အခန်း ၈၉၉
Vol. 76 Ch. 899
အပိုင်း (၈၉၉)
ချင်ဝမ် ယောင်ရောင်နှင့် တာယင်ဘုရင်တို့သည် မြို့စားအဆင့်ရှိသူ ဆယ်ဂဏန်းခန့်အပြင် ယဇ်ပုရောဟိတ်ချုပ်များကိုပါ ခေါ်ဆောင်၍ အပြင်သို့ ထွက်လာကြပြီး အလွန်ရက်စက်ကြောက်မက်ဖွယ် ကောင်းသော မြင်ကွင်းကို ငေးကြည့်နေကြ၏။
အရှေ့ဘက်မြို့ရိုးမှာ တစ်ကီလိုမီတာ၊ နှစ်ကီလိုမီတာခန့် ပြိုကျပျက်စီးသွားခဲ့ပြီး ပေါက်ကွဲမှုဗဟိုချက်၏ ပတ်လည် ကီလိုမီတာတစ်ထောင်အတွင်းရှိ ခံတပ်များနှင့် အိမ်ခြေအားလုံးနီးပါးမှာလည်း မြေပြင်နှင့် တစ်ပြေးညီ ဖြစ်သွားခဲ့သည်။
မည်သူတစ်ဦးတစ်ယောက်မျှ စကားတစ်ခွန်းမှ မဟရဲကြချေ။
အချိန်အတော်ကြာ နှုတ်ဆိတ်နေကြပြီးနောက် နောက်ဆုံး၌ လူတစ်ယောက်က စတင်၍ စကားပြောလိုက်၏။ “အရင်က တာ့ကျိုး အင်ပါယာရဲ့ မြို့တော် ကျဆုံးခဲ့တုန်းကလည်း ဒီလိုပဲ ကျဆုံးခဲ့တာ။”
အမှန်ပင် ဖြစ်သည်။ အတိတ်ကာလက တာ့ကျိုးအင်ပါယာ၏ မြို့တော်မှာလည်း ယမ်းမှုန့်များကို ဖောက်ခွဲ၍ မြို့ရိုးကို ဖြိုချခြင်း ခံခဲ့ရဖူးသည်။ သို့သော်လည်း ယနေ့ဖြစ်ပွားခဲ့သော ပေါက်ကွဲမှု ပမာဏမှာမူ တာ့ကျိုးမြို့တော် ကျဆုံးစဉ်ကထက် အဆပေါင်း ဆယ်ဂဏန်းမက ပိုမိုကြီးမားပြင်းထန်လို့နေသည်။
နောက်ဆက်တွဲ အနေဖြင့် မည်သို့ ဆက်လက်လုပ်ဆောင်ကြမည်နည်း။ တာဝန်ရှိသူများကို အပြစ်ရှာရမည်လား။
အစောပိုင်းက တာယင်ဘုရင်သည် တာ့ယန်အင်ပါယာ၏ အမြောက်ကြီးများကို သွားရောက်လုယူမည် ဆိုသည့် အကြံကို ကန့်ကွက်ခဲ့ဖူးသည်။
သို့သော်လည်း ချင်ဝမ် ယောင်ရောင်က မိမိ၏ သဘောထားကိုသာ အတင်းအကြပ် ရှေ့တန်းတင်ကာ အသွင်ပြောင်း သိုင်းသမား သောင်းနှင့်ချီ၍ စေလွှတ်ကာ အမြောက်ကြီးများကို လုယူစေခဲ့ခြင်း ဖြစ်၏။
ထိုအမှားကြောင့်ပင် ယွင်ကျုံးဟဲ့၏ အကွက်ကျကျ ဆင်ထားသော အကြံအစည်အတွင်းသို့ သက်ဆင်း သွားခဲ့ရခြင်း ဖြစ်သည်။
အချိန်အတော်ကြာပြီးနောက် လူတစ်ယောက်က လေးနက်စွာ မေးမြန်းလိုက်၏။ “ကျုပ်တို့ လက်ထဲမှာ အင်အား ဘယ်လောက် ကျန်သေးလဲ။”
မိစ္ဆာမြို့တော်တွင် ယခင်က အင်အားတောင့်တင်းမှုမှာ အံ့ဩဖွယ်ကောင်းလောက်အောင် ရှိခဲ့ပြီး လျှို့ဝှက် လက်နက် အမြောက်အမြား ရှိခဲ့သည်ဟုပင် ဆိုနိုင်သည်။
၎င်းတို့အနက် အသွင်ပြောင်း သဲသန်ကောင်များ၊ သန်းရာနှင့်ချီသော အသွင်ပြောင်း မီးပိုးကောင်များ၊ အသွင်ပြောင်း ကျီးကန်း သိန်းနှင့်ချီသည့်အပြင် အသွင်ပြောင်း လင်းတစစ်တပ်နှင့် အမှောင်ဗုံး ထောင်နှင့်ချီ၍လည်း ပါဝင်၏။
အကယ်၍သာ ထိုလက်နက်များကို ပုံမှန်အတိုင်း ထိရောက်စွာ အသုံးပြုနိုင်ခဲ့မည်ဆိုပါက မည်သည့် လျှို့ဝှက်လက်နက်မဆို တာ့ယန်အင်ပါယာ စစ်တပ်အား ကြီးမားသော ထိုးနှက်ချက်များ ပေးစွမ်းနိုင်မည်မှာ သေချာသည်။
သို့သော်လည်း ယခုအခါတွင်မူ ဤလျှို့ဝှက်လက်နက်အားလုံးသည် အသုံးမဝင်သော အရာများအဖြစ်သို့ ပြောင်းလဲသွားတော့၏။
“ကျုပ်တို့ဆီမှာ အသွင်ပြောင်း သိုင်းသမား သိန်းဂဏန်းလောက် ရှိသေးတယ်။” လူတစ်ယောက်က ပြောလိုက်သည်။
“ကျုပ်တို့ဆီမှာ အသွင်ပြောင်း ဧရာမ ဝံပုလွေ တစ်သိန်းကျော် ရှိသေးတယ်။” ယဇ်ပုရောဟိတ်ချုပ်က ပြော၏။
ဤအရာက မိစ္ဆာမြို့တော်၏ နောက်ဆုံး အင်အားများဖြစ်သည်။
ရုတ်တရက် လူတစ်ယောက်က မေးလိုက်၏။ “ဧကရာဇ်မင်းကြီး ကော။”
ကုန်းစွန်းယန်က ဖြေသည်။ “ဧကရာဇ်မင်းကြီးဟာ အရေးအကြီးဆုံး အသွင်ပြောင်းမှုကို လုပ်ဆောင် နေပါတယ်။ အောင်မြင်သွားတာနဲ့ တပြိုင်နက် နတ်ဘုရားအဖြစ် အဆင့်တက်သွားမှာ ဖြစ်ပြီး လေတွေကို ခေါ်ယူနိုင်မယ်၊ မိုးတွေကို ရွာစေနိုင်မယ်၊ ကောင်းကင်နဲ့ မြေကြီးကို ပြောင်းပြန်လှန်နိုင်မယ်၊ လောကကြီးကိုတောင် ဖျက်ဆီးပစ်နိုင်ပါတယ်။”
မည်သူမှ ထပ်မံ၍ စကားမဆိုကြတော့ပေ။
ကုန်းစွန်းယန်၏ စကားမှာ အလွန်ပင် ရှင်းလင်းပြတ်သားလှသည်။ ဤအချိန်တွင် ဧကရာဇ်မင်းကြီးအနေဖြင့် ပေါ်ထွက်လာနိုင်တော့မည် မဟုတ်သလို ပျက်စီးသွားသော အခြေအနေအရပ်ရပ်ကိုလည်း ပြန်လည် ထိန်းသိမ်းနိုင်တော့မည် မဟုတ်ချေ။
သို့သော်လည်း ဧကရာဇ်မင်းကြီး ပျောက်ကွယ်သွားခဲ့သည်မှာ ဆယ်နှစ်နီးပါး ရှိနေပြီဖြစ်ရာ လူများအနေဖြင့် အမျိုးမျိုး တွေးတောပူပန်ခြင်း မဖြစ်ဘဲ မည်သို့ နေနိုင်မည်နည်း။
“ဘုရင်ကြီးနှစ်ပါး... ကျုပ်တို့လက်ထဲမှာ ယွင်ကျုံးဟဲ့ရဲ့ ဓားစာခံတွေ အမြောက်အမြား ရှိနေပါသေးတယ်။ သူတို့ကို မြို့ရိုးပေါ် ခေါ်ထုတ်သွားပြီးတော့ အကယ်၍ သူက မြို့ကို ဆက်တိုက်မယ်ဆိုရင် လူတစ်ယောက်ချင်းစီကို သတ်ပြပစ်လိုက်မယ်။”
ရုတ်တရက် ယဇ်ပုရောဟိတ်ချုပ်တစ်ဦးက ရှေ့သို့ထွက်၍ ပြောလိုက်သည်။ “ယွင်ကျုံးဟဲ့က သူ့လူတွေကို သနားတတ်တဲ့သူဆိုတော့ သေချာပေါက် မြို့ကို ဆက်ပြီး မတိုက်ရဲတော့ပါဘူး။”
ဤစကား ထွက်ပေါ်လာသည့်အခါတွင်မူ လူအများအပြား၏ မျက်နှာတွင် သဘောတူထောက်ခံသည့် အမူအရာများ လှစ်ဟပြသလာကြ၏။
တာယင် ဘုရင်က ငြင်းလိုက်သည်။ “မရဘူး။ အဲဒီလို လုပ်လိုက်ရင် ကျုပ်တို့ တာရှန်းမိစ္ဆာနိုင်ငံရဲ့ ဂုဏ်သိက္ခာ ဘယ်ရောက်သွားမလဲ။”
မြို့စား တစ်ယောက်က ပြောလိုက်၏။ “သေရေးရှင်ရေး အချိန်ရောက်နေပြီကို ဂုဏ်သိက္ခာအကြောင်း ပြောနေအုံးမလို့လား။”
တာယင် ဘုရင်က အေးစက်စွာ မေးလိုက်သည်။ “ခင်ဗျားတို့ ဆိုလိုတာက ကျုပ်သမက်၊ ကျုပ်ညီ၊ ကျုပ်သမီး၊ ပြီးတော့ ကျုပ်မြေးတွေကို မြို့ရိုးပေါ် ခေါ်သွားပြီး၊ အကယ်၍ ယွင်ကျုံးဟဲ့က မြို့ကို တိုက်တာနဲ့ သူတို့ကို သတ်ပစ်လိုက်မယ်လို့ ပြောချင်တာလား။”
ထိုမြို့စားက ပြာပြာသလဲ ပြောလိုက်၏။ “ကျုပ် အဲဒီလို သဘော မဆိုလိုပါဘူး။ တာရှန်းမိစ္ဆာနိုင်ငံရဲ့ မင်းသမီးနဲ့ ဧကရာဇ် မြေးတွေကိုတော့ သေချာပေါက် မသတ်ပါဘူး။”
တာယင် ဘုရင်က ဒေါသတကြီး မေးလိုက်သည်။ “ဒါဆို ဘယ်လို ခွဲခြားမလဲ။ ကျုပ်သမီး မင်းသမီး ယင်ကျုးက ယွင်ယောင်ရဲ့ ဇနီးလေ။ သူမကို သတ်မလား၊ မသတ်ဘူးလား။ ကျုပ်ရဲ့ညီ ယင်ချွဲ့ ကိုကော၊ သတ်မလား၊ မသတ်ဘူးလား။”
ချင်ဝမ် ယောင်ရောင်က အေးစက်စက် မေးလိုက်၏။ “တာယင် ဘုရင်... ရှင့်ရဲ့ ဆိုလိုရင်းက လက်နက်ချချင်ပြီး နောက်ဆုတ်ဖို့ လမ်းရှာချင်နေတာလား။”
ကုန်းစွန်းယန်က ပြောလိုက်သည်။ “တာယင် ဘုရင်... ဧကရာဇ်မင်းကြီး ဟာ တံခါးပိတ် လေ့ကျင့်နေတာပါ။ ကျုပ်တို့ မရှုံးသေးပါဘူး။ ဧကရာဇ်မင်းကြီး တံခါးပိတ် လေ့ကျင့်ရာကနေ ထွက်လာတာနဲ့ တပြိုင်နက်... ယွင်ကျုံးဟဲ့ တို့၊ တာ့ယန် အင်ပါယာ တို့ ဆိုတာက ရွှံ့ရုပ်လေးတွေ၊ ခွေးလေးတွေလို ဖြစ်သွားမှာပါ။ ခင်ဗျားက ဧကရာဇ်မင်းကြီးရဲ့ သား၊ အင်ပါယာရဲ့ အိမ်ရှေ့မင်းသား တစ်ယောက် အနေနဲ့ ဒီလို စကားတွေ ပြောတာ မသင့်တော်ဘူး မလား။”
ယဇ်ပုရောဟိတ်ချုပ်က ပြော၏။ “တာယင် ဘုရင်... ခင်ဗျားက ဧကရာဇ်မင်းကြီး သတ်မှတ်ထားတဲ့ ဆက်ခံသူပါ။ ခင်ဗျားက အင်ပါယာအတွက် စံပြ ဖြစ်ရပါမယ်။ နောက်ဆုတ်ဖို့ လမ်းရှာဖို့ လုံးဝ မတွေးပါနဲ့။ အနာဂတ်မှာ တာ့ယန် အင်ပါယာရဲ့ လက်အောက်မှာ ချမ်းသာကြွယ်ဝမှုတွေကို ဆက်လက် ခံစားနိုင်ဖို့လည်း မတွေးပါနဲ့။ ဒါက တစ်ယောက် သေမှ တစ်ယောက် ရှင်မယ့် တိုက်ပွဲပါ။ သေရင် သေ၊ မသေရင် လောက တစ်ခွင်ကို လွှမ်းမိုးပြီး လောကကြီးကို သိမ်းပိုက်ရမှာပါ။”
ခေါင်းဆောင်လေးဦးအနက် သုံးဦးမှာ လုံးဝကို အစွန်းရောက်လှသည့် သူများ ဖြစ်ကြသည်။
တာယင်ဘုရင်၏ အကြည့်တို့သည် ထိုနေရာတွင် ရှိနေကြသော မြို့စား ဆယ်ဂဏန်းခန့်ဆီသို့ ဝေ့ဝဲ ရောက်ရှိသွား၏။
ဤနေရာတွင် ရှိနေသူတိုင်းက ထိုမျှအထိ အစွန်းရောက်နေကြသည်လား။ အားလုံးက အသက်စွန့်၍ အနစ်နာခံလိုနေကြသည်လား။
အမှန်စင်စစ်မူ ထိုသို့မဟုတ်ချေ။ သို့သော်လည်း ယခုကဲ့သို့သော အရေးကြုံချိန်တွင် လက်နက်ချလိုသည့် အရိပ်အယောင်ကို စိုးစဉ်းမျှ ထုတ်ဖော်ပြသ၍ မရနိုင်ချေ။ အကယ်၍ ထိုသို့သော အရိပ်အယောင်ကိုသာ ပြသမိပါက သေချာပေါက် အညှာတာမဲ့ နှိပ်ကွပ်ခြင်းကို ခံရပေလိမ့်မည်။
ယဇ်ပုရောဟိတ်ချုပ် တစ်ဦးက အေးစက်သည့် လေသံဖြင့် မေးလိုက်၏။ “ပြောရမယ်ဆိုရင် အရမ်း ထူးဆန်းတယ်။ အရင်က ကျုပ်တို့ အမှောင်ဗုံးတွေ သုံးပြီး တာ့ယန် အင်ပါယာ စစ်တပ်တွေကို လေကြောင်းကနေ တိုက်ခိုက်မလို့ လုပ်တုန်းက ယွင်ကျုံးဟဲ့က သတင်းအချက်အလက်ကို အချိန်မီ ရသွားခဲ့တယ်။ ကျုပ်တို့ထဲမှာ အတွင်းလူ (သစ္စာဖောက်) ရှိနေပြီး ကျုပ်တို့ အမှောင်ဗုံးတွေနဲ့ လေကြောင်းကနေ တိုက်ခိုက်တော့မယ် ဆိုတဲ့ သတင်းကို ပေါက်ကြားသွားစေတာများလား။”
ဤစကား ထွက်ပေါ်လာချိန်မှာတော့ တာယင် ဘုရင်၏ မျက်နှာက အေးစက်သွားပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။ “ခင်ဗျားတို့ ရှင်းရှင်းလင်းလင်း သိထားပါ။ တာ့ယန် အင်ပါယာရဲ့ အဲဒီ အမြောက်ကြီးတွေကို သွားလုဖို့ကိစ္စကို ကျုပ်က အမြဲတမ်း ကန့်ကွက်ခဲ့တာပါ။ ယွင်ကျုံးဟဲ့က ဉာဏ်များပြီး ကောက်ကျစ်တယ်လို့ ကျုပ် ပြောခဲ့ပါတယ်။ အမြောက်တွေ သွားလုဖို့ အတင်းအကြပ် လုပ်ခဲ့တာ ခင်ဗျားတို့ပါ။”
“ဒါက အမှန်ကို ဖုံးကွယ်ဖို့ ဟန်ဆောင်တာများလား။” ချက်ချင်းပဲ ထိုယဇ်ပုရောဟိတ်ချုပ်က အေးစက်စွာ ပြန်ပြောလိုက်၏။
တာယင် ဘုရင် သူ့ကို တစ်ချက် ကြည့်လိုက်ပြီးနောက် လေကို ပြင်းပြင်း တစ်ချက် ရှူထုတ်လိုက်ကာ ဖြည်းညင်းစွာ မေးလိုက်သည်။ “ချင်ဝမ် ယောင်ရောင်... တာရှန်းမိစ္ဆာနိုင်ငံရဲ့ ချင်ဝမ်ကြီးတွေထဲမှာ ကျုပ်က အဆင့် ဘယ်လောက်မှာ ရှိလဲ။”
ချင်ဝမ် ယောင်ရောင်က ဖြေလိုက်၏။ “ရှင်က အဆင့်တစ် မှာရှိတယ်။”
တာယင် ဘုရင်က ထပ်မေးသည်။ “ကုန်းစွန်းယန်... ကျုပ်က ခမည်းတော် သတ်မှတ်ထားတဲ့ အိမ်ရှေ့မင်းသား ဟုတ်လား၊ မဟုတ်ဘူးလား။”
ကုန်းစွန်းယန်၏ မျက်နှာ အနည်းငယ် တုန်ယင်သွားပြီး ဖြေလိုက်၏။ “သေချာပေါက် ဟုတ်တာပေါ့။”
တာယင် ဘုရင်က ထပ်မေးသည်။ “ယဇ်ပုရောဟိတ်ချုပ်... ခမည်းတော်ရဲ့ အမိန့်တော်အရ ကျုပ်က မိစ္ဆာမြို့တော်ရဲ့ အမြင့်ဆုံး စစ်သေနာပတိ ဟုတ်လား၊ မဟုတ်ဘူးလား။”
ယဇ်ပုရောဟိတ်ချုပ်က ဖြေ၏။ “ဧကရာဇ်မင်းကြီး မရှိတဲ့ အချိန်မှာ ခင်ဗျားက သေချာပေါက် မိစ္ဆာမြို့တော် ရဲ့ အမြင့်ဆုံး စစ်သေနာပတိ ပါပဲ။ အကယ်၍ ခင်ဗျားက ဆက်ပြီး တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားတယ် ဆိုရင် ကျုပ်တို့က ခင်ဗျားရဲ့ ဆန္ဒကို သေချာပေါက် နာခံရမှာပါ။ ဒါပေမဲ့ အကယ်၍ ခင်ဗျားက လက်နက်ချဖို့၊ အလျှော့ပေးဖို့ စိတ်ကူးရှိနေတယ် ဆိုရင်တော့ တာရှန်းမိစ္ဆာနိုင်ငံမှာ သေဖို့ မကြောက်တဲ့သူတွေ အများကြီး ရှိပါတယ်။”
တာယင် ဘုရင်က အေးစက်တင်းမာသည့် လေသံဖြင့် မေးလိုက်သည်။ “ကျုပ် သေဖို့ မကြောက်သရွေ့၊ ကျုပ် ဆက်ပြီး တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားသရွေ့ ခင်ဗျားတို့ ကျုပ်ကို နာခံမှာလား။”
ထို့နောက် တာယင် ဘုရင်က ပြတ်သားစွာ ပြောလိုက်၏။ “ပထမဆုံး အနေနဲ့ ယွင်ကျုံးဟဲ့ရဲ့ ဆွေမျိုးတွေကို ဓားစာခံ အဖြစ် သုံးပြီး သူ မြို့ကို မတိုက်အောင် တားဆီးဖို့ ဆိုတာကို ကျုပ် လုံးဝ ကန့်ကွက်ပါတယ်။ အဲဒီလို လုပ်လိုက်ရင် ကျုပ်တို့ တာရှန်းမိစ္ဆာနိုင်ငံဟာ အောက်တန်းကျတဲ့ နိုင်ငံ တစ်နိုင်ငံ ဖြစ်သွားမှာပါ။ ခင်ဗျားတို့က ကျုပ်ကို သေဖို့ ကြောက်တယ်လို့ အမြဲ ပြောနေကြတယ်၊ ကျုပ်က လက်နက်ချချင်တယ်လို့ ပြောနေကြတယ်။ ဒါဆို နောက်ဆက်တွဲ ကျုပ်ရဲ့ ဆုံးဖြတ်ချက်ကို ပြောပြမယ်။”
လူတိုင်း မျက်နှာ အမူအရာ လေးနက်သွားပြီး တာယင်ဘုရင်၏ စကားများကို တိတ်ဆိတ်စွာ နားထောင်နေကြသည်။
တာယင် ဘုရင်က ဆက်ပြော၏။ “ကျုပ်တို့ လက်ထဲမှာ အသွင်ပြောင်း သိုင်းသမား သိန်းဂဏန်းလောက် ရှိသေးတယ်၊ အသွင်ပြောင်း ဧရာမ ဝံပုလွေ နှစ်သိန်းလောက် ရှိသေးတယ်။ အခု တာ့ယန် အင်ပါယာရဲ့ ခံတပ် စခန်းက လုံးဝ တည်ဆောက် မပြီးသေးပါဘူး။ သူတို့က အမြောက်ကြီး အသစ်တွေ အများကြီး သယ်လာပေမယ့် အရေအတွက်က မလုံလောက်သေးသလို အမြောက်ဆန် အများအပြားကိုလည်း ဆုံးရှုံးခဲ့ရတယ်။
အခု ကျုပ်တို့ရဲ့ မြို့ရိုးက လုံးဝ ပြိုကျသွားပြီ ဖြစ်လို့ တာ့ယန် အင်ပါယာ စစ်သည်တွေကို ထပ်ပြီး မတားဆီးနိုင်တော့ဘူး။ ပြီးတော့ အသွင်ပြောင်း ဧရာမ ဝံပုလွေတွေက ကွင်းပြင်တိုက်ပွဲ အတွက် သင့်တော်တယ်။ ယွင်ကျုံးဟဲ့ရဲ့ စစ်တပ် အခြေမခိုင်သေးခင်မှာ ကျုပ်တို့ အင်အား အားလုံးကို ထုတ်သုံးပြီး သူ့ရဲ့ စစ်တပ် သိန်းဂဏန်းနဲ့ အဆုံးအဖြတ် တိုက်ပွဲ ဆင်နွှဲဖို့ ကျုပ် ဆုံးဖြတ်လိုက်ပြီ။”
“တစ်ပွဲတည်းနဲ့ အဆုံးအဖြတ် ပေးမယ်၊ တစ်ပွဲတည်းနဲ့ အနိုင်အရှုံးကို သတ်မှတ်မယ်၊ ဒါမှ နိုင်ဖို့ အခွင့်အရေး နည်းနည်းလေး ရှိသေးတယ်။” တာယင် ဘုရင်က ဒေါသတကြီး အော်လိုက်သည်။
ဤစကား ထွက်ပေါ်လာချိန်မှာတော့ လူတိုင်း မျက်နှာ ပြောင်းလဲသွားကြ၏။
ထို့နောက် လူတစ်ယောက်က ပြောလိုက်သည်။ “ကောင်းမွန်တဲ့ မြို့ကြီးကို မစောင့်ဘဲ ယွင်ကျုံးဟဲ့နဲ့ ကွင်းပြင် တိုက်ပွဲ သွားတိုက်မလို့လား။”
တာယင် ဘုရင်က အေးစက်စွာ ပြုံးကာ ပြောလိုက်၏။ “ဧရာမ မြို့ကြီးက ကျိုးပေါက်သွားပြီလေ။”
“ဒါဆိုလည်း လမ်းကြိုလမ်းကြား တိုက်ပွဲ တိုက်တာပေါ့။” အခြား အင်ပါယာ မြို့စား တစ်ယောက်က ပြောသည်။
တာယင် ဘုရင်က ပြော၏။ “ယွင်ကျုံးဟဲ့က ခင်ဗျားတို့ကို လမ်းကြိုလမ်းကြား တိုက်ပွဲ တိုက်ဖို့ အခွင့်အရေး ပေးမယ် ထင်နေလား။ မိစ္ဆာမြို့တော်က အရမ်း ခိုင်ခံ့ပေမယ့် စတုရန်း ကီလိုမီတာ တစ်ရာကျော်လောက်ပဲ ရှိတာလေ။ နောက်ဆက်တွဲ သူ လုပ်ဖို့ လိုတာက အဆက်မပြတ် ဗုံးကြဲဖို့ပဲ။ လအနည်းငယ်လောက်၊ ဒါမှမဟုတ် နှစ်ဝက်လောက် ဗုံးကြဲလိုက်ရင် မြို့တစ်ခုလုံး အပျက်အစီးတွေ ဖြစ်သွားပြီး လူတိုင်း သေကုန်မှာပဲ။ ထိုင်ပြီး သေမယ့်ရက်ကို စောင့်နေမယ့် အစား အစွမ်းကုန် တစ်ခါလောက် တိုက်ခိုက်ကြည့်တာက ပိုကောင်းပါတယ်။”
ထို့နောက် တာယင် ဘုရင်က ဆက်ပြောသည်။ “ကျုပ်တို့မှာ အသွင်ပြောင်း သိုင်းသမား သိန်းဂဏန်းလောက် ရှိပြီး သိုင်းပညာက အရမ်း အင်အားကြီးပါတယ်။ ပြီးတော့ ရက်စက်ပြီး သွက်လက်တဲ့ အသွင်ပြောင်း ဧရာမ ဝံပုလွေ နှစ်သိန်းလောက် ရှိပါတယ်။ အားလုံး တပြိုင်နက်တည်း ဝင်တိုက်ရင် အနိုင်ရဖို့ အခွင့်အရေး မရှိဘူးလို့ မပြောနိုင်ပါဘူး။”
လူတိုင်း တိတ်ဆိတ်နေကြ၏။
တာယင် ဘုရင်က တင်းမာခက်ထန်သည့် လေသံဖြင့် မေးလိုက်သည်။ “ခင်ဗျားတို့က တိုက်ဖို့လည်း မရဲဘူး၊ ဒါပေမဲ့ ကျုပ်ကို သေဖို့ ကြောက်တယ်လို့ အမြဲ ပြောနေတယ်၊ နောက်ဆုတ်ဖို့ လမ်းရှာနေတယ်လို့ ပြောနေတယ်။ စောစောက ခင်ဗျားတို့ အားလုံး ပြောခဲ့တယ်လေ။ အကယ်၍ ကျုပ်က သေဖို့ မကြောက်ဘူး၊ အဆုံးအထိ တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားတယ် ဆိုရင် ကျုပ်က မိစ္ဆာမြို့တော် ရဲ့ အမြင့်ဆုံး စစ်သေနာပတိပဲလို့။ အခု ခင်ဗျားတို့က လက်မခံချင်တော့ဘူးလား။”
ထိုနေရာရှိ လူအားလုံး ဆက်လက် တိတ်ဆိတ်နေကြ၏။
တာယင် ဘုရင်က ပြေလိုက်သည်။ “ကောင်းပြီ။ ခင်ဗျားတို့ ဘယ်လို တွေးလဲ ဆိုတာကို ကျုပ် ဂရုမစိုက်ဘူး၊ ခင်ဗျားတို့ ဘယ်လို ဆုံးဖြတ်မလဲ ဆိုတာကိုလည်း ကျုပ် ဂရုမစိုက်ဘူး။ ဒါပေမဲ့ မနက်ဖြန် မနက်လင်းတာနဲ့ ကျုပ်က အသွင်ပြောင်း သိုင်းသမား စစ်တပ်တွေ အားလုံး၊ အသွင်ပြောင်း ဧရာမ ဝံပုလွေ စစ်တပ်တွေ အားလုံးကို ဦးဆောင်ပြီး ထွက်တိုက်မယ်၊ ယွင်ကျုံးဟဲ့နဲ့ အဆုံးအဖြတ် တိုက်ပွဲ ဆင်နွှဲမယ်။ အကယ်၍ ခင်ဗျားတို့က ကျုပ်ကို တားချင်တယ် ဆိုရင် ကျုပ်ကို သတ်ပစ်လိုက်ကြ။”
ပြောပြီးနောက် တာယင် ဘုရင် ဒေါသတကြီး ထွက်ခွာသွား၏။