ ပန်ရှီဖိုင်းယားဝေါလ်၏ ကာကွယ်မှုအောက်တွင် တိုက်ခိုက်မှုများကို ပိတ်ဆို့ထားရုံသာမက တန်ပြန်တိုက်ခိုက်မှုများကိုပါ လုပ်ဆောင်ခဲ့သောကြောင့် ဖြစ်သည်။ ဤအရာက ရှီလဲ့သည် ထိုအဆင့်တစ် ဘော့တ်ဆာဗာအတွင်း၌ အမြဲတမ်း ရှိနေသည်ဟူသော ထင်ယောင်ထင်မှားကို ဖြစ်ပေါ်စေခဲ့သည်။

တစ်ချိန်တည်းမှာပင် ရာဖေးလ်သည် မာနကြီးလွန်းလှသည်။ ရှီလဲ့က အသံတိတ် ခိုးဝင်နိုင်လိမ့်မည်ဟု သူ မယုံကြည်ချေ။ တစ်ကမ္ဘာလုံးတွင် သူ၏ ကွန်ပျူတာထဲသို့ မည်သူမျှ သတိမပြုမိဘဲ တစ်ဦးတည်း အင်အားဖြင့် အသံတိတ် ခိုးဝင်နိုင်စွမ်းရှိသည့် ထိပ်တန်းပညာရှင် လုံးဝ မရှိဟု ရာဖေးလ် ဇွတ်အတင်း ယုံကြည်ထားခဲ့သည်။

ကမ္ဘာ့အဆင့်မီ ထိပ်တန်းပညာရှင် အများအပြား ပူးပေါင်းပြီး သူ၏ ကွန်ပျူတာကို ပြိုင်တူ တိုက်ခိုက်မှသာ သူ သတိမပြုမိဘဲ ဝင်ရောက်နိုင်လိမ့်မည်ဟု ထင်မှတ်နေခဲ့ခြင်း ဖြစ်သည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာ ထောက်လှမ်းရေးဗျူရိုက ဖွင့်လှစ်လိုက်သော စာသားကွက်အတွင်း၌ ရာဖေးလ်သည် တစ်ဖက်လူကို ဇဝေဇဝါဖြစ်သွားစေမည့် စာသားအချို့ကို ရိုက်နှက် ချန်ထားခဲ့သည်။

“အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ကောင်... မင်းကို ငါ တကယ်ပဲ ချီးကျူးမိပါတယ်... မင်းက တကယ်ကို မဆိုးဘူးပဲ အစပိုင်းမှာ တိုကျိုငလျင် သတင်းအတုကို ဖန်တီးခဲ့ပြီးတော့ အခုကျတော့ စစ်ကူတွေ ခေါ်ပြီး ငါ့ကို ချောင်းမြောင်းတိုက်ခိုက်တယ်ပေါ့... မင်း Plan R ကို ဒီလောက်တောင် သဘောကျနေမှတော့... ကဲ... ငါ မင်းကို ပေးလိုက်မယ်”

စာသားများကို ချန်ထားခဲ့ပြီးနောက် ရာဖေးလ်သည် မည်သည့် နှမြောတွန့်တိုမှုမျှ မရှိဘဲ လှည့်ထွက်သွားခဲ့တော့သည်။ ဤပင်လယ်ကမ်းခြေ ဗီလာအပြင်ဘက်တွင် ဇိမ်ခံရွက်လှေတစ်စီး ဆိုက်ကပ်ထားသည်။ ရာဖေးလ်သည် သက်တော်စောင့်နှစ်ဦးကို ခေါ်ဆောင်၍ ရွက်လှေပေါ်သို့ တက်ရောက်လိုက်ပြီးနောက် သက်တော်စောင့်တစ်ဦးကို စိုက်ကြည့်လိုက်သည်။

“ငါ ဘာသက်သေမှ ကျန်ခဲ့တာကို သဘောမကျဘူး” ရာဖေးလ် ပြောပြီးနောက် ရွက်လှေအတွင်းပိုင်းရှိ နားခန်းဆီသို့ လျှောက်လှမ်းသွားခဲ့သည်။

ရွက်လှေသည် ဆိပ်ကမ်းအသေးစားလေးမှနေ၍ ပင်လယ်ပြင်ဆီသို့ မောင်းနှင်ထွက်ခွာသွားချိန်တွင် သက်တော်စောင့်သည် သူ၏ လက်ထဲမှ ခလုတ်တစ်ခုကို နှိပ်လိုက်သည်။ ထိုပင်လယ်ကမ်းခြေ ဗီလာကြီးသည် ရုတ်ချည်းပင် ပြင်းထန်လှသော မီးတောက်ကြီးများနှင့်အတူ အကြီးအကျယ် ပေါက်ကွဲသွားခဲ့ပြီး အပိုင်းပိုင်းအစစ ဖြစ်ကာ လွင့်စင် ပျောက်ကွယ်သွားခဲ့ရတော့သည်။

ဂျင်းယာဥယျာဉ်ရှိ ရှီလဲ့၏ အခန်းအတွင်း၌မူ သူသည် ခိုးဝင်မှု ခြေရာလက်ရာ အားလုံးကို ရှင်းလင်းလိုက်ပြီး အိုက်စင်ကုမ္ပဏီ၏ အဆင့်တစ် ဘော့တ်ဆာဗာကို စွန့်လွှတ်ကာ ဂျပန်နိုင်ငံ၏ ဆိုက်ဘာစစ်မြေပြင်မှ ဆုတ်ခွာသွားခဲ့ပြီ ဖြစ်သည်။

နံပါတ် (၁) ဆာဗာ၏ ကွန်ပျူတာစခရင်ပေါ်တွင်မူ မောက်စ်က မြှားလေးသည် Plan R ဖိုဒါ၏ အပေါ်တွင် ဝဲပျံနေဆဲ ဖြစ်သည်။

All Chapters