အခန်း ၁၆၂
Vol. 17 Ch. 162
အခန်း (၁၆၂)
ဟန်နီဘက်ဂျာကို မွေးစားလိုက်ရခြင်းသည် လူတိုင်းအတွက် ပျော်ရွှင်စရာ ရလဒ်တစ်ခုအဖြစ် ဖော်ပြ၍ ရနိုင်ပေသည်။
သို့သော် မပျော်ရွှင်ဆုံးသူမှာမူ ဟန်နီဘက်ဂျာပင် ဖြစ်လေ၏။
လင်းယန်သည် ဟန်နီဘက်ဂျာနှင့်အတူ ခရီးသည်ထိုင်ခုံတွင် ထိုင်ကာ သူ့ဖုန်းကို အရှေ့ရှိ ဖုန်းတင်စင်ပေါ်တွင် တင်ထားလိုက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် ကားပေါ်မှာ လုပ်စရာမှမရှိတာ၊ အားလုံးနဲ့ အချိန်နည်းနည်းလောက် စကားဆက်ပြောနေလိုက်ဦးမယ်”
ဟန်နီဘက်ဂျာ၏ပါးစပ်ကို လင်းယန်က ကြိုးဖြင့်ချည်နှောင်ထားလေ၏။
အဘယ်ကြောင့်ဆိုသော် ဤကောင်လေးသည် အခွင့်အရေးရသည်နှင့်တစ်ပြိုင်နက် လက်စားချေရန် ကြိုးစားနေသောကြောင့်ပင်။
လင်းယန်အနေဖြင့်လည်း အချိန်တိုင်း သတိထားနေရန်မဖြစ်နိုင်ပေ။
ထို့ကြောင့် ဤနည်းလမ်းကိုသာ အသုံးပြုရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။
အွန်လိုင်းအသုံးပြုသူများမှာ ဤမြင်ကွင်းကို ကြည့်ရင်း အလွန်အမင်း ရယ်မောနေကြလေ၏။
“ဟန်နီဘက်ဂျာရဲ့ ‘မြက်ခင်းပြင်က မာဖီးယားခေါင်းဆောင်’ ဆိုတဲ့ ဂုဏ်ပုဒ်ကို ပြောင်းသင့်ပြီလို့ ငါထင်တယ်”
“ဟန်နီဘက်ဂျာက တရုတ်နိုင်ငံကို ခိုးဝင်လာမိတာ နောင်တရနေလောက်ပြီလို့ မင်းတို့ထင်လား”
“တရုတ်နိုင်ငံက လူသားတွေ ဒီလောက် ကြမ်းကြုတ်မယ်လို့ ဟန်နီဘက်ဂျာလည်း ထင်မှတ်မထားခဲ့လို့ နားမလည်နိုင်အောင် ဖြစ်နေလောက်ပြီမဟုတ်လား”
“အခု စထွင်းမာရဲ့ အိမ်က ပိုပြီးတောင် စည်ကားနေဦးမယ်၊ အခုဆို စထွင်းမာရဲ့ အိမ်မှာ ကာကွယ်စောင့်ရှောက်ထားတဲ့ တိရစ္ဆာန် ဘယ်နှမျိုးလောက် ရှိနေပြီလဲဆိုတာ ဘယ်သူများ ပြောနိုင်မလဲ”
“ရေတွက်ကြည့်ရသလောက်တော့ အနည်းဆုံး ဆယ်မျိုးလောက် ရှိနေပြီ မဟုတ်လား”
“ဒီဟန်နီဘက်ဂျာကိုပါ ထည့်တွက်လိုက်ရင် အတိအကျ ကိုးမျိုးလောက်ရှိတယ်ထင်တယ်”
“ဘာလို့ ငါ့ရဲ့ ခွေးကြီးကို အထင်သေးနေကြတာလဲ၊ ဟတ်စကီတွေကရော အဲဒီအထဲမှာ မပါဘူးလား”
“ဟတ်စကီက ဘယ်လိုလုပ်ပြီး နိုင်ငံတော်အဆင့် ကာကွယ်စောင့်ရှောက်ထားတဲ့ တိရစ္ဆာန်စာရင်းဝင်မှာလဲ”
“သူငယ်ချင်း... ဟတ်စကီက နိုင်ငံတော်အဆင့် ကာကွယ်စောင့်ရှောက်ထားတဲ့ တိရစ္ဆာန်စာရင်းဝင်တာ မဟုတ်ပေမဲ့ ငါ့ရဲ့ ခွေးကြီးကတော့ သေချာပေါက် စာရင်းဝင်တယ်ဆိုတာ မှတ်ထားလိုက်ပါ”
“အို... ဘုရားရေ၊ အခုခေတ်မှာ ခွေးကြီးတွေတောင် ပရိသတ်ရှိနေပြီလား”
ကားကို နာရီအနည်းငယ်ကြာ မောင်းနှင်ပြီးနောက် လင်းယန် အနည်းငယ် အိပ်ချင်လာခဲ့သည်။
သို့သော် လိုက်ဖ်လွှင့်မှုထဲရှိ အွန်လိုင်းအသုံးပြုသူများမှာမူ ခရီးစဉ်ကို လုံးဝပျင်းစရာမကောင်းဟု ထင်မှတ်နေကြပုံရပြီး အလွန် တက်ကြွနေကြလေ၏။
လင်းယန် အိပ်ငိုက်နေစဉ်အတွင်း ဟန်နီဘက်ဂျာက အကြိမ်အနည်းငယ်မျှ ထွက်ပြေးရန်ကြိုးစားခဲ့သော်လည်း အကြိမ်တိုင်း ဖမ်းမိသွားခဲ့သည်။
လင်းယန်သည် ၎င်း၏ပါးစပ်ကို ညှစ်ကာ သတိပေးလိုက်လေ၏။
“မင်း ထပ်ပြေးမယ်ဆိုရင် အိမ်ပြန်ရောက်တာနဲ့ မင်း လှောင်အိမ်ထဲမှာ အပိတ်ခံထားရမယ်”
သံလှောင်အိမ်ထဲတွင် နေခဲ့ရသော အချိန်များကို ပြန်လည်အမှတ်ရသွားသည့်အလား ဤစကားကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ဟန်နီဘက်ဂျာမှာ အမှန်တကယ်ပင် ငြိမ်ကျသွားလေ၏။
လင်းယန်နှင့် ယန်အာဟူတို့ အိမ်ပြန်ရောက်ချိန်တွင် မှောင်နေပြီဖြစ်သည်။
သူ့ခြံဝင်းငယ်လေးထဲရှိ မီးရောင်များကို ကြည့်ကာ လင်းယန်က နားမလည်စွာဖြင့် မေးလိုက်လေ၏။
“မင်း အပြင်ထွက်တုန်းက မီးတွေမပိတ်ခဲ့ဘူးလား၊ နေ့လယ်ခင်းကြီးမှာ ဘာလို့မီးဖွင့်ထားရတာလဲ၊ လျှပ်စစ်မီးကို ချွေတာသုံးရမယ်ဆိုတာ မင်းမသိဘူးလား”
ယန်အာဟူ၏မျက်နှာပေါ်တွင် နားမလည်နိုင်သည့်အမူအရာ ပေါ်လွင်နေလေ၏။
“နေ့လယ်ခင်းကြီးမှာ ကျွန်တော်က ဘယ်လိုလုပ် မီးဖွင့်ထားခဲ့မှာလဲ၊ ကျွန်ေတာ်တို့အိမ်ကို တစ်ယောက်ယောက်များ ရောက်နေတာလား”
လင်းယန်သည် ဟန်နီဘက်ဂျာကို ရင်ခွင်ထဲတွင်ပွေ့ချီကာ ခြံတံခါးကို တွန်းဖွင့်လိုက်လေ၏။
ဟိုဟိုဒီဒီ လှည့်ပတ်ကြည့်ရှုပြီးနောက် ခြံဝင်းအတွင်း၌ မည်သူ့ကိုမျှမတွေ့ရပေ။
“သူဌေး၊ အပေါ်ကိုကြည့်လိုက်”
လင်းယန်သည် ခြံဝင်းအတွင်းရှိ ဆီးသီးပင်ကို မော့ကြည့်လိုက်ရာ မီးရောင်အောက်ရှိ သစ်ပင်ပေါ်တွင် လူနှစ်ဦးအား အမှန်တကယ်ပင် မြင်တွေ့လိုက်ရလေ၏။
ဟယ်လင်မှာ ငိုချင်သော်လည်း မျက်ရည်မထွက်နိုင်အောင် ဖြစ်နေလေ၏။
“ခင်ဗျားက လင်းယန်လား၊ စောစောက ကျွန်တော်ဖုန်းခေါ်တာ မရဘူး”
“ကျေးဇူးပြုပြီး သစ်ပင်အောက်ကဝံပုလွေတွေကို အရင်ရှင်းထုတ်ပေးနိုင်မလား”
သူသည် “ဘဝချင်းဖလှယ်ခြင်း” အစီအစဉ်မှ ဧည့်သည်တစ်ဦးဖြစ်သည်။
အစီအစဉ် ထုတ်လုပ်ရေးအဖွဲ့၏ စီစဉ်မှုအရ သူတို့၏ပါတနာကို မဲနှိုက်၍ ရွေးချယ်ရမည် ဖြစ်သည်။
သူ မဲနှိုက်ရရှိသော ပါတနာမှာ လင်းယန် ဖြစ်နေသဖြင့် သူသည် ကင်မရာမန်း တစ်ဦးနှင့်အတူ တစ်ဖက်လူ၏အိမ်သို့ သွားရောက်ခဲ့ရသည်။
သူ လင်းယန်၏အိမ်သို့ ရောက်ရှိချိန်တွင် တစ်ဖက်လူမှာ အပြင်ထွက်သွားချိန်နှင့် အချိန်ကိုက် ဖြစ်နေသဖြင့် သူသည် ပုန်းအောင်းရန် နေရာတစ်ခုရှာဖွေပြီး တစ်ဖက်လူကို အံ့အားသင့်သွားစေရန် လုပ်လိုခဲ့သည်။
လင်းယန်၏ အိမ်တွင် ဤမျှ ကြီးမားသော အံ့အားသင့်စရာတစ်ခု ပုန်းအောင်းနေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
ကြောက်လန့်သွားသဖြင့် သူနှင့် ကင်မရာမန်းတို့သည် သစ်ပင်ပေါ်သို့ အလျင်အမြန် တက်ပုန်းခဲ့ကြရသည်။
သူတို့၏ တီဗီအစီအစဉ်မှာ အချိန်နှင့်တစ်ပြေးညီ လိုက်ဖ်လွှင့်ခြင်း ဖြစ်သောကြောင့် ကင်မရာမန်းမှလွဲ၍ အခြား မည်သည့်ဝန်ထမ်းမျှ သူတို့နှင့်အတူမပါရှိပေ။
ဤအခြေအနေကြောင့် သူနှင့် ကင်မရာမန်းတို့သည် သစ်ပင်ပေါ်တွင် လေးငါးနာရီခန့် နေခဲ့ရတော့သည်။
သူ ဤမျှလောက်အထိ ကံဆိုးလိမ့်မည်ဟု ဟယ်လင် လုံးဝ ထင်မှတ်မထားခဲ့ပေ။
‘အခြားဧည့်သည်တွေအတွက်ကျတော့ ဘာလို့ ဒီလောက် အဆင်ပြေချောမွေ့နေရတာလဲ'
‘ဒါပေမဲ့ ငါအသိချင်ဆုံးအရာက ဘာလို့ ခြံဝင်းထဲမှာ အရှေ့မြောက်ပိုင်းကျားတွေနဲ့ ဝံပုလွေတွေလို သတ္တဝါတွေ ရှိနေရတာလဲ ဆိုတာပဲ'
လင်းယန်မှာ လုံးဝ နားမလည်နိုင်အောင် ဖြစ်နေလေ၏။ သူသည် ဟယ်လင်ကို ကြည့်လိုက်ပြီးနောက် ကင်မရာလွယ်ထားသော နှာခေါင်းစည်းတပ်ထားသည့် အမျိုးသားကို ကြည့်ကာ မေးလိုက်လေ၏။
“ခင်ဗျားတို့လည်း တီဗီသတင်းထောက်တွေလား”
ဟယ်လင်သည် မျက်လုံးများကို ပြူးကျယ်ကာ သူ့ကိုယ်သူ လက်ညှိုးထိုးပြီး ပြောလိုက်လေ၏။
“ကျွန်တော်က ခင်ဗျားရဲ့ ပါတနာအသစ်လေ”
သူ တကယ်ကို စိတ်ဓာတ်ကျနေပြီဖြစ်သည်။
‘တစ်ဖက်လူက ဒီအကြောင်းကို ဘာလို့ လုံးဝမသိရတာလဲ၊ အစီအစဉ် ထုတ်လုပ်ရေးအဖွဲ့က သူ့ကို အကြောင်းမကြားထားဘူးလား'
‘ဒီလိုမှန်း သိခဲ့ရင် ငါ အစောကြီးကတည်းက ပထမဆုံး မဲနှိုက်ခဲ့မှာမဟုတ်ဘူး'
လင်းယန်သည် သူ၏ ဖုန်းကို တစ်ချက်စောင်းကြည့်လိုက်ရာ ဖုန်းမှာ ဘက်ထရီကုန်ပြီး လိုက်ဖ်လွှင့်နေစဉ်အတွင်း ပိတ်သွားခဲ့ကြောင်း တွေ့ရှိလိုက်ရသည်။
တစ်ဖက်လူ ရုတ်တရက် ရောက်လာလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
ဟယ်လင်၏ လိုက်ဖ်လွှင့်မှုအခန်းအတွင်းရှိ အွန်လိုင်းအသုံးပြုသူများမှာ အားရပါးရ ရယ်မောနေကြလေ၏။
“ဆရာဟယ်က သနားစရာကောင်းလိုက်တာ၊ သစ်ပင်ပေါ်မှာ ငါးနာရီလောက် နေလိုက်ရတယ်၊ ပြီးတော့ တစ်ဖက်လူက သူ့ရဲ့ အထောက်အထားကိုတောင် မသိဘူးတဲ့”
“ဒီလူကလည်း တော်တော်လေး ရယ်စရာကောင်းတာပဲ၊ ဆရာဟယ်ကိုတောင် မသိဘူးလား”
“မဖြစ်နိုင်ပါဘူး၊ အခုခေတ်မှာ ဆရာဟယ်ကို မသိတဲ့သူရှိမယ်ဆိုတာ ငါမယုံဘူး၊ သူက တမင် ဟန်ဆောင်နေတာ ဖြစ်ရမယ်”
ကင်မရာကို ကိုင်ထားသော ကင်မရာမန်း၏လက်များမှာ အနည်းငယ်တုန်ယင်နေလေ၏။
“အစ်ကို... ကျွန်တော်တို့ အောက်ရောက်မှ စကားဆက်ပြောလို့ရမလား”
ထိုအခါမှသာ လင်းယန် သတိဝင်လာပြီး မေးလိုက်လေ၏။
“မင်းတို့ ဘာလို့ မြန်မြန်မလာကြတာလဲ၊ ဒီမှာ ဧည့်သည်တွေကို ခြောက်လှန့်နေပြန်ပြီလား”
ယန်အာဟူသည် ဟယ်လင်နှင့် ကင်မရာမန်းတို့ နှစ်ဦးလုံးကို အောက်သို့ အလျင်အမြန် ကူညီချပေးလိုက်လေ၏။
ထိုအခါမှသာ လင်းယန်သည် ဟယ်လင်၏ရုပ်သွင်ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။
“ခင်ဗျားက ဘာလို့ တီဗီအစီအစဉ်တင်ဆက်သူ တစ်ယောက်နဲ့ အရမ်းတူနေတာလဲ”
ဟယ်လင်သည် ပြုံးရွှင်သော အမူအရာကို ထိန်းသိမ်းထားသော်လည်း သူ၏ စိတ်ထဲတွင်တော့ အယ်လ်ပါကာ (Alpaca - ကုလားအုတ်အသေးစား) အကောင်ရေ တစ်ထောင်ခန့် ပြေးလွှားနေလေ၏။
“ကျွန်တော်က အဲဒီလူများ ဖြစ်နေမလား”
လင်းယန်သည် ဟန်နီဘက်ဂျာကို မြေကြီးပေါ်သို့ အလျင်အမြန်ချလိုက်ပြီး ဟယ်လင်နှင့် လက်ဆွဲနှုတ်ဆက်လိုက်လေ၏။
“ဪ... ခင်ဗျားက ဆရာဟယ်ကိုး၊ တကယ်ကို တောင်းပန်ပါတယ်”
“ကျွန်တော် မြို့ကိုသွားလိုက်လို့ပါ၊ ခင်ဗျားတို့ အစီအစဉ်ထုတ်လုပ်ရေးအဖွဲ့က နောက်ထပ်နှစ်ရက်သုံးရက်လောက်နေမှ ရောက်လာမယ်လို့ ထင်ထားတာ၊ ဒီနေ့ ရောက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
ဟယ်လင်သည် ပင်ပန်းနွမ်းနယ်မှုကြောင့် ချွေးများဖြင့် ရွှဲနစ်နေပြီး တစ်ကိုယ်လုံး အားအင်ကုန်ခမ်းနေသလို ခံစားနေရလေ၏။
“အစီအစဉ် ထုတ်လုပ်ရေးအဖွဲ့ရဲ့ ရည်ရွယ်ချက်က ခင်ဗျားကို အံ့အားသင့်သွားစေဖို့နဲ့ ပတ်ဝန်းကျင်နဲ့ ကြိုတင် ရင်းနှီးကျွမ်းဝင်အောင်လို့ ကျွန်တော်တို့ကို ဒီကို လာခိုင်းတာပါ”
“ခင်ဗျား အံ့အားသင့်သွားလားတော့ ကျွန်တော် မသိဘူး၊ ကျွန်တော်ကတော့ တော်တော်လေး အံ့အားသင့်သွားတယ်”
‘ခြံဝင်းထဲကို ဝင်ဝင်ချင်း ဒီတိရစ္ဆာန်တွေရဲ့ ခြောက်လှန့်တာကို ခံရလိမ့်မယ်လို့ ဘယ်သူကများ ထင်မှာလဲ'
လင်းယန်၏အိမ်ကို မဲနှိုက်ရရှိချိန်တွင် ဒါရိုက်တာက သူ့ကို အဓိပ္ပာယ်ပါပါကြည့်ခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။
အာဟူသည် ဟယ်လင်နှင့် ကင်မရာမန်းတို့ နှစ်ဦးလုံးအတွက် ရေတစ်ခွက်စီ ငှဲ့ပေးလိုက်လေ၏။
“ဆရာဟယ်၊ ကင်မရာမန်းအစ်ကို၊ ရေတစ်ခွက်လောက်သောက်ပြီး ခဏလောက် အနားယူလိုက်ပါဦး”
အွန်လိုင်းအသုံးပြုသူများမှာ ရယ်မောခြင်းကို မရပ်တန့်နိုင်ကြတော့ပေ။
“သနားစရာ ဆရာဟယ်၊ ခင်ဗျားအတွက် စက္ကန့်အနည်းငယ်လောက်တော့ ကျွန်တော် စိတ်မကောင်းဖြစ်မိပါတယ်၊
သူဌေးလင်းရဲ့ ပရိသတ်အဟောင်း တစ်ယောက်အနေနဲ့ ခင်ဗျားကို တာဝန်ယူမှုအပြည့်နဲ့ ပြောရဲပါတယ်၊
အရမ်းကြီး မကြောက်ပါနဲ့၊ ကျောက်ကျောက်နဲ့ ဟွမ်မောင်တို့က လူမစားပါဘူး”
“ကျွန်တော် အခုလေးတင် သွားရှာကြည့်လိုက်တာ၊ လင်းယန်ဆိုတဲ့ ဒီလူက တကယ်တော့ ယင်ဖူပလက်ဖောင်းပေါ်မှာ တော်တော်လေး နာမည်ကြီးတဲ့ စထွင်းမာတစ်ယောက်ပဲ”
“အစီအစဉ် ထုတ်လုပ်ရေးအဖွဲ့က ဒီအကြောင်းကို အစောကြီးကတည်းက ကြော်ငြာထားခဲ့တာ မဟုတ်ဘူးလား၊ ဒီတစ်ခါတော့ တခြားအစီအစဉ်တစ်ခုနဲ့ ပူးပေါင်းမယ်ဆိုပြီးလေ”
“ငါ့ဦးနှောက်ကို အတော်လေးအလုပ်ပေးပြီး စဉ်းစားခဲ့ပေမဲ့ ဒီအစီအစဉ်နဲ့ ပူးပေါင်းမယ်လို့တော့ လုံးဝမထင်ထားခဲ့ဘူး”
“ဆရာဟယ်နဲ့ သူဌေးလင်းတို့ အတူတူတွဲလုပ်ရမယ်လို့ ငါလည်း မထင်ထားခဲ့ဘူး၊ သူတို့ နှစ်ယောက်လုံးကို ငါ အရမ်းသဘောကျတယ်”
“ဆရာဟယ်ရဲ့ အခြေအနေကို ကြည့်ရတာ တော်တော်လေး ကြောက်လန့်သွားပုံရတယ်၊ သူ အဲဒီကြောက်လန့်မှုကြောင့် နောက်ဆက်တွဲဝေဒနာတွေများ ရသွားနိုင်မလား”
“မဖြစ်နိုင်ပါဘူး”
အချိန်အတန်ကြာပြီးနောက် ဟယ်လင်သည် နောက်ဆုံးတွင် အခြေအနေ ပြန်လည်ကောင်းမွန်လာခဲ့သည်။
“တခြားဧည့်သည်လေးယောက်ကလည်း သူတို့ပါတနာတွေရဲ့အိမ်မှာ တည်းခိုဖို့ သွာကြပြီ၊ မနက်ဖြန်ကျရင် တရားဝင်စတင်ပြီလို့ သတ်မှတ်လို့ရတယ်”
“ခင်ဗျား အရင်က တီဗီအစီအစဉ်တွေမှာ တစ်ခါမှ မပါဖူးဘူးမဟုတ်လား”
လင်းယန် ဖြည်းညင်းစွာ ခေါင်းခါယမ်းလိုက်လေ၏။
ဟယ်လင်က အတွေ့အကြုံရှိသူတစ်ဦးအနေဖြင့် အကြံပြုလိုက်လေ၏။
“အရမ်းကြီး စိတ်လှုပ်ရှားမနေပါနဲ့၊ အချိန်ရောက်လာရင် ခင်ဗျား ပုံမှန်လုပ်နေကျအတိုင်းပဲလုပ်ပါ၊ ကျွန်တော်တို့ရဲ့ ဒီအစီအစဉ်က မူလကတည်းက လက်တွေ့ဘဝနဲ့ နီးစပ်အောင်ရိုက်ကူးတာပါ”
“ဒီတစ်ခါ ဒီနေရာကို ရွေးချယ်ရတဲ့အကြောင်းရင်းကလည်း အားလုံးကို ကျေးလက်ရဲ့လေထုကို ခံစားစေချင်လို့ပါ”
လင်းယန်က အလွယ်တကူသဘောတူလိုက်လေ၏။
“ဆရာဟယ်၊ အခုအဆင်ပြေသွားပြီလား”
ဟယ်လင်၏မျက်နှာမှာ အနည်းငယ် ဖြူရော်နေဆဲဖြစ်သော်လည်း အရင်ကထက် အများကြီးပိုကောင်းလာခဲ့သည်။
“ခင်ဗျားရဲ့ ခြံဝင်းထဲက ဒီတိရစ္ဆာန်တွေအတွက် ဘာအစီအမံမှ လုပ်မှာမဟုတ်တာ သေချာရဲ့လား”
တိရစ္ဆာန်ရုံများရှိ တောရိုင်းတိရစ္ဆာန်များကို လုံခြုံရေးအစီအမံများဖြင့် ကာရံထားလေ့ရှိသည်။
လင်းယန်အိမ်ရှိ တိရစ္ဆာန်များမှာမူ လုံခြုံရေးအစီအမံများ မဆိုထားနှင့်၊ ကြိုးတစ်ချောင်းပင် မရှိပေ။
ဟယ်လင်သည် ဤတိရစ္ဆာန်များကို မြင်သောအခါ သူ့ရင်ထဲတွင် အေးစက်သွားသလို ခံစားလိုက်ရလေ၏။
“ယားဟား”
စူးရှသော အသံတစ်သံနှင့်အတူ မျောက်တစ်ကောင်က နံရံပေါ်မှခုန်ချလာသည်ကို ဟယ်လင် အမှန်တကယ်ပင် မြင်တွေ့လိုက်ရလေ၏။
“ဒါက ရွှေမျောက်လား”
“ခင်ဗျားအိမ်မှာ ရွှေမျောက်တောင်ရှိသေးတယ်လား”
အွန်လိုင်းအသုံးပြုသူများက နောက်ပြောင်လိုက်ကြလေ၏။
“ဆရာဟယ်ရဲ့ မျက်လုံးသေးသေးလေးတွေက ကြီးမားတဲ့မေးခွန်းတွေနဲ့ ပြည့်နှက်နေတယ်”
“ဒီ စထွင်းမာကို တစ်ကမ္ဘာလုံးကြည့်ဖို့ အကြံပြုချင်တယ်”
“ဆရာဟယ်က အခုမှ ကမ္ဘာကြီးကို တကယ်မြင်ဖူးသွားတာပဲ”
“ဘေးက လိုက်ဖ်လွှင့်မှုတွေက မီးမွှေးပြီး ဟင်းချက်နေကြပေမဲ့ ဒီအဖွဲ့ကတော့ ဘာလို့ လုံးဝမလှုပ်ရှားသေးတာလဲ၊ သူတို့က မနက်ဖြန်မနက်အထိ နေရခက်တဲ့စကားတွေပဲ ဆက်ပြောနေကြတော့မလို့လား”
“ဘာလို့ လောနေရတာလဲ၊ ဟင်းချက်တယ်ဆိုတာ ငါတို့သူဌေးလင်းအတွက် ကလေးကစားစရာတစ်ခုပါပဲ”
“ဘာလို့ ဆရာဟယ်ရဲ့ လိုက်ဖ်လွှင့်မှုထဲမှာ ဒီလူရဲ့ပရိသတ်တွေချည်းပဲ ရှိနေတယ်လို့ ခံစားရတာလဲ၊ သူ့ရဲ့ ပရိသတ် အရေအတွက်က အဲဒီလောက်တောင် များလို့လား”
“သူဌေးလင်းရဲ့ လိုက်ဖ်လွှင့်မှုကို မကြည့်ဖူးတဲ့သူရှိရင် ငါတော့ ဝမ်းနည်းမိမှာပဲ”
“အိမ်မှာ တိရစ္ဆာန်ရုံငယ်လေးတစ်ခုရှိနေတာက တကယ်ကို စိတ်ဝင်စားစရာကောင်းတယ်”