ကြိုးလှေကား (၁)
Vol. 78 Ch. 1205
“s-class အဆင့် မွန်းစတားက ဘယ်လိုလုပ်သေသွားရတာလဲ...”
“ငါတို့ ဘာလုပ်ကြမလဲ၊၊ ဒီအတိုင်းကျော်သွားမလား.. ဒါမှမဟုတ်...”
“ချက်ချင်း ဆုတ်ခွာကြ” ယူတိုးပီးယာမှ ရှောက အော်ပြောလိုက်သည်၊၊
“S-Class အဆင့် မွန်းစတားကြီးတောင် မရှင်သန်နိုင်ဘူးဆိုရင် အဲဒီမှာ ပိုပြီး ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခုရှိနေရမယ်”
ကလန် ကလန်၊၊
ထိခတ်မိသံအများအပြားထွက်ပေါ်လာပြီး လင်းရှန် မြေပြင်ကို ကြည့်လိုက်သောအခါ မီးခိုးရောင်နှင်းများ သိသိသာသာနည်းပါးသွားသော်လည်း ရထားသံလမ်းအောက်ခြေက ကျောက်ခဲစရစ်များ အနည်းငယ်လွင့်မျောလာသည်ကို တွေ့လိုက်ရသည်။ အချို့က စင်တီမီတာအနည်းငယ်သာမြင့်သော်လည်း အချို့ကမူ မီတာအနည်းငယ်ထိ မြင့်တက်လာပြီး ရထား၏ သံမဏိချပ်ကာများကို လာရောက်ရိုက်ခတ်နေသည်။
“သူပြောတာ မှန်တယ်”
လင်းရှန်က တည်ငြိမ်သောမျက်နှာဖြင့် ကောင်းကင်ကို ဖုံးကွယ်ထားသည့် ဧရာမ အနက်ရောင် discပြားကြီးကို ကြည့်ကာ လက်ကိုမြှောက်ပြီး ဆုပ်ကိုင်လိုက်ရင်း အနန္တရထားကို ဆက်၍အရှိန်မြှင့်ရန် အမိန့်ပေးလိုက်သည်။
“မွန်းစတားတွေထက် ပိုပြီးကြောက်စရာကောင်းတာက သဘာဝဘေးအန္တရာယ်ပဲ၊၊ ငါတို့ ပိုပြီး မြန်မြန်သွားရမယ်”
ရထားကြီးသည် အရှိန်အဟုန်ပြင်းစွာ ပြေးဆွဲနေပြီး ချန်ဆီရွှမ်သည် ရထားတွဲ၏ စင်္ကြံလမ်းတွင် ရပ်နေရင်း မြေပြင်တစ်ခုလုံး နိမ့်ချည်မြင့်ချည် ဖစ်နေသည်ကို ထင်ရှားစွာ ခံစားနေရသည်။
၎င်းမှာ ငလျင်လှုပ်သလိုတုန်ခါမှုမျိုးမဟုတ်ဘဲ တုန်ခါမှုတိုင်းတွင် ထူးဆန်းသော လေးပင်မှုတစ်ခုပါဝင်နေပြီး ရထားကြီးသည် ပျော့အိနေသော မျက်နှာပြင်တစ်ခုပေါ်တွင် မောင်းနှင်နေရသကဲ့သို့ပင်။
ထို့နောက်တွင် ပေါင်းစည်းယာဉ်တန်းသည် သက်တမ်းရင့်ပြီး အေးခဲနေသော သံလမ်းဟောင်းများပေါ်တွင် တစ်နာရီလျှင် ကီလိုမီတာ ရာဂဏန်းထက်မနည်းသော အရှိန်ဖြင့် ဆယ်နာရီကျော်ကြာ ဆက်တိုက်ပြေးဆွဲခဲ့သည်။ အခြေအနေများ ပြန်လည်ကောင်းမွန်လာလိမ့်မည်ဟု လူတိုင်းက ထင်မှတ်ထားခဲ့သော်လည်း ရှုပ်ထွေးသော သံလိုက်စက်ကွင်းနှင့် ဆွဲငင်အားပြောင်းလဲမှုများက ပိုမိုဆိုးရွားလာခဲ့သည်။
လေကြောင်းယာဉ်တန်းများ၏ ပင်မကွပ်ကဲခန်းများတွင် ကိရိယာတန်ဆာပလာများပေါ်က သတိပေးချက်များမှာ မရပ်မနားအော်မြည်နေပြီး ယာဉ်တန်းများသည် ဖရိုဖရဲဖြစ်နေသော ဆွဲငင်အားစက်ကွင်းကြောင့် ရုတ်တရက်အောက်သို့ ပြုတ်ကျကာ မြေပြင်နှင့် ဆောင့်မိပျက်စီးခြင်းမှ ကာကွယ်ရန် ပျံသန်းပေအမြင့်ကို လျင်မြန်စွာ မြှင့်တင်လိုက်ကြရသည်။
တစ်ချိန်တည်းမှာပင် မြူထုများကျဲပါးလာသည်နှင့်အမျှ ရထားတွဲများကို လာရောက်တိုက်ခိုက်သည့် မွန်းစတာားများ ပိုမိုများပြားလာပြီး သံလမ်းတစ်လျှောက်တွင် တစ်နေ့နှင့်တစ်ညတာလုံး သေနတ်သံများဖြင့် ဖုံးလွှမ်းနေခဲ့သည်။
အနန္တရထားကြီး၏ အရှေ့ဘက်တွင် လင်းရှန်၏ ဒရုန်းအုပ်ကြီးသည် ခိုင်မာတောင့်တင်းသော ယန္တရားစစ်တပ်တစ်ခုကဲ့သို့ လှုပ်ရှားနေပြီး သံလမ်းများကို စစ်ဆေးပြုပြင်ရန် အစွမ်းကုန်လည်ပတ်လုပ်ဆောင်နေကြသည်။
တစ်ညလုံး အရှိန်ပြင်းစွာ မောင်းနှင်လာခဲ့ပြီးနောက် ပတ်ဝန်းကျင်တွင် လေထဲမျောလွင့်နေသော အရာဝတ္ထုများ၏ အရေအတွက်မှာ ပို၍များပြားလာသည်ကို သူ သတိပြုမိလိုက်သည်။
ပျက်စီးနေသော မြို့ပြအဆောက်အအုံအပိုင်းအစများ၊ မြေစာခဲများ၊ ပုပ်ပွနေသော အလောင်းများနှင့် ညှိုးနွမ်းခြောက်သွေ့နေသော အပင်များသည် ကောင်းကင်တစ်ခုလုံးတွင် အတားအဆီးများအဖြစ် ပြည့်နှက်နေပြီး မြေပြင်ပေါ်ရှိ မြူများသည် ရေကာကာတစ်ခုကဲ့သို့ အပေါ်သို့ မြင့်တက်နေကာ ရထားကြီးသည် ပြောင်းပြန်စီးဆင်းနေသော မိုးသက်မုန်တိုင်းတစ်ခုကို တိုးဝင်ဖြတ်ကျော်နေရသကဲ့သို့ ဖြစ်နေသည်။
“ဒီအတိုင်းသာဆက်သွားရင် ရထားကြီးက လေထဲလွင့်တက်သွားတော့မှာပဲ”
“ဘယ်လောက်လိုသေးလဲ”
“အနည်းဆုံးတော့ နောက်တစ်ရက်လောက် ထပ်မောင်းရဦးမယ်။ အခု ငါတို့က အမေဇုန်လွင်ပြင်ထဲ ရောက်နေတာပဲ”
ဘန်း ဘန်း ဘန်း၊၊
လက်သီးဆုပ်ခန့်ရှိသော ကျောက်ခဲများသည် အနန္တရထားကြီး၏ အရှေ့ဘက်သံမဏိမျက်နှာစာပေါ်သို့ မိုးသီးကြွေသကဲ့သို့ တဖွဲဖွဲကျဆင်းလာရာ ရှားရှားက လက်တန်းကို အသေဆုပ်ကိုင်ထားရင်း စိုးရိမ်တကြီးဖြင့် အော်ဟစ်လိုက်သည်။
“ညီမတို့တွေ မုန်တိုင်းတစ်ခုထဲကို တိုးဝင်နေသလိုမျိုး ဘာလို့ခံစားနေရတာလဲ”
“ဒါက မုန်တိုင်းမဟုတ်ဘူး”
ရှုချင်းသည်လျှောက်လမ်းအတိုင်း အမြန်ပြေးလာရင်း ပြောလိုက်သည်၊၊
“မြေပြင်ကြီးက လေထဲပျံတက်နေတာပဲ”
ရှားရှားလည်း ပြတင်းပေါက်အပြင်သို့ လှမ်းကြည့်လိုက်ရာ အပြင်ဘက်တွင် ပုံသဏ္ဌာန်ပျက်ယွင်းနေသော အမေဇုန်တောကြီးကို တွေ့လိုက်ရသည်။
တစ်ချိန်က ကောင်းကင်ကို ပိတ်ဆို့ထားခဲ့သော မိုးသစ်တောကြီးတွင် ယခုအခါ ခြောက်သွေ့သော သစ်ကိုင်းအကြွင်းအကျန်များသာရှိတော့ပြီး မီးခိုးရောင် နှင်းများသည် ဖုန်မှုန့်များနှင့်အတူ ကသောင်းကနင်းဖြစ်နေသော ဆွဲငင်အားရေစီးကြောင်းများကြားတွင် ဝဲဂယက်များအဖြစ် လှည့်ပတ်နေကြသည်။ ပျက်စီးနေသော သံလမ်းများသည် သေလုမြောပါး ဖြစ်နေသော ဧရာမစပါးအုံးမြွေကြီးများကဲ့သို့ တစ်ဆစ်ချင်းစီ လေထဲသို့မြင့်တက်နေပြီး လင်းရှန်၏ ဒရုန်းများနှင့် တန်ချိန် ၂၄၀ရှိသော ဝန်တင်ယဉ်အင်ဂျင်ကြီးတို့က မြေပြင်ပေါ်သို့ အတင်းပြန်လည်ဖိနှိပ်ချထားရသည်။
“ရှေ့က ချောက်ကမ်းပါးကြီးပြိုကျနေပြီ”
ထိန်းချုပ်ခန်းထဲရှိ ကီကီ၏ အော်ဟစ်သံမှာ သံမဏိချင်းရိုက်ခတ်မိသံများအောက်တွင် နစ်မြုပ်လုနီးပါးဖြစ်နေသည်။
လင်းရှန်၏ မျက်လုံးထဲတွင် ယန္တရားနှလုံးသားမှ ထွက်ပေါ်လာသော အပြာရောင်အလင်းတန်းများတောက်ပလာပြီး ရထားအမိုးပေါ်မှ ထွက်ခွာသွားသော ဒရုန်းအုပ်ကြီးသည် သံလမ်းပိုင်းအသစ်များကို ယာယီခင်းကျင်းပေးကာ လမ်းကြောင်းကို ပြောင်းလဲပေးလိုက်သည်။
“လျှပ်စစ်သံလိုက်အမြောက်တွေ အကုန်အလုပ်မလုပ်တော့ဘူး၊၊ အားလုံးကို ပြန်ရုပ်သိမ်းလိုက်တော့”
လော့ယန်က တွဲ ၂ထဲသို့ အပြေးအလွှားဝင်ရောက်လာသည်။ ပျံသန်းနေသော သဲပြင်များနှင့် ကစဉ့်ကလျားဖြစ်နေသော သံလိုက်စက်ကွင်းများကြောင့် ကာကွယ်ရေးစနစ်အားလုံးမှာ အသုံးမဝင်တော့ပေ။ ကွပ်ကဲစင်တာ၏ ညွှန်ကြားချက်အရ အရှိန်ပြင်းစွာ လွင့်စင်လာသော ကျောက်တုံးကြီးများနှင့် အပျက်အစီးများကြောင့် ပျက်စီးဆုံးရှုံးမှုမရှိစေရန် ရထား၏ ကာကွယ်ရေးလက်နက်အားလုံးကို ပြန်လည်ရုပ်သိမ်းလိုက်ကြရသည်။
မရေတွက်နိုင်သော ဖုတ်ကောင်အမျိုးအစားများသည် လေထဲတွင် မျောလွင့်နေကြပြီး အများစုမှာ လွင့်စင်နေသော ဖုန်မှုန့်များ၊ သစ်ကိုင်းခြောက်များနှင့်အတူ ရထားဆီသို့ တွားသွားလာကြကာ ရထားတွဲအမြောက်အမြား၏ အပြင်ဘက်နံရံများတွင် ကပ်တွယ်နေကြသည်။
“အဲ့ကောင်တွေကို လျစ်လျူရှုထားလိုက်… သူတို့က ခြိမ်းခြောက်မှု သိပ်မရှိဘူး”
နဂါးတောင် ၁ ရထားပေါ်တွင် နှစ်ထပ်ရထားတွဲ၏ ပြတင်းပေါက်အားလုံးကို အတွင်းဘက် သံဆန်ခါများဖြင့်ပိတ်ချလိုက်ပြီး ယခုအခါ ရထားကြီးသည် သံမဏိချပ်ကာ ကာကွယ်ရေးစနစ်တစ်ခုတည်းကိုသာ မှိုခိုနေရတော့သည်။
နန်ကျင်း စကားပြောပြီးရုံ ရှိသေးသည်၊၊ သံမဏိပြားများကို လက်သည်းများဖြင့် ကုတ်ခြစ်နေသည့် စူးရှသောအသံများ ရထားအမိုးပေါ်မှ ပဲ့တင်ထပ်လာခဲ့သည်။
လေထဲတွင် မျောလွင့်နေသော ကျောက်တုံးကြီးများ၏ အောက်ခြေတွင် ဖုတ်ကောင်ရာပေါင်းများစွာသည် ဇောက်ထိုးဆွဲကပ်နေကြပြီး ၎င်းတို့၏ ပုပ်ပွနေသော ခြေထောက်အရိုးများကို ကျောက်တုံးအက်ကွဲကြောင်းများကြားတွင် ညှပ်ထားကာ အပေါ်ပိုင်းခန္ဓာကိုယ်များကို ရှေ့သို့ ရူးသွပ်စွာ ပစ်လွှတ်လျက် ရထားအမိုးများကို လက်သည်းများဖြင့် အဆက်မပြတ်ကုတ်ခြစ်နေကြခြင်း ဖြစ်သည်။
“အားလုံး… သေချာကိုင်ထားကြ”
လင်းရှန်၏ အသံက ဆက်သွယ်ရေးလိုင်းများမှတစ်ဆင့် ပြတ်တောင်းပြတ်တောင်းထွက်ပေါ်လာသည်။
ငွေကြယ်ပေါ်တွင် ကျန်းရှု့ဝေက ရှေ့မှ အနန္တရထားကြီး ရုတ်တရက်တိမ်းစောင်းသွားသည်ကို လှမ်းမြင်လိုက်ရသည်။ ရထားကြီး တိမ်းမှောက်သွားခြင်းမဟုတ်ဘဲ သံလမ်းများနှင့်အတူ မြေပြင်တစ်ခုလုံးက လှိုင်းတံပိုးများကဲ့သို့ လှုပ်ခတ်သွားခြင်းဖြစ်သည်။ တစ်ချိန်က ခိုင်မာတောင့်တင်းခဲ့သော အေးခဲနေသည့် မြေပြင်ကြီးသည် သဲနွံများကဲ့သို့ နစ်ဝင်သွားပြီး သံလမ်းများသည်လည်း ခေါက်ဆွဲဖတ်များကဲ့သို့ ဆွဲဆန့်ခံလိုက်ရသည်။
“အား”
နောက်ဘက် လူနေတွဲများဆီမှ အော်ဟစ်သံများ ပဲ့တင်ထပ်သွားခဲ့ပြီး ပေါင်းစည်းယာဉ်တန်းတစ်ခုလုံးသည် ရိုလာကိုစတာစီးနေရသကဲ့သို့ ပြင်းထန်စွာတုန်ခါသွားခဲ့သည်။
ပြင်းထန်လှသော အလေးချိန်မဲ့ခြင်းခံစားချက်က လှိုင်းလုံးကြီးများကဲ့သို့ တစ်ချက်ပြီးတစ်ချက်ရိုက်ခတ်လာသည်။
ဝူး ဝူး ဝူး၊၊
ထိုအချိန်တွင် ကောင်းကင်ထက်၌ ကောင်းကင်အမိုးခုံးရထားနှင့် တိတ်ဆိတ်မြို့တော်တို့သည် ၎င်းတို့၏ တွန်းကန်စက်များကို အရှိန်မြှင့်တင်ကာ အပေါ်သို့ပျံတက်သွားကြပြီး မြေပြင်ပေါ်ရှိ ရထားများမှာမူဧရာမလှိုင်းလုံးကြီးများ၏ အထက်တွင် စီးနင်းနေရသကဲ့သို့ ဖြစ်နေသည်။
သံလိုက်စက်ကွင်းနှင့် ဆွဲငင်အားပြောင်းလဲမှုများက ပိုမိုပြင်းထန်လာပြီး သစ်ကိုင်းခြောက်အမြောက်အမြားသည် လေထဲတွင် မျောလွင့်နေကာ အနိမ့်ပိုင်းဒေသများတွင် လွင့်စင်နေသော သစ်စများနှင့် ကျောက်ခဲအပိုင်းအစများဖြင့် ပြည့်နှက်နေသည်။ ၎င်းတို့သည် သစ်သားနှင့် ကျောက်ခဲများဖြင့် ပြုလုပ်ထားသော ထူထပ်သည့် မြူထုကြီးတစ်ခုကဲ့သို့ ကောင်းကင်ကို ဖုံးကွယ်ထားပြီး ရထား၏ လက်နက်များကိုအသုံးမဝင်ဖြစ်စေခဲ့သည်။ ကျောက်ခဲများသည် သံမဏိချပ်ကာများကို လာရောက်ရိုက်ခတ်နေကြပြီး ရထားကြီးသည် ဤကဲ့သို့ ဖုန်မှုန့်ထူထပ်နေသော မြင်ကွင်းကို ဖြတ်သန်းကာ အရှိန်ပြင်းစွာ မောင်းနှင်နေရသည်။ သံလမ်းများသည် အပေါ်သို့ မျောတက်လာပြီးမှ ရထား၏ ဖိနှိပ်မှုကြောင့် အောက်သို့ ပြန်လည်ကျဆင်းသွားနေကြသည်။
“သေစမ်း… လေကြောင်းယာဉ်တန်းနဲ့ လုံးဝအဆက်အသွယ်ပြတ်သွားပြီ”
ထိုအခါ ချူယန်က ဝင်ပြောသည်၊၊
“သူတို့က ငါတို့ အရင်ဆွေးနွေးထားတဲ့အတိုင်း ယူရှူးယာဆီကို အရှိန်မြှင့်ပျံသန်းသွားကြတာနေမှာပါ”
“ကျွန်မတို့ ဘာလုပ်ကြမလဲ လင်းရှန်”
ကီကီက ရထားရှေ့ရှိ အတားအဆီးအမျိုးမျိုးကို စိတ်စွမ်းအားလှိုင်းများဖြင့် အဆက်မပြတ်ဖယ်ရှားပေးရင်း လင်းရှန်ကို အလောတကြီးမေးလိုက်သည်။
လင်းရှန်လည်း ရှေ့မှမြေစာများနှင့် ဖုန်မှုန့်များပြောင်းပြန်ဇောက်ထိုးစီးဆင်းနေမှုကို ကြည့်ကာ မျက်နှာအမူအရာ ပိုမိုတည်ကြည်လာသည်၊၊
“လောလောဆယ်တော့ ငါတို့က ကိုယ့်ကိုယ်ကိုပဲ အားကိုးရတော့မယ်၊၊ ဒါက တိုက်ခိုက်ရေးစွမ်းအားနဲ့ ဖြေရှင်းလို့ရတဲ့ကိစ္စမဟုတ်ဘူး”
ဆွဲငင်အားနှင့် သံလိုက်စက်ကွင်းများ ကစဉ့်ကလျားဖြစ်နေမှုကြောင့် လေထုထဲက ခြိမ်းခြောက်မှုများသည် သူတို့အတွက် ပိုမိုအန္တရာယ်ကြီးမားလှပြီး အရှိန်ဖြင့် မောင်းနှင်နိုင်ခြင်းမရှိပါက ရထားလမ်းချော်၍ တိမ်းမှောက်မည့်အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်သည်။
သို့သော် ပေါင်းစည်းယာဉ်တန်းအုပ်စုအတွက်လည်း အခြေအနေမှာ မလွယ်ကူလှပေ။ လင်းရှန်နှင့် ကီကီတို့၏ လူသားထက်လွန်ကဲသော စွမ်းအားများနှင့် ၎င်းတို့၏ ဒရုန်းစစ်တပ်တို့ ပူးပေါင်းဆောင်ရွက်မှုကြောင့်သာ ရထားလမ်းချော်မှုမရှိစေဘဲ ရှေ့သို့ ဆက်လက်ခုတ်မောင်းနိုင်နေခြင်းဖြစ်သည်။
“အနည်းဆုံး ကီလိုမီတာ ၃၀၀၀လောက် လိုသေးတယ်၊၊ ဒီအရှိန်နဲ့ဆိုရင် ဘယ်လိုမှ အချိန်မီမှာ မဟုတ်ဘူး”
ချူယန်က ပြောလိုက်သည်။
“အချိန်မမီရင်တောင် ငါတို့ပျံသွားကြတာပေါ့”
လင်းရှန်က ထိန်းချုပ်မှုကို ချူယန်နှင့် ကီကီတို့ထံလွှဲပြောင်းပေးလိုက်ပြီး ဗိုင်အိုလာကို အရေးတကြီး ပြောလိုက်သည်။
“ဗိုင်အိုလာ… ကြယ်တာယာကောင်းကင်ပန်ကာကို အသုံးပြုပြီး ရထားအားလုံးပျံတက်ဖို့ ဖြစ်နိုင်ခြေကို တွက်ချက်စမ်း။ ငါတို့ ယန္တရားဘယ်နှခုလောက် ထုတ်လုပ်ဖို့လိုမလဲ”