အခန်း ၉၆၉
Vol. 65 Ch. 969
အခန်း (၉၆၉) ရှရှန်းယု လှုပ်ရှားခြင်း။
တင်းနန်နှင့် တင်းရွှဲတို့ နှစ်ယောက်စလုံးသည် ချင်ယွင်၏ ဆန့်ကျင်ဘက်တွင် ရပ်နေကြပြီး၊ သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ အင်မော်တယ် ဧကရာဇ်တို့၏ စွမ်းအင်အတက်အကျလှိုင်းများက မြင်ရသူတိုင်းကို နှလုံးခုန် ရင်တုန်သွားသည်အထိ ကြောက်စရာကောင်းနေပါသည်။
'"ချင်ယွင်၊ မင်း လက်လျှော့လိုက်ဖို့ ငါ အကြံပေးချင်တယ်။ ငါတစ်ယောက်တည်းနဲ့ဆို မင်းကို ဘာမှလုပ်နိုင်စွမ်းမရှိပေမယ့် တင်းရွှဲနဲ့ငါ အတူတူ ပူပေါင်းတိုက်ခိုက်လိုက်တာနဲ့ ကောင်းကင်တာအိုနယ်ပယ်ရဲ့ ပဉ္စမအဆင့် အင်မော်တယ် ဧကရာဇ်တွေတောင်မှ ငါတို့ ပြိုင်ဘက် မဟုတ်တော့ဘူး။ မင်းလည်း ငါတို့ပြိုင်ဘက် မဖြစ်နိုင်တောဘူး”။ တင်းနန်က ချင်ယွင်ကို ကြည့်ကာ အထင်သေးဟန်ဖြင့် ပြောလိုက်သည်။
သူနှင့် တင်းရွှဲတို့သည် ကျင့်ကြံခြင်းပညာရပ်များကို အတူတကွ ကျင့်ကြံခဲ့ကြသည်။ သူတို့ နှစ်ယောက်သည် မောင်နှမတွေလည်း ဖြစ်ကြပါသည်။ နှစ်ပေါင်းများစွာ ရေရှည် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ပြီးနောက် သူတို့၏ တိတ်တဆိတ် နားလည်မှုသည် သူတို့၏ နှလုံးသားအချင်းချင်း ချိတ်ဆက်နေသည့် အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ။ သူတို့နှစ်ဦး၏ ပေါင်းစပ်တိုက်ခိုက်မှုများသည် ကောင်းကင်တာအိုနယ်ပယ် ပဉ္စမအဆင့်ရှိ အင်မော်တယ် ဧကရာဇ်များပင် ဆန့်ကျင်တိုက်ခိုက်ခြင်း မပြုနိုင်တော့ပေ။
ချင်ဝမ်ယုသည် သူတို့ကြောင့် ဒဏ်ရာရသွားခြင်း ဖြစ်သည်။ ထို့ကြောင့်, ချင်ယွင်လည်း သူတို့နှစ်ယောက်ကို သူတကိုယ်တည်းဖြင့် တိုက်ခိုက်နိုင်မည်ဟု သူတို့ မထင်ပါဘူး။
"သူတစ်ယောက်တည်း မဟုတ်ဘူး.."
သို့သော် ထိုအချိန်တွင် လူတိုင်း၏နားထဲသို့ ကြည်လင်အေးမြသော အသံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက်တွင် အလွန်လှပသော ပုရိပ်တစ်ခုသည် လူအုပ်ကြီး၏ အံ့အားသင့်နေသော အကြည့်များအောက်မှ ထွက်လာခဲ့သည်။
ရှရှန်းယုသည် လေထဲသို့ ခြေလှမ်းလိုက်ပြီး၊ သူမ၏ စိတ်နေစိတ်ထားက ပွင့်လန်းနေသော ရေခဲကြာပန်းကဲ့သို့ အတိုင်းအဆမရှိပေ။
ချင်ယွင်သည် အနည်းငယ် မှင်သက်သွားခဲ့သည်။ ရှရှန်းယုသည် ယခုအချိန်တွင် ဝင်ရောက် စွက်ဖက်ရန် ရွေးချယ်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ထို့ကြောင့် သူသည် ရှရှန်းယုအား အလောတကြီး ပြောလိုက်သည် "မြန်မြန်ပြန်သွားပါ။ မင်းက သူတို့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး"
သို့သော်လည်း ရှရှန်းယုသည် ချင်ယွင်၏ စကားများကို မကြားဟန်ပြုလိုက်သည်။ ယင်းအစား သူမသည် ချင်ယွင်၏နံဘေးသို့ တိုက်ရိုက်လျှောက်သွားပြီး ချင်ယွင်နှင့် ဘေးချင်းကပ် ရပ်လိုက်လေသည်။ မြူနှင်းဓားက သူမလက်ထဲတွင် ပေါ်လာသည်။
တင်းနန်နှင့် တင်းရွှဲတို့သည် အနည်းငယ် မျက်မှောင်ကြုတ်ကာ ရှရှန်းယုကို စိုက်ကြည့် နေကြသည်။ သူတို့စိုးရိမ်နေသည့်အရာမှာ ရှရှန်းယု၏ခွန်အားမဟုတ်ဘဲ၊ ရှရှန်းယု၏ ကိုယ်ရေးအချက်လက် ဖြစ်သည်။
သူမသည် ဧကရာဇ်တာမင်၏ တစ်ဦးတည်းသောသမီး၊ ကောင်းကင်လေနတ်ဘုရား အကယ်ဒမီ တစ်ခုလုံးတွင် ကောင်းကင်ဘုံ၏ ဂုဏ်ယူစရာကောင်းသော သမီးတော်တစ်ဦး ဖြစ်သည်ကို သူတို့ မသိဘူးဆိုသည်မှာ မဖြစ်နိုင်ပေ။
"သခင်မလေးရှ၊ ဒီကိစ္စက ငါတို့ရဲ့ တော်ဝင်ချင် အင်မော်တယ် မင်းဆက်ရဲ့ အတွင်းရေး ကိစ္စပဲ၊ မင်း ဝင်မစွက်ဖက်ဘူးလို့ ငါ မျှော်လင့်တယ်။" တင်းနန်က ခြိမ်းခြောက်သည့် လေသံဖြင့် ပြောလိုက်ပါသည်။
ရှရှန်းယု၏ အမူအရာက တည်ငြိမ်ပြီး၊ သူမက တင်းနန်ကို ကြည့်ရင်း ပြောလိုက်သည် "ကျွန်မက ချင်ယွင်ရဲ့ အစေခံပဲ။ ရှင်တို့က သူ့ကို သတ်ချင်နေမှတော့ ကျွန်မလည်း လျစ်လျူမရှုထားနိုင်ဘူး။ လုပ်စရာရှိတာလုပ်ပါ။ ရှင်တို့ ကျွန်မကို သတ်လိုက်မယ်ဆိုရင် တောင် ဒီကိစ္စအတွက် ကျွန်မအဖေက ရှင်တို့ကို လိုက်ရှာမှာမဟုတ်ဘူးလို့ ကျွန်အ အာမခံတယ်။”
ရှရှန်းယု၏ စကားကြောင့် ရောက်ရှိနေသူ လူအားလုံး တုန်လှုပ်သွားကြသည်။ သူတို့သည် ရှရှန်းယု၏အကြောင်းကို အားလုံး ကြားသိဖူးကြပြီး၊ သူမသည် အလွန်မောက်မာသော အမျိုးသမီးတစ်ဦဖြစ်ကြောင်းကို သိရှိထားကြသည်။ သို့သော် ယခုတော့ သူမသည် ချင်ယွင်၏ အစေခံဖြစ်ကြောင်း လူတိုင်း၏ရှေ့တွင် ဝန်ခံရန် အစပြုခဲ့သည်။ ယင်းကြောင့် လူတိုင်းသည် သူတို့၏ နားများကိုပင် မယုံရဲကြပေ။
"ဒီကောင်လေးရဲ့ ဆွဲဆောင်မူက သူ့အဖေတုန်းက ထက်တောင် ပိုကြီးနေတာပဲ။ ဒါပေမယ့် စိတ်ဝင်စားဖို့ ကောင်းတယ်။" ချင်ဝမ်ယုက မပြုံးဘဲမနေနိုင်ပါချေ။ ရှရှန်းယုကို ကြည့်သည့် သူမ၏အကြည့်များကပင် ယခင်ကလို ရန်လိုသည့်အမူအရာမျိုး မရှိတော့ပါဘူး။ ရှရှန်းယု၏ အရည်အချင်းအရဆို ယခုအခိုက်အတန့်တွင် မတ်တပ်ထရပ်ပေးခြင်းကပင် သူမ၏ ရပ်တည်ချက်ကို ပြသရန် လုံလောက်ပါသည်။
ချင်ယွင်က ရှရှန်းယု ယခုလိုစကားမျိုး ပြောလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပါဘူး။ သူသည်ပင် တခဏအတွင်း ယုံကြည်ရခက်သွားသည်။
"မင်း ပြန်သွားသင့်တယ်။ ငါ တစ်ယောက်တည်း ထိန်းထားနိုင်တယ်" ချင်ယွင်က ရှရှန်းယု ကို ပြောသည်။ ရှရှန်းယုကို ကြည့်သည့် သူ၏အကြည့်တွေကလည်း ပျော့ပြောင်းလာပါ သည်။
အမှန်အတိုင်းပြောရလျှင်, ရှရှန်းယုသည် ယခုအခိုက်အတန့်တွင် ရှေ့ထွက်လာပြီး ရပ်တည်ပေးသည့်အတွက် သူသည်လည်း အလွန်ပင် ကြည်နူးမိပါသည်။ သို့သော် ရှရှန်းယု သည် ကောင်းကင်တာအိုနယ်ပယ်၏ ပထမအဆင့်တွင်သာရှိသောကြောင့် သူမအနေဖြင့် ထိုကဲ့သို့သော တိုက်ပွဲမျိုးတွင် ဝင်ရောက် စွက်ဖက်နိုင်မည် မဟုတ်ပေ။
ချင်ယွင်၏စကားကို ကြားတော့ ရှရှန်းယုက လှပသောမျက်လုံးတစ်စုံဖြင့် ချင်ယွင်ကို ကြည့်ကာ မထူးခြားဟန်ဖြင့် ပြောသည် "ငါက ဘယ်လိုရုပ်ခန္ဓာကိုယ်မျိုး ပိုင်ဆိုင်ထားလဲ ဆိုတာ နင် အမြဲတမ်း တွေးနေတာမဟုတ်လား?။ ငါ နင့်ကို ဒီနေ့ တွေ့မြင့်ခွင့်ပေးမယ်။"
ထိုစကားကို ပြောပြီးနောက် ရှရှန်းယု၏ စိတ်နေစိတ်ထားက ပြောင်းလဲသွားသည်။ သူမ၏ မျက်ခုံးနှစ်ခုကြားတွင် တောက်ပသော အလင်းရောင်တစ်ခု ထွက်ပေါ်လာပြီးနောက် ရှရှန်းယု၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ရာ စွမ်းအင်အတက်အကျ လှိုင်းတစ်ခု ထွက်ပေါ်လာသည်။
"ဖြစ်နိုင်တာက” ချင်ယွင်သည် စွမ်းအင်အတက်အကျလှိုင်းကို သတိပြုမိပြီး သူ၏ မျက်လုံးများတွင် အံ့အားသင့်သော အမူအရာကို ထုတ်ဖော်လိုက်မိပါသည်။
ချင်ဝမ်ယုသည် မျက်လုံးများ ပြူးကျယ်စွာဖြင့် ကောင်းကင်ပေါ်ရှိ ရှရှန်းယုကို စိုက်ကြည့်နေမိပြီး၊ သူမ၏မျက်နှာက ထိတ်လန့်မှုအပြည့်နှင့်ပင်။
ရှရှန်းယုသည် အလွန်မြင့်မားသော ပါရမီအရည်အချင်းများကို ပိုင်ဆိုင်ထားကြောင်း အင်မော်တယ်ကမ္ဘာမှ လူတိုင်း သိကြသော်လည်း၊ ရှရှန်းယုသည် မည်သို့သော ရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်ကို မည်သူမျှ မသိကြပေ။ ၎င်းသည် အင်မော်တယ် ကမ္ဘာတွင် ကြီးမားသော လျှို့ဝှက်ဆန်းကြယ်တစ်ခုလည်း ဖြစ်လာခဲ့သည်။
ယခုတွင် ရှရှန်းယုသည် ထိုလျှို့ဝှက်ဆန်းကြယ်မှုကို ဖြေရှင်းနိုင်ရန် အစပြုလုပ်ဆောင်ခဲ့ သော်လည်း အဖြေက လူတိုင်းကို တုန်လှုပ်စေခဲ့သည်။
အကန့်သတ်မဲ့ သူတော်စင် ခန္ဓာကိုယ်လား…။
အင်မော်တယ်ကမ္ဘာတွင် သတင်းပျံ့နှံ့နေသည့် အလွန်သန်မာသော ရုပ်ခန္ဓာကိုယ်တစ်ခု ရှိပြီး၊ ၎င်းသည် ဖရိုဖရဲ သူတော်စင် ခန္ဓာကိုယ်ကိုပင် ကျော်လွန်သည့် ရုပ်ခန္ဓာကိုယ်အဖြစ် ချီးကျူးခံရပါသည်။ မူလက ဤသတင်းစကားအားလုံးသည် ဒဏ္ဍာရီတစ်ခုမျှသာ ဖြစ်ပြီး တစ်စုံတစ်ယောက်က လုပ်ကြံဖန်တီးထားသည်ဟု သူ ထင်ခဲ့မိသည်။ သို့သော် ထိုကဲ့သို့ ရုပ်ခန္ဓာကိုယ် အမှန်တကယ် ရှိနေလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ထို့အပြင် ရှရှန်းယု သည် ထိုကဲ့သို့ ရုပ်ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်ထားသူဖြစ်သည်။
အကန့်သတ်မဲ့ သူတော်စင် ခန္ဓာကိုယ်သည် အထွက်အထိပ် ဦးသျှောင်နယ်ပယ်သို့ တက်လှမ်းနိုင်သော ဂန္ထဝင်ရုပ်ခန္ဓာကိုယ်ဖြစ်ပြီး၊ အင်မော်တယ်ကမ္ဘာတွင် အစွမ်းထက်ဆုံး ရုပ်ခန္ဓာကိုယ်အဖြစ် ချီးကျူးခံရသည်။
ချင်ယွင်သည် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ထွက်ပေါ်နေသော ရှရှန်းယုကို ကြည့်လိုက်သည်။ ရှရှန်းယုသည် ထိုအချိန်တုန်းက သူ့ကို အဘယ်ကြောင့် အထင်သေးရှုံ့ချခဲ့သည်ကို နောက်ဆုံးတွင် သူ နားလည်ခဲ့သည်။ သူ၏ ဖရိုဖရဲ အင်မော်တယ်အရိုးသည် သာမန်ထက် ထူးခြားသော်လည်း၊ ၎င်းသည် အကန့်သတ်မဲ့ သူတော်စင် ခန္ဓာကိုယ်နှင့် အတော်လေး ကွဲပြားခြားနားနေပါသေးသည်။
ရှရှန်းယု၏ မျက်ခုံးနှစ်ခုကြားရှိ နေရာလွတ်သည် ကြယ်ရောင်ကဲ့သို့ တောက်ပနေသည်။ သူမ၏ဆံပင်ပေါင်း သုံးထောင်သည် လေမတိုက်ဘဲ လှုပ်ရှားလာသည်။ ရှရှန်းယု၏ မျက်ခုံးနှစ်ခုကြားရှိ နေရာလွတ်မှ ပြင်းထန်သော စွမ်းအားတစ်ခု ထုတ်လွှတ်ပြီး ရှရှန်းယု၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ချက်ချင်း စိမ့်ဝင်သွားသည်။ ထိုအချိန်တွင် ရှရှန်းယုသည် နတ်ဘုရားအလင်းရောင်ဖြင့် ရေချိုးသန့်စင်နေပုံရသည်။ သူမ၏ ခန္ဓာကိုယ်တစ်ကိုယ်လုံး သန့်ရှင်းသော အငွေ့အသက်များနှင့် ပြည့်နေခဲ့သည်။
ကောင်းကင်နှင့်မြေကြီးကို သူမ၏ခြေဖဝါးအောက်တွင် ဝပ်ဆင်းလာသည့်အလား ကောင်းကင်နှင့်မြေကြီးသည်ပင် သူ၏မခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်ကြောင့် ရွေ့လျား သွားကာ၊ ယင်းက လူတိုင်းကို သူတို့၏နှလုံးသားထဲတွင် ရိုသေလေးစားမှုကို မခံစားရဘဲ မနေနိုင်အောင် ဖြစ်ပေါ်စေခဲ့သည်။
အိုးယန်ထန်ရွယ်သည် ဤမြင်ကွင်းကို အံ့အားသင့်စွာ ကြည့်နေမိသည်။ ကောင်းကင် တာအိုနယ်ပယ်၏ ပထမအဆင့်ရှိ အင်မော်တယ်ဧကရာဇ်တစ်ပါးအနေဖြင့် သူမသည်ပင် မလေးစားဘဲ မနေနိုင်ခဲ့ပါချေ။
တင်းနန်နှင့် တင်းရွှဲ၏ အမူအရာများသည် အုံ့မှိုင်းလာကြသည်။ ရှရှန်းယုသည် သန်မာခြင်း မရှိဟု မူလက သူတို့ ထင်ခဲ့ကြသော်လည်း ယခုအခါ သူတို့သည် မသေချာတော့ပုံ ရသည်။
"သခင်မလေးရှ၊ မင်း တကယ်ပဲ လှုပ်ရှားဖို့ စီစဉ်နေတာလား?။" တင်းနန်က ထပ်မေးသည်။
"လုပ်စရာရှိတာ လုပ်ပါ”။ ရှရှန်းယု၏အသံက ဘာမှ ထူးမခြားနားသော်လည်း သူမ၏ စကားများတွင် ဘုန်းအာနုဘော်မျိုး ရှိနေသည်။
"ဟမ့်၊ ဒီလိုဆိုမှတော့ မယဉ်ကျေးတဲ့အတွက် ငါတို့ကို အပြစ်မတင်နဲ့။" တင်းနန်က အေးစက်စွာ ဟစ်အော်လိုက်သည်။ သူ၏အကြည့်တွေက ရုတ်တရတ် တင်းမာသွားသည်။ ထို့နောက်တွင် သူ၏သတ်ဖြတ်လိုသည့်ဆန္ဒက အပြင်သို့ ပျံ့နှံ့သွားခဲ့ပြီး တင်းနန်နှင့် တင်းရွှဲတို့၏ ခန္ဓာကိုယ်အပေါ်ရှိ အင်မော်တယ် ဧကရာဇ်များ၏ စွမ်းအားများက လွတ်လွတ်လပ်လပ် ထွက်ပေါ်လာတော့သည်။
ဘန်း…။
သူတို့နှစ်ယောက်စလုံး ချင်ယွင်နှင့် ရှရှန်းယုဆီသို့ ပြေးသွားကြသည်။
ချင်ယွင်သည် သူ့ဆီသို့ အပြေးအလွှား ပြေးလာနေသော တင်းမောင်နှမများကို ကြည့်ပြီး နောက် ဘေးချင်းကပ် ရပ်နေသော ရှရှန်းယုကို ကြည့်လိုက်သည်။ သူက ကူရာမဲ့ဟန်ဖြင့် ခေါင်းကို အသာအယာ ခါလိုက်မိသည်။ မူလက နှစ်ယောက် တစ်ယောက် တိုက်ပွဲဖြစ်ခဲ့ သော်လည်း ယခုအခါ နှစ်ယောက် နှစ်ယောက် ဖြစ်လာခဲ့သည်။ ထို့အပြင် သူသည် ရှရှန်းယုနှင့်အတူ တိုက်ပွဲဝင်နေရသည်။ ဤရာက တကယ့်ကို ပြဇာတ်ဆန်လွန်းပါသည်။
သို့သော်၊ ချင်ယွင်သည် သူ၏နှလုံးသားအတွင်း လှုပ်ရှားနေစိတ်အစဉ်ကို အလျင်အမြန် ထိန်းချုပ်လိုက်ပြီး၊ သူ၏အမူအရာက သူ၏ ယခင်သတ်ဖြတ်လိုသော အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
ဘန်း…။
မြူနှင်းချောက်နက်ဓားက ချင်ယွင်၏ လက်ထဲတွင် ပေါ်လာပြီး လေနှင့် လျှပ်စီး စွမ်းရည်များက ဓားကို ချက်ချင်း ဖုံးလွှမ်းသွားသည်။ ဓားမှထုတ်လွှတ်နေသော စွမ်းအင် အတက်အကျလှိုင်းများက အခြားလူများထက် အားမနည်းပါချေ။
"တိုက်ခိုက်ကြစို့” ချင်ယွင်က ပြောရင်း ပျံထွက်သွားသည်။
ရှရှန်းယု၏လက်ရှိ မြူနှင်းဓားမှ ကြောက်စရာကောင်းသော စွမ်းအင်အတက်အကျ လှိုင်းတစ်ခု ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော အအေးဓာတ်က ဧရာမပါးစပ်ကြီးကဲ့သို့ ကမ္ဘာတစ်ခုလုံးကို ချက်ချင်း လွှမ်းမိုးသွားသည်။
ချင်ယွင်က တင်းနန်ကို ရင်ဆိုင်နှုတ်ဆက်ပြီး ရှရှန်းယုက တင်းရွှဲနှင့် တွေ့ဆုံကာ၊ သူတို့လေးယောက်သည် ချက်ချင်းပင် အပြန်အလှန် တိုက်ခိုက်ကြတော့သည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားလေးခုက ကောင်းကင်ယံတွင် အဆက်မပြတ် ပျံနှံ့နေကာ ကောင်းကင်နှင့်မြေကြီးပင် မည်းမှောင်လာပြီး ကောင်းကင်ယံတွင် တိမ်စိုင် တိမ်မည်းများဖြင့် ပြည့်နှက်နေသည်။
အောက်မှလူတိုင်းသည် ဤတိုက်ပွဲမြင်ကွင်းကို လွတ်လွတ်လပ်လပ် စိုက်ကြည့်နေကြပြီး သူတို့မျက်လုံးများတွင် အံ့ဩခြင်းများဖြင့် ပြည့်နှက်နေသည်။ ဤအဆင့်တိုက်ပွဲမျိုးက လုံးဝကို ရှားပါးပါသည်။