← Chapters

ပျက်သုန်းခြင်းနိမိတ်များ (၂)

Vol. 78 Ch. 1204

ပျက်သုန်းခြင်းနိမိတ်များ (၂)

Vol. 78 Ch. 1204

ဝူး၊၊

တောင်တစ်လုံးနီးပါးကြီးမားလှသော ကောင်းကင်ပေါ်မှ တိတ်ဆိတ်မြို့တော်၏ နံပါတ် ၁ မြို့တော် ကာကွယ်ရေးတံတိုင်းကြီးများသည် မီးလင်းနေသော အလင်းရောင်များကို ဖုံးကွယ်လျက် ဖြည်းဖြည်းချင်းမြင့်တက်လာသည်။ ရှင်းဂျီက ထိန်းချုပ်ခန်းထဲတွင်ရပ်ကာ စောင့်ကြည့်စစ်ဆေးနေသော ကိန်းဂဏန်းအားလုံးကို ကြည့်ပြီး ဖြည်းဖြည်းချင်းပြောလိုက်သည်။

“ဆွဲငင်အားညွှန်းကိန်းတွေ အားလုံးပြောင်းလဲနေတယ်၊၊ လင်းရှန်... မကြာခင် မင်းတို့အားလုံး ပျံတက်ကုန်ကြတော့မှာထင်တယ်”

“လျှောက်မပြောနဲ့… ခဗျားလည်း ပြုတ်ကျနိုင်တာပဲ”

လင်းရှန်က ဆက်သွယ်ရေးလှိုင်းမှတစ်ဆင့် အော်ပြောလိုက်သည်၊၊

“ခေါင်းပေါ်ကို သတိထားဦး၊၊ ကောင်းကင်လွှမ်းခြုံမွန်းစတားဖြစ်နေနိုင်တယ်။ ဒီလောက်ကြီးမားတဲ့ အတိုင်းအတာနဲ့ဆိုရင် ပြုတ်ကျလာရင် ပြဿနာတတ်မယ်၊၊ မြေပြင်အခြေစိုက် လေကြောင်းရန်ကာကွယ်ရေးလက်နက်တွေက မင်းအတွက် အထောက်အကူပြုနိုင်မှာ မဟုတ်ဘူး”

“သူပြောတာ မှန်တယ်… ရှင်းဂျီ… ကျွန်တော်တို့တွေ တောင်တန်းဒေသကို ဖြတ်ကျော်ပြီးပြီဆိုတော့ အမြင့်ပေလျှော့ချသင့်ပြီလား”

ရွှန်းက နောက်မှလှမ်းပြောသည်။

ရှင်းဂျီက ခေါင်းခါလိုက်သည်၊၊

“မလောပါနဲ့ဦး… စုပြုံနေတာက အကြံကောင်းမဟုတ်ဘူး။ အခုအချိန်မှာ ဂြိုဟ်ပတ်လမ်းကြောင်းတပ်ဖွဲ့တွေက တည်ငြိမ်ဖို့လိုအပ်တယ်၊၊ ငါတို့က သူတို့ထက်ပိုပြီး လှုပ်ရှားရလွယ်ကူတယ်”

ရွှမ်းလည်း ချက်ချင်းသဘောပေါက်သွားပြီး ပြုံးလိုက်သည်၊၊

“ဟုတ်သားပဲ၊၊ ကျွန်တော်တို့ ရင်ဆိုင်ဖြေရှင်းရတာက သူတို့တွေ အဲဒါရဲ့ ဖမ်းဆီးခြင်းကို ခံရတာထက် ပိုကောင်းတာပေါ့”

ယခုအချိန်တွင် အခြေအနေပြောင်းလဲသွားသည်ကို လူတိုင်းစတင်ခံစားမိနေကြပြီး လူသန်းပေါင်းများစွာသည် တဖန်တင်းမာသွားကြသည်။ တာဝေးပစ် လေကြောင်းရန်ကာကွယ်ရေးအမြောက်များအပါအဝင် လက်နက်အမျိုးအစားအားလုံးကို ရထားအားလုံးပေါ်တွင် အွန်လိုင်းချိတ်ဆက်အဆင်သင့်ပြင်ထားကြပြီး မြူထုကြီးအောက်ရှိ ကောင်းကင်မှ ယာဉ်တန်းအချက်ပြမီးများသည် စက်အင်ဂျင်သံများ ဟိန်းဟောက်နေမှုနှင့်အတူ အဆက်မပြတ်လင်းလက်နေသည်။

တစ်နာရီ၊ နှစ်နာရီ…

အချိန်ကြာလာသည်နှင့်အမျှ ရေဒါစကင်ဖတ်မှုပေါ်က အစက်အပြောက်များသည် တကယ်ပင် ပိုမိုသိပ်သည်းလာပြီး ရထားများကို တိုက်ခိုက်သည့် သန္ဓေပြောင်းခန္ဓာများ၏ အရေအတွက်က တဖြည်းဖြည်းတိုးပွားလာသည်။ သို့သော် ထူးဆန်းသည်မှာ အကြီးစားမွန်းစတားဒီရေလှိုင်းဖြစ်ပေါ်မည့်အရိပ်အယောင် သို့မဟုတ် S-Class အဆင့် မွန်းစတားကြီးထွက်ပေါ်လာမည့် ညွှန်းကိန်းမျိုးတော့ မတွေ့ရသေးပေ။

လူတိုင်းတင်းမာနေဆဲပင်…

ထိုအချိန်တွင် ကောင်းကင်အမိုးခုံးရထား၏ ပင်မကွပ်ကဲခန်းတွင် ကျန်းယွမ်က ရှေ့ရှိ မြူထုများကို ကြည့်ကာ မျက်ဝန်းများအနည်းငယ်လှုပ်ခတ်သွားပြီး ဆက်သွယ်ရေးစက်မှတစ်ဆင့် ပြောလိုက်သည်။

“နှင်းတွေ နည်းသွားပြီး မြူတွေ နည်းနည်းရှင်းလင်းသွားတာကို မင်းတို့ သတိထားမိကြလား”

“သတိထားမိတယ်၊၊ ဒါက နိမိတ်ကောင်းလားတော့မသိဘူး”

ရှီတိယွမ်က ပထမဆုံးပြန်ဖြေသည်။

“ငါတို့ရဲ့ ကိရိယာတော်တော်များများက သံလိုက်လှိုင်းနှောင့်ယှက်မှုတွေ ကြုံနေရတယ်”

ငွေကြယ်ပေါ်တွင် အင်ဂျင်နီယာတစ်ယောက်ထံမှ အစီရင်ခံစာကို စောစောကတင် လက်ခံရရှိထားသော ကျန်းရှု့ဝေကလည်း ချက်ချင်း တုံ့ပြန်လိုက်သည်။

“လေကြောင်းယာဉ်တန်းမှာလည်း အခြေအနေက တူတူပဲ၊၊ အလိုအလျောက်ထိန်းချုပ်ရေးစနစ်နဲ့ မြေပြင်အကျိုးသက်ရောက်မှု ဂိုင်ရိုစကုပ်တွေ အခုပြဿနာတက်နေလို့ ပျံသန်းမှုပုံစံကို ပိုင်းလော့တွေက ကိုယ်တိုင်ထိန်းချုပ်နေရတယ်”

မိုးကြိုးယာဉ်တန်း၏ တပ်မှူး ဝူရှန်းချွန်းကလည်း ဆိုသည်။

အနန္တရထား၏ မောင်းနှင်ခန်းထဲတွင် ရှေ့မှ ဒရုန်းအုပ်ကြီးသည် အဆက်မပြတ်နယ်မြေချဲ့ထွင်စူးစမ်းရှာဖွေနေပြီး ကီကီက မမျှော်လင့်ထားသော အခြေအနေများကို ရင်ဆိုင်နိုင်ရန် စိတ်စွမ်းအားကို အသုံးပြု၍ နှင်းထုအမြောက်အမြားကို ဖယ်ရှားပေးလျက် ရှေ့တွင် ရပ်နေသည်။

“ဒါကို ကြည့်လိုက်ဦး”

ကီကီက ရုတ်တရက်ပြောလိုက်သည်။

လင်းရှန်နှင့် ချူယန်တို့ မော့ကြည့်လိုက်သောအခါ လေထုထဲရှိ ထူထပ်သော မြူများသည် သိသိသာသာကျဲပါးသွားပြီး ဆယ်မီတာအောက်သာမြင်ရသည့် မြင်ကွင်းအခြေအနေမှ မီတာရာဂဏန်းအထိမြင်တွေ့နိုင်သည့် အခြေအနေသို့ တိုးတက်ကောင်းမွန်လာသည်ကို တွေ့လိုက်ရသည်။

ထို့ပြင် ထိုအချိန်တွင် လေထုထဲရှိ မီးခိုးရောင်နှင်းပွင့်အမြောက်အမြားသည် အောက်သို့မကျဘဲ လေထဲတွင် လွင့်မျောနေသည့် အခြေအနေမျိုးဖြင့် နိမ့်လိုက်မြင့်လိုက်ဖြစ်နေသည်ကို သတိပြုမိကြပြီး အလွန်ပင် ခြောက်ခြားဖွယ်ကောင်းလှသည်။

“ဒီဒေသရဲ့ ဆွဲငင်အားက အတော်လေးကျဆင်းနေတာပဲ”

“ရှေ့က နှင်းတွေလည်း လျော့သွားပြီ”

လင်းရှန်၏ မျက်မှောင်များ အနည်းငယ်ကျဉ်းမြောင်းသွားပြီး ယန္တရားနှလုံးသားကို ချက်ချင်းအသက်သွင်းလိုက်သည်၊၊

“ငါတို့ အခု အရှိန်မြှင့်လို့ရပြီ”

လင်းရှန်လည်း ဤထူးဆန်းသည့်အခြေအနေကြောင့် နောက်ထပ်ဘာပဲဖြစ်လာဖြစ်လာ မုန်တိုင်းဇုန်ထဲကနေ တတ်နိုင်သမျှ ဝေးဝေးပြေးနိုင်တာက ပိုကောင်းလိမ့်မည်ဟုတွေးကာ ပေါင်းစည်းယာဉ်တန်းတစ်ခုလုံးကို အရှိန်မြှင့်ရန် ပြတ်သားစွာ အမိန့်ပေးလိုက်သည်။

ဘွန်း ဘွန်း အုန်း အုန်း၊၊

မြူများ တဖြည်းဖြည်းကျဲပါးသွားပြီး မြင်ကွင်းများ ပိုမိုရှင်းလင်းလာသည်နှင့်အမျှ နောက်ဘက်ကာကွယ်ရေးလိုင်းရှိ အမြောက်သံများသည် တဖြည်းဖြည်းပြတ်သားလာပြီး နားကွဲမတတ်ကျယ်လောင်လာခဲ့သည်။

တိုက်ခိုက်လာသော မွန်းစတားများ၏ အရေအတွက်တိုးများလာသည်နှင့်အမျှ သေနတ်သံများသည်လည်း ပိုစိပ်လာခဲ့ပြီး ကောင်းကင်ပေါ်ရှိ ယာဉ်တန်းများကလည်း အဆက်မပြတ်တုံ့ပြန်ပစ်ခတ်ကြရာ ကောင်းကင်ကြီးက စတင်ရှင်းလင်းလာခဲ့သည်။

ဝူး၊၊

ရထားအင်ဂျင်များ ဟိန်းဟူးသံနှင့်အတူ ရထားသံလမ်းပေါ်ရှိ ပေါင်းစည်းယာဉ်တန်း၏ အရှိန်သည် ဆက်လက်မြင့်တက်နေပြီး သံဘီးများသည် အရှိန်ပြင်းစွာ လည်ပတ်လျက် ရေခဲများကို ကြိတ်ခြေကာ ရထားအမိုးပေါ်ရှိ နှင်းအမြောက်အမြားသည် အောက်သို့ လျှောကျကုန်ကြသည်။

သံမဏိရထားကြီးသည် ဖြည်းဖြည်းချင်းတွားသွားနေရာမှ ပြင်းထန်သော အရွေ့စွမ်းအင်များကို ထုတ်လွှတ်ကာ မြေကမ္ဘာကို တုန်ဟိန်းစေလျက် အရှိန်မြှင့်ခုတ်မောင်းနေလေသည်။

ဂျုံးဂျုံး ဂျက် ဂျက်၊၊

ကောင်းကင်ယံမှ အလင်းရောင်သည် စတင်ပြောင်းလဲလာပြီး သွေးနီရောင်တိမ်တိုက်များ၏ အလင်းပြန်မှုအောက်တွင် ကောင်းကင်တစ်ခုလုံးသည် ဖိနှိပ်ချုပ်ချယ်မှုပေးစွမ်းနိုင်သော ဝါကျင့်ကျင့်အရောင်အသွေးအဖြစ်သို့ ပြောင်းလဲသွားသည်။

လင်းရှန်သည် အာရုံစိုက်ထားပြီး ရှေ့က သံလမ်းပေါ်တွင် ပြဿနာတစ်စုံတရာရှိမရှိကို ကီကီနှင့်အတူ စောင့်ကြည့်နေကာ နှစ်ယောက်စလုံး သူတို့၏ စွမ်းအားများကို အမြင့်ဆုံးအထိ အသုံးပြုထားကြသည်။

ထိုအချိန်တွင် သူ့မျက်စိရှေ့ရှိ မြူများကြားထဲမှ ကောင်းကင်တွင် မြုပ်ဝင်နေသော ချွန်ထက်သည့် တောင်ကမ်းပါးယံကဲ့သို့ ကြီးမားလှသော အနက်ရောင်‌မျဥ်းကြောင်းကြီးတစ်ခုပေါ်လာသည်။

သို့သော် လင်းရှန်သည် ထိုအရာက တောင်ကမ်းပါးမဟုတ်မှန်းသိနေသည်၊၊ ထိုအရာ၏ ပုံသဏ္ဌာန်က အလွန်သေသပ်လှပြီး ၎င်း၏ အတိုင်းအတာသည် မီတာ ၁၀၀၀ကျော်အထိ ရှိကာ မြူထဲက မျဥ်းကြောင်းကတင်ပဲ ဖိနှိပ်ချုပ်ချယ်နိုင်သော ဒြပ်ထုကြီးမားမှုကို ခံစားရစေသည်။

“အဲဒါဘာကြီးလဲ”

“တောင်တော့ မဟုတ်တာ သေချာတယ်”

“ဝိညာဉ်တုန်ခါမှုလှိုင်းတန်ဖိုးကို ထောက်လှမ်းမိလား”

“ဝိညာဉ်တုန်ခါမှုလှိုင်းတန်ဖိုး ထောက်လှမ်းမရဘူး”

“ဘာ”

အံ့သြတကြီးဖြစ်နေကြသော အသံများသည် ဆက်သွယ်ရေးလိုင်းများအတွင်း၌ ပဲ့တင်ထပ်သွားခဲ့ပြီး ရှေ့ရှိ ထူးဆန်းသော ဧရာမမျဥ်းကြောင်းကြီးထံမှ မည်သည့်အမှောင်စွမ်းအင်လှုပ်ရှားမှုမျှ ထွက်ပေါ်မလာသဖြင့် လူတိုင်းကြောင်အမ်းနေကာ ဘာလုပ်ရမှန်းမသိဖြစ်သွားကြသည်။

“လင်းရှန်” ကီကီက သူ့ကို ကြည့်ကာ မေးလာသည်၊၊

“ကျွန်မ သွားကြည့်ရမလား”

လင်းရှန်က သူမ၏ လက်ကို ဆွဲထားလိုက်သည်၊၊

“မလောနဲ့ဦး… ကျန်းယွမ်လာနေပြီ”

သူသည် ရှေ့ကို စိုက်ကြည့်နေစဉ် ရုတ်တရက် ကောင်းကင်ယံမှ လေပြင်းတစ်ချက် ဝှေ့ယမ်းတိုက်ခတ်လာပြီး မြေပြင်တစ်ခုလုံးရှိ မြူများကို လွင့်စင်သွားစေသည်။

စွမ်းအားဝတ်စုံကို ဝတ်ဆင်ထားသော ကျန်းယွမ်သည် အရှိန်ပြင်းစွာဖြင့် ရှေ့သို့ ပျံသန်းသွားခဲ့ပြီး လေပြင်းက ရှေ့က တိမ်တိုက်များကို တိုက်ထုတ်သွားသည့် အခိုက်အတန့်တွင် လူတိုင်းကို တောင့်တင်းသွားစေသည့် မြင်ကွင်းတစ်ခုပေါ်ထွက်လာတော့သည်။

ထိုအနက်ရောင်မျဥ်းကြောင်းကြီးသည် အချင်းမီတာ ၃၀၀၀ခန့် ရှိသော အနက်ရောင် disc ပြားကြီးတစ်ခုကဲ့သို့ ရေခဲပြင်ထဲသို့ စောင်းလျက် စိုက်ဝင်နေခြင်းဖြစ်ပြီး ဝင်ဆောင့်ထားသော ကျင်းအစွန်းရှိ မြေစာများသည် အရည်ပျော်နေသော ဖယောင်းနက်များကဲ့သို့ မြေပြင်ပေါ်တွင် တွန့်လိပ်နေကာ မီးခိုးရောင်နှင်းများဖုံးလွှမ်းနေသော မြေပြင်အောက်တွင် ရေကန်ကြီးတစ်ခုကဲ့သို့ ကျယ်ပြန့်သော တွင်းကြီးတစ်ခုရှိနေသည်။

ထိုဧရာမ disc ပြားကြီးသည် တစ်ဝက်ခန့်က တွင်းထဲသို့ မြုပ်ဝင်နေပြီး ကျန်တစ်ဝက်က မြေပြင်ပေါ်တွင် ပေါ်နေကာ ၎င်း၏ ဗဟိုချက်တွင်မူ ရေတွက်၍မရနိုင်သော အစွယ်များဖြင့်ပြည့်နှက်နေသည့် စုပ်ခွက်ပုံသဏ္ဌာန် ဧရာမ တွင်းနက်ပါးစပ်ကြီးရှိနေသည်။ လိမ်ပတ်နေသော အစွယ်များအားလုံးက လုံးဝအေးခဲနေပြီး ကြည့်ရသည်မှာ အလွန်ပင် ထိတ်လန့်ခြောက်ခြားဖွယ်ကောင်းလှသည်။

“ဒါက...”

“ကောင်းကင်လွှမ်းခြုံမွန်းစတားလား။ အဲဒီ S-Class အဆင့် မွန်းစတားကြီးလား” ချန်ဆီရွှမ်က အော်ဟစ်လိုက်မိသည်။

သုသာန်တစ်စပြင်ကဲ့သို့ တိတ်ဆိတ်သွားသည်။

လုံးဝတိတ်ဆိတ်ငြိမ်သက်သွားခဲ့လေသည်။

“ကြည့်ရတာ... သေသွားပြီ ထင်တယ်”

ရှေ့ဆုံးတွင် ရှိနေသော ကျန်းယွမ်က အလွန်ပင်လေးနက်သော မျက်နှာအမူအရာဖြင့် ပြောလိုက်သည်။ မြေကမ္ဘာပေါ်တွင် ကပ်တွယ်နေသော ထိုဧရာမမွန်းစတားကြီးသည် ငရဲပြည်က သတ္တဝါတစ်ကောင်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အမြင်အာရုံခံစားချက်ကို ပေးစွမ်းနေသည်။

“ဒါကြီးက ကောင်းကင်ပေါ်ကနေ ပြုတ်ကျလာတာလား”

လော့ရှောင်ခိုင်က မော်နီတာကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်၊၊

All Chapters