အခန်း ၉၀၈
Vol. 61 Ch. 908
အခန်း (၉၀၈) ရှေးဟောင်းအပျက်အစီးများ
ကျားဖြူသည် မျက်မှောင်ကြုတ်လိုက်မိသည်။ သူသည် ခုနစ်ရောင်ခြယ် ရှေးဟောင်း ဆိတ်သုဉ်းခြင်း ကျောက်တုံးကို အမှန်တကယ် လိုချင်သော်လည်း၊ သူတို့ဘက်မှာ လူအင်အား မရှိသည်မှာ ထင်ရှားပါသည်။ ဤအချက်က သူ့အတွက် မာန်လင်တို့အဖွဲ့ကို အနိုင်ယူဖို့ အလွန်ခက်ခဲစေခဲ့ပါသည်။ ဤအရာက သူ့ကို တခဏတာ စိတ်ရှုပ်သွားစေပါ သည်။
"ဟား...၊ ဟား...၊ မင်းက လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်အဆင့် တစ်ယောက်ကို ဒီလောက်ထိ ကြောက်နေလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ ကြည့်ရတာ၊ မင်းရဲ့ ကျားဖြူ အဖွဲ့က တကယ်ကို ဆိုးဆိုးဝါးဝါး ခံခဲ့ရပုံပဲ”။
သို့သော် ထိုအခိုက်အတန့်တွင် ကျားဖြူအဖွဲ့ဝင်လေးဦး၏ နားထဲတွင် ထေ့ငေါ့ငေါ့ ရယ်သံက ထွက်ပေါ်လာသည်။
"ဘယ်သူလဲ၊ ဒီကို ထွက်လာခဲ့စမ်း” ကျားဖြူကြီးက ကောင်းကင်ကို ဟိန်းဟောက်ပြီး ပတ်ပတ်လည်ကို စူးစိုက်ကြည့်နေသည်။
အခြားအဖွဲ့ဝင် သုံးဦးသည်လည်း ၎င်းတို့၏ လက်နက်များကို ထုတ်ကာ တိုက်ပွဲအတွက် ပြင်ဆင်နေခဲ့သည်။
"မင်းတို့ကြည့်ရတာ တကယ်ကို ကြောက်လန့်နေတဲ့ ငှက်တွေပုံစံ ဖြစ်နေပြီ" အေးစက်စက် ရယ်မောသံများ ထပ်မံ ထွက်ပေါ်လာပြီးနောက် အနက်ရောင်ဝတ်ရုံဝတ် ပုံရိပ်တစ်ခုသည် လေဟာနယ်ထဲမှ ထွက်လာခဲ့သည်။ သူ့နောက်တွင် အနက်ရောင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော လူလေးဦး ရှိနေပြီး၊ ၎င်းတို့အားလုံးသည် တော်ဝင်တာအိုနယ်ပယ်၏ အဆင့် ၁၁ တွင် ရှိနေကြသည်။
"ယုကျန်း၊ ကျားဖြူ၏ အမူအရာသည် ချက်ချင်းပင် အေးစက်သွားကာ ပြင်းထန်သော အေးစက်မှုက သူ၏မျက်လုံးထဲတွင် ပေါ်လာသည်။
"ဟား...၊ ဟား..၊ ကျားဖြူ၊ ငါတို့ ပြန်ဆုံတွေ့မယ်လို့ ငါ မမျှော်လင့်ထားဘူး။ ဒါပေမယ့်၊ ဒီတခါတော့ မင်းက ပြီးခဲ့တဲ့ အကြိမ်ကလောက် အထင်ကြီးစရာ မရှိတော့ဘူး" ယုကျန်းက ကျားဖြူကို ကြည့်ပြီး ရယ်မောလိုက်သည်။
"ဟမ့်၊ ငါ ဘယ်လိုပုံစံပဲ ဖြစ်ဖြစ် မင်း ငါ့ကို ပြောပြနေဖို့ မလိုဘူး။ ယုကျန်း၊ မင်းမှာ လူအများကြီး ရှိတယ်ဆိုပြီး သွေးနထင်မရောက်နဲ့။ မင်းရဲ့ကျင့်ကြံမူအခြေခံက တော်ဝင် တာအိုနယ်ပယ်ရဲ့ အဆင့် ၁၁ မှာပဲ ရှိနေတယ်ဆိုတာ မင်း သိထားရမယ်။ တော်ဝင် တာအိုနယ်ပယ်ရဲ့ အဆင့် ၁၂ ရှေ့မှာဆို မင်းက ထိုးနှက်ချက် တစ်ချက်ကိုတောင် ခံနိုင်မှာ မဟုတ်ဘူး” ကျားဖြူက အေးစက်စက်လေသံဖြင့် မောက်မာစွာ ပြောသည်။ ယုကျန်း၏ စကားက သူ့ကို အရမ်း ဒေါသထွက်စေခဲ့သည်မှာ ထင်ရှားပါသည်။
"တကယ်လား?။ ဒါဆို ငါ့ရဲ့ ကျင့်ကြံမှုအဆင့်ကို မင်း ထပ်ကြည့်ပါဦး။" ယုကျန်းက တခစ်ခစ် ရယ်မောလိုက်ပြီး၊ သူ၏ခန္ဓာကိုယ်ထဲမှ ကြောက်စရာကောင်းသော ဖိအားတစ်ခု ချက်ချင်း ထွက်လာပါသည်။
"တော်ဝင်တာအိုနယ်ပယ်ရဲ့ အဆင့် ၁၂ ၊ မင်းက ဘယ်တုန်းက တော်ဝင်တာအိုနယ်ပယ်ရဲ့ အဆင့် ၁၂ ကို ရောက်သွားခဲ့တာလဲ?" ယုကျန်း၏ အငွေ့အသက်ကို အာရုံခံလိုက်သော အခါ၊ ကျားဖြူ၏ မျက်နှာသည် ချက်ချင်းပင် ပြာနှမ်းသွားကာ သူ၏မျက်ခုံးများက ပိုမိုနက်ရှိုင်းလာခဲ့သည်။
ယုကျန်းသည် တော်ဝင်တာအိုနယ်ပယ်၏ အဆင့် ၁၂ သို့ ရောက်သွားချိန်မှာတော့၊ အရာအားလုံးက လုံးဝ ကွဲပြားသွားပါပြီ။ ဆိုလိုသည်မှာ၊ သူတို့အဖွဲ့သည် သူတို့ကို ချေမှုန်းဖို့ ခွန်အားကို ပိုင်ဆိုင်သွားပါပြီ။ ထို့အပြင် ၎င်းတို့သည် အဖြူရောင်အဖွဲ့နှင့် အမည်းရောင် အဖွဲ့ ဆန့်ကျင်ဘက်အုပ်စုများ ဖြစ်ကြသည်။ ယုကျန်းက သူတို့ကို တိုက်ခိုက်ရန် အကြောင်းပြချက်တွေ ရှိနေပါသည်။ ယင်းကြောင့် ကျားဖြူအဖွဲ့သည် အကျပ်အတည်းကို ပြင်းထန်စွာ ခံစားခဲ့ရသည်။
ကျားဖြူ၏ နောက်ကွယ်မှ အဖွဲ့ဝင် သုံးဦးသည်လည်း နိုးကြားသတိထားသည့် အမူအရာတွေ ဖြစ်ပေါ်လာကြသည်။ ထင်ရှားသည်မှာ၊ သူတို့သည် ယုကျန်းနှင့် အခြားလူများကို စတင်ကြောက်ရွံ့နေပြီ ဖြစ်သည်။
"ကျားဖြူ၊ မစိုးရိမ်ပါနဲ့၊ ငါ မင်းတို့ကိုသတ်ဖို့ ဒီကို ရောက်လာတာ မဟုတ်ဘူး။ ဆန့်ကျင်ဘက်အနေနဲ့၊ မင်းနဲ့ညှိနှိုင်း ဆွေးနွေးဖို့ ရောက်လာခဲ့တာ" ယုကျန်းက ပြုံးပြီး ပြောသည်။
"ညှိနှိုင်းဖို့လား.. ? ဘာကို ညှိုနှိုင်းမှာလဲ? ကျားဖြူ က တအံ့တသြ မေးသည်။
သူသည် အဖြူရောင်အဖွဲ့မှ ဖြစ်ပြီး၊ ယုကျန်းသည် အမည်းရောင်အဖွဲ့ဘက်မှ ဖြစ်လေသည်။ နှစ်ဘက်စလုံးက အမြဲတမ်း ဆန့်ကျင်ဘက် ရန်သူများ ဖြစ်ကြပါသည်။ အခုမူ ယုကျန်းသည် သူနှင့် အရောင်းအ၀ယ်လုပ်ရန် ရောက်လာခဲ့သည်။ ကျားဖြူသည် ပဟေဠိမဖြစ်ဘဲ မနေနိုင်ပါချေ။
"ငါ မင်းနဲ့အတူ လက်တွဲချင်တယ်" ယုကျန်းက ပြုံးပြီး ပြောသည် ။
"အဖွဲ့ချင်းပူးပေါင်းဖို့လား.. ?" ကျားဖြူက တအံ့တသြ မေးသည်။ သူ၏နောက်မှ အဖွဲ့ဝင် သုံးယောက်လည်း တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း အံ့သြသွားကြသည်။
"မှန်ပါတယ်။ မင်းနဲ့တိုက်ခဲ့တဲ့ မာန်လင်ရဲ့အဖွဲ့ကို ဖယ်ရှားဖို့ ငါ မင်းနဲ့အတူ လက်တွဲ ချင်တယ်။ မင်း ချင်ယွင်ရဲ့ လက်ထဲက ခုနစ်ရောင်ခြယ် ရှေးဟောင်း ဆိတ်သုဉ်းခြင်း ကျောက်တုံးကို မလိုချင်ဘူးလား?။ ခုနစ်ရောင်ခြယ် ရှေးဟောင်း ဆိတ်သုဉ်းခြင်း ကျောက်တုံးက အချိန်တိုအတွင်း သန့်စင်လို့မရနိုင်ဘူး။ ဒါကြောင့်၊ မာန်လင်တို့ အဖွဲ့ဝင် ငါးယောက်ကို သတ်ဖို့ မင်းနဲ့ငါက အတူတူ ပူပေါင်းလုပ်ဆောင်ပြီးတာနဲ့၊ မင်းက ခုနစ်ရောင်ခြယ် ရှေးဟောင်း ဆိတ်သုဉ်းခြင်း ကျောက်တုံးကို ပိုင်ဆိုင်ရမယ်။ ဒီကိစ္စကို မင်း ဘယ်လိုထင်လဲ။ ?" ယုကျန်းက ပြုံးပြီးပြောသည် ။
ထိုစကားကို ကြားတော့ ကျားဖြူသည် တခဏလောက် မှင်သက်သွားခဲ့ပြီး၊ လေးလေးနက်နက် တွေးလိုက်မိသည်။
"မင်းက ဘာလို့ ငါနဲ့ လက်တွဲချင်ရတာလဲ?" ခဏလောက် စဉ်းစားပြီးမှ ကျားဖြူက မေးသည်။
ယုကျန်းသည် သူ့ကို မာန်လင်နဲ့ တခြားလူများကို သတ်ဖြတ်ရန်အတွက် အကြောင်းပြချက် မရှိဘဲ သူ့ကို အတူလက်တွဲရန် တောင်းဆိုခဲ့သည်။ ထို့အပြင်၊ ခုနစ်ရောင်ခြယ် ရှေးဟောင်း ဆိတ်သုဉ်းခြင်း ကျောက်တုံးကိုလည်း သူ့ကို ပေးဦးမည်။ ယုကျန်းက ဘာလိုချင်တာလဲ?။ ထို့ကြောင့် ကျားဖြူသည် ယုကျန်း၏ ရည်ရွယ်ချက်ကို နားမလည်နိုင်ခဲ့ပေ။
ထိုအပြင်၊ အကယ်၍၊ ယုကျန်းနှင့် မာန်လင်တို့က သူတို့ကို မြူဆွယ်ရန်အတွက် ဤထောင်ချောက်ကို ရေးဆွဲခဲ့မည်ဆိုလျှင်၊ သူတို့အဖွဲ့သည် အမှန်တကယ် အဆုံးသတ်သွားလိမ့်မည်။
"မင်း ငါ့ရဲ့ရည်ရွယ်ချက်တွေကို သံသယရှိနေမှန်း ငါ သိပါတယ်၊ ဒါပေမယ့် မင်းကို ပြောနိုင်တာက ငါ မာန်လင်အဖွဲ့နဲ့ ရန်ငြိုးရှိနေတယ်။ အထူးသဖြင့် ချင်ယွင်လို့ခေါ်တဲ့ အဲဒီမျိုးမစစ်ကောင်အပေါ်မှာ ရန်စရှိနေတယ်။ နောက်ပြီး မာန်လင်ဆီမှာ ငါလိုချင်တာ တစ်ခုရှိတယ်။ ဒီအရာက ဘာလဲဆိုတာတော့ ငါ မင်းကို ပြောပြဖို့ မလိုဘူးထင်တယ်။" ယုကျန်းက ကျားဖြူကို ပြောသည်။
ကျားဖြူသည် ယုကျိ၏ စကားကို ကြားသောအခါ၊ သူ၏စိတ်ထဲတွင် ရုန်းကန်နေရဆဲ ဖြစ်သည်။ ယုကျန်း၏ စကားတွေက ယုံကြည်၍ရမည်လား သူ မသိပါဘူး။
"ဟမ့်၊ ငါကတော့ ပြောသင့်တာ ပြောပြီးသွားပြီ။ မင်း ငါ့ကိုမယုံဘူးဆိုရင်၊ ငါ့မှာ ရွေးချယ်စရာ မရှိတော့ဘူး။ မင်းလည်း သိပါတယ်။ ငါတို့အဖွဲ့ဟာ မင်းကိုသတ်ဖို့ ထောင်ချောက်တွေဘာတွေ ချနေစရာမလိုဘူးဆိုတာကို"။ ယုကျန်းသည် ကျားဖြူက တုံ့ဆိုင်းနေသေးသည်ကို မြင်လိုက်ရလျှင်၊ မကျေမနပ်ဖြစ်သည့် အရိပ်အယောင်များက ချက်ချင်းပင် သူ၏မျက်လုံးထဲသို့ တိုးဝင်လာသည်။ သူက ကျားဖြူကို အေးစက်စွာ ပြောလိုက်သည်။
"ကောင်းပြီလေ၊ ငါ မင်းကို ဒီတခါတော့ ယုံပေးလိုက်မယ်။ ဒါပေမယ့် မင်း ငါ့ကိုလိမ်ဖို့ သတ္တိရှိရင်၊ ငါသေရမယ်ဆိုရင်တောင် မင်းကိုလည်း ငါနဲ့အတူ သင်္ချိုင်းထဲကို ဆွဲခေါ်သွား မယ်။" ကျားဖြူက အေးစက်စွာ ပြောလိုက်သည်။
ယုကျန်း၏ နှုတ်ခမ်းထောင့်က ကောင်းကင်မှာ တောက်ပသော အပြုံးတစ်ခုကဲ့သို့ ကွေးကောက်သွားပြီး၊ သူ၏မျက်လုံးတွေထဲ စဉ်းလဲကောက်ကျစ်သည့် အရိပ်မြွက် ဖြစ်ပေါ်လာသည်။ သူက ပြုံးပြီး "ဒါဆိုလည်း ငါတို့ ပျော်ရွှင်စွာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ငါ ဆန္ဒရှိပါတယ်" ဟု ပြောလိုက်သည်။
ကျားဖြူနှင့် ယုကျိတို့ သဘောတူညီမှု ရရှိသွားသည့်အချိန်မှာပင်၊ မာန်လင်းသည်လည်း ချင်ယွင်၏ရှေ့သို့ လျှောက်သွားပြန်သည်။
"ညီငယ်ချင်၊ မင်းက လုံလောက်အောင် မသန်မာသေးဘူးလို့ ငါ သံသယ ဖြစ်မိခဲ့တယ်။ ဒါကြောင့်လည်း၊ ငါက မင်းကို ကိစ္စတစ်ခုကို မပြောဘဲထားခဲ့တာ။ ဒါပေမယ့် အခု မင်းရဲ့အစွမ်းကို လူတိုင်းက အသိအမှတ်ပြုထားကြပြီ။ ပြီးတော့၊ မင်းလည်း အသင်းအဖွဲ့ဝင် ဖြစ်နေပြီဆိုတော့ မင်းလည်း ဒီကိစ္စကို သိသင့်ပါတယ်။" မာန်လင်က ချင်ယွင်ကို ပြောရင်း သူ၏လေသံက လေးနက်လာသည်။
ချင်ယွင်သည် မာန်လင် ဤမျှလေးနက်သည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ပြီး၊ သူ၏စိတ်ထဲတွင် စူးစမ်းလိုစိတ်များဖြင့် ပြည့်နှက်နေသည်။ မာန်လင် မည်သည့်အရာ ပြောလိုမှန်းကို သူ မသိပါဘူး။
"တကယ်တော့၊ ငါတို့က ဆိတ်သုဉ်းခြင်းရှေးဟောင်းတောင်တန်းစစ်မြေပြင်ထဲကို ၀င်မှာမဟုတ်ဘူး။ ငါတို့ရဲ့ တကယ့်ပန်းတိုင်က ရှေးဟောင်း အပျက်အစီးနယ်မြေကို ရှာဖွေဖို့ပဲ" မာန်လင်က ပြောသည်။
"ရှေးဟောင်း အပျက်အစီးနယ်မြေလား...?" ချင်ယွင်က အံ့သြစွာ ပြောသည်။ မာန်လင် သည် သူတို့ကြား၌ ဤမျှကြီးမားသော လျှို့ဝှက်ချက်တစ်ခုကို ဝှက်ထားလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။
သို့သော်လည်း မာန်လင်သည် သူ့အား ဤကဲ့သို့သော နောက်ဆုံးလျှို့ဝှက်ချက်ကို ယခုလို ပြောပြလိုစိတ်ရှိသဖြင့်၊ မာန်လင်နှင့် အခြားသူများက သူ့ကို အမှန်တကယ် လက်ခံခဲ့သွားပြီဟု ဆိုလိုရာရောက်သဖြင့်လည်း သူ ကျေနပ်မိသည်။
"ဒါက ငါတို့ မထင်မှတ်ဘဲ ရရှိခဲ့တဲ့ ရှေးဟောင်း အပျက်အစီးနယ်မြေရဲ့ သော့တစ်ချောင်း ပဲ။ ဒီသော့ ရှိနေသရွေ့ ငါတို့က အဲဒီရှေးဟောင်းအပျက်အစီးနယ်မြေကို ဖွင့်လို့ ရပါတယ်။ ဒီအပျက်အစီးနယ်မြေက ဒီစစ်မြေပြင်မှာ ရှိနေပေမယ့် သူ့ရဲ့ တည်နေရာ အတိအကျကို ငါတို့လည်း မသိသေးဘူး။" လျှို့ဝှက်နက်နဲသော ရှေးဟောင်းဘာသာစကားဖြင့် ရေးထွင်းထားသည့် ဟက်ဇဂရမ်ကဲ့သို့ (တြိဂံနှစ်ခုကို ထပ်ထားသည့် ခြောက်ထောက် ကြယ်) သတ္တုပြားတစ်ချက်က မန်လင်း၏လက်ထဲတွင် ပေါ်လာသည်။
ချင်ယွင်သည် အရင်က ဤဘာသာစကားမျိုးကို လေ့လာခဲ့ဖူးပြီး၊ ၎င်းပေါ်တွင် မှတ်တမ်း တင်ထားသည်မှာ ဤပျက်စီးခြင်းနယ်မြေအကြောင်း ဖြစ်သည်။
"နောက်တစ်ခု ပြောစရာရှိတာက၊ စောစောက ယုကျန်း ငါ့ကို လာရှာတဲ့အကြောင်းပဲ။ သူက ငါတို့အဖွဲ့ကို သူတို့အဖွဲ့နဲ့ ပေါင်းစည်းဖို့ ကြိုးစားနေတာ၊ ဒါက ထင်သလောက် မရိုးရှင်းထင်တယ်"။ သူက ဒီအပျက်အစီးနယ်မြေရဲ့သော့အကြောင်းကို သိထားပြီလို့ ငါ ခန့်မှန်းထားတယ်။ ဒါကြောင့်၊ သူလာပြီးတော့ ငါတို့သော့ကို လုယူကောင်း လုယူလိမ့် မယ်။ အဲဒီအချိန်ရောက်ရင်၊ သူနဲ့ ခက်ခဲတဲ့တိုက်ပွဲတစ်ခုကို သေချာပေါက် ရင်ဆိုင်ရလိမ့် မယ်။ ငါ မင်းကို ဒီအကြောင်းတွေ ပြောပြနေရတာက၊ တကယ်လို့၊ မင်းသာ ဒီကိစ္စမှာ မပါဝင်ချင်ဘူးဆိုရင်၊ မင်းအနေနဲ့ အခုချိန် ထွက်သွားတာ ပိုကောင်းလိမ့်မယ်ထင်လို့ပဲ" မာန်လင်က လေးလေးနက်နက် ပြောလိုက်ပါသည်။
တုကျင်း၊ လျူဘိုင်နှင့် လင်းယုတို့ အားလုံးသည် ချင်ယွင်၏ ဆုံးဖြတ်ချက်ကို စောင့်စားနေသည့်အလား ချင်ယွင်ကို ကြည့်ရူနေကြသည်။
ချင်ယွင်က လူအုပ်ကြီးကို ကြည့်ရူပြီး မာန်လင်ကို ပြုံးပြကာ ပြောသည် "အစ်ကိုကြီးမာန်၊ အစ်ကိုကြီးက ကျွန်တော့်ကို အရမ်းကို လျှော့တွက်ထားတာပဲ။ အစ်ကိုကြီးက ကျွန်တော့်ကို ညီအစ်ကိုလို ဆက်ဆံခဲ့တယ်။ အန္တရာယ်ကြုံလာတဲ့အခါ၊ ကျွန်တော်က ဘယ်လိုလုပ် ထွက်သွားနိုင်မှာလဲ?။ တကယ်လို့၊ ကျွန်တော် ထွက်သွားရင်တောင် ယုကျန်း က ကျွန်တော့်ကို အလွတ်ပေးမယ်လို့ ထင်နေတာလား?"
ချင်ယွင်၏စကားကို ကြားတော့ လူတိုင်းက အံ့ဩသွားပြီး၊ သူတို့အားလုံး အပြုံးကိုယ်စီ ထုတ်ဖော်လာကြသည်။ သူတို့သည် သူတို့စိတ်ထဲကနေ အလွန်ကျေနပ်သွားကြပြီး၊ သူတို့ လူရွေးမမှားဘူးဟုလည်း ခံစားမိကြပါသည်။