← Chapters

အခန်း ၉၀၄

Vol. 76 Ch. 904

အခန်း ၉၀၄

Vol. 76 Ch. 904

အပိုင်း (၉၀၄)

တာယင် ဘုရင်က ပြောသည်။ “တကယ်တမ်းတော့ အနက်ရောင်ဘုရင်ကျိုးနဲ့ ကျုပ် တချို့ ကိစ္စတွေကို အပေါ်ယံလောက် ဆွေးနွေးဖူးပါတယ်။ ဥပမာ... ကံကြမ္မာရဲ့ လက်တစ်ဖက်ပေါ့။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “လူတိုင်းရဲ့ ကံကြမ္မာကို ကြိုးကိုင်ခြယ်လှယ်နေတဲ့ လက်ကြီး တစ်ဖက် ရှိနေတယ်လို့လား။”

တာယင် ဘုရင်က ဖြေသည်။ “သူက အဲဒီလို သဘောမျိုး ပြောခဲ့တာပါ။ ပြီးတော့ ဒီအချက်ကြောင့်ပဲ သူက ဆက်ပြီး အသွင်ပြောင်းဖို့ကို စွန့်လွှတ်ခဲ့တာပါ။ သူ ရှေ့ဆက်သွားဖို့ သတ္တိ မရှိတော့ဘူးလို့ ပြောခဲ့တယ်။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “နောက်ဆုံး ရလဒ်က ဘယ်လိုပဲ ဖြစ်နေပါစေ၊ အစ်ကိုယင်... ကျုပ်နဲ့အတူတူ စောင့်ကြည့်ကြမလား။”

တာယင် ဘုရင်က ပြန်မေးသည်။ “ဧကရာဇ် ထျန်းယန် လိုမျိုးလား။ အခု မျက်လုံး တစ်စုံ အနေနဲ့ပဲ တည်ရှိနေပြီး မစဉ်းစားတော့ဘူး၊ မပျော်ရွှင်တော့ဘူး၊ ဝမ်းမနည်းတော့ဘူး၊ ဘာခံစားချက်မှ မရှိတော့ဘူး အဲလိုမျိုးလား။”

ယွင်ကျုံးဟဲ့က ဖြေ၏။ “ခင်ဗျား သူနဲ့ မတူအောင် နေလို့ ရပါတယ်။”

တာယင် ဘုရင်က ပြောသည်။ “အရှင်ဧကရာဇ်ရဲ့ ကျေးဇူးတော်အတွက် အရမ်း ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ နောက်ဆုံး ရလဒ်ကို ရင်ဆိုင်ဖို့ ကျုပ်မှာလည်း သတ္တိ မရှိလောက်တော့ပါဘူး။ ကျုပ်က အနက်ရောင်ဘုရင်ကျိုးထက် ပိုပြီး ရက်စက် အေးစက်ပေမယ့် သူ့ထက် ပိုမရဲရင့်သလို၊ သူ့ထက် ပိုမတော်ပါဘူး။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဒါနဲ့ အစ်ကိုယင်... တာ့ယန် အင်ပါယာသစ်ဘက်က ရှုခင်းတွေ အရမ်း လှပါတယ်။ ကျုပ်တို့ ဒီဘက်နဲ့ လုံးဝ မတူပါဘူး။ တစ်နေ့နေ့မှာ ခင်ဗျား သွားကြည့်မလား။”

တာယင် ဘုရင်က ဖြေသည်။ “အရှင်ဧကရာဇ်... အရှေ့တိုင်း အင်ပါယာ ကနေ တာရှန်းမိစ္ဆာနိုင်ငံဖြစ်သွားတော့ အရာများစွာ မတူညီတော့ဘဲ လုံးဝ ပြောင်းပြန်လန်မတတ် ဖြစ်သွားခဲ့ပါတယ်။ အဲဒါကြောင့် ကျုပ်မှာ သတ္တိ မရှိတော့ပါဘူး။ ဒီလို ပြောင်းပြန်လန်မတတ် အခြေအနေကို ထပ်ပြီး လက်မခံနိုင်တော့ပါဘူး။ အရှင်မင်းကြီးရဲ့ လက်နက်သစ်တွေက အရမ်း အဆင့်မြင့်ပေမယ့် ကျုပ် မစဉ်းစားချင်သလို၊ မကြည့်ချင်ပါဘူး။ ဒီအရမ်း အသစ်အဆန်း ဖြစ်နေတဲ့ လောကကြီးကို လက်မခံနိုင်တာကို ခွင့်လွှတ်ပေးပါ။”

တစ်ခဏချင်း အတွင်းမှာပဲ ယွင်ကျုံးဟဲ့သည် ဘာပြောရမည်ကိုပင် မသိတော့ပေ။ လူနှစ်ဦးသည် အနောက်ဘက်ရှိ နေဝင်ချိန်ကိုသာ တိတ်ဆိတ်စွာ ကြည့်နေကြပြီး နေမင်းကြီး သဲကန္တာရအောက်သို့ ဖြည်းညင်းစွာ ကျဆင်းသွားသည်ကို ကြည့်နေကြ၏။

နောက်ဆက်တွဲ အနေဖြင့် အလွန် အရေးကြီးသော ကိစ္စရပ် တစ်ခု ကျန်ရှိနေသေးသည်။

တာရှန်းမိစ္ဆာနိုင်ငံ၏ ကျန်ရှိနေသော ခေါင်းဆောင်ကြီး သုံးဦး ဖြစ်သည့် ချင်ဝမ် ယောင်ရောင်၊ အထူး ကိုယ်စားလှယ် ကုန်းစွန်းယန် နှင့် တာရှန်းမိစ္ဆာနိုင်ငံယဇ်ပုရောဟိတ်ချုပ် တို့ကို မည်သို့ စီရင်မည်နည်းပင် ဖြစ်၏။

ပထမဆုံး တွေ့ဆုံရသူမှာ ချင်ဝမ် ယောင်ရောင်ဖြစ်ပြီး တကယ်ကို မတွေ့ရတာ ကြာပြီ ဖြစ်၏။ ယောင်ရောင်ကို နောက်ဆုံးအကြိမ် အနီးကပ် တွေ့ဆုံခဲ့ရသည်မှာ လွန်ခဲ့သော အနှစ် နှစ်ဆယ်ကျော်က ဖြစ်ပြီး ထိုအချိန်ကလည်း ဤသဲကန္တာရတွင်ပင် ဖြစ်၏။ သို့ပေမည့် ထိုအချိန်က မိစ္ဆာမြို့တော် မရှိသေးဘဲ သဲကန္တာရသာ ရှိသေးသည်။

ယွင်ကျုံးဟဲ့က နှုတ်ဆက်လိုက်၏။ “ယောင်ရောင်... မတွေ့ရတာ ကြာပြီ။”

ချင်ဝမ် ယောင်ရောင်သည် တာယင် ဘုရင်ကို ကြည့်နေပြီး အကြည့်များတွင် အဆုံးအစ မရှိသော အမုန်းတရားများ ပြည့်နှက်နေသည်။

“ရှင် တကယ်ပဲ တာရှန်းမိစ္ဆာနိုင်ငံနဲ့ ဧကရာဇ်မင်းကြီးကို သစ္စာဖောက်ခဲ့တာပဲ။ ရှင် သေဒဏ် အကြိမ်ကြိမ် ခံထိုက်တယ်၊ သေဒဏ် အကြိမ်ကြိမ် ခံထိုက်တယ်။ ဧကရာဇ်ကြီးရဲ့ သားဖြစ်ဖို့ မထိုက်တန်ဘူး၊ တာရှန်းမိစ္ဆာနိုင်ငံရဲ့ တာယင် ဘုရင်ဖြစ်ဖို့ မထိုက်တန်ဘူး။” ချင်ဝမ် ယောင်ရောင်က အက်ကွဲစူးရှသော အသံဖြင့် အော်လိုက်၏။

တာယင် ဘုရင်သည် ယွင်ကျုံးဟဲ့ကို ဦးညွှတ်ကာ ပြောလိုက်သည်။ “အရှင်ဧကရာဇ်... နောက်ဆက်တွဲ မြင်ကွင်းတွေကို ကျုပ် မကြည့်ချင်တော့ပါဘူး။ သွားပြီး အနားယူချင်ပါတယ်။ အရှင်ဧကရာဇ် ခွင့်ပြုပေးပါ။”

ယွင်ကျုံးဟဲ့က သဘောတူလိုက်၏။ “အစ်ကိုယင်... အဆင်ပြေသလို လုပ်ပါ။”

ထို့နောက် တာယင် ဘုရင် ခန်းမကြီးအတွင်းမှ ထွက်ခွာသွားသည်။

ယွင်ကျုံးဟဲ့သည် ဤအမျိုးသမီးကို အတော်ကြာအောင် စိုက်ကြည့်နေပြီးနောက် မေးလိုက်၏။ “ယောင်ရောင်... ခင်ဗျား အပြစ်ကို ခင်ဗျား သိလား။”

ယောင်ရောင်က အေးစက်စက် ပြောလိုက်သည်။ “ကျွန်မက ဘာအပြစ် ရှိလို့လဲ။ ကျွန်မ အပြစ် ရှိတယ် ဆိုရင်တောင် ရှင့်လို မျိုးမစစ်လေးကို မသတ်နိုင်ခဲ့လို့ ဒီနေ့လို အန္တရာယ်မျိုး ကြုံတွေ့ရတာပဲ။ မိစ္ဆာမြို့တော်ကို တိုက်ခိုက် သိမ်းပိုက်လိုက်ရုံနဲ့ ရှင် အနိုင်ရပြီလို့ ထင်နေတာလား။ တကယ့်ကို ရယ်စရာ ကောင်းလိုက်တာ။

ဧကရာဇ်ကြီးက မသေသေးဘူး။ သူက မကြာခင် နတ်ဘုရား တစ်ပါး ဖြစ်လာတော့မှာ။ အဲဒီအချိန်ကျရင် သူက ရှင့်ကို အလွယ်တကူ တစ်စစီ ခုတ်ထစ်ပစ်နိုင်ပြီး ရှင့်ရဲ့ တာ့ယန် အင်ပါယာကို ပြာကျသွားအောင် လုပ်နိုင်တယ်။ ရှင်တို့ အားလုံး သေရမယ်၊ ရှင်တို့ အားလုံး သေရမယ်...”

သူမက အရင်ကလိုပဲ အစွန်းရောက်နေဆဲ ဖြစ်ပြီး အရင်ကထက်တောင် ပိုပြီး အစွန်းရောက်နေသေးသည်။ ယွင်ကျုံးဟဲ့သည် သူမ၏ လှပလွန်းသော မျက်နှာလေး ဒေါသတကြီးဖြစ်နေသည်ကို ကြည့်နေသည်။ ဤလူက ကုသ၍ မရနိုင်တော့ဘဲ ချန်ထားခဲ့ပါက ဘေးအန္တရာယ် သက်သက်သာ ဖြစ်လာပေလိမ့်မည်။

ထို့နောက် ယွင်ကျုံးဟဲ့က အမိန့်ပေးလိုက်သည်။ “သူမကို... သတ်လိုက်။”

ယွင်ကျုံးဟဲ့၏ အမိန့်ပေးသံနှင့်အတူ ထိပ်တန်း အသွင်ပြောင်း သိုင်းသမား ဆယ်ဂဏန်းခန့် ရှေ့တိုးလာပြီး ယောင်ရောင်ကို သေနတ်များဖြင့် ပြင်းထန်စွာ ပစ်ခတ်လိုက်ကြ၏။

ယောင်ရောင် အေးစက်စွာ ပြုံးလိုက်ပြီး ကျည်ဆန်များကို ချက်ချင်း အမှုန့်ဖြစ်သွားအောင် လုပ်ပစ်ရန် ပြင်လိုက်သည်။

သို့ပေမည့် နောက်ဆက်တွဲ အနေဖြင့် ဝူကျန့်၊ ကျင်းကျုံးယွဲ့၊ အနက်ရောင်ဘုရင်ကျိုး၊ ပိုင်ဖေးဖေး စသည့် အင်အားအကြီးဆုံး သိုင်းသမားများ ရှေ့သို့ ပြေးဝင်သွားကြ၏။

တစ်ဆယ့်ငါးမိနစ် အကြာတွင် ယောင်ရောင် ရှုံးနိမ့်သွားပြီး အတွင်းအားများ ကုန်ခမ်းသွားသည်။

အသွင်ပြောင်း သိုင်းသမား ဆယ်ဂဏန်းခန့် ထပ်မံ ပစ်ခတ်လိုက်ကြသော်လည်း ထွက်ပေါ်လာသည်မှာ ကျည်ဆန်များ မဟုတ်ဘဲ ဗို့အားမြင့် လျှပ်စစ် ပိုက်ကွန်များ ဖြစ်၏။

အထူးဗို့အားမြင့် လျှပ်စီးကြောင်းများဖြင့် သူမ၏ တစ်ကိုယ်လုံးကို အဆက်မပြတ် ရိုက်ခတ်နေကြခြင်း ဖြစ်သည်။

ယောင်ရောင် အဆက်မပြတ် သနားစရာကောင်းအောင် အော်ဟစ်နေပြီး တစ်ကိုယ်လုံး မီးခိုးများ ထွက်လာကာ နောက်ဆုံးတွင် ခုခံနိုင်စွမ်း အားလုံး ပျောက်ဆုံးသွားသည်။ ထို့နောက် သိုင်းသမား အချို့က သူမကို အပြင်သို့ ဆွဲထုတ်သွားပြီး တိုက်ရိုက် ခေါင်းဖြတ် သတ်လိုက်ရာ အသေဆိုးနှင့် သေဆုံးသွား၏။

နောက်ဆက်တွဲ အနေဖြင့် ယွင်ကျုံးဟဲ့ တွေ့ဆုံရသူမှာ တာရှန်းမိစ္ဆာနိုင်ငံ၏ ယဇ်ပုရောဟိတ်ချုပ်ပင် ဖြစ်သည်။

ဤသူသည် ပိန်ချုံးနေသော်လည်း အလွန် အရပ်ရှည်ပြီး ခါးကုန်းကာ မျက်လုံးများ ချိုင့်ဝင်နေပြီး လင်းယုန် နှုတ်သီးကဲ့သို့ နှာခေါင်း ရှိ၏။

သူ ယွင်ကျုံးဟဲ့ကို မြင်ချိန်မှာတော့ မည်သည့် စကားမှ မပြောဘဲ တည်ငြိမ်စွာ ကြည့်နေပြီး အကြည့်များတွင် အဆုံးအစ မရှိသော ကျိန်စာများ ပြည့်နှက်နေသည်။

ယောင်ရောင်က အဆိုးရွားဆုံး စကားလုံးများကို အသုံးပြု၍ ယွင်ကျုံးဟဲ့ကို တိုက်ခိုက်ခဲ့သည် ဆိုပါက မျက်မှောက်ရှိ ဤယဇ်ပုရောဟိတ်ချုပ်၏ အကြည့်များသည်လည်း ထိုနည်းတူပင် ဖြစ်သည်။ သူသည် သူ၏ စိတ်စွမ်းအား အားလုံးကို အသုံးပြု၍ ယွင်ကျုံးဟဲ့ကို ကျိန်စာတိုက်နေလုနီးပါး ဖြစ်လို့နေ၏။

ရုတ်တရက် ဤယဇ်ပုရောဟိတ်ချုပ်က ပြောလိုက်သည်။ “အမတ်ကြီး ယွင်ကျုံးဟဲ့... ခင်ဗျားရဲ့ အတိတ်နဲ့ အနာဂတ်ကို ကျုပ် မြင်တွေ့ခဲ့ရတယ်။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ဪ... ယဇ်ပုရောဟိတ်ချုပ် ပြောကြည့်ပါအုံး။”

ယဇ်ပုရောဟိတ်ချုပ်က ပြောသည်။ “ခင်ဗျားက ဒီလောကက မဟုတ်ဘူးမလား။ အနည်းဆုံးတော့ ခင်ဗျားရဲ့ ဝိညာဉ်က ဒီလောကနဲ့ မသက်ဆိုင်ဘူး။”

ယွင်ကျုံးဟဲ့ အံ့ဩသွား၏။

ယဇ်ပုရောဟိတ်ချုပ်က မေးလိုက်သည်။ “အရှင်ဧကရာဇ် ယွင်ကျုံးဟဲ့… အရှင့်ရဲ့ အနာဂတ် ကံကြမ္မာ ဘယ်လို ဖြစ်လာမလဲ ဆိုတာကို အရှင် သိလား။”

ယွင်ကျုံးဟဲ့က ဖြေ၏။ “ကျုပ် နားထောင်နေပါတယ်။”

ယဇ်ပုရောဟိတ်ချုပ်က ပြောသည်။ “အရှင့်ရဲ့ အနာဂတ်က အရမ်းကို ထူးဆန်းပြီး အရမ်းကို ဆန့်ကျင်ဘက် ဖြစ်နေတယ်။”

ယွင်ကျုံးဟဲ့က ဆက်မေး၏။ “နောက်ထပ်ကော။”

ယဇ်ပုရောဟိတ်ချုပ်က ဖြေသည်။ “ဒီကိစ္စက အရမ်းကို လျှို့ဝှက်လွန်းလို့ အရှင်မင်းကြီး တစ်ယောက်တည်းကိုပဲ ပြောပြလို့ ရပါမယ်။”

ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်၏။ “ကောင်းပြီလေ။ ဒါဆို ကျုပ် နားထောင်ပါ့မယ်။”

သူသည် ဘုရင်ပလ္လင်ပေါ်မှ ဆင်းလာပြီး ယဇ်ပုရောဟိတ်ချုပ်၏ ရှေ့သို့ တိုးသွားကာ ပြောလိုက်သည်။ “အခု ခင်ဗျား ပြောလို့ ရပါပြီ။”

ယဇ်ပုရောဟိတ်ချုပ်သည် ယွင်ကျုံးဟဲ့၏ မျက်လုံးများကို ကြည့်ကာ အက်ကွဲသော အသံဖြင့် အော်လိုက်၏။ “ခင်ဗျား သေလိုက်တော့...”

ထို့နောက် သူသည် ယွင်ကျုံးဟဲ့ကို တစ်ခါမှ မရှိဖူးသော စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု တစ်ခု ပြုလုပ်လိုက်သည်။

ဤအရာက ယွင်ကျုံးဟဲ့ ပထမဆုံးအကြိမ် စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုကို မြင်တွေ့ဖူးခြင်း ဖြစ်ပြီး တစ်ဖက်လူမှာ ဤကဲ့သို့ နည်းလမ်းမျိုး ရှိနေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

တစ်ခဏချင်း အတွင်းမှာပဲ သူ၏ ဦးနှောက်ကို တိုက်ရိုက် ဆုတ်ဖြဲပစ်တော့မည့် အလား အင်အားကြီးမားသော စွမ်းအားကြီး တစ်ခုက ပြေးဝင်လာသကဲ့သို့ ဖြစ်သွားသည်။

သို့သော်ငြား ယွင်ကျုံးဟဲ့က ကြက်လေး တစ်ကောင်တောင် မသတ်နိုင်ဘူး ဆိုလျှင်တောင် သူ၏ စိတ်စွမ်းအားက မည်မျှ အံ့ဩစရာ ကောင်းသနည်း ဆိုသည်ကို တွေးကြည့်လို့ ရနိုင်၏။

သူက ဤအတိုင်း မလှုပ်မယှက် ရပ်နေ၏။ ဆန့်ကျင်ဘက် အနေဖြင့် တိုက်ခိုက်မှု ပြုလုပ်ခဲ့သော တာရှန်းမိစ္ဆာနိုင်ငံယဇ်ပုရောဟိတ်ချုပ်သည် မျက်စိ၊ နား၊ နှာခေါင်း၊ ပါးစပ်တို့မှ သွေးများ ဖြည်းညင်းစွာ ထွက်ကျလာပြီး မြေကြီးပေါ်သို့ တိုက်ရိုက် လဲကျသွားသည်။

ယွင်ကျုံးဟဲ့က အမိန့်ပေးလိုက်၏။ “ဒီလူကိုလည်း... သတ်လိုက်။ “

ခဏအကြာတွင် ထိုယဇ်ပုရောဟိတ်ချုပ်လည်း အပြင်သို့ ဆွဲထုတ်ခံလိုက်ရပြီး တိုက်ရိုက် ခေါင်းဖြတ် သတ်ခံလိုက်ရသည်။

နောက်ဆက်တွဲ အနေဖြင့် ကုန်းစွန်းယန်ကို တွေ့ဆုံရမှာ ဖြစ်သည်။ ဤသူသည် ယွင်ကျုံးဟဲ့၏ အထူး မိတ်ဟောင်းဆွေဟောင်း တစ်ဦးဖြစ်ပြီး ယခင် တာယင် အင်ပါယာ အနက်ရောင် နဂါး အဖွဲ့၏ ခေါင်းဆောင် ဖြစ်ကာ ယွင်ကျုံးဟဲ့၏ အထက်လူကြီး၏ အထက်လူကြီးလည်း ဖြစ်၏။

သူသည် အထူးချွန်ဆုံး လူတော် တစ်ယောက်ဖြစ်ပြီး တာရှန်းမိစ္ဆာနိုင်ငံဧကရာဇ်၏ အယုံကြည်ရဆုံး လက်အောက်ခံလည်း ဖြစ်သည်။

သို့ပေမည့် ယွင်ကျုံးဟဲ့က လက်ဝှေ့ယမ်းကာ ပြောလိုက်၏။ “သူ့ကို အကျဉ်းချထားလိုက်၊ ဒီနေ့ မတွေ့သေးဘူး။”

ဤအချိန်တွင် ကုန်းစွန်းယန်သည် အချိန် အကြာကြီး ကြိုတင် ပြင်ဆင်ထားပြီး ယွင်ကျုံးဟဲ့ကို တွေ့ဆုံရန် စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။ သို့ပေမည့် ရုတ်တရက် ယွင်ကျုံးဟဲ့က သူ့ကို မတွေ့တော့ပေ။

ထို့ကြောင့် ကုန်းစွန်းယန် သည် မြေအောက် အကျဉ်းထောင် အတွင်းသို့ ထပ်မံ ပြန်လည် ရောက်ရှိသွားသည်။

ယွင်ကျုံးဟဲ့ ခန်းမကြီးအတွင်းမှ ထွက်လာပြီး မလှမ်းမကမ်းရှိ နန်းဆောင်တစ်ခုဆီသို့ အမြန် လျှောက်သွားသည်။ သူ၏ ခြေလှမ်းများမှာ အလွန် မြန်ဆန်ပြီး အရေးကြီးသော ကိစ္စ တစ်ခုခု ရှိနေပုံ ရ၏။

သို့ပေမည့် သူ တံခါးဝသို့ ရောက်ရှိသွားချိန်တွင် ငိုသံ တစ်ခုကို ကြားလိုက်ရ၏။ ထို့ကြောင့် သူ၏ ခြေလှမ်းများ ခဏမျှ ရပ်တန့်သွားသည်။

အချိန် အတော်ကြာ စောင့်ဆိုင်းပြီးနောက် တံခါးကို တွန်းဖွင့်၍ ဝင်သွားလိုက်သည်။ တာယင် ဘုရင်သည် အနက်ရောင် ကုတင်ပေါ်တွင် တိတ်ဆိတ်စွာ လှဲလျောင်းနေပြီး သေဆုံးသွားခဲ့ပြီ ဖြစ်သည်ကို တွေ့လိုက်ရသည်။ သူ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ခြင်းပင်။

ဤရလဒ်နှင့် ပတ်သက်၍ ယွင်ကျုံးဟဲ့ အနည်းငယ်မျှ မအံ့ဩသော်လည်း အနည်းငယ် ဝမ်းနည်းနေမိဆဲ ဖြစ်သည်။

တာယင် ဘုရင်သည် ဤဆုံးဖြတ်ချက်ကို စောစောတည်းက ချမှတ်ထားခဲ့ပြီး ယွင်ကျုံးဟဲ့ အပါအဝင် မည်သူ့ကိုမှ တားဆီးခွင့် မပြုခဲ့ပေ။

သူ ဤလောကပေါ်တွင် ဆက်လက် အသက်ရှင်နေရန် မည်သည့် အကြောင်းပြချက်မှ ရှာမတွေ့တော့ခြင်းပင် ဖြစ်လောက်သည်။

သူသည် တာရှန်းမိစ္ဆာနိုင်ငံကိုယ်စား ယွင်ကျုံးဟဲ့ထံ လက်နက်ချခဲ့သော်လည်း တာရှန်းမိစ္ဆာနိုင်ငံဧကရာဇ်၊ တစ်နည်းအားဖြင့် သူ၏ ဖခင်မှာ သေဆုံးခြင်း မရှိသေးလောက်ပေ။

ထိုအချိန် ရောက်လာလျှင် သူ မည်သည့် မျက်နှာနှင့် သူ့အဖေကို သွားတွေ့ရမည်နည်း။ သို့ပေမည့် ယင်မိသားစု အတွက် သူ လက်နက်မချလို့လည်း မရချေ။

ဤအချိန်တွင် သူ၏ ရှေ့၌ ဒူးထောက်ကာ ငိုကြွေးနေသူမှာ သူ၏ ဇနီးနှင့် သူ၏ သမီးတော် မင်းသမီး ယင်ကျုး တို့ ဖြစ်ကြသည်။

ယွင်ကျုံးဟဲ့ ရောက်လာသည်ကို မြင်ချိန်မှာတော့ တာယင် ဘုရင်၏ ဇနီးနှင့် သမီးတော် တို့သည် အတွင်းစိတ်ထဲရှိ ဝမ်းနည်းမှုများကို မျိုသိပ်ကာ ရှေ့တိုးလာပြီး ဒူးထောက် အရိုအသေပေးရန် ပြင်လိုက်ကြ၏။

“မလိုပါဘူး။ တာ့ယန် အင်ပါယာမှာ ဒူးထောက်တဲ့ ထုံးစံကို ဖျက်သိမ်းလိုက်ပါပြီ။” ယွင်ကျုံးဟဲ့က တားမြစ်လိုက်သည်။

ထို့နောက် ယွင်ကျုံးဟဲ့ ကုတင်ရှေ့သို့ သွား၍ ထိုင်လိုက်သည်။ သူ တာယင် ဘုရင်၏ အလောင်းကို ကြည့်လိုက်ရာ မျက်နှာသည် အလွန် အေးချမ်းနေပြီး မကျေမနပ်ဖြစ်မှု အနည်းငယ်မျှ မရှိဘဲ လွတ်မြောက်သွားသည့် အပြုံးလေး တစ်ခုပင် ရှိနေ၏။

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “အစ်ကိုယင်... ကောင်းကောင်း သွားပါ။”

ထို့နောက် ယွင်ကျုံးဟဲ့က အမိန့်ပေးလိုက်၏။ “အမိန့်တော် ရေးပါ။”

“ဟုတ်ကဲ့ပါ အရှင်မင်းကြီး...” အမျိုးသမီး အရာရှိ ကျူ့ယွီယန်က ပြောလိုက်သည်။

“ယင်ဆုန့်ကို တာ့ယန် အင်ပါယာရဲ့ ယင်ချင်ဝမ် အဖြစ် ဘွဲ့ထူး ချီးမြှင့်တယ်။” ယွင်ကျုံးဟဲ့က ပြောလိုက်၏။

ထို့နောက် ကျူ့ယွီယန်က အမိန့်တော်ကို ရေးသားပြီးနောက် ချက်ချင်း လူလွှတ်၍ လောက တစ်ခွင်လုံးကို ကြေညာစေသည်။

ထိုအချိန်မှစ၍ ယခင် တာယင် အင်ပါယာ၏ အိမ်ရှေ့မင်းသားဟောင်းသည် ယွင်ကျုံးဟဲ့က ဘွဲ့ထူး ချီးမြှင့်သော ဒုတိယမြောက် တာ့ယန် အင်ပါယာ ချင်ဝမ် ဖြစ်လာခဲ့သည်။ ယခင် တစ်ယောက်မှာ ကျီးရှန့် ချင်ဝမ် ဖြစ်၏။

All Chapters