အခန်း ၉၀၃
Vol. 76 Ch. 903
အပိုင်း (၉၀၃)
ယွင်ကျုံးဟဲ့ ချက်ချင်းပဲ တာ့ယန် အင်ပါယာသစ်ကို သတိရသွားမိ၏။ ဤအချက်နှင့် ပတ်သက်၍လည်း အရမ်းကြီး တရားမျှတသည်ဟု မဆိုနိုင်ပေ။ ယခင်က အချိန် အတော်ကြာသည်အထိ ကျွန်များကို အမြောက်အမြား အသုံးပြုခဲ့သည် မဟုတ်ပါလား။
ယွင်ကျုံးဟဲ့ အာဏာရှင်ဘုရင် ဖြစ်လာပြီးနောက်မှသာ ကျွန်များ၏ အခြေအနေ အနည်းငယ် တိုးတက် လာခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် ကျွန်များကို အကြီးအကျယ် လွတ်လပ်ခွင့် ပေးခဲ့ခြင်းမှာ အင်ပါယာ၏ နယ်မြေက အရမ်း ကျယ်ဝန်းလာသောကြောင့် အင်ပါယာ နိုင်ငံသားများ မလုံလောက်တော့သောကြောင့် ဖြစ်သည်။
ထို့အပြင် ဤလောကအဆင့် စစ်ပွဲကြီးကို ဆင်နွှဲရန် စစ်သည်များ မလုံလောက်တော့သောကြောင့် လည်းကောင်း၊ အရန် စစ်တပ်နှင့် ကျွန်စစ်တပ်များတွင် ဂုဏ်ယူဝင့်ကြွားမှု မရှိသောကြောင့် လည်းကောင်း ကျွန်များကို လွတ်လပ်ခွင့် ပေးကာ အင်ပါယာ၏ နိုင်ငံသားသစ်များအဖြစ် ပြောင်းလဲပေးခဲ့ရခြင်း ဖြစ်၏။
တာယင် ဘုရင်က ပြောလိုက်သည်။ “မကြာခင် ဖမ်းဆီးလာတဲ့ ကျွန်တွေ မရေမတွက်နိုင်အောင် သေဆုံးသွားခဲ့တယ်။ အသွင်ပြောင်း သိုင်းသမားတွေကို အမြောက်အမြား ဖန်တီးနိုင်ဖို့အတွက် ကျုပ်တို့က တာရှန်းမိစ္ဆာနိုင်ငံရဲ့ ပြည်သူတွေကို စတင် ဖမ်းဆီးလာခဲ့တယ်၊ တစ်နည်းအားဖြင့် မူလ အရှေ့တိုင်း အင်ပါယာကြီး လေးခုက ပြည်သူတွေ၊ တာယင် အင်ပါယာက ပြည်သူတွေ အပါအဝင်ပေါ့။
အသွင်ပြောင်းတဲ့ ဖြစ်စဉ်က ကိုးဆယ် ရာခိုင်နှုန်း သေရတာထက်တောင် ပိုဆိုးပါသေးတယ်။ တာရှန်း မိစ္ဆာနိုင်ငံ တစ်ခုလုံးက အသွင်ပြောင်း သိုင်းသမားတွေ အားလုံး ပေါင်းလိုက်ရင်တောင် တစ်သန်း မပြည့်ပါဘူး။ ဒီဖြစ်စဉ် တစ်ခုလုံးမှာ ကျွန်တွေ ဘယ်လောက်တောင် သေဆုံးသွားခဲ့ရလဲ။ အရှေ့တိုင်း အင်ပါယာက ပြည်သူတွေ ဘယ်လောက်တောင် သေဆုံးသွားခဲ့ရလဲ။
ဒီမိစ္ဆာမြို့တော်ကို တည်ဆောက်ဖို့ လူဘယ်လောက် သေခဲ့ရလဲ။ နက္ခတ်ဗေဒင် ကိန်းဂဏန်းတွေ လိုပါပဲ။ မြေအောက် ပိရမစ် အုပ်စုတွေကို တူးဖော်ဖို့ လူဘယ်လောက် သေခဲ့ရလဲ။ အဲဒါလည်း နက္ခတ်ဗေဒင် ကိန်းဂဏန်းတွေ လိုပါပဲ။”
တာယင် ဘုရင်က မေးလိုက်၏။ “ညီလေးယွင်... ဒီမိစ္ဆာမြို့တော် အောက်မှာ လူအရိုးစု ဘယ်လောက်တောင် ရှိနေမလဲ ဆိုတာ ခင်ဗျား သိလား။”
ယွင်ကျုံးဟဲ့က ဖြေသည်။ “မသိဘူး။”
တာယင် ဘုရင်က သက်ပြင်းချကာ ပြောလိုက်၏။ “ခမည်းတော်က အသစ်စက်စက် နန်းတော် တစ်ခုကို တည်ဆောက်ခဲ့တယ်။ ဒီနန်းတော်က မြေအောက်မှာ ရှိပြီး အားလုံးကို အလောင်းတွေ၊ အရိုးစုတွေနဲ့ချည်းပဲ တည်ဆောက်ထားတာ။ ပြီးတော့ ဒီနန်းတော်က ခင်ဗျား တာယင် အင်ပါယာမှာ တွေ့ခဲ့ရတဲ့ နန်းတော်ထက်တောင် ပိုကြီးသေးတယ်။ အရှေ့တိုင်း အင်ပါယာကြီး လေးခုရဲ့ ဘယ်နန်းတော်ထက်မဆို ပိုကြီးတယ်။”
ဤစကား ထွက်ပေါ်လာချိန်မှာတော့ ယွင်ကျုံးဟဲ့ လေအေး တစ်ချက် ရှူသွင်းလိုက်မိ၏။
‘အရိုးစုတွေနဲ့ချည်းပဲ တည်ဆောက်ထားတဲ့ နန်းတော်၊ ပြီးတော့ ဒီလောက် ကြီးမားတယ် ဆိုတော့ လူဘယ်လောက်တောင် သေခဲ့ရတာလဲ။’
တာယင် ဘုရင်က ဆက်ပြောသည်။ “ဒါတွေက ဘာမှ မဟုတ်သေးဘူး။ ကျုပ်ရဲ့ တွေးခေါ်မှုတွေအပေါ် ကြီးမားတဲ့ ထိုးနှက်မှုတွေ ပေးခဲ့ပေမယ့် ကျုပ် လက်ခံနိုင်ပါသေးတယ်။ အစောပိုင်း တာရှန်းမိစ္ဆာနိုင်ငံဟာ လူသားဆန်သေးတယ်။ ဒါပေမဲ့ အချိန်တွေ ကုန်လွန်လာတာနဲ့အမျှ ပိုပိုပြီး အစွန်းရောက်လာတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်ကျော်က တာရှန်းမိစ္ဆာနိုင်ငံနဲ့ ပိုပိုပြီး တူလာတယ်။ လူမဆန်တော့ဘူး၊ လူ့ကျင့်ဝတ်တွေကို ဖျက်ဆီးပစ်လာတယ်။ သိုင်းပညာကို အဓိကထားပြီး အင်အားကို အဓိကထားတယ်၊ ဘာကို အခြေခံပြီးတော့လဲ။ ဘာကို အခြေခံပြီးတော့လဲ။
ညီလေးယွင်... ခင်ဗျားက မင်းမျိုးမင်းနွယ် ကနေ ဆင်းသက်လာပေမယ့် ငယ်ငယ်တည်းက အောက်ခြေ လူတန်းစားတွေကြားမှာ နေထိုင်ခဲ့ရတယ်။ ဒါပေမဲ့ ကျုပ်ကတော့ မတူဘူး။ မွေးလာတည်းက တော်ဝင် မိသားစုဝင် တစ်ယောက် ဖြစ်ပြီး အုပ်ချုပ်ရေး ဆိုတာ မြင့်မြတ်ရမယ်၊ တည်ငြိမ်ရမယ်၊ ခမ်းနားရမယ်လို့ ကျုပ် ထင်တယ်။
ဒါပေမဲ့ တာရှန်းမိစ္ဆာနိုင်ငံကတော့ ပိုပိုပြီး အောက်တန်းကျလာတယ်။ ခင်ဗျားရဲ့ သိုင်းပညာ အမြင့်ဆုံး ဆိုရင် အမြင့်ဆုံး နေရာမှာ ထိုင်လို့ ရပြီလား။ ဘာကို အခြေခံပြီးတော့လဲ။ သေချာပေါက် ကျုပ်က ခမည်းတော်ကို မမီပေမယ့် မဆိုးပါဘူး။ သိုင်းပညာကလည်း ထိပ်တန်း အဆင့်မှာ ရှိပါတယ်။
ဒါပေမဲ့ ကျုပ်ရဲ့ သားသမီးတွေကော။ ကျုပ်ရဲ့ မြေးတွေကော။ သူတို့ အမြဲတမ်း အင်အားကြီးနေမယ်လို့ ကျုပ် အာမမခံရဲဘူး။ သူတို့ကိုလည်း ကျွန်တွေ အဖြစ် ကျဆင်းသွားခိုင်းရမှာလား။ ကျုပ်ရဲ့ သားသမီးတွေ သိုင်းပညာ အရမ်း မြင့်မယ်လို့ ကျုပ် နည်းနည်းလေးမှ အာမမခံရဲဘူး။ ဒါပေမဲ့ သူတို့ အကောင်းဆုံး ပညာရေးကို ရရှိပြီး ကောင်းမွန်တဲ့ ဉာဏ်ပညာတွေ ရှိလာမယ် ဆိုတာကိုတော့ ကျုပ် အာမခံရဲပါတယ်။
ကျုပ်တို့က အုပ်ချုပ်သူတွေ အနေနဲ့ အသက်ရှင်နေတဲ့ လူတွေကို အုပ်ချုပ်ချင်တာပါ။ ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်း၊ ပျော်ရွှင်ခြင်း၊ စိတ်ဆိုးခြင်း စတဲ့ ခံစားချက်တွေ ရှိပြီး၊ မြင့်မြတ်မှု၊ ယုတ်မာမှု၊ ဉာဏ်ပညာ၊ လောဘ၊ ကိုယ်ကျင့်တရား စတဲ့ စရိုက်လက္ခဏာတွေ ရှိတဲ့ လူတွေကိုပါ။
ဒါပေမဲ့ တာရှန်းမိစ္ဆာနိုင်ငံက နောက်ဆုံးမှာ ဘာဖြစ်သွားမလဲ။ အားလုံးက သိုင်းပညာ လေ့ကျင့်တဲ့ စက်ရုပ်တွေချည်းပဲ ဖြစ်သွားမှာပါ။ ဧကရာဇ် တစ်ပါး အနေနဲ့ လမ်းလျှောက်နေတဲ့ အလောင်းကောင် တွေကို အုပ်ချုပ်နေရတာ ဘာအဓိပ္ပာယ် ရှိမှာလဲ။ အဓိပ္ပာယ် ရှိလို့လား။”
‘အဓိပ္ပာယ် မရှိဘူး၊ သေချာပေါက် အဓိပ္ပာယ် မရှိဘူး။ လူသားတွေဟာ အသိုက်အဝန်းနဲ့ နေထိုင်တဲ့ သတ္တဝါတွေ ဖြစ်တယ်။ အကယ်၍ လောကကြီးမှာ ခင်ဗျား တစ်ယောက်တည်းပဲ တကယ့် လူဖြစ်ပြီး ကျန်တဲ့သူတွေ အားလုံး စက်ရုပ်တွေ ဖြစ်သွားမယ် ဆိုရင် အောင်မြင်မှုနဲ့ အာဏာ ဆိုတာ ဘာအဓိပ္ပာယ်မှ မရှိတော့ဘူးလေ။’
“အဲဒါကြောင့် ကျုပ် မသန်မာဘူးလို့ ပြောတာပါ။ ကျုပ်ရဲ့ အတွင်းစိတ်ထဲမှာ ဒီလို တာရှန်းမိစ္ဆာနိုင်ငံကို မကြိုက်ပါဘူး။”
တာယင် ဘုရင်က ပြော၏။ “သေချာပေါက် ခင်ဗျား အရှေ့ဘက်ကို စစ်မချီလာခင်အထိ ကျုပ်က တက်ကြွနေသေးတယ်။ ဘာလို့လဲဆိုတော့ ကျုပ်မှာ ရည်မှန်းချက် ရှိလို့လေ။ ကျုပ် တာရှန်းမိစ္ဆာနိုင်ငံရဲ့ အိမ်ရှေ့မင်းသား ဖြစ်ချင်တယ်။ တာယင် ဘုရင် အနေနဲ့ပဲ မရပ်တည်ချင်ဘူး၊ တခြား ချင်ဝမ်တွေနဲ့ ယှဉ်ပြိုင်ချင်တယ်။ ဒီလို တာရှန်းမိစ္ဆာနိုင်ငံကို ကျုပ်ရဲ့ အတွင်းစိတ်ထဲမှာ မကြိုက်ပေမယ့် အမြင့်ဆုံး အာဏာကိုတော့ အရယူချင်နေတုန်းပဲ။
ပြီးတော့ ခင်ဗျား အရှေ့ဘက်ကို စစ်ချီလာတာကလည်း ကျုပ်အတွက် ရည်မှန်းချက် အသစ် တစ်ခု ဖြစ်လာခဲ့တယ်။ အဲဒါကတော့ ခင်ဗျားကို အနိုင်ယူဖို့ပဲ။ ဘာလို့လဲဆိုတော့ ခမည်းတော်က တံခါးပိတ် လေ့ကျင့်နေတော့ ကျုပ်က အမြင့်ဆုံး ခေါင်းဆောင် ဖြစ်နေပြီလေ။ အကယ်၍ ခင်ဗျားရဲ့ တာ့ယန် အင်ပါယာကို အနိုင်ယူနိုင်ရင် အဲဒါက ကျုပ်ရဲ့ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုပဲ။
ဒါပေမဲ့ ကျုပ် မသန်မာပါဘူး။ အနက်ရောင်ဘုရင်ကျိုးနဲ့ ဘုရင် ပိုင်ကုတို့ ခင်ဗျားဆီ လက်နက်ချလိုက်ပြီး ခင်ဗျားရဲ့ စစ်တပ်ကြီးက တာယင်နိုင်ငံကို အမြစ်ပြတ် သုတ်သင်လိုက်တဲ့ အချိန်မှာ ကျုပ် ဒီစစ်ပွဲကြီးအပေါ် ကြီးမားတဲ့ မျှော်လင့်ချက်တွေ မထားရဲတော့ပါဘူး။
ခင်ဗျား မိစ္ဆာမြို့တော်ကို လာတိုက်ပြီး ဧရာမ သဲသန်ကောင် မိခင်ကြီးကို သိမ်းပိုက်လိုက်တဲ့ အချိန်၊ ပြီးတော့ အသွင်ပြောင်း မီးပိုးကောင် သန်းရာချီကို အမြစ်ပြတ် သုတ်သင်ပစ်လိုက်တဲ့အချိန်မှာ ကျုပ်က ပြန်လည် ဆင်ခြင် သုံးသပ်နေတာ မဟုတ်တော့ဘဲ အပြည့်အဝ စဉ်းစား တွေးတောနေပါပြီ။
အရင်က ကျုပ်ရဲ့ အတွင်းစိတ်ထဲမှာ တာရှန်းမိစ္ဆာနိုင်ငံကို မကြိုက်ပေမယ့် သူက မှန်ကန်ပြီး အင်အားကြီးတယ်လို့ ထင်ခဲ့သေးတယ်။ ဒါပေမဲ့ ခင်ဗျားက ကျုပ်တို့ကို ဒီလောက် လွယ်လွယ်ကူကူ အနိုင်ယူသွားတော့ ခင်ဗျားရဲ့ လမ်းစဉ်က ပိုပြီး မှန်ကန်ပြီး၊ ပိုပြီး အင်အားကြီးမလား ဆိုတာကို ကျုပ် မစဉ်းစားဘဲ မနေနိုင်တော့ဘူး။
ပြီးတော့ တာရှန်းမိစ္ဆာနိုင်ငံတစ်ခုလုံးရဲ့ စားနပ်ရိက္ခာတွေ ကလည်း ကုန်ခါနီးပြီဆိုတော့ ဒီသဲကန္တာရထဲမှာ ပိတ်မိနေတာ ဘာအဓိပ္ပာယ် ရှိသေးလဲ။”
တာယင် ဘုရင်သည် ဤစကားများကို ပြောပြီးနောက် တိတ်ဆိတ်သွားသည်။
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “အစ်ကိုယင်... ကျုပ်ရဲ့ မိသားစုကို ကာကွယ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။”
တာယင် ဘုရင် စကားမပြောဘဲ ယွင်ကျုံးဟဲ့ကို ခွက်မြှောက်ပြလိုက်သည်။
နောက်ဆက်တွဲ အနေဖြင့် လူနှစ်ဦး တိတ်ဆိတ်စွာ အရက်သောက်နေကြပြီး ထပ်မံ၍ စကားမပြောတော့ချေ။
တာယင်ဘုရင်သည် သူ၏ ဖခင်၊ တစ်နည်းအားဖြင့် တာရှန်းမိစ္ဆာနိုင်ငံဧကရာဇ်နှင့် ပတ်သက်၍ ဘာမှ မပြောခဲ့သလို ယွင်ကျုံးဟဲ့ ကလည်း မမေးခဲ့ပေ။ တာယင် ဘုရင်သည် လက်နက်ချခဲ့ပြီး ဖြစ်ကာ တစ်နည်းအားဖြင့် တာရှန်းမိစ္ဆာနိုင်ငံကို သစ္စာဖောက်ခဲ့ပြီ ဖြစ်သည်။ သူသည် မိမိ၏ ဖခင်အရင်းကို ထပ်မံ၍ သစ္စာမဖောက်နိုင်တော့ပေ။
နောက်တစ်နေ့တွင်...
တာယင် ဘုရင်၊ မြို့စား ဆယ်ဂဏန်း၊ ယဇ်ပုရောဟိတ် ဆယ်ဂဏန်း တို့သည် ယွင်ကျုံးဟဲ့ကို ဦးဆောင်ကာ တာ့ယန် အင်ပါယာ အသွင်ပြောင်း သိုင်းသမား တစ်သိန်း၏ ကာကွယ်မှုအောက်တွင် မိစ္ဆာမြို့တော် အတွင်းသို့ ခမ်းနား ကြီးကျယ်စွာ ဝင်ရောက်သွားကြသည်။
အပျက်အစီးများနှင့် ပြိုကျနေသော နံရံများကို ဖြတ်သန်းပြီးနောက် ယွင်ကျုံးဟဲ့သည် မိစ္ဆာမြို့တော်၏ မျက်နှာအစစ်ကို နောက်ဆုံးတော့ မြင်တွေ့ခွင့် ရလိုက်၏။
‘တကယ်ပဲ အရမ်း လှတယ်။ အနုပညာ အလှအပတွေ၊ အမှောင် အလှအပတွေ ပြည့်နှက်နေတယ်။ ဒါကမှ တကယ့် မိစ္ဆာမြို့တော် အစစ်ပဲ။’
ဤအထဲ၌ ရှိနေသော အမှောင်အနုပညာရပ်များကို ယွင်ကျုံးဟဲ့သည် ခေတ်သစ်ဂိမ်းများနှင့် ရုပ်ရှင်များထဲတွင်ပင် တစ်ကြိမ်တစ်ခါမှ မမြင်ဖူးခဲ့ပေ။
ဤနေရာတွင် အာဏာ၊ သိုင်းပညာ၊ မကောင်းဆိုးဝါး၊ အမှောင်ထု၊ ငရဲ၊ မြင့်မြတ်မှု၊ ကြယ်တာရာနှင့် ထာဝရ စသည့် အကြောင်းအရာအဖုံဖုံကို ပေါင်းစပ်ဖော်ကျူးထားသည်။
ဤမိစ္ဆာမြို့တော်ကို တာရှန်းမိစ္ဆာနိုင်ငံ၏ ဧကရာဇ်ကိုယ်တိုင် စိတ်ကူးပုံဖော် ဖန်တီးခဲ့ခြင်း ဖြစ်သည်။ နောင်တွင် ဖြစ်ပွားခဲ့သော စစ်ပွဲများကြောင့်သာ ဤမြို့ကြီး၏ အထက်၌ အလွန်ပင် အရုပ်ဆိုး အကျည်းတန်လှသည့် မျက်နှာဖုံးကြီးတစ်ခု ဖုံးလွှမ်းသွားခဲ့ရခြင်း ဖြစ်၏။
ယွင်ကျုံးဟဲ့၏ စစ်တပ်ကြီးသည် မိစ္ဆာမြို့တော် တစ်ခုလုံးကို အပြည့်အဝ သိမ်းပိုက်လိုက်သည်။
ဤအချိန်တွင် မိစ္ဆာမြို့တော်၌ အသက်ရှင် ကျန်ရစ်သူ သောင်းဂဏန်းခန့်သာ ရှိတော့ပြီး အများစုမှာ အောက်ခြေကျွန်များ ဖြစ်ကြသည်။ ကျန်ရှိနေသော လူအများစုမှာ သေဆုံးသွားကြပြီ ဖြစ်၏။
အလယ်ဗဟိုရှိ အမှောင် နန်းဆောင်ကြီး အတွင်းသို့ ရောက်ရှိလာသည်။
တာ့ယန် အင်ပါယာ သိုင်းသမားအချို့ ရှေ့တိုးကာ ထိုလျှို့ဝှက်ဆန်းကြယ်လှသော အမှောင်ဘုရင် ပလ္လင်ကြီးကို ဖယ်ရှားလိုက်ကြပြီး တာ့ယန် အင်ပါယာ၏ ဘုရင်ပလ္လင်ကို လဲလှယ် တပ်ဆင်လိုက်ကြ၏။
ယွင်ကျုံးဟဲ့၏ ဘုရင်ပလ္လင်သည် ရွှေပလ္လင် မဟုတ်ဘဲ အထူး သတ္တုစပ်များဖြင့် ပြုလုပ်ထားပြီး တာ့ယန် အင်ပါယာသစ်၏ ရူပဗေဒပညာကို ကိုယ်စားပြု၏။ အပေါ်တွင် စိန်များ၊ ပတ္တမြားများ၊ နီလာများ စသည်တို့ကို စီခြယ်ထားခြင်း မဟုတ်ဘဲ ဥက္ကာခဲများမှ ရရှိသော ထူးဆန်းသည့် သလင်းကျောက်များကိုသာ စီခြယ်ထားသည်။
ယွင်ကျုံးဟဲ့သည် ဤဘုရင်ပလ္လင်ပေါ်တွင် ဖြည်းညင်းစွာ ထိုင်လိုက်သည်။ တာယင် ဘုရင် ဦးဆောင်သော တာရှန်းမိစ္ဆာနိုင်ငံ၏ မြို့စား ဆယ်ဂဏန်းနှင့် ယဇ်ပုရောဟိတ် ဆယ်ဂဏန်းတို့သည် ထပ်မံ၍ ဒူးထောက် အရိုအသေပေးလိုက်ကြ၏။
“ကျုပ်တို့... အရှင်ဧကရာဇ်ကို အရိုအသေပေးပါတယ်။ သက်တော်ရာကျော် ရှည်ပါစေ၊ ရှည်ပါစေ၊ ရှည်ပါစေ။”
ထို့နောက် ချက်ချင်းပဲ မိစ္ဆာမြို့တော် အတွင်းရှိ တာရှန်းမိစ္ဆာနိုင်ငံ၏ အလံများ အားလုံးကို ဖြုတ်ချလိုက်သည်။
တာ့ယန်အင်ပါယာ၏ အလံများကို လဲလှယ် လွှင့်ထူလိုက်ပြီး သဲကန္တာရ အလယ်တွင် လွင့်ပျံနေသည်။ ထိုအချိန်မှစ၍ တာရှန်းမိစ္ဆာနိုင်ငံပျက်စီးသွားပြီဖြစ်၏။
ယွင်ကျုံးဟဲ့သည် မိစ္ဆာမြို့တော်၏ အမြင့်ဆုံးနေရာတွင် ရပ်ကာ မြို့တစ်ခုလုံးကို အပေါ်စီးမှ ကြည့်ရှုနေ၏။ တာယင် ဘုရင်က သူ၏ ဘေးတွင် ရပ်နေသည်။
“အရှင်ဧကရာဇ်... အရှင့်ရဲ့ မိသားစုဝင်တွေကို မြေအောက် အကျဉ်းထောင်မှာ အကျဉ်းချထားပါတယ်။ အလယ်က လမ်းကြောင်းတွေကို အားလုံး ပိတ်ဆို့ထားလို့ အခု စစ်တပ်က လမ်းကြောင်းတွေကို တစ်စစီ ပြန်ဖောက်နေရပါတယ်။ အရှင်မင်းကြီး သူတို့ကို ပြန်တွေ့ဖို့ အချိန် အတိုင်းအတာ တစ်ခုအထိ စောင့်ရလောက်ပါတယ်။” တာယင်ဘုရင်က ပြောလိုက်၏။
ထို့နောက် တာယင် ဘုရင်က ချက်ချင်း စကားလမ်းကြောင်း လွှဲလိုက်သည်။
“အရှင်ဧကရာဇ်... ခမည်းတော်က ဒီနေရာဟာ လောကကြီး တစ်ခုလုံးရဲ့ ဗဟိုချက်လို့ ပြောခဲ့ဖူးတယ်။ အဲဒါ ဟုတ်လား။” တာယင် ဘုရင်က ရုတ်တရက် မေးလိုက်၏။
ယွင်ကျုံးဟဲ့ ခဏမျှ စဉ်းစားကြည့်လိုက်၏။ ဂြိုဟ်တစ်လုံးလုံး၏ မျက်နှာပြင်ကို ကြည့်မည်ဆိုပါက မည်သည့် နေရာမဆို ဗဟိုချက် ဖြစ်နိုင်သည်။
သို့ပေမည့် ပြည့်စုံသော လောကမြေပုံ တစ်ခုကို ရေးဆွဲကြည့်ပါက ဤနေရာသည် တကယ်ကို လောကကြီး၏ ဗဟိုချက်နှင့် တူနေ၏။
တာယင် ဘုရင်က ဆက်မေးလိုက်သည်။ “အရှင်ဧကရာဇ်... လူသားတွေက အမည်မသိ အရာတွေအပေါ် တကယ်ပဲ စပ်စုချင်စိတ် ပြည့်နှက်နေတယ်လို့ အရှင် ထင်လား။ အဲဒါကြောင့် ရှင်သန်ခြင်း ဆိုတဲ့ သဘာဝအသိ အပြင်၊ စူးစမ်းရှာဖွေခြင်းက ဒုတိယ သဘာဝအသိ ဖြစ်မလား။”
ယွင်ကျုံးဟဲ့က ဖြေ၏။ “ဟုတ်ပါတယ်။”
တာယင် ဘုရင်က ထပ်မေးပြန်သည်။ “တာ့ယန် အင်ပါယာရဲ့ ရည်ရွယ်ချက်က စကြဝဠာကို စူးစမ်းရှာဖွေဖို့ ဖြစ်ပြီး အနာဂတ် ရည်မှန်းချက်က ကြယ်တာရာတွေနဲ့ သမုဒ္ဒရာတွေပါ။ တာရှန်းမိစ္ဆာနိုင်ငံရဲ့ ရည်ရွယ်ချက် ကတော့ ကိုယ်ပိုင် သက်ရှိတွေရဲ့ လျှို့ဝှက်ချက်တွေကို စူးစမ်းရှာဖွေဖို့ပါ။ ဒါဆို ပထမ တစ်ခုက သေချာပေါက် ပိုပြီး မြင့်မြတ်နေတာလား။”
ယွင်ကျုံးဟဲ့က ဖြေ၏။ “မသေချာပါဘူး။ သတ်မှတ်ထားတဲ့ အချိန်ကာလ တစ်ခုမှာ သတ်မှတ်ထားတဲ့ တာဝန်တွေ ရှိပါတယ်။ တစ်နေ့မှာ ဒီစူးစမ်းရှာဖွေမှု နှစ်ခုစလုံးက လမ်းကြောင်း မတူပေမယ့် ပန်းတိုင် တူသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။”
တာယင် ဘုရင်က ပြောသည်။ “အကယ်၍ အဲဒီလို ဖြစ်သွားရင်တော့ အရမ်း ကြောက်စရာ ကောင်းမှာပဲ။”
ယွင်ကျုံးဟဲ့ သက်ပြင်းချကာ ပြောလိုက်၏။ “ကျုပ်လည်း အဲဒီလိုပဲ ထင်ပါတယ်။ ဒါပေမဲ့ ဖြစ်စဉ် ကတော့ အရမ်းကို လှပပါတယ်။”