အခန်း ၉၀၂
Vol. 76 Ch. 902
အပိုင်း (၉၀၂)
“ရွှပ်… ရွှပ်… ရွှပ်...”
တာ့ယန်အင်ပါယာမှ အသွင်ပြောင်း သိုင်းသမား တစ်သိန်းသည် စစ်ဓားများကို ရုတ်ခြည်း ဆွဲထုတ်လိုက်ကြပြီး အသွင်ပြောင်း ဧရာမဝံပုလွေများနှင့် အကြိတ်အနယ် ရူးသွပ်စွာ တိုက်ခိုက်ကြတော့သည်။
မိနစ် အနည်းငယ် အကြာတွင် အသွင်ပြောင်း ဧရာမ ဝံပုလွေ အားလုံး တစ်ကောင်မကျန် သေဆုံးသွား၏။
ဤအချိန်တွင် သတ်ဖြတ်မှုသည် လုံးဝ မပြီးဆုံးသေးပေ။ အဘယ်ကြောင့်ဆိုသော် အသွင်ပြောင်း ဧရာမ ဝံပုလွေများ၏ အနောက်တွင် တာရှန်းမိစ္ဆာနိုင်ငံ၏ အသွင်ပြောင်း သိုင်းသမား လေးသိန်း လိုက်ပါလာသောကြောင့်ပင်။
အမြောက်ဆန်များနှင့် ကျည်ဆန်များက သူတို့အပေါ် သတ်ဖြတ်နိုင်စွမ်း ပို၍ အားနည်းသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ ကိုယ်ပေါ်တွင် သံချပ်ကာ ဝတ်စုံများ ရှိနေသောကြောင့် ဖြစ်သည်။
သေချာပေါက် ဤသံချပ်ကာ ဝတ်စုံများသည် ကျည်ကာ မဖြစ်နိုင်သော်လည်း တစ်စိတ်တစ်ပိုင်းကိုတော့ ကာကွယ်ပေးနိုင်၏။
ထို့ကြောင့် ရူးသွပ်သော ဗုံးကြဲမှုများ အောက်တွင် တာရှန်းမိစ္ဆာနိုင်ငံ၏ အသွင်ပြောင်း သိုင်းသမား စစ်သည်များသည် အသုတ်လိုက်၊ အသုတ်လိုက် လဲကျသွားသော်လည်း အများအပြား ကျန်ရှိနေသေးပြီး ရူးသွပ်စွာ ပြေးဝင်လာကြသည်။
ထို့အပြင် ဖုန်လုံးကြီးများ လိပ်တက်နေသောကြောင့် တိကျစွာ ချိန်ရွယ်ရန် အခြေခံအားဖြင့် မဖြစ်နိုင်ပေ။ သဲမုန်တိုင်းများကိုသာ ချိန်ရွယ်၍ ပစ်ခတ်နိုင်၏။
တာ့ယန် အင်ပါယာ၏ စစ်သည်သိန်းချီသည် မမောပန်းနိုင်သကဲ့သို့ ပစ်ခတ်နေကြ၏။ အမြောက်များ အားလုံး၊ အလိုအလျောက် ရိုင်ဖယ် သေနတ်များ အားလုံး၊ စက်သေနတ်များ အားလုံး ရူးသွပ်စွာ ပစ်ခတ်နေကြသည်။
တစ်ခါမှ မရှိဖူးလောက်အောင် လှပပြီး တုန်လှုပ်စရာ ကောင်းလှသည်။ သို့ပေမည့် ရန်သူ မည်မျှ ကျန်ရှိနေသေးသည်ကို မည်သူကမှ မသိရှိကြဘဲ မြေကြီး၏ တုန်ခါမှုကို အခြေခံ၍သာ အကြမ်းဖျင်း ခန့်မှန်းနိုင်၏။
ကောင်းကင်ယံမှ ကြည့်မည်ဆိုပါက သဲမုန်တိုင်းများသည် တာ့ယန် အင်ပါယာ စစ်တပ်၏ ခံတပ် စခန်းနှင့် ပို၍ ပို၍ နီးကပ်လာသည်ကိုသာ မြင်တွေ့ရသည်။
ကျန်ရှိနေသော ရန်သူများ ပို၍ ပို၍ နည်းပါးလာသောကြောင့် သဲမုန်တိုင်း၏ အရွယ်အစားမှာလည်း ပို၍ ပို၍ သေးငယ်လာ၏။
မီတာ သုံးထောင်၊ မီတာ နှစ်ထောင်၊ မီတာ တစ်ထောင်...
တာရှန်းမိစ္ဆာနိုင်ငံအသွင်ပြောင်း စစ်တပ်များ ဖွဲ့စည်းထားသော သဲမုန်တိုင်းသည် ခံတပ် စခန်း နယ်နိမိတ် အတွင်းသို့ ဝင်ရောက်လာသည်။
ထိုအချိန်မှာပင် ယွင်ကျုံးဟဲ့ ရုတ်တရက် ကျယ်လောင်စွာ အမိန့်ပေးလိုက်၏။ “ပစ်ခတ်မှု ရပ်…”
တပ်မှူးချုပ်များ အားလုံးကလည်း တပြိုင်နက်တည်း ကျယ်လောင်စွာ အမိန့်ပေးလိုက်ကြသည်။ “ပစ်ခတ်မှု ရပ်…”
ထို့နောက် အမြောက်များ ပစ်ခတ်မှုအားလုံး ရပ်တန့်သွားပြီး သေနတ်များ ပစ်ခတ်မှု လည်း ရပ်တန့်သွား၏။
ထိုအချိန်မှာပင် တာယင် ဘုရင်သည်လည်း စိတ်ချင်း ဆက်နေသကဲ့သို့ ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။ “ရပ်… ရပ်….”
ကျန်ရှိနေသော တာရှန်းမိစ္ဆာနိုင်ငံသိုင်းသမားများလည်း ပြေးဝင်နေမှုကို ရပ်တန့်လိုက်ပြီး တစ်ကွင်းလုံး တိတ်ဆိတ်သွား၏။
မည်သူကမှ စကားမပြောတော့သလို၊ မည်သူကမှ မပစ်ခတ်တော့ဘဲ၊ မည်သူကမှ ပြေးမဝင်တော့ပေ။ ဖုန်မှုန့်များ ငြိမ်သက်သွားမည့် အချိန်ကို စောင့်ဆိုင်းနေကြသည်။
နောက်ဆုံးတွင် မိနစ် နှစ်ဆယ်ကျော် အကြာ၌ ဖုန်မှုန့်များ အားလုံး ကျဆင်းသွားပြီး မျက်မှောက်ရှိ အရာအားလုံးသည် အမြင်အာရုံကို ပြန်လည် ရရှိသွား၏။
တာရှန်းမိစ္ဆာနိုင်ငံ၏ အသွင်ပြောင်း သိုင်းသမား စစ်တပ်မှာ စစ်သည်တစ်သိန်းကျော် ကျန်ရှိနေသေးသည်ကို လူတိုင်း ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။
‘တကယ် တော်တာပဲ။ ဒီလို အံ့ဩစရာကောင်းတဲ့ အမြောက်ဆန်မိုးတွေ အောက်မှာတောင် တစ်သိန်းကျော် ကျန်နေသေးတယ်လား။’
အနောက်ဘက် သဲကန္တာရပေါ်တွင် မရေမတွက်နိုင်သော အလောင်းများ ရှိနေပြီး တောင်လို ပုံနေကာ သွေးများ ချောင်းလို စီးနေပြီး ကြည့်ရသည်မှာ အလွန် ကြက်သီးမွေးညင်း ထစရာ ကောင်းလို့နေ၏။
အသွင်ပြောင်း သိုင်းသမား အလောင်း နှစ်သိန်းကျော်၊ အသွင်ပြောင်း ဧရာမ ဝံပုလွေ အလောင်း နှစ်သိန်းခန့်သည် မိုင်ဆယ်ဂဏန်းခန့် ကျယ်ဝန်းသော သဲကန္တာရ မြေပြင်ပေါ်တွင် သေဆုံးနေကြသည်။
ကျန်ရှိနေသော တာရှန်းမိစ္ဆာနိုင်ငံအသွင်ပြောင်း သိုင်းသမား စစ်သည် တစ်သိန်းကျော်သည်လည်း လူတိုင်း ဒဏ်ရာ ရရှိထားကြပြီး သွေးသံရဲရဲ ဖြစ်နေကြကာ ရဲရင့် ခန့်ညားနေကြ၏။
“တပ်ဖွဲ့…” တာယင် ဘုရင်က ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။
ချက်ချင်းပဲ ကျန်ရှိနေသော တာရှန်းမိစ္ဆာနိုင်ငံသိုင်းသမား တစ်သိန်းကျော်သည် စုရုံးကာ တပ်ဖွဲ့ စတင် ဖွဲ့စည်းကြ၏။
ယွင်ကျုံးဟဲ့က ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။ “တာ့ယန် အင်ပါယာ အသွင်ပြောင်း သိုင်းသမားတွေ... တပ်ဖွဲ့…”
တာ့ယန် အင်ပါယာ၏ အသွင်ပြောင်း သိုင်းသမားများသည်လည်း ကွက်လပ်တွင် တပ်ဖွဲ့ စတင် ဖွဲ့စည်းကြ၏။
အကြမ်းဖျင်း တွက်ချက်ကြည့်မည် ဆိုပါက တာရှန်းမိစ္ဆာနိုင်ငံဘက်မှ အသွင်ပြောင်း သိုင်းသမား တစ်သိန်းခွဲခန့်ရှိပြီး တာ့ယန် အင်ပါယာ ဘက်တွင် တစ်သိန်းခန့် ရှိသည်။
တာ့ယန် အင်ပါယာ၏ ကျန်ရှိနေသော စစ်သည် သိန်းချီသည် သေနတ်များကို သိမ်းဆည်းလိုက်ပြီးနောက် မတ်မတ်ထိုင်ချလိုက်ကြ၏။
အဘယ်ကြောင့်ဆိုသော် သူတို့သည် အင်ပါယာကြီး နှစ်ခု၏ အင်အားကြီးမားသော သိုင်းသမားများ၏ နောက်ဆုံး တိုက်ပွဲကို မျက်မြင်သက်သေအဖြစ် ကြည့်ရှုရမည် ဖြစ်သောကြောင့်ပင်။ ထို့အပြင် ဤနောက်ဆုံး တိုက်ပွဲသည် လက်နက် တိုက်ပွဲ ဖြစ်သည်။
တာယင် ဘုရင်က ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “တာယင် သက်တော်ရာကျော် ရှည်ပါစေ။”
သူ အော်ဟစ်လိုက်သည်မှာ တာယင် ဖြစ်ပြီး တာရှန်း မဟုတ်ပေ။ ဤအိမ်ရှေ့မင်းသားသည် အတွင်းစိတ် အနက်ရှိုင်းဆုံးမှနေ၍ တာရှန်းမိစ္ဆာနိုင်ငံကို လုံးဝ အသိအမှတ် မပြုကြောင်း တွေ့မြင်နိုင်ပြီး သူ့ကို ဂုဏ်ကျက်သရေနှင့် ဂုဏ်သိက္ခာများ ပေးစွမ်းနိုင်သည်မှာ တာယင် အင်ပါယာသာ ဖြစ်သည်။
“စစ်တပ်ကြီး ထွက်တိုက်….”
တာယင် ဘုရင်က ဒေါသတကြီး အော်လိုက်ပြီးနောက် ရှေ့ဆုံးမှနေ၍ အသွင်ပြောင်း သိုင်းသမား တစ်သိန်းကျော်ကို ဦးဆောင်ကာ ပြေးဝင် တိုက်ခိုက်လာ၏။
“တာ့ယန် အင်ပါယာ သက်တော်ရာကျော် ရှည်ပါစေ။” ဝူကျန့်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီးနောက် တာ့ယန် အင်ပါယာ၏ အသွင်ပြောင်း သိုင်းသမား တစ်သိန်းကို ဦးဆောင်ကာ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားသည်။
အင်ပါယာကြီး နှစ်ခု၏ အင်အားအကြီးဆုံး သိုင်းသမား စစ်တပ်များသည် ရူးသွပ်စွာ သတ်ဖြတ် တိုက်ခိုက်ကြလေတော့၏။
သိုင်းပညာကို နှိုင်းယှဉ်မည် ဆိုပါက တာရှန်းမိစ္ဆာနိုင်ငံ၏ သိုင်းသမားများက သေချာပေါက် ပိုမို အင်အားကြီးမား၏။ ယခုအချိန်အထိပင် အင်အားကြီးမားနေဆဲ ဖြစ်သည်။
သို့ပေမည့် လက်နက် ကိရိယာများကို နှိုင်းယှဉ်မည် ဆိုပါက တာ့ယန် အင်ပါယာ၏ အသွင်ပြောင်း သိုင်းသမားများက အများကြီး၊ အများကြီး ပိုကောင်းသည်။ သူတို့ ဝတ်ဆင်ထားသော သံချပ်ကာ ဝတ်စုံများသည် တကယ်ကို ဓားလှံ မတိုးလောက်သည့် အဆင့်အထိ ဖြစ်နေ၏။
သူတို့ လက်ထဲရှိ စစ်ဓားများသည် အခြေခံအားဖြင့် အရာအားလုံးကို ခုတ်ပိုင်းနိုင်၏။ သို့ပေမည့် ဤအရာများသည် အရေးအကြီးဆုံး မဟုတ်ပေ။ အရေးအကြီးဆုံး အချက်မှာ သူတို့တွင် ခေတ်သစ် သိပ္ပံပညာ၏ စွမ်းအားများ ရှိနေခြင်းပင် ဖြစ်သည်။
သူတို့၏ စစ်ဓားများသည် လျှပ်စစ် ပါဝင်ပြီး အထူး ဗို့အားမြင့် လျှပ်စစ်များ ဖြစ်သည်။ ခုတ်ပိုင်းပြီးနောက် ခလုတ်ကို ရုတ်တရက် နှိပ်လိုက်သည်နှင့် ကြောက်စရာကောင်းသော လျှပ်စီးကြောင်းများသည် တာရှန်းမိစ္ဆာနိုင်ငံ သိုင်းသမားများအပေါ်သို့ ရုတ်တရက် ရိုက်ခတ်သွား၏။
တစ်ခဏချင်း အတွင်းမှာပင် တစ်ကိုယ်လုံး ထုံကျင်သွားသည်။ ထို့ကြောင့် ဤနောက်ဆုံး တိုက်ပွဲသည်လည်း အလွန် တရားမျှတမှု မရှိလှပေ။
သို့ပေမည့် ဤကဲ့သို့ တရားမျှတမှု မရှိတာကမှ တကယ့် တရားမျှတမှု အစစ်ပင်ဖြစ်သည်။
ထိုသို့ဖြင့် တာရှန်းမိစ္ဆာနိုင်ငံ၏ အသွင်ပြောင်း သိုင်းသမားများသည် အထူး ဗို့အားမြင့် လျှပ်စစ်များ၏ ရိုက်ခတ်မှုကြောင့် တစ်ယောက်ပြီး တစ်ယောက် လဲကျသွားပြီးနောက် ဓားတစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရ၏။
တာရှန်းမိစ္ဆာနိုင်ငံ၏ အသွင်ပြောင်း သိုင်းသမား စစ်တပ်က ပိုမို အင်အားကြီးမားသည်မှာ မှန်သော်လည်း တစ်ဖက်သတ် သတ်ဖြတ်မှု ဖြစ်နေဆဲ ဖြစ်သည်။
သိုင်းပညာသည်လည်း သိပ္ပံပညာနှင့် ပေါင်းစပ်ဖို့ လိုအပ်သည် မဟုတ်ပါလား။
ထိုအချိန်မှာပင် ယွင်ကျုံးဟဲ့က အမိန့်သစ် တစ်ခု ထုတ်ပြန်လိုက်၏။ အသွင်ပြောင်း စစ်တပ် တပ်မှူးချုပ် အချို့ကလည်း အမိန့်သစ် ထုတ်ပြန်လိုက်သည်။
တာရှန်းမိစ္ဆာနိုင်ငံ၏ သိုင်းသမားများကို မသတ်တော့ဘဲ ရိုက်လှဲပြီး ဖမ်းဆီးရန် ဖြစ်သည်။ ဤလူများသည် အလွန် အဖိုးတန်သောကြောင့် ဤသို့ အလကား မသတ်ပစ်သင့်ပေ။
နာရီဝက် အကြာတွင် တိုက်ပွဲ ပြီးဆုံးသွားသည်။ အင်ပါယာကြီး နှစ်ခု၏ အသွင်ပြောင်း သိုင်းသမား စစ်တပ်များ၏ နောက်ဆုံး တိုက်ပွဲ ပြီးဆုံးသွား၏။
တာရှန်းမိစ္ဆာနိုင်ငံ၏ အသွင်ပြောင်း သိုင်းသမား စစ်တပ် တစ်သိန်းကျော် အားလုံးနီးပါး လဲကျသွားပြီး လူတစ်ထောင်ပင် မပြည့်တော့ပေ။ တပ်လုံးကျွတ် သေဆုံးသွားပြီဟုပင် ဆိုနိုင်သည်။
တာ့ယန် အင်ပါယာ၏ အသွင်ပြောင်း သိုင်းသမား တစ်သိန်းသည် သူတို့ကို အထပ်ထပ် ဝိုင်းရံထားလိုက်၏။
တာယင် ဘုရင်သည် ဓားကြီးကို ထောက်ကာ မြေကြီးပေါ်ရှိ သဲများကို ငေးကြည့်နေ၏။ ဤသဲများသည် သွေးများဖြင့် အပြည့်အဝ စိုရွှဲနေပြီ ဖြစ်သည်။
သူ၏ နောက်ကွယ်ရှိ လူရာဂဏန်းခန့်၏ အကြည့်များသည် မှုန်မှိုင်းနေပြီး စိတ်ပျက်အားငယ်နေကာ မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်နေ၏။
ယွင်ကျုံးဟဲ့ ဖြည်းညင်းစွာ ထွက်လာသည်။
“အရှင်မင်းကြီး...”
အနောက်မှ လူတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ယွင်ကျုံးဟဲ့ကို တာရှန်းမိစ္ဆာနိုင်ငံမှ လူများနှင့် မနီးကပ်စေချင်ပေ။ အကြောင်းမှာ သေခါနီး အချိန်တွင် ပြန်လည် တိုက်ခိုက်မည်ကို စိုးရိမ်သောကြောင့်ပင်။
သို့ပေမည့် ယွင်ကျုံးဟဲ့ ဂရုမစိုက်ဘဲ လူတစ်သိန်း၏ ဝိုင်းရံမှုကို ဖြတ်သန်းကာ အလယ်ဗဟိုသို့ ဝင်ရောက်သွားသည်။
သူသည် တာရှန်းမိစ္ဆာနိုင်ငံမှ ကျန်ရှိနေသော လူရာဂဏန်းခန့်၏ ရှေ့သို့ ရောက်ရှိလာပြီး တာယင် ဘုရင်၏ ရှေ့သို့ ရောက်ရှိလာ၏။
“အစ်ကိုယင်... စစ်ပွဲ ပြီးဆုံးသွားပြီ။” ယွင်ကျုံးဟဲ့က ပြောလိုက်သည်။
တာယင် ဘုရင်က သဘောတူလိုက်၏။ “ဟုတ်တယ်။ ပြီးဆုံးသွားပြီ။”
ယွင်ကျုံးဟဲ့က ပြောသည်။ “ခင်ဗျားက တာယင် အင်ပါယာရဲ့ ဂုဏ်ကျက်သရေကို ပြန်လည် ဆယ်ယူနိုင်ခဲ့ပါတယ်။ နောက်ဆုံး ဒီတိုက်ပွဲကို အရှေ့တိုင်း အင်ပါယာရဲ့ ရိုးရာ ဘုရင်နဲ့ အာဏာရှင် တိုက်ပွဲလို့ သတ်မှတ်လို့ ရပါတယ်။ ယင်မိသားစုက ဘုရင်ရာထူး အတွက် ကျီးမိသားစုကို စတင် တိုက်ခိုက်တဲ့ ဘုရင်ရာထူး လုပွဲလို့ သတ်မှတ်လို့ ရပါတယ်။ ကျုပ်တို့ အရှေ့တိုင်း အင်ပါယာရဲ့ ညီအစ်ကို တိုက်ပွဲလို့ သတ်မှတ်လို့ ရပါတယ်။”
တာယင် ဘုရင်က ပြောလိုက်၏။ “ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး...”
ယွင်ကျုံးဟဲ့က ပြောသည်။ “အစ်ကိုယင်... ခင်ဗျား အရင်က ပြောခဲ့ဖူးတယ်နော်။ တချို့ ကိစ္စတွေ စတင်ပြီးပြီဆိုရင် သေချာပေါက် အဆုံးသတ်ရမယ်လို့။ အခု ဒီအဆုံးသတ်က လုံလောက်အောင် ခမ်းနား ကြီးကျယ်ပြီး လုံလောက်အောင် လှပနေပါပြီ။ “
တာယင် ဘုရင်က ပြောလိုက်၏။ “တာ့ယန် ဧကရာဇ်မင်းကြီးရဲ့ ဖြည့်ဆည်းပေးမှုအတွက် အရမ်း ကျေးဇူးတင်ပါတယ်။”
ယွင်ကျုံးဟဲ့က မေးသည်။ “ဒါဆို... လက်နက်ချမလား။”
တာယင် ဘုရင်သည် အနောက်ဘက်ရှိ မြို့စားများနှင့် ယဇ်ပုရောဟိတ်ချုပ်များကို ကြည့်ကာ ပြောလိုက်၏။ “ခင်ဗျားတို့က အရမ်း မှောင်မိုက်ပြီး အရမ်း ရက်စက်ကြပါတယ်။ ဒါပေမဲ့ ဒီလောကကြီးအတွက် ခင်ဗျားတို့က တန်ဖိုး ရှိနေတုန်းပါပဲ။ တာရှန်းမိစ္ဆာနိုင်ငံနဲ့အတူ အသေခံဖို့ မလိုအပ်ပါဘူး။ ခင်ဗျားတို့ လက်နက်ချ လိုက်ကြပါ။ အခု လက်နက်ချတာက ရှက်စရာ မကောင်းပါဘူး။ သေသွားရင်တော့ တကယ်ပဲ ဘာမှ မရှိတော့ဘူး။”
ယွင်ကျုံးဟဲ့သည် တာရှန်းမိစ္ဆာနိုင်ငံ၏ မြို့စားများနှင့် ယဇ်ပုရောဟိတ် များကို ကြည့်ကာ လက်နှစ်ဖက်ကို မြှောက်၍ ပြောလိုက်သည်။ “တာ့ယန် အင်ပါယာက ခင်ဗျားတို့ရဲ့ သိုင်းပညာ အင်အားတွေကို လက်ခံဖို့ ဆန္ဒရှိပါတယ်။ ခင်ဗျားတို့ရဲ့ ယဇ်ပုရောဟိတ် စံပြ ရည်မှန်းချက်တွေကို လက်ခံဖို့ ဆန္ဒရှိပါတယ်။”
ခဏအကြာတွင် ပထမဆုံး လူတစ်ယောက် ဒူးထောက်လိုက်သည်။ ထို့နောက် ဒုတိယမြောက်၊ တတိယမြောက်၊ စတုတ္ထမြောက်... စသည်ဖြင့် တာရှန်းမိစ္ဆာနိုင်ငံ၏ မြို့စား အများအပြားနှင့် ယဇ်ပုရောဟိတ်များ အားလုံး ဒူးထောက်လိုက်ကြ၏။
နောက်ဆုံးတွင် ထိုနေရာရှိ တာရှန်းမိစ္ဆာနိုင်ငံ၏ မြို့စားများနှင့် ယဇ်ပုရောဟိတ်များ အနက် ရှစ်ဆယ် ရာခိုင်နှုန်းက လက်နက်ချခဲ့ကြပြီး၊ ကျန်ရှိနေသော နှစ်ဆယ် ရာခိုင်နှုန်းက လုံးဝ လက်နက်မချသောကြောင့် သေဒဏ် ချမှတ်ခံလိုက်ရသည်။
စစ်တန်းလျား အတွင်းတွင်...
ယွင်ကျုံးဟဲ့နှင့် တာယင် ဘုရင်တို့ အတူတကွ အရက်သောက်နေကြ၏။
“ကျုပ်က ခမည်းတော်လောက် မတော်ပါဘူး၊ ဘယ်ဘက်မှာမှ မမီပါဘူး။”
တာယင် ဘုရင်က ပြောသည်။ “ကျုပ်ကိုယ်ကျုပ် ဉာဏ်ပညာ ကြီးမားပြီး၊ သံမဏိလို ခိုင်မာတဲ့ စိတ်ဓာတ်ရှိတဲ့ ဧကရာဇ် တစ်ပါး ဖြစ်လာမယ်လို့ ထင်ခဲ့ပေမယ့် တကယ်တမ်းတော့ မဟုတ်ခဲ့ပါဘူး။”
ယွင်ကျုံးဟဲ့ စကားမပြောဘဲ တာယင် ဘုရင်နှင့် ခွက်ချင်း တိုက်လိုက်သည်။
“တာရှန်းမိစ္ဆာနိုင်ငံစတင် တည်ထောင်ချိန်တုန်းက ကျုပ် အရမ်း ဂုဏ်ယူခဲ့ပြီး၊ ကျုပ်တို့ ယင်မိသားစုက နောက်ဆုံးတော့ ကြီးကျယ်ခမ်းနားတဲ့ အင်ပါယာကြီး တစ်ခုကို တည်ထောင်နိုင်တော့မယ်လို့ ထင်ခဲ့တယ်။ အရင်တုန်းက ကျီးမိသားစုက အရှေ့တိုင်း ယဉ်ကျေးမှုကို ဖန်တီးခဲ့သလိုပဲ၊ ကျုပ်တို့ ယင်မိသားစုက ပိုပြီး ခမ်းနားတဲ့ အောင်မြင်မှုတွေကို ဖန်တီးနိုင်မယ်လို့ ထင်ခဲ့တယ်။”
တာယင် ဘုရင်က ဆက်ပြော၏။ “ခမည်းတော်ရဲ့ နောက်မှာ ကျုပ်လည်း သမိုင်းမှာ အကြီးကျယ်ဆုံး ဧကရာဇ်တစ်ပါး ဖြစ်လာရမယ်လို့ ကျိန်ဆိုခဲ့ပါတယ်။ အဲဒီလို ဝင့်ကြွားနေတဲ့ ခံစားချက်က ကျုပ်ကို နှစ်အတော်ကြာ လွှမ်းမိုးထားခဲ့တယ်။
တာရှန်းမိစ္ဆာနိုင်ငံက ပတ်ဝန်းကျင် နိုင်ငံတွေဆီက ပြည်သူတွေကို ကျွန်တွေအဖြစ် ဖမ်းဆီးလာတဲ့ အချိန်မှာ ကျုပ်စိတ်ထဲမှာ ဘာခံစားချက်မှ မဖြစ်ခဲ့ဘူး။ ကျွန် သန်းတစ်ရာ၊ နှစ်ရာ ဆိုတဲ့ အရေအတွက်ကို ကျုပ် လုံးဝ အလေးမထားခဲ့ဘူး။ သူတို့ အများကြီး၊ အများကြီး သေရမယ် ဆိုတာကို ကျုပ် သိပေမယ့် ငါ့စိတ်ထဲမှာတော့ သူတို့က ပုရွက်ဆိတ်လေးတွေလိုပါပဲ။
ကြီးကျယ်ခမ်းနားတဲ့ အင်ပါယာ တစ်ခု တည်ဆောက်ဖို့အတွက် ဒီလောက်လေး ပေးဆပ်ရတာ တန်ပါတယ်လို့ ကျုပ် ထင်ခဲ့တယ်။ ပြီးတော့ ဖမ်းဆီးလာတဲ့ ကျွန်တွေကလည်း ပတ်ဝန်းကျင် နိုင်ငံတွေက လူတွေ ဖြစ်ပြီး ကျုပ်တို့ရဲ့ လူမျိုးတွေမှ မဟုတ်တာ။”