အပိုင်း (၉၀၆)
Vol. 76 Ch. 906
ယွင်ကျုံးဟဲ့သည် မင်းသမီး ယင်ကျုး နှင့် တွေ့ဆုံကာ မေးလိုက်၏။ “ယင်ကျူး... ယွင်ယောင်ကို မတွေ့ရဘူး။ အဲဒီတုန်းက သူလည်း အတူတူ အကျဉ်းချခံခဲ့ရတာ မလား။”
မင်းသမီး ယင်ကျုး၏ မျက်နှာက ဖြူရော်သွားပြီး ဖြေလိုက်သည်။ “ဟုတ်ပါတယ်။ အဲဒီတုန်းက သူနဲ့ အဘိုး အောက်ရှင်းတို့ အတူတူ မြေအောက် အကျဉ်းထောင်ထဲမှာ အကျဉ်းချခံခဲ့ရတာပါ။ ပြီးတော့ လမ်းကြောင်းတွေကို လုံးဝ ပိတ်ဆို့ထားပြီး သူတို့ကို စောင့်ရှောက်ဖို့နဲ့ စားသောက်ဖို့ တာဝန်ယူရတဲ့ သီးသန့် လူတစ်စု ရှိပါတယ်။”
ထို့နောက် မင်းသမီး ယင်ကျုးက တုန်ယင်နေသည့် လေသံဖြင့် မေးလိုက်၏။ “အဖေ… ယောက်ျားက ဒုက္ခရောက်နေပြီလား။”
“စိတ်ချပါ... စိတ်ချပါ။”
ယွင်ကျုံးဟဲ့က နှစ်သိမ့်သည့် အသံဖြင့် ပြောသည်။ “သူက အရမ်း အရေးကြီးလို့ မင်းရဲ့ အဘိုးက သူ့ကို ခေါ်သွားတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။”
ယင်ကျုး၏ အဘိုး ဆိုသည်မှာ သေချာပေါက် တာရှန်းမိစ္ဆာနိုင်ငံ၏ ဧကရာဇ်ကို ဆိုလိုခြင်း ဖြစ်၏။
“မင်း စိတ်ချပါ... ငါ သူ့ကို သေချာပေါက် ပြန်ခေါ်လာခဲ့ပါ့မယ်။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “မင်း အမေကို သေချာ ဂရုစိုက်ပါ၊ မင်းရဲ့ ကလေးတွေကို သေချာ ဂရုစိုက်ပါ။”
နောက်ပိုင်းတွင် ယွင်ကျုံးဟဲ့သည် ယခင် တာယင် အင်ပါယာ၏ အိမ်ရှေ့မင်းသားဟောင်း ယင်ဆုန့် အတွက် ခမ်းနားကြီးကျယ်သော ဝမ်းနည်းခြင်း အခမ်းအနား တစ်ခုကို ကျင်းပပေးခဲ့၏။
နောက်ဆက်တွဲ အနေဖြင့် ယွင်ကျုံးဟဲ့သည် ယင်ချွဲ့ ကို တာ့ယန် အင်ပါယာ၏ ယင်ချင်ဝမ် အဖြစ် ဘွဲ့ထူး ချီးမြှင့်ခဲ့သည်။
ထို့အပြင် ဧရာမ လေသင်္ဘော တစ်စင်းကို စေလွှတ်၍ ယင်ဆုန့်၏ ရုပ်အလောင်းကို တာယင် ဘုရင်၏ သင်္ချိုင်းဂူ သို ပြန်လည် သယ်ဆောင်ကာ မြှုပ်နှံစေခဲ့၏။
ယင်ချင်ဝမ် အသစ်အနေဖြင့် ယင်ချွဲ့သည် ယင်ဆုန့်၏ ရုပ်အလောင်းကို တာယင် မြို့တော်သို့ ကိုယ်တိုင် လိုက်ပါ ပို့ဆောင်ပေးခဲ့သည်။
အောက်ယွီသည် ယွင်ကျုံးဟဲ့ထက် မိဘကို ပို၍ ရိုသေသူ ဖြစ်သည်။ နောက်ပိုင်းအချိန်များတွင် သူသည် ဖခင် အောက်ရှင်း၏ ဘေးတွင် အချိန်တိုင်းနီးပါး လိုက်ပါ စောင့်ရှောက်နေသည်။ ထမင်းစားသည် ဖြစ်စေ၊ လမ်းလျှောက်သည် ဖြစ်စေ၊ ညအိပ်သည် ဖြစ်စေ သားအဖ နှစ်ဦးစလုံးသည် အခန်း တစ်ခန်းတည်းရှိ ကုတင် နှစ်လုံးပေါ်တွင် အတူတူ အိပ်စက်ကြ၏။
“အဖေ... အဖေ့ကို ယွင်ပြည်နယ်ကို အခုချက်ချင်း ပို့ပေးရမလား။”
ယွင်ကျုံးဟဲ့က မေးသည်။ “အမေနဲ့ ညီမလေးကို သွားတွေ့မလား။”
အောက်ရှင်းက ခေါင်းယမ်းကာ ဖြေ၏။ “မလိုပါဘူး... နောက်မှ သွားတွေ့တာပေါ့။”
သူ့အနေဖြင့် သူ၏သားနှစ်ယောက်အနားမှ အမှန်တကယ်ပင် ခွဲခွာလိုစိတ် မရှိသေးပေ။ ဇနီးသည်နှင့် သမီးဖြစ်သူကို အလွန်အမင်း လွမ်းဆွတ်နေမိသော်လည်း သားဖြစ်သူတို့၏ အနားသို့ ယခုမှ ပြန်လည် ရောက်ရှိလာသည်ဖြစ်ရာ ခွဲခွာသွားရန်အတွက်မူ မည်သို့မှ စိတ်မကူးနိုင်သေးချေ။
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ကျန်းကျိုးဘက်မှာ ကျုပ်တို့ရဲ့အိမ်ကို အသစ် ပြန်ဆောက်ထားပါတယ်။ နောက်ပိုင်းကျရင် အမေနဲ့ ညီမလေး လည်း ပြန်လာနေလို့ ရပါတယ်။ ဒါပေမဲ့ သေချာပေါက် ရချင်မှလည်း ရမှာပါ။ ဘာလို့လဲဆိုတော့ ညီမလေးရဲ့ ကလေးနှစ်ယောက်က ကျောင်းတက်ရမှာဆိုတော့ ကျန်းကျိုးမှာ ခေတ်သစ်ကျောင်းတွေ အပြည့်အဝ မရှိသေးလို့ပါ။”
အောက်ရှင်းက ပြုံးကာ ပြော၏။ “ငါက ဘယ်သွားသွား ရပါတယ်... ဘယ်သွားသွား ရပါတယ်။”
ယွင်ကျုံးဟဲ့သည် နောက်ဆုံး၌ ကုန်းစွန်းယန်ကို ခေါ်ယူ တွေ့ဆုံသည်။
“အပြစ်သား ကုန်းစွန်းယန်... အရှင်ဧကရာဇ်ကို အရိုအသေပေးပါတယ်။ သက်တော်ရာကျော် ရှည်ပါစေ၊ ရှည်ပါစေ၊ ရှည်ပါစေ။” ကုန်းစွန်းယန် သည် စနစ်တကျ ဒူးထောက် အရိုအသေပေးလိုက်၏။
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ကုန်းစွန်းယန်... ယွင်ယောင် ဘယ်မှာလဲ။ မင်းသမီး ရှန်းရှန်းဘယ်မှာလဲ။ သွေးစွန်းဘုရင်မ ဘယ်မှာလဲ။”
ကုန်းစွန်းယန်က ဖြေ၏။ “အပြစ်သား သိသမျှ အကုန်လုံးကို အကုန်အစင် ပြောပြပါ့မယ်။ ဒါပေမဲ့ အဲဒီမတိုင်ခင် အရှင်ဧကရာဇ်က တာရှန်းမိစ္ဆာနိုင်ငံကို ဖျက်ဆီးပြီး ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေ ရရှိခဲ့တဲ့အတွက် အပြစ်သားက အရင်ဆုံး ဂုဏ်ပြုပါရစေ။”
ယွင်ကျုံးဟဲ့ မျက်လုံး ကျဉ်းမြောင်းသွားပြီး ကုန်းစွန်းယန်ကို ကြည့်ကာ စိတ်ထဲမှ အေးစက်စွာ ပြုံးလိုက်သည်။
‘ခင်ဗျားက ဘာပြဇာတ် ကပြချင်နေတာလဲ။’
ကုန်းစွန်းယန်က ပြောလိုက်၏။ “အရှင်မင်းကြီး... အရှင်မင်းကြီးက ယန်ဖျန်ရှန်ကို မိစ္ဆာမြို့တော်ထဲ လျှို့ဝှက်သူလျှို အနေနဲ့ လွှတ်ခဲ့တယ် မလား။”
ယွင်ကျုံးဟဲ့ ဘာတုံ့ပြန်မှုမှ မရှိပေ။
ကုန်းစွန်းယန်က ဆက်ပြောသည်။ “သူက အရမ်း၊ အရမ်းကို သေချာအောင် ဖုံးကွယ်ထားနိုင်ခဲ့ပေမယ့် နှစ်နှစ် အကြာမှာတော့ ကျုပ် သိသွားခဲ့ပါတယ်။ ဒါပေမဲ့ ကျုပ် သူ့ကို ဘာမှ မလုပ်ခဲ့ပါဘူး။ မကြာသေးခင်က အရှင်မင်းကြီး အရေးကြီးတဲ့ သတင်းအချက်အလက် နှစ်ခု ရခဲ့တယ်မလား။
ပထမ တစ်ခုက အမှောင်ဗုံး အရေအတွက်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်ဖြစ်ပြီး အတိအကျကို ရှင်းရှင်းလင်းလင်း သိခဲ့ရတာပါ။ ဒုတိယ တစ်ခုက ယောင်ရောင်က အမြောက်ကြီးတွေနဲ့ ဗုံးတွေကို လုယူသွားပြီးနောက် အဲဒီ အမြောက်ဆန်တွေ အားလုံး အသင့်တော်ဆုံး နေရာကို ရောက်သွားတဲ့ အချိန်မှာ တစ်ယောက်ယောက်က အရှင်မင်းကြီးကို သတင်းပို့ခဲ့တယ်မလား။ အဲဒါကြောင့် အရှင်မင်းကြီးက အဲဒီ အမြောက်ဆန်တွေကို အဝေးကနေ ဖောက်ခွဲပြီး မိစ္ဆာမြို့တော်ကို တိုက်ရိုက် ဖျက်ဆီးနိုင်ခဲ့တာပါ။”
ယွင်ကျုံးဟဲ့ နောက်သို့ မှီထိုင်လိုက်ပြီး ဆက်လက်၍ စကားမပြောခဲ့ပေ။
ကုန်းစွန်းယန်က ပြော၏။ “ဒီလောက်တင် မကသေးပါဘူး။ ယောင်ရောင်နဲ့ ယဇ်ပုရောဟိတ်ချုပ်တို့ ပူးပေါင်းပြီး တာယင် ဘုရင်ကို လုပ်ကြံချင်ခဲ့ကြပေမယ့် တာယင် ဘုရင်က ပြန်လည် အနိုင်ယူနိုင်ခဲ့တယ်။ အဲဒီထဲမှာ အရေးအကြီးဆုံး အချက်ကလည်း ကျုပ်ရဲ့ လက်ရာပါပဲ။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “အမတ်ကြီး ကုန်းစွန်းယန်က တကယ်ပဲ အတိုင်းအဆမသိ နက်နဲတာပဲ။”
ကုန်းစွန်းယန်က ပြော၏။ “အရှင်မင်းကြီးက နောက်ပြောင်နေပါပြီ။ အရှင်မင်းကြီးနဲ့ ယှဉ်လိုက်ရင် အပြစ်သားက လုံးဝ အသုံးမကျတဲ့ လူတစ်ယောက် သက်သက်ပါ။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “အမတ်ကြီး ကုန်းစွန်းယန်က ကျုပ်ကို ဒီအကြောင်းတွေ ပြောပြနေတာက ခင်ဗျားမှာ ကြီးမားတဲ့ အကျိုးဆောင်မှုတွေ ရှိနေတယ်လို့ ကျုပ်ကို ပြောချင်နေတာများလား။”
“မဝံ့ရဲပါဘူး၊ မဝံ့ရဲပါဘူး...”
ကုန်းစွန်းယန်က ပြော၏။ “အပြစ်သားက အရှင်ဧကရာဇ်ရဲ့ ရှေ့မှာ ဘာအကျိုးဆောင်မှုမှ မရှိပါဘူး။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဒါဆို မင်း ဘာလို့ ဒီလို လုပ်ခဲ့ရတာလဲ ဆိုတာကို ကျုပ် အရမ်း သိချင်နေတယ်။ ပြောပြပါအုံး။”
ကုန်းစွန်းယန်က ဖြေ၏။ “ဘာလို့လဲဆိုတော့ အရှင်ဧကရာဇ်ကမှ တရားမျှတမှုကို ကိုယ်စားပြုပြီး၊ အင်အားကြီးမားမှုနဲ့ အနာဂတ်ကို ကိုယ်စားပြုနေလို့ပါ။”
ယွင်ကျုံးဟဲ့က ခေါ်လိုက်သည်။ “အစ်ကိုယန်... ဝင်လာခဲ့ပါ။”
ခဏအကြာတွင် လူဝကြီး တစ်ယောက် ဝင်လာ၏။
‘ဒါ... ဒါ ယန်ဖျန်ရှန် လား။’
သူ၏ မူလရုပ်ရည်သွင်ပြင်ကို လုံးဝ မှန်းဆ၍ မရနိုင်တော့ချေ။ တစ်ကိုယ်လုံး ဝဖြိုးနေပြီး အသက် သုံးဆယ်ကျော် အရွယ်ခန့်သာ ရှိပုံပေါက်နေသည်။
မိစ္ဆာမြို့တော်၌ သူလျှိုအဖြစ် လုပ်ကိုင်စဉ်က သူသည် ကျွန်ပေါင်းထောင်ချီကို အုပ်ချုပ်ရသည့် အကြီးအကဲတစ်ဦး ဖြစ်ခဲ့ဖူး၏။
ဤလူမှာ အသွင်ပြောင်းလဲခြင်း၌ အလွန်ပင် ကျွမ်းကျင်၏။ အရင်က ယန်ဖျန်ရှန်နှင့်ဖြစ်စေ၊ ဟွာမန်လောက်နှင့်ဖြစ်စေ ယခုပုံပန်းသဏ္ဌာန်မှာ အနည်းငယ်မျှပင် ဆင်တူခြင်း မရှိတော့ပေ။
“အမတ်ကြီး ယန်ဖျန်ရှန်... မတွေ့ရတာ ကြာပြီနော်။”
ကုန်းစွန်းယန်က ပြောလိုက်သည်။ “ကျုပ် ခင်ဗျားကို လျှို့ဝှက်စွာ အကြိမ်ကြိမ် တွေ့ခဲ့ဖူးပေမယ့် ခင်ဗျားကတော့ ကျုပ်ကို တစ်ခါမှ မတွေ့ဖူးပါဘူး။”
ယန်ဖျန်ရှန်က ပြန်ပြော၏။ “တွေ့ဖူးပါတယ်။”
ယွင်ကျုံးဟဲ့က မေးသည်။ “အစ်ကိုယန်... ဒီအမတ်ကြီး ကုန်းစွန်းယန်က ပြောတယ်။ အမှောင်ဗုံး အရေအတွက်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်ကို သူ ပေးခဲ့တာတဲ့ ဟုတ်လား။”
ယန်ဖျန်ရှန်က ဖြေ၏။ “အရှင်မင်းကြီး... ကျုပ် သတင်းအချက်အလက် နှစ်ခု ရခဲ့တာ မှန်ပါတယ်။ တစ်ခုက အမှောင်ဗုံး အရေအတွက်နဲ့ ပတ်သက်ပြီး၊ နောက်တစ်ခုက အမြောက်ဆန် သေတ္တာ ထောင်ချီကို သယ်ယူမယ့် အတိအကျ နေရာနဲ့ ပတ်သက်တဲ့ သတင်းပါ။ အရင်က တာယင် ဘုရင်က ကျုပ်ကို သတင်းပေးခဲ့တာလို့ ထင်ခဲ့ပေမယ့် အခု စဉ်းစားကြည့်တော့ သူ မဟုတ်လောက်ဘူး။”
ယန်ဖျန်ရှန်၏ ဆိုလိုရင်းမှာ အလွန်ပင် ရှင်းလင်းပြတ်သား၏။ ဤသတင်းအချက်အလက်များသည် ကုန်းစွန်းယန်ပေးပို့ခဲ့ခြင်း ဖြစ်နိုင်သည်ဟု သူက ဆိုလိုချင်ခြင်းပင်။
ယန်ဖျန်ရှန်က ဆက်ပြောသည်။ “တကယ်တမ်းတော့ သူတို့ မပေးရင်တောင် ကျုပ်ကလည်း တိကျတဲ့ သတင်းအချက်အလက်တွေကို ရရှိပြီးသားပါ။ ကျုပ်က မိစ္ဆာမြို့တော်ရဲ့ ကျွန်အကြီးအကဲ တစ်ယောက် ဖြစ်ပြီး အသွင်ပြောင်း လင်းတတွေကို ကျုပ် လက်အောက်က ကျွန်တွေက ကျွေးမွေးရတာပါ။
အဲဒါကြောင့် အဲဒီနေ့က အသွင်ပြောင်း လင်းတ ဘယ်လောက် ထွက်ခွာသွားလဲ ဆိုတာနဲ့ အမှောင်ဗုံး ဘယ်လောက် ရှိလဲ ဆိုတာကို သိပါတယ်။ ပြီးတော့ အမှောင်ဗုံးတွေ သယ်ထုတ်လာတဲ့ အချိန်မှာ အရေအတွက်က အရမ်း များလွန်းသလို၊ အရမ်း ကြောက်စရာ ကောင်းပါတယ်။ အဝေးကြီး ကနေတောင် နေမကောင်း ဖြစ်ချင်ပြီး အန်ချင်လာတယ်။
အဲဒါကြောင့် ကျုပ်က သေချာ မရေတွက်ခဲ့ပေမယ့် အကြမ်းဖျင်း အရေအတွက်ကိုတော့ သိပါတယ်။ ပြီးတော့ အဲဒီ ဗုံးတွေရဲ့ အတိအကျ နေရာတွေကလည်း အရှင်မင်းကြီးရဲ့ အမိန့်ကို ရပြီးတာနဲ့ ချက်ချင်း သွားစစ်ဆေးခဲ့ပါတယ်။ တကယ်တော့ အရာအားလုံးက ကျုပ်တို့ ထင်ထားတာထက် ပိုရိုးရှင်းပါတယ်။
ဘာလို့လဲဆိုတော့ ဒီအမြောက်ဆန် အရေအတွက်က အရမ်း များလွန်းလို့ အခြေအနေ အများစုမှာ အင်အားကြီးတဲ့ ကျွန်တွေကို စေလွှတ်ပြီး သယ်ယူခိုင်းရတာပါ။ သူတို့ရဲ့ သူလျှို ကာကွယ်ရေး အသိစိတ် ကလည်း သိပ်အားမကောင်းပါဘူး။”
ကုန်းစွန်းယန်က ပြောလိုက်၏။ “အဲဒါက လူတွေရဲ့ စိတ်ဓာတ်တွေ ပြိုကွဲနေလို့ပါ။ ပြီးတော့ ကျုပ်က မျက်စိမှိတ်ပေးထားလို့ပါ။ အဲဒီလိုမှ မဟုတ်ရင် ခင်ဗျားရဲ့ သူလျှိုကွန်ရက်က ကျုပ်ရဲ့ အမြစ်ပြတ် နှိမ်နင်းခြင်းကို အစောတည်းက ခံရမှာပါ။”
ယန်ဖျန်ရှန် ဂရုမစိုက်ဘဲ ယွင်ကျုံးဟဲ့ကို ဦးညွှတ်ကာ ပြောလိုက်သည်။ “အရှင်မင်းကြီး... အရှင်မင်းကြီး လိုအပ်ရင် အချိန်မရွေး ကျုပ်ကို ခေါ်နိုင်ပါတယ်။”
ယွင်ကျုံးဟဲ့ ခေါင်းညိတ်ကာ ပြောလိုက်၏။ “အစ်ကိုယန်... ပင်ပန်းသွားပြီ။”
ယန်ဖျန်ရှန် ထွက်သွားသည်။
“အမတ်ကြီး ကုန်းစွန်းယန်... ခင်ဗျား တကယ်တမ်း ဘာလိုချင်တာလဲ။” ယွင်ကျုံးဟဲ့က မေးလိုက်၏။
ကုန်းစွန်းယန် ဒူးထောက်ကာ ပြောသည်။ “ကျုပ် အရှင်ဧကရာဇ်ကိုပဲ သစ္စာခံချင်တာပါ။ သေသည်အထိ အစွမ်းကုန် ကြိုးစား အလုပ်အကျွေး ပြုပါ့မယ်။”
ယွင်ကျုံးဟဲ့က ဆက်မေး၏။ “ကျုပ်ရဲ့သား ယွင်ယောင်ဦ မင်းသမီး ရှန်းရှန်းနဲ့ သွေးစွန်းဘုရင်မ ကော ဘယ်မှာလဲ။”
ကုန်းစွန်းယန်က ဖြေသည်။ “တာရှန်းမိစ္ဆာနိုင်ငံဧကရာဇ်က ဒီလူသုံးယောက်ကို ခေါ်သွားတာ ဖြစ်လောက်ပါတယ်။ ဘာလို့လဲဆိုတော့ ယွင်ယောင်နဲ့ မင်းသမီး ရှန်းရှန်းတို့က အရှင်မင်းကြီး အတွက် အရေးအကြီးဆုံး လူတွေ ဖြစ်နေလို့ပါ။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဒါဆို သွေးစွန်းဘုရင်မကို ဘာလို့ ခေါ်သွားတာလဲ။”
ကုန်းစွန်းယန်က ဖြေသည်။ “ကျုပ် မသိပါဘူး။”
ယွင်ကျုံးဟဲ့က ထပ်မေး၏။ “တာရှန်းမိစ္ဆာနိုင်ငံဧကရာဇ် ပျောက်ကွယ်သွားတာ ဆယ်နှစ်ရှိပြီ။ သူ ဘာသွားလုပ်နေတာလဲ။”
ကုန်းစွန်းယန်က ဖြေသည်။ “နတ်ဘုရား တစ်ပါး ဖြစ်လာအောင် သွားလုပ်နေတာပါ။”
‘ဘာတွေလဲ။ နတ်ဘုရားတစ်ပါး ဖြစ်လာအောင် ပြုလုပ်ပေးမယ်။ ခင်ဗျားက ဒါကို နတ်ဘုရားဖြစ်ဖို့ လေ့ကျင့်ရာ လောကလို့ ထင်နေတာလား။’
ကုန်းစွန်းယန်၏ နှုတ်ခမ်းတို့မှာလည်း တွန့်ချိုးသွားခဲ့ပြီး နတ်ဘုရားဖြစ်လာခြင်း ဟူသော စကားလုံးအပေါ် အလွန်ပင် စိတ်ရှုပ်ထွေးနေပုံ ဖြစ်နေ၏။
“ကြားရတာ အရမ်း ရယ်စရာ ကောင်းပေမယ့် တာရှန်းမိစ္ဆာနိုင်ငံဧကရာဇ်ဟာ တကယ်ပဲ နတ်ဘုရား ဖြစ်လာအောင် သွားလေ့ကျင့်နေတာပါ။ ပြီးတော့ အသွင်ပြောင်း သိုင်းသမား သိန်းဂဏန်းလောက်ကိုလည်း အတူတူ ခေါ်သွားပါတယ်။”
ကုန်းစွန်းယန်က ပြောလိုက်သည်။ “သူ ဘယ်လို နတ်ဘုရား ဖြစ်လာအောင် လုပ်မယ် ဆိုတာကို ကျုပ် မသိပေမယ့် ဒီအသွင်ပြောင်း သိုင်းသမား သိန်းဂဏန်းလောက်ဟာ သူ့အတွက် အာဟာရတွေ ဖြစ်လောက်ပြီး အားလုံး စတေးခံရဖို့ သုံးမှာပါ။”
ဤသည်မှာ ပို၍ပင် ရယ်စရာကောင်းနေသည်။ ဤလောကတွင် ကြယ်စုပ်ယူခြင်းနည်းလမ်း၊ မြောက်ပိုင်းသမုဒ္ဒရာ နတ်ဘုရားစွမ်းအင် စသည့် သိုင်းပညာမျိုး လုံးဝမရှိချေ။
အင်အားကြီးမားသော သိုင်းပညာကို ရရှိလိုပါက ရိုးသားဖြောင့်မတ်စွာဖြင့်သာ လေ့ကျင့်ရမှာ ဖြစ်သည်။ သူတစ်ပါး၏ အတွင်းအားများကို စုပ်ယူသည်ဟူသော အယူအဆမျိုးမှာလည်း လုံးဝ မရှိပေ။
ထိုအမှောင်ဧကရာဇ်မင်းကြီးသည် အသွင်ပြောင်း သိုင်းသမား သိန်းဂဏန်းခန့်ကို ခေါ်ဆောင်သွားပြီး မည်သည့်အရာများ လုပ်ဆောင်ရန် ရည်ရွယ်နေသနည်း။
ကုန်းစွန်းယန်က ပြောလိုက်သည်။ “တာရှန်းမိစ္ဆာနိုင်ငံက ယုံကြည် ကိုးကွယ်တာက အနက်ရောင် ကျမ်းစာ ပါ၊ သေမင်း ထာဝရ ရှင်သန်ခြင်းကို ယုံကြည်ပါတယ်။ အဲဒါကြောင့် တာရှန်းမိစ္ဆာနိုင်ငံဧကရာဇ်ဟာ အသွင်ပြောင်း သိုင်းသမား သိန်းဂဏန်းလောက်ကို ခေါ်သွားရုံတင် မကဘူး၊ ကျွန် သန်းရာချီကိုလည်း သတ်ပစ်ခဲ့ပြီး သူတို့ရဲ့ အရိုးစုတွေနဲ့ ဧရာမ မြေအောက် သန့်ရှင်းသော နန်းဆောင်ကြီးကို တည်ဆောက်ခဲ့ပါတယ်။”
ဤအချက်ကို ယွင်ကျုံးဟဲ့ သိထားပြီးသားဖြစ်၏။
ကုန်းစွန်းယန် သက်ပြင်းချကာ ဆက်ပြောသည်။ “လူတစ်ယောက်က အာဏာကို အမြင့်ဆုံး ရည်မှန်းချက် အဖြစ် သတ်မှတ်ထားပြီး အာဏာရဲ့ အထွတ်အထိပ်ကို ရောက်သွားတဲ့ အချိန်ကျရင် အရမ်း အထီးကျန်ပြီး ဟာလာဟင်းလင်း ဖြစ်သွားမှာပါ။ ပြီးတော့ ပိုမြင့်မားတဲ့ ရည်မှန်းချက်ကို ရှာဖွေလာမှာပါ။ အဲဒါကတော့ မအိုမသေ ထာဝရ အသက်ရှင်ခြင်း၊ နတ်ဘုရား တစ်ပါး ဖြစ်လာခြင်း ပါပဲ။
ဒါပေမဲ့ ဒီလောကပေါ်မှာ ဘယ်မှာ နတ်ဘုရား ရှိလို့လဲ။ အားလုံးက ရယ်စရာ ကောင်းတဲ့ ကိစ္စတွေချည်းပါပဲ။ အရှင်မင်းကြီးက အဲဒီလို နတ်ဘုရားတွေကို အများဆုံး တွေ့ဖူးတာပါ။ အထူးသဖြင့် ဧကရာဇ် ထျန်းယန် ပေါ့။ သူ့ရဲ့ အံ့ဩစရာ အဖြစ်အပျက်တွေ အားလုံးက အရှင်မင်းကြီး ဖန်တီးပေးခဲ့တာချည်းပါပဲ။”
………………