← Chapters

အခန်း ၉၁၄

Vol. 61 Ch. 914

အခန်း ၉၁၄

Vol. 61 Ch. 914

အခန်း (၉၁၄) စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းသော ယုကျန်း။

ချင်ယွင်သည် လျှို့ဝှက်ဆန်းကြယ်သော ကောင်လေးမှ ပေးအပ်ခဲ့သည့် အခြေခံအုတ်မြစ် ဖြစ်သည့် ရှင်းလင်းချက်များကို လက်ခံရရှိပြီးနောက်၊ သူသည် ၎င်းရှင်းလင်းချက်များ အတိုင်း ဖြန့်ကျက်လိုက်လေသည်။

မျှော်လင့်ထားသည့်အတိုင်းပင်၊ ချင်ယွင်သည် အခြေခံအုတ်မြစ်ဖြစ်သည့် ရှင်းလင်းချက် များအတိုင်း လှည့်ပတ်နေစဉ်၊ သူ၏ခန္ဓာကိုယ်တွင်းရှိ သွေးများ ပြင်းထန်စွာ ဆူပွက်လာ သည်ကို ခံစားလိုက်ရသည်။ သူ၏ခန္ဓာကိုယ်သည် သုံးဆနီးပါး အရွယ်အစား ကြီးမားလာ သည်။

နှစ်နာရီ မပြည့်မီတွင်၊ ချင်ယွင်၏ ခန္ဓာကိုယ်သည် ခွန်အားသုံးဆ တိုးလာခဲ့သည်။ ထို့အပြင်၊ ဤအခြေခံရှင်းလင်းချက်အတိုင်း လှည့်ပတ်မှုနှင့်အတူ၊ ချင်ယွင်၏ခန္ဓာကိုယ်သည် အနာဂတ်တွင် အနည်းဆုံး ဆယ်ဆမှ အဆနှစ်ဆယ်အထိ တိုးလာမည် ဖြစ်သည်။

သူသည် ဆဋ္ဌမအဆင့်ဖြစ်သည့် ဖင်းဂေါ့ဂ်နယ်ပယ်၏ အလယ်လတ်အဆင့်တွင် ဖြစ်သော် လည်း သူ၏ ခွန်အားသည် အမှန်တကယ်ပင် အဆပေါင်းများစွာ အားနည်းနေခဲ့သည်။ ကျင့်ကြံမူနှစ်ခုကြားက ကွာဟချက်က အရမ်းကို ကြီးမားလွန်းသည်။

ဤအရာက ချင်ယွင်ကို အလွန် စိတ်လှုပ်ရှားစေခဲ့သည်။ ဤလျှို့ဝှက်ဆန်းကြယ်သော ကလေးငယ်သည် သူ့အား အစကတည်းက လှောင်ပြောင် ရယ်မောရခြင်း၏ အကြောင်းရင်းကို နောက်ဆုံးတွင် သူ နားလည်သွားခဲ့သည်။ အခြေခံအနှစ်သာရကို ပိုင်ဆိုင်သည့် ဖင်းဂေါ့ဂ်ခန္ဓာကိုယ်သန့်စင်ခြင်း ပညာရပ်သည် ယခင်က ချင်ယွင် ကျင့်ကြံခဲ့သော ဖင်းဂေါ့ဂ်ခန္ဓာကိုယ်သန့်စင်ခြ င်းပညာရပ်နှင့် အဆင့်တူညီမည် မဟုတ်ပါချေ။

"ကျေးဇူးတင်ပါတယ် စီနီယာ” ချင်ယွင်က ကလေးငယ်အား ကျေးဇူးတင်စကား ဆိုလိုက်ပါသည်။

"ဟဲ…၊ ဟဲ….၊ မင်း ငါ့ကို ကျေးဇူးတင်နေစရာ မလိုပါဘူး။ အရင်ကတည်းက ငါတို့မှာ သဘောတူညီမူ ရှိခဲ့ပြီးသားလေ။ မင်း ငါ့ကို ကတိပေးခဲ့တာကို မမေ့ပါနဲ့။" ကောင်လေးက ဖြူဖွေးနေသော သွားနှစ်တန်းပေါ်အောင် ပြုံးလိုက်ပါသည်။

"ဟုတ်ကဲ့ပါ၊ အချိန်တန်ရင် ကျွန်တော် စီနီယာကို သေချာပေါက် ခေါ်ထုတ်သွားမှာပါ" ချင်ယွင်က ပြတ်ပြတ်သားသား ပြန်ပြောသည်။

ချင်ယွင်သည် အခြေခံအားဖြင့် ယုံကြည်ကိုးစားမူကို စွဲကိုင်ထားဆဲ ဖြစ်သည်။ ဤလျှို့ဝှက် ဆန်းကြယ်သော စီနီယာကို သူ သဘောတူထားပြီး ဖြစ်သည့်အတွက်၊ နောက်ဆုံးတွင်၊ သူသည် သေချာပေါက် လုပ်ပါလိမ့်မည်။

ကလေးငယ်သည် ချင်ယွင် သူ၏စကားကို ပြန်ပြောင်းသွားမည်ကို စိုးရိမ်ပုံမပေါ်ချေ။ သူသည် သူ၏မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခုရှိနေခဲ့ပြီး၊ သာမန် ကလေးငယ် တစ်ဦးနှင့် ထူးမခြားနားပါချေ။

ချင်ယွင်က သူ၏စိတ်ထဲတွင် သက်ပြင်းချလိုက်ပါသည်။ ဤကလေးငယ်၏ ရုပ်ရည် အသွင်အပြင်အောက်မှာ အစွမ်းထက်သော ခွန်အားနှင့် ရင့်ကျက်သော စိတ်ဝိညာဉ်တစ်ခု ရှိနေပါသည်။

"သွားရအောင်။ မင်း နတ်ဘုရားပြုတ်ကျခြင်းချောက်နက်ကြီးကို သွားမှာ မဟုတ်လား?။ နတ်ဘုရားပြုတ်ကျခြင်း ချောက်နက်ကြီးက အရမ်းကို စည်ကားအသက်ဝင်နေလောက်ပြီ။ ဒါကြောင့် ငါ တစ်ချက်လောက် သွားကြည့်လို့ပြီ။" ကလေးက ချင်ယွင်ကို ပြုံးပြသည်။

ချင်ယွင်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားသည်။ ဤကလေးငယ်သည် သူနှင့်ပတ်သက်ပြီး အရာရာတိုင်းကို မြင်နိုင်စွမ်း ရှိနေပုံပင်။ သူသည် နတ်ဘုရား ပြုတ်ကျခြင်းချောက်နက်ကြီးသို့ သွားမည်ဆိုသည်ကို သူသည် အမှန်တကယ် သိနေခဲ့သည်။

"ချာတိတ်လေး၊ မင်း မအံ့သြပါနဲ့။ ဒီကမ္ဘာကြီးဟာ မင်းထင်တာထက် ပိုကြီးပြီး၊ မကြာခင် ပြောင်းလဲသွားတော့မှာပါ။" ကလေးငယ်က ချင်ယွင်၏စိတ်ထဲတွင် အံ့အားသင့်ပနေပုံကို မြင်သွားပုံရပြီး၊ ချင်ယွင် စိတ်ရှုပ်ထွေးသွားလောက်သည့် တစ်စုံတစ်ခုကို ပြောလိုက်ပါ သည်။

ကောင်းကင်ဘုံ ပြောင်းလဲခြင်းလား?။

ချင်ယွင်သည် ဤစကားကို သတိပြုမိလိုက်သည်။ ဤလျှို့ဝှက်ဆန်းကြယ်သော စီနီယာက ဘာကိုဆိုလိုသည်ကို သူ မသိပါ။

ကလေးငယ်သည် နတ်ဘုရားပြုတ်ကျခြင်း ချောက်နက်ကြီး၏ ဦးတည်ရာအရပ်သို့ ပျံသန်းနေခဲ့ပြီး၊ သူ့ကို ရှင်းပြရန် ရည်ရွယ်ချက် မရှိပေ။

ကလေးငယ် ပျံထွက်သွားသည်ကို မြင်လျှင် ချင်ယွင်လည်း အလင်းတန်းတစ်ခုကဲ့သို့ ပြောင်းလဲကာ နောက်မှ လိုက်ပါသွားခဲ့သည်။

ချင်ယွင်နှင့် ကလေးငယ်တို့သည် နတ်ဘုရားပြုတ်ကျခြင်း ချောက်နက်ကြီးဆီသို့ အပြေးအလွှား ပျံသန်းသွားနေစဉ်တွင် လူအများအပြားသည် နတ်ဘုရားပြုတ်ကျခြင်း ချောက်နက်ကြီးတွင် စုဝေးနေခဲ့ကြသည်။ ၎င်းတို့သည် အဖြူရောင်အဖွဲ့နှင့် အမည်းရောင် အဖွဲ့မှ ကျွမ်းကျင်ပညာရှင်များ ဖြစ်ကြပြီး၊ ၎င်းတို့ထဲတွင် အချို့မှာ အင်မော်တယ်ဧကရာဇ် ကျွမ်းကျင်ပညာရှင်များ ဖြစ်ကြပါသည်။

"မာန်လင် သူပြောတာ မှန်လား?။ မင်းမှာ ဒီရှေးဟောင်းအပျက်အစီးနယ်မြေရဲ့ သော့ တကယ် ရှိနေတာလား?" အင်မော်တယ်ဧကရာဇ် လင်းဖန်းသည် မာန်လင်ကို ကြည့်ကာ မေးလိုက်သည်။

မာန်လင်က ပြန်မဖြေဘဲ အင်မော်တယ်ဧကရာဇ် လင်းဖန်း၏ ဘေးအနားရှိ လူငယ်အား ဒေါသထန်ပြင်းသော မျက်လုံးတစ်စုံဖြင့် စိုက်ကြည့်နေသည်။

ဤလူငယ်သည် အစောပိုင်းက ချင်ယွင်၏လက်မှ လွတ်မြောက်သွားခဲ့သော ယုကျန်းမှ လွဲ၍ အခြားလူ မဟုတ်ပေ။

ယုကျန်းသည် လွတ်မြောက်ပြီးနောက် ဤအသက်ရှုလေကို မျိုမချနိုင်ခဲ့သည့်အတွက် နတ်ဘုရားပြုတ်ကျခြင်းချောက်နက်ကြီးမှာ ရှေးဟောင်းအပျက်အစီး နယ်မြေတစ်ခု ရှိနေကြောင်း သတင်းဖြန့်ခဲ့ပါသည်။ (ဤအသက်ရူလေဆိုသည်မှာ မခံမရပ်နိုင်ဖြစ်သည့် အတွက် အသက်ရူမရဖြစ်ခြင်းကို တင်စားပြောဟန် တူပါသည်)။

ရလာဒ်အနေဖြင့်၊ မာန်လင်နှင့် အခြားလူများသည် နတ်ဘုရားပြုတ်ကျခြင်း ချောက်နက်ကြီးသို့ ရောက်ရှိပြီး မကြာမီတွင်၊ သူတို့သည် ကျွမ်းကျင်ပညာရှင် အများအပြား နတ်ဘုရားပြုတ်ကျခြင်းချောက်နက်ကြီးဆီသို့ ပြေးလာကြသည်ကို တွေ့မြင် ကြရသည်။ ထိုပညာရှင်တွေ ရောက်ရှိလာသည်နှင့် တပြိုင်နက် သူတို့သည် အရူးအမူး ရှာဖွေကြတော့သည်။

မာန်လင်သည် အခြေအနေမကောင်းကြောင်း ချက်ချင်း သိရှိပြီး နောက်ပြန်ဆုတ်ရန် ဆုံးဖြတ်လိုက်သည်။

သို့သော် သူတို့ မထွက်ခွာမီ၊ ယုကျန်းသည် အင်မော်တယ်ဧကရာဇ် လင်းဖန်းနှင့်အတူ အပြေးအလွှား ပြေးလာနေသည်ကို တွေ့လိုက်ရသည်။ ထို့နောက်၊ ယခုလို မြင်ကွင်းမျိုး ဖြစ်ပွားလာရပါသည်။

အင်မော်တယ်ဧကရာဇ် လင်းဖန်းသည် အမည်းရောင်အဖွဲ့၏ ကြီးကျယ်ခမ်းနားသော အင်မော်တယ်ဧကရာဇ် ၃ ပါးထဲမှ တစ်ဦးဖြစ်ပြီး ၎င်းသည် အင်မော်တယ်ဧကရာဇ် သုံးပါးတွင် အားအနည်းဆုံး ဖြစ်သည်။

အင်မော်တယ်ဧကရာဇ် လင်းဖန်းအပြင်၊ အဖြူရောင်အဖွဲ့မှ အင်မော်တယ်ဧကရာဇ် ချီလိ လည်း ရှိနေသေးသည်။ သူ၏စွမ်းအားသည် အင်မော်တယ်ဧကရာဇ် လင်းဖန်းနှင့် အတူတူပင် ဖြစ်သည်။ သူသည် ကောင်းကင်တာအိုနယ်ပယ်၏ တတိယအဆင့်တွင် ရှိသင့်သည်။

သို့သော်လည်း၊ အဆုံးမှာတော့၊ အင်မော်တယ် ဧကရာဇ်များသည် အင်မော်တယ် ဧကရာဇ်များသာ ဖြစ်ကြပါသည်။ သူတို့၏စွမ်းအားသည် အင်မော်တယ် ဘုရင်များ ဆန့်ကျင်နိုင်သည့်အရာ မဟုတ်သည်မှာ သေချာပါသည်။ ထို့ကြောင့်၊ အင်မော်တယ် ဧကရာဇ်နှစ်ပါး ပေါ်လာသည့် အခိုက်တွင်၊ အင်မော်တယ်ဘုရင်များသည် ဘေးတဖက်သို့ ဆုတ်ခွာသွားကြကာ မဆင်မခြင် မပြုမူဝံ့ကြတော့ပေ။

"စစ်သူကြီး လင်းဖန်း၊ ရှေးဟောင်းအပျက်အစီး နယ်မြေရဲ့သော့က သူ့ကိုယ်အပေါ်မှာ ရှိတယ်။ အဲဒါကို ကျွန်တော်ကိုယ်တိုင် မျက်စိနဲ့ မြင်ခဲ့တာ။ သူက ရှေးဟောင်းအပျက်အစီး နယ်မြေရဲ့ သော့ကို ထုတ်ယူလိုက်ပြီး အဲဒီပေါ်မှာ မြေပုံတစ်ခု ပေါ်လာတယ်။ အဲဒါကတော့ နတ်ဘုရားပြုတ်ကျခြင်းချောက်နက်ကြီးပဲ။" ယုကျန်းက မာန်လင်ကို အေးစက်သော အပြုံးဖြင့် ကြည့်ရင်း ကမန်းကတန်း ပြောလိုက်သည်။

ယခင်က ချင်ယွင်၏ ရိုက်နှက်ဆုံးမခြင်းကို ခံခဲ့ရပြီး သူ၏နှလုံးသားသည် ဒေါသများဖြင့် မွန်းကြပ်နေသည်။

ရှေးဟောင်းအပျက်အစီး နယ်မြေ၏သော့ကို သူ မရနိုင်တော့သည့်အတွက် သတင်း ဖြန့်ဝေရန် သူ ဆုံးဖြတ်ခဲ့ပါသည်။ ဤနည်းအားဖြင့်, အကယ်၍၊ မာန်လင်နှင့် အခြားလူများသည် ရှေးဟောင်းအပျက်အစီး နယ်မြေ၏သော့ကို ပေးအပ်ခဲ့မည်ဆိုလျှင်၊ အဆင်ပေလိမ့်မည်။ လွှဲအပ်ရန် ငြင်းဆိုပါက သူတို့သည် လူထုကြီး၏ ပစ်မှတ် ဖြစ်လာမည် မှာ သေချာပါသည်။

မျှော်လင့်ထားသည့်အတိုင်းပင်၊ ယုကျန်းသည် ထိုစကားများကို ပြောလိုက်သည့်အခိုက် တွင်၊ အင်မော်တယ်ဧကရာဇ် လင်းဖန်းသာမက ပတ်ဝန်းကျင်ရှိ ကျွမ်းကျင်သူများလည်း မာန်လင်ဆီသို့ အကြည့်များ ရောက်သွားကြပါသည်။ ၎င်းတို့ထဲတွင် အဖြူရောင်အဖွဲ့၏ အင်မော်တယ်ဧကရာဇ် ချီလိလည်း ပါဝင်သည်။

အင်မော်တယ်ဧကရာဇ် လင်းဖန်းသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ ယုကျန်းက ဤသတင်းကို လူတိုင်းသိအောင် ပြောလိုက်ခြင်းကို သူသည် သိသိသာသာ မကျေမနပ် ဖြစ်သွားပါသည်။ သို့သော်လည်း သူသည် မာန်လင်ကို ကြည့်ရန် ခေါင်းကို လှည့်ထားဆဲပင် ဖြစ်ပြီး၊ အေးစက်သော မျက်လုံးများက သူ့ကို မေးခွန်းထုတ်နေသယောင် ပင်။

မာန်လင်၊ တုကျင်းနှင့် အခြားသူများသည် ယုကျန်းအား စက်ဆုပ်ရွံရှာဖွယ်ကောင်းပြီး၊ အရှက်မရှိမူကြောင့် သူတို့စိတ်ထဲတွင် ကျိန်ဆဲနေကြသည်။ သူသည် ရှေးဟောင်း အပျက်အစီးနယ်မြေ သော့ကို လုယူရန် ရန်သူနှင့်ပင် ပူးပေါင်းခဲ့သည် မဟုတ်ပါလော?။ အခုလည်း သူသည် ထိုသတင်းကိုဖြန့်ပြီး သူတို့ကို ချောက်ကမ်းပါးစွန်းအထိ တွန်းပို့နေ ပြန်သည်။ အကယ်၍၊ သူတို့သည် ရှေးခေတ်အပျက်အစီးနယ်မြေ၏ သော့ကို အမှန်တကယ် လွှဲပြောင်းမပေးခဲ့ပါက၊ သူတို့သည် ယနေ့တွင် နတ်ဘုရား ပြုတ်ကျခြင်း ချောက်နက်ကြီးမှ အသက်ရှင်လျက် ထွက်ခွာနိုင်မည် မဟုတ်တော့ပေ။

"စစ်သူကြီး၊ ကျွန်တော့်မှာ ရှေးဟောင်း အပျက်အစီးနယ်မြေရဲ့ သော့ တကယ်ရှိပါတယ်။ ဒါပေမယ့် အဲဒါက ရှေးဟောင်း အပျက်အစီးတွေရဲ့ သော့ဟုတ် မဟုတ်တော့ မသိပါဘူး။" မာန်လင်က ကူကယ်ရာမဲ့ ပြန်ပြောလိုက်ရသည်။

"အိုး?" မာန်လင်၏ အဖြေကို ကြားသောအခါ အင်မော်တယ်ဧကရာဇ် လင်းဖန်း၏ မျက်လုံးများသည် ဝင်းလက်တောက်ပလာသည်။

ပတ်ဝန်းကျင်မှ အင်မော်တယ်ဘုရင်များနှင့် အင်မော်တယ်ဧကရာဇ် ချီလိသည် မာန်လင် ပြေးထွက်သွားမည်ကို လေးလေးနက်နက် စိုးရိမ်နေကြပြီး၊ မာန်လင်ကို သတိကြီးစွာ စိုက်ကြည့်နေကြသည်။

"ဘာလဲဆိုတာ ငါ့ကို ပြစမ်းပါဦး။" လင်းဖန်းက မာန်လင်ကို ပြောသည်။ သူက အကယ်၍၊ မန်လင် လုံးဝ မပြောဘူးဆိုလျှင်၊ မာန်လင်ကို ထိုနေရာမှာပင် သတ်ပစ်တော့မည့်အတိုင်း စူးရှသော မျက်လုံးတစ်စုံဖြင့် မာန်လင်ကို စိုက်ကြည့်နေသည်။

မာန်လင်သည် ဤလွှမ်းမိုးနိုင်စွမ်းရှိသော အငွေ့အသက်ကို ခံစားလိုက်ရသောအခါ၊ သူ၏မျက်ခုံးများက တွန့်သွားခဲ့သည်။

တစ်ဖက်တွင်မူ၊ ယုကျန်းသည် သူ၏မျက်နှာပေါ်တွင် အေးစက်သော အပြုံးဖြင့် ပြောလိုက် သည် "မင်းတို့က ရှေးဟောင်းအပျက်အစီးနယ်မြေသော့ကို ဆက်ပြီး သိမ်းထားချင်တုံး လား? မင်း လွှဲပေးလိုက်ရင် ကောင်းလိမ့်မယ်”။

မာန်လင်၏နောက်တွင် ရပ်နေကြသော လျူဘိုင်၊ တုကျင်းနှင့် လင်းယုတို့သည် ယုကျန်း၏ မျက်နှာကို ဆုတ်ဖြဲပစ်လိုစိတ် ရှိနေကြသော်လည်း အံတင်းတင်းကြိတ်ထားရုံမှလွဲပြီး အခြားရွေးချယ်စရာ မရှိခဲ့ပါချေ။

မာန်လင်သည် သူ၏စိတ်ထဲတွင် ကူကယ်ရာမဲ့ သက်ပြင်းချလိုက်မိသည်။ သူသည် ယခုလိုလုပ်ဖို့ ဆန္ဒမရှိသော်လည်း၊ အင်မော်တယ်ဧကရာဇ် လင်းဖန်း၏ အငွေ့အသက်က ပြင်းထန်လွန်းသည်။ သူတို့၏အသက်ကို ကယ်တင်ဖို့အတွက် သူသည် ရှေးဟောင်းပျက်စီး နယ်မြေ၏သော့ကို ထုတ်ပေးဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ပါဘူး။

သို့သော်၊ မာန်လင်သည် အင်မော်တယ်ဧကရာဇ် လင်းဖန်းအား ဟက်ဇဂရမ် သော့ကို လွှဲပေးခါနီးတွင်, ပုံရိပ်တစ်ခုက လူတိုင်း၏မျက်လုံးများကို ဖြတ်သန်းသွားခဲ့သည်။

မာန်လင်သည် အနည်းငယ် မှင်သက်အံ့အားသင့်သွားသော်လည်း၊ သူ၏လက်ထဲတွင် ရှိနေသော ရှေးဟောင်းအပျက်အစီး နယ်မြေသော့သည် ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရပါသည်။

ဘေးအနားမှာရှိနေသည့် အင်မော်တယ်ဧကရာဇ် လင်းဖန်းသည် ချက်ချင်း တုံ့ပြန်လိုက် သည်။ သူ နောက်ပြန်လှည့်ပြီး မနီးမဝေးရှိ ကျောက်တုံးကြီးကို လှမ်းကြည့်လိုက်သည်။ ကြီးမားလှသော ကျောက်တုံးကြီးပေါ်တွင် ကလေးငယ်တစ်ယောက်သည် သူ၏ ခြေထောက်တွေကို ကြက်ခြေခတ်ပြု၍ တင်ပျဉ်ခွေ ထိုင်နေပါသည်။ သူသည် ဟက်ဇဂရမ် သော့ကို ဂရုတစိုက် ဆော့ကစားနေပါသည်။

All Chapters