အခန်း ၉၆၁
Vol. 65 Ch. 961
အဓိပတိအင်မော်တယ်သခင် စာစဉ် (၆၅)
ဘာသာပြန်သူ နေဇင်။
အခန်း (၉၆၁) ကောင်းကင်နှင်း မြင့်မြတ်နယ်မြေ
"ဒါဆို စီနီယာနှင်းအမျိုးသမီးနဲ့ တခြားလူတွေ ဘယ်မှာလဲ?။ သူတို့ကို ကောင်းကင်ရေ နန်းတော်က လူတွေ ဖမ်းသွားပြီလား?။” ချင်ယွင်က ရှောင်ကျင်းကို မေးလိုက်ပါသည်။
'"မဟုတ်ဘူး၊ ကောင်းကင်နှင်း မြင့်မြတ်နယ်မြေမှာ ထိပ်တန်း အစီအရင်ဝင်္ကပါတစ်ခု ရှိတယ်။ စီနီယာနှင်းအမျိုးသမီးနဲ့ တခြားလူတွေက ငါတို့ ထွက်လာခဲ့တုန်းက အစီအရင် ဝင်္ကပါထဲကို ဝင်နေကြပြီ။ ကောင်းကင်ရေနန်းတော်ကလူတွေဟာ တခဏအတွင်း အစီအရင်ဝင်္ကပါကို ဖြတ်ကျော်နိုင်မှာ မဟုတ်ပေမယ့်၊ အချိန်အတော်ကြာသွားရင်တော့ ဖြစ်နိုင်တယ်။" ရှောင်ကျင်းက ပြောသည်။
ချင်ယွင် ခေါင်းညိတ်လိုက်သည်။ အခုချိန်တွင် စီနီယာ နှင်းအမျိုးသမီးနှင့် တခြားလူတွေ အဆင်ပြေနေသေးသည်။ ထို့ကြောင့် သူသည် စိတ်သက်သာရာ ရသွားခဲ့သည်။ အကယ်၍၊ နယ်မြေသိမ်းပိုက်ခံရလျှင်ပင် အရေးမကြီးပါ။ အရေးကြီးဆုံးက ပြည်သူတွေ ဖြစ်သည်။ ပြည်သူတွေ အဆင်ပြေနေသမျှ နယ်မြေကို ပြန်လည် သိမ်းပိုက်နိုင်ပါသည်။
"ဒီတခေါက် ကောင်းကင်ရေနန်းတော်က လူဘယ်နှစ်ယောက် ရောက်လာခဲ့လဲ?။ ပြီးတော့, ဘယ်လိုခွန်အားမျိုးကို ပိုင်ဆိုင်ထားကြလဲ?" ချင်ယွင်က ဆက်မေးသည်။
ရှောင်ကျင်းသည် ထိုစကားကိုကြားသောအခါ မျက်မှောင်ကြုတ်ပြီး တုန့်ပြန်ပြောသည် "အခုတစ်ကြိမ် ကောင်းကင်ရေနန်းတော်ကနေ အင်မော်တယ် ဧကရာဇ်ငါးပါးသည် ရောက်လာခဲ့တယ်။ သူတို့ထဲမှာ နှစ်ယောက်က ကောင်းကင်တာအိုနယ်ပယ်ရဲ့ စတုတ္ထ အဆင့် အင်မော်တယ် ဧကရာဇ်တွေ ဖြစ်ကြပြီး၊ နှစ်ယောက်ကတော့ ကောင်းကင်တာအိုနယ်ပယ်ရဲ့ တတိယအဆင့်မှာရှိတဲ့ အင်မော်တယ် ဧကရာဇ်တွေပဲ။ ဝမ်မြောင်ကတော့ အားနည်းဆုံးတစ်ယောက်ပဲ”။
ရှောင်ကျင်း၏ စကားကိုကြားတော့ ချင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားပါ သည်။
ဤတစ်ကြိမ်တွင် ကောင်းကင်ရေနန်းတော်သည် ကောင်းကင်နှင်း မြင့်မြတ်နယ်မြေကို ကိုင်တွယ်ရန်အတွက် အင်မော်တယ် ဧကရာဇ်ငါးပါးကို အမှန်တကယ် စေလွှတ်လိမ့်မည် ဟု သူ မထင်ထားခဲ့ပေ။ ယင်းကြောင့် သူ၏ သတ်ဖြတ်လိုသည့် ဆန္ဒက ချက်ချင်း အရှိန်ဟုန်ဖြင့် မြှင့်တက်လာခဲ့သည်။
ကောင်းကင်ရေနန်းတော်သည် သူ့အား ကိုင်တွယ်ရန် ငွေကြေးအမြောက်အမြား ရင်းနှီး မြှပ်နှံထားသည်ကို တွေ့မြင်နိုင်သည်။ ကောင်းကင်တာအိုနယ်ပယ်၏ စတုတ္ထအဆင့်ရှိ အင်မော်တယ် ဧကရာဇ်များနှင့် ကောင်းကင်တာအိုနယ်ပယ်၏ စတုတ္ထအဆင့်ရှိ အင်မော်တယ် ဧကရာဇ်များသည် တကယ့်ကို ထူးထူးခြားခြားပင် ဖြစ်ပါသည်။
"ဟမ့်၊ ကောင်းကင်ရေနန်းတော်၊ မင်းတို့က ကစားချင်မှတော့ ငါကလည်း မင်းတို့နဲ့ အဆုံးထိ ကစားပေးမယ်။ အဆုံးမှာ ဘယ်သူက ပိုသနားစရာကောင်းအောင် ငိုကြွေးရမလဲ ဆိုတာ ငါမြင်ချင်တယ်။" ချင်ယွင်သည် သူ၏လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်လိုက်ပြီး ပြင်းထန်သော သတ်ဖြတ်လိုသည့်ဆန္ဒက သူ၏မျက်လုံးများထဲတွင် ပေါ်လာပါသည်။
ချင်ယွင်က ရှရှန်းယုကို လှည့်ကြည့်လိုက်ပြီး ပြောသည် "ဒီကိစ္စက ကောင်းကင်ရေ နန်းတော်နဲ့ ပတ်သက်နေတယ်။ မင်းမှာ အခက်အခဲရှိရင်, မင်းအနေနဲ့ သွားစရာ မလိုဘူး။"
ရှရှန်းယုသည် အနည်းငယ် မျက်မှောင်ကြုတ်ကာ ချင်ယွင်ကို အေးစက်စွာ ကြည့်ပြီး ပြောသည် "သွားကြမယ်၊ မင်းက ငါ့အသက်ကို အရင်က ချမ်းသာပေးခဲ့တယ်။ မင်းရဲ့ ကြင်နာမှုကို ပြန်ပေးဆပ်တယ်လို့ ငါ့ကို သဘောထားပါ”။
ရှရှန်းယု၏ လေသံသည် ပြတ်သားပြီးရင်း ပြတ်သားလာကာ သူမ၏ ရပ်တည်ချက်ကို တိုက်ရိုက် ထုတ်ဖော်ပြသည်။
ချင်ယွင်သည် ရှရှန်းယုကို တစ်စက္ကန့်မျှ ကြည့်လိုက်သည်။ နောက်ဆုံးတော့ သူက ခေါင်းညိတ်လိုက်သည်။ သူသည် မူလက ရှရှန်းယု၏ ကိုယ်ရေးအချက်လက်ကို တွေးမိ၍ ဖြစ်သည်။ အဆုံးတွင် သူမသည် တော်ဝင်မင် အင်မော်တယ် မင်းဆက်၏ သမီးတော် တစ်ပါး ဖြစ်သည်။ အကယ်၍ သူမသည် ကောင်းကင်နှင်း မြင့်မြတ်နယ်မြေသို့ သွားခဲ့ပါက၊ သူမသည် ကောင်းကင်ရေနန်းတော်မှ လူများနှင့် ပဋိပက္ခဖြစ်မည်မှာ သေချာပါသည်။ ထိုအချိန်တွင် တော်ဝင်မင် အင်မော်တယ် မင်းဆက်ကို ဒုက္ခရောက်စေလိမ့်သည်။ ထို့ကြောင့် ချင်ယွင်သည် ရှရှန်းယုကို ဤကိစ္စမှာ ဘေထွက်နေရန် လိုလားခဲ့သည်။ သို့သော်၊ ရှရှန်းယုသည် ပြတ်ပြတ်သားသား ငြင်းဆန်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ဤအချက်က ချင်ယွင်ကို အံ့သြစေသည်.
သို့သော် ရှရှန်းယုသည် လှုပ်ရှားမှုပြုလုပ်ရန် ရွေးချယ်လိုက်သောကြောင့် ချင်ယွင်သည် သဘာဝအတိုင်း သူမအား နှင်ထုတ်မည် မဟုတ်ပေ။ ရှရှန်းယုသည် သာလွန်ထူးခြားသော တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားသည်။
"ကောင်းပြီ၊ အခုပဲ ကောင်းကင်နှင်း မြင့်မြတ်နယ်မြေကို သွားကြရအောင်။" ချင်ယွင်က ပြောသည်။
ရှရှန်းယုနှင့် ရှောင်ကျင်း နှစ်ယောက်လုံး ခေါင်းညိတ်ပြပြီးနောက် သူတို့သုံးယောက်သည် ကောင်းကင်နှင်း မြင့်မြတ်နယ်မြေဆီသို့ ပျံသန်းသွားကြသည်။
ချင်ယွင်၊ ရှရှန်းယုနှင့် ရှောင်ကျင်းတို့သည် ကောင်းကင်နှင်း မြင့်မြတ်နယ်မြေသို့ အပြေးအလွှား ပြေးသွားနေကြစဉ်မှာ၊ လူငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့သည် ကောင်းကင်နှင်း မြင့်မြတ်နယ်မြေ၏ ခန်းမဆောင်ကြီးထဲရှိ ပင်မထိုင်ခုံပေါ်တွင် ထိုင်နေလေသည်။
ဤလူငယ်နှင့် အမျိုးသမီးသည် တင်းနန်နှင့် တင်းရွှဲ့တို့မှလွဲ၍ အခြားလူများ မဟုတ်ကြပေ၊ ၎င်းတို့အောက်တွင် အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ထိုင်ခုံပေါ်တွင် ထိုင်နေပါ သည်။
"ဝမ်မြောင် သေပြီ" တင်းနန်က ပြောသည်။
"အယ်..” ခန်းမအောက်မှာ ထိုင်နေသည့် အသက်လတ်ပိုင်းအရွယ် အမျိုးသားက ခဏတာ အံ့သြသွားသည်. ရှင်းရှင်းပြောရလျှင်၊ သူသည် တင်းနန်က ဤစကားကို ရုတ်တရက် ပြောလာမည်ဟု သူ မမျှော်လင့်ထားခဲ့သည်မှဦ ထင်ရှားပါသည်။
"ဝမ်မြောင်က အဲဒီထွက်ပြေးလာတဲ့ နတ်ဆိုးသားရဲနှစ်ကောင် နောက်ကို လိုက်နေတာ မဟုတ်လား? ဒီနတ်ဆိုးသားရဲနှစ်ကောင်က နတ်ဘုရားသားရဲတွေရဲ့ သွေးမျိုးဆက်ကနေ ဆင်းသက်လာပေမယ့်၊ သူတို့က တော်ဝင်တာအိုနယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်မှာပဲ ရှိသေးတယ်လေ။ ရွှေရောင်ဒြဗ်စင်ဒိုင်းရဲ့ အကာအကွယ်နဲ့ဆို ဝမ်မြောင်က ဘယ်လိုလုပ် ဒီလောက် လွယ်လွယ်ကူကူနဲ့ သေသွားရတာလဲ။?" အသက်လတ်ပိုင်းအရွယ် အမျိုးသားက စိတ်ရှုပ်ထွေးပြီး မေးလိုက်ပါသည်။
တင်းရွှဲသည် တင်းနန်ကို အံ့အားသင့်စွာ ကြည့်နေသည်။ ဝမ်မြောင် အဘယ်ကြောင့် ရုတ်တရက် သေဆုံးသွားသည်ကို သူမလည်း သိချင်နေသည်မှာ ထင်ရှားသည်။
"ဒီလူက ဒီတကြိမ် ငါတို့ရဲ့ အဓိက သားကောင်ပဲ။" တင်းနန်က ပြုံးပြုံးလေး ပြောသည်။ သူ၏ ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်သည်နှင့် ခန်းမထဲမှာ မြင်ကွင်းတစ်ခု ပေါ်လာပါ သည်။ ထိုမြင်ကွင်းသည် ချင်ယွင်၏ ရုပ်ပုံဖြစ်သည်။
"သူက ချင်ယွင်လား?။ သူက ဝမ်မြောင်ကို သတ်လိုက်တာလား?။" အသက်လတ်ပိုင်း အရွယ် အမျိုးသားက မေးသည်။
"မှန်တယ်။ ငါ့လက်ထဲမှာ ဝမ်မြောင်ရဲ့ စိတ်ဝိညာဉ်ကျောက်စိမ်းဆွဲပြား ရှိနေတယ်။ အခုလေးတင်ပဲ ဝမ်မြောင်ရဲ့ စိတ်ဝိညာဉ်ကျောက်စိမ်းဆွဲပြားက ကွဲအက်သွားခဲ့တယ်။ သူ မသေခင်မှာ သူ မြင်ခဲ့ရတဲ့ နောက်ဆုံးမြင်ကွင်းကိုလည်း ပြန်ပို့လိုက်တယ်။ အခု မင်းတို့ မြင်လိုက်ရတာက ဒီလူပဲ။ ဖန်သားပြင်ပေါ်မှာ ပေါ်လာတဲ့ လူက ဒီတစ်ခါ ငါတို့ရဲ့ သားကောင်အစစ်ဖြစ်တဲ့ ချင်ယွင်ပဲ " တင်းနန်က ပြောသည်။
အသက်လတ်ပိုင်းအရွယ် အမျိုးသားသည် ထိုစကားကို ကြားသောအခါ၊ ချင်ယွင်၏ ရုပ်အသွင်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ သူသည် ချင်ယွင်၏ လုပ်ဆောင်ချက်များ ကို အနည်းငယ် ကြားဖူးထားသည်။ ထို့ကြောင့် အနှစ်တစ်ရာအောက် နည်းသော (အနှစ်တရာမပြည့်မသေးသော) ကျင့်ကြံသူတစ်ဦးသည် ကောင်းကင်တာအိုနယ်ပယ်၏ ဒုတိယအဆင့်ရှိ အင်မော်တယ် ဧကရာဇ်တစ်ပါးကို သတ်ပစ်နိုင်မည်ဟု ယုံကြည်ရ ခက်နေခဲ့သည်။
"သူ တုံးကျိုးမှာ ရှိတုန်းက ချီဟန်ရှန်းကို သတ်ပြီးပြီလို့ ဧကရီက ပြောခဲ့တယ်" တင်းနန်က ပြောသည်။
အသက်လတ်ပိုင်းအရွယ် အမျိုးသားသည် ချက်ချင်းပင် တုန်လှုပ်သွားသည်။ ချီဟန်ရှန်း သည် ကောင်းကင်တာအိုနယ်ပယ်၏ တတိယအဆင့်တွင် ရှိနေသည့် အင်မော်တယ် ဧကရာဇ်တစ်ပါး ဖြစ်သည်။ သူကိုယ်တိုင်လည်း ကောင်းကင်တာအိုနယ်ပယ်၏ တတိယ အဆင့်မှာသာ ရှိနေပါသည်။ အကယ်၍, ချင်ယွင်က ချီဟန်ရှန်းကို သတ်နိုင်သည်ဆိုလျှင်၊ ချင်ယွင်၏ အစွမ်းက သူ၏အထက်မှာ ရှိနေသည်။ သူတို့ တွေ့ဆုံလာမည်ဆိုလျှင်၊ သူလည်း အန္တရာယ်ရှိလာမှာ မဟုတ်ဘူးလား။
"ချန်းဘိုင်၊ ဒါကြောင့် မင်း ချင်ယွင်ကို ရင်ဆိုင်ရတဲ့အခါ သတိလက်လွတ် မလုပ်မိအောင် သတိထားရမယ်။" တင်းနန်က အသက်လတ်ပိုင်းအရွယ် အမျိုးသားကို ပြောသည် ။
အသက်လတ်ပိုင်းအရွယ် အမျိုးသားက ခေါင်းညိတ်ပြသော်လည်း ချင်ယွင်သည် သူ့ထက် အမှန်တကယ် သာလွန်နိုင်သည်ဟု သူ၏စိတ်ထဲမှာ မယုံကြည်ခဲ့ပေ။
"ဟမ့်, ငါ့ရဲ့စွမ်းအားက ချီဟန်ရှန်းထက် သာလွန်တယ်။ ချင်ယွင်က ငါ့ရဲ့ပြိုင်ဘက် ဖြစ်မယ်ဆိုတာ ငါ မယုံဘူး။" ချန်းဘိုင်သည် သူ၏စိတ်ထဲတွင် အထင်အမြင်သေးစွာဖြင့် သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
ချန်းဘိုင်၏ မထီမဲ့မြင်ပြုသော အမူအရာကို မြင်လိုက်ရတော့ တင်းနန်သည် သူ၏ စိတ်ထဲတွင် ကူကယ်ရာမဲ့ သက်ပြင်းချလိုက်သော်လည်း တခြားဘာမှ မပြောခဲ့ပေ။
"ဒီအစီအရင်ဝင်္ကပါ မပြိုကွဲခင် အချိန်ဘယ်လောက် ကြာဦးမှာလဲ?" တင်းနန်က မေးသည်။
"အစီအရင်ဝင်္ကပါ လုံးလုံးလျားလျား မဖျက်ဆီးနိုင်ခင် ဆယ်နာရီလောက် အချိန် ယူရလိမ့်မယ်။ အဲဒီအချိန်ရောက် သူတို့ ထွက်ပြေးလွတ်မြောက်ဖို့ နေရာမရှိတော့ပါဘူး။" ချန်းဘိုင်က ပြန်ဖြေသည်.
တင်းနန်က ခေါင်းညိတ်ပြီး ပြောသည် "မင်း အခု သွားလိုက်ပါ။ သူမကို စောင့်ကြည့်နေ လိုက်ပါ။ မင်း သူမကို မလွတ်မြောက်စေရဘူး"
"ဟုတ်ကဲ့ပါ" ချန်းဘိုင်က ချက်ချင်း ပြန်ဖြေပြီး ပင်မခန်းမထဲမှ ထွက်လာခဲ့သည်။