← Chapters

အခန်း (၇၈၃-၇၈၄)

Vol. 66 Ch. 783-784

အခန်း (၇၈၃-၇၈၄)

Vol. 66 Ch. 783-784

အခန်း(၇၈၃)

"ငါတို့ ပါမောက္ခကို အထင်သေးမိသွားတာပဲ။ ရှေးဟောင်းအမွေအနှစ်ကိုပေးဖို့ ဇိုဗီရုကို သူ ဖျောင်းဖျနိုင်လိမ့်မယ်လို့ ငါမထင်ခဲ့ဘူး"

"ဒါပေမဲ့ မင်းလည်း ပါမောက္ခအကြောင်း သိတာပဲ။ သူက လိုချင်တာရဖို့ဆို ဘာမဆိုလုပ်မယ့်သူလေ"

"ရှေးဟောင်းအမွေအနှစ်ကို ငါတို့ စတင်စုံစမ်းကြမလား"

စားပွဲရဲ့ အလယ်တည့်တည့်မှာ ထိုင်နေတဲ့သူက ခေါင်းညိတ်ပြလိုက်တယ်။ "နယူးစပါတာမှာ ငါတို့ရဲ့ ကာကွယ်ရေးတပ်သားတချို့ ရှိနေပြီးသားပေမဲ့ ရှေးဟောင်းအမွေအနှစ်ကို စုံစမ်းဖို့အတွက် သူတို့ထဲက တချို့ကို ငါတို့ ခွဲသုံးလို့ရတယ်"

"ပညာသားပါတဲ့ ဆုံးဖြတ်ချက်ပဲ"

စားပွဲမှာရှိနေတဲ့ အဖွဲ့ဝင်တွေက ဆုံးဖြတ်ချက်တွေ စတင်ချမှတ်နေချိန်မှာ စကားဝိုင်းကနေ လုံးဝဖယ်ကြဉ်ခံထားရတဲ့ လူတစ်ယောက် ရှိနေတယ်။

ကာတာရီနာက သူမအဖေရဲ့ ခန္ဓာကိုယ်ကို ဖက်ထားတယ်။ "နယူးစပါတာကို ပြန်သွားပြီး စုံစမ်းရေးမှာ ကျွန်မ ကူညီပေးမယ်" လို့ သူမက ပြောလိုက်တယ်။

ဒါပေမဲ့ စားပွဲမှာရှိနေတဲ့ တခြားသူတွေက အဲဒါကို သဘောမကျဘူးဆိုတာ သိသာနေတယ်။ "ကာတာရီနာ၊ ရှေ့တန်းမှာဆိုရင် မင်းရဲ့စွမ်းဆောင်ရည်တွေကို ပိုပြီးအသိအမှတ်ပြုကြလိမ့်မယ်။ ငါတို့မှာ အစွမ်းထက်တဲ့ စစ်သည်တော်တွေ ဘယ်လောက်တောင် အရေးတကြီး လိုအပ်နေလဲဆိုတာ မင်းသိပါတယ်။ မင်းမပါရင် စစ်မြေပြင်မှာ မလိုအပ်ဘဲ အသက်ဆုံးရှုံးရမှုတွေ ပိုများလာလိမ့်မယ်"

ကာတာရီနာရဲ့ အာရုံက စားပွဲပေါ်က မြေပုံဆီကို ရောက်သွားတယ်။ လောလောဆယ် အဲဒီမြေပုံပေါ်က နယ်မြေအတော်များများမှာ ဆန့်ကျင်ဘက် အရောင်နှစ်ခုက အချင်းချင်း အားပြိုင်နေကြတယ်။

တစ်ဖက်မှာက သူတို့အဖွဲ့အစည်း အပြည့်အဝ ထိန်းချုပ်ထားတဲ့ နယ်မြေကို ကိုယ်စားပြုတဲ့ အစိမ်းရောင်ဖြစ်ပြီး တခြားတစ်ဖက်ကတော့ ရန်သူတွေ သိမ်းပိုက်ထားတဲ့ နယ်မြေတွေအတွက် အနီရောင်ဖြစ်နေတယ်။

အခုချိန်ထိ မြေပုံက အမြဲတမ်း ပြောင်းလဲနေတုန်းပဲ။ တစ်ဖက်နဲ့တစ်ဖက် အဆက်မပြတ် အပြန်အလှန် အားပြိုင်နေရတဲ့ ဒေသတွေရှိပြီး နယ်မြေတွေကို ပိုသိမ်းပိုက်နိုင်ပေမဲ့ နောက်တစ်ရက်အကြာမှာပဲ ပြန်လည်လက်လွှတ်လိုက်ရတာမျိုးတွေလည်း ရှိနေတယ်။

ကာတာရီနာရဲ့ သန္ဓေဝိညာဉ် ကျင့်စဉ်နဲ့ဆိုရင် သူမတစ်ယောက်တည်း နယ်စပ်စည်းတချို့ကို ထိုးဖောက်ပြီး သူတို့ရဲ့ နယ်မြေကို အခုထက်ပိုပြီး ကျယ်ပြန့်လာအောင် ချဲ့ထွင်နိုင်သလို အဲဒီလိုလုပ်ရင်းနဲ့ အသက်ပေါင်းများစွာကိုလည်း ကယ်တင်ပေးနိုင်တယ်။

ပုံမှန်ဆိုရင် ကာတာရီနာက စစ်မြေပြင်ထဲကို ဝင်ရောက်သွားဖို့ ဝန်လေးနေမှာ မဟုတ်ဘူး။

ဒါပေမဲ့ အခုတော့ သူမရဲ့ အာရုံစိုက်မှုက သူမအဖေဆီမှာပဲ လုံးလုံးလျားလျား ရှိနေတယ်။ သူက ရူးသွပ်နေရင်တောင်မှ၊ သူမဘဝရဲ့ အချိန်အတော်များများမှာ သူ မရှိခဲ့ဘူးဆိုရင်တောင်မှ သူက သူမရဲ့ အဖေပဲလေ။ ပြီးတော့ ဒီအခြေအနေကနေ သူ အသက်ရှင်လျက် လွတ်မြောက်လာဖို့အတွက် သူမ တတ်နိုင်သမျှ အရာအားလုံးကို လုပ်ပေးမှာပဲ။

"နယူးစပါတာကို ကျွန်မ သွားဖို့လိုတယ်" လို့ သူမက အတင်းပြောလိုက်တယ်။

"အဲဒီဘက်အတွက် ငါတို့ အားလုံး စီစဉ်ထားပြီးပါပြီ" လို့ မပီဝဲဝဲ အသံတစ်သံက ပြန်ဖြေတယ်။ "ဒါပေမဲ့ ရှေးဟောင်းအမွေအနှစ်ကို ငါတို့လက်ထဲ ရလာတဲ့အခါ မင်းနဲ့ လာတွေ့ပါ့မယ်"

ကာတာရီနာက ခေါင်းခါပြလိုက်တယ်။ "ရှင်တို့ မှားနေပြီလို့ ကျွန်မ ထင်တယ်"

"ဘာပြောတယ်"

"ရှင်တို့က မှားယွင်းတဲ့အရာကို အာရုံစိုက်နေကြတာ။ ကျွန်မအဖေဆီက အရေးပေါ်တုံ့ပြန်မှုစနစ်ကို ဖြစ်ပေါ်စေတာ ရှေးဟောင်းအမွေအနှစ်ကြောင့်လို့ ကျွန်မ မထင်ဘူး" လို့ သူမက ယုံကြည်မှုရှိရှိနဲ့ ပြောလိုက်တယ်။

စားပွဲမှာရှိနေတဲ့ ကျန်တဲ့လူတွေက ခဏလောက် တိတ်ဆိတ်သွားပေမဲ့ သူတို့ရဲ့ မျက်နှာပေါ်က အမူအရာတွေအရ သဘောမတူဘူးဆိုတာ သိသာနေတယ်။

"တခြား ရှင်းပြစရာ အကြောင်းပြချက်မှ မရှိတာ။ ဒါမှမဟုတ်ရင် ဘာဖြစ်နိုင်ဦးမှာလဲ"

"ရှေးဟောင်းအမွေအနှစ် ဆိုတာ ပါမောက္ခဆီကနေ အဲဒီလို ပြင်းထန်တဲ့ တုံ့ပြန်မှုမျိုး ဖြစ်လာစေဖို့ လုံလောက်တဲ့ သက်ရောက်မှုရှိတဲ့ ကမ္ဘာပေါ်က တစ်ခုတည်းသော ရှေးဟောင်းပစ္စည်းပဲလေ။ နယူးစပါတာမှာ အဲဒီလို တူညီတဲ့ တခြားအရာတစ်ခုခု ရှိနေနိုင်တယ်လို့ မင်းက ပြောချင်တာလား"

ကာတာရီနာက နှုတ်ခမ်းကို စုလိုက်တယ်။ သေချာတာပေါ့၊ သူမကိုယ်တိုင်လည်း သေချာမသိပါဘူး။ သူမရဲ့ ဗီဇအရ ခံစားမိတဲ့ အလိုအလျောက် သိစိတ်လေးတစ်ခု သက်သက်ပါပဲ။

"ကျွန်မ ရှေးဟောင်းအမွေအနှစ်ကို မတွေ့ခဲ့ရဘူး။ သူ့ဆီမှာ ရှိမနေခဲ့ဘူး" လို့ သူမက ပြောလိုက်တယ်။

တကယ်လို့ သူ့ရဲ့ အရေးပေါ်စနစ်ကို ဖြစ်ပေါ်စေခဲ့တာ ရှေးဟောင်းအမွေအနှစ်ကြောင့်သာဆိုရင် သူ သတိလစ်သွားတဲ့အချိန်မှာ အဲဒါက သူ့ဆီမှာ ရှိနေခဲ့ရမှာပေါ့။ သာမန်လူသားဦးနှောက်နဲ့ နားလည်နိုင်စွမ်းကို ကျော်လွန်နေတဲ့ အဖြေတစ်ခုကို အမှတ်မထင် မတွေ့သွားခင်အချိန်ထိ အဲဒါကို သူ လေ့လာနေပြီး အဓိပ္ပာယ်ဖော်ဖို့ ကြိုးစားနေရမှာလေ။

ဒါပေမဲ့ အဲဒါက အဲဒီနေရာမှာ ရှိမနေခဲ့ဘူး။ ဒါကြောင့် ယုတ္တိအရှိဆုံး အဖြေကတော့ အဲဒီအဖြစ်အပျက်ကို ဖြစ်ပေါ်စေခဲ့တဲ့ တခြားအရာတစ်ခုခု ရှိနေလို့ပဲ ဖြစ်ရမယ်။

သူမက စားပွဲမှာရှိနေတဲ့ တခြားအဖွဲ့ဝင်တွေကို ဒီလိုအကြောင်းပြချက် ပေးလိုက်တဲ့အခါ သူတို့လည်း နောက်ဆုံးတော့ သူမရဲ့ အတွေးတွေကို နားလည်လာကြတယ်။

"အဲဒါက ဖြစ်နိုင်ချေရှိပါတယ်.. ဒါပေမဲ့ မင်းကိုယ်တိုင် သွားစုံစမ်းဖို့ တကယ်လိုအပ်လို့လား။ တခြားသူတွေကို လွှဲထားပေးလို့ မရဘူးလား"

ဒါပေမဲ့ ကာတာရီနာကတော့ တင်းခံထားတယ်။ "ဒီကိစ္စကို ကျွန်မကိုယ်တိုင် လုပ်မှရမယ်။ တခြားဘယ်သူမှ မလုပ်နိုင်ဘူး"

နောက်ဆုံးမှာတော့ စားပွဲရဲ့ အလယ်တည့်တည့်မှာ ထိုင်နေတဲ့သူက သဘောတူလိုက်တဲ့အတွက် အခန်းထဲမှာ သက်ပြင်းချသံတစ်ခု ပဲ့တင်ထပ်သွားတယ်။ "ကောင်းပြီလေ။ မင်းကို တားဖို့ ဘာမှလုပ်လို့မရဘူးဆိုတာ ငါတို့အားလုံး သိပါတယ်"

ကာတာရီနာက မျက်လုံးထဲမှာ ဆုံးဖြတ်ချက် ခိုင်မာနေပြီး သူမဘာသာ ခေါင်းညိတ်လိုက်တယ်။

"ကျွန်မမှာ လုပ်စရာ အစီအစဉ် ရှိပြီးသားပါ" လို့ သူမက ပြောလိုက်တယ်။

တခြားအဖွဲ့ဝင်တွေက အံ့သြသွားကြတယ်။ "မင်းမှာ သဲလွန်စ ရနေပြီလား"

သူမက ခေါင်းညိတ်ပြလိုက်တယ်။ "နယူးစပါတာကနေ မထွက်လာခင် လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်က အဖေ ဘာတွေလုပ်နေလဲဆိုတာကို ကျွန်မ နည်းနည်းပါးပါး စုံစမ်းကြည့်ခဲ့တယ်.. ပြီးတော့ စိတ်ဝင်စားစရာတစ်ခုကို တွေ့ခဲ့တယ်။ သူက ကိုယ်ပိုင် တပည့်တစ်ယောက်ကို လက်ခံထားတဲ့ပုံပဲ"

အဲဒီစကားကို ပြောလိုက်တာနဲ့ အခန်းထဲကနေ ရယ်သံသဲ့သဲ့တချို့ ထွက်ပေါ်လာတယ်။ စားပွဲမှာရှိနေတဲ့သူတွေတောင်မှ အဲဒါကို ကြားလိုက်ရတဲ့အခါ သူတို့ရဲ့ သံသယတွေကို မဖော်ပြဘဲ မနေနိုင်ခဲ့ကြဘူး။

"တပည့် ဟုတ်လား။ ရိုင်းရိုင်းပြောရရင် အဲဒီ အရူးအဘိုးကြီးက တပည့်လက်ခံထားတယ်ပေါ့"

ပါမောက္ခ လစ်ချ်တန်စတိုင်း အကြောင်းကို နည်းနည်းလေး သိတဲ့သူတွေအတွက်တောင် အဲဒီအတွေးက အဓိပ္ပာယ်မရှိဘူးလို့ ထင်ရတယ်။

အဲဒီလူက ကမ္ဘာကြီးရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပတ်သက်ပြီး အမှန်တရားကို ရှာဖွေဖော်ထုတ်ဖို့ပဲ စွဲလမ်းနေခဲ့တာလေ။ ကျန်တဲ့ ဘာကိုမှ သူ ဂရုမစိုက်ဘူး။ တကယ်တော့ သူ့ရဲ့ စွန့်စားခန်းအသေးစားလေးတွေကြောင့် သမီးဖြစ်သူရဲ့ ကလေးဘဝအချိန်တွေကို သူ ဘယ်လောက်တောင် လက်လွတ်ခံခဲ့ရလဲဆိုတာကို ကြည့်ရင် သူ့သမီးအရင်းကတောင် အဲဒီအချက်ကို သက်သေပြနိုင်လိမ့်မယ်။

တပည့်တွေနဲ့ ပတ်သက်ပြီး ပြောရရင် ဒီနှစ်တွေ အများကြီး ကြာပြီးတဲ့နောက်မှာတောင် ပါမောက္ခမှာ တစ်ယောက်မှ မရှိခဲ့ဘူး။ သူ့ရဲ့ စံသတ်မှတ်ချက်တွေက အရမ်းကို တင်းကျပ်လွန်းတယ်။ သူ့ထက် ဉာဏ်ရည် နည်းနည်းလေး နိမ့်ကျနေတဲ့သူဆိုရင်တောင် အဲဒီလူကို ငတုံးတစ်ယောက်လို့ပဲ သူ သတ်မှတ်ထားတာလေ။

အဖွဲ့အစည်းအနေနဲ့ ပါမောက္ခရဲ့ တပည့်ဖြစ်လာအောင် တစ်ယောက်ယောက်ကို အကြိမ်ကြိမ် ကြိုးစားသွင်းပေးခဲ့ဖူးပြီး သူတို့ တစ်ယောက်စီတိုင်းက မယုံနိုင်လောက်အောင် ဉာဏ်ရည်မြင့်မားကြသလို သမိုင်းပိုင်းမှာလည်း စိတ်ဝင်စားမှု ရှိကြတယ်။ ဒါပေမဲ့ သူက အားလုံးကို ငြင်းဆန်ခဲ့တာပဲ။

အရာအားလုံးကို သူ့ဘာသာသူပဲ လုပ်ချင်တယ်လို့ သူက ပြောခဲ့ပြီး အဲဒီအချက်ကပဲ သူ့ရဲ့ဦးနှောက်ထဲကို နတ်ဘုရားပန်းပဲဖို ရဲ့ အစိတ်အပိုင်းတစ်ခု ထည့်သွင်းဖို့အတွက် အလွန်တရာ အဆင်အခြင်မဲ့တဲ့ ဆုံးဖြတ်ချက်ကို ချမိစေခဲ့တာ ဖြစ်တယ်။

"မင်း ကြားတာ မှားနေလောက်ပြီ ကာတာရီနာ။ ပါမောက္ခက ဘယ်တော့မှ တပည့်လက်ခံမှာ မဟုတ်ဘူး။ လူတိုင်းထက် မင်းက အဲဒါကို ပိုသိနေတာပဲ"

ကာတာရီနာက နှုတ်ခမ်းကို သဲ့သဲ့လေး ကိုက်လိုက်တယ်။ "ကျွန်မကိုယ်တိုင် စစ်ဆေးကြည့်ခဲ့တာပါ။ ပါမောက္ခက သူကိုယ်တိုင် တပည့်လို့ မိတ်ဆက်ပေးထားတဲ့ လူတစ်ယောက်နဲ့ အတူလမ်းလျှောက်နေတာကို မြင်တွေ့ခဲ့ရတဲ့ သက်သေအထောက်အထား အများကြီး ရှိတယ်"

လူတိုင်း မျက်လုံးပြူးသွားကြတယ်။ "သူကိုယ်တိုင် မိတ်ဆက်ပေးခဲ့တာ ဟုတ်လား"

"ဒီလိုအထောက်အထားတွေသာ မရှိရင် ကျွန်မလည်း ယုံခဲ့မှာ မဟုတ်ဘူး" လို့ ကာတာရီနာက ပြန်ဖြေလိုက်တယ်။ "သူ့နာမည်က ကီယို တဲ့။ သတင်းရင်းမြစ်တွေရဲ့ အဆိုအရ သူက ရွှေရောင်ဆံပင်နဲ့ အသက်ဆယ့်သုံးနှစ်အရွယ် ကလေးတစ်ယောက်လို့ သိရတယ်"

လူတွေက ကာတာရီနာ ပြောခဲ့တဲ့ အချက်အလက်တွေနဲ့ အတိအကျတူညီတဲ့ ကီယို ဆိုတဲ့ ကောင်လေးတစ်ယောက်ကို သူတို့ရဲ့ ကိုယ်ပိုင် သတင်းအချက်အလက်တွေထဲမှာ စတင်ရှာဖွေကြည့်ကြတယ်။ ကံမကောင်းစွာနဲ့ပဲ ဘာမှရှာမတွေ့ခဲ့ကြဘူး။

"သူ တကယ်ရော ရှိလို့လား" လို့ ပုံရိပ်ဝါးဝါးက သူမကို မေးလိုက်တယ်။

ကာတာရီနာက ခေါင်းညိတ်ပြလိုက်ပြီး သူမရဲ့ စိတ်ထဲမှာတော့ သူ့ကို တွေ့ခဲ့တဲ့အချိန်ဆီကို ပြန်ရောက်သွားတယ်။

"ဟုတ်တယ်။ သူ့ကို ကျွန်မကိုယ်တိုင် မြင်ဖူးတယ်" လို့ သူမက ပြောလိုက်တယ်။ "နယူးစပါတာကို ကျွန်မ ပြန်သွားပြီး သူ့ကို စုံစမ်းမယ်။ အရေးပေါ်စနစ် ဖြစ်ပေါ်ခဲ့တဲ့အချိန်မှာ သူက ပါမောက္ခနဲ့အတူ ရှိနေခဲ့တာလေ။ ဘာတွေဖြစ်ခဲ့လဲဆိုတာ သူ တစ်ယောက်တည်းပဲ သိနိုင်တယ်"

သူ့ကို ပထမဆုံးအကြိမ် တွေ့ခဲ့တုန်းက သူက ထူးခြားတဲ့သူတစ်ယောက်လို့ သူမ မထင်ခဲ့ဘူး။ သူက ပါမောက္ခနဲ့ တိုက်ဆိုင်စွာ ဆုံမိသွားတာလို့ပဲ သူမ ထင်ခဲ့တာ။

ဒါပေမဲ့ နောက်ပိုင်းကျမှ သူက ပါမောက္ခရဲ့ တပည့်ဖြစ်တဲ့ ကီယို ဆိုတာကို သူမ သိလိုက်ရတယ်။

အဲဒီအခါမှာတော့ ရုတ်တရက် အရာအားလုံးက သဘာဝကျသွားတယ်။ သူနဲ့ပတ်သက်ပြီး ကွဲပြားခြားနားနေတဲ့ အရာတစ်ခုခု ရှိနေမှန်း သူမ သိလိုက်တယ်။ ခန္ဓာကိုယ်ဖွဲ့စည်းခြင်းနယ်ပယ် အဆင့်မှာပဲ ရှိနေသေးတာတောင်မှ သူမနဲ့ အမြန်နှုန်းတူညီအောင် ဘယ်လိုများ လှုပ်ရှားနိုင်ခဲ့တာလဲ ဆိုတဲ့ သူ့ရဲ့ အဲဒီလှုပ်ရှားမှုကို သူမ အခုထက်ထိ ရှင်းပြလို့မရသေးဘူး။

ကီယိုမှာ သူ့ကိုယ်ပိုင် လျှို့ဝှက်ချက်တွေ ရှိနေတယ်ဆိုတာ သူမအတွက် သေချာနေတယ်။ ပြီးတော့ အဲဒါကပဲ ပါမောက္ခအနေနဲ့ သူ့ကို တပည့်အဖြစ် အစကတည်းက လက်ခံခဲ့ရတဲ့ အကြောင်းရင်း ဖြစ်ကောင်းဖြစ်နိုင်တယ်။

ဒါကြောင့် သူ့ကို လိုက်ရှာဖို့ သူမ ဆုံးဖြတ်လိုက်တယ်။ သူ့ကို ဆက်သွယ်ပြီး ပါမောက္ခရဲ့ အရေးပေါ်စနစ်ကို ဘာက ဖြစ်ပေါ်စေခဲ့တာလဲ ဆိုတာနဲ့ ပတ်သက်ပြီး သူမကို တစ်ခုခုများ ပြောပြနိုင်မလားဆိုတာ သူမ သိအောင်လုပ်ရမယ်။

* * * * * * * *

စာစဉ်(၆၆)

အခန်း(၇၈၄)

မိုက်ကယ် နဲ့ ဂျာကူ တို့ဟာ နယူးစပါတာ မှာ အလွန်တရာ အလုပ်ရှုပ်တဲ့ ရက်အနည်းငယ်ကို ဖြတ်သန်းပြီးနောက် ရီနေးတားနိုင်ငံ ကို ပြန်ရောက်လာခဲ့ကြတယ်။

ဒါပေမဲ့ ကံကောင်းစွာနဲ့ပဲ မနက်ခင်းမှာ ကက်စတယ်လာ က ပြုံးဖြီးဖြီး မျက်နှာနဲ့ သူ့ရုံးခန်းထဲကို အပြေးအလွှား ဝင်လာချိန်မှာ သူ အချိန်ကိုက် ရောက်လာသလိုပါပဲ။

"မင်္ဂလာနံနက်ခင်းပါ သခင်လေး" ကက်စတယ်လာ က အစေခံဝတ်စုံနဲ့ အရိုအသေပေးရင်း နှုတ်ဆက်လိုက်တယ်။

"အာ... ကက်စတယ်လာ၊ ရီနေးတားကုမ္ပဏီ နဲ့ပတ်သက်ပြီး နေ့စဉ်အစီရင်ခံစာတွေ ငါ့ကို ပေးစရာမလိုပါဘူးလို့ ပြောထားတယ်လေ။ မင်းဘာသာမင်း သေချာကိုင်တွယ်နိုင်မယ်ဆိုတာ ငါ ယုံကြည်ပါတယ်" မိုက်ကယ် က ခေါင်းအုံးအောက် ခေါင်းလျှိုထားရင်း ညည်းညူလိုက်တယ်။

ကက်စတယ်လာ က ပြုံးပြလိုက်တယ်။ "ကောင်းပါပြီ သခင်လေး။ ဒါဆိုရင်လည်း ဒီ သဲဒင်္ဂါး ဝင်ငွေအစီရင်ခံစာကို ကျွန်မဘာသာကျွန်မပဲ သိမ်းထားလိုက်ပါတော့မယ်"

ရုတ်တရက်ဆိုသလို မိုက်ကယ် ဟာ မျက်လုံးပြူးကြီးနဲ့ ကုတင်ပေါ်ကနေ ကုန်းထလာခဲ့တယ်။ "ငါ နိုးနေပါပြီ"

အရင်တစ်ခေါက် လိုက်ကောက်ပြီးကတည်းက တစ်လလောက် ကြာသွားခဲ့ပြီဖြစ်လို့ သူ သုံးစရာ သဲဒင်္ဂါး တွေ အလုံးအရင်းနဲ့ နောက်ထပ်ရတော့မယ်ဆိုတဲ့ အဓိပ္ပာယ်ပဲလေ။

ဂျာကူ က ခုလေးတင် စွမ်းအင်တွေ နိုးထလာတာဖြစ်လို့ သူ့ဓားမှာ သုံးဖို့ သီးသန့် ဒရုန်းအသေး တစ်ခု ပေးရတော့မှာမို့ ဒါက တော်တော်လေး အရေးကြီးနေတယ်။

မနေ့ကတည်းက အဲဒီကိစ္စအတွက် သူ အခက်တွေ့နေခဲ့ပေမယ့် အခုတော့ ကက်စတယ်လာ ရောက်လာတာနဲ့တင် အလွယ်တကူ ဖြေရှင်းပြီးသား ဖြစ်သွားလို့ သူ ဝမ်းသာသွားတယ်။

"ပြောစမ်းပါဦး။ ရိုလာကိုစတာ တွေဆီကနေ ငါတို့ ဘယ်လောက်ရလဲ"

ကက်စတယ်လာ ဟာ ကစားကွင်းရဲ့ အသုံးစရိတ်၊ ရောင်းရငွေနဲ့ တခြားအရေးကြီးတဲ့ အချက်အလက်တွေ အသေးစိတ်ပါဝင်တဲ့ မှတ်တမ်းစာရွက်တွေ အများကြီးညှပ်ထားတဲ့ ဖိုင်ကို ထုတ်ယူလိုက်တယ်။

သူမက နောက်ဆုံးစာမျက်နှာကို လှန်လိုက်တဲ့အခါ အထက်ကို ထိုးတက်နေတဲ့ ရိုးရှင်းတဲ့ ဂရပ်တစ်ခုကို ပြသနေတယ်။

"ပြီးခဲ့တဲ့လက သဲဒင်္ဂါး သုံးသောင်း ရပါတယ် သခင်မိုက်ကယ်။ ဒါပေမဲ့ ဒီလမှာတော့ ခြောက်သောင်း ရပါတယ်"

မိုက်ကယ် ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားတယ်။ ဒါက နှစ်ဆတောင် တက်သွားတာပဲ

ရေလူသား ကစားကွင်း စတင်ခဲ့တာ လအနည်းငယ်ပဲ ရှိသေးပေမယ့် ဒီလောက်ကြီးမားတဲ့ ဝင်ငွေကို ရရှိနေပြီဖြစ်တယ်။

"ကစားကွင်းကို လာလည်ကြတဲ့ ရေလူသား အများစုဟာ ရီနေးတားနိုင်ငံ မှာ အချိန်တော်တော်များများ ကုန်ဆုံးကြတဲ့အတွက် သူတို့ နေ့စဉ်သုံးစွဲတဲ့ သဲဒင်္ဂါး ပမာဏက ပိုများလာပါတယ်" လို့ သူမက ရှင်းပြတယ်။

ရိုလာကိုစတာ က လူတွေကို ရီနေးတားနိုင်ငံ ထဲ ဆွဲဆောင်ထားသလိုဖြစ်နေတာ။ ပြီးတော့ သူတို့သာ စွဲလန်းသွားပြီဆိုရင် နိုင်ငံအတွင်းက တခြားထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေကိုလည်း ပိုပြီး သုံးစွဲလာနိုင်ခြေ ရှိတယ်လေ။

"ဒါပေမဲ့ ဒါကိုကြည့်ပါဦး သခင်လေး" ကက်စတယ်လာ က နောက်ထပ် စာမျက်နှာတစ်ခုကို လှန်ရင်း ပြောလိုက်တယ်။ ဒီတစ်ခါတော့ အရင်ကပြခဲ့တာထက် တိုးတက်မှုနှုန်း နည်းနေတဲ့ တခြားဂရပ်တစ်ခု ဖြစ်နေတယ်။

"အရောင်းပမာဏ အများကြီး တက်လာပေမယ့် လာလည်တဲ့သူ အရေအတွက်ကတော့ သိပ်မတက်လာပါဘူး။ အခြေခံအားဖြင့်တော့ ရပ်တန့်နေတဲ့ သဘောပါပဲ"

"ဒါက... သိပ်တော့ အခြေအနေမကောင်းဘူး" မိုက်ကယ် က ခပ်တိုးတိုး ရေရွတ်လိုက်တယ်။

ကစားကွင်းကို လာလည်ခဲ့တဲ့ ရေလူသား တွေအားလုံးက ရေလူသား အသိုင်းအဝိုင်းထဲမှာ အဆက်အသွယ် ကောင်းလွန်းတဲ့ ရိဒ် ဖိတ်ခေါ်ထားတဲ့သူတွေချည်းပဲ ဖြစ်နေတယ်။

ဒါပေမဲ့လည်း ရိုလာကိုစတာ ဆိုတာ ရှိမှန်းတောင် မသိတဲ့ တခြား ရေလူသား တွေ အများကြီး ရှိနေသေးတာ အသေအချာပါပဲ။ သူတို့တွေဆို ရီနေးတားကုမ္ပဏီ အကြောင်း အရင်က ကြားတောင် ကြားဖူးကြမှာ မဟုတ်ဘူး။

သက်သေပြရမယ်ဆိုရင် မင်းသမီး အော့တေးဗီးယား နဲ့ သူတို့ရဲ့ ရေကန်နယ်မြေထဲက ထောင်သောင်းချီတဲ့ ရေလူသား တွေဆိုရင် ဒါတွေနဲ့ပတ်သက်ပြီး ဘာမှကို သိထားကြတာ မဟုတ်ဘူး။ ဒါက သူ ထိုးဖောက်ဝင်ရောက်ရဦးမယ့် ဈေးကွက်သစ်တစ်ခု ဖြစ်တယ်။

ကံမကောင်းစွာနဲ့ပဲ အဲဒါကို ဖြေရှင်းမယ့်နည်းလမ်းကို သူ မတွေးရသေးဘူး ဖြစ်နေတယ်။

"ဟုတ်ပါတယ် သခင်လေး၊ ဒါက သိပ်အခြေအနေမကောင်းပါဘူး။ ဒါပေမဲ့ ကျွန်မတို့ အကောင်းဘက်ကနေ ကြည့်ရမှာပေါ့။ တကယ်လို့ ရိုလာကိုစတာ ကို ပိုကျယ်ပြန့်တဲ့ ဈေးကွက်တစ်ခုဆီ တစ်နည်းနည်းနဲ့ ကြော်ငြာနိုင်မယ်ဆိုရင် ကျွန်မတို့ရဲ့ အရောင်းပမာဏက အခုထက်တောင် အများကြီး ထိုးတက်သွားမှာ

ဒါတင်မကသေးဘူး၊ ရိုလာကိုစတာ မှာ စီးနိုင်တဲ့ အရေအတွက်ကိုပါ တိုးချဲ့လိုက်မယ်ဆိုရင် သဲဒင်္ဂါး ဝင်ငွေက ဆက်တိုက် တိုးလာဦးမှာပဲ"

သူမ ပြောတာ မှန်တယ်။ ပြီးတော့ ရေလူသား တွေတင်မဟုတ်ဘူး၊ တခြား မှော်သားရဲ တစ်ပိုင်းသတ္တဝါ မျိုးနွယ်တွေလည်း ရှိသေးတာပဲ။

တကယ်လို့ သူတို့ရဲ့ အာရုံစိုက်မှုကိုပါ ရမယ်ဆိုရင်တော့ သဲဒင်္ဂါး တွေကြားထဲမှာ သူ ရေကူးနေလို့ရပြီ။

"ကျေးဇူးပဲ ကက်စတယ်လာ။ မင်းကြောင့် ဒီနေ့လေးက သာယာသွားပြီ" လို့ သူက သူမကို ပြောလိုက်တယ်။ "ကဲ အိတ်ကို ပေးပါဦး"

ပြီးတော့ သူမက သူသုံးဖို့ သဲဒင်္ဂါး ခြောက်သောင်း ပါတဲ့ အဝတ်အိတ်ကို လှမ်းပေးလိုက်တယ်။

'ဒါက ဝိညာဉ်ဆီ ခြောက်စက် ဒါမှမဟုတ် နတ်ဘုရားပန်းပဲဖို အစအန ခြောက်ကီလိုဂရမ်စာပဲ' အိတ်ကို လက်ထဲမှာ အလေးချိန်ဆကြည့်ရင်း သူ တွေးလိုက်တယ်။

သေချာတာပေါ့၊ လောလောဆယ် သူ့ရဲ့ ဦးစားပေးက ဒရာဂွန်ဘွန်းတွေ ကို အင်အားဖြည့်တင်းပေးဖို့ပဲ။ ဂျာကူ ရဲ့ ကတာနာဓားကို မက်ဂ်နက်တစ် တစ်ယောက်အတွက် ထိုက်တန်တဲ့ မီသရယ် မှော်ဝင်ပစ္စည်း အဖြစ် တရားဝင် ပြောင်းလဲနိုင်ဖို့ ဒရုန်းအသေး တစ်ခု သူ အကြွေးတင်နေသေးတယ်။

ဌာနချုပ်ထဲက ဂျာကူ ရဲ့အခန်းဆီ သူ လျှောက်သွားလိုက်ပြီး ရုတ်တရက် တံခါးပွင့်မလာခင်အထိ အကြိမ်ပေါင်းများစွာ ခေါက်လိုက်ရတယ်။

ခဏလေးအတွင်းမှာပဲ တံခါးအနောက်ကနေ လျှပ်စီးတွေ လက်သွားတာကို သူ မြင်လိုက်ရပြီးနောက် မိုးကြိုးပစ်ချသံလို ကျယ်လောင်တဲ့ အသံကြီး ထွက်ပေါ်လာတယ်။

မိုက်ကယ် အထဲကို ဝင်သွားတော့ ဂျာကူ က ကုတင်ပေါ်မှာ အိပ်နေတုန်းပဲ ရှိသေးတာကို တွေ့လိုက်ရတယ်။

လေထုထဲမှာ ကျန်ရစ်နေတဲ့ တန်ခိုးစွမ်းရည် အကြွင်းအကျန်တွေကို သူ ခံစားမိနေတယ်။

သူ ခေါင်းခါလိုက်တယ်။ "မင်းသိလား၊ မက်ဂ်နက်တစ် အများစုက သူတို့ရဲ့ စွမ်းအားတွေကို တရားမျှတမှုအတွက် တိုက်ပွဲဝင်ဖို့နဲ့ မကောင်းဆိုးဝါးတွေကို နှိမ်နင်းဖို့ သုံးကြတာ။ မင်းကကျတော့ တံခါးဖွင့်ဖို့သုံးပြီး ဆက်အိပ်နေတယ်ပေါ့လေ"

ဂျာကူ က ဟောက်သံနဲ့ပဲ ပြန်ဖြေလိုက်တယ်။

"ကောင်းပြီလေ" သူ သက်ပြင်းချလိုက်တယ်။ "ငါ ပြန်လာခဲ့မယ်"

သူက ဂျာကူ ကို နောက်ထပ် အိပ်ချိန် နည်းနည်း ထပ်ပေးလိုက်ပြီး ဆရီနာ ဆီကို တယ်လီပို့လုပ်ကာ သူ့ရဲ့ သဲဒင်္ဂါး တချို့ကို ဝိညာဉ်ဆီ စက်တွေအဖြစ် ပြောင်းလဲလိုက်တယ်။

ရီနေးတားနိုင်ငံ က ရေလူသား နယ်မြေကို ရောက်တာနဲ့ ဆရီနာ ကို သူ ချက်ချင်း လိုက်ရှာတော့တယ်။

ဒါပေမဲ့ သူမကို လိုက်ရှာတဲ့အခါ အရိပ်အယောင်တောင် မတွေ့ရဘူး။

"သူ ဘယ်မှာလဲ" သူမရဲ့ အစေခံတစ်ယောက်ကို သူ မေးလိုက်တယ်။

"သခင်မိုက်ကယ် နောက်ကို နယူးစပါတာ အထိ လိုက်သွားမယ်လို့ ပြောပါတယ်။ သခင်မိုက်ကယ်နဲ့ မတွေ့ခဲ့ဘူးလား"

သူ ခေါင်းခါလိုက်တယ်။ ရှေးဟောင်းအမွေအနှစ် ကိစ္စတွေကို ဖြေရှင်းနေရတာရော၊ ပါမောက္ခရဲ့ လက်ထောက် ကီယို အဖြစ် ဟန်ဆောင်နေရတာနဲ့တင် သူ တအားအလုပ်ရှုပ်နေလို့ ဆရီနာ နဲ့ ချိန်းထားတာတွေကို လုံးဝမေ့သွားခဲ့တာ။

သူတို့တွေ ရေကန်ထဲက ရေလူသား တွေနဲ့ အတူသွားတွေ့ပြီး စကားပြောကြဖို့ စီစဉ်ထားတာလေ။

'သူ မင်းသမီး အော့တေးဗီးယား နဲ့များ တွေ့ပြီးပြီလား' လို့ သူ တွေးလိုက်တယ်။

ဘာပဲဖြစ်ဖြစ် သူတို့က ညီအစ်မတွေလေ။ သူတို့ အဖွဲ့တစ်ခုတည်း ဟုတ်မဟုတ် ဆိုတာကိုတော့ သူ မသိပေမယ့်ပေါ့။

'ဟိုကိုသွားပြီး ကြည့်ရတော့မှာပဲ'

သူ အစေခံကို ကျေးဇူးတင်စကားပြောပြီးနောက် နယူးစပါတာ ကို ရောက်ဖို့ သူ့ရဲ့ အရိပ်တယ်လီပို့ စွမ်းရည်ကို အသုံးပြုလိုက်တယ်။

မင်းသမီး အော့တေးဗီးယား ရဲ့ သင်္ဘောပျက်အသိုက် ဆီကိုတော့ သူ တိုက်ရိုက် မသွားခဲ့ဘူး။

ဘယ်သူမှမသိဘဲ အဲဒီနေရာကို ရုတ်တရက် ရောက်သွားရင် တော်တော်လေး မသင်္ကာစရာ ဖြစ်သွားနိုင်တယ်။ ဘာလို့လဲဆိုတော့ အဲဒီကလူတွေ အားလုံးက သူ့ကို ပါမောက္ခရဲ့ လက်ထောက် ကီယို အဖြစ်ပဲ သိထားကြပြီး မှော်ပါရမီရှင် မိုက်ကယ် အနေနဲ့ သိထားကြတာ မဟုတ်ဘူးလေ။

လောလောဆယ်တော့ အဲဒီရုပ်ဖျက်ထားတဲ့အတိုင်းပဲ သူ ဆက်နေချင်သေးတယ်။ သူက ပါမောက္ခရဲ့ တပည့်ရင်းဆိုတာကိုသာ သူတို့ သိသွားရင် သူ့အတွက် အခွင့်အလမ်းတွေ အများကြီး ပွင့်လာနိုင်မယ်ဆိုတာကို သူ သဘောပေါက်ထားတယ်။

တကယ်တော့ အဲဒီလိုမှမဟုတ်ရင် ဝံပုလွေလူသား ခေါင်းဆောင်တွေ နှစ်ယောက်၊ နဂါးမျိုးနွယ်ဝင် ဇိုဗီရု နဲ့ မင်းသမီး အော့တေးဗီးယား လိုမျိုး အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေနဲ့ သူ တွေ့ခွင့်ရမှာတောင် မဟုတ်ဘူး။

သမိုင်းပညာရှင် တစ်ယောက်အနေနဲ့ သူ့ရဲ့ ကိုယ်ပိုင်လက္ခဏာက လူတွေကို သံသယကင်းစေတဲ့ အရာတစ်ခု ရှိနေတယ်။ သူတို့က သူ့ကို စောင့်ကြည့်သတိထားနေတာမျိုး မရှိဘူး။

ဒါကြောင့် နယူးစပါတာ ကို ရောက်တာနဲ့ ရေကန်စပ်ဆီကို သူ ချက်ချင်း ထွက်လာခဲ့တယ်။

ရေလူသား တွေထဲက တစ်ယောက်ယောက်က သူ့ကို မှတ်မိပြီး သူ ရောက်နေကြောင်းကို မင်းသမီး အော့တေးဗီးယား ဆီ သတင်းပို့ပေးလိမ့်မယ်လို့ သူ မျှော်လင့်နေတယ်။

ရေပြင်ဆီကို သူ လျှောက်သွားလိုက်ပေမယ့် သူ့ခြေထောက်တွေက ရေအောက်ကို နစ်မသွားပြန်ဘူး။

ပြီးတော့ သူ စောင့်နေလိုက်တယ်။

ကံကောင်းစွာနဲ့ပဲ ရေလူသား တွေရဲ့ ရေအောက်နယ်မြေက ထွက်ပေါ်နေတဲ့ မှိန်ပျပျ ဇီဝအလင်းရောင်တွေကို သူ ငုံ့ကြည့်နေတုန်းမှာပဲ ရေပြင်ပေါ်ကို အလျင်အမြန် တက်လာနေတဲ့ အရိပ်အယောင်တချို့ကို ရုတ်တရက် မြင်လိုက်ရတယ်။

သူတို့တွေက ရေလူသားတွေနဲ့ ရေသူမတွေ ရောနှောနေတာကို သူ မှတ်မိလိုက်တယ်။

ဒါပေမဲ့ အဲဒီထဲမှာ ထူးခြားနေတဲ့ တစ်ယောက် ပါလာတယ်။ လူသားတစ်ယောက် ဖြစ်နေတယ်။

ဒါတင်မကဘဲ သူမရဲ့ ကျောပြင်ပေါ်မှာ လွတ်လပ်စွာ ကျဆင်းနေတဲ့ ဆံပင်ဖြူဖြူတွေက သူ့စိတ်ထဲမှာ သိပ်မကြာသေးခင်က အမှတ်ရစရာတစ်ခုကို ပြန်လည်နိုးဆွပေးလိုက်တယ်။

* * * * * * * *

All Chapters