← Chapters

အခန်း ၉၆၀

Vol. 64 Ch. 960

အခန်း ၉၆၀

Vol. 64 Ch. 960

အခန်း (၉၆၀) အမျက်ဒေါသကို ဖွင့်ထုတ်ခြင်း။

“ဘုန်း..”။

ချင်ယွင်၏ရုပ်အသွင်ပြင်သည် ရိုင်းစိုင်းရူးသွပ်စွာ ထွက်ပြေးနေသော နွားသိုးတစ်ကောင် နှင့်တူပြီး ပျံ့လွင့်လာသော မီးလုံးကြီးအား တိုက်ရိုက် ရိုက်ထုတ်ပစ်လိုက်သည်။ ကြီးမားလှသော မီးလုံးကြီးသည် ကောင်းကင်ယံတွင် ပြန့်ကျဲသွားပြီး ကောင်းကင်ယံ၌ မီးပန်းမီးပွားများ အပြည့်အလျှံ ဖြစ်ပေါ်လာသည်။

"ဘယ်လို...ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” ဝမ်မြောင်သည် သူ၏မျက်လုံးများကိုပင် မယုံကြည့်နိုင်လောက်အောင် ဖြစ်သွားရသည်။ ဤမီးလုံးကြီးသည် သူ့ထံမှ ပေါ့ပေါ့ပါးပါး ပစ်ချလိုက်ခြင်းဖြစ်သော်လည်း၊ ၎င်းထဲတွင် ကောင်းကင်တာအို၏ စွမ်းအားများ ပါဝင်နေ သေးသည်။ ၎င်း၏ စွမ်းအားသည် အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသည်။ ဘယ်လိုနည်းဖြင့်, ဤမျှလောက် အလွယ်တကူ ပြန့်ကျဲသွားနိုင်ရသနည်း?။

သို့သော်လည်း ယခုအချိန်တွင် ဝမ်မြောင်သည် အလွန်အမင်း တွေးတောနိုင်ခြင်း မရှိပေ။ ချင်ယွင်၏ ရုပ်အသွင်ပြင်သည် နီးကပ်နေပြီ ဖြစ်ကာ၊ လက်သီးတစ်ချက်က သူ့ဆီသို့ ပြင်းပြင်းထန်ထန် ထိုးနှက်လာနေသည်။

"ဟမ့်၊ ငါ့မီးလုံးကြီးကို ခွဲထုတ်ဖို့ မင်း ဘယ်လိုနည်းလမ်းပဲ အသုံးပြုပါစေ ငါ ဂရုမစိုက်ဘူး၊ ဒါပေမယ့်၊ ငါ့ဆီမှာ ရွှေရောင်ဒြဗ်စင်ဒိုင်း ရှိနေသရွေ့ မင်း ငါ့ကို ထိခိုက်အောင်လုပ်နိုင်မှာ မဟုတ်ဘူး။" ဝမ်မြောင်က အေးစက်စွာ နှာခေါင်းရှုံ့ပြီး၊ သူ၏ ဘယ်လက်က ချင်ယွင်၏ လက်သီးချက်ကို တားဆီးရန် ရွှေရောင်ဒြဗ်စင်ဒိုင်း ကိ ချက်ချင်း ဆင့်ခေါ်လိုက်သည်။

ချင်ယွင်သည် ရွှေရောင်ဒြဗ်စင်ဒိုင်းကို မထီမဲ့မြင်ပြုသည့် မျက်လုံးများဖြင့် ကြည့်နေသည်။ ဤအခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်တွင်းရှိ စွမ်းအားများ တဟုန်ထိုး ထွက်ပေါ်လာခဲ့ သည်။

ဒေါင်…..။

ခေါင်းလောင်းသံနှင့် ဒရမ်တီးသံကဲ့သို့ ခပ်အုပ်အုပ်အသံတစ်ချက် ထွက်ပေါ်လာပြီးနောက် ကွဲအက်သံတစ်ချက်လည်း ထွက်ပေါ်လာသည်။

ချင်ယွင်၏ ထိုးချက်ကြောင့် ဝမ်မြောင်၏ လက်မောင်းရိုး တစ်ခုလုံး ကွဲကြေသွားကာ သူ၏ တစ်ကိုယ်လုံးသည် ဧရာမကျောက်တုံးကြီးတစ်ခုကဲ့သို့ ပစ်လွှင့်သွားသည်။

"မဖြစ်နိုင်ဘူး၊ ဒါ လုံးဝ မဖြစ်နိုင်ဘူး။" ဝမ်မြောင်သည် သူ၏မျက်လုံးများကို အမှန်တကယ် ပင် မယုံကြည်နိုင်သော်လည်း၊ သူ၏ ခန္ဓာကိုယ်မှ ပြင်းထန်သော နာကျင်မှုကြောင့် ဤအရာအားလုံးသည် အမှန်ဖြစ်ကြောင်း သူ့ကို ယုံကြည်စေခဲ့သည်။

ဝမ်မြောင်သည် သူ၏ စိတ်နှလုံးထဲတွင် အလွန်မင်း ထိတ်လန့်သွားခဲ့သည်။ သူသည် သူ့ကိုယ်သူ ကာကွယ်ရန် ရွှေရောင်ဒြဗ်စင်ဒိုင်းကို ရှင်းရှင်းလင်းလင်း အသုံးပြုခဲ့သော်လည်း သူ၏လက်တစ်ဘက်လုံးမှာ ကွဲကြေသွားရဆဲ ဖြစ်သည်။ ဤခွန်အားက မည်မျှ ကြောက်စရာကောင်းလိုက်သနည်း?။

"လခွမ်း…။ ဒါက လူသားတစ်ယောက်မှ ဟုတ်ပါလေလား?" ဝမ်မြောင်က ကြောက်ရွှံ့စွာ ပြောသည်။ ဤအခိုက်အတန့်တွင် သူသည် အကြောက်တရားက မည်သည့်အရာ ဖြစ်လဲ ဆိုသည်ကို ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။

ဘန်း…။

သို့သော် ထိုအချိန်တွင်, သူ၏ရှေ့မှာ သရဲတစ္ဆေလို မျက်နှာတစ်ခု ပေါ်လာသည်။ အထူးသဖြင့် ထိုမျက်လုံးများသည် မြေအောက်ငရဲကမ္ဘာမှ ထွက်ပေါ်လာသော နတ်ဆိုး နတ်ဘုရားများကဲ့သို့ပင်။ ထိုကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုသည့်ဆန္ဒက မြေအောက်ငရဲကမ္ဘာမှ ရေခဲစမ်းချောင်းထက်ပင် ပို၍ အေးစိမ့်ပါသည်။

"မင်း သူတို့ကို မတိုက်ခိုက်သင့်ဘူး" ချင်ယွင်က စကားလုံး တစ်လုံးချင်း ထုတ်ပြောကာ၊ စကားလုံးတစ်လုံးစီတိုင်းတွင် သတ်ပစ်ချင်စိတ်တွေ ပြင်းပြစွာ ပါဝင်နေသည်။

ဝမ်မြောင်၏ နှလုံးသားသည် အေးခဲသွားသည်။ သူ၏နှလုံးခုန်သံသည် စည်းချက် မမှန်တော့သလို ခံစားရသည်။ ထိုအချိန်တွင် သူ၏ရှေ့မှာပေါ်လာသည့် လူသည် မြေအောက် ငရဲကမ္ဘာမှ ယာမဘုရင် လွှတ်လိုက်သည့်လူ ဖြစ်နေသည်။

“ငါ…”

သို့သော် သူဘာမှ ပြန်မပြောနိုင်ခင် သူ၏ဝမ်းဗိုက်ထဲသို့ လက်သီးချက်က ပြင်းပြင်း ထန်ထန် ဝင်ရောက်လာသည်။

တခဏအတွင်းမှာပင် ဝမ်မြောင်သည် ပင်လယ်လှိုင်းလုံးကြီး လှိမ့်တက်လာသကဲ့သို့ သူ၏ အတွင်းအင်္ဂါတွေ တဟုန်ထိုး လှိမ့်တက်လာသည်ကို ခံစားလိုက်ရသည်။ ပြင်းထန်သော ဝေဒနာက သူ့ကို ချက်ချင်းပင် ထုံကျင်သွားစေခဲ့သည်။

ထိုအခိုက်တန့်တွင် ဝမ်မြောင်သည် ကမ္ဘာကြီးတစ်ခုလုံး မှောင်မိုက်နေသည်ဟုသာ ခံစားရ တော့သည်။ သူ၏အသံနှင့် အမြင်အာရုံများ ပျောက်ကွယ်သွားပြီး အချိန်များပင် ရပ်တန့် သွားပုံရသည်။

"ငါ့ကို ပြောစမ်းပါဦး, မင်းကို ဒီဖြစ်ရပ်ကို ဖန်တီးခိုင်းတဲ့လူကို" ချင်ယွင်က အေးစက်စက် အသံဖြင့် ထပ်မေးသည်။

"ဟုတ်…" ဝမ်မြောင် မသိစိတ်က ပြန်ဖြေသည်.

သို့သော်လည်း သူသည် စကားတစ်ခွန်းတည်းသာ ပြောနိုင်ခဲ့ပြီး၊ ချင်ယွင်၏ ဒူးက သူ၏ မေးရိုးကို ပြင်းထန်စွာ ရိုက်ခတ်သွားသည်။

သူ၏ သွားများ ကျိုးကြွေသွားပြီး၊ ဦးခေါင်းခွံလည်း ကျိုးပဲ့သွားကာ၊ ဝမ်မြောင်၏ မျက်လုံးများလည်း ပေါက်ထွက်လာသည်။ သူ၏ ဝိညာဉ်သုံးခုနှင့် ဝိညာဉ်ခုနစ်ခုတို့တွင် ဝိညာဉ်နှစ်ခုနှင့် ဝိညာဉ်ခြောက်ခုတို့ ဆုံးရှုံးသွားခဲ့ပြီး ဖြစ်သည်။ (ရှေ့မှာတုန်းက ဝိညာဉ်သုံးခုနှင့် ဝိညာဉ်ခုနှစ်ခုတို့ကို ဗဟုသုတအဖြစ် ဖော်ပြပြီး ဖြစ်ပါသည်။)

"ဟမ့်၊ မင်းက ရှောင်ဘိုင်ရဲ့ အရိုးတွေကို ပျောက်ကွယ်သွားအောင် လုပ်ချင်နေတာ မဟုတ်ဘူးလား?" ချင်ယွင်၏ အသံသည် ထပ်မံ ထွက်ပေါ်လာသည်။

ဝမ်မြောင်၏ နှလုံးသားသည် တုနှိုင်းမရအောင် ကြောက်ရွံ့ထိတ်လန့်နေခဲ့ပြီ။ သူသည် မည်သို့ ပြန်ဖြေဝံ့မည်နည်း?။

သို့သော် သူ ပြန်မဖြေသော်လည်း ရလာဒ်ကတော့ အတူတူပင်။ ချင်ယွင်၏ လက်သီးမှ နှိုင်းစာ၍မရအောင် ကြောက်စရာကောင်းသော စွမ်းအင် အတက်အကျ လှိုင်းတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် လက်သီးချက်က ဝမ်မြောင်ကို မုန်တိုင်းတစ်ခုလို ရိုက်ခတ်သွားခဲ့သည်။

လက်သီးတစ်ချက်စီ၏ စွမ်းအားသည် မြေကြီးကိုပင် အစိပ်စိပ်မွှာမွှာ ကွဲအက်သွားစေနိုင် သည်။ ထိုလက်သီးချက်များက ဝမ်မြောင်၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက် ဝင်ရောက်နေခဲ့ ပြီး၊ သူ၏ခန္ဓာကိုယ်ရှိ အရိုးများအားလုံးကို ကြေမွသွားကာ အသားစိုင်အဖြစ်သို့ပင် ပြောင်းလဲသွားခဲ့သည်။

“ဘုန်း…”

နောက်ဆုံးလက်သီးချက်ကြောင့် ဝမ်မြောင်၏ ဦးခေါင်းတစ်ခုလုံးကို ပေါက်ကွဲသွားခဲ့ပြီး၊ ပွဲချင်းပြီး သေဆုံးခဲ့ရသည်။

သနားစဖွယ် အင်မော်တယ် ဧကရာဇ်တစ်ပါးသည် ချင်ယွင်၏ ရှေ့မှောက်တွင် ပြန်လည် တိုက်ခိုက်ရန် ခွန်အားပင် မရှိခဲ့ဘဲ၊ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် အသားစိုင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။

ချင်ယွင်သည် လေထဲတွင် ရပ်နေပြီး သူ၏ခန္ဓာကိုယ်သည် အဆက်မပြတ် တုန်ယင်နေ သည်။ သူသည် ပင်ပန်းနွမ်းနယ်ခြင်းကြောင့် မဟုတ်ဘဲ အမျက်ဒေါသကြောင့် တုန်ယင်နေခြင်း ဖြစ်သည်။

ရှရှန်းယုသည် အဝေးမှာ ရပ်နေကာ ရှုပ်ထွေးသော အမူအရာဖြင့် ဤအရာအားလုံးကို ကြည့်နေသည်။ ယခုလေးတင် ချင်ယွင်၏ ရူးသွပ်သွားဟန် ပေါက်ကွဲနေသည်ကို သူမ မြင်လိုက်ရသောအခါတွင်, အကြောင်းတစ်ခုခုကြောင့် သူမ၏နှလုံးသားထဲတွင် နာကျင်ခြင်း အရိပ်အယောင်ကို ခံစားလိုက်ရသည်။

ဤခံစားချက်က ရှရှန်းယုကို အံ့အားသင့်စေခဲ့သည်။ သူမသည် မူလက ဤတစ်သက်တွင် သူမအား မည်သူကမျှ ခံစားရအောင်မလုပ်နိုင် ထင်ခဲ့သော်လည်း၊ ယခုလေးတင် ချင်ယွင်သည် ဝမ်မြောင်အား အရူးအမူး တရစပ်တိုက်ခိုက်နေသည့် အခိုက်တွင် သူမသည် အမှန်တကယ်ပင် တင်းကျပ်မူကို ခံစားလာခဲ့ရသည်။

ချင်ယွင်သည် သူ၏စိတ်ခံစားချက်များကို တတ်နိုင်သမျှ တည်ငြိမ်စေရန် အသက်ပြင်းပြင်း ရှူလိုက်သော်လည်း သူ၏စိတ်ထဲတွင် ပြင်းထန်သော အမျက်ဒေါသကို ထိန်းထားရဆဲ ဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့ လိုက်လံဖမ်းဆီးခံရခြင်း၏ အကြောင်းရင်းကို သူ သိထားသောကြောင့် ဖြစ်ပါသည်။ ဤအရာအားလုံးသည် ကောင်းကင်ရေနန်းတော်ကြောင့် ဖြစ်ပါသည်။ တခဏအတွင်း ကောင်းကင်ရေ နန်းတော်ကို သုတ်သင်နိုင်ခြင်းမရှိသေးသရွေ့ ဤအမျက်ဒေါသတွေက တခဏအတွင်း ပြေပျောက်သွားမှာ မဟုတ်ပါဘူး။

ထို့အပြင်၊ ချင်ယွင်သည် ကောင်းကင်နှင်းမြင့်မြတ်နယ်မြေတွင် မည်သည့်အရာများ ဖြစ်နေသည်ကို မသိသော်လည်း ရှောင်ဘိုင်နှင့် ရှောင်ကျင််တို့၏ အခြေအနေကို ကြည့်ပြီး ကောင်းကင်နှင်း မြင့်မြတ်နယ်မြေသည်လည်း ပိုကောင်းမည် မဟုတ်ပေ။

ဤအကြောင်းကို တွေးပြီး ပြင်းထန်သော သတ်ဖြတ်လိုသည့်ဆန္ဒက ချင်ယွင်၏ မျက်လုံးထဲတွင် တစ်ဖန် ဖြစ်ပေါ်လာပြန်သည်။

ဝှီး…။

ချင်ယွင်သည် ရှောင်ကျင်း ပြုတ်ကျသွားသည့် ဦးတည်ရာဆီသို့ ပြေးသွားခဲ့သည်။ ယခုအချိန်တွင် ရှောင်ဘိုင်သည် မျှော်လင့်ချက် သဲ့သဲ့သာ ကျန်တော့သည်။ ချင်ယွင်သည် အချိန်ရပ်တန့်ခြင်းကို အသုံးပြုပြီး ထိုငွေ့ရောင်မျှော်လင့်ချက် ယဲ့ယဲ့လေးကို ထိန်းထားရုံ သာ တတ်နိုင်ပါသည်။ သူ့ကို မည်သို့မည်ပုံ ကယ်တင်ရမလဲဆိုသည်ကို ချင်ယွင် မသိသေးပါဘူး။

သို့သော် မျှော်လင့်ချက် မီးတောက်လေး ရှိနေသရွေ့ တစ်နေ့တွင် နည်းလမ်းတစ်ခု ပေါ်လာလိမ့်မည်ဟု ချင်ယွင် ယုံကြည်ပါသည်။ အကယ်၍၊ သူသည် နည်းလမ်းတစ်ခုကို အမှန်တကယ် မရှာနိုင်ခဲ့ဘူးဆိုလျှင်ပင်, ချင်ယွင်၏ စကြဝဠာကြီး ပြီးပြည့်စုံပြီး, သူသည် ထိုစကြာဝဠာ၏ ဟာဂျီမွန်တစ်ဦး ဖြစ်လာပါက, သူသည် ရှောင်ဘိုင်ကို ပြန်လည် ရှင်သန်လာအောင် သေချာပေါက် လုပ်ဆောင်နိုင်ပါလိမ့်မည်။ (ဟာဂျီမွန်ဟူသည် အုပ်စိုးသူ ထိန်းချုပ်သူကို ခေါ်ပါသည်)။

ရှောင်ကျင်း ပြုတ်ကျသွားသော တွင်းနက်ကြီးဆီသို့ ချင်ယွင်၏ပုံရိပ်က လွင့်မျော ပျံသန်းသွားသည်။ ရှောင်ကျင်းသည် သွေးများဖြင့် ဖုံးလွှမ်းနေကာ တွင်းနက်ကြီးထဲတွင် လဲလျောင်းနေပြီး သတိလစ်မေ့မြောနေသည်။ သို့သော် သူ၏ခန္ဓာကိုယ်က အရမ်းကို သန်မာနေခဲ့ပြီး၊ ဤဒဏ်ရာတွေက သူ့ကို မသေစေနိုင်ပါဘူး။ ဤအခိုက်တန့်တွင် သူသည် ဖြည်းဖြည်းချင်း ပြန်ကောင်းလာပါပြီ။

ချင်ယွင်က ရှောင်ကျင်း၏ ခန္ဓာကိုယ်ထဲကို သူ၏အသက်စွမ်းအင်ကို ထည့်သွင်းပြီး သူ၏ ပြန်လည်ကောင်းမွန်လာမှုကို အရှိန်မြှင့်လိုက်သည်။

ရှောင်ကျင်းသည် တဖြည်းဖြည်းနှင့် သူ၏မျက်လုံးများကို ဖွင့်လိုက်သည်။ ချင်ယွင်ကို မြင်သောအခါ သူ၏မျက်လုံးများသည် ရွှင်လန်းသော အမူအရာ ပေါ်လာသည်။ ထို့နောက် ရှောင်ဘိုင်ကို သူ မေးလိုက်သည်။

ချင်ယွင်သည် ရှောင်ဘိုင်၏ အခြေအနေကို တစ်ကြိမ်သာ ပြောပြနိုင်ခဲ့သည်။ ရှောင်ဘိုင်သည် သူ့အား ကာကွယ်ရန် သွေးမျိုးဆက် စွမ်းအားကို လောင်ကျွမ်းခဲ့ကြောင်း ရှောင်ကျင်း ကြားသောအခါတွင် သူ၏မျက်နှာသည် ပြင်းထန်သော ဝမ်းနည်းကြေကွဲသည့် အမှုအရာတစ်ခု ပေါ်လာသည်။ ချင်ယွင်သည် ဘေးနားတွင် တိတ်တဆိတ် ရပ်နေပြီး ရှောင်ကျင်းကို နှစ်သိမ့်ပေးခြင်း မရှိပေ။

ရှရှန်းယုသည် ဘေးနားတွင် ရပ်နေကာ၊ ဤမြင်ကွင်းကို ကြည့်လိုက်ရင်း သူမ၏ နှလုံးသားထဲတွင် စိတ်ရှုပ်ထွေးမူနှင့် အံ့အားသင့်နေသည့် အရိပ်အယောင်များ ရှိနေခဲ့သည်။

အရင်တုန်းကတော့ ယောက်ျားတွေကြားမှာ စစ်မှန်သော ညီအစ်ကိုတွေ ရှိနေလိမ့်မည်ဟု သူမ မည်သည့်အခါမှ မတွေးဖူးခဲ့ပေ။ တစ်ချို့ဆို တစ်ယောက်နှင့်တစ်ယောက် ရန်ငြိုးဖွဲ့ပြီး၊ အချင်းချင်း မကောင်းကြံစည်နေခဲ့ကြသော်လည်း၊ အခုမူ ချင်ယွင်တို့ မြင်ကွင်းကို မြင်လိုက်ရတော့ သူမ မှားနေမှန်း သိလိုက်ရသည် ။

အချိန်အတော်ကြာပြီးနောက်၊ ချင်ယွင်သည် ရှောင်ကျင်းကိုကြည့်ကာ မေးလိုက်သည် " ရှောင်ကျင်း, စိုးရိမ်မနေနဲ့တော့။ ငါ ရှောင်ဘိုင်ကို သေချာပေါက် ကယ်တင်ပေးမယ်။ အခု၊ ကောင်းကင်နှင်း မြင့်မြတ်နယ်မြေမှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ငါ့ကို ပြောပြစမ်းပါ။"

ရှောင်ကျင်းသည် ချင်ယွင်၏စကားကို ကြားသောအခါ လေးလေးနက်နက် ခေါင်းညိတ် လိုက်ပြီး ပြောသည် "ကောင်းကင်နှင်း မြင့်မြတ်နယ်မြေက အန္တရာယ် ကျရောက်နေပြီ။ အကိုကြီး၊ မင်း သူတို့ကို ကယ်တင်ရလိမ့်မယ်။ မဟုတ်ရင် စီနီယာနှင်းအမျိုးသမီးနဲ့ တခြားသူတွေ အသက်ရှင်ဖို့ အခွင့်အလမ်း မရှိတော့ဘူး။"

ထိုစကားကို ကြားတော့ ချင်ယွင်၏ အမူအရာက ချက်ချင်း မည်းမှောင်သွားသည်။ ကောင်းကင်နှင်း မြင့်မြတ်နယ်မြေ၏ အခြေအနေသည် သူထင်ထားသည်ထက်ပင် ပို၍ ဆိုးဝါးနေပုံရသည်။

စာစဉ် (၆၄) ပြီးပါပြီ။

ဘာသာပြန်သူ နေဇင်။

All Chapters