အခန်း ၈၉၇
Vol. 76 Ch. 897
အပိုင်း (၈၉၇)
မကြာမီမှာပဲ ကောင်းကင်ထက်မှ နောက်ဆုံး အသွင်ပြောင်း လင်းတငှက် ပစ်ချခြင်း ခံလိုက်ရ၏။ တာရှန်းမိစ္ဆာနိုင်ငံ၏ အသွင်ပြောင်း လင်းတ ငါးထောင်ကျော် အားလုံး သတ်ဖြတ်ခြင်း ခံလိုက်ရပြီး အမှောင်ဗုံးများ အားလုံးသည်လည်း လူသူကင်းမဲ့သော သဲကန္တာရ ဧရိယာအတွင်းသို့ ကျရောက် ပေါက်ကွဲသွားခဲ့ကြသည်။
အလွန် အစွမ်းထက်သော အသေအကျေ တိုက်ကွက်ကြီး ဖြစ်သည်မှန်သော်လည်း တာ့ယန် အင်ပါယာ၏ တပ်ကြီးကို ထိခိုက် ဒဏ်ရာရစေမှုမှာ အလွန်ပင် နည်းပါးလွန်းလှ၏။
သို့ပေမည့် စတုရန်း ကီလိုမီတာ ဆယ်နှင့်ချီ ကျယ်ဝန်းသော ဧရိယာတစ်ခုလုံးမှာမူ အဆိပ်အတောက်များဖြင့် လုံးဝ ညစ်ညမ်းသွားခဲ့သည်။
ယဇ်ပုရောဟိတ် တစ်ဦးက ရုတ်တရက် ပြောလိုက်၏။ “လေပြင်းတိုက်ခတ်လာတဲ့ အချိန်ကျရင် ဒီရေဒီယိုသတ္တိကြွ အဆိပ်အတောက်တွေက ပတ်ဝန်းကျင်က သဲကန္တာရ တစ်ခုလုံးကို ပျံ့နှံ့သွားအုံးမှာပဲ။ အဲဒီအခါကျရင် ယွင်ကျုံးဟဲ့ရဲ့ တာ့ယန် အင်ပါယာ တပ်ကြီးကို ကြောက်မက်ဖွယ်ကောင်းတဲ့ အသေအပျောက် ဒဏ်ရာရမှုတွေ ပေးစွမ်းနိုင်ပါသေးတယ်။”
ဤသို့ဆိုလျှင် သတ်ဖြတ်နိုင်စွမ်း အများကြီး လျော့နည်းသွားမည် ဖြစ်သော်လည်း ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်စရာ အကြောင်းပြချက်လေး တစ်ခုတော့ ဖြစ်လာခဲ့သည်။
သို့ပေမည့် ထိုအခိုက်အတန့်မှာပဲ ရုတ်တရက် အဆိပ်အတောက် ညစ်ညမ်းနေသော သဲကန္တာရ မြေပြင်သည် အလွန် ကြီးမားသော အက်ကွဲကြောင်းကြီး တစ်ခုအဖြစ် ပွင့်ထွက်သွားခဲ့၏။
ထို့နောက် အလွန်အမင်း ဧရာမ ကြီးမားလှသည့် သတ္တဝါကြီး တစ်ကောင် ထိုးထွက်လာခဲ့သည်။ ထိုအရာမှာ ဧရာမ သဲသန်ကောင် မိခင်ကြီးပင် ဖြစ်၏။
ထိုနောက်တွင် သဲသန်ကောင် အကြီးအသေး ဆယ်နှင့်ချီ၊ ရာနှင့်ချီသည်လည်း မြေကြီးကို ခွဲလျက် ထွက်ပေါ်လာကြသည်။
ထိုသဲသန်ကောင် မိခင်ကြီးသည် ကြီးမားလှသော ပါးစပ်ကြီးကို ဟလျက် ရူးသွပ်စွာ စတင် မျိုချ စားသောက်တော့၏။ ၎င်း၏ ပါးစပ်ကြီးမှာ ရေဝဲကြီးတစ်ခုကဲ့သို့ ပြင်းထန်သော စုပ်ယူမှုအားကို ဖြစ်ပေါ်စေပြီး သဲကန္တာရပေါ်ရှိ ရေဒီယိုသတ္တိကြွ ဂရပ်ဖိုက်မှုန့်များကို ရူးသွပ်စွာ စုပ်ယူ မျိုချနေ၏။
အလွန် အားကောင်းသော ဖုန်စုပ်စက်ကြီး တစ်လုံးကဲ့သို့ပင် ထိုဂရပ်ဖိုက်မှုန့်များနှင့်တကွ သေးငယ်သော သဲမှုန်များကိုပါ စုပ်ယူ မျိုချပစ်လိုက်သည်။
ဤမြင်ကွင်းသည် မိစ္ဆာမြို့တော်ပေါ်မှ လူများကို ပိုမို၍ပင် ကြက်သေ သေသွားစေခဲ့၏။
‘ဒီ အသွင်ပြောင်း သဲသန်ကောင်တွေက အမှောင်ဧကရာဇ် အရှင်မင်းကြီးအပေါ်ကို သစ္စာရှိကြတဲ့ အကောင်တွေ မဟုတ်ဘူးလား။ သူတို့တွေ အခု ဘာလုပ်နေကြတာလဲ။ ရန်သူတွေအတွက် အမှောင် အဆိပ်အတောက်တွေကို ရှင်းလင်း ကူညီပေးနေကြတာလား။ ဒီ အသွင်ပြောင်း သဲသန်ကောင်တွေကရော ပုန်ကန် သစ္စာဖောက်သွားကြပြီလား။’
နောက်ထပ် အချိန်အနည်းငယ် ကြာမြင့်ပြီးသည့်နောက် အသွင်ပြောင်း သဲသန်ကောင်များသည် သဲကန္တာရပေါ်ရှိ ဂရပ်ဖိုက်မှုန့်များကို မျိုချ စားသောက်ပြီးစီးသွားကြပြီဖြစ်သည်။
အထူးသဖြင့် သဲသန်ကောင် မိခင်ကြီးမှာ အလွန်အမင်း များပြားစွာ မျိုချထားသည့်အတွက် နောက်ဆုံးတွင် တစ်ကိုယ်လုံးမှ ထူးဆန်းသော အလင်းရောင်များ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ကောင်းကင်သို့ မော့ကာ အဆက်မပြတ် အော်ဟစ်နေတော့၏။
၎င်းမှုတ်ထုတ်လိုက်သည့် အသက်ရှူငွေ့များတွင်ပင် ကြောက်မက်ဖွယ်ကောင်းသော ရေဒီယိုသတ္တိကြွ ဓာတ်ငွေ့များ ပါဝင်နေခဲ့သည်။
ကျီးယန်က ထိုမြင်ကွင်းကို ကြည့်ရှုရင်း ယွင်ကျုံးဟဲ့၏ နားအနီးသို့ ကပ်ကာ ပြောလိုက်၏။ “အရှင်မင်းကြီး... ဒီလို သက်ရှိသတ္တဝါမျိုးက အရမ်းကို ပုံမှန် မဟုတ်ဘူး။ ပြီးတော့ အတိတ်က သူတို့တွေက ဘယ်လို အစားအစာမျိုးကို စားသောက်ပြီး အသက်ရှင်ခဲ့ကြတာလဲ ဆိုတာကို ကျွန်မ အရမ်း သိချင်မိတယ်။”
ယွင်ကျုံးဟဲ့သည် ထိုစကား၏ အဓိပ္ပာယ်ကို ကောင်းစွာ နားလည်သည်။ ဤသို့သော အသွင်ပြောင်း သတ္တဝါများသည် တာ့ယန် အင်ပါယာ၏ ယဉ်ကျေးမှုနှင့် အမှန်တကယ် အတူယှဉ်တွဲ နေထိုင်၍ ရနိုင်ပါမည်လား။
မျိုချ စားသောက်မှု ပြီးစီးသွားချိန်၌ သဲသန်ကောင် မိခင်ကြီးသည် သဲသန်ကောင်များကို ခေါ်ဆောင်ကာ အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားခဲ့တော့သည်။
………….
မိစ္ဆာမြို့တော် အတွင်း၌ တိတ်ဆိတ် ငြိမ်သက်နေခဲ့သည်။ အမှောင်ဗုံးများကို အားကိုးပြီး တာ့ယန် အင်ပါယာ၏ တပ်ကြီးကို သတ်ဖြတ်ရန် မျှော်လင့်ချက်မှာ လုံးဝ ပျက်သုဉ်းသွားခဲ့၏။
တာရှန်းမိစ္ဆာနိုင်ငံ၏ မြို့စားကြီး တစ်ဦးက ပြောလိုက်သည်။ “ဘုရင်နှစ်ပါး... ကျုပ်တို့ အခု ချက်ချင်း စစ်တပ်ကို စေလွှတ်ပြီး တာ့ယန် အင်ပါယာရဲ့ စခန်းနေရာကို သွားရောက် သိမ်းပိုက်သင့်ပါတယ်။ အဲဒီ အမြောက်ကြီးတွေကို သိမ်းဆည်း ယူဆောင်လာရပါမယ်။”
ဘေးနားရှိ လူတစ်ဦးက ပြန်လည် မေးခွန်းထုတ်လိုက်၏။ “အဲဒီ အမြောက်ကြီးတွေကို သိမ်းဆည်း မိရင်တောင် ခင်ဗျားတို့ ပစ်တတ်လို့လား။”
ထိုမြို့စားက ပြန်ပြောလိုက်သည်။ “ကျုပ်တို့ဆီမှာလည်း အမြောက်တွေ ရှိတာပဲ။ ဒီအမြောက်တွေက ပိုပြီး အဆင့်မြင့်နေရင်တောင် မသုံးတတ်စရာ အကြောင်း မရှိပါဘူး။”
ချင်ဝမ် ယောင်ရောင်သည် အတန်ကြာ စဉ်းစားပြီးနောက် အမိန့်ပေးလိုက်၏။ “လူလွှတ်ပြီး အသွင်ပြောင်း သိုင်းပညာရှင် သုံးသောင်းကို တာ့ယန် အင်ပါယာရဲ့ စခန်းနေရာဆီ သွားရောက် သိမ်းပိုက်ခိုင်းလိုက်။ သူတို့ရဲ့ အမြောက်တွေနဲ့ အမြောက်ဆန်တွေ အားလုံးကို မိစ္ဆာမြို့တော်ထဲကို သယ်ဆောင်လာခဲ့ကြ။”
တာယင် ဘုရင်က ကန့်ကွက်လိုက်သည်။ “ကျုပ်ကတော့ မလုပ်သင့်ဘူး ထင်တယ်။ တာ့ယန် အင်ပါယာ တပ်ကြီး ဆုတ်ခွာသွားတုန်းက သေချာပေါက် ထောင်ချောက်တွေ မြှုပ်နှံထားခဲ့မှာပဲ။”
တစ်ခဏချင်းမှာပင် ဘေးနားရှိ မြို့စားကြီး အတော်များများက ပြောလိုက်ကြ၏။ “ထောင်ချောက်တွေ ရှိနေရင်တောင်၊ အသေအပျောက် ဒဏ်ရာရမှု စရိတ်စကကို ပေးဆပ်ရရင်တောင် စွန့်စားကြည့်သင့်တယ်လို့ ထင်ပါတယ်။”
“တာ့ယန် အင်ပါယာရဲ့ အမြောက်တွေက အလွန်ကို အဆင့်မြင့်လွန်းတယ်။ ကျုပ်တို့သာ မြို့တော်ကို ကာကွယ်ဖို့ သုံးနိုင်ရင် သူတို့ရဲ့ စစ်တပ်ကို ဖျက်ဆီးပစ်နိုင်လောက်တဲ့ သတ်ဖြတ်မှုမျိုး ပေးစွမ်းနိုင်လိမ့်မယ်။”
မကြာမီမှာပဲ ဤဆုံးဖြတ်ချက်ကို အတည်ပြုလိုက်ကြသည်။
တာရှန်းမိစ္ဆာနိုင်ငံ၏ အစွမ်းထက် အသွင်ပြောင်း သိုင်းပညာရှင် သုံးသောင်းသည် ထွက်ပေါ်လာကြပြီး ရေလှိုင်းကြီးများကဲ့သို့ တာ့ယန် အင်ပါယာ တပ်ကြီး၏ အစောပိုင်း စခန်းနေရာဟောင်းဆီသို့ ပြေးဝင်သွားကြ၏။
သူတို့သည် ခွန်အား ကြီးမားကြပြီး မြင်းရိုင်းများကဲ့သို့ သန်မာ ကြံ့ခိုင်ကာ လျင်မြန် ဖြတ်လတ်ကြ၏။ သို့ပေမည့် သံသယ ရှိစရာ မလိုလောက်အောင်ပင် တာ့ယန် အင်ပါယာ တပ်ကြီးသည် ဆုတ်ခွာသွားချိန်က သိပ်သည်း ပြည့်ကျပ်နေသော မြေမြှုပ်မိုင်း ကွင်းပြင်ကြီးကို ချန်ရစ် ထားခဲ့သည်။
“ဘုန်း ဘုန်း ဘုန်း ဘုန်း…”
တာရှန်းမိစ္ဆာနိုင်ငံ၏ အသွင်ပြောင်း သိုင်းပညာရှင်များ နယ်နိမိတ်အတွင်းသို့ ခြေချလိုက်သည်နှင့် တပြိုင်နက် ခြေထောက်အောက်ရှိ မြေမြှုပ်မိုင်းများသည် ချက်ချင်း ပေါက်ကွဲတော့၏။
ထိုအသွင်ပြောင်း သိုင်းပညာရှင်များသည် အလွန်အမင်း အားကောင်းလွန်းလှရာ ပေါက်ကွဲမှုကြောင့် ဒဏ်ရာအနာတရများ ပြည့်နှက်သွားလျှင်၊ လေထဲသို့ မြောက်တက်သွားအောင် ပေါက်ကွဲခံရလျှင်ပင် မသေဆုံးကြချေ။
မြှုပ်နှံထားသော မြေမြှုပ်မိုင်း သောင်းနှင့်ချီသည် ရန်သူ အသွင်ပြောင်း သိုင်းပညာရှင် ထောင်ဂဏန်း အနည်းငယ်ကိုသာ သတ်ဖြတ်နိုင်ခဲ့သည်။
ထိုအချိန်မှာပဲ အနက်ရောင်ဘုရင်ကျိုးသည် အသွင်ပြောင်း သိမ်းငှက်တပ်ဖွဲ့ကို ဦးဆောင်ကာ ပြန်လည် ရောက်ရှိလာပြီး ကောင်းကင်ယံမှ မရေမတွက်နိုင်သော စက်သေနတ်ကြီးများသည် စတင် ပစ်ခတ် လာကြသည်။
“ဒက်… ဒက်… ဒက်….”
မိုးသီးမိုးပေါက်များကဲ့သို့သော ကျည်ဆန်များသည် ရူးသွပ်စွာ ကျဆင်းလာကြ၏။
တာရှန်းမိစ္ဆာနိုင်ငံ၏ အသွင်ပြောင်း သိုင်းပညာရှင်များသည် ခိုင်ခံ့သော သံချပ်ကာ ဝတ်စုံများကို ဝတ်ဆင် ထားကြသော်လည်း စက်သေနတ်ကြီးများ၏ ကျည်ဆန်များကိုမူ မကာကွယ်နိုင်ကြဘဲ တစ်ယောက်ပြီး တစ်ယောက် လဲကျသွားကြသည်။
သို့ပေမည့် သူတို့၏ လှုပ်ရှားမှု အရှိန်နှုန်းမှာ အလွန် မြန်ဆန်လွန်းလှပြီး အလွန် ဖြတ်လတ်လွန်းလှသည်။ ထို့အပြင် ပစ်မှတ် အရွယ်အစားမှာလည်း အသွင်ပြောင်း လင်းတများထက် အများကြီး ပိုမို သေးငယ်သောကြောင့် ၎င်းတို့ကို ထိမှန်အောင် ပစ်ခတ်ရန်မှာ မလွယ်ကူလှချေ။
ဤသို့ဖြင့် တာရှန်းမိစ္ဆာနိုင်ငံ၏ အသွင်ပြောင်း သိုင်းပညာရှင် နှစ်သောင်းကျော်သည် တာ့ယန် အင်ပါယာ တည်ဆောက်ထားခဲ့သော စခန်းနေရာအတွင်းသို့ ပြေးဝင်လာနိုင်ခဲ့ကြသည်။
သူတို့၏ ပထမဆုံး ပစ်မှတ်မှာ အမြောက်ကြီး ရာနှင့်ချီ ဖြစ်၏။ ထိုအမြောက်ကြီးများသည် အလွန်ပင် ကြီးမားလွန်းလှပြီး အလေးချိန်မှာလည်း ထိတ်လန့်ဖွယ် ကောင်းလှသည်။ သို့ပေမည့် အသွင်ပြောင်း သိုင်းပညာရှင်များသည် ခွန်အား ကြီးမားလွန်းရာ အမှန်တကယ်ပင် မ,ပြီး သယ်ဆောင်နိုင်ကြ၏။
သို့ပေမည့် အမြောက်ကြီးများကို စတင် ရွှေ့ပြောင်းလိုက်သည့် အချိန်မှာပဲ…
“ဘုန်း ဘုန်း ဘုန်း ဘုန်း”
တိုက်ရိုက် ပေါက်ကွဲသွားကြတော့သည်။ ထို့အပြင် ဤပေါက်ကွဲမှု၏ စွမ်းအားမှာလည်း အလွန်အမင်း ထိတ်လန့်ဖွယ် ကောင်းလွန်းလှရာ အသွင်ပြောင်း သိုင်းပညာရှင်များ မည်မျှပင် သန်မာ ကြံ့ခိုင်နေပါစေ ချက်ချင်း အပိုင်းပိုင်း စုတ်ပြတ်ကာ သနားစဖွယ် သေဆုံးသွားကြရ၏။ ထိုအမြောက်ကြီးမှာလည်း ဖျက်ဆီးခြင်း ခံလိုက်ရသည်။
ထို့ကြောင့် တာရှန်းမိစ္ဆာနိုင်ငံ၏ အသွင်ပြောင်း သိုင်းပညာရှင်များသည် အမြောက်ကြီးများကို မသယ်ဆောင်မီ ထောင်ချောက်များ ရှိမရှိ၊ ဗုံးများ ရှိမရှိ အလွန် သတိထားပြီး စစ်ဆေးကြရ၏။
ဗုံးများ ရှိနေလျှင်ပင် သူတို့အနေဖြင့် ချက်ချင်း ဖြုတ်ယူ ရှင်းလင်းတတ်ရန် သင်ယူ၍ မရနိုင်ချေ။ ဖြုတ်ယူလိုက်သည်နှင့် တပြိုင်နက် ပေါက်ကွဲသွားတတ်၏။ ထို့ကြောင့်၏ ကြေကွဲဖွယ်ရာ မြင်ကွင်းများသည် တစ်ခုပြီးတစ်ခု အဆက်မပြတ် ပေါ်ထွက်နေတော့၏။
သို့ပေမည့် ဤ တာရှန်းမိစ္ဆာနိုင်ငံ၏ အသွင်ပြောင်း သိုင်းပညာရှင်များသည် အလွန်ပင် အစွမ်းထက်လွန်းလှရာ နောက်ဆုံးတွင် တာ့ယန် အင်ပါယာ၏ အမြောက်ကြီး ဆယ်နှင့်ချီကို မ, ပြီး သယ်ဆောင်သွားနိုင်ခဲ့ကြသည်။
အမြောက်ကြီးများကို သယ်ဆောင်သွားနိုင်ရုံသာမက အမြောက်ဆန် သေတ္တာ ထောင်နှင့်ချီကိုပါ သယ်ဆောင်သွားနိုင်ခဲ့ကြ၏။
ဤလူစုကို ခွန်အားကြီးမားလွန်းသည် ဟူသော စကားလုံးဖြင့်ပင် ဖော်ပြ၍ မရနိုင်တော့ချေ။ ဤအမြောက်ကြီးများ၏ အမြောက်ဆန် တစ်လုံးသည်ပင် ကီလိုဂရမ် ရာနှင့်ချီ အလေးချိန်ရှိပြီး သေတ္တာ တစ်လုံးလျှင် တန်နှင့်ချီ အလေးချိန် ရှိသည်။
နောက်ဆုံးတွင် အသွင်ပြောင်း သိုင်းပညာရှင် သုံးသောင်းအနက် တစ်သောင်းမှာ သေကြေ ဒဏ်ရာရသွားခဲ့ပြီး ကျန်ရှိသော နှစ်သောင်းမှာ မိစ္ဆာမြို့တော်အတွင်းသို့ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြ၏။
................
မိစ္ဆာမြို့တော်အတွက်မူ ဤအရာသည် အောင်ပွဲတစ်ခု ဖြစ်နေဆဲပင် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူတို့သည် အမြောက်ကြီး ဆယ်နှင့်ချီကို အောင်မြင်စွာ သိမ်းဆည်း ရရှိခဲ့ပြီး အမျိုးအစားစုံလင်သော အမြောက်ဆန် သေတ္တာ တစ်ထောင်တိတိကိုပါ ရရှိခဲ့သောကြောင့်ပင်။
တာ့ယန် အင်ပါယာဘက်မှ အမြောက်ကြီးများကို မရပ်မနား ဆက်လက် သယ်ဆောင်လာဦးမည် ဖြစ်သော်လည်း ဆယ်နှင့်ချီသော အမြောက်ကြီးများဖြင့် ခံစစ်ဆင်ရန်မှာ ပိုလျှံလွန်းလှသည်။
အဘယ်ကြောင့်ဆိုသော် တာ့ယန် အင်ပါယာ၏ တပ်ကြီးတွင် ခိုင်ခံ့သော မြို့ရိုး အကာအကွယ် မရှိသောကြောင့် ဖြစ်၏။ ဤ အမြောက်ဆန် တစ်ချက် ပစ်ခတ်လိုက်ပါက လူမည်မျှ သေဆုံးသွားမည်ကို မသိနိုင်ချေ။
ချင်ဝမ် ယောင်ရောင် နှင့် တာယင် ဘုရင်တို့က ကိုယ်တိုင်ကိုယ်ကျပင် ထိုအသွင်ပြောင်း သိုင်းပညာရှင်များကို ဆုလာဘ်များ ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် မိစ္ဆာမြို့တော်မြို့ရိုးပေါ်တွင် အမြောက်စင်္ကြံများကို ချက်ချင်း တည်ဆောက်ခဲ့ကြပြီး တာ့ယန် အင်ပါယာ တပ်ကြီး မိစ္ဆာမြို့တော်အနီးသို့ ထပ်မံ ချဉ်းကပ်လာသည်နှင့် တပြိုင်နက် ချက်ချင်း ပစ်ခတ်ရန် ပြင်ဆင်ထားကြ၏။
မြို့စားကြီး တစ်ဦးက ရုတ်တရက် အကြံပြုလိုက်သည်။ “တာ့ယန် အင်ပါယာဟာ စခန်းနေရာကို ဆုံးရှုံးသွားပြီ၊ အမြောက်ကြီးတွေကိုလည်း ဆုံးရှုံးသွားပြီဆိုတော့ ကျုပ်တို့ ဘာဖြစ်လို့ အသွင်ပြောင်း သိုင်းပညာရှင် တပ်ကြီးကို စေလွှတ်ပြီး သွားရောက် မတိုက်ခိုက်ရတာလဲ။”
ဤစကားတစ်ခွန်းကို မည်သူကမှ တုံ့ပြန် ဖြေကြားခြင်း မရှိခဲ့ကြချေ။
တာ့ယန် အင်ပါယာ၏ စစ်သည် သိန်းနှင့်ချီသော တပ်ကြီးသည် ကီလိုမီတာ ဆယ်နှင့်ချီ နောက်ဆုတ် သွားခဲ့သည်။ အမြောက်ကြီးများ မရှိတော့သော်လည်း ဘီးတပ်ပြီး လှည့်လည် သွားလာနိုင်သည့် သာမန်အမြောက် အမျိုးမျိုးနှင့် မရေမတွက်နိုင်သော စက်သေနတ်ကြီးများ ရှိနေသေး၏။
‘ခင်ဗျားက သွေးသား ခန္ဓာကိုယ်ကို အသုံးပြုပြီး အဲဒီလို တပ်ကြီးမျိုးနဲ့ လေဟာပြင်မှာ သွားတိုက်မလို့လား။ ဒါက ရူးနေတာ မဟုတ်ဘူးလား။ ဒီ အမြောက်ကြီး ဆယ်နှင့်ချီ လက်ထဲမှာ ရှိနေတာနဲ့တင် မိစ္ဆာမြို့တော်ကို ကာကွယ်ဖို့ ပိုလျှံနေပါပြီ။ နောက်ပိုင်းမှာ တာ့ယန် အင်ပါယာက အမြောက်ကြီး စခန်းနေရာသစ်ကို ထပ်မံ တည်ဆောက်ရင်တောင် မိစ္ဆာမြို့တော်ဘက်ကလည်း အမြောက်ကြီးတွေ သုံးပြီး ဖျက်ဆီးပစ်လို့ ရနေပြီပဲ။’
ယခု အဓိက အရေးကြီးဆုံး ကိစ္စမှာ ဤအမြောက်ကြီးများကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရန် ဖြစ်ပြီး သေချာ သင်ယူကာ စမ်းသပ် ပစ်ခတ်ကြည့်ရန် ဖြစ်သည်။
“သေချာပေါက် သတိထားကြပါ၊ အထူးသဖြင့် အမြောက်ဆန် သေတ္တာတွေကို သတိထားကြပါ။ အထဲမှာ ထောင်ချောက်တွေ ရှိနေနိုင်တယ်၊ ဖွင့်တဲ့အခါ အလွန် သတိထားပြီး ဖွင့်ကြ။ ယွင်ကျုံးဟဲ့က အလွန် ကောက်ကျစ် စဉ်းလဲတဲ့လူပဲ။ အထဲမှာ ထောင်ချောက်တွေ ပါလာနိုင်တယ် ဆိုတာကို သေချာ သတိထားကြ။ ခပ်ဝေးဝေးမှာ နေပြီး သေတ္တာတစ်ခုချင်းစီ ဂရုတစိုက် ဖွင့်ကြ။”
ယဇ်ပုရောဟိတ် အနည်းငယ်သည် အမိန့်အတိုင်း အမြောက်ဆန် သေတ္တာများကို အလွန် သတိထား၍ ဖွင့်လှစ်လိုက်ကြသည်။ ထင်ထားသည့်အတိုင်းပင် အထဲတွင် ထောင်ချောက်များ ရှိနေကြောင်းကို ရှာဖွေ တွေ့ရှိခဲ့ကြ၏။
ယဇ်ပုရောဟိတ်များမှာမူ မတူညီကြချေ။ သူတို့သည် ပိုမို သိမ်မွေ့ပြီး ဉာဏ်ပညာ ထက်မြက်ကြရာ ထောင်ချောက်များကို အလွန် သတိထား၍ ဖြုတ်ယူ ရှင်းလင်းနိုင်ခဲ့သည်။
အချိန်အတော်ကြာ ယူခဲ့ရပြီးနောက် နောက်ဆုံးတွင် အမြောက်ဆန် သေတ္တာများ အားလုံးကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့သည်။ ယခုအခါ အမြောက်ကြီးများ လက်ထဲတွင် ရှိနေပြီဖြစ်သလို အမြောက်ဆန်များလည်း ရရှိနေပြီ ဖြစ်၏။
‘ယွင်ကျုံးဟဲ့... အရင်တုန်းက ခင်ဗျားက အမြောက်တွေသုံးပြီး ကျုပ်တို့ကို ရူးသွပ်စွာ ပစ်ခတ်ခဲ့တယ် မဟုတ်လား။ အခု ကျုပ်တို့က ခင်ဗျားကို ပြန်လည် ပစ်ခတ်ရမဲ့ အလှည့် ရောက်လာပြီ။ ဒီတစ်ခေါက် အမှောင်ဗုံး သတ်ဖြတ်ရေး စီမံကိန်း အောင်မြင်မှု မရခဲ့ပေမယ့်လည်း အကျိုးအမြတ် မရှိတာမျိုးတော့ မဟုတ်ဘူး။’
ချင်ဝမ် ယောင်ရောင်က အမိန့်ပေးလိုက်သည်။ “အမြောက်ကို စမ်းသပ် ပစ်ခတ်ကြ…”
ထို့နောက် ယဇ်ပုရောဟိတ် အနည်းငယ်သည် အမြောက်ဆန်များကို ဂရုတစိုက် ရွေးချယ်ကာ အမြောက်ကြီးများ၏ အတွင်းသို့ ထည့်သွင်းလိုက်ကြ၏။
တာ့ယန် အင်ပါယာ တပ်ကြီးက အမြောက်များဖြင့် ရက်အတော်ကြာ ပစ်ခတ်ခဲ့သည်ကို မြင်တွေ့ဖူးသည့် အတွက် သူတို့သည်လည်း ပစ်ခတ်မှု လုပ်ငန်းစဉ် တစ်ခုလုံးကို ကြည့်ရှု မှတ်သားထားဖူးကြသည်။