ဒိုင်မေးရှင်းပြိုကွဲခြင်း (၁)
Vol. 78 Ch. 1196
Ch
[ဝါးမျိုမှုအောင်မြင်သည် ယန္တရားရင်းမြစ်အမှတ် +၁၅၀]
မီးခိုးရောင်နှင်းများထူထပ်စွာကျဆင်းနေသော မြူထုထဲတွင် လင်းရှန်သည် စွမ်းအင်သုံးအင်ဂျင်ခေါင်းတွဲများကို ဝါးမျိုခြင်းလုပ်ငန်းစဉ်အား အဆုံးသတ်လိုက်ပြီးနောက် မျက်စိရှေ့ရှိ စနစ်မြင်ကွင်းပေါ်တွင် တိုးများလာသော ယန္တရားရင်းမြစ်အမှတ်ကို ကြည့်ကာ သူ့အမူယာကလေးနက်သွားသည်၊၊
ဟွာရှောင်လင်းနှင့်ပြောခဲ့သော စကားများက သူ၏ဦးနှောက်ထဲ၌ ထပ်ခါတလဲလဲပဲ့တင်ထပ်နေပြီး ကမ္ဘာပတ်လမ်းကြောင်းအနီးရှိ တောင်ဘက်ကောင်းကင်ဂိတ်၏ နေရောင်ခြည်စွမ်းအင်သုံးဆိုလာပြားများပေါ်တွင် ရုတ်တရက်ပေါ်ပေါက်လာသော ကြီးမားသည့် စာလုံးလေးလုံးကိုသာ စဉ်းစားနေမိသည်။
[ခုခံခွင့်မရှိ]
ထိုစကားစုသည် အလွန်ထူးဆန်းလှပြီး အထက်စီးဆန်သော အမိန့်ပေးသံဖြစ်သော်လည်း ရန်လိုသောခြိမ်းခြောက်မှုမျိုးနှင့်လည်းမတူသဖြင့် လင်းရှန်နှင့် အနန္တရထားပေါ်ရှိ လူများအကြားတွင် သံသယများစွာဖြစ်ပေါ်စေခဲ့သည်မှာ ကြာပြီဖြစ်သည်။
ယခုအခါတွင်မူ သူ၏တွေးခေါ်ပုံကို ပြောင်းလဲလိုက်သည့်အခါ ယခင်က နားမလည်နိုင်ခဲ့သောအရာများစွာသည် အဖြေပေါ်လာသလိုခံစားလိုက်ရသည်။
ဖောင်ဒေးရှင်း၏ အဆင့်မြင့်သုတေသနလုပ်ငန်းများ ပင်လယ်ကျောက်ဆောင်ကျွန်းရှိ ယူနီဂါစောင့်ကြည့်မှုများ၊ အနီရောင်ကမ္ဘာ၏ အသိစိတ်အွန်လိုင်းတင်ခြင်းသီအိုရီနှင့် အမှောင်အမှတ်အသား၊ ချင်းရွှေမြို့ရေကန်အောက်ရှိ ရေငုပ်ကိရိယာသုတေသန၏ အထောက်အထားများအရ ၎င်းတို့သည် ထိုအရာများကို ယခင်ကတည်းက စောစီးစွာ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။
သို့သော် လင်းရှန်ကို ရှုပ်ထွေးစေသည်မှာ ဖောင်ဒေးရှင်း၏တည်ရှိမှုက သူ၏ယန္တရားနှလုံးသားနှင့် တစ်နည်းနည်းဖြင့် ဆက်စပ်နေပါက ၎င်းတို့၏ စစ်မှန်သော ရည်ရွယ်ချက်က ဘာလဲ…၊၊
အဘယ်ကြောင့် ဟွာရှောင်လင်းက လူသားယဉ်ကျေးမှုကို ကယ်တင်ရန် ပြောဆိုခဲ့ပြီးမှ ကော်လိုရာဒိုတိုက်ပွဲကို ဖြစ်ပွားစေခဲ့ကာ ဂါလန်မီးတောင်ရှိ သမုဒ္ဒရာနတ်ဘုရားကြီးကိုနှိုးခဲ့သနည်း။ ထို့အပြင် ယဉ်ကျေးမှုအကြိုမြင်ကွင်းစက်လုံးကို အသုံးပြု၍ မျှော်စင်ယဉ်ကျေးမှု၏ အမှန်တရားကို အသက်ရှင်ကျန်ရစ်သူများအားပြသကာ အထက်တန်းလွှာများ၏ ကြောက်ရွံ့စိတ်ကို ဖယ်ရှားပေးပြီး အတွင်းပိုင်းပဋိပက္ခများကို အဘယ်ကြောင့် ဖန်တီးခဲ့ရသနည်း။
ဤကဲ့သို့သော ဆန့်ကျင်ဘက်ဖြစ်ရပ်များအားလုံးက လင်းရှန်ကို ခေါင်းကိုက်စေသဖြင့် ဟွာရှောင်လင်းကို ရှာဖွေပြီး မျက်နှာချင်းဆိုင်မေးခွန်းထုတ်ကာ အဖြေတောင်းချင်စိတ်သာ ပြင်းပြနေမိလေသည်။
အဘယ်ကြောင့်ဆိုသော် သူက ယန္တရားနှလုံးသားကို ဖိအားမြင့်ဆိုင်းငံ့အရည်ကွန်တိန်နာဘူး (ချင်းရွှေမြို့ရေကန်အောက် ဖောင်ဒေးရှင်းသုတေသနဌာနခွဲမှ ရခဲ့သောအရာ) နှင့် ချိတ်ဆက်လိုက်သည့်အခါ သူ၏မသိစိတ်ထဲမှ အသံတစ်ခုက အမြဲသတိပေးနေသည်။
ထိုအထဲတွင် ရှိနေသောအရာသည် သူ၏ယန္တရားနှလုံးသားနှင့် ဆက်စပ်နေသည်။
ဖောင်ဒေးရှင်းသည်လည်း သူ၏ယန္တရားနှလုံးသားနှင့် ဆက်စပ်နေသည်။
ဟွာရှောင်လင်းက ယန္တရားနှလုံးသား၏ မူလအစကို သူကိုယ်တိုင်ထက်ပင် ပိုမိုသိရှိထားနိုင်ပေသည်။
[လက်ရှိ ယန္တရားနှလုံးသားအဆင့် ၇ (၈၉၉၀၄/၁၀၀၀၀၀)]
[ယန္တရားနိုးထမှု] - ယန္တရားအရှင်သခင်
ယန္တရားဝါးမျိုမှု - ၇ (၅၃၈၀/၁၀၀၀၀) ဝါးမျိုမှုစွမ်းရည် တိုးတက်လာသည်၊၊
ယန္တရားထုတ်လုပ်မှု - ၇ (၈၅၆၀/၁၀၀၀၀) တည်ဆောက်မှုစွမ်းရည် တိုးတက်လာသည်၊၊
စွမ်းအင်သုံးရထားတွဲပေါင်းများစွာကို ဝါးမျိုပြီးနောက် ယန္တရားရင်းမြစ်အမှတ်မှာ ထောင်ဂဏန်းခန့်တိုးလာသော်လည်း အဆင့် ၈ သို့ ရောက်ရှိရန်အတွက်မူ တစ်သောင်းခန့် လိုအပ်နေသေးသည်။ လေတပ်၏ အဓိကကြယ်သင်္ဘောတစ်စင်းကို ဝါးမျိုနိုင်မှသာ အဆင့်တက်လှမ်းနိုင်မည်ဟု သူ ခန့်မှန်းလိုက်သည်။
သို့သော် ဤအတွေးမှာ ဖြစ်နိုင်ခြေမရှိသည်က ထင်ရှားလှသည်။
“ဝင်ရိုးစွန်းဒေသကို ရောက်မှပဲ အဆင့်မြှင့်တင်တာပြီးနိုင်မယ်ထင်တယ်”
မီးခိုးရောင်နှင်းများကျဆင်းနေသော ကောင်းကင်ယံမှ မြေပြင်သို့ ဆင်းသက်ပြီးနောက် လင်းရှန်သည် အရှိန်ပြင်းစွာ မောင်းနှင်နေသော ပေါင်းစည်းယာဉ်တန်း၏ အမိုးပေါ်သို့ လှမ်းတက်လိုက်သည်။ အနန္တရထား၏ သံချပ်ကာအမိုးပေါ်တွင် နှင်းများထူထပ်စွာဖုံးလွှမ်းနေပြီး ရထားလမ်း၏ ဘေးတစ်ဖက်တစ်ချက်တွင်လည်း မီးခိုးရောင်နှင်းများသည် တစ်မီတာကျော်ခန့်မြင့်တက်နေပြီ ဖြစ်သည်။
သူသည် မီးခိုးရောင်နှင်းများကို လက်တစ်ဆုပ်စာယူလိုက်ပြီး စွမ်းအားဝတ်စုံ၏ စုံစမ်းစစ်ဆေးရေးကိရိယာဖြင့် စကင်ဖတ်လိုက်ရာ ဓာတ်ရောင်ခြည်အဆင့်နှင့် အမှောင်စွမ်းအင်သိပ်သည်းဆများမြင့်မားနေကြောင်း ချက်ချင်းသတိပေးချက်ပြသလာသည်။
လင်းရှန်က သူ၏မျက်နှာဖုံးအတွင်းမှ လေပူများကို သက်ပြင်းချသကဲ့သို့ မှုတ်ထုတ်လိုက်ပြီး မီးခိုးရောင်နှင်းများကို ပစ်ထုတ်ကာ ပတ်ဝန်းကျင်ရှိ မြူထူထပ်မှုကို ကြည့်ရင်း ညည်းတွားလိုက်သည်။
“လူနေထိုင်လို့မရတဲ့ ထူးဆန်းတဲ့ ဂြိုဟ်တစ်လုံးပေါ်ကို ရောက်နေသလိုပဲ… လေထုနဲ့ မြေပြင်က စွမ်းအားဝတ်စုံ ဒါမှမဟုတ် အကာအကွယ်ဝတ်စုံမပါရင် သွားလာလို့တောင်မရဘူး”
နှင်းများ အဆက်မပြတ်ကျဆင်းနေခြင်းကြောင့် ရထားသည် လမ်းကြောင်းတစ်လျှောက် သတ္တုချို့ယွင်းချက်ရှာဖွေစက်ကိုသာ အသုံးပြုကာ ရှေ့ဆက်နေရပြီး ကင်းလှည့်ရန် ဒရုန်းများကိုပင်မသုံးနိုင်တော့သဖြင့် ဤမြူထုကြီးထဲတွင် ရထားခံတပ်သည်သာ တစ်ခုတည်းသော ဘေးကင်းခိုလှုံရာဖြစ်လာခဲ့သည်။
လင်းရှန်က တိတ်ဆိတ်မြို့တော်၏ နည်းပညာကို အသုံးပြု၍ အနန္တရထားရှေ့တွင် နှင်းခွဲအရည်ပျော်စက်တစ်ခုပြုလုပ်ထားသော်လည်း ထိရောက်မှုမှာ အကန့်အသတ်သာရှိသဖြင့် ခရီးစဉ်ကို နှေးကွေးစွာသွားနေရသည်။ မီးခိုးရောင်နှင်းများ ပိုမိုထူထပ်လာသည်နှင့်အမျှ ဤပြဿနာမှာ ပို၍ဆိုးရွားလာခဲ့သည်။
သို့သော်ငြားလည်း လက်ရှိတွင် အခြားပိုကောင်းသောရွေးချယ်စရာမရှိသဖြင့် လူသန်းပေါင်းများစွာ တင်ဆောင်လာသော ဤရထားကြီးသည် ရပ်တန့်၍မရပေ။
“ကျွန်မတို့ အခု ဒီလီလျန်ဘာအနီးကိုရောက်နေပြီထင်တယ်၊၊ မြေပြင်အနေအထားကို စကင်ဖတ်လို့မရတော့ဘူး၊၊ ခရီးသွားမှတ်တမ်းတွေကိုပဲ အခြေခံပြီးတွက်ချက်ရမယ်၊၊ အကယ်၍ မှန်ကန်မယ်ဆိုရင် နောက်နှစ်နာရီအတွင်း နီကာရာဂွါအိုင်ကို ဖြတ်ကျော်ရလိမ့်မယ်” ကီကီက ပြောသည်။
တွဲ ၂ တွင် လင်းရှန်နှင့် အနန္တရထားပေါ်ရှိ လူများသည် ဆွေးနွေးပွဲတစ်ခုပြုလုပ်နေကြသည်။ ယာဉ်တန်း၏ ခေါင်းဆောင်တစ်ဦးအနေဖြင့် လင်းရှန်သည် လက်ရှိတည်နေရာကို အတိအကျသိရှိထားရန်လိုအပ်သည်။
သူသည် ယခင်က ဤလမ်းကြောင်းအတိုင်းသွားဖူးပြီး လမ်းကြောင်းအားလုံးကိုလည်း တစ်ကြိမ်ပြုပြင်ပေးခဲ့ဖူးသည်။
သို့သော် လမ်းတစ်လျှောက်တွင် အနန္တရထားသည် ထူးဆန်းသည့်သတ္တဝါများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသဖြင့် လမ်းကြောင်းတစ်ခုလုံးဘေးကင်းသည်ဟု သူ အာမမခံနိုင်ပေ။
“လွန်ခဲ့တဲ့ လအနည်းငယ်က ကျွန်မတို့ ဒီနေရာကို ဖြတ်သွားတုန်းက ရေကန်ထဲကနေ အထူးအဆင့် မွန်းစတားကြီးတစ်ကောင်က တိုက်ခိုက်ခဲ့သေးတယ်၊၊ အဲဒါက တကယ့်ကို ကြီးမားလွန်းတယ် မီးတောက်က ရှင်းလင်းပေးခဲ့ပေမဲ့ လက်ရှိအခြေအနေကို ထည့်တွက်ရင်တော့ ကျွန်မတို့ ပိုပြီးသတိထားရလိမ့်မယ်” ချန်ဆီရွှမ်က ပြောသည်။
“မှန်တယ်” ရှုချင်းက ဟိုလိုဂရမ်မြေပုံကို ထောက်ပြသည်၊၊
“ဒီမြေပြင်အနေအထားက ကျဉ်းမြောင်းတယ် နီကာရာဂွါအိုင်က ပစိဖိတ်သမုဒ္ဒရာကမ်းခြေနဲ့ဆိုရင် ပျမ်းမျှ ကီလိုမီတာ ၂၀ လောက်ပဲ ဝေးတာကြောင့် ကျွန်မတို့ရဲ့ ယခင်အတွေ့အကြုံအရ ရေပြင်နဲ့ နှင်းပြင်တွေက သတ္တဝါဆန်းတွေ ခိုအောင်းဖို့ဖြစ်နိုင်ချေအများဆုံးပဲ”
“ပင်လယ်ပြင်ပေါ်က တံတားလိုဖြစ်နေတာပဲ” ရှောင်ယွမ်က စိုးရိမ်တကြီးပြောလိုက်သည်။
လင်းရှန်က ခေါင်းညိတ်ရင်း “ယာဉ်တန်းက ရှည်လျားလွန်းတယ်… လေတပ်ရဲ့ လှုပ်ရှားမှုကလည်း မသေးငယ်ဘူး၊၊ ဗိုလ်ချုပ်လော့က လေတပ်ကို ရထားလမ်းကြောင်းအတိုင်း အမြင့်ပေကနေ ပျံသန်းဖို့ ညွှန်ကြားထားတယ်၊၊ ဒါက ရထားအပေါ်က ဝေဟင်ဧရိယာကို ကာကွယ်ပေးနိုင်လိမ့်မယ် ဒါပေမဲ့...”
“တိတ်ဆိတ်မြို့တော်က ကြီးမားလွန်းတယ်”
ကီကီ နှုတ်ခမ်းကို စူထားရင်း ဘောပင်ကို နှုတ်ခမ်းကြား ညှပ်ကာ ပြောသည်။
“ရှင်းဂျီက အခုဆိုရင် မြေပြင်အထက် မီတာ ၅၀၀၀ အထိတက်သွားပြီ ပျံသန်းနေတဲ့မြို့တော်က တောင်ကြီးတစ်လုံးလိုပဲ ရထားတွဲတိုင်းမှာ လေထုတုန်ခါမှုအသံတွေကို ကြားနေရတယ်”
“အခု ကောင်းကင်အမိုးခုံးရထားကလည်း တိတ်ဆိတ်မြို့တော်နဲ့ အမြင့်ပေချင်းညှိပျံသန်းနေတယ်၊၊ ဒါပေမဲ့ ဝေဟင်နဲ့ အဆက်အသွယ်က မကြာခဏပြတ်တောက်နေတယ်၊၊ ဒါက လေထုထဲမှာ သတ္တဝါဆန်းတွေရဲ့ သိပ်သည်းဆပိုများလာတာကို ပြနေတာပဲ၊၊ ဒါကို အထူးဂရုပြုရမယ်”
“ကင်းစခန်း ၃၇၄ က ရှီဝေတုံ ပေးပို့ထားတဲ့ သတင်းအရ ဒီဝေဟင်ဧရိယာမှာ ကြီးမားတဲ့ မိုးပျံဂျယ်လီဖစ်ကြီးနဲ့ ကောင်းကင်လွှမ်းခြုံမွန်းစတားတစ်ကောင်ကိုတွေ့ရှိခဲ့တယ်၊၊ ဟာဝိုင်ယီကို ရွှေ့ပြောင်းတုန်းက မိုးပျံဂျယ်လီဖစ်ကြီးကို တွေ့ခဲ့ရပေမဲ့ ကောင်းကင်လွှမ်းခြုံမွန်းစတားကတော့ ရှိနေတုန်းပဲဖြစ်နိုင်တယ်၊၊ ဒါကြောင့် သတိထားဖို့ အရေးကြီးတယ်၊၊ ကီကီနဲ့ ငါက လမ်းမှာ စကင်ဖတ်ခဲ့ပေမဲ့ ဘာမှမတွေ့ခဲ့ရဘူး၊၊ အကယ်၍ ဒီတစ်ခေါက် တွေ့ခဲ့ရင်တော့ ပြတ်ပြတ်သားသားရှင်းလင်းပစ်ရမယ်”
“ကောင်းကင်လွှမ်းခြုံမွန်းစတား… S-Class အဆင့်လား” ကျန်းရှု့ဝေက ဟိုလိုဂရမ်ပုံရိပ်ယောင်ထဲမှ မေးလိုက်သည်။
“ဟုတ်တယ်၊၊ ပြီးတော့ အဲဒါက အတော်လေးထူးဆန်းတဲ့ အက်စ်အဆင့်ပဲ။ ညလမ်းလျှောက်သူတွေရဲ့ ကင်းထောက်အဖွဲ့ဆီက အစီရင်ခံစာတွေအရတော့ ဒီအရာက ပန်းကန်ပြားပျံနဲ့ တူတယ်၊၊ သူက ပေါ်တင်တိုက်ခိုက်တာမျိုးမလုပ်ဘဲ တိမ်တွေထဲမှာ ပုန်းအောင်းပြီး အမဲလိုက်တတ်တယ်၊၊ နေရောင်ခြည်နဲ့ ဒီရေစွမ်းအားကနေတစ်ဆင့် စွမ်းအင်ကို ရယူနိုင်တယ်” ကီကီက ပြောသည်။
ရှားရှားက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်၊၊
“ဒါက ဘယ်လိုထူးဆန်းတဲ့အရာကြီးလဲ”
“ကြည့်ကြည့်လိုက်လေ”
ကီကီက ကီးဘုတ်ကို ခေါက်လိုက်ရာ ကွန်ပျူတာပေါ်တွင် ရိုက်ကူးထားသော ဓာတ်ပုံအချို့ချက်ချင်းပေါ်လာသည်။ ထိုဓာတ်ပုံများထဲတွင် ထူထပ်သော တိမ်ဖြူကြီးတစ်ခုရှိနေပြီး ၎င်း၏ ဘေးနားများနှင့် အလယ်ပိုင်းတွင် ပုံမှန်အမှောင်သတ္တဝါအချို့ကို မြင်တွေ့ရသည်။
“ဖာ့ခ်… ဒါက ဟိုအနက်ရောင်အဝိုင်းပြားကြီး မဟုတ်ဘူးလား”