ကယ်တင်ရန်တန်ဖိုးမရှိ (၁)
Vol. 78 Ch. 1200
လင်းရှန်က ထိုအရာကို တစ်ချက်ကြည့်ပြီး ခေါင်းခါလိုက်သည်၊၊
“ငါက ဘာဖြစ်လို့ အဖြေတစ်ခုအတွက် ငါ့ရဲ့ဦးနှောက်ကို လောင်းကြေးထပ်ရမှာလဲ... ငါ နိုင်ရင်ကော ဘာဖြစ်မှာလဲ... ငါက မင်းလို စိတ်ဝိဉာဉ်စွမ်းအားရှိတာမဟုတ်ဘူးလေ။ တကယ်လို့ တစ်စုံတစ်ခုက ငါ့ရဲ့ဆန္ဒကို ဖျက်ဆီးပစ်ပြီး ငါသာ ပုန်ကန်မိရင် ဒီရထားကြီးတော့ သွားပြီပဲ”
“ဒါဆိုရင် နင်က ဒါကို သိသိကြီးနဲ့ နင့်ရဲ့ ယဉ်ကျေးမှုအကြိုမြင်ကွင်းစက်လုံးကို ဘာလို့ စွန့်မပစ်တာလဲ” ချူယန်က ပြန်ချေပလိုက်သည်။
လင်းရှန်ကာ ခေါင်းခါလိုက်ပြီး “ငါလည်း မသိဘူး”
“ဒါပေမဲ့...” သူက မျက်လုံးကို အနည်းငယ် ပင့်ကြည့်လိုက်သည်၊၊
“သူမ ငါ့ဆီလာလိမ့်မယ်လို့ ငါ ခံစားနေရတယ်”
“ဘယ်အချိန်လဲ”
“ငါတို့ မုန်တိုင်းရေလက်ကြားကို မဖြတ်ကျော်ခင်ပေါ့” လင်းရှန်က ကွန်တိန်နာဘူးကို တင်းတင်းဆုပ်ကိုင်ထားပြီး သူ၏မျက်လုံးများက နက်ရှိုင်းနေသည်၊၊
“ပြီးတော့ သူမ ကျိန်းသေပေါ်လာလိမ့်မယ်”
ချူယန်က သူ့ကို တည်တည်ငြိမ်ငြိမ် စိုက်ကြည့်ရင်း မေးလိုက်သည်၊၊
“ဒါကြောင့်ပဲ နင်က တပ်မှူးယဲ့ကို ဆက်သွယ်ဖို့ အသိစိတ်ချိတ်ဆက်မှုကို မသုံးတာလား”
“အဲဒီလိုပဲ... ဆိုပါစို့”
လင်းရှန်သည် ကွန်တိန်နာဘူးကို သိမ်းဆည်းရန် လက်ကို မြှောက်လိုက်ပြီး မတ်တပ်ရပ်ကာ ပြတင်းပေါက်ဘောင်သို့ မှီလိုက်သည်။ တွဲအတွင်းမှ မီးရောင်သည် အပြင်ဘက်က မြူထူများ၏ ရောင်ပြန်ဟပ်မှုကြောင့် ဝေဝါးနေခဲ့သည်။
“ဖောင်ဒေးရှင်းရဲ့ ရည်ရွယ်ချက်ကို သေချာမသိတဲ့အခြေအနေမျိုးမှာ ငါ ဒီနေရာမှာ ဘယ်လိုကြိုတင်သတ်မှတ်ချက်အဖြေကိုမှ မချချင်သေးဘူး။ တစ်ကိုယ်ရေအမြင်အရတော့ ငါက ဖီးနစ်နဲ့ ပရော်ဖက်ဆာယဲ့ကို လုံးဝယုံကြည်တယ်။ မင်းပြောသလိုပဲ ငါတို့ရဲ့ ရပ်တည်ချက်က အတူတူပဲ... အတူတူပဲဖြစ်နေတဲ့အတွက် ကောင်းတာ၊ ဆိုးတာမရှိဘူး။ လူသားယဉ်ကျေးမှုရှင်သန်ကျန်ရစ်ဖို့အတွက်ဆိုရင်ပေါ့... ဒါပေမဲ့ ဖောင်ဒေးရှင်းကပြောတဲ့ လူသားတွေကို ကယ်တင်ခြင်းဆိုတာ ဘာကိုဆိုလိုတာလဲဆိုတာကိုတော့ ငါတကယ်သိချင်မိတယ်”
ချူယန်၏ မျက်လုံးများ လှုပ်ရှားသွားသည်၊၊
“ငါလည်း သိချင်မိတယ်... ငါ့ရဲ့ ဆွဲငင်အားမှန်ဘီလူးနဲ့ အသိစိတ်ချိတ်ဆက်မှုက ဖောင်ဒေးရှင်းနဲ့ဆက်စပ်နေသလားဆိုတာကိုပေါ့”
လင်းရှန်က ခေါင်းညိတ်လိုက်သည်၊၊
“ဟုတ်တယ်... ငါ့ရဲ့ အတွေးတွေကို ချဲ့ထွင်ကြည့်လိုက်တယ်။ ဒီကမ္ဘာမှာ တကယ်လို့ ယဉ်ကျေးမှုနှစ်ခုရှိနေတယ်ဆိုရင် ဒီကစားပွဲရဲ့ အဓိကသော့ချက်က ငါတို့မဟုတ်တာသေချာတယ်။ ငါတို့မဟုတ်တဲ့အတွက် ငါတို့က ပုံမှန်အတိုင်းသွားရုံပဲ... လူသားတွေရဲ့ အလေ့အထအတိုင်း... ပြောင်းရွှေ့မယ်... ထွက်ပြေးမယ်... တောင်နဲ့မြောက်ကို ဖြတ်သန်းပြီး ဝင်ရိုးစွန်းဒေသကို ရောက်အောင်သွားမယ်။ ဘယ်လို အပြောင်းအလဲမဆို ‘သူတို့’ ကြောင့်ပဲ ဖြစ်လာရမယ်... ငါတို့က ဘာကိုမှပြောင်းလဲမှာ မဟုတ်ဘူး”
“ဒီလိုဆိုတော့လည်း ငါတို့က ရေစီးကြောင်းအတိုင်း လိုက်ပါသွားပြီး ဒီလမ်းကြောင်းအတိုင်း ဆက်ပြီး ပြေးနေရုံပေါ့”
ချူယန်က သူ့ကို မော့ကြည့်လိုက်ပြီး “ဘာလို့လဲဆိုတော့ သေချာပေါက်အဆုံးသတ်တစ်ခု ရှိနေလို့ပဲမလား”
“မှန်တာပေါ့”
….
တီ... တီ...
လက်ပတ်နာရီမှ နှိုးစက်သံသည် ဆက်တိုက် မြည်နေခဲ့သည်။ လင်းရှန်သည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ရာ အရက်နံ့များက နှာခေါင်းဝ၌ စွဲကျန်နေဆဲ ဖြစ်သည်။
မနေ့ညက သူသည် အနန္တယာဉ်တန်းနှင့် တခြားသောယာဉ်တန်းများမှ မိတ်ဆွေများနှင့်အတူ မီးပုံဘေး၌ ထိုင်ကာ ကမ္ဘာပျက်ကပ်အကြောင်းများကို မိုးလင်းသည့်အထိ သောက်စားပြောဆိုခဲ့ကြသည်။ အရက်နှင့် အမှောင်စွမ်းအင် စိမ့်ဝင်မှုတို့ ပေါင်းစပ်ပြီး တစ်စုံတစ်ခုအဖြစ် သန္ဓေပြောင်းသွား၍လားမသိသော်လည်း သူထင်သလောက် မမူးဘဲ အပြင်းအထန်ခေါင်းကိုက်နေခဲ့သည်။
သူသည် အိပ်ရာပေါ်တွင် လူးလှိမ့်ကာ နာရီကို လှမ်းကြည့်လိုက်သည်။
၁၀ နာရီ ၂၀ မိနစ်။
အမှောင်ကျချိန်အတွက် ပေးထားသည့် ဤနှိုးစက်မှာ လွန်ခဲ့သော လအနည်းငယ်က ဟာဝိုင်ယီကျွန်းတွင် သူ သတ်မှတ်ထားခဲ့ခြင်းဖြစ်ပြီး အချိန်အတော်ကြာအောင် မပြင်ဆင်ဖြစ်တော့ပေ။
အကြောင်းမှာ ပြင်ဆင်လိုက်လည်း ဘာမှထူးခြားတော့မည်မဟုတ်သောကြောင့် ဖြစ်သည်။ ပြတင်းပေါက်အပြင်ဘက်တွင် မီးခိုးရောင်နှင်းများနှင့် ထူထပ်သော မြူခိုးများအောက်၌ အရာအားလုံး မည်းမှောင်နေခဲ့ပြီ။ ရထားကြီးတစ်စင်းလုံးမှာ နှင်းထုထဲ၌ တစ်ဝက်ခန့် နစ်မြုပ်လျက် မြေပြင်ပေါ်တွင် လဲလျောင်းနေသည့် ကြီးမားသော မြွေကြီးတစ်ကောင်ကဲ့သို့ ရှေ့သို့တရွေ့ရွေ့ တိုးနေခဲ့သည်။
သူ ထိုင်ရာမှထကာ ပြတင်းပေါက်လိုက်ကာကို ဖွင့်လိုက်သည်။
အမှန်တော့ လိုက်ကာကို ဖွင့်ခြင်းက အပိုပင်ဖြစ်သည်။ အပြင်ဘက်တွင် လုံးဝမှောင်အတိကျနေခဲ့ပြီ။
သူ အိပ်ရာမှထ၍ ရေတစ်ခွက်သောက်လိုက်ပြီး ဆက်သွယ်ရေးလိုင်းမှတစ်ဆင့် ကွပ်ကဲဗဟိုချက်၊ ကောင်းကင်အမိုးခုံးရထားနှင့် ကောင်းကင်ပေါ်ရှိ တိတ်ဆိတ်မြို့တော်တို့ထံမှ သတင်းအချက်အလက်များကို ချိတ်ဆက်ရယူလိုက်ရာ အစီရင်ခံစာများမှာ အတူတူပင်ဖြစ်နေခဲ့သည်။
တိုက်ခိုက်မှုများ မရှိ... အပြောင်းအလဲများ မရှိ... အဆုံးမရှိသော မြူများနှင့် မီးခိုးရောင်နှင်းများသာရှိသည်။
၎င်းတို့သည် တခြားဂြိုဟ်တစ်ခုပေါ်တွင် ပြောင်းရွှေ့နေထိုင်နေကြရသလိုမျိုးဖြစ်နေပြီး လေကြောင်းပျံသန်းရေးယူနစ်အားလုံးသည် မြေပြင်အနေအထားတိုင်းတာနိုင်စွမ်းနှင့် ရေဒါတည်နေရာပြစနစ်များ ဆုံးရှုံးနေခဲ့ပြီ။
လူတိုင်းက မြူများထဲ၌ ရှေ့သို့ဆက်သွားနေကြရသည်။
အတည်ပြုနိုင်သည့် တစ်ခုတည်းသောလမ်းကြောင်းမှာ ပေါင်းစည်းယာဉ်တန်း၏ ရထားသံလမ်းသာရှိလေသည်။
သို့သော်လည်း ဆက်သွယ်ရေးလိုင်းပေါ်ရှိ ခေါင်းဆောင်များမှလွဲ၍ ကျန်ရှိနေသော အသက်ရှင်ကျန်ရစ်သူများမှာမူ ပြင်းထန်သော တင်းမာမှုကို မခံစားရပေ။
ရက်အတော်ကြာ ဆက်တိုက်တည်ငြိမ်နေမှုကြောင့် လူအများစုမှာ သတိလက်လွတ်ဖြစ်နေကြသည်။ အနန္တယာဉ်တန်းပေါ်ရှိလူများပင် ထို့အတူပင်ဖြစ်သည်။ လက်နက်စနစ်များကို ၂၄ နာရီပတ်လုံး အသင့်ပြင်ထားသော်လည်း ကျည်တစ်တောင့်ပင်မပစ်ရသည်မှာ ကြာလှပြီ။
ဗိုင်အိုလာက ရှေ့ဘက်သို့ ဆက်တိုက်စူးစမ်းရှာဖွေနေသော်လည်း ထူးခြားသောတစ်စုံတစ်ရာတုံ့ပြန်မှုမရှိပေ။
ကမ္ဘာပျက်ကပ်နေ့ရောက်ရှိလာပြီး အနန္တရထားကြီး ကျိအန်းမြို့မှ မောင်းထွက်လာသည့်အချိန်မှစ၍ ယခုအချိန်အထိ ဤမျှလောက်ကြာအောင် ဘာပြဿနာမှမရှိဘဲနေခဲ့ဖူးခြင်းမရှိပေ။ အာရုဏ်ဦးမြို့တော်တွင် ရှိစဉ်ကပင် ဤမျှလောက်အထိ တိတ်ဆိတ်မနေခဲ့ဖူးပေ။
“ငါတို့ ပနားမားကို ဖြတ်ကျော်ခဲ့ပြီလား”
လင်းရှန်က ဆက်သွယ်ရေးလိုင်းမှတစ်ဆင့် မေးလိုက်သည်။
“မှတ်တမ်းတင်ထားတဲ့ မိုင်နှုန်းအရဆိုရင်တော့ ဖြတ်ခဲ့ပါပြီးပြီ။ လွန်ခဲ့တဲ့ တစ်နာရီက ဒရုန်းတစ်စင်းက နှင်းထုကို တူးဆွပြီး သံလမ်းပေါ်ကအမှတ်အသားကို ရှာတွေ့ခဲ့တယ်။ ကျွန်မတို့ ယာဗီဇာကနေ ထွက်ခွာပြီး ကိုလံဘီယာနယ်နိမိတ်ထဲကို ဝင်ရောက်နေပါပြီ” ချန်ဆီရွှမ်က ပြောလိုက်သည်။
“ဖာ့ခ်... ငါတို့ မြေပြင်ပေါ်မှာရှိနေတာကို မခံစားရဘဲ.. နှင်းထဲက အမှတ်အသားတွေကို တူးမထုတ်နိုင်ခဲ့ရင် ငါတို့ မားစ်ဂြိုဟ်ပေါ် ရောက်နေပြီလို့ ထင်မိမှာပဲ။ နေ့တိုင်း အမှောင်ထုကြီးပဲ။ အရင်သွေးနီရောင်ကောင်းကင်တုန်းက အနည်းဆုံးတော့ အလင်းရောင်နည်းနည်းရှိသေးတယ်။ အခုတော့ ဘာမှမရှိတော့ဘူး” ရှီတိယွမ်က ရေရွတ်လိုက်သည်။
“အောက်ဆီဂျင်ပမာဏလည်း ကျဆင်းနေတယ်” ကျန်းရှု့ဝေက ပြောသည်။
“ငါတို့ရဲ့ လက်ရှိ အမြင့်မှာ အောက်ဆီဂျင် ပမာဏက ၅ ရာခိုင်နှုန်းအောက်ရောက်နေပြီ။ မြေပြင်ပေါ်မှာတောင် ၉ ရာခိုင်နှုန်းပဲရှိတယ်။ အဲဒါက အရမ်းနည်းလွန်းတယ်”
ကျန်းယွမ်က စိတ်ပျက်လက်ပျက်ဖြင့် မှတ်ချက်ချသည်၊၊
“နှင်းတွေက ဒီလောက်ထူပြီး မြူတွေက ဒီလောက်ဆိုင်းနေတာလေ… တကယ်တော့ ငါတို့ အောက်ဆီဂျင်ရှူနေရသေးတာကကိုပဲ ကံကောင်းလှပြီ”
“အပြင်ဘက် အပူချိန်က အနှုတ် ၈၆ ဒီဂရီအထိ ရောက်နေပြီ။ ရထားရဲ့ သံချပ်ကာအကာအကွယ်ခွံက နှင်းခဲအထူကြီးတွေ ဖုံးလွှမ်းနေတယ်”
နဂါးတောင် ၁ ပေါ်မှ နန်ကျင်းက ပြောသည်။
“နှင်းထုက နှစ်မီတာကျော်နေပြီ။ မြေပြင်အနေအထားအတော်များများက နစ်မြုပ်နေပြီ။ ဒါပေမဲ့ နှင်းကျတာကတော့ နည်းနည်းလျော့သွားသလိုပဲ။ မဟုတ်ရင် လွန်ခဲ့တဲ့ရက်ပိုင်းအခြေအနေအရဆိုရင် ငါတို့အားလုံး နှစ်ရက်အတွင်း နှင်းမြုပ်ကုန်မှာ သေချာတယ်”
“အားလုံးပဲ...”
ကွပ်ကဲဗဟိုချက်တွင် စစ်အင်္ကျီအရှည်ကြီးကို ခြုံထားသည့် လော့ရှောင်ခိုင်က တည်ကြည်သော မျက်နှာအမူအရာဖြင့် ပြောလိုက်သည်။
“ဒီလိုပြင်းထန်တဲ့ ရာသီဥတုမျိုးဖြစ်နေတာက ပတ်ဝန်းကျင်မှာ အပြောင်းအလဲတွေ အကြီးအကျယ်ဖြစ်နေတာကို ဆိုလိုတာပဲ။ ငါတို့ရဲ့ မူလစီမံကိန်းက တောင်အမေရိကကို ငါးရက်အတွင်း ဖြတ်ကျော်ဖို့ ဖြစ်ပေမယ့် လက်ရှိအခြေအနေအရဆိုရင် ၇၂ နာရီထက်မက ပိုပြီးကြာမြင့်နိုင်တယ်။ နောက်ထပ်ပြဿနာတစ်ခုကတော့ ငါတို့ရဲ့ ပင်မကြယ်သင်္ဘောကလွဲရင် ကျန်တဲ့ လေကြောင်းယာဉ်တန်းတွေဟာ ပြုပြင်ထိန်းသိမ်းဖို့အတွက် တိတ်ဆိတ်မြို့တော်ရဲ့ လေဆိပ်မှာ ဆိုက်ကပ်ရနိုင်တယ်။ အဲဒါက လေကြောင်းယူနစ်တွေနဲ့ ငါတို့ကြား သတင်းအချက်အလက်ဖလှယ်မှုကြာချိန်ကို ပိုပြီးတိုးလာစေလိမ့်မယ်”