အခန်း ၈၉၆
Vol. 76 Ch. 896
အပိုင်း (၈၉၆)
မိစ္ဆာမြို့တော် အတွင်းတွင်...
အသွင်ပြောင်း အမှောင် လင်းတ ငါးထောင်ကျော်သည် စနစ်တကျ စီတန်းနေကြသည်။
လင်းတ တစ်ကောင်စီတိုင်း၏ ခြေသည်းများပေါ်တွင် ခဲခွံဖြင့် ဖုံးအုပ်ထားသော အမှောင်ဗုံး တစ်လုံးစီ ပါရှိသည်။ ငါးထောင်ကျော် ရှိသောကြောင့် ပျက်စီးခြင်း သတ်ဖြတ်မှုများကို ယူဆောင်လာနိုင်၏။
ယဇ်ပုရောဟိတ် ဆယ်ဂဏန်းခန့်သည် သက်ဆိုင်ရာ အသွင်ပြောင်း လင်းတများ၏ ကျောပေါ်တွင် စီးနင်းထားကြသည်။
အသွင်ပြောင်း လင်းတများကို ယဉ်ပါးအောင် လုပ်နိုင်စွမ်းမှာ ယဇ်ပုရောဟိတ် အနည်းငယ်သာ တတ်ကျွမ်းသောကြောင့် လင်းတ မြင်းစီးသူရဲ စသည်တို့ မရှိပေ။
တာ့ယန် အင်ပါယာဘက်တွင်မူ ယွင်ကျုံးဟဲ့သည် အလွန် အင်အားကြီးမားသော စွမ်းရည်များကို ပိုင်ဆိုင်ထားသောကြောင့် အသွင်ပြောင်း သားရဲများကို ယဉ်ပါးအောင် လုပ်ဆောင်နိုင်မည့် ပြီးပြည့်စုံသော နည်းလမ်း တစ်ခုကို ရေးဆွဲနိုင်ခဲ့ပြီး သိမ်းငှက် မြင်းစီးသူရဲများကို အများအပြား မွေးထုတ်ပေးနိုင်ခဲ့သည်။
မိစ္ဆာမြို့တော်ဘက်တွင်မူ ယဇ်ပုရောဟိတ် ဆယ်ဂဏန်းခန့်က အသွင်ပြောင်း လင်းတ ထောင်ချီကို ထိန်းချုပ်ရ၏။
ချင်ဝမ် ယောင်ရောင်က ဖြည်းညင်းစွာ ပြောသည်။ “ရှင်တို့ရဲ့ သတင်းကောင်းကို ကျွန်မ စောင့်နေမယ်။ တာ့ယန် အင်ပါယာ စစ်တပ်ကို အမြစ်ပြတ် သုတ်သင်ပစ်လိုက်။”
“အမြစ်ပြတ် သုတ်သင်ပစ်မယ်။” ယဇ်ပုရောဟိတ် ဆယ်ဂဏန်းခန့်က ကျယ်လောင်စွာ အော်လိုက်ကြ၏။
“ထွက်...”
“သတ်...”
အမိန့်ပေးသံနှင့်အတူ တာရှန်းမိစ္ဆာနိုင်ငံ၏ အသွင်ပြောင်း လင်းတ ငါးထောင်ကျော်သည် အမှောင်ဗုံး ငါးထောင်ကို သယ်ဆောင်ကာ ကောင်းကင်ယံသို့ ပျံတက်သွားပြီး မိစ္ဆာမြို့တော်မှ ထွက်ခွာသွားကြသည်။
“ဝှစ်… ဝှစ်.... ဝှစ်...”
အသွင်ပြောင်း လင်းတ ငါးထောင်သည် ယွင်ကျုံးဟဲ့၏ စစ်တပ်ကြီး ကောင်းကင်ယံသို့ ရူးသွပ်စွာ ပျံသန်းလာကြ၏။
ရူးသွပ်သော အမှောင် သတ်ဖြတ်လိုစိတ်များ ပါဝင်သည်။ မိစ္ဆာမြို့တော်၏ အထူး အဆုံးစွန် သတ်ဖြတ်ရေး လက်နက် ပါဝင်ပြီး အရှိန်အဝါ ကြီးမားစွာဖြင့် ရောက်ရှိလာကြသည်။
တာ့ယန် အင်ပါယာ၏ လေသင်္ဘော ရာနှင့်ချီသည် ကောင်းကင်ယံတွင် ဖြန့်ကျက်မှု ပြီးစီးနေခဲ့ပြီဖြစ်ကာ တပ်ကြီး၏ အစောပိုင်းတပ်စွဲရာ နေရာဟောင်း၏ အပေါ်တည့်တည့်၌ တည်ရှိနေ၏။
ဤသို့ဆိုလျှင် မိစ္ဆာမြို့တော်မှ လင်းတတပ်ဖွဲ့သည် သဘာဝအသိစိတ်အရ ၎င်းတို့ကို ရှောင်ကွင်းပြီး အခြားတစ်ဖက်မှ ကွေ့ဝိုက်လာလိမ့်ပေလိမ့်မည်။
ထိုအရာကို ကြည့်ခြင်းအားဖြင့် လေသင်္ဘောများသည် ကြီးမားသော သယ်ယူပို့ဆောင်ရေးယာဉ်အဖြစ် အသုံးပြု၍ ရနိုင်သော်လည်း လေကြောင်းတိုက်ပွဲအတွက် အသုံးပြုရန်မူကား အလွန်ပင် လှုပ်ရှားမှု နှေးကွေး လေးလံလွန်းကြောင်း သိသာထင်ရှားလှသည်။
အသွင်ပြောင်း လင်းတငှက် ငါးထောင်ကျော်သည် ကောင်းကင်နှင့် နေရောင်ခြည်ကို ဖုံးလွှမ်းသွားမတတ် ပျံသန်းလာကြ၏။
လင်းတဟူသည် မူလကပင် အလွန်ရက်စက်ကြမ်းကြုတ်သော တိရစ္ဆာန်မျိုးဖြစ်ပြီး ပုံမှန်အားဖြင့် အသေကောင်များကို စားသောက် အသက်မွေးကြ၏။ အသွင်ပြောင်းလဲသွားချိန်မှာတော့ ပိုမို၍ ကြောက်မက်ဖွယ် ကောင်းလာခဲ့သည်။
ခန္ဓာကိုယ် အရွယ်အစားအရဖြစ်စေ၊ တိုက်ခိုက်ရေး စွမ်းရည်အရဖြစ်စေ အနက်ရောင်ဘုရင်ကျိုး မွေးမြူ လေ့ကျင့်ပေးထားသည့် အသွင်ပြောင်း သိမ်းငှက်များထက် အဆပေါင်းများစွာ သာလွန်လို့နေ၏။
အကယ်၍ ကောင်းကင်ယံတွင် သတ်ပွဲကြီး ဖြစ်ပွားခဲ့မည်ဆိုပါက အသွင်ပြောင်း သိမ်းငှက်များအနေဖြင့် သေချာပေါက် ရှုံးနိမ့်သွားပေလိမ့်မည်။
ထို့အပြင် တာ့ယန် အင်ပါယာဘက်ရှိ အသွင်ပြောင်း သိမ်းငှက် အရေအတွက်မှာ တစ်ထောင်ပင် မပြည့်ဘဲ အသွင်ပြောင်း လင်းတများ၏ ခြောက်ပုံတစ်ပုံခန့်သာ ရှိသည်။
သို့ပေမည့် တာ့ယန် အင်ပါယာ၏ အသွင်ပြောင်း သိမ်းငှက်များသည် မိစ္ဆာမြို့တော်၏ အသွင်ပြောင်း လင်းတများထက် သာလွန်သည့် အချက်တစ်ခုလည်း ရှိနေသည်။ ထိုအရာမှာ ပျံသန်းသည့် အရှိန်နှုန်းနှင့် လျင်မြန်ဖြတ်လတ်စွာ ကွေ့ဝိုက်လှုပ်ရှားနိုင်မှုပင် ဖြစ်၏။
အနက်ရောင်ဘုရင်ကျိုးက အမိန့်ပေးလိုက်သည်။ “တက်…”
အမိန့်သံနှင့်အတူ အထူးချွန်ဆုံးသော သိုင်းပညာရှင် တစ်ထောင်သည် အသွင်ပြောင်း သိမ်းငှက်များ၏ ကျောပြင်ထက်သို့ တက်ရောက်စီးနင်းလိုက်ကြ၏။
လွန်ခဲ့သော နှစ်ပေါင်းများစွာက အသွင်ပြောင်း သိမ်းငှက်များကို လူစီးနင်းရန် လုံးဝအသုံးပြု၍ မရခဲ့ချေ။ ယွင်ကျုံးဟဲ့၏ သားဖြစ်သူ ပိုင်ချီသည်သာ သမိုင်းတစ်လျှောက် ပထမဆုံးသော စစ်မှန်သည့် သိမ်းငှက် စစ်သည်တော် ဖြစ်ခဲ့သည်။
ထိုနောက်ပိုင်း နှစ်အနည်းငယ်အတွင်း၌ ယွင်ကျုံးဟဲ့နှင့် တာ့ယန် အင်ပါယာ၏ ယဇ်ပုရောဟိတ်များသည် အလွန်ကြီးမားသော ခွန်အားနှင့် အချိန်များကို ပေးဆပ်ကာ သိမ်းငှက်များကို ထပ်မံ၍ ယဉ်ပါးအောင် လေ့ကျင့်သင်ကြားပေးခဲ့ကြပြီး နောက်ဆုံးတွင် ၎င်းတို့၏ ခန္ဓာကိုယ်ထက်၌ အထူးပြုလုပ်ထားသော ကုန်းနှီးများကို တပ်ဆင်နိုင်ခဲ့ကြ၏။
၎င်းတို့သည် စစ်မြင်းများနှင့် မတူညီသောကြောင့် ကုန်းနှီးပုံစံ ရေးဆွဲရာတွင် အလွန် ခက်ခဲလှသည်။ သိမ်းငှက်များကို လွန်ကဲစွာ ချုပ်နှောင်ထား၍ မရသည့်အပြင် ၎င်းတို့၏ ပျံသန်းမှုကိုလည်း လုံးဝ ထိခိုက်စေ၍ မဖြစ်ချေ။ အသွင်ပြောင်း သိမ်းငှက်များကို လက်နက်တပ်ဆင်ပေးရန် ကိစ္စမှာမူ ပို၍ပင် ခက်ခဲလွန်းသည်။
လူတိုင်းသိကြသည့်အတိုင်း စက်သေနတ်ကြီးများ၏ ပစ်ခတ်နှုန်းမှာ အလွန်အမင်း မြန်ဆန်လွန်းလှရာ ပြင်းထန်သော တုန်ခါမှုကြီးကို ဖြစ်ပေါ်စေတတ်၏။
ဤသို့သော တုန်ခါမှုသည် သိမ်းငှက်များကို ထိခိုက်ဒဏ်ရာ ရစေနိုင်ပြီး ၎င်းတို့ကို အလွန်အမင်း ဒေါသထွက် ရူးသွပ်သွားစေနိုင်သည်။
ထို့ကြောင့် ပညာရှင်များသည် ကုန်းနှီးပေါ်တွင် အလွန်တိကျ သိမ်မွေ့သော တုန်ခါမှုထိန်းချုပ်ရေး ကိရိယာများကို တပ်ဆင်ခဲ့ကြပြီး အမျိုးမျိုးသော ချိတ်ဆွဲမှု နည်းပညာများကို အသုံးပြုကာ စက်သေနတ်ကြီးများ ပစ်ခတ်ချိန်တွင် သိမ်းငှက်များ၏ ခန္ဓာကိုယ်ထံ သက်ရောက်မည့် တုန်ခါမှုကို အနည်းဆုံးအဆင့်အထိ လျှော့ချပေးခဲ့ကြ၏။
ပစ်ခတ်ချိန်တွင် ထွက်ပေါ်လာမည့် ပဲ့တင်ထပ်သံကြီးများနှင့် ပတ်သက်၍မူ ကူကယ်ရာ မဲ့နေခဲ့ကြသည်။ အသံတိတ်သေနတ်များ ရှိသည်မှန်သော်လည်း ယခုအချိန်၌ အသံတိတ် စက်သေနတ်ကြီး ဟူသည်မှာ အိပ်မက်တစ်ခုသာ ဖြစ်နေသည် မဟုတ်ပါလား။
ထို့ကြောင့် မရပ်မနား လေ့ကျင့်ပေးခြင်းဖြင့်သာ အသွင်ပြောင်း သိမ်းငှက်များကို ထိုဆူညံသံများနှင့် ရင်းနှီးကျင့်သားရအောင် ပြုလုပ်ပေးနိုင်ခဲ့တော့သည်။
နောက်ထပ် အချက်တစ်ခုမှာ စက်သေနတ်ကြီးများ၏ ပစ်ခတ်နှုန်း မြန်ဆန်လွန်းမှုကြောင့် ကျည်ခွံများသည် မိုးသီးမိုးပေါက်များကဲ့သို့ ကျဆင်းလာတတ်ခြင်းပင် ဖြစ်သည်။ ထိုကျည်ခွံများသည် အလွန်ပူပြင်းလွန်းလှရာ သိမ်းငှက်များ၏ ခန္ဓာကိုယ်နှင့် အမွေးအတောင်များပေါ်သို့ ကျရောက်သွားပါက ဒဏ်ရာအနာတရ ဖြစ်စေနိုင်၏။
ထို့ကြောင့် စက်သေနတ်ကြီးများကို သီးသန့် ပစ်ခတ်မှုပုံစံ ပြုလုပ်ထားရပြီး ပစ်ခတ်သည့်အခါ ကျည်ခွံများ အရပ်လေးမျက်နှာသို့ လွင့်စင်မသွားစေရန် စီမံထားရသည်။
ဤသို့ဖြင့် နှစ်ပေါင်းများစွာ အချိန်ယူ ကြိုးပမ်းခဲ့ရပြီးမှသာ သိမ်းငှက်တပ်မတော်ကြီးကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့ခြင်း ဖြစ်၏။
သို့ပေမည့် ဤအရာမှာ ကူးပြောင်းကာလ ယာယီအသုံးပြုမှု တစ်ခုသာဖြစ်ပြီး အနာဂတ်၏ လေကြောင်း တိုက်ပွဲများသည် လေယာဉ်ပျံများကိုသာ အားကိုးရမှာဖြစ်သည်။
သေချာပေါက် ဧကရာဇ်ကြီးရဲ့ အနက်ရောင် ကျမ်းစာထဲတွင် အနာဂတ် တာရှန်းမိစ္ဆာနိုင်ငံ၏ လေတပ် အကြောင်းကို ဖော်ပြထားရာ ထိုအရာသည် အိပ်မက်မက်နေသကဲ့သို့ပင် ဖြစ်၏။
ပေရာနှင့်ချီ၍ ကြီးမားသော ငါးကြီးများ၊ ဧရာမ ပျံသန်းနိုင်သည့် သားရဲကြီးများ ဟူသည့် အရာများသည် နတ်ဘုရားပုံပြင်များ အတိုင်းပင် ဖြစ်သည်။
အနည်းဆုံးတော့ လက်ရှိ မိစ္ဆာမြို့တော်တွင် ဤသို့သော ဧရာမ အသွင်ပြောင်း ပျံသန်း သားရဲကြီးများ လုံးဝ မရှိခဲ့ချေ။
အနက်ရောင်ဘုရင်ကျိုးက ထပ်မံ အမိန့်ပေးလိုက်၏။ “ကောင်းကင်ကို ပျံတက်ကြ…”
အမိန့်သံနှင့်အတူ အသွင်ပြောင်း သိမ်းငှက် တစ်ထောင်ကျော်သည် ကောင်းကင်ယံသို့ အရှိန်အဟုန်ဖြင့် ထိုးတက်သွားကြသည်။
“ဝှီး ဝှီး ဝှီး ဝှီး”
၎င်းတို့၏ ပျံသန်းမှု အရှိန်နှုန်းမှာ အလွန်လျင်မြန်လွန်းလှရာ အချိန်တိုအတွင်းမှာပင် မီတာထောင်နှင့်ချီ မြင့်သော ကောင်းကင်ယံသို့ ရောက်ရှိသွားကြ၏။
ထို့နောက် တိုက်ခိုက်ရေးပုံစံ ဖြန့်ကျက်လိုက်ပြီး တာရှန်းမိစ္ဆာနိုင်ငံ၏ အသွင်ပြောင်း လင်းတတပ်ဖွဲ့ဆီသို့ တည့်တည့် ထိုးဆင်းသွားကြတော့သည်။
လူတိုင်းသည် ကောင်းကင်ယံသို့ မော့ကြည့်နေကြသည်။ သမိုင်းတစ်လျှောက် အရင်က တစ်ခါမှ မရှိခဲ့ဖူးသော လေကြောင်းတိုက်ပွဲကြီး ဖြစ်ပွားလာမည့် အချိန်ကို စောင့်ဆိုင်းနေကြခြင်းဖြစ်၏။
………..
လေတပ် နှစ်ခုသည် တစ်ခုနှင့်တစ်ခု တဖြည်းဖြည်း နီးကပ်လာကြ၏။ ဖြန့်ကျက်မှု အရေအတွက်အရ တာရှန်းမိစ္ဆာနိုင်ငံ၏ လေတပ်က အလွန်အမင်း အားကောင်းလွန်းလှသည်။
ခန္ဓာကိုယ် အရွယ်အစား ကြီးမားမှု အားသာချက်ကိုပါ ထည့်ပေါင်းလိုက်မည်ဆိုပါက တာ့ယန် အင်ပါယာထက် ဆယ်ဆခန့် သာလွန်နေခဲ့၏။
မီတာသုံးသောင်း၊ မီတာနှစ်သောင်း၊ မီတာတစ်သောင်း၊ မီတာသုံးထောင်၊ မီတာနှစ်ထောင်၊ မီတာတစ်ထောင်...
လေတပ် နှစ်ခုသည် တစ်ခဏချင်းမှာပင် မျက်နှာချင်းဆိုင် ဆုံတွေ့သွားကြတော့သည်။
အနက်ရောင်ဘုရင်ကျိုးက အစွမ်းကုန် အမိန့်ပေးလိုက်၏။ “ပစ်...”
သူတို့၏ နောက်ကျောဘက်တွင် တာ့ယန် အင်ပါယာ၏ စပ်တပ် ရှိနေသည်။ အကယ်၍ ရန်သူ၏ အသွင်ပြောင်း လင်းတများကို စစ်တပ်၏ အပေါ်အထိ ပျံသန်းခွင့်ပြုလိုက်ပြီး အမှောင်ဗုံးများ ကျဆင်းလာစေ ပါက ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ဆိုးကျိုးများကို တွေးတောကြည့်ရန်ပင် မရဲလောက်အောင် ဆိုးရွားလှပေလိမ့်မည်။
“ဒက်… ဒက်… ဒက်….”
သိုင်းပညာရှင် တစ်ထောင်ကျော်သည် မောင်းတံများကို တပြိုင်နက်တည်း ဆွဲညှစ်လိုက်ကြသည်။
စက်သေနတ်ကြီး တစ်ထောင်ကျော်သည် ရူးသွပ်စွာ ပစ်ခတ်လိုက်ကြသည်။ ကျည်ဆန်များသည် မိုးသီးမိုးပေါက်များကဲ့သို့ ပစ်ခတ်ခြင်း ခံလိုက်ရပြီး ကောင်းကင်ယံတွင် အလွန်လှပသော မျဉ်းကွေး အလင်းတန်းများကို ရေးဆွဲလိုက်ကြ၏။
ကြိုတင် ပြင်ဆင်ထားခြင်း မရှိသည့် အခြေအနေအောက်တွင် တာရှန်းမိစ္ဆာနိုင်ငံ၏ အသွင်ပြောင်း လင်းတများသည် တစ်ခဏချင်းမှာပင် ကပ်ဘေးကြီးနှင့် ရင်ဆိုင်လိုက်ကြရသည်။
ဤအရာများသည် အလွန်လျင်မြန်သော အရှိန်ဖြင့် ပစ်ခတ်နိုင်သည့် စက်သေနတ်ကြီးများ ဖြစ်ကြသည်။ ပစ်ခတ်နှုန်းမှာ အလွန်ထိတ်လန့်ဖွယ် ကောင်းလွန်းလှပြီး မီတာရာနှင့်ချီသည့် အကွာအဝေးအတွင်း ပစ်မှတ်ထားခံရပြီဆိုပါက မည်သူမှ လွတ်မြောက်နိုင်ခြင်း မရှိတော့ချေ။
အချိန်တိုလေးအတွင်းမှာပင် မရေမတွက်နိုင်သော အသွင်ပြောင်း လင်းတများသည် ကောင်းကင်ယံ၌ပင် တစ်စစီ ဆုတ်ဖြဲခြင်း ခံလိုက်ရကာ သနားစဖွယ် အော်ဟစ်လျက် တိုက်ရိုက် ပြုတ်ကျသွားတော့သည်။
“ဒက်… ဒက်… ဒက်….”
ပြင်းထန်လှသော လေကြောင်းတိုက်ပွဲကြီးသည် မီတာထောင်နှင့်ချီ မြင့်သော ကောင်းကင်ယံတွင် ဖြစ်ပွားနေခဲ့၏။
တာရှန်းမိစ္ဆာနိုင်ငံ၏ အသွင်ပြောင်း လင်းတတပ်ဖွဲ့တွင် ပြန်လည်ခုခံနိုင်သည့် အင်အား လုံးဝမရှိဟု ဆိုနိုင်သည်။ တစ်ခဏချင်းမှာပဲ အကြီးအကျယ် ထုရိုက်ခံလိုက်ရပြီး အသိစိတ်များ လွင့်စင်သွားကြရ၏။ ထို့အပြင် ၎င်းတို့၏ တပ်ဆင် ဖြန့်ကျက်မှုမှာလည်း အလွန်ပင် သိပ်သည်း ပြည့်ကျပ်လွန်းနေခဲ့သည်။
ဤအရာမှာ တစ်ဖက်သတ် သတ်ဖြတ်မှုကြီး တစ်ခုသာ ဖြစ်သည်။ မိုးသီးမိုးပေါက်များကဲ့သို့ ကျဆင်းလာသော ကျည်ဆန်များသည် အသွင်ပြောင်း လင်းတများ၏ အသက်ကို ရူးသွပ်စွာ ရိတ်သိမ်းနေကြ၏။
ထို့အပြင် ဤအသွင်ပြောင်း လင်းတတပ်ဖွဲ့ကို ညွှန်ကြား ကွပ်ကဲနေသူမှာ ယဇ်ပုရောဟိတ် ဆယ်နှင့်ချီသာ ရှိသည့်အတွက် တစ်ခဏချင်းမှာပင် ဖရိုဖရဲ ဖောက်ပြန် ကမောက်ကမ ဖြစ်ကုန်ကြတော့သည်။
သို့ပေမည့် အသွင်ပြောင်း လင်းတများသည် အမှန်တကယ်ပင် ရက်စက် ကြမ်းကြုတ်လွန်းကြသည်။ တိုက်ခိုက်ခံရချိန်တွင် ကြောက်ရွံ့စွာ ထွက်ပြေးခြင်း မရှိကြသည့်အပြင် ၎င်းတို့၏ ရက်စက်သော သဘာဝကို ပိုမို၍ပင် နိုးကြွလာစေခဲ့ပြီး တာ့ယန် အင်ပါယာ၏ အသွင်ပြောင်း သိမ်းငှက်များဆီသို့ ပိုမိုရူးသွပ်စွာဖြင့် ပြေးဝင် ကုတ်ဖဲ့လာကြ၏။
ရန်သူကို မရရအောင် သတ်ဖြတ်မည် ဟူသည့် အသိစိတ်သာ ရှိနေကြ၏။ သို့ပေမည့် ဤအရာမှာ အချည်းနှီး ဖြစ်ရပ်တစ်ခုသာ ဖြစ်သည်။ အသွင်ပြောင်း လင်းတများသည် မည်မျှပင် အားကောင်းနေပါစေ၊ မည်မျှပင် ရက်စက် ကြမ်းကြုတ်နေပါစေ ကျည်ဆန်များကိုမူ မကာကွယ်နိုင်ကြချေ။
အကွာအဝေး ပိုမိုနီးကပ်လာသည်နှင့်အမျှ တာ့ယန် အင်ပါယာ၏ စက်သေနတ်ကြီးများ၏ စွမ်းအားမှာ ပိုမို၍ ပြင်းထန် ကြောက်မက်ဖွယ် ကောင်းလာခဲ့သည်။ ထို့ကြောင့် ကောင်းကင်ယံရှိ အသွင်ပြောင်း လင်းတ အရေအတွက်မှာ တဖြည်းဖြည်း နည်းပါးလာခဲ့၏။
တစ်ချိန်တည်းမှာပင် ထိုအသွင်ပြောင်းလင်းတများ၏ ခြေသည်းများဖြင့် ဆုပ်ကိုင်ထားသော အမှောင်ဗုံး များသည် တစ်လုံးပြီးတစ်လုံး အောက်သို့ ပြုတ်ကျသွားကြသည်။
ဤအမှောင်ဗုံးများတွင် တိုက်ခိုက်မှုအာရုံခံ ဖောက်ခွဲရေးစနစ်ကို တပ်ဆင်ထားသည့်အတွက် မြေပြင်နှင့် ထိခိုက်မိသည်နှင့် တပြိုင်နက် ချက်ချင်း ပေါက်ကွဲသွားပေလိမ့်မည်။
“ဘုန်း ဘုန်း ဘုန်း ဘုန်း ဘုန်း…”
သဲကန္တာရ မြေပြင်တစ်ခုလုံး ရူးသွပ်စွာ ပေါက်ကွဲနေခဲ့ပြီး တစ်လုံးပြီးတစ်လုံး အဆက်မပြတ် မြည်ဟည်းနေတော့၏။
ဤဗုံးများ၏ ပေါက်ကွဲမှု စွမ်းအားမှာ အလွန်အမင်း ကြီးမားလှသည်တော့ မဟုတ်ချေ။ သို့ပေမည့် ပေါက်ကွဲထွက်လာသည့် အရာများမှာ ကြောက်မက်ဖွယ်ကောင်းသော ရေဒီယိုသတ္တိကြွ ဓာတ်ငွေ့များ ပါဝင်သည့် ဂရပ်ဖိုက်မှုန့်များပင် ဖြစ်သည်။
စတုရန်း ကီလိုမီတာ အနည်းငယ်အတွင်းရှိ မြေပြင်တစ်ခုလုံးကို အမှောင် မြူခိုးမည်းကြီးများက ဖုံးလွှမ်းသွားခဲ့၏။
ဤဧရိယာတစ်ခုလုံးအတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော ရေဒီယိုသတ္တိကြွ အဆိပ်အတောက်များ ပြည့်နှက်နေပြီဖြစ်၏။ ဤအချိန်တွင်သာ တာ့ယန် အင်ပါယာ၏ စစ်တပ်ကြီး ဤနေရာ၌ ရှိနေခဲ့မည်ဆိုပါက မရေမတွက်နိုင်သော သေကြေ ဒဏ်ရာရမှုများ ဖြစ်ပေါ်လာမည်မှာ မြေကြီးလက်ခတ် မလွှဲပင်။
ကံကောင်းထောက်မစွာဖြင့် ဤအချိန်၌ လေပြင်းမုန်တိုင်းများ တိုက်ခတ်ခြင်း မရှိခဲ့ချေ။ မဟုတ်ပါက ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ဆိုးကျိုးများကို တွေးဆကြည့်ရန်ပင် မရဲလောက်အောင် ဖြစ်ပေလိမ့်မည်။
........
အချိန်တိုအတွင်းမှာပင် လေကြောင်းတိုက်ပွဲကြီးသည် ပြီးဆုံးသွားခဲ့ပြီး တာရှန်းမိစ္ဆာနိုင်ငံ၏ အသွင်ပြောင်း လင်းတ ငါးထောင်ကျော် အကုန်နီးပါး သေဆုံးသွားခဲ့ကြပြီ ဖြစ်၏။
ကံကောင်း၍ လွတ်မြောက်သွားသော အကောင် ရာနှင့်ချီမှာလည်း ရူးသွပ်စွာဖြင့် ထွက်ပြေး တိမ်းရှောင် နေကြသည်။
အနက်ရောင်ဘုရင်ကျိုးသည် အသွင်ပြောင်း သိမ်းငှက်များကို ဦးဆောင်ကာ ရူးသွပ်စွာ လိုက်လံ သတ်ဖြတ်နေ၏။
ရန်သူများသည် သေချာပေါက် လွတ်မြောက်နိုင်မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် အသွင်ပြောင်း လင်းတများ၏ ပျံသန်းမှု အရှိန်နှုန်းမှာ အသွင်ပြောင်း သိမ်းငှက်များကို မမီသည့်အပြင် လှုပ်ရှား ကွေ့ဝိုက်နိုင်စွမ်းမှာလည်း မယှဉ်နိုင်သောကြောင့် ဖြစ်သည်။
ထို့အပြင် အသွင်ပြောင်း သိမ်းငှက်များတွင် အဝေးပစ် လက်နက်စွမ်းအားများပါ တပ်ဆင်ထားသည် မဟုတ်ပါလား။ ထို့ကြောင့် လင်းတတပ်တစ်ခုလုံး အလုံးစုံ သေဆုံးသွားရန်မှာ အချိန်အတိုင်းအတာတစ်ခုသာ လိုအပ်၏။
အဝေးမှ စောင့်ကြည့်နေသော ယွင်ကျုံးဟဲ့သည် သက်ပြင်းရှည်ကြီးတစ်ခုကို မှုတ်ထုတ်လိုက်သည်။
ဤလေကြောင်းတိုက်ပွဲသည် ထင်ထားသည်ထက် အများကြီး ပိုမို ချောမွေ့ခဲ့ပြီး လွန်ကဲစွာဖြင့် ဖိနှိပ် အနိုင်ရရှိခဲ့ခြင်းပင် ဖြစ်၏။
မိစ္ဆာမြို့တော်ဘက်မှ လူများမှာမူ လုံးဝပင် ကြက်သေ သေသွားခဲ့ကြသည်။
ချင်ဝမ် ယောင်ရောင်၊ ကုန်းစွန်းယန်နှင့် အခြားသူများမှာ တစ်ကိုယ်လုံး အေးစက် တုန်ယင်သွားကြသည်။ ထိပ်သီး ခေါင်းဆောင်ကြီး လေးဦးသည် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ကြည့်ရှုလိုက်ကြပြီး သူတို့၏ စိတ်နှလုံးအတွင်းမှ တုန်လှုပ်မှုများကို ဖလှယ်လိုက်ကြ၏။
ပျံသန်းနိုင်သော ယာဉ်များ ဟူသည်မှာ မည်သူမဆို ပိုင်ဆိုင်လိုသည့် အောင်မြင်မှုတစ်ခု ဖြစ်၏။ အသွင်ပြောင်း လင်းတ ဖြစ်စေ၊ အသွင်ပြောင်း သိမ်းငှက် ဖြစ်စေ မည်သူမဆို ကျောပြင်ထက်သို့ တက်ရောက် စီးနင်းလိုကြသည်။
စက်သေနတ်များ မတပ်ဆင်နိုင်လျှင်ပင် အစွမ်းထက် လေးမြားကြီး တစ်လက် တပ်ဆင်နိုင်ပင်လျှင် အလွန် ကောင်းမွန်နေပြီဖြစ်၏။
သို့ပေမည့် မည်သူမှ မလုပ်ဆောင်နိုင်ခဲ့ကြချေ။ အလွန် နည်းပါးလှသည့် လူတစ်စုသာလျှင် ဤအသွင်ပြောင်း ပျံသန်းသားရဲများကို စီးနင်းနိုင်ကြပြီး ၎င်းတို့ အားလုံးမှာ ယဇ်ပုရောဟိတ်များသာ ဖြစ်ကြ၏။ အဘယ်ကြောင့် ဆိုသော် သူတို့သာလျှင် အသွင်ပြောင်း သားရဲများနှင့် ဆက်သွယ် စကားပြောဆိုနိုင်သောကြောင့်ပင်။
သို့ပေမည့် တာ့ယန် အင်ပါယာဘက်တွင် မည်ကဲ့သို့ ဆက်သွယ်ပြီး သာမန် သိုင်းပညာရှင်များကို အသွင်ပြောင်း သိမ်းငှက်များအပေါ် စီးနင်းခွင့် ပြုနိုင်ခဲ့သနည်း။ ဤအရာမှာ တာရှန်းမိစ္ဆာနိုင်ငံက အထူး ကျွမ်းကျင်သည့် ပညာရပ် နယ်ပယ်ကြီး ဖြစ်သည်။ အဘယ့်ကြောင့် တာ့ယန် အင်ပါယာက သူတို့ထက် သာလွန် ဦးဆောင်သွားနိုင်ရသနည်း။
‘ခင်ဗျားတို့က အသွင်ပြောင်း သားရဲတွေကိုလည်း ထိန်းချုပ်နိုင်သေးတယ်၊ အဆင့်မြင့် လက်နက်တွေကိုလည်း ထုတ်လုပ်နိုင်သေးတယ် ဟုတ်လား။ ဒီလိုဆိုရင် ဒီလေကြောင်းတိုက်ပွဲကို ဆက်ပြီး တိုက်ခိုက်နေရင် ဘာအဓိပ္ပာယ် ရှိတော့မှာလဲ။’