အမြဲရှိနေမယ့်အဆုံးသတ် (၂)
Vol. 78 Ch. 1199
နေ့ဘက်တွင် လင်းရှန်နှင့် ရှားရှားတို့သည် စစ်ဘက်သုံးသယ်ယူပို့ဆောင်ရေးနောက်တွဲယာဉ်ဆီသို့ အတူတူသွားခဲ့ကြသည်။ တွဲနှစ်ခုစာနေရာယူကာ အလျားလိုက် လဲလျောင်းနေသည့် ‘ဂြိုဟ်သိမ်းပိုက်သူ’ ဟုခေါ်သော အလွန်ကြီးမားသည့် မီကာကြီးကို ၎င်းတို့ စိုက်ကြည့်နေမိကြသည်။
ဤမီကာမှာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းစဉ်က ရူဂျီ ကယ်ထုတ်လာခဲ့ခြင်းဖြစ်သည်။ ပိုင်းလော့က တကယ်ပင် ကံကောင်းလှပြီး ဒဏ်ရာအနည်းငယ်သာရရှိခဲ့သည်။
သို့သော် ထိုမီကာမှာမူ ပျက်စီးလုနီးပါးဖြစ်နေခဲ့ပြီ။
ကံကောင်းသည်မှာ လင်းရှန်အတွက်မူ ဤအရာက လုံးဝပြဿနာမဟုတ်ပေ။
“အစ်ကိုလင်း... အစ်ကို့ရဲ့ ရွှမ်းဝူယန္တရားလက်မောင်းကို အဲဒီပေါ်မှာတပ်ဆင်လိုက်ရင် အစ်ကို့မှာ တိုက်ခိုက်ရေးလက်နက်တစ်ခုလျော့သွားမှာမဟုတ်ဘူးလား”
ရှားရှားက ကာကွယ်ရေးဝတ်စုံကို ဝတ်ဆင်ထားရင်း ပြောလိုက်သည်။
“မင်းက ငါ့အတွက် စိုးရိမ်နေတုန်းပဲကိုး”
လင်းရှန်က ခပ်ဖွဖွရယ်မောလိုက်သည်၊၊
“ဒါပေမဲ့ သေချာစဉ်းစားကြည့်ရင် မင်းရဲ့ မိုးပျံမက်မွန်သီးနဲ့အတူ လက်မောင်းတစ်ခုတည်းထပ်တိုးလိုက်တာက ဟန်ချက်ပျက်သွားစေနိုင်တယ်”
“ဒါဆို ညီမတို့ ဘာလုပ်ကြမလဲ”
“အဲဒါ လွယ်ပါတယ်”
လင်းရှန်က လက်တစ်ချက်ဝေ့ယမ်းလိုက်ရာ လေထုထဲ၌ ကြီးမားသော ယန္တရားတံခါးကြီးပွင့်လာပြီး ထိုမီကာပျက်ကြီး၏ အကြွင်းအကျန်များကို အလျင်အမြန်ဝါးမျိုလိုက်သည်။ ထို့နောက် ရှားရှားထံသို့ ပုံကြမ်းတစ်ခုကမ်းပေးလိုက်သည်။
“ငါက ဒီမီကာရဲ့ အဓိကဗဟိုချက်နဲ့ ကြယ်အမြောက်ကို ချန်ထားပြီး မင်းရဲ့ မိုးပျံမက်မွန်သီးကို ဖြုတ်တပ်လို့ရတဲ့ ကွပ်ကဲဗဟိုချက်အဖြစ်ပြောင်းလဲပေးထားတယ်။ ကျန်တဲ့အပိုင်းတွေကိုတော့ ရွှမ်းဝူနဲ့ ဗာမီလီယံယန္တရားလက်နက်တွေရဲ့ ကိုယ်ထည်အခြေခံကို သုံးပြီး သံချပ်ကာအလွှာတွေကို အဆင့်မြှင့်တင်ပေးမယ်။ ဒါဆို ထွက်ပေါ်လာမယ့် တိုက်ခိုက်ရေးစွမ်းရည်က ဒုတိယမျိုးဆက် အင်ပါယာမီကာထက်သာလွန်မှာသေချာသလို ထွက်ပြေးလွတ်မြောက်နိုင်တဲ့ စွမ်းရည်လည်းရှိလိမ့်မယ်”
“အခြေခံက ဟောင်းနေပေမယ့် မင်း ပုံကြမ်းကို ပြင်ဆင်နိုင်တယ်။ ဗိုင်အိုလာကို အကောင်အထည်ဖော်နိုင်မယ့် ကန့်သတ်ချက်တွေ ညှိနှိုင်းပေးဖို့ အကူအညီတောင်းလိုက်ဦး။ ပြီးရင်တော့ ငါ ယန္တရားအာကာသထဲမှာ တိုက်ရိုက်ထုတ်လုပ်ပေးမယ်”
ရှားရှားလည်း ထိုစကားကို ကြားသောအခါ မျက်လုံးများအရောင်တောက်သွားသည်။
“ဝါး... အစ်ကိုလင်းက တကယ်တော်တာပဲ”
“အပျော်မစောနဲ့ဦး... ဒီကောင်ရဲ့ အတိုင်းတာက အတော်ကြီးတယ်။ မနားတမ်းလုပ်ရင်တောင် တည်ဆောက်ဖို့ ရက်အနည်းငယ် ကြာလိမ့်မယ်။ ဒါကြောင့် သိပ်ပြီး ရှုပ်ထွေးအောင်မလုပ်နဲ့ဦး။ တချို့နေရာတွေမှာ အရမ်းရှုပ်ထွေးနေတာက တိုက်ခိုက်ရေးစွမ်းရည်ကို ပိုကောင်းလာစေမှာ မဟုတ်ဘူး”
လင်းရှန်က ပြုံးလျက် ပြောလိုက်သည်။
“အွန်းအွန်း... နားလည်ပါပြီ”
ရှားရှား အလွန်ပျော်ရွှင်သွားသည်၊၊
“ညီမ အရောင်နဲ့ ပုံစံကို ဒီဇိုင်းဆွဲပြီး ပျံသန်းရေးမော်ဂျူးပါ ထည့်လို့ရမလား”
လင်းရှန်လည်း ချွေးပြန်သွားပြီး “အရောင်နဲ့ ပုံစံ... လက်နက်တွေအထိက ပြဿနာမရှိပေမယ့် ပျံသန်းရေးမော်ဂျူးကတော့ အဲဒီလောက်မလွယ်ကူဘူး။ အင်ပါယာမီကာယန္တရားတစ်ခုက အနည်းဆုံး တန်ချိန်သောင်းချီလေးလံတာမို့ သယ်ယူပို့ဆောင်ဖို့ ဟာကျူလီယူနစ်ရှစ်ခုတောင် လိုအပ်တယ်။ သာမန်ကြယ်တာရာပန်ကာတွေကို ပြန်သုံးဖို့ ခက်ခဲလိမ့်မယ်။ တကယ်လို့ စစ်သင်္ဘောပျံသန်းရေးမော်ဂျူးကို တည်ဆောက်မယ်ဆိုရင်လည်း အရမ်းကြီးလေးလံသွားလိမ့်မယ်”
ရှားရှားက ချက်ချင်းပင် ပြန်ပြောလိုက်သည်၊၊
“အဲဒါ လွယ်လွယ်လေးပဲလေ။ အစ်ကိုလင်းပြောသလို ပျံသန်းရေးမော်ဂျူးကို မီကာနဲ့ သီးခြားခွဲထားလိုက်ပေါ့။ လိုအပ်တဲ့အချိန်ကျမှ ပေါင်းစပ်လိုက်မယ်။ မလိုတဲ့အချိန်ကျရင်တော့ သီးခြားလွတ်လပ်တဲ့ ပျံသန်းနိုင်တဲ့ သင်္ဘောတစ်စင်းဖြစ်နေမှာပေါ့”
လင်းရှန်က အံ့ဩတကြီးဖြင့် ရေရွတ်လိုက်မိသည်၊၊ “ဘုရားရေ... မင်းက ငါ့ကို ထရန်စဖော်မာ မော်ဂျူးအပြည့်အစုံနဲ့ ပျံသန်းနိုင်တဲ့ သင်္ဘောတစ်စင်းပါ တည်ဆောက်ခိုင်းနေတာလား”
“ဟီးဟီး...” ရှားရှားက သူ၏ခြေထောက်ကို ဖက်ထားရင်း ဆက်ပြောသည်၊၊
“မီကာက စွမ်းအားကြီးပေမယ့် သွက်လက်မှု မရှိဘူးလေ။ များသောအားဖြင့် ခံတပ်တွေနဲ့ နေရာယူကာကွယ်ရေးတွေမှာပဲ သုံးတာ။ အရေးကြီးတဲ့ အချိန်တွေမှာ အဝေးကနေ ဖြန့်ကျက်ဖို့ လိုအပ်တာကြောင့် ညီမက လှုပ်ရှားသွားလာနိုင်စွမ်းကို စဉ်းစားနေတာပါ”
လင်းရှန်က ခေါင်းညိတ်လိုက်ပြီး “အဲဒါက ကျိုးကြောင်းဆီလျော်ပါတယ်။ ကောင်းပြီ... မင်း ပုံကြမ်းကို ပိုပြီးပြည့်စုံအောင်လုပ်ဖို့ ကီကီနဲ့ ဗိုင်အိုလာတို့ရဲ့ အကူအညီလိုလိမ့်မယ်”
“ဟီးဟီး... အစ်ကိုလင်းက အကောင်းဆုံးပဲ”
…
မီးခိုးရောင်နှင်းများနှင့် သွေးနီရောင်မြူခိုးများက ပိုမိုထူထပ်လာခဲ့သည်။
စစ်သင်္ဘောများပင် မြေပြင်စကင်ဖတ်နိုင်စွမ်းဆုံးရှုံးသွားပြီး အချက်ပြလှိုင်းများမှာ မီတာတစ်ရာအောက်သို့ ကျုံ့ဝင်သွားသည်အထိ နှင်းများက ထူထပ်လှသည်။ လေကြောင်းယာဥ်တန်းသည် ရထားယာဉ်တန်းနှင့် အနိမ့်ပျံသန်းမှု ဆက်သွယ်ရေးကို ထိန်းသိမ်းရန်အတွက် ပိုများသော ဒရုန်းများအပေါ်၌သာ အမှီပြုနေရလေသည်။
ထိုအတောအတွင်း အမြင့်ပျံသန်းနေသော ကောင်းကင်အမိုးခုံးရထားနှင့် တိတ်ဆိတ်မြို့တော်တို့သည် ဒရုန်းသုံးစွဲမှုကို လျှော့ချရန်အတွက် သတင်းစကားများကို အပြန်အလှန်လက်ဆင့်ကမ်းခဲ့ကြသည်။
ထို့ကြောင့် မြေပြင်တပ်ဖွဲ့များနှင့် လေကြောင်းခံတပ်နှစ်ခုကြားတွင် အချိန်နှင့်တစ်ပြေးညီဆက်သွယ်မှုပြတ်တောက်သွားပြီး ငါးမိနစ်ခန့်ကြာမှ တစ်ကြိမ်သာ သတင်းစကားရရှိတော့သည်။
“ဒီလောက် ထူထပ်တဲ့မြူမျိုး တစ်ခါမှမမြင်ဖူးဘူး...”
“အပြင်ဘက်က တခြားကမ္ဘာတစ်ခုလိုပဲ... တိတ်ဆိတ်ပြီး ထူးဆန်းနေတာပဲ... မီးခိုးရောင်နှင်းတွေနဲ့ ဖုံးလွှမ်းနေတယ်”
“ငါတို့ ဘယ်ရောက်နေလဲ သိတဲ့လူ ရှိလား... ပနားမားကို ဖြတ်ကျော်ခဲ့ပြီလို့ ကြားတယ်... ဒါပေမဲ့ အမှတ်အသားမရှိတော့ မသေချာဘူး”
“ဒါက တကယ့်ကို ထူးဆန်းတဲ့ ခံစားချက်ပဲ... ငါတို့ တခြားဂြိုဟ်တစ်ခုပေါ်မှာ ရွေ့လျားနေသလိုပဲ”
ရထားကွန်ရက်အတွင်းရှိ အသက်ရှင်ကျန်ရစ်သူများသည် အပြင်ဘက်က အပြောင်းအလဲများကို အားလုံးခံစားသိရှိနေကြသဖြင့် အမျိုးမျိုးခန့်မှန်းနေကြသည်။
အထူးသဖြင့် ရထား၏အရှိန်မှာ ပို၍နှေးကွေးသွားခဲ့သည်။
လက်ရှိတွင် တစ်နာရီလျှင် ၄၀ ကီလိုမီတာနှုန်းဖြင့်သာ ရွေ့လျားနေနိုင်သည်။
အကြောင်းမှာ နှင်းများက အလွန်ထူထပ်လွန်းသောကြောင့်ဖြစ်သည်။
ထိုနှင်းများအောက်တွင် ထူးဆန်းသော အင်းဆက်များနှင့် ဖုတ်ကောင်မျိုးစုံရှိနေကြသည်။
ခဏအကြာတွင် ကွပ်ကဲဗဟိုချက်နှင့် ရထားအုပ်စုများသည် ကြီးမားသောယာဉ်တန်းကြီး၏ အခြေအနေကို ဆွေးနွေးလာကြသည်။
“လူတိုင်းက ရထားကြီး နှင်းမုန်တိုင်းအောက်နစ်မြုပ်သွားမှာကို စိုးရိမ်နေကြတယ်... ဒီသွေးနီရောင်အပြောင်းအလဲကိုလည်း စိုးရိမ်နေကြတယ်... ဒါပေမဲ့ နင်ကတော့ ဘာမှမဖြစ်သလိုပဲနော်”
တွဲ ၁၂ အတွင်း၌ ချူယန်သည် ဆိုင်းငံ့အရည်ကိုသာ အာရုံစိုက်နေသည့် လင်းရှန်ကို ကြည့်ကာ စကားပြောလိုက်သည်။
“စိုးရိမ်နေလို့ကော အထောက်အကူဖြစ်မှာမို့လို့လား”
လင်းရှန်က အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်ပြီး
“တကယ်လို့ နှင်းမုန်တိုင်းက ငါတို့ကို မြုပ်ပစ်မယ်ဆိုရင် ငါတို့ ဖယ်ရှားလိုက်ရုံပဲ။ ငါတို့ဆီမှာ စွမ်းအားရှင်တွေ အများကြီးရှိတာပဲ... ဒါက လုံးဝပြဿနာမဟုတ်ဘူး။ သွေးနီရောင်အပြောင်းအလဲအတွက်လား... ဒါက ပိုတောင်စိုးရိမ်စရာမလိုဘူး...”
သူက ချူယန်ကို မော့ကြည့်ပြီး မေးလိုက်သည်၊၊
“တကယ်လို့ နောက်တစ်စက္ကန့်မှာ ကမ္ဘာကြီးက တခြားဒိုင်မေးရှင်းတစ်ခုကို ကူးပြောင်းသွားပြီး ငါတို့တွေက အစအနမကျန်ပျက်စီးသွားမယ်ဆိုရင် အခုအချိန်မှာ ငါတို့ဘာကိုပြောင်းလဲနိုင်မှာလဲ”
ချူယန်က မျက်မှောင်ကြုတ်လိုက်သည်၊၊
“နင် ဘာတွေဖြစ်နေတာလဲ... နင့်မှာ အရင်က ဒီလိုအတွေးအခေါ်မျိုးမရှိခဲ့ပါဘူး”
“ဒါပေမဲ့ ငါပြောတာမှားလို့လား” လင်းရှန်က ပြုံးလျက် မေးလိုက်သည်။
ချူယန်၏ မျက်နှာအမူအရာတင်းမာသွားသည်၊၊
“ယန္တရားနှလုံးသားက ကမ္ဘာပျက်ကပ်နဲ့ ဆက်စပ်နေနိုင်တယ်လို့ နင်တွေးနေတာမလား... နင့်ရဲ့ တစ်ခုတည်းသော အားကိုးရာက မရေမရာဖြစ်နေတာမို့လို့ မတွေးချင်တော့တာလား... ဒါမှမဟုတ် မကြိုးစားချင်တော့တာလား”
လင်းရှန်၏ လက်များ တုံ့ခနဲရပ်သွားပြီး ခေါင်းငုံ့လိုက်မိသည်၊၊
“ဝိုး... ငါတို့ ကြားမှာ ဘာပတ်သက်မှုမှ မရှိဘဲနဲ့ မင်းက ငါ့အတွေးတွေကို ဒီလောက်တောင် နားလည်နေတာလား”
“မလိုပါဘူး” ချူယန်က လက်ပိုက်လိုက်သည်၊၊
“ဘာလို့လဲဆိုတော့ ငါသာ နင့်နေရာမှာဆိုရင်လည်း ဒီလိုပဲ တွေးမိမှာမို့လို့ပဲ”
“ဒါပဲလေ”
လင်းရှန်သည် သူ၏လက်ထဲက ထူးဆန်းသော ကွန်တိန်နာဘူးကို ကြည့်ကာ သက်ပြင်းချလိုက်သည်၊၊
“ဒါပေမဲ့ ငါ လက်မလျှော့သေးပါဘူး... အခုပဲ အဲဒါကို သုတေသနလုပ်နေတာ မဟုတ်ဘူးလား”
ချူယန်က ခေတ္တစဉ်းစားပြီးနောက် အနားသို့တိုးလာကာ သူမ၏ ယန္တရားလက်ထဲမှ ငွေရောင်စက်လုံးလေးတစ်ခုကို ထုတ်ယူ၍ လင်းရှန်ထံ ကမ်းပေးလိုက်သည်။
“နင် သိချင်နေတာတွေရှိရင်... ဒါကိုသုံးပြီး ဟွာရှောင်လင်းကို ဆက်သွယ်လိုက်ပါ... ဒါက ဖောင်ဒေးရှင်းက ငါ့ကို ပေးထားတဲ့ တာဝန်လည်းဖြစ်တယ်”