← Chapters

အခန်း (၇၉၃-၇၉၄

Vol. 67 Ch. 793-794

အခန်း (၇၉၃-၇၉၄

Vol. 67 Ch. 793-794

အခန်း(၇၉၃)

သဟဇာတသတ္တဝါက ၎င်းရဲ့လက်တွေကို နောက်တစ်ကြိမ် မြှောက်လိုက်ပြီး လက်ညှိုးထိပ်မှာ အလင်းတန်းတစ်ခုကို စုစည်းလိုက်တယ်။

မိုက်ကယ်က သူ့ရဲ့ သဟဇာတဓါးကို လက်ထဲမှာ ကိုင်ထားပြီး အပြည့်စုံဆုံး ကာကွယ်ဖယ်ရှားဖို့ အသင့်ပြင်ထားခဲ့တယ်။

အဲဒီအချိန်မှာပဲ နိုဗာက ၉၇ ရာခိုင်နှုန်း တိကျတဲ့ နောက်ထပ်ခန့်မှန်းချက်တစ်ခုကို သူ့ဆီ ပေးပို့လာတယ်။

နောက်ဆုံးတော့ အဲဒီအလင်းတန်းက သူ့ဆီ ပြေးဝင်လာပြီး သေချာတိကျတဲ့ လှုပ်ရှားမှုနဲ့အတူ သူ့ရဲ့ သဟဇာတဓါးကို အပေါ်ဆီ လွှဲယမ်းလိုက်တယ်။

ရောင်စဉ်တန်းအလင်းက ဓားသွားရဲ့ အလယ်တည့်တည့်ကို အတိအကျ ထိမှန်သွားခဲ့ပြီး မိုက်ကယ်က အလင်းတန်းကို ပစ်လွှတ်လိုက်တဲ့၎င်းဆီ ပြန်လှည့်သွားအောင် အရှိန်မပျက် ဆက်လက်လွှဲယမ်းလိုက်တယ်။

သဟဇာတသတ္တဝါက သူ့ရဲ့ တိုက်ခိုက်မှုကနေ ရှောင်တိမ်းဖို့ ကြိုးစားခဲ့ပေမဲ့ အချိန်မီ အလွတ်မရုန်းနိုင်ခဲ့ဘူး။

အလင်းတန်းက ၎င်းရဲ့ဗိုက်ကို ထိမှန်သွားတာမို့ နာကျင်မှုကြောင့် နောက်ကို လွင့်စင်သွားခဲ့တယ်။

အခုတော့ ၎င်းက ရှေ့ကို ကိုင်းညွတ်သွားပြီး ရောင်စဉ်တန်းလို ကိုယ်ထည်ကလည်း မှိန်ဖျော့လာတယ်။

သဟဇာတသတ္တဝါက ပျက်စီးလုနီးပါး အခြေအနေကို ရောက်နေသလိုမျိုး ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတဲ့ပုံပဲ။

မိုက်ကယ်က နောက်ထပ် တိုက်ခိုက်မှုအနည်းငယ်ကိုသာ ကာကွယ်နိုင်ရင် ဒီသဟဇာတသတ္တဝါကို သတ်နိုင်ပြီး ရှေးဟောင်းကျောက်တိုင်ရဲ့ စမ်းသပ်မှုကို အဆုံးသတ်နိုင်ပြီဆိုတာ သိနေတာမို့ သူ့ဘာသာ ခေါင်းညိတ်လိုက်တယ်။

ကံမကောင်းစွာနဲ့ပဲ သဟဇာတသတ္တဝါက အဲဒီလောက် အလွယ်တကူ အရှုံးမပေးခဲ့ဘူး။

၎င်းရဲ့ တိုက်ခိုက်မှုက ၎င်းဆီ ပြန်လည်ရောက်ရှိလာတာတောင်မှ သဟဇာတသတ္တဝါက မိုက်ကယ်ဆီကို ဦးတည်ပြီး သဟဇာတသေနတ် ရဲ့ နောက်ထပ် တိုက်ခိုက်မှုတစ်ခုကို အသင့်ပြင်လိုက်ပြန်တယ်။

၎င်းက တစ်ခဏလေးတောင် တုံ့ဆိုင်းမနေဘဲ ပစ်လွှတ်လိုက်တယ်။

နိုဗာရဲ့ ခန့်မှန်းချက်တွေကြောင့် မိုက်ကယ်က အဲဒီအလင်းတန်းကို သဟဇာတသတ္တဝါရဲ့ ခေါင်းဆီ တည့်တည့်မတ်မတ် ဦးတည်ပြီး တိတိကျကျ ပြန်လည်ရိုက်ထုတ်နိုင်ခဲ့တယ်။

ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ သဟဇာတသတ္တဝါက ရှောင်တိမ်းမယ့် ဟန်ပန် လုံးဝမပြခဲ့ဘူး။ ၎င်းက လက်ကို မြှောက်လိုက်ရုံသာ မြှောက်လိုက်ပြီး ပြန်လည်ရောက်ရှိလာတဲ့ သဟဇာတအလင်းတန်းကိုသာ စောင့်ဆိုင်းနေခဲ့တယ်။

အလင်းတန်းက ၎င်းရဲ့ခေါင်းဆီ တည့်တည့်မတ်မတ် ပြေးဝင်လာချိန်မှာတော့ သဟဇာတသတ္တဝါက သဟဇာတအလင်းတန်းကို အောက်ဘက်ဆီ ရိုက်ချလိုက်တာမို့ အလင်းတန်းက လမ်းကြောင်းပြောင်းသွားပြီး အမိုက်မှောင်ဖုံးနေတဲ့ ကောင်းကင်ယံမှာ မျောလွင့်နေတဲ့ အပျက်အစီးပုံတွေထဲက တစ်ခုကို သွားမှန်တော့တယ်။

မိုက်ကယ်က နှုတ်ခမ်းကို တင်းတင်းစေ့လိုက်တယ်။ 'တောက်... ဒီကောင်က ငါ့ရဲ့ လှုပ်ရှားမှုတွေအားလုံး ငါ့ဆီကနေ သင်ယူနေတာပဲ'

သဟဇာတသတ္တဝါက မိုက်ကယ်ရဲ့ နည်းစနစ်တွေအားလုံးကို သူ့အပေါ် ပြန်သုံးနေခဲ့တာ။ အစပိုင်းမှာ သတ္တဝါကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့ပေမဲ့ ၎င်းက မိုက်ကယ်ရဲ့ လှုပ်ရှားမှုတွေကို အတုခိုးဖို့ ဒါမှမဟုတ် တန်ပြန်တိုက်ခိုက်ဖို့ နည်းလမ်းတစ်ခုကို အမြဲတမ်း ရှာတွေ့နေခဲ့တယ်။

အခုဆို ၎င်းက အပြည့်စုံဆုံး ကာကွယ်ဖယ်ရှားမှုကိုပါ သင်ယူတတ်မြောက်သွားပြီမို့ မိုက်ကယ်ရဲ့ ရွေးချယ်စရာတွေက အတော်လေး ကန့်သတ်ခံလိုက်ရပြီ။

တိုက်ခိုက်မှုတိုင်းက တိုက်ခိုက်သူဆီကိုသာ ပြန်လည်ရောက်ရှိလာမှာဖြစ်ပြီး တစ်ယောက်ယောက် အမှားလုပ်မိတဲ့အထိ သူတို့နှစ်ယောက်က ပြန်လည်ရိုက်ထုတ်မှု သံသရာထဲမှာ ပိတ်မိနေတော့မှာပဲ။

အဲဒီအချိန်မှာပဲ သဟဇာတသတ္တဝါက နောက်ဆုံးတော့ စတင်လှုပ်ရှားလာခဲ့တယ်။ မိုက်ကယ်ရဲ့ ခန္ဓာကိုယ်ကို ဖောက်ထွင်းပစ်တော့မယ့်အလား ၎င်းရဲ့လက်တွေကို ရှေ့ဆီ ဆန့်ထုတ်ထားရင်း အရှိန်နဲ့ ပြေးဝင်လာခဲ့တယ်။

အဲဒီလို လှုပ်ရှားနေရင်းနဲ့ပဲ ၎င်းက သဟဇာတသေနတ်ကနေ အလင်းတန်းတစ်ခု ပစ်လွှတ်လိုက်တယ်။

မိုက်ကယ်က အနည်းငယ် နောက်ကျပြီးမှသာ တုံ့ပြန်နိုင်ခဲ့တာမို့ သူ့ရဲ့ သဟဇာတဓါးကို အနေအထားမကျတဲ့ နေရာတစ်ခုမှာ ကာထားလိုက်ရတယ်။

ရောင်စဉ်တန်းအလင်းကို မိုက်ကယ်ရဲ့ ခန္ဓာကိုယ်နဲ့လွတ်အောင် အောင်မြင်စွာ ဖယ်ရှားနိုင်ခဲ့ပေမဲ့ ပစ်လွှတ်လိုက်တဲ့သူဆီကိုတော့ ပြန်မရိုက်ထုတ်နိုင်ခဲ့ဘူး။ အလင်းတန်းက သူ့နောက်ဘက်ကို ကျရောက်သွားပြီး မြေပြင်ကို ပူလောင်သွားစေကာ လေထဲမှာ ဖုန်မှုန့်တွေ ထသွားစေခဲ့တယ်။

အလင်းတန်းကို ဖယ်ရှားပြီးနောက် မိုက်ကယ်ရဲ့ သဟဇာတဓါးက အနေအထားမကျတဲ့ နေရာမှာ ရှိနေချိန်မှာပဲ သဟဇာတသတ္တဝါက အဲဒီအခွင့်အရေးကို ယူပြီး မိုက်ကယ်ရဲ့ ဗိုက်ကို ထိုးချလိုက်တယ်။

လက်သီးချက် ထိမှန်သွားတာမို့ မိုက်ကယ်တစ်ယောက် အသက်ရှူမှားသွားခဲ့တယ်။

ဒါပေမဲ့ သဟဇာတသတ္တဝါက နောက်ထပ် လက်သီးတစ်ချက် ထိုးဖို့ ပြင်လိုက်ချိန်မှာပဲ ၎င်းရဲ့ခေါင်းဆီကို အလင်းတန်းတစ်ခု ထိုးဖောက်ဝင်ရောက်လာခဲ့တယ်။ ၎င်းက ရှောင်တိမ်းနိုင်ခဲ့တာမို့ အလင်းတန်းက ၎င်းရဲ့ပါးပြင်ကိုသာ ပွတ်တိုက်သွားခဲ့တယ်။

သူတို့နှစ်ယောက်လုံး နောက်ကို ခုန်ဆုတ်လိုက်ကြပြီး အကွာအဝေးတစ်ခု ဖန်တီးလိုက်ကြတယ်။

အချိန်ဆွဲမနေဘဲ လေထုထဲမှာရှိတဲ့ အလင်းမှော်စွမ်းအင်တွေက မိုက်ကယ်ရဲ့ ခန္ဓာကိုယ်တစ်ဝိုက်ကို စုဝေးလာတာနဲ့အမျှ ဗိုက်ကို အထိုးခံရလို့ရလာတဲ့ ဒဏ်ရာက ချက်ချင်းဆိုသလို သက်သာလာခဲ့တယ်။

အလင်းတန်းက ခေါင်းကို ပွတ်တိုက်သွားရုံလေးဆိုပေမဲ့ သဟဇာတသတ္တဝါကတော့ ပိုပြီး အထိနာသွားတဲ့ပုံပဲ။

"ငါကတော့ တစ်နေကုန်တောင် လုပ်နိုင်သေးတယ်" လို့ မိုက်ကယ်က သဟဇာတသတ္တဝါကို လှောင်ပြောင်လိုက်တယ်။

အဲဒီလို ရန်စလိုက်တာနဲ့ သဟဇာတသတ္တဝါက သူ့အမြင်အာရုံထဲကနေ ပျောက်ကွယ်သွားပြီး သူ့အပေါ်ဘက်မှာ ပြန်ပေါ်လာကာ ၎င်းကို ပစ်ခတ်ခဲ့တဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာ ဒရုန်းကို ပစ်မှတ်ထားလိုက်တယ်။

၎င်းက ဒရုန်းရဲ့ သဟဇာတသေနတ် ပြောင်းဝတွေကို လက်တစ်ဖက်တည်းနဲ့ ဖမ်းဆုပ်လိုက်ပြီး ၎င်းကို ဒဏ်ရာရစေခဲ့တဲ့ လက်နက်တွေကို ဖျက်ဆီးပစ်ဖို့ အစွမ်းကုန် အားစိုက်ဆွဲလိုက်တယ်။

မိုက်ကယ်က ဒရုန်းကို လွှတ်ပေးသွားစေဖို့ မျှော်လင့်ရင်း ထိုသတ္တဝါဆီကို သဟဇာတသေနတ် နဲ့ ချက်ချင်း ပစ်ခတ်လိုက်တယ်။

ဒါပေမဲ့ သဟဇာတသတ္တဝါက ခန္ဓာကိုယ်ကို နှိမ့်ချလိုက်ပြီး ရောင်စဉ်တန်းအလင်းကို အောက်ဘက်ဆီ ခေါင်းနဲ့တိုက်ချလိုက်ကာ မိုက်ကယ်ဆီ ပြန်လည်ရိုက်ထုတ်လိုက်တယ်။

သဟဇာတသေနတ် ရဲ့ အလင်းတန်းက မြေပြင်ကို တည့်တည့်မတ်မတ် ဖောက်ထွင်းသွားခဲ့ပေမဲ့ မိုက်ကယ်ကိုတော့ ဘယ်နေရာမှာမှ မတွေ့ရတော့ဘူး။

သူက သဟဇာတသတ္တဝါရဲ့ နောက်ကျောဘက်မှာ လက်နှစ်ဖက်စလုံးနဲ့ သဟဇာတဓါးကို ကိုင်ဆောင်ထားလျက် ပြန်ပေါ်လာခဲ့တယ်။

သူက သတ္တဝါရဲ့ ကျောကုန်းကို ပစ်မှတ်ထားပြီး ဓားကို အောက်ဘက်ဆီ ခုတ်ချလိုက်တယ်။

နောက်ဆုံးတော့ သတ္တဝါက ဒရုန်းကို လွှတ်ပေးလိုက်ပြီး အမြန်လှည့်လာခဲ့တယ်။ ၎င်းက ၎င်းရဲ့လက်ကိုသုံးပြီး သဟဇာတဓါးဆီကို လွှဲယမ်းတိုက်ခိုက်လိုက်တယ်။

သဟဇာတလက်နက် နှစ်ခု ထိပ်တိုက်တွေ့ဆုံသွားချိန်မှာတော့ ရောင်စဉ်တန်း မီးပွားတွေ အပြင်ဘက်ဆီ လွင့်စင်ထွက်လာခဲ့တယ်။

ဒါပေမဲ့ တူညီတဲ့ ခွန်အားတွေရှိကြတဲ့ သဟဇာတစွမ်းအားရှင် နှစ်ယောက်ရဲ့ တိုက်ပွဲမှာ အမြန်နှုန်း အသာစီးရတဲ့သူကသာ အနိုင်ရမှာပဲ။

သဟဇာတဓါးက ထက်ပိုင်းကျိုးသွားခဲ့ပြီး အပေါ်ပိုင်းက မြေပြင်ပေါ် ပြုတ်ကျသွားကာ အရောင်အမျိုးမျိုးရှိတဲ့ အလင်းမှုန်လေးတွေအဖြစ် ပျောက်ကွယ်သွားခဲ့တယ်။

မိုက်ကယ်က ချက်ချင်းပဲ နောက်ဆုတ်လိုက်ပြီး သူ့ဒရုန်းကလည်း သူ့အပေါ်ကနေ ကပ်ပါလာခဲ့တယ်။

သူက သူ့လက်ထဲက ခလုတ်ကို ကြည့်လိုက်ပြီးနောက် အမြန်လွှင့်ပစ်လိုက်ကာ အိတ်ကပ်ထဲကနေ အသစ်တစ်ခုကို ဆွဲထုတ်လိုက်တယ်။

ကလစ်ခနဲ အသံတစ်ချက်နဲ့အတူ သဟဇာတဓါးအသစ်တစ်ခုက သူ့လက်ထဲမှာ ပေါ်လာခဲ့တယ်။

"ငါ မင်းကို ပြောသားပဲ... ငါကတော့ တစ်နေကုန်တောင် လုပ်နိုင်သေးတယ်လို့" သူက ပြောလိုက်တယ်။

သူက ဘယ်လောက်ပဲ ယုံကြည်မှုရှိတဲ့ဟန် ပြသဖို့ ကြိုးစားနေပါစေ သူတို့ကြားက ဒီအင်အားညီမျှမှုက ကြာကြာခံမှာ မဟုတ်ဘူးဆိုတာ သူ သိနေတယ်။

လောလောဆယ်မှာတော့ သူတို့က ယှဉ်နိုင်စွမ်းရှိနေတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ မိုက်ကယ်ရဲ့ အရင်းအမြစ်တွေ ကုန်ခမ်းစပြုလာတော့မှာပဲ။

လေထုထဲက အလင်းမှော်စွမ်းအင်တွေက ကန့်သတ်ချက်ရှိတယ်။ အဲဒါက နည်းနည်းလေး မဟုတ်ပေမဲ့ နောက်ဆုံးမှာ ကုန်သွားမှာဖြစ်လို့ သူက ဒဏ်ရာတွေကို ထာဝရ ကုသနိုင်မှာ မဟုတ်ဘူးဆိုတဲ့ သဘောပဲ။

ဒုတိယအချက်အနေနဲ့ သူ့ရဲ့ ဒရုန်းကလည်း ပိုပြီး ပျက်စီးစပြုလာပြီ။ သဟဇာတသတ္တဝါနဲ့ ထိတွေ့မိတဲ့ အကြိမ်တိုင်းမှာ သူ့ရဲ့ ကိုယ်ထည်တွေက ပိုပိုပြီး ယိုယွင်းလာတာမို့ သတ္တဝါနဲ့ နောက်ထပ် အချိန်အနည်းငယ်လောက် ထိတွေ့မိရင်တောင် အလုပ်မလုပ်နိုင်တော့တဲ့ အနေအထားကို ရောက်နေပြီ။

သဟဇာတသတ္တဝါက အဲဒါကို သိနေတဲ့ပုံပေါ်ပြီး အခုတော့ သူ့အစား ဒရုန်းကိုပဲ တက်တက်ကြွကြွ ပစ်မှတ်ထားနေခဲ့တယ်။

'ငါ့မှာ နောက်ဆုံး အကြံတစ်ခု ရှိသေးတယ်' လို့ သူ တွေးလိုက်တယ်။ 'ငါ အခွင့်ကောင်းတစ်ခုကို ရှာမှဖြစ်မယ်၊ မဟုတ်ရင် သဟဇာတသတ္တဝါက ငါ့လှုပ်ရှားမှုတွေကို လိုက်လျောညီထွေဖြစ်အောင် လုပ်ပြီး အတုခိုးသွားလိမ့်မယ်'

နည်းနည်း ထပ်တွေးပြီးတဲ့နောက် သဟဇာတသတ္တဝါ လုပ်ချင်တာကို လုပ်ခွင့်ပေးလိုက်ဖို့ သူ ဆုံးဖြတ်လိုက်တယ်။

သူက ဒရုန်းကို သူ့ဆီကနေ အဝေးကို ပျံသန်းသွားစေလိုက်တယ်။

သဟဇာတသတ္တဝါက ချက်ချင်းပဲ အစာကို ဟပ်လိုက်ပြီး ကိုယ်ထည်အောက်မှာရှိတဲ့ သဟဇာတသေနတ် ကို ဖျက်ဆီးပစ်ဖို့ ရည်ရွယ်ချက်နဲ့ ပျံသန်းနေတဲ့ အရာဝတ္ထုဆီ အရှိန်နဲ့ ပြေးသွားခဲ့တယ်။

မိုက်ကယ်ကတော့ တစ်ဖက်မှာ ဒရုန်းကို ထိန်းချုပ်ရင်း သိမ်မွေ့တဲ့ လှုပ်ရှားမှုတစ်ခုကို ပြုလုပ်လိုက်တယ်။

ဒရုန်းရဲ့ အောက်ဘက်က အကန့်တစ်ခု ရုတ်တရက် ပွင့်လာပြီး သင်္ဘောတွေပေါ်မှာ တွေ့ရတတ်တဲ့ အမြောက်တွေနဲ့ ဆင်တူတဲ့ ပိုကြီးမားတဲ့ ပြောင်းဝတစ်ခု ထွက်ပေါ်လာခဲ့တယ်။

ဒါက သဟဇာတဗုံး ဖြစ်ပြီး မိုက်ကယ်ရဲ့ နောက်ဆုံး ဖဲချပ်ပဲ။

သဟဇာတသတ္တဝါက ဒရုန်းရဲ့ ဒီပြောင်းလဲမှုကို သတိထားမိသွားတဲ့ပုံပဲ။

အမြောက်ပြောင်းဝကြီးက သူ့ခေါင်းဆီ ချိန်ရွယ်ထားတာမို့ သဟဇာတသတ္တဝါက ဒရုန်းဆီက လာမယ့် ကြီးမားတဲ့ အန္တရာယ်ကို အာရုံခံမိပြီး ချက်ချင်း ထွက်ပြေးဖို့ ကြိုးစားခဲ့တယ်။

မိုက်ကယ်က သဟဇာတဗုံး ကို ပစ်လွှတ်လိုက်တယ်။

သဟဇာတဗုံး ရဲ့ နှေးကွေးတဲ့ ထွက်ပေါ်မှုကြောင့် သဟဇာတသတ္တဝါက မီတာအနည်းငယ်အထိ ထွက်ပြေးနိုင်ခဲ့ပေမဲ့ ပြောင်းဝထဲကနေ ထွက်လာပြီး လေထဲကို ရောက်သွားတာနဲ့ တစ်ပြိုင်နက် မိုက်ကယ်က ပေါက်ကွဲသွားအောင် ချက်ချင်း လုပ်ဆောင်လိုက်တယ်။

သဟဇာတဗုံး ဆီကနေ သီးသန့် ဖျက်ဆီးနိုင်စွမ်းရှိတဲ့ ကြီးမားတဲ့ တုန်ခါမှုလှိုင်းကြီးတစ်ခု ထွက်ပေါ်လာပြီး လေထုထဲမှာရှိတဲ့ မှော်စွမ်းအင် အမျိုးအစားအားလုံးကို ဖျက်ဆီးပစ်လိုက်တော့တယ်။

* * * * * * * *

စာစဉ်(၆၇)

အခန်း(၇၉၄)

ပေါက်ကွဲမှုကြောင့် အရာအားလုံး အမှောင်ချောက်နက်ကြီးထဲကို လွင့်စဉ်သွားခဲ့တယ်။ အမှောင်ကောင်းကင်ယံမှာ မျောလွင့်နေတဲ့ အပျက်အစီး အစအနတွေဟာ ကျွန်းရဲ့ နယ်နိမိတ်ကို ဖြတ်ကျော်သွားပြီးနောက် ချက်ချင်းပဲ ဘာမှမရှိတဲ့ လေဟာပြင်ထဲကို ပျောက်ကွယ်သွားကြတယ်။

သဟဇာတသတ္တဝါက မြန်ဆန်ပေမဲ့ လုံလုံလောက်လောက်တော့ မမြန်ခဲ့ဘူး။

ပေါက်ကွဲမှုကြောင့် ကျွန်းရဲ့ အစွန်ဆုံးကို လွင့်စင်သွားပြီးနောက် ၎င်းရဲ့ ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး ပျောက်ဆုံးသွားကာ မြေပြင်ပေါ်မှာ လှဲလျောင်းနေတယ်။

ထိတွေ့သမျှအရာအားလုံးကို လောင်ကျွမ်းစေနိုင်မယ့် ၎င်းရဲ့ ဖြိုခွင်းမရတဲ့ ရောင်စဉ်တန်း အရေပြားက တဖြည်းဖြည်း အရည်ပျော်နေပြီး ဗုံးရဲ့အရှိန်တွေ ကျန်ရစ်နေတာကြောင့် အလင်းမှုန်လေးတွေက လေထဲမှာ လွင့်ပျံ့နေခဲ့တယ်။

သဟဇာတသတ္တဝါက ၎င်းရဲ့ခန္ဓာကိုယ်ထဲက အရည်ပျော်နေတဲ့ မှော်စွမ်းအင်တွေကို စုစည်းဖို့ ကြိုးစားပေမဲ့ မအောင်မြင်ခဲ့ဘူး။ ပျက်စီးနေတဲ့ခန္ဓာကိုယ်ကို ပြန်လည်မကုသနိုင်တော့ဘူး။ တကယ်လို့ ကုသနိုင်ခဲ့ရင်တောင် လေထဲက မှော်စွမ်းအင်တွေ အပြည့်အဝ တည်ငြိမ်သွားဖို့ နောက်ထပ် မိနစ်အနည်းငယ်လောက် အချိန်ယူရဦးမှာပဲ။

မိုက်ကယ်က အဲဒီလောက်အထိ အကြာကြီး စောင့်နေမှာ မဟုတ်ဘူး။

သူက သဟဇာတသတ္တဝါဆီကို ချဉ်းကပ်သွားရာမှာ သူ့ရဲ့ ခြေသံတွေကလွဲပြီး ကျွန်းတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်နေတယ်။

သူ နိုင်သွားပြီဆိုတာကို မိုက်ကယ် သိနေတယ်။ သဟဇာတသတ္တဝါ လေထဲမှာ သန့်စင်တဲ့ မှော်စွမ်းအင်တွေအဖြစ် အပြည့်အဝ အရည်ပျော်သွားဖို့ စက္ကန့်အနည်းငယ်လောက်ပဲ သူ စောင့်ရတော့မှာ။

ဒါပေမဲ့ မစောင့်နိုင်ဘူး။ သတ္တဝါရဲ့ ပျောက်ဆုံးနေတဲ့ ခန္ဓာကိုယ်အောက်ပိုင်းကို စူးစိုက်ကြည့်ရင်း သတိထားပြီး ချဉ်းကပ်သွားတယ်။

ဒါက သဟဇာတသတ္တဝါရဲ့ အတွင်းပိုင်းဖွဲ့စည်းပုံက ပြီးပြည့်စုံတဲ့ ခွဲစိတ်မှုတစ်ခုလို ဖြစ်နေခဲ့တယ်။

သူ့ခေါင်းထဲမှာတော့ နိုဗာ က ဒီသဟဇာတသတ္တဝါရဲ့ သဘာဝကို စတင်ခွဲခြမ်းစိတ်ဖြာရင်း တွက်ချက်မှုတွေကို အပြင်းအထန် လုပ်ဆောင်နေတယ်။ ၎င်း ဘယ်လို ရွေ့လျားသလဲ၊ ဘယ်လိုမျိုး အပျက်အစီးမရှိ တည်မြဲနေနိုင်သလဲ၊ ပြီးတော့ အရေးအကြီးဆုံးက ၎င်းကို ဘယ်လို ဖန်တီးထားသလဲ ဆိုတာတွေကိုပေါ့။

သူက ဒီသဟဇာတသတ္တဝါကို သူ့အတွက် ကူးယူချင်နေတာလေ။

သူက သဟဇာတသတ္တဝါဆီ ချဉ်းကပ်သွားချိန်မှာပဲ သတ္တဝါက မျက်နှာမပါတဲ့ ခေါင်းနဲ့ အပေါ်ကို မော့ကြည့်လာပြီး ဟိန်းဟောက်သလို မှုတ်ထုတ်လိုက်တယ်။

ဒါက သေရတော့မယ်ဆိုတာကို သိနေတဲ့ သတ္တဝါတစ်ကောင်ပဲ။

ပြီးတော့ လုံးဝ မျှော်လင့်ချက်မဲ့သွားတဲ့အဆုံး သူ ကျန်နေတဲ့ လက်တစ်ဖက်ကို မြှောက်ပြီး မိုက်ကယ်ဆီကို ပစ်လွှတ်လိုက်တယ်။

ခန္ဓာကိုယ်ကြီး အရည်ပျော်နေချိန်မှာပဲ လက်မောင်းက သဟဇာတသတ္တဝါရဲ့ ပခုံးဆစ်ကနေ ပြုတ်ထွက်သွားပြီး မိုက်ကယ်ဆီကို အလွန်လျင်မြန်တဲ့ အရှိန်နဲ့ ဒုံးကျည်လို ပြေးဝင်လာခဲ့တယ်။

လေထဲမှာတင် လက်မောင်းက ဆက်ပြီး အရည်ပျော်နေကာ မိုက်ကယ်ဆီကို တည့်တည့်ချိန်ရွယ်ထားတဲ့ ပြီးပြည့်စုံတဲ့ ကတော့ချွန်ပုံစံတစ်ခုအဖြစ် ပြောင်းလဲသွားတယ်။

သဟဇာတဗုံး က စွမ်းအားကြီးမားတယ်။ ဒါက မိနစ်အနည်းငယ်ကြာတဲ့အထိ လေထဲက မှော်စွမ်းအင်တွေအားလုံးကို ပျောက်ပျက်သွားစေခဲ့တယ်။

ဒါ့ကြောင့် မိုက်ကယ်ကလည်း သဟဇာတသတ္တဝါလိုပဲ ဗုံးရဲ့ သက်ရောက်မှုဒဏ်ကို ခံစားရနိုင်ခြေ ရှိနေတယ်။

ဒါပေမဲ့ လက်မောင်းကြီး သူ့ကို လာမှန်တော့မယ့်အချိန်မှာ မိုက်ကယ်က သူ့ရင်ဘတ်ထဲက ခလုတ်တစ်ခုကို နှိပ်လိုက်တယ်။

သူက သူ့အပေါ် သက်ရောက်နေတဲ့ ဗုံးရဲ့ အာနိသင်ကို ခေတ္တရပ်တန့်လိုက်ပြီး မှော်ပညာကို အသုံးပြုနိုင်အောင် လုပ်လိုက်တယ်။

သူ့ဘေးမှာ သဟဇာတဓါး တစ်လက် လက်ခနဲ ပေါ်လာပြီး သူ့ရှေ့ကို ဝှေ့ယမ်းလိုက်ချိန်မှာတော့ ပြတ်ထွက်လာတဲ့ လက်မောင်းကြီးကို ထက်ပိုင်း ပိုင်းဖြတ်လိုက်နိုင်တယ်။

အဲဒါက အလင်းမှုန်လေးတွေအဖြစ် ပေါက်ကွဲသွားပြီး လေထဲမှာ အရည်ပျော်ဝင်သွားတဲ့ သန့်စင်တဲ့ မှော်စွမ်းအင်တွေ ဖြစ်သွားခဲ့တယ်။

လက်နှစ်ဖက်စလုံး မရှိတော့တာမို့ ကိုယ်ကို မတ်မတ်တောင် မထားနိုင်တော့ဘဲ သဟဇာတသတ္တဝါ မြေပြင်ပေါ်မှာ လဲကျနေတော့တယ်။

မိုက်ကယ် ချဉ်းကပ်လာတဲ့အခါ သူက အပေါ်ကို မော့ကြည့်လာတယ်။

"သင်ခန်းစာအတွက် ကျေးဇူးပဲ" လို့ သူ့ခေါင်းထဲမှာ အသိပေးသံတစ်ခု မြည်လာချိန်မှာ သူက ပြောလိုက်တယ်။

[ခွဲခြမ်းစိတ်ဖြာမှု ပြီးဆုံးပါပြီ။ အခုဆိုရင် သင့်ကိုယ်ပိုင် သဟဇာတသတ္တဝါကို ဖန်တီးနိုင်ပါပြီ]

မိုက်ကယ်က သူ့လက်ကို မြှောက်လိုက်တာနဲ့ မှော်စွမ်းအင်အမှုန်လေးတွေက သူ့လက်ဖဝါးထဲ ချက်ချင်း စုဝေးလာကြတယ်။

သဟဇာတသတ္တဝါရဲ့ ခန္ဓာကိုယ်ထဲက အရည်ပျော်နေတဲ့ မှော်စွမ်းအင်အစက်လေးတွေက မြေပြင်ပေါ်ကနေ လွင့်တက်လာပြီး မိုက်ကယ်ရဲ့ လက်တွေဆီ ရောက်လာကာ သန့်စင်တဲ့ သဟဇာတ မှော်စွမ်းအင်တွေနဲ့ ဖွဲ့စည်းထားတဲ့ လည်ပတ်နေတဲ့ စက်လုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတယ်။

ပြီးတော့ ရုတ်တရက်ပဲ သတင်းအချက်အလက်တွေ သူ့ခေါင်းထဲ အလုံးအရင်း ဝင်ရောက်လာတာကြောင့် ခေါင်းထဲမှာ ပူနွေးသွားသလို သူ ခံစားလိုက်ရတယ်။

သဟဇာတသတ္တဝါကို ဖန်တီးနိုင်ခဲ့တဲ့ အတိအကျ မှော်ကျင့်စဉ်ကို နိုဗာ က သူ့ကို ပေးလိုက်တာပဲ။ အခုတော့ သူကိုယ်တိုင် အဲဒါကို ပုံတူပွား ဖန်တီးတော့မှာလေ။

သူ့ခေါင်းထဲက ညွှန်ကြားချက်တွေကို လိုက်နာရင်း လက်ထဲက သဟဇာတ စက်လုံးကြီးကို စတင် ပုံဖော်လိုက်တယ်။

ပြီးတော့ တခြားလက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး သဟဇာတသတ္တဝါကို သူ့ဆီလာဖို့ လက်ယပ်ခေါ်လိုက်တယ်။

သဟဇာတသတ္တဝါရဲ့ အသက်မဲ့နေတဲ့ ခန္ဓာကိုယ်တစ်ဝက်က လွင့်ပျံလာပြီး မျက်နှာမပါတဲ့ ခေါင်းက ဒီအခြေအနေအသစ်ကို လက်ခံလိုက်တဲ့ပုံစံမျိုး ပြသနေတယ်။

လက်တစ်ဖက်က ပုံဖော်ထားတဲ့ သဟဇာတ စက်လုံးကြီးကို ကိုင်ထားပြီး တခြားလက်တစ်ဖက်က သဟဇာတသတ္တဝါရဲ့ ခန္ဓာကိုယ်တစ်ဝက်ကို ထိန်းချုပ်ထားကာ မိုက်ကယ်က အဲဒီနှစ်ခုကို ပေါင်းစပ်ဖို့ သူ့လက်တွေကို ရိုက်လိုက်တယ်။

သဟဇာတသတ္တဝါက သူ့ရဲ့ ဖန်တီးမှုအသစ်အတွက် အခြေခံပုံစံ ဖြစ်လာလိမ့်မယ်။

လည်ပတ်နေတဲ့ ရောင်စဉ်တန်း သဟဇာတ စက်လုံးကြီးက သဟဇာတသတ္တဝါဆီ ပြေးဝင်သွားပြီး သူ့ရင်ဘတ်ကို ဝင်တိုက်မိချိန်မှာ အလင်းမှုန်လေးတွေအဖြစ် ပေါက်ကွဲထွက်သွားတယ်။

သတ္တဝါရဲ့ ခန္ဓာကိုယ်ကို ပြန်လည်ဖွဲ့စည်းဖို့ မိုက်ကယ်က အမိန့်ပေးလိုက်တာနဲ့ သန့်စင်တဲ့ မှော်စွမ်းအင်တွေက သဟဇာတသတ္တဝါကို ဝန်းရံလာကြတယ်။

အလင်းမှုန်လေးတွေက စုပေါင်းသွားကြပြီး အဲ့သတ္တဝါရဲ့ ပျောက်ဆုံးနေတဲ့ လက်နှစ်ဖက်ကို တဖြည်းဖြည်း ပုံဖော်ပေးလိုက်တယ်။

ဒီကျွန်းပေါ်က ပတ်ဝန်းကျင်တစ်ခုလုံးမှာရှိတဲ့ မှော်စွမ်းအင်တွေကို စတင် ထုတ်ယူသုံးစွဲရင်း မိုက်ကယ်က သူ့လက်တွေကို ပိုပြီး ဆန့်ထုတ်လိုက်တယ်။

မှော်စွမ်းအင်တွေက သဟဇာတသတ္တဝါဆီ ပိုမို စီးဆင်းလာပြီး သူ့ရဲ့ ခန္ဓာကိုယ်ကို အသစ်တစ်ဖန် ပြန်လည်တည်ဆောက်ကာ ပိုမိုကောင်းမွန်တဲ့ အရာတစ်ခုအဖြစ် တဖြည်းဖြည်း ပြောင်းလဲပေးနေတယ်။

မိုက်ကယ် ဒီဖြစ်စဉ်ကို ဖြတ်သန်းနေချိန်မှာပဲ ဒီရှေးဟောင်းကျောက်တိုင်ရဲ့ ဖန်တီးရှင်က သူ့ကို ဘာလို့ ပထမဆုံး စမ်းသပ်မှု ဖြတ်သန်းခိုင်းခဲ့ရသလဲ ဆိုတာကို နားလည်လာခဲ့တယ်။

အဲဒါက သူ့ကို မှော်စွမ်းအင် ဒြပ်စင် တစ်ခုချင်းစီရဲ့ အရေးပါမှုကို သဘောပေါက်စေခဲ့တာပဲ။

သဟဇာတက ကမ္ဘာပေါ်မှာ အပြင်းထန်ဆုံး စွမ်းအားတွေထဲက တစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ အဲဒီ အခြေခံ ဒြပ်စင်တွေ မပါဘဲနဲ့ ဖန်တီးလို့ မရဘူးလေ။

တကယ်လို့ သူသာ အဲဒီ စမ်းသပ်မှုကို မဖြတ်သန်းခဲ့ရရင် သဟဇာတသတ္တဝါထဲက ရေ မှော်စွမ်းအင်တွေကို စွမ်းအင်တွေ ထောက်ပံ့ပေးမယ့် သွေးကြောတွေဖြစ်လာအောင် စီစဉ်ဖို့ မိုက်ကယ် တွေးမိခဲ့မှာ မဟုတ်ဘူး။

သဟဇာတသတ္တဝါရဲ့ ကြွက်သားတည်ဆောက်ပုံကို ဖွဲ့စည်းထားတဲ့ အမျှင်တွေထဲကို မီးဒြပ်စင် ထည့်ဖို့ သူ သိခဲ့မှာ မဟုတ်သလို၊ အရေပြားနဲ့ ကလီစာတွေအတွက် မြေဒြပ်စင်၊ ပေါက်ကွဲမှုကို တားဆီးပေးမယ့် မှော်စွမ်းအင် တည်ဆောက်ပုံတွေအားလုံးကို ခွဲခြားထားတဲ့ နယ်နိမိတ်အတွက် လေဒြပ်စင် ထည့်ရမယ်ဆိုတာကိုလည်း သူ သိခဲ့မှာ မဟုတ်ဘူး။

အဆိပ်က တည်ဆောက်ပုံထဲက မှော်စွမ်းအင်တွေကို သဘာဝအတိုင်း ပျက်စီးစေပြီး ပြန်လည်အသုံးပြုနိုင်အောင် လုပ်ပေးသလို၊ လျှပ်စီးက စွမ်းအားနဲ့ ရွေ့လျားမှုကို ပေးစွမ်းပြီး၊ အမှောင်ကတော့ သူ့ရဲ့ ပုံသဏ္ဌာန်ကို ထိန်းသိမ်းပေးတဲ့ အရိပ်အတွက် ဖြစ်ကာ၊ အရေးအကြီးဆုံးကတော့ အဲဒါတွေအားလုံးကို ပေါင်းစည်းပြီး သက်ရှိ ဖြစ်လာစေတဲ့ အလင်းပဲ ဖြစ်တယ်။

ပြီးတော့ အဲဒီ စနစ်တွေအားလုံးရဲ့ ပေါင်းစပ်မှုနဲ့အတူ သူက ဒီကမ္ဘာကြီးထဲကို သူ့ရဲ့ ပုံစံနဲ့တူတဲ့ သတ္တဝါသစ်တစ်ကောင်၊ တစ်နည်းအားဖြင့် လူသားတစ်ယောက်ကို ခေါ်ဆောင်လာခဲ့တာပဲ။

အသစ်တစ်ဖန် ပြန်လည်ဖွဲ့စည်းပြီးသွားချိန်မှာ သဟဇာတသတ္တဝါရဲ့ လက်တွေ၊ ခြေထောက်တွေနဲ့ ခေါင်းတွေက အရင်ကထက် ပိုပြီး ပီပြင်ထင်ရှားလာခဲ့တယ်။

ရောင်စဉ်တန်း အရေပြားအောက်မှာတော့ မျက်လုံးတစ်စုံ၊ နှာခေါင်းတစ်ခု၊ နှုတ်ခမ်းတစ်ခု၊ နားရွက်တွေနဲ့ သူ့လက်ပေါ်က လက်ဗွေရာတွေရဲ့ ကောက်ကြောင်းတွေကိုတောင် မြင်တွေ့နိုင်တယ်။

မန္တန် ပြီးဆုံးသွားတာနဲ့တစ်ပြိုင်နက် သဟဇာတသတ္တဝါက လက်တွေကို ဆန့်ထုတ်ထားလျက် အပေါ်ကို လွင့်ပျံသွားပြီး မျက်စိကျိန်းလောက်တဲ့အထိ မဖြစ်ခင် ၎င်းအရေပြားက တဖြည်းဖြည်း ပိုပိုပြီး တောက်ပလာခဲ့တယ်။

ပြီးတော့ ပေါက်ကွဲမှုတစ်ခုပဲ။

၎င်းရဲ့ တာဝန် ပြီးဆုံးသွားပြီဖြစ်တာမို့ ရောင်စဉ်တန်း အစအနတွေက အပြင်ဘက်ကို လွင့်စင်သွားပြီးနောက် ပတ်ဝန်းကျင်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပြန်လည်ရောက်ရှိသွားတဲ့ မှော်စွမ်းအင်အမှုန်လေးတွေအဖြစ် ပြန့်ကျဲသွားတော့တယ်။

အလင်းရောင် လျော့ကျသွားချိန်မှာတော့ သဟဇာတသတ္တဝါက ၎င်းရဲ့ အစစ်အမှန်ပုံစံကို ပြသလိုက်တယ်။

အဲဒီ ရောင်စဉ်တန်း အရေပြားအောက်မှာ လုံးဝ လူသားဆန်တဲ့ အရာတစ်ခု ရှိနေခဲ့တယ်။

မိုက်ကယ်က အပေါ်ကို လွင့်ပျံသွားပြီး သူ ခုလေးတင် ဖန်တီးလိုက်တဲ့ ဒီသတ္တဝါသစ်လေးကို စိုက်ကြည့်နေတယ်။

သူကလည်း စူးစမ်းလိုစိတ်တွေ အပြည့်ပါတဲ့ မျက်လုံးတွေနဲ့ မိုက်ကယ်ကို ပြန်ပြီး စိုက်ကြည့်နေတယ်။

သူက သူ့ကိုယ်ပိုင်ပုံစံအတိုင်း သဟဇာတသတ္တဝါတစ်ကောင်ကို ဖန်တီးလိုက်တာလေ။

ရွှေရောင်ဆံပင်တွေ၊ ထက်မြက်ခန့်ညားတဲ့ ရုပ်သွင်တွေနဲ့ ဒါက တကယ့်ကို ပြီးပြည့်စုံတဲ့ ပုံတူတစ်ခုပါပဲ။

တစ်ခုတည်းသော ကွာခြားချက်ကတော့ ဒီတစ်ကောင်ကို သန့်စင်တဲ့ သဟဇာတ စွမ်းအင်တွေနဲ့ ဖန်တီးထားတာပဲ။ သူ့ရဲ့ ခန္ဓာကိုယ်ကို ကမ္ဘာပေါ်မှာ အဖျက်စွမ်းအား အကြီးမားဆုံး စွမ်းအားနဲ့ ဖန်တီးထားတာလေ။

သူ လက်ကို မြှောက်လိုက်တော့ သူ့ရဲ့ ပုံတူကလည်း လက်ကို မြှောက်လိုက်တယ်။

အခုကစပြီး သူက ဒါကို သူ့ရဲ့ [သဟဇာတကိုယ်ပွား] လို့ ခေါ်တော့မှာပဲ။

[သဟဇာတကိုယ်ပွား - ဒီမန္တန်က သုံးစွဲသူရဲ့ ပြီးပြည့်စုံတဲ့ ပုံတူကိုယ်ပွားတစ်ခုကို သန့်စင်တဲ့ သဟဇာတစွမ်းအင်တွေနဲ့ ဖန်တီးပေးပါတယ်။ သုံးစွဲသူက သူတို့ကို ကိုယ်ပိုင်ခန္ဓာကိုယ်လိုမျိုး ထိန်းချုပ်နိုင်သလို၊ အချိန်မရွေး နေရာချင်းလည်း လဲလှယ်နိုင်ပါတယ်။ သူ့ကို သဟဇာတစွမ်းအင်နဲ့ ဖန်တီးထားတာဖြစ်လို့ ဘယ်လို မှော်ပညာ ဒါမှမဟုတ် တန်ခိုးစွမ်းရည်ကမှ ဒီနေရာလဲလှယ်မှုကို မတားဆီးနိုင်ပါဘူး]

* * * * * * * *

All Chapters