အခန်း ၉၇၅
Vol. 65 Ch. 975
အခန်း (၉၇၅) ဝတုတ်ကလေးတစ်ဦး မွေးဖွားခြင်းနှင့် ပတ်သက်၍။
တော်ဝင်ချင် မင်းဆက်အတွင်း, ဝိညာဉ်စီရင်စုရှိ လွင့်မျောတောင်ထွတ် တစ်ခုပေါ်တွင် ကြီးကျယ်ခမ်းနားသော မြို့တစ်မြို့ တည်ရှိနေပါသည်။ ၎င်းမြို့တော်သည် အကန့်အသတ် မဲ့ ဘုန်းတန်ခိုးအာနုဘော်နှင့် ပြည့်နှက်နေသဖြင့် တစ်စုံတစ်ယောက်သည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ကိုးကွယ်ဆည်းကပ်လိုသည့် ခံစားချက်မျိုးကို မခံစားမိဘဲ မနေနိုင်ခဲ့ ပါချေ။
ဤသည်မှာ တော်ဝင်ချင် အင်ပါယာ၏ တော်ဝင်နန်းတော်ဖြစ်ပြီး၊ တော်ဝင်ချင် အင်ပါယာ တစ်ခုလုံး၏ စစ်မှန်သော အခြေခံအုတ်မြစ် ဖြစ်ပါသည်။
ထိုအခိုက်တွင်၊ ရွှေခရမ်းရောင် ဖီးနစ်ဝတ်ရုံကို ၀တ်ဆင်ထားသော အသက်လတ်ပိုင်း အရွယ် အမျိုးသမီးတစ်ဦးသည် နန်းတော်၏နက်ရှိုင်းသောအရပ်ရှိ ခန်းမကြီးတစ်ခုရှေ့တွင် ရပ်နေသည်။ သူမသည် ကောင်းကင်ယံမှာ ပြည့်နှက်နေသည့် ခုနစ်ရောင်ခြယ် ကောင်းချီးပေးခြင်း တိမ်တိုက်တွေကို အုံ့မှိုင်းနေသည့် အမူအရာဖြင့် ကြည့်နေပါသည်။
အသက်လတ်ပိုင်းအရွယ် အမျိုးသမီး၏ စိတ်သဘောထားအရ သူမသည် ကျက်သရေရှိပြီး၊ ဂုဏ်သိက္ခာကြီးမားကာ၊ ဤခမ်းနားထည်ဝါသော အခြေအနေအောက်တွင် လူတစ်ဦး တစ်ယောက်၏ နှလုံးသားကို အကြောက်တရားနှင့်အတူ တုန်ခါအောင်လုပ်နိုင်သည့် ခမ်းနားထည်ဝါမူတစ်ခု ရှိနေပါသည်။
မှန်ပါသည်။ သူမသည် ကောင်းကင်ရေနန်းတော်၏ ပိုင်ရှင်ဖြစ်ပြီး၊ ချင်လန်၏ဖခင်နှင့် တော်ဝင်ချင် အင်မော်တယ် ဧကရာဇ်မင်းမြတ်၏ အစစ်အမှန်ဇနီးဖြစ်သည့် ကျောင်းလန် ဖြစ်ပါသည်။ သူမသည် လက်ရှိအချိန်တွင် တော်ဝင်ချင် အင်မော်တယ်မင်းဆက်၏ အုပ်ချုပ်သူ, တော်ဝင်ချင် အင်မော်တယ် မင်းဆက်၏ ဧကရီမ ဖြစ်နေပါပြီ။
ဘန်း…။
လေထုထဲတွင် လေလှိုင်းတစ်ချက် ပေါ်လာပါသည်။ ပုံရိပ်တစ်ခုသည် ကျောင်းလန်၏ ရှေ့မှာ ပေါ်လာခဲ့ပြီး၊ မြေပြင်ပေါ် တိုက်ရိုက် ဒူးထောက်လိုက်ပါသည်။ ဤလူသည် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး၊ သူ၏ခန္ဓာကိုယ်မှ အင်မော်တယ် ဧကရာဇ်တစ်ပါး၏ လှိုင်းလုံးများ ထွက်ပေါ်လာသည်။ သူသည် တင်းနန်အထက်မှာ အများကြီးရှိနေပါသည်။
"နှုတ်ခွန်းဆက်ပါတယ် ဧကရီ.." ထိုလူက လေးလေးစားစား ပြောလိုက်ပါသည်။
"စုံစမ်းမှု အခြေအနေက ဘယ်လိုရှိလဲ?။ ဒီခုနစ်ရောင်ခြယ် ကောင်းချီးပေးခြင်း တိမ်တိုက်တွေက ဘယ်ကနေ ရောက်လာတာလဲ?။" ကျောင်းလန်က အေးစက်စွာ ပြောလိုက်သော်လည်း သူမ၏လေသံထဲတွင် ငြင်းဆန်၍မရနိုင်သည့် ဘုန်းတန်ခိုးကို ထင်ရှားစေသည်။
"ကြီးမြတ်လှတဲ့ ဧကရီထံ အစီရင်ခံတင်ပြပါတယ်။ ဒီခုနစ်ရောင်ခြယ် ကောင်းချီးပေးခြင်း တိမ်တိုက်တွေရဲ့ အလယ်ဗဟိုချက်က ကျွန်တို့ရဲ့ ဝိညာဉ်စီရင်စုထဲက မဟုတ်သလို၊ တုံးကျိုးစီရင်ထဲကလည်း မဟုတ်ကြောင်း တွေ့ရှိခဲ့ရပါတယ်။ ဒီခုနစ်ရောင်ခြယ် ကောင်းချီး တိမ်တိုက်ရဲ့ အလယ်ဗဟိုချက်ကတော့ ကောင်းကင်နှင်း မြင့်မြတ်နယ်မြေက ဖြစ်ပါတယ်။” ထိုလူက ပြောလိုက်ပါသည်။
"ကောင်းကင်နှင်း မြင့်မြတ်နယ်မြေ၊ ကောင်းကင်နှင်း မြင့်မြတ်နယ်မြေ လူတွေ အင်မော်တယ် ဧကရာဇ်နယ်ပယ်ကို ဖြတ်ကျော်ဝင်ရောက်တဲ့အတွက် ခုနစ်ရောင်ခြယ် ကောင်းချီးပေးခြင်းတိမ်တိုက်ကြီးတွေက စီရင်စုကြီးသုံးခုစလုံးမှာ ပေါ်လာတယ်လို့ မင်း ပြောလိုက်တာလား?" ကျောင်းလန်သည် တည်ငြိမ်မှု အနည်းငယ် ပျောက်ဆုံးသွားကာ ပြောလိုက်သည်။
"မှန်ပါတယ် ဧကရီ..။ အဆင့်ဖြတ်ကျော်သွားတဲ့သူက အတိအကျ ပြောရရင် ကောင်းကင်နှင်း မြင့်မြတ်နယ်မြေကလူပါ " အသက်လတ်ပိုင်းအရွယ် အမျိုးသားက ပြန်ဖြေသည်။
ကျောင်းလန်သည် မျက်မှောင်ကြုတ်လိုက်မိသည်။ မကြာသေးမီကမှ သူမသည် တင်းမောင်နှမ၏ စိတ်ဝိညာဉ် ကျောက်စိမ်းဆွဲသီးများ ကွဲအက်သွားသည်ကို သူမ ခံစားလိုက်ရသည်။ ယခုဆိုလျှင် တော်ဝင်ချင် အင်မော်တယ်မင်းဆက် တစ်ခုလုံးကို ရုတ်ရုတ်သဲသဲဖြစ်စေရန် အစပျိုးခဲ့သူမှာ ကောင်းကင်နှင်းမြင့်မြတ်နယ်မြေမှ ဖြစ်ကြောင်း သူမ လက်ခံရရှိခဲ့သည်။ ဤအချက်က ချင်ယွင်ဆိုသည့် လူတစ်ယောက်အကြောင်း သူမကို သတိရသွားစေခဲ့သည်။
'"ကောင်းလိုက်တဲ့ ချင်ချင်ဟန်။ ရှင့်မှာ တကယ်ကို သားကောင်းတစ်ယောက် ရှိနေတာပဲ။ အင်မော်တယ် ဧကရာဇ်နယ်ပယ်ကိုတောင် မဖြတ်ကျော်နိုင်သေးဘူး သူက ကောင်းကင် တာအိုနယ်ပယ်ရဲ့ စတုတ္ထအဆင့် အင်မော်တယ် ဧကရာဇ်တွေကို သတ်ဖြတ်နိုင်နေပြီ။ အခု သူက အင်မော်တယ် ဧကရာဇ်နယ်ပယ်ကို ဖြတ်ကျော်ပြီးသွားပြီ။ အင်မော်တယ်ကမ္ဘာ တစ်ခုလုံး ထူးခြားမူကြီးတွေ ဖြစ်ပေါ်လာတော့မှာပဲ" ကျောင်းလန်က အေးစက်စွာ ပြောလိုက်သည်။ ပြင်းထန်သော သတ်ဖြတ်လိုသည့်ဆန္ဒက သူမမျက်လုံးထဲသို့ တိုးဝင်လာခဲ့သည်။
"ဒီကောင်လေးကို လုံးဝ ချန်ထားလို့ မရတော့ဘူး။ သူ့လက်ထဲမှာ ရှေးဟောင်း ဖရိုဖရဲ ရတနာကြီး နှစ်ခုလည်း ရှိနေတယ်။ တကယ်လို့, သူ ကြီးပြင်းလာခဲ့မယ်ဆိုရင် ဒါက ငါ့ရဲ့ အစီအစဉ်အတွက် ကြီးမားတဲ့ အတားအဆီးတစ်ခု ဖြစ်လာလိမ့်မယ်။ သူ့ကို အသက်ရှင်ခွင့် လုံးဝ မပေးနိုင်ဘူး။ ဒါ့အပြင်, လန်အာနဲ့ အနက်ရောင်ကျောက်တုံး နှစ်ခုစလုံးက သူ့လက်ထဲမှာ ရှိနေတယ်။" ကျောင်းလန်က သူ့ကိုယ်သူ ရေရွတ်လိုက်ပြီး သူမ၏ မျက်လုံးများသည်လည်း ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။
"သွား…၊ ယန်လျူကို ကောင်းကင်နှင်း မြင့်မြတ်နယ်မြေကို သွားခိုင်းလိုက်ပါ။ ချင်ယွင်ရဲ့ ဉီးခေါင်းကို ငါ့ဆီ သေချာပေါက် ပြန်ယူလာပါစေ" ကျောင်းလန်က အောက်မှာရှိနေသည့် အသက်လတ်ပိုင်းအရွယ် အမျိုးသားကို ပြောလိုက်သည်။ သူမ၏ လေသံက ပြတ်သားပြီး၊ လွှမ်းမိုးနိုင်စွမ်း ရှိနေပါသည်။ သံသယဖြစ်စရာ နေရာ မရှိပေ။
"ဟုတ်ကဲ့ပါ၊ ဧကရီ.." အသက်လတ်ပိုင်းအရွယ် အမျိုးသားက ပြန်ဖြေသည်။ ထို့နောက် သူသည် မတ်တပ်ထရပ်ကာ လေဟာနယ်ထဲသို့ ပျောက်ကွယ်သွားခဲ့သည်။
ကျောင်းလန်သည် ကျင့်ကြံခြင်းဖြင် သန့်စင်ထားသော အဝေးရှိ တောင်တန်းနှင့် မြစ်ရေပြင်ကို ကြည့်လိုက်ပါသည်။ သူမ၏မျက်လုံးများသည် ကြောက်စရာ ကောင်းလောက်အောင် မှုန်မှိုင်းနေသော်လည်း သူမ၏မျက်လုံးများတွင် ပြင်းထန်သော အေးစက်မှုတစ်ခု ရှိနေပါသည်။
"ဟမ့်၊ ချင်ချင်ဟန်, အဲဒီအချိန်တုန်းက ရှင်က ရှင့်ရဲ့သားကို ကာကွယ်ဖို့အတွက် အများကြီး ကြိုးစားအားထုတ်ခဲ့တယ်။ အခုတော့ ငါ ဒီခွေးကောင်လေးကို သေချာပေါက် ဆက်လက် ရှင်သန်ခွင့် မပေးတော့ဘူး” သိပ်မကြာခင်မှာ ရှင့်ရဲ့ အဖိုးတန်သားကို ငရဲမှာပဲ လာတွေ့ခိုင်း လိုက်မယ်။” ကျောင်းလန်က အေးစက်စွာ ပြုံးလိုက်သည်။ သူမ၏ မျက်လုံးများမှ အေးစက်စက် အလင်းတန်းများက လူများကို ပြင်းထန်သည့် အေးစိမ့်မူကို ခံစားရစေသည်။
အဆိပ်အပြင်းဆုံး အမျိုးသမီးက ယခုလိုပုံစံမျိုး ဖြစ်ကောင်းဖြစ်နိုင်သည်ဟု ဆိုနိုင်ပါသည်။
ချင်ယွင်သည် ရေကန်ဘေးတွင် မလှုပ်မယှက် ရပ်နေပြီး သူ၏ကိုယ်ပေါ်သို့ လေပြေလေညှင်းများ တိုက်ခတ်လာခဲ့သည်။ သို့သော်၊ သူသည် သဘာဝတရားထဲသို့ ပေါင်းစပ်သွားပုံရပြီး ကမ္ဘာပေါ်ရှိ အရာအားလုံးသည် သူနှင့် လိုက်လျောညီထွေ ရှိနေပါ သည်။
ခပ်ဝေးဝေးတွင် ရှရှန်းယုနှင့် ချင်ဝမ်ယုတို့သည် ဘေးချင်းကပ် ရပ်နေကြသည်။ သူမတို့အားလုံး ချင်ယွင် မတ်တပ်ရပ်နေသည့်ပုံစံကို ကြည့်နေကြပါသည်။ ချင်ဝမ်ယုသည် သူမ၏မျက်နှာပေါ်တွင် ကျေနပ်စွာ ပြုံးနေသော်လည်း ရှရှန်းယုသည် သူမ၏ မျက်နှာပေါ် တွင် ခါးသီးသော အပြုံးတစ်ခု ရှိနေသည်။
"လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်အတွင်းမှာ သူက အများကြီး အတွေ့အကြုံရှိခဲ့ပြီး အများကြီးလည်း ပေးဆပ်ခဲ့ပုံပေါ်တယ်။ ဒီကိစ္စမှာ မင်းက သူ့ထက် နိမ့်ကျနေတယ်။" ချင်ဝမ်ယုသည် ရှရှန်းယုကို ကြည့်ကာ ပြောလိုက်သည်။
ချင်ယွင်၏ လက်ရှိတိုးတက်မှုသည် အခွင့်အလမ်းများစွာနှင့် ခွဲခြားထား၍ မရပါချေ။ ဟုတ်ပါသည်။ သူ၏ကြိုးစားမှုကိုလည်း ပစ်ပယ်ထား၍ မရပါဘူး။ သူ့ကိုယ်ပိုင် ကြိုးစား အားထုတ်မှု မရှိဘဲ၊ အခွင့်အလမ်းများသည် မည်မျှပင် ကြီးမားပါစေ၊ ချင်ယွင်သည် သာမန် ထက်ထူးကဲသော တိုက်ခိုက်ရေးခွန်အားကို ပိုင်ဆိုင်ရန်အသာထား၊ သူသည် သေမျိုး ကမ္ဘာကနေ ဤအချိန်အထိ လျှောက်လှမ်းနိုင်မည် မဟုတ်ပေ။
ရှရှန်းယုသည် အကန့်သတ်မဲ့ သူတော်စင် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး ပင်ပင်ပန်းပန်း ကြိးစားစရာမလုပ်ဘဲ လျင်မြန်စွာ ကျင့်ကြံနိုင်သော်လည်း သူမသည် ဖန်လုံအိမ်ထဲရှိ ပန်းတစ်ပွင့်ကဲ့သို့ ဖြစ်နေပါသည်။ သူမသည် လေပြင်းမုန်တိုင်းနှင့် နှင်းခဲများကို ကြုံတွေ့ခဲ့ရသော ချင်ယွင်လောက် မသန်မာခဲ့ပါ။
"တကယ်တော့ သူက ကျွန်မထက်တောင် ပိုထူးချွန်ပါတယ်။ ကျွန်မက သူ့ထက် နိမ့်ကျနေတယ်။" ရှရှန်းယုက ပြောသည်။
ထိုစကားကိုကြားတော့ ချင်ဝမ်ယုလည်း အနည်းငယ် မှင်သက်သွားခဲ့သည်။ သူမက သိပ်မြန်မြန်ဆန်ဆန် မရယ်မောခဲ့ပါ။ မာနကြီးသော ရှရှန်းယုတစ်ယောက် ထိုသို့သော စကားများ ပြောဆိုလာစေနိုင်သူမှာ ချင်ယွင်သည် အင်မော်တယ်ကမ္ဘာ တစ်ခုလုံးတွင် ပထမဆုံးလူ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။
"ဒါဆိုလည်း နင် သူနဲ့ထပ်လက်ထပ်ဖို့ မစဉ်းစားဖူးလား?" ချင်ဝမ်ယုက ပြုံးပြုံးလေး ပြောတယ်။
ရှရှန်းယုသည် အနည်းငယ် မှင်သက်သွားခဲ့ပြီး ချင်ဝမ်ယု၏ စကားတွေကို မဖမ်းဆုပ်နိုင်ခဲ့ ပါချေ။
ရှရှန်းယု၏ အမူအရာကို မြင်တော့ ချင်ဝမ်ယုက ပြုံးပြီး ဆက်ပြောသည် "မင်းက ပြီးပြည့်စုံတဲ့ မြင့်မြတ်နယ်မြေတစ်ခုပဲလေ။ ချင်ယွင်ရဲ့ လက်ရှိ ရုပ်ခန္ဓာကိုယ်ကလည်း အနှိုင်းမဲ့ ကြံ့ခိုင်တယ်လို့ ပြောလို့ရပါတယ်။ အနည်းဆုံးတော့ သူက မင်းရဲ့ အကန့်သတ်မဲ့ သူတော်စင် ခန္ဓာကိုယ်အောက်မှာ မရှိတော့ဘူး။ ဒီတော့ တကယ်လို့, မင်းတို့နှစ်ယောက် သာ ပေါင်းစပ်လိုက်ရင်၊ ဝဖြိုးတဲ့ကလေးတစ်ယောက်ကို မွေးနိုင်လိမ့်မယ်။ အဲဒီကလေးရဲ့ အရည်အချင်းကလည်း အင်မော်တယ်ကမ္ဘာတစ်ခုလုံးရဲ့သမိုင်းမှာ သေချာပေါက် ထူးခြားနေလိမ့်မယ်။ မင်းရော ဘယ်လိုထင်လဲ?”။
ရှရှန်းယုသည် စကားမပြောနိုင် ဖြစ်သွားရသည်။ ချင်ယွင်၏ ဤအဒေါ်သည် အနည်းငယ် မရိုးသားကြောင်း ယခုမှပင် သူမ ခံစားမိတော့သည်။
စာစဉ် (၆၅) ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။