အခန်း ၉၀၅
Vol. 76 Ch. 905
အပိုင်း (၉၀၅)
ယွင်ကျုံးဟဲ့၏ အကြည့်များက မင်းသမီး ယင်ကျုး ဆီသို့ ရောက်ရှိသွားပြီး မေးလိုက်သည်။ “ယင်ကျူး... ကျုပ်တို့ လွန်ခဲ့တဲ့ နှစ်အတော်ကြာက တွေ့ဖူးတယ်။ မင်း မှတ်မိသေးလား။”
မင်းသမီး ယင်ကျုးက ဖြေ၏။ “သမီး မှတ်မိပါသေးတယ်။ အဲဒီတုန်းက သမီးက အသက် ဆယ်နှစ်ကျော်ပဲ ရှိသေးပြီး မြစ်ကမ်းဘေး တစ်ခုမှာပါ။”
ယွင်ကျုံးဟဲ့က ဆက်ပြောသည်။ “အဲဒီတုန်းက မင်းကို မြင်လိုက်ရတဲ့ အချိန်မှာ ငါ အရမ်း သဘောကျခဲ့တယ်။ မင်းက ငါ့ရဲ့ ချွေးမ ဖြစ်လာတာကို ငါ အရမ်း ဝမ်းသာပါတယ်။ ဒီနှစ်တွေ အတွင်းမှာ ယွင်ယောင်ကို စောင့်ရှောက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။”
မင်းသမီး ယင်ကျုးက စနစ်တကျ အရိုအသေပေးကာ ပြောလိုက်၏။ “ချွေးမ... ယောက္ခမကို အရိုအသေပေးပါတယ်။”
ယွင်ကျုံးဟဲ့က ပြောသည်။ “ပိုင်ဖေးဖေးက ငါ့ကို စကားတစ်ခွန်း ပြောဖူးတယ်။ သူမက အရမ်း အသုံးမကျပေမယ့် သူမရဲ့ အဖေကတော့ အရမ်း တော်တယ်တဲ့။ အခု ငါ ပြောချင်တာက မင်းရဲ့ဖခင် ကလည်း အရမ်း တော်ပါတယ်။ သူက မင်းနဲ့ မင်းရဲ့ ကလေးတွေရဲ့ ဂုဏ်ယူစရာ ဖြစ်လာနိုင်ပါတယ်။”
မင်းသမီး ယင်ကျုး ထပ်မံ ဒူးထောက်ကာ ပြောလိုက်၏။ “ကျေးဇူးတင်ပါတယ် အဖေ။”
ထို့နောက် မင်းသမီး ယင်ကျုးက ပြောလိုက်သည်။ “အဖေ… သမီးနဲ့ ယွင်ယောင်ရဲ့ ကလေး နှစ်ယောက်ကို အဖေ တွေ့ချင်နေမှာ သေချာပါတယ်။”
ယွင်ကျုံးဟဲ့က ဖြေ၏။ “တွေ့ချင်တာပေါ့၊ နေ့တိုင်း တွေ့ချင်နေတာ။”
ခဏအကြာတွင် ကလေး နှစ်ယောက်ကို ယွင်ကျုံးဟဲ့၏ ရှေ့သို့ ခေါ်ဆောင်လာခဲ့သည်။
ယောက်ျားလေး တစ်ယောက်၊ မိန်းကလေး တစ်ယောက်ဖြစ်သည်။ ဤကလေး နှစ်ယောက် ဝင်လာပြီးနောက် ယွင်ကျုံးဟဲ့ကို သတိမထားမိဘဲ တာယင် ဘုရင်ဆီသို့ အရင် ပြေးသွားကာ အဘိုးဟု အော်ဟစ်ရင်း အပြင်းအထန် ငိုကြွေးလိုက်ကြ၏။
ယွင်ကျုံးဟဲ့လည်း ကလေး နှစ်ယောက်ကို မတားဆီးခဲ့ပေ။ ဆယ့်ငါးမိနစ်ခန့် ငိုကြွေးပြီးနောက် ယွင်ကျုံးဟဲ့သည် ကလေး နှစ်ယောက်ကို ရင်ခွင်ထဲ သိုင်းဖက်ကာ ပြောလိုက်သည်။ “ဒီနေ့ကစပြီး ဒီအဘိုးက မင်းတို့ကို ချစ်ပေးမယ်၊ ဟုတ်ပြီလား။”
……………………
နက်ရှိုင်းသော မြေအောက် အကျဉ်းထောင်၊ မြေအောက် အကျဉ်းထောင်သို့ သွားရာ လမ်းကြောင်းကို နောက်ဆုံးတော့ ဖောက်လုပ် ပြီးစီးသွားခဲ့ပြီဖြစ်၏။
ယခင် တာရှန်းမိစ္ဆာနိုင်ငံ မြို့စားတစ်ဦးက ပြောလိုက်သည်။ “အရှင်ဧကရာဇ်... ဒီအထဲမှာ ရှိတာက. အမတ်ကြီး အောက်ရှင်း ပါ။”
ယွင်ကျုံးဟဲ့၏ နှုတ်ခမ်းများ တုန်ယင်နေပြီး သူ့ထံသို့ သော့တောင်းရန် လက်ဆန့်ထုတ်လိုက်၏။
ထိုမြို့စားက သော့ကို ချက်ချင်း လက်နှစ်ဖက်ဖြင့် ဆက်သလိုက်သည်။
ယွင်ကျုံးဟဲ့၏ လက်နှစ်ဖက်သည်လည်း တုန်ယင်နေကာ လေကို ပြင်းပြင်း တစ်ချက် ရှူသွင်းပြီးနောက် ဧရာမ သော့ခလောက်ကြီးကို ဖွင့်ကာ တံခါးကြီးကို ဖြည်းညင်းစွာ ဖွင့်လိုက်၏။
အကျဉ်းထောင် အတွင်းတွင် လူတစ်ယောက် တင်ပျဉ်ခွေ ထိုင်နေပြီး ဆံပင်နှင့် မုတ်ဆိတ်များ အားလုံး ဖြူဖွေးနေကာ ထိုလူမှာ ယွင်ကျုံးဟဲ့၏ မွေးစားဖခင် အောက်ရှင်းပင် ဖြစ်သည်။
“အဖေ...” ယွင်ကျုံးဟဲ့က တုန်ယင်သော အသံဖြင့် ခေါ်လိုက်၏။
အတွင်းတွင် တင်ပျဉ်ခွေ ထိုင်နေသော အောက်ရှင်းမှာ ရုတ်တရက် တုန်ယင်သွားပြီး မျက်လုံးများ ပွင့်လာချိန်မှာတော့ ယွင်ကျုံးဟဲ့ကို မြင်လိုက်ရသည့် ပထမဆုံး အကြည့်တွင် ဝေခွဲမရ ဖြစ်နေပုံရသည်။
ထိုခံစားချက်က သူ အိပ်မက် မက်နေသလိုမျိုးပင်။ ထို့နောက် လက်တွေ့ဘဝမှာ ရောက်နေသည် ဆိုခြင်းကို သူ သိသွားပေမယ့် မယုံကြည်ရဲသေးဘဲ ခေါင်းကို အစွမ်းကုန် ခါရမ်းလိုက်၏။
အချိန် အတော်ကြာပြီးနောက်မှသာ ဤနေရာသည် အိပ်မက် မဟုတ်ဘဲ လက်တွေ့ ဖြစ်ကြောင်း သူ လုံးဝ သဘောပေါက်သွားသည်။
မျက်မှောက်ရှိ ဤလူသည် သူ နေ့ရောညပါ သတိရ လွမ်းဆွတ်နေခဲ့ရသော မွေးစားသားလေးပင် ဖြစ်သည်။ တစ်ခဏချင်း အတွင်းမှာပင် အောက်ရှင်း ၏ မျက်လုံးများ ရုတ်တရက် နီရဲသွား၏။
ယွင်ကျုံးဟဲ့ ရှေ့တိုးသွားကာ ဖခင်ဖြစ်သူ၏ လက်မောင်းကို ဖက်ထားလိုက်သည်။
“အမေလည်း နေကောင်းပါတယ်၊ ညီမလေးလည်း နေကောင်းပါတယ်၊ ပြီးတော့ သူမ အိမ်ထောင်တောင် ကျနေပြီ။ ကလေး သုံးယောက်တောင် ရှိနေပြီ။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ယောက်ဖ ကတော့ ပညာတတ်ကြီး တစ်ယောက်ပါ။”
အောက်ရှင်းက ပါးစပ်ကို ဟလိုက်ပြီး စကားပြောချင်သော်လည်း နောက်ဆုံးတွင် ဘာမှ မပြောထွက်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် နှစ်အတော်ကြာသည်အထိ စကားတစ်ခွန်းမျှ မပြောခဲ့ရသောကြောင့် စကားပြောနိုင်စွမ်းများ ပျောက်ဆုံးသွားသကဲ့သို့ ဖြစ်နေသောကြောင့်ပင်။
“ပြီးတော့ အဖေ့ကို အရမ်း ဝမ်းသာစရာ ကောင်းတဲ့ သတင်းကောင်း တစ်ခု ပြောပြအုံးမယ်။ အစ်ကို အောက်ယွီ မသေသေးပါဘူး။ ခဏနေရင် အဖေ သူ့ကို တွေ့ရပါလိမ့်မယ်။” ယွင်ကျုံးဟဲ့က ဆက်ပြောသည်။
အောက်ရှင်း၏ မျက်လုံးများ ပိုမို ပြူးကျယ်သွားပြီး မယုံကြည်နိုင်အောင် ဖြစ်သွားသည်။ ထို့နောက် အဆုံးအစ မရှိသော ပျော်ရွှင်မှုများနှင့် ဝမ်းသာမှုများက သူ၏ ရင်ထဲ ပြည့်နှက်လာ၏။
သူ့အပေါ် ကောင်းကင်ဘုံက ဤမျှမျက်နှာသာပေးပြီး အရမ်းကောင်းသည်ဟု သူ ရုတ်တရက် ခံစားလိုက်ရ၏။ သူဆုံးရှုံးခဲ့ရသမျှ အရာအားလုံးကို ပြန်လည်ရရှိခဲ့ပြီ မဟုတ်ပါလား။
ဤသို့ဆိုလျှင် ပြီးခဲ့သည့် နှစ်နှစ်ဆယ်ကျော်ကာလအတွင်း အကျဉ်းကျခံခဲ့ရခြင်းသည်လည်း တန်ဖိုးရှိလှသည်ဟု သူ ခံစားလိုက်ရတော့သည်။
အချိန် အတော်ကြာပြီးနောက် အောက်ရှင်း သည် စကားတစ်ခွန်းမှ ပြော၍ မရသေးဘဲ ဖြစ်နေသည်။ သူက ပျော်ရွှင်လွန်းသောကြောင့် ပေါက်ကွဲထွက်တော့မလို ဖြစ်နေပြီး မျက်ရည်များကသာ ရူးသွပ်စွာ စီးကျလာလေတော့၏။
ပြီးသည့်နောက် ယွင်ကျုံးဟဲ့သည် မွေးစားဖခင် ဖုန်းရှင်းမြဲ့ ကို ကိုယ်တိုင် လွှတ်ပေးခဲ့သည်။
ထို့နောက် သူ၏ ပထမဆုံး မွေးစားဖခင် ကုန်းစွန်းမာ သေဆုံးသွားခဲ့ပြီ ဟူသည့် သတင်းဆိုး တစ်ခုကို ရရှိခဲ့သည်။ သူသည် ကုန်းစွန်းယန်၏ ဂိုဏ်းတူ အစ်ကိုဖြစ်ပြီး ယွင်ကျုံးဟဲ့နှင့် အောက်ယွီတို့ကို ကာကွယ်ရန် အတွက် တာယင် အင်ပါယာကို သစ္စာဖောက်ခဲ့ကာ နောက်ဆုံးတွင် ကုန်းစွန်းယန်၏ လက်ချက်ကြောင့် လက်ခြေများ အဖြတ်ခံခဲ့ရသူ ဖြစ်၏။ သူက ယွင်ကျုံးဟဲ့ ပြန်ရောက်လာတဲ့ အချိန်အထိ မစောင့်နိုင်ခဲ့ချေ။
ရွှီအန်းထင် ကတော့ အသက်ရှင်နေဆဲ ဖြစ်၏။ သူ ယွင်ကျုံးဟဲ့ကို မြင်ချိန်မှာတော့ အသံထွက်သည်အထိ ငိုကြွေးနေသည်။
ဖုန်းရှင်းမြဲ့နှင့် ရွှီအန်းထင်တို့သည် တကယ်ကို မျှော်လင့်ချက်မဲ့ပြီး မှောင်မိုက်သော နေ့ရက်များကို နှစ် နှစ်ဆယ်ကျော် ကာလအတွင်း ဖြတ်သန်းခဲ့ကြရခြင်း ဖြစ်သည်။ သူတို့သည် အောက်ရှင်း ကဲ့သို့ အကြွင်းမဲ့ စိတ်ဓာတ် ခိုင်မာမှု မရှိကြဘဲ ယွင်ကျုံးဟဲ့ သေချာပေါက် ပြန်လာပြီး တိုက်ခိုက်မည် ဆိုသည်ကို မယုံကြည်ခဲ့ကြပေ။
ဖုန်းရှင်းမြဲ့ နှင့် ရွှီအန်းထင် တို့တွင် ထိုသို့သော စိတ်ဓာတ်မျိုး မရှိခဲ့ဘဲ မျှော်လင့်ချက်မဲ့သွားပြီးနောက် လူတစ်ကိုယ်လုံး အကျဉ်းထောင်အတွင်း၌ လမ်းလျှောက်နေသော အလောင်းကောင်များကဲ့သို့ ဖြစ်နေခဲ့သည်။
ယွင်ကျုံးဟဲ့ကို နောက်တစ်ကြိမ် ပြန်လည် တွေ့မြင်ရချိန်မှသာ သူတို့၏ ဝိညာဉ်က အနည်းငယ် ပြန်လည် နိုးထလာခဲ့ခြင်း ဖြစ်၏။
ယွင်ကျုံးဟဲ့ကို မြင်ရ၍ အပျော်ဆုံး လူမှာ ယွမ်ထျန်းရှဲ့ ဖြစ်ပြီး သူသည် အသက်ရှူ မဝတော့သည်အထိ ငိုကြွေးနေသည်။
ယွင်ကျုံးဟဲ့ကို မတွေ့ရချိန်က သူသည် အဆုံးအစ မရှိသော မျှော်လင့်ချက်များ ပြည့်နှက်နေခဲ့သော်လည်း ယွင်ကျုံးဟဲ့ကို မြင်လိုက်ရပြီးနောက် သူ ပို၍ပင် မျှော်လင့်ချက်မဲ့သွား၏။
မိမိ၏ တစ်သက်တာအတွင်း ကြီးကျယ်ခမ်းနားလှသော အောင်မြင်မှုများကို မုချမုချ ဖန်တီးနိုင်လိမ့်မည်ဟု သူ ယုံကြည်ထားခဲ့၏။ ထို့အပြင် ယွင်ကျုံးဟဲ့၏ အားကိုးအထိုက်ဆုံးသော လူပုဂ္ဂိုလ်တစ်ဦး ဖြစ်လာနိုင်လိမ့်မည် ဟုလည်း မျှော်လင့်ထားခဲ့သည်။
သို့သော်လည်း ယခုအခါတွင်မူ အရာအားလုံးမှာ အဆုံးသတ်သွားခဲ့ပြီ ဖြစ်သလို တာရှန်းမိစ္ဆာနိုင်ငံတော် သည်လည်း ပျက်သုဉ်းသွားခဲ့ပြီဖြစ်၏။
သူ ယွမ်ထျန်းရှဲ့ အနေဖြင့် မည်သည့်အောင်မြင်မှုမှ မရရှိလိုက်ဘဲ အရာအားလုံးမှာ အချည်းနှီး ဖြစ်သွားရသည်ဟု ခံစားနေရချိန်တွင် မည်ကဲ့သို့ ဝမ်းနည်းပူဆွေးခြင်း မရှိဘဲ နေနိုင်မည်နည်း။
ယွင်ကျုံးဟဲ့ သူ၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။ “အဲဒီလို မဟုတ်ပါဘူး။ ကျုပ်တို့ရဲ့ တာဝန်တွေ၊ ကျုပ်တို့ရဲ့ လုပ်ဆောင်ရမယ့် အရာတွေက မပြီးဆုံးသေးပါဘူး။”
ယွမ်ထျန်းရှဲ့က အစွမ်းကုန် ဦးညွတ်ကာ ပြော၏။ “သခင့်အတွက်ဆိုရင် ကျုပ် အရိုးကြေကြေ၊ အရည်ခမ်းခမ်း ပေးဆပ်ဖို့ ဆန္ဒရှိပါတယ်။”
ပြီးသည့်နောက် ယွင်ကျုံးဟဲ့သည် အကျဉ်းခန်းတစ်ခန်း အတွင်းသို့ ရောက်ရှိသွား၏။ ထိုနေရာတွင် အကျဉ်းချခံထားရသူမှာ ယင်ချွဲ့ ဖြစ်သည်။
သူသည် အပြောင်းအလဲ အကြီးမားဆုံး ဖြစ်လာသူတစ်ဦးလည်း ဖြစ်သည်။ ကြည့်လိုက်လျှင် အောက်ရှင်း ကဲ့သို့ပင် အိုမင်းရင့်ရော်နေဟန် ပေါက်နေသော်လည်း အမှန်စင်စစ်တွင် သူသည် လူငယ်အရွယ်မျှသာ ရှိသေးသူ ဖြစ်၏။
သို့သော်လည်း ဆံပင်နှင့် မုတ်ဆိတ်တို့မှာ အားလုံးဖြူဖွေးနေပြီး ဆံပင်ရှည်များမှာမူ မြက်ပင်များအလား ရှုပ်ပွနေသည်။
အရင်က ခန့်ညားထည်ဝါခဲ့သော စတုတ္ထမင်းသား ယင်ချွဲ့မှာ ယခုအခါ၌မူ အသုံးမကျသော လူတစ်ယောက်အလား ဖြစ်နေ၏။
ထိုစဉ်က တာ့ကျိုးအင်ပါယာကို ဖျက်ဆီးပြီးနောက် သူသည် စစ်သည်သိန်းချီကို ဦးဆောင်ပြီး တာ့ရှီ အင်ပါယာအတွင်းသို့ ဝင်ရောက်တိုက်ခိုက်ခဲ့စဉ်က မည်မျှပင် တက်ကြွလှုပ်ရှားခဲ့ပါသနည်း။
သို့သော်လည်း နောက်ပိုင်းတွင် ဧကရာဇ်မင်းကြီးက သူ၏ ကိုယ်ပိုင်အမှတ်အသားကို ဖော်ထုတ်ခဲ့ပြီး အရှေ့တိုင်းလောကကို သိမ်းပိုက်ကာ တာရှန်းမိစ္ဆာနိုင်ငံတော်ကို တည်ထောင်ခဲ့သည်။
ထို့အပြင် ယွင်ကျုံးဟဲ့မှာလည်း အသက်ရှင်နေသည် သို့မဟုတ် သေဆုံးသွားပြီဟူ၍ မည်သူမှ မသိရှိနိုင်တော့ပေ။ ဤသို့ဖြင့် ယင်ချွဲ့၏ လောကကြီးမှာ လုံးဝပြိုကျသွားခဲ့ရသည်။
သူ၏ဖခင်တွင် လျှို့ဝှက်ချက်များစွာ ရှိနေသည်ကိုလည်းကောင်း၊ လွန်စွာလျှို့ဝှက်ဆန်းကြယ်သော အင်အားစုများက ကူညီပေးနေသည်ကိုလည်းကောင်း သူသိရှိထားသော်လည်း အလေးအနက်ထားခဲ့ခြင်း မရှိချေ။
ဖခင်တစ်ဦးဖြစ်သည့်တိုင် ဘုရင်နှင့်အမတ်ဟူသော ဆက်ဆံရေးမျိုးရှိပြီး ဘုရင်တစ်ပါးအနေဖြင့် လျှို့ဝှက် ဆန်းကြယ်မှုကို ထိန်းသိမ်းထားရန် လိုအပ်သည်ဟု သူယူဆခဲ့သည်။ သားတစ်ဦးအနေဖြင့် ဘုရင်ဖခင်၏ အကြံအစည်များကို မကောင်းသော ရည်ရွယ်ချက်ဖြင့် မခန့်မှန်းသင့်ဟု သူခံယူထားခဲ့ခြင်း ဖြစ်သည်။
သို့ရာတွင် အရာအားလုံး ပေါက်ကွဲထွက်လာသည့်အချိန်၌မူ သူသည် အပြင်းထန်ဆုံးသော တုံ့ပြန်မှုကို လုပ်ဆောင်ခဲ့၏။
ထိုစဉ်က သူသည် စစ်သည်သိန်းချီကို ဦးဆောင်ပြီး တာရှန်းမိစ္ဆာနိုင်ငံကို တိုက်ရိုက်ပုန်ကန်ရန် ကြိုးပမ်းခဲ့သည်။ တာ့ရှီအင်ပါယာမှ တိုက်ရိုက်ခွဲထွက်၍ တာယင်အင်ပါယာသစ်ကို တည်ထောင်ကာ တာရှန်းမိစ္ဆာနိုင်ငံကို လုံးဝ ငြင်းပယ်ရန် ကြိုးစားခဲ့ခြင်း ဖြစ်၏။ ရလဒ်အနေဖြင့်မူ သူသည် ကျရှုံးခဲ့ရပြီး အဖမ်းခံခဲ့ရသည်။
ယွင်ကျုံးဟဲ့ကို မြင်လိုက်ရသည့် တစ်ခဏမှာ သူ အတော်ကြာအောင် စဉ်းစားပြီးမှ သတိထားကာ မေးလိုက်၏။ “ယွင်... ယွင်ကျုံးဟဲ့လား။”
ယွင်ကျုံးဟဲ့က ဖြေသည်။ “ကျုပ်ပါ စတုတ္ထ မင်းသား။”
ယင်ချွဲ့က တုန်ယင်စွာ မေးလိုက်၏။ “အရာအားလုံး ပြီးဆုံးသွားပြီလား။”
ယွင်ကျုံးဟဲ့က ဖြေသည်။ “ဟုတ်တယ်။ အရာအားလုံး ပြီးဆုံးသွားပြီ။ တာရှန်းမိစ္ဆာနိုင်ငံလည်း ပျက်စီးသွားပြီ။”
“ပျက်စီးသွားတာ ကောင်းတယ်။ ပျက်စီးသွားတာ ကောင်းတယ်။ ဟား… ဟား...”
ယင်ချွဲ့က တစ်ဖက်က ရယ်မောကာ၊ တစ်ဖက်က ငိုကြွေးရင်း မြေကြီးကို ရိုက်ပုတ်ကာ အော်လိုက်၏။ “ပျက်စီးသွားတာ ကောင်းတယ်။ ပျက်စီးသွားတာ ကောင်းတယ်...”
ထို့နောက် ယင်ချွဲ့ သည် ငိုလိုက်၊ ရယ်လိုက် လုပ်နေပြီး ကိုယ့်ကိုယ်ကိုယ် လုံးဝ မထိန်းချုပ်နိုင်တော့ပေ။
“ကောင်းပြီ၊ ကောင်းပြီ... တာရှန်းမိစ္ဆာနိုင်ငံပျက်စီးသွားပြီ ဆိုတော့ အခု အရိုးအသား ကြေမွ ပျက်စီးသွားရင်တောင် ကျုပ် မျက်စိမှိတ်လို့ ရပြီ။” ယင်ချွဲ့က အက်ကွဲသော အသံဖြင့် ပြောလိုက်သည်။
ယွင်ကျုံးဟဲ့က ပြော၏။ “ယင်ချွဲ့... ခင်ဗျား စိတ်ဓာတ် ပြန်လည် တက်ကြွလာဖို့ လိုအပ်တယ်။ ခင်ဗျား သေလို့ မရဘူး။”
ယင်ချွဲ့က မေးလိုက်သည်။ “ဘာလို့လဲ။”
ယွင်ကျုံးဟဲ့က ဖြေ၏။ “ဘာလို့လဲဆိုတော့ ခင်ဗျားရဲ့ ယင်တော်ဝင် မိသားစုက လူတွေ အားလုံး သေတဲ့သူ သေ၊ အဖမ်းခံရတဲ့သူ အဖမ်းခံရ ဖြစ်ကုန်ပြီ။ ခင်ဗျားရဲ့ အစ်ကိုယင်ဆုန့်က ကျုပ် မိစ္ဆာမြို့တော်ကို ဖျက်ဆီးဖို့ ကူညီပေးပြီးတဲ့နောက်မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ပြီ။ ယင်မိသားစုရဲ့ တာဝန်ကို ခင်ဗျား တစ်ယောက်တည်းပဲ ထမ်းဆောင်ရတော့မယ်။”
ယင်ချွဲ့က မေးလိုက်၏။ “ညီလေးယွင်... ကျုပ်တို့ ယင်မိသားစုမှာ အနာဂတ် ရှိသေးလို့လား။”
ယွင်ကျုံးဟဲ့က ဖြေသည်။ “သေချာတာပေါ့။ ခင်ဗျားတို့ ယင်မိသားစုက လောကကြီးရဲ့ ချင်ဝမ်ကြီးတွေထဲက တစ်ယောက်အနေနဲ့ နှစ်ပေါင်း ထောင်ချီတဲ့ အခြေခံ အုတ်မြစ် ရှိနေပါသေးတယ်။ အခုက သေးငယ်တဲ့ အခက်အခဲလေး တစ်ခုကို ကြုံတွေ့ရုံ သက်သက်ပါ။”
ကယ်ဆယ်သင့်သူများအားလုံးကို ကယ်တင်ပြီးစီးခဲ့ပြီဖြစ်သည်။ သို့သော်လည်း အရေးပါလှသော လူနှစ်ဦး ဖြစ်သည့် ယွင်ကျုံးဟဲ့၏သားဖြစ်သူ ယွင်ယောင်နှင့် ယခင်တာ့ရှီအင်ပါယာ၏ သွေးစွန်းဘုရင်မတို့ပင် ကျန်နေသေး၏။
ထို့အပြင် အရေးအကြီးဆုံးမှာ မင်းသမီးရှန်းရှန်း ဖြစ်သည်။ ဤသုံးဦးကိုမူ မည်သည့်နေရာတွင်မှ ရှာမတွေ့သေးချေ။
မြေအောက်အကျဉ်းထောင်တစ်ခုလုံးကို နှံ့နှံ့စပ်စပ် ရှာဖွေခဲ့သော်လည်း ထိုလူနှစ်ဦး၏ အရိပ်အယောင်ကိုပင် မတွေ့ရှိရပေ။
ယွင်ကျုံးဟဲ့သည် မိမိ၏အတွင်းစိတ်တွင် ဖြစ်ပေါ်နေသော စိုးရိမ်ပူပန်မှုများကို အတတ်နိုင်ဆုံး ဖိနှိပ်ထားကာ သူ၏ ဆွေမျိုးသားချင်းများနှင့် မိတ်ဟောင်းဆွေဟောင်းများကို မြေပြင်ပေါ်သို့ ခေါ်ဆောင်လာပြီးနောက် ရေချိုးသန့်စင်ကာ အဝတ်အစားများ လဲလှယ်စေခဲ့သည်။ ပြီးသည့်နောက် ကောင်းမွန်စွာ ထမင်းကျွေးမွေးလိုက်၏။
ထိုလူများမှာ အကျဉ်းထောင်အတွင်းမှ ယခုမှ လွတ်မြောက်လာခြင်းဖြစ်၍ စိတ်ပိုင်းဆိုင်ရာ အလွန်ပင်ပန်း နွမ်းနယ်နေကြသောကြောင့် စောစီးစွာ အနားယူရန် သွားရောက်ကြတော့သည်။
………………