အခန်း ၉၃၇
Vol. 63 Ch. 937
အခန်း (၉၃၇) ရန်မြို့တော်မှ ရန်ကလန်
"မင်းရဲ့ခွန်အားတွေ ထပ်ပြီး တိုးမြင့်လာပြန်ပြီလား?" ရှရှန်းယုသည် အဝေးမှ ပျံသန်းလာခဲ့ပြီး၊ သူမ၏ လှပသော မျက်လုံးများသည် ချင်ယွင်ကို အံ့သြစွာ စိုက်ကြည့်နေသည်။
ယခုလေးတင် ချင်ယွင် အပြင်ထွက်လာချိန်မှာ သူ၏စိတ်နေစိတ်ထားက ကြီးမားသော ပြောင်းလဲကြီးဖြင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်ကို သူမ ခံစားနိုင်သည်။ ချင်ယွင်၏ မူလ စိတ်နေသဘောထားသည် ခက်ထန်ပြီး လွှမ်းမိုးကြီးစိုးနိုင်စွမ်းရှိနေပါက၊ ယခုအခါတွင် သူသည် သဘာဝအတိုင်း ပြန်လည်ရောက်ရှိသွားပြီး တော်ဝင်တာအိုနှင့် လုံးဝ ပေါင်းစည်း သွားပြီ ဖြစ်ကြောင်း သူမ ခံစားမိသည်။
ဤအငွေ့အသက် ပြောင်းလဲမှုအတွက် တစ်ခုတည်းသော ရှင်းလင်းချက်မှာ တော်ဝင် တာအိုအပေါ် ချင်ယွင်၏ နားလည်သဘောပေါက်မှုသည် ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိနေခြင်းကြောင့် ဖြစ်ပါလိမ့်မည်။
"သေးငယ်တဲ့အဆင့်ချိုးဖြတ်မူလေးတစ်ခု ရှိခဲ့ရုံပါ။" ချင်ယွင်က ရှရှန်းယုကို မည်သည့်အရာကိုမျှ မရှင်းပြဘဲ လျစ်လျူရှုကာ ပြန်ပြောလိုက်သည်။
ရှရှန်းယု အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူမရှေ့တွင်ရှိနေသော ဤချင်ယွင် ကို သူမအနေဖြင့် ထွင်းဖောက်မမြင်နိုင်တော့ကြောင်း သူမ တွေ့ရှိခဲ့သည်။ သူ၏ခန္ဓာကိုယ် ကို ထူထပ်သော တိမ်စိုင်တိမ်လွှာများဖြင့် ဖုံးအုပ်ထားသလိုပင်။
"မင်း ကောင်းကင်လေနတ်ဘုရား အကယ်ဒမီကနေ ထွက်သွားဖို့ စီစဉ်နေတာလား?။" ရှရှန်းယုက မေးသည်။
"မှန်တယ်၊ ငါက တော်ဝင်ချင် အင်မော်တယ်မင်းဆက်ကို သွားဖို့ စီစဉ်ထားတယ်။ မင်း ငါနဲ့လိုက်ခဲ့မှာလား။" ချင်ယွင်က ပြုံးပြုံးလေး မေးသည်။
"ကောင်းပြီလေ" ရှရှန်းယုက ပြတ်ပြတ်သားသား ပြန်ပြောသည် ။
ချင်ယွင်သည် အနည်းငယ် မှင်သက်သွားခဲ့သည်။ ယခုလေးတင် သူသည် သာမန်ကာ လျှံကာ မေးမြန်းလိုက်ခြင်း ဖြစ်သည်။ ရှရှန်းယုသည် ဤမျှ ပွင့်ပွင့်လင်းလင်း သဘောတူလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ဤအရာက ချင်ယွင်ကို စူးစမ်းချင်စိတ် ဖြစ်ပေါ်စေသည်။
သူ၏အမြင်အရဆို, ရှရှန်းယုသည် အလွန်မင်း မောက်မာသော အရှင်သခင်တစ်ယောက် ဖြစ်သည်။ ရှရှန်းယုသည် အလောင်းအစား ရှုံးသောကြောင့် သူ၏အစေခံ ဖြစ်လိုသည်ဟု သူ မထင်ခဲ့ပေ။
အမှန်တကယ်တော့ ရှရှန်းယုသည် ချင်ယွင်၏ ကျင့်ကြံမူ အဘယ့်ကြောင့် ဤမျှလောက် မြန်မြန်ဆန်ဆန် တိုးလာတာသည်ကို သိချင်နေခဲ့သည်။ ချင်ယွင်၏ ခန္ဓာကိုယ်ရှိ လျှို့ဝှက် ချက်များကို သူမ သိချင်သည်။
"ဒါဆိုလည်း သွားရအောင်" ချင်ယွင်က ဘာသိဘာသာ ပြောလိုက်သည်။
ဤတစ်ကြိမ်တွင် သူသည် သူ၏မိခင်ကို ရှာဖွေရန် တော်ဝင်ချင် အင်မော်တယ် မင်းဆက်သို့ သွားရောက်မည် ဖြစ်သည်။ သူသည် အန္တရာယ်များစွာကို ရင်ဆိုင်ရမည်ဖြစ် သော်လည်း ရှရှန်းယုသည် တော်ဝင်မင် မင်မော်တယ်မင်းဆက်၊ ဧကရာဇ်မင်းမြတ်၏ သမီးတော် ဖြစ်သည်။ ခန့်မှန်းရမည်ဆိုလျှင်၊ သူမကို မည်သူမျှ မထိခိုက်စေဝံ့ပေ။ ထို့ကြောင့် ရှရှန်းယုကို ခေါ်ဆောင်ရာတွင် သဘာဝအတိုင်း ပြဿနာ ကြီးကြီးမားမား ရှိမည် မဟုတ်ပါ။
ထိုသို့ပြောပြီးနောက် ချင်ယွင်သည် တယ်လီပို့စနစ် အစီအရင်ဝင်္ကပါရှိရာသို့ တိုက်ရိုက် ပျံသန်းသွားသည်။ ရှရှန်းယုလည်း တိတ်တဆိတ် လိုက်ပါသွားခဲ့သည်။
ကောင်းကင်လေနတ်ဘုရား အကယ်ဒမီတွင် တော်ဝင်ချင် အင်မော်တယ် မင်းဆက်သို့ တယ်လီပို့စနစ် အစီအရင်ဝင်္ကပါကို ခင်းကျင်းထားပြီး၊ ယင်းက ချင်ယွင်အတွက် ပြဿနာများစွာကို ရှောင်လွှဲပြီးသား ဖြစ်ရသည်။
ဘန်း…။
တယ်လီပို့စနစ် အစီအရင်ဝင်္ကပါကို အသက်သွင်းပြီးနောက် ကောင်းကင်နှင့် မြေကြီး လည်ပတ်သွားခဲ့သည်။ ချင်ယွင်နှင့် ရှရှန်းယုတို့သည် ပတ်ဝန်းကျင်အသစ်တွင် တစ်ဖန် ပြန်ပေါ်လာသည်။
"ဟင်၊ ဒါက ရန်မြို့တော်လား?" ချင်ယွင်သည် အံ့သြသော အမူအရာဖြင့် မြို့၏ လူစည်ကားသော လမ်းများကို ကြည့်လိုက်သည်။
ကောင်းကင်လေနတ်ဘုရားအကယ်ဒမီ၏ တယ်လီပို့စနစ် အစီအရင်ဝင်္ကပါသည် ယခင်က သူရောက်ဖူးခဲ့သော ရန်မြို့တော်နှင့် အမှန်တကယ် ချိတ်ဆက်နေလိမ့်သည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ဤအရာက ချင်ယွင်အား အံ့အားသင့်သွားသလို ခံစားလိုက်ရသည်။
တော်ဝင်ချင် အင်မော်တယ် မင်းဆက်ကို တုံးကျိုး၊ ယွန်ကျိုးနှင့် လင်းကျိုးတို့ဟူ၍ စီရင်စုကြီးသုံးခုဖြင့် ခွဲခြားထားသည်။
ဤရန်မြို့တော်သည် တုံးကျိုးရှိတိုက်ကြီးရှိ ထောင်ပေါင်းများစွာသော မြို့များထဲမှ တစ်ခု ဖြစ်သည်။ အတော်လေး ကြီးမားသည့်မြို့တစ်ခုဟု ယူဆနိုင်ပါသည်. ဟုတ်ပါသည်၊ တုံးကျိုးတိုက်ကြီး တစ်ခုလုံးမှာ ယခုလိုမြို့ကြီးမျိုး တစ်ရာ သို့မဟုတ် ရှစ်ဆယ်ထက်မက ရှိပါသည်။ ထို့ကြောင့်၊ တုံးကျိုးတိုက်ကြီးတစ်ခုလုံးနှင့် နှိုင်းစာလျှင်တော့ ဘာမှ မဟုတ် ပါဘူး။
ချင်ယွင်သည် ရန်မြို့တော်ကို အထင်ကြီးရသည့် အကြောင်းရင်းမှာ၊ သူသည် တစ်ချိန်က ရန်မြို့တော်သို့ ခရီးသွားစဉ် ရန်ကျိဖန်းဟု ခေါ်သော လူငယ်တစ်ဦးကို ကယ်တင်ခဲ့ဖူးသော ကြောင့် ဖြစ်ပါသည်။ သူသည် ရန်ကလန်, ကလန်ခေါင်းဆောင်၏ တစ်ဦးတည်းသော သားဖြစ်ပါသည်။
သူ၏အသက်ကို ကယ်တင်ပေးခဲ့သော ချင်ယွင်ကို ကျေးဇူးတင်ရန်အတွက် ရန်ကျိဖန်းက ချင်ယွင်ကို ဧည့်သည်တော်အဖြစ် သူ၏အိမ်ကို ဖိတ်ကြားခဲ့ပါသည်။ ချင်ယွင်က ရန်ကျိဖန်းကို ကယ်တင်ပေးခဲ့ကြောင်း ရန်မိသားစု ကြားသောအခါ၊ သူတို့သည် ချင်ယွင်ကို အလွန်ကျေးဇူးတင်ကြပြီး ချင်ယွင်ကို ဧည့်သည်တော်အဖြစ် နွေးထွေးစွာ ဆက်ဆံကြခဲ့သည်။
ရန်ကလန်၏ ကလန်ခေါင်းဆောင် ရန်ဘိုင်လင်းသည် ချင်ယွင်အား ရန်ကလန်၏ ဓားသိုင်း ပညာရပ်ကို သင်ကြားပေးခဲ့ပြီး၊ ချင်ယွင်သည် ရန်ကျိဖန်းနှင့် သူ၏ ဆက်ဆံရေးသည်လည်း အလွန်ကောင်းမွန်သော ညီအစ်ကိုများ ဖြစ်လာခဲ့သည်။
ထိုအချိန်တုန်းက သူသည် အသက်ဆယ်နှစ်သာရှိသေးပြီး ရန်ကျိဖန်းသည် အသက် ဆယ့်နှစ်နှစ်သာ ရှိပါသေးသည်။ သူတို့နှစ်ဦးစလုံးသည် ကမ္ဘာကြီး၏ အရှုပ်ရှင်းများတွင် မပါဝင်ကြသေးသည့် လူငယ်များ ဖြစ်ကြပြီး၊ သူတို့၏ ခင်မင်ရင်းနှီးမှုသည် အလွန်မင်း ဖြူစင်ပါသည်။ ထို့အပြင်, ချင်ယွင်သည် သူ၏ကိုယ်ရေးအချက်ကို ရန်ကလန်မှ မည်သူ တစ်ဦးတစ်ယောက်ကိုမျှ မပြောပြခဲ့ပါ။
ချင်ယွင်သည် ရန်မြို့တော်တွင် သုံးလကြာ နေထိုင်ခဲ့သော်လည်း ထိုသုံးလက သူ့ကို အလွန်ပျော်ရွှင်စေခဲ့သည်။ ရန်မြို့တော်မှ ဝိညာဉ်စီရင်စုသို့ ပြန်ရောက်ပြီးနောက်တွင် ဘေးဆိုးတစ်ခုနှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။ ထို့ကြောင့်၊ ချင်ယွင်၏ ရန်မြို့တော်ကို အမှတ်ရမှုသည် အလွန်နက်ရှိုင်းခဲ့သည်။
ယခု သူ ရန်မြို့တော်သို့ တစ်ဖန်ပြန်ရောက် လာသောအခါ၊ ထိုနှစ်တုန်းက လှပသော အမှတ်တရများသည် ချင်ယွင်၏ စိတ်ထဲတွင် ပေါ်လာသည်။ ဤက ချင်ယွင်သည် ရန်ကျိဖန်းကို အမှတ်တမဲ့ တွေးမိစေခဲ့သည်။
ထိုနှစ်တုန်းက သူ ထွက်ခွာသွားသောအခါတွင် သူသည် ရန်ကျိဖန်းအား ကျင့်ကြံရန်နှင့်၊ အစွမ်းထက်သည့် ဆရာသခင်တစ်ဦးကို ရှာဖွေနိုင်ရန်အတွက် တော်ဝင်ချင် အင်မော်တယ် မင်းဆက်ရှိ အကောင်းဆုံးဂိုဏ်းသို့ ခေါ်ဆောင်သွားလိုကြောင်း တစ်ချိန်က ပြောခဲ့ဖူးသော် လည်း၊ အဆုံးတွင် သူသည် ထိုကတိကို ဖျက်လိုက်ရသည်။
"ကျိဖန်း အခု ဘာတွေလုပ်နေလဲ ငါ သိချင်လိုက်တာ" ချင်ယွင်က သူ့ကိုယ်သူ တွေးလိုက်မိသည် "ငါတို့ ဒီနေရာကို ဖြတ်သွားရမှာဆိုတော့ တစ်ချက်လောက် သွားကြည့်ဦးမယ်”။
ထို့ကြောင့် ချင်ယွင်သည် ရန်ကလန်ရှိရာ လမ်းများဆီသို့ လျှောက်သွားခဲ့ပြီး၊ ရှရှန်းယုသည် စကားတစ်ခွန်းမှ မပြောဘဲ ချင်ယွင်၏နောက်မှ 'အရည်အချင်း ပြည့်မှီသော' အစေအပါးတစ်ဦးဖြစ်ရန် ခံယူထားသည့်အတိုင်း လိုက်ပါလာခဲ့သည်။
ရန်ကလန်၏အိမ်တော်သည် ရန်မြို့တော်၏ အလယ်ဗဟိုတွင် တည်ရှိပြီး၊ အလွန် ကျယ်ပြန့်သော ဧရိယာကို သိမ်းပိုက်ထားသည်။ ချင်ယွင်သည် ရန်ကလန်နှင့် ပတ်သက်သည့် အချက်အလက်များကို လွန်ခဲ့သော ဆယ်စုနှစ်များစွာကတည်းက စုံစမ်းစစ်ဆေးခဲ့ပြီး ဖြစ်သည်။
ရန်ကလန်၏ ကလန်ခေါင်းဆောင် ရန်ဘိုင်လင်းသည် အင်မော်တယ်ဘုရင် အဆင့် ကျွမ်းကျင်သူ ဖြစ်သည်။ သူ၏ ကျင့်ကြံမှုအခြေခံသည် အကြမ်းဖျင်းအားဖြင့် တော်ဝင်တာအိုနယ်ပယ်၏ ဆဋ္ဌမအဆင့်တွင်ရှိပြီး ရန်ကလန်တွင် နံပါတ်တစ် အစွမ်းထက်ဆုံးလူ ဖြစ်ခဲ့သည်။
ယခုဆိုလျှင် ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီ။ ချင်ယွင်၏ ထင်မြင်ယူဆချက်များအရဆို၊ ရန်ဘိုင်လင်း၏ အရည်အချင်းအရ၊ သူ၏ ကျင့်ကြံမှုအခြေခံသည် အများဆုံး တော်ဝင်တာအိုနယ်ပယ်၏ သတ္တမအဆင့် ဖြစ်သင့်သည်။
လျင်မြန်စွာပင်၊ ချင်ယွင်နှင့် ရှရှန်းယူတို့သည် ရန်န်မျိုးနွယ် စံအိမ်ကြီး၏ အဝင်ပေါက်သို့ ရောက်ရှိလာခဲ့သည်။ သို့သော်၊ ချင်ယွင်ကို အံ့အားသင့်စေသည့် အရာက ရန်ကလန်၏ အိမ်အ၀င်ဝကို တင်းတင်းကြပ်ကြပ် ပိတ်ထားခဲ့သည်။ ယင်းက ချင်ယွင်ကို မျက်မှောင် ကြုတ်သွားစေခဲ့သည်။
နေ့ခင်းကြောင်တောင်အချိန်တွင် အိမ်တံခါးမကြီးကို တင်းတင်းကြပ်ကြပ် ပိတ်ထားသည်။ အိမ်ကြီးမှာ တစ်ယောက်မှ မရှိလို့များ ဖြစ်နေမလား?။
"ဒီအိမ်ကြီးထဲက လူတိုင်းက အိမ်နောက်ဖေးမှာ စုဝေးနေကြတယ်။ တစ်ယောက်ယောက် သေသွားပုံရတယ်။" ထိုအချိန်တွင် ရှရှန်းယု ရုတ်တရက် ပြောလိုက်သည်။
ချင်ယွင်က ရှရှန်းယုကို အံ့သြစွာ လှည့်ကြည့်လိုက်သည်။ အင်မော်တယ်နန်းတော် တစ်ခု လုံးကို အစီအရင်ဝင်္ကပါအလွှာများဖြင့် ဖုံးအုပ်ထားသည်။ ယုတ္တိဗေဒအရပြောရလျှင်, အင်မော်တယ် ဧကရာဇ်အဆင့်အောက်တွင် မည်သူမျှ သူတို့၏ကိုယ်ပိုင် အင်မော်တယ် စိတ်ဝိညာဉ်ကို အစီအရင်ဝင်္ကပါအလွှာထဲသို့ ထိုးဖောက်ဝင်ရောက်နိုင်မည် မဟုတ်ပေ။ ရှရှန်းယု အမှန်တကယ် လုပ်နိုင်လိမ့်မည်ဟု ချင်ယွင်အနေဖြင့် မမျှော်လင့်ထားခဲ့ပါဘူး။
ချင်ယွင်လည်း ဤအရာကို သေချာပေါက် လုပ်နိုင်ပါသည်။ ထို့ကြောင့် ချင်ယွင်၏ အင်မော်တယ်စိတ်အာရုံသည် စံအိမ်ကြီးထဲသို့ တည့်တည့်ဝင်ရောက်သွားခဲ့ပြီး၊ ရှရှန်းယု ပြောသည့်အတိုင်းပင်, အိမ်ကြီးအတွင်းရှိ လူတိုင်းသည် တစ်ခုခုပြောနေကြသကဲ့သို့ အိမ်နောက်ဖေးတွင် စုရုံးနေကြသည်ကို တွေ့လိုက်ရသည်။ မြေပြင်ပေါ်တွင် အလောင်းသုံးလောင်း လဲလျောင်းနေသည်။ စံအိမ်ကြီးထဲရှိလူတိုင်းသည် လေးနက်သော အမူအရာများ ကိုယ်စီရှိနေကြသည်။
ချင်ယွင်ကို ဆိုးရွားသော ကြိုတင်သတိပေးချက် ဖြစ်စေသည့်အရာက ထိုလူတွေထဲမှာ ရန်ကျိဖန်းကို ရှာမတွေ့သည့်အတွက် ချင်ယွင်၏ မျက်ခုံးတွေက တွန့်သွားခဲ့သည်။
ကံကောင်းထောက်မစွာ၊ ရန်ကလန်၏ ကလန်ခေါင်းဆောင် ရန်ကျိဖန်း၏ ဖခင် ရန်ဘိုင်လင်းသည် လောလောဆယ်တွင် အိမ်နောက်ဖေးမှာ ရှိနေပါသည်။ အခြေအနေ တစ်ခုလုံးကို သူကိုယ်တိုင် ဦးဆောင်နေပုံရသည်။
"ဝင်ကြည့်ရအောင်။" ချင်ယွင်က ရှရှန်းယုကို ပြောလိုက်သည်။ သူပြောပြီးသည်နှင့် သူသည် ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းကာ လေဟာနယ် ဝဲဂယက်ကြီးတစ်ခု ဖန်တီးလိုက် သည်။ လေဟာနယ် ဝဲဂယက်ကြီး၏ အခြားတစ်ဖက်သည် ရန်ကလန်၏ အိမ်နောက်ဖေး ခြံ၏ အဝေးထောင့်တစ်နေရာ ဖြစ်သည်။
ရှရှန်းယုသည် ချင်ယွင်ကို အံ့သြစွာ ကြည့်လိုက်သည်။ သူမ ချင်ယွင်ကို အံ့ဩရသည့် အကြောင်းရင်းမှာ ချင်ယွင်သည် လေဟာနယ်လမ်းကြောင်းတစ်ခု တည်ဆောက်နိုင် မည်ဟု သူမ မမျှော်လင့်ထား၍ ဖြစ်သည်။
ချင်ယွင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ ရှရှန်းယု တွေးတောနေသည့် အရာတွေကို သူ သိပုံရသည်။ တကယ်တော့ ဤအရာသည် လေဟာနယ်လမ်းကြောင်း လုံးဝ မဟုတ်ပါဘူး။ ၎င်းသည် ကနဦးစကြာဝဠာ၏ စွမ်းအင်ကို အသုံးပြု၍ သူဖန်တီးထားသော ယာယီ လမ်းကြောင်းတစ်ခုမျှသာ ဖြစ်ပါသည်။ ၎င်းသည် လေဟာနယ်တော်ဝင်တာအို၏ စစ်မှန်သော ဉပဒေသများဖြင့် ဖွဲ့စည်းထားသော လေဟာနယ်လမ်းကြောင်းနှင့် အလွန်ကွာခြားဆဲ ဖြစ်သည်။
ဘန်း…။
ထို့နောက်မှာတော့ ချင်ယွင်နှင့် ရှရှန်းယုတို့သည် လေဟာနယ် ဝဲဂယက်ထဲကို တိုက်ရိုက် ဝင်ရောက်ပြီး ရန်ကလန်၏ အိမ်နောက်ဖေးခြံထဲကို တိတ်တဆိတ် ဝင်ရောက်လာပါသည်။
ခြံဝင်ထဲသို့ ဝင်လိုက်သည်နှင့် တပြိုင်နက် ရန်မျိုးနွယ်စုမှ လူများ၏ဒေါသတကြီး ဆွေးနွေးသံတွေက နားထဲသို့ တိုးဝင်လာကြသည်။ သူတို့၏ အသံများသည် ဤပြင်းထန်သော အမျက်ဒေါသများဖြင့် ပြည့်နှက်နေပါသည်။