အခန်း ၈၉၈
Vol. 76 Ch. 898
အပိုင်း (၈၉၈)
ယဇ်ပုရောဟိတ် တစ်ဦးက ပြောလိုက်၏။ “ဘုရင်နှစ်ပါး... အမြောက်ဆန်တွေ အားလုံးကို ဖြည့်သွင်းပြီးပါပြီ။”
“ပစ်…”
“အမိန့်အတိုင်းပါပဲ။”
ယဇ်ပုရောဟိတ် အနည်းငယ်သည် ကြိုးများကို အားကုန် ဆွဲချလိုက်ကြသည်။
“ဘုန်း ဘုန်း ဘုန်း ဘုန်း…”
အမြောက်ကြီး ဆယ်နှင့်ချီသည် အရှိန်အဟုန်ပြင်းစွာ စတင် ပေါက်ကွဲလာကြသည်။ နားကွဲမတတ် အသံကြီးများ ထွက်ပေါ်လာပြီးနောက် အမြောက်ဆန် ဆယ်နှင့်ချီသည် ကောင်းကင်ယံသို့ အရှိန်အဟုန်ဖြင့် ထိုးထွက်သွားကြပြီး အလွန် လှပသော မျဉ်းကွေး အလင်းတန်းများကို ရေးဆွဲကာ မီတာ တစ်သောင်းကျော် အကွာအဝေးသို့ လေတိုးသံ တဝီဝီဖြင့် ပျံသန်းသွားပြီးနောက် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက် ပေါက်ကွဲကြတော့၏။
“ဘုန်း ဘုန်း ဘုန်း ဘုန်း…”
မီတာ တစ်သောင်းကျော် အကွာရှိ သဲကန္တာရ လေဟာပြင်ပေါ်တွင် ပြင်းထန်သော ပေါက်ကွဲမှု ဆက်တိုက် ဖြစ်ပေါ်လာပြီး ဖြစ်ပေါ်လာသော တုန်ခါမှုကို မိစ္ဆာမြို့တော်အတွင်းမှပင် ရှင်းလင်းစွာ ခံစား သိရှိနိုင်သည်။
ထိုယဇ်ပုရောဟိတ်က ပြောလိုက်၏။ “ဘုရင်နှစ်ပါး ... စမ်းသပ် ပစ်ခတ်မှု အောင်မြင်သွားပါပြီ။ ဒီလို အမြောက်မျိုးကို ပစ်ခတ်ရတဲ့ လုပ်ငန်းစဉ်က အလွန် ရိုးရှင်းပါတယ်။ ခက်ခဲတာက ဘယ်လို ချိန်ရွယ်ရမလဲ ဆိုတာပါပဲ။ နောက်ပိုင်းကျရင် ကျုပ်တို့က ဘယ်လို ချိန်ရွယ်ရမလဲ ဆိုတာကို အစွမ်းကုန် သုတေသန ပြုလုပ်သွားပါ့မယ်။”
ချင်ဝမ် ယောင်ရောင်က မေးလိုက်သည်။ “ကျွန်မတို့ ဒီလို အမြောက်ကျည်ဆန် ဘယ်လောက်တောင် သိမ်းဆည်း မိခဲ့လဲ။”
ထိုယဇ်ပုရောဟိတ်က ဖြေလိုက်၏။ “ခန့်မှန်းခြေ နှစ်ထောင့်သုံးရာလောက် ရှိပါတယ်။”
ချင်ဝမ် ယောင်ရောင်က ဆက်ပြောလိုက်သည်။ “လုံလောက်ပါပြီ။ အချိန်အတော်ကြာ ကာကွယ်ဖို့အတွက် လုံလောက်ပါတယ်။”
မိစ္ဆာမြို့တော်ရှိ လူတိုင်းသည် အလွန်ပင် စိတ်ဓာတ် တက်ကြွနေကြသည်။ ဂုဏ်သိက္ခာ မရှိလှသော်လည်း တာရှန်းမိစ္ဆာနိုင်ငံသည် သူတို့၏ သိုင်းပညာ ယဉ်ကျေးမှုကိုသာ ယုံကြည်ကိုးကွယ်သင့်ပြီး တာ့ယန် အင်ပါယာ၏ ရူပဗေဒနှင့် စက်မှုပညာရပ် လက်နက်များကို မသုံးစွဲသင့်ချေ။ သို့ပေမည့် တာ့ယန် အင်ပါယာ၏ အမြောက်ကြီးများမှာ အလွန်ပင် အားကောင်းလွန်းလှ၏။
ထိုနောက်ပိုင်းတွင် မိစ္ဆာမြို့တော်အတွင်းရှိ ယဇ်ပုရောဟိတ်များသည် အမြောက်ဆန်များ၏ ပျံသန်းမှု မျဉ်းကွေးများကို မရပ်မနား လေ့လာ သင်ယူကြပြီး သတိထား၍ စမ်းသပ် ပစ်ခတ်ကာ အချက်အလက်များကို မှတ်တမ်းတင်ကြသည်။
“ဘုန်း ဘုန်း ဘုန်း….”
လေ့လာမှု တစ်ကြိမ် ပြီးဆုံးပြီး ဗဟုသုတ အသစ်များကို သိရှိ နားလည်သွားတိုင်း သူတို့သည် နောက်တစ်ကြိမ် ထပ်မံ၍ စမ်းသပ် ပစ်ခတ်ကြ၏။
စမ်းသပ် ပစ်ခတ်မှု တစ်ကြိမ် ပြီးဆုံးသွားတိုင်း အမြောက်များ၏ တိကျ မှန်ကန်မှု အဆင့်မှာလည်း ကြီးမားစွာ တိုးတက်လာခဲ့သည်။
နောက်ဆုံးတွင် သူတို့သည် အမြောက်ကြီးများကို ပိုမို နိမ့်ကျသော နေရာများဆီသို့ ရွှေ့ပြောင်းလာကြ၏။ မြို့ရိုးပေါ်တွင် ဆက်လက် ထားရှိ၍ မရတော့ချေ။
ပိုမိုနိမ့်ကျသော နေရာများ၌ ထားရှိမှသာ ပိုမို နီးကပ်သော နေရာများဆီသို့ ပစ်ခတ်နိုင်မှာဖြစ်သည်။ ပေဆယ်နှင့်ချီ မြင့်သော မြို့ရိုးပေါ်တွင် ထားရှိပါက ဖြစ်သလို တစ်ချက် ပစ်ခတ်လိုက်လျှင်ပင် မီတာ တစ်သောင်းကျော် အကွာအဝေးသို့ ရောက်ရှိသွားတတ်သည်။
အမြောက်ကြီး ဆယ်နှင့်ချီ သိမ်းဆည်း ခံလိုက်ရပြီးသည့် အချိန်မှစ၍ တာ့ယန် အင်ပါယာ တပ်ကြီးသည်လည်း မိစ္ဆာမြို့တော် အနီးသို့ ထပ်မံ ချဉ်းကပ်ရန် မရဲတော့ချေ။
ယွင်ကျုံးဟဲ့၏ အမိန့်ပေးမှုအောက်တွင် တပ်ကြီးသည် အလွန် သတိထား၍ ချဉ်းကပ်လာခဲ့သော်လည်း မိစ္ဆာမြို့တော်နှင့် မီတာ နှစ်သောင်း အကွာသို့ ရောက်ရှိချိန်၌ ချက်ချင်း ရပ်တန့်သွားကြ၏။
အဘယ်ကြောင့်ဆိုသော် ထိုထက် ပိုမို နီးကပ်စွာ ချဉ်းကပ်ပါက အမြောက်ကြီးများ၏ ပစ်ကွင်း ဧရိယာ အတွင်းသို့ ရောက်ရှိသွားနိုင်သောကြောင့်ပင်။
ထို့နောက် တာ့ယန် အင်ပါယာ၏ ဧရာမ လေသင်္ဘောကြီးများသည် အမြောက်ကြီး အသစ်များကို သယ်ဆောင် လာကြသည်။ သို့ပေမည့် မီတာ နှစ်သောင်း အကွာမှနေ၍ မိစ္ဆာမြို့တော်မြို့တော်ကို ပစ်ခတ်ခြင်းမှာ လုံးဝ အသုံးမဝင်ချေ။
ဤအချိန်တွင် တာ့ယန် အင်ပါယာ တပ်ကြီးသည် ဘက်ပေါင်းစုံမှ အသာစီး မရဘဲ ထိန်းချုပ်ခံထားရသကဲ့သို့ ဖြစ်နေခဲ့၏။
ရှေ့သို့ ချီတက်မည်ဆိုပါက မိစ္ဆာမြို့တော်၏ အမြောက်ဖြင့် ပစ်ခတ်မှုကို ခံရပေမည်။ ရှေ့သို့ မချီတက်ပါကလည်း မိစ္ဆာမြို့တော်ကို မပစ်ခတ်နိုင်ချေ။
ဤအရာ အားလုံး၏ အရင်းအမြစ်မှာ အမြောက်ကြီး ဆယ်နှင့်ချီ သိမ်းဆည်း ခံလိုက်ရသောကြောင့်ဟု ထင်ရသည်။
တာ့ယန် အင်ပါယာ တပ်ကြီး ရှေ့တိုးမရ နောက်ဆုတ်မရ အခက်တွေ့နေသည်ကို မြင်တွေ့ရချိန်တွင် မိစ္ဆာမြို့တော်အတွင်း၌ လူတိုင်း ဝမ်းမြောက် ပျော်ရွှင်စွာ အောင်ပွဲခံနေကြ၏။
“ပြောရမယ်ဆိုရင် ယွင်ကျုံးဟဲ့က အလွန် ဟန်ဆောင်လွန်း၊ ကြင်နာလွန်းပြီး ဖြောင့်မတ်ချင်လွန်းနေလို့ပဲ။ သူက ကျုပ်တို့ဆီမှာ အမြောက်ဆန် နှစ်ထောင်ကျော်ပဲ သိမ်းဆည်း မိထားတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း သိနေတယ်။
သူသာ လူတစ်သိန်းကျော်လောက် သေကြေ ဒဏ်ရာရခံပြီး စွန့်လွှတ်ရဲရင် ကျုပ်တို့ရဲ့ အမြောက်ဆန်တွေကို ကုန်စင်သွားအောင် လုပ်လို့ရတယ်။ ဒါပေမဲ့ သူက လက်အောက်ခံ စစ်သည်တွေရဲ့ အသက်ကို မစွန့်လွှတ်ရဲဘူး ဖြစ်နေတယ်။ ဒီလိုဆိုတော့လည်း သူတို့တွေက ကျုပ်တို့ရဲ့ မိစ္ဆာမြို့တော်ကို မတိုက်နိုင်တော့ဘူးပေါ့။ ဒီအတိုင်းပဲ အချိန်ဆွဲပြီး နေလိုက်ကြတာပေါ့။”
အခြေအနေ အမှန်မှာ ထိုအတိုင်းပင် ဖြစ်နေသယောင် ရှိသည်။
မိစ္ဆာမြို့တော်၏ အမြောက်ကြီး ဆယ်နှင့်ချီသည် ကျားတစ်ကောင်ကဲ့သို့ စူးရဲစွာ စောင့်ကြည့်နေပြီး တာ့ယန် အင်ပါယာ၏ တပ်ကြီးကို ချိန်ရွယ်ထား၏။ ယွင်ကျုံးဟဲ့၏ တပ်ကြီး ချဉ်းကပ်လာသည်နှင့် တပြိုင်နက် သူတို့သည် ချက်ချင်း ပစ်ခတ်ကြပေလိမ့်မည်။
ဤအမြောက်ကြီး ဆယ်နှင့်ချီက ယွင်ကျုံးဟဲ့၏ စစ်သည် သိန်းနှင့်ချီသော တပ်ကြီးကို ဖိနှိပ်ထားနိုင်ခဲ့သည်။
မိစ္ဆာမြို့တော်၏ အခြား တစ်ဖက်မှ ကွေ့ဝိုက်ပြီး ချီတက်ကြမည်လော။ ထိုသို့လည်း မရနိုင်ချေ။ အဘယ်ကြောင့်ဆိုသော် မိစ္ဆာမြို့တော်အတွင်းရှိ အမြောက်ကြီး ဆယ်နှင့်ချီသည်လည်း အချိန်မရွေး ရွှေ့ပြောင်း သွားလာနိုင်သောကြောင့်ဖြစ်သည်။
အမြောက်ကြီးများ လုယူခံလိုက်ရခြင်းမှာ ယွင်ကျုံးဟဲ့၏ သမိုင်းတစ်လျှောက် အဆိုးရွားဆုံးသော အမှားကြီး တစ်ခု ဖြစ်သွားခဲ့သယောင်ပင်။
တာ့ယန် အင်ပါယာ၏ မိစ္ဆာမြို့တော်အပေါ် ထိုးစစ်ဆင်မှုမှာ လုံးဝ ရပ်တန့်သွားခဲ့ပြီး တစ်လှမ်းမျှပင် မလှုပ်ရှားနိုင်တော့ဘဲ မူလနေရာ၌သာ နေထိုင်နေကြရကာ နေ့စဉ်နှင့်အမျှ ရိက္ခာပစ္စည်းများနှင့် ရေချို အမြောက်အမြားကို အချည်းနှီး ကုန်ဆုံးနေကြရ၏။
တစ်ခဏအတွင်းမှာပင် ယွင်ကျုံးဟဲ့သည် မိစ္ဆာမြို့တော်ကို မည်သို့မှ မတိုက်ခိုက်နိုင်တော့သည့် အခြေအနေသို့ ရောက်ရှိသွားခဲ့သယောင် ထင်ရသည်။
..................
ကျီးယန်က ပြောလိုက်၏။ “အရှင်မင်းကြီး ... အချိန်တန်ပြီ ထင်တယ်။”
ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်သည်။ “နောက်ထပ် ရက်နည်းနည်းလောက် ထပ်စောင့်လိုက်အုံး။”
ဤသို့ဖြင့် နောက်ထပ် နှစ်ရက်တိုင်တိုင် စောင့်ဆိုင်းခဲ့ကြသော်လည်း ယွင်ကျုံးဟဲ့ဘက်တွင် မည်သည့် နည်းလမ်းမှ မရှိသေးချေ။ စစ်သည် သိန်းနှင့်ချီသော တပ်ကြီးသည် ရန်သူ၏ အမြောက်ကြီး ဆယ်နှင့်ချီ၏ ဖိနှိပ်မှုကို သေလုမတတ် ခံနေရပြီး တစ်လက်မမျှပင် ရှေ့သို့ မတိုးနိုင်အောင် ဖြစ်နေခဲ့၏။
နောက်ဆုံးတွင် ညတစ်ည၌…
လန်ပိသည် အမောတကော ပြေးဝင်လာပြီး ပြောလိုက်သည်။ “အရှင်မင်းကြီး... အရှင်မင်းကြီး... သတင်း ရောက်လာပါပြီ။ နောက်ဆုံးရ ကြိုးမဲ့ သတင်းကို ဘာသာပြန်ဆိုပြီးပါပြီ။”
ယွင်ကျုံးဟဲ့သည် ထိုသတင်းကို ယူကြည့်လိုက်ရာ အပေါ်တွင် စကားလုံး အနည်းငယ်သာ ရိုးရှင်းစွာ ရေးသားထား၏။ “အမြောက်ဆန်များ အားလုံးကို အသင့်တော်ဆုံး နေရာများ၌ စုစည်းထားပြီးဖြစ်၍ ဖောက်ခွဲနိုင်ပါပြီ။”
စောင့်ဆိုင်းနေခဲ့သည်မှာ ဤနေ့ရက်ပင် ဖြစ်သည်။
စောင့်ဆိုင်းနေခဲ့သည်မှာ ရန်သူများ သတိလက်လွတ် ဖြစ်သွားပြီး အမြောက်ဆန် နှစ်ထောင်ကျော်ကို တစ်နေရာတည်း၌ ပုံထားကာ အသင့်တော်ဆုံးသော နေရာ၌ ချထားမည့် အချိန်ကိုဖြစ်၏။
မည်သည့်နေရာသည် အသင့်တော်ဆုံး နေရာ ဖြစ်သနည်း။ မြို့ရိုးကြီးကို ဧရာမ အက်ကွဲကြောင်းကြီး ဖြစ်ပေါ်သွားအောင် ဖြိုခွဲနိုင်မည့် နေရာ၊ မြို့တော်ကို တိုက်ရိုက် ကျဆုံးသွားစေနိုင်မည့် နေရာပင် ဖြစ်သည်။
ထို့ကြောင့် အမြောက်ကြီးများ လုယူခံရခြင်း၊ အမြောက်ဆန်များ လုယူခံရခြင်း ဟူသော အရာများ အားလုံးမှာ ယွင်ကျုံးဟဲ့၏ လျှို့ဝှက် အကြံအစည်ကြီးသာ ဖြစ်၏။
ဤအချိန်ကာလအတွင်း ယွင်ကျုံးဟဲ့၏ တပ်ကြီးက မရပ်မနား ရန်စ တိုက်ခိုက်ပြီး မိစ္ဆာမြို့တော်အနီးသို့ ချဉ်းကပ်ရန် ကြိုးစားနေခြင်း၊ တစ်ခါတစ်ရံ အရှေ့ဘက်သို့ ချီတက်ခြင်း၊ တစ်ခါတစ်ရံ အနောက်ဘက်သို့ ချီတက်ခြင်းတို့မှာ မိစ္ဆာမြို့တော်အတွင်းမှ လူများကို အမြောက်ကြီးများနှင့် အမြောက်ဆန်များကို မကြာခဏ ရွှေ့ပြောင်းစေရန်အတွက်သာ ဖြစ်သည်။
သူ၏ ရည်ရွယ်ချက်မှာ အမြောက်ဆန်များကို အသင့်တော်ဆုံးသော နေရာများဆီသို့ ရွှေ့ပြောင်းလာစေရန် အတွက်ပင် ဖြစ်၏။
ဟုတ်ပေသည်။ ထိုအမြောက်ဆန် သေတ္တာများတွင် ထောင်ချောက်များ မပါဝင်သကဲ့သို့ အချိန်ကိုက် ဗုံးများလည်း မပါဝင်ချေ။ သို့ပေမည့် အမြောက်ဆန်များ၏ အတွင်းပိုင်း၌မူ တစ်စုံတစ်ခု ပါဝင်နေခဲ့သည်။
ထို့အပြင် ဗုံးများကို ဖောက်ခွဲရန်အတွက် ထောင်ချောက်များသာ လိုအပ်သည်ဟု မည်သူက ပြောခဲ့ပါသနည်း။ ဤလောကကြီးတွင် အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲနိုင်သည့် ဗုံး ဟူသော အရာများလည်း ရှိနေသေးသည်။ ကြိုးမဲ့အချက်ပြစနစ်ကို အသုံးပြုပြီးတော့လည်း ဗုံးများကို ဖောက်ခွဲနိုင်၏။
သို့ပေမည့် ဤအရာမှာ ရန်သူများ လုံးဝ နားမလည်နိုင်သည့် ဗဟုသုတ နယ်ပယ်ကြီးတစ်ခု ဖြစ်နေသည်။ သူတို့သည် အိပ်မက်ထဲတွင်ပင် ဗုံးများကို အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲ၍ ရနိုင်ကြောင်း စဉ်းစားမိကြမည် မဟုတ်ချေ။
ဤအရာမှာ ဗဟုသုတပိုင်းဆိုင်ရာ ဖိနှိပ်မှုကြီး ဖြစ်ပြီး သိပ္ပံပညာရပ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုကြီးပင် ဖြစ်သည်။
နောက်ဆုံးတွင်တော့ မိစ္ဆာမြို့တော်အတွင်းမှ ဤသတင်းကို စောင့်ဆိုင်း ရရှိခဲ့ပြီဖြစ်၏။
ယွင်ကျုံးဟဲ့က ခပ်အေးအေး ပြောလိုက်သည်။ “စကြစို့…”
“အမိန့်အတိုင်းပါပဲ။”
ကျီးယန်သည် လေသင်္ဘော တစ်စင်းကို စီးနင်းကာ ညအမှောင်ထုကို အားကိုးပြီး မိစ္ဆာမြို့တော်၏ ကောင်းကင်ယံဆီသို့ ပျံသန်းသွားခဲ့ကာ ထိုအမြောက်ဆန်များ၏ အဝေးထိန်း အာရုံခံ နယ်နိမိတ် အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
ထိုအမြောက်ဆန်များအနက် ဆယ်နှင့်ချီသော အမြောက်ဆန်များ၏ အတွင်းပိုင်း၌ အထူး ကိရိယာများကို တပ်ဆင်ထား၏။
စစ်သည်တစ်ဦးက သတင်းပို့လိုက်သည်။ “စစ်သေနာပတိချုပ်... အချက်ပြမှု ရရှိပါပြီ။ အဝေးထိန်း ထိန်းချုပ်မှု နယ်နိမိတ်အတွင်း ဝင်ရောက်သွားပါပြီ။”
ကျီးယန်က အောက်ဘက်ရှိ ကြီးမားလှသည့် မိစ္ဆာမြို့တော်ကြီးကို ငုံ့ကြည့်လိုက်၏။
ထို့နောက် သက်ပြင်းခပ်ဖွဖွချကာ ပြောလိုက်သည်။ “ဒီလို စစ်ပွဲမျိုးက တကယ်ကို စိတ်ဝင်စားစရာ ကောင်းတာပဲ။ ဘက်ပေါင်းစုံကနေ အပြတ်အသတ် ဖိနှိပ်နိုင်လွန်းတော့ ရန်သူတွေဟာ မြို့တော် ဘယ်လို ကျဆုံးသွားလဲ ဆိုတာကိုတောင် သိလိုက်ကြမှာ မဟုတ်ဘူး။”
ထို့နောက် သူမသည် အဝေးထိန်း ခလုတ်ကို အားကုန် ဖိချလိုက်လေတော့၏။
စက္ကန့်အနည်းငယ် ကြာမြင့်ပြီးသည့်နောက်…
“ဘုန်း ဘုန်း ဘုန်း ဘုန်း ဘုန်း…”
အောက်ဘက်ရှိ မိစ္ဆာမြို့တော်အတွင်းမှ အလေးချိန် ကီလိုဂရမ် ရာနှင့်ချီရှိသော အမြောက်ဆန် နှစ်ထောင်ကျော် အားလုံးသည် ပြင်းထန်စွာ တပြိုင်နက်တည်း ပေါက်ကွဲသွားကြတော့သည်။
ကောင်းကင်နှင့် မြေကြီး တုန်လှုပ်သွားလောက်သော ပေါက်ကွဲမှုကြီး၊ လောကပျက်မတတ် ဖျက်ဆီးပစ် နိုင်သော ပေါက်ကွဲမှုကြီးပင်။
ထို့အပြင် နေရာမှာလည်း အလွန်ပင် သင့်တော်လွန်းလှရာ မိစ္ဆာမြို့တော်မြို့ရိုး၏ အတွင်းပိုင်း ခံစစ်တပ်စခန်း နေရာတွင် တည်ရှိနေပြီး ဖောက်ခွဲမည့် ပေါက်ကွဲမှတ်ထက်ပင် အများကြီး ပိုမို သာလွန် ကောင်းမွန်နေခဲ့သည်။
ဤပေါက်ကွဲမှု စွမ်းအားမှာ မည်မျှ ထိတ်လန့်ဖွယ် ကောင်းမည်နည်း။
“ဘုန်း ဘုန်း ဘုန်း ဘုန်း…”
ကောင်းကင်အထိ မြင့်တက်လာသော မီးတောက်ကြီးများနှင့်အတူ မြို့ရိုးကြီး တစ်ခုလုံးသည် ကော့ပျံ မြောက်တက်သွားခဲ့၏။
ထို့နောက် ဧရာမ ကြီးမားလှသည့် အက်ကွဲကြောင်းကြီး တစ်ခုအဖြစ် ဖောက်ခွဲခြင်း ခံလိုက်ရတော့သည်။
ဤသည်ကား အမြောက်ဆန်သေတ္တာပေါင်း ထောင်နှင့်ချီ၍ ရှိနေခြင်း ဖြစ်သည်။ ၎င်းတို့အနက် အမြောက်ကြီးများတွင် အသုံးပြုသည့် အမြောက်ဆန် သီးသန့်ပင် နှစ်ထောင်ခန့် ရှိနေပြီး အခြားသော အမြောက်ဆန်မျိုးစုံနှင့် ပေါင်းစပ်လိုက်ပါက စုစုပေါင်း သောင်းနှင့်ချီ၍ ရှိနေ၏။
ပေါက်ကွဲမှုစွမ်းအားကို တွက်ချက်ကြည့်မည်ဆိုလျှင် တီအန်တီ ယမ်းပေါင်ပေါင်း ထောင်နှင့်ချီ၍ ရှိပေလိမ့်မည်။ ဤမျှပြင်းထန်သော စွမ်းအားသည် မည်မျှပင် အံ့ဩတုန်လှုပ်ဖွယ်ရာ ကောင်းမည်နည်း။
မိစ္ဆာမြို့တော်၏ မြို့ရိုးသည် မည်မျှပင် ထူထပ်သည်ဖြစ်စေ၊ မည်မျှပင် ထူးဆန်းအံ့ဩဖွယ် ကောင်းသည်ဖြစ်စေ ဤမျှပြင်းထန်လှသော ပေါက်ကွဲမှုကိုမူ ကြံ့ကြံ့ခံနိုင်လိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် ဤသည်ကား အခြားပုံစံတစ်မျိုးဖြင့် ထရိုဂျင်မြင်းသစ်သားဗျူဟာကို အသုံးချကာ မြို့တော်ကို ဖျက်ဆီးပစ်လိုက်ခြင်းပင် ဖြစ်သည်။
“ဝုန်း... ဝုန်း... ဝုန်း...”
အမြောက်ဆန်သေတ္တာပေါင်း ထောင်နှင့်ချီ၍ တစ်ခုပြီးတစ်ခု ဆင့်ကဲ ဆင့်ကဲ ပေါက်ကွဲသွားကြတော့၏။
မိုင်ပေါင်းဆယ်ဂဏန်းမျှ ကွာဝေးသော အရပ်ဒေသရှိ မြေပြင်ကြီးပင်လျှင် ပြင်းထန်စွာ တုန်ခါနေပြီး မိစ္ဆာမြို့တော်တစ်ခုလုံးနီးပါးလည်း လှုပ်ခါယိမ်းထိုးလျက် ရှိသည်။
မရေမတွက်နိုင်သော ကျောက်တုံးကြီးများနှင့် ကွန်ကရစ်တုံးကြီးများသည် မီတာရာပေါင်းများစွာ မြင့်မားသော ကောင်းကင်ယံထက်သို့ လွင့်စင်တက်သွားကြ၏။
ဟုန်းဟုန်းတောက်လောင်နေသော မီးတောက်မီးလျှံများနှင့် မှိုပွင့်သဏ္ဌာန် မီးခိုးလုံးကြီးများသည် တစ်ခုပြီးတစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွားကြပြီး ပေါက်ကွဲထွက်လာသော မီးလျှံများသည် ကောင်းကင်ပြင်တစ်ခုလုံးကို တစ်ခဏချင်းအတွင်း လင်းထိန်သွားစေသည်။
ဧရာမမြို့ရိုးကြီးမှာလည်း အပိုင်းပိုင်းအပြတ်ပြတ် ကွဲအက်ကာ အပျက်အစီးပုံများအဖြစ်သို့ ပြောင်းလဲသွားတော့၏။
ကောင်းကင်နှင့် မြေကြီးကိုပင် တုန်လှုပ်ချောက်ချားစေသော ဤပေါက်ကွဲမှုကြီးသည် တစ်မိနစ်၊ နှစ်မိနစ်ခန့်အထိ ကြာမြင့်ခဲ့သည်။
ပေါက်ကွဲမှု ပြီးဆုံးသွားသည့်အချိန်၌ ဧရာမ မိစ္ဆာမြို့တော်ကြီး၏ မြို့ရိုးမှာ အကြီးအကျယ် ပြိုကျ ပျက်စီးသွားခဲ့ပြီး တစ်ကီလိုမီတာ၊ နှစ်ကီလိုမီတာခန့် အရှည်ရှိသော အပိုင်းကြီးတစ်ခုမှာ လုံးဝ ပြန်လည် ပြုပြင်၍ မရနိုင်တော့သော အခြေအနေသို့ ဆိုက်ရောက်သွားခဲ့၏။
ထို့ပြင် လုယူလာခဲ့သော အမြောက်ကြီး ဆယ်လက်ကျော်မှာလည်း အားလုံး ပျက်စီးသွားခဲ့ရသည်။
ထိုမျှမကသေးဘဲ မြို့ရိုးထက်ရှိ ကာကွယ်ရေးတပ်ဖွဲ့ဝင် သောင်းနှင့်ချီ၍လည်း အရှင်လတ်လတ် ပေါက်ကွဲသေဆုံးသွားခဲ့၏။
၎င်းတို့မှာ အသွင်ပြောင်းသိုင်းသမားများ ဖြစ်ကြသော်လည်း ဤမျှပြင်းထန်လှသော ပေါက်ကွဲမှုဒဏ်ကိုမူ ကြံ့ကြံ့မခံနိုင်ကြပေ။
ခန္ဓာကိုယ်များမှာ တစ်စစီ ကြေမွပျက်စီးသွားခဲ့ရသောကြောင့် သေဆုံးလျှင်ပင် မြေမြှုပ်သင်္ဂြိုဟ်စရာ နေရာမရှိတော့လောက်အောင်ပင်။
အလွန်ပင် ရက်စက်လှပေသည်။ မည်မျှအထိ များပြားလှသော အဆောက်အအုံများ ပျက်စီးခြင်းသို့ ရောက်ရှိသွားခဲ့သည်ကိုပင် မခန့်မှန်းနိုင်တော့ချေ။
“ဝုန်း... ဝုန်း...”
မလှမ်းမကမ်းဆီမှ အသေးစား ပေါက်ကွဲသံများလည်း အဆက်မပြတ် ဆက်လက်ထွက်ပေါ်နေဆဲ ဖြစ်သည်။
မိစ္ဆာမြို့တော်၏ ဗဟိုခန်းမကြီးအတွင်းရှိ လူများ၏ မျက်နှာများမှာ ဖြူရော်ပြာနှမ်း၍ အကျည်းတန်နေကြပြီး တစ်ကိုယ်လုံးလည်း အဆက်မပြတ် တုန်ယင်လျက် ရှိနေ၏။
အချိန်အနည်းငယ် ကြာပြီးနောက် နောက်ဆုံးတွင်မူ ပေါက်ကွဲမှုကြီးမှာ လုံးဝ ငြိမ်သက်သွားခဲ့သည်။