အခန်း ၁၆၃
Vol. 17 Ch. 163
အခန်း (၁၆၃)
လင်းယန်သည် သစ်ပင်ပေါ်ရှိ မျောက်အိုကြီးကို တစ်ချက်စောင်းကြည့်လိုက်လေ၏။
“အိုး... တိတိကျကျပြောရရင် ဒီမျောက်ကလည်း ဧည့်သည်ပါပဲ၊ တစ်ခါတလေမှ လာလည်တတ်တာပါ”
ဟယ်လင် ဤစကားကို ကြားသောအခါ အလွန်ထူးဆန်းသည်ဟုသာ ခံစားလိုက်ရလေ၏။
သူ၏ အကြည့်ကို ခံစားမိသွား၍များလား မသိ၊ မျောက်အိုကြီးသည် ဟယ်လင်၏ ပခုံးပေါ်သို့ ရုတ်တရက် ခုန်ဆင်းလာလေ၏။
ယင်းက ဟယ်လင်ကို အကြီးအကျယ် လန့်ဖျပ်သွားစေပြီး ထိုနေရာတွင်ပင် သုံးမီတာခန့် မြင့်အောင် ခုန်တက်မတတ် ဖြစ်သွားစေသည်။
“ဝိုး ဝိုး ဝိုး... သူက လူတွေကို တကယ် လုံးဝ မကြောက်တာလား”
“ခင်ဗျားရဲ့ ဒီဧည့်သည်က ကျွန်တော့်ကို တော်တော်လေး သဘောကျနေပုံရတယ်”
ဟယ်လင်က အနည်းငယ် ဝမ်းသာအားရဖြင့် ပြောလိုက်လေ၏။
‘ဒါဆို ငါက မွေးရာပါ တိရစ္ဆာန်တွေနဲ့ ရင်းနှီးတဲ့ စွမ်းရည် ရှိနေတာပေါ့၊
မဟုတ်ရင် ဒီမျောက်အိုကြီးက ဘာလို့ ငါ့အပေါ်ကိုပဲ ခုန်ဆင်းလာရတာလဲ'
လင်းယန်က သူ့ကို သတိထားရန် ပြောတော့မည့်ဆဲဆဲမှာပင်။
မျောက်အိုကြီးသည် ဟယ်လင်ထံမှ ဖုန်းတစ်လုံးကို ဆွဲထုတ်လိုက်ပြီး ၎င်းဖြင့် ဟယ်လင်၏ မျက်နှာကို ကျွမ်းကျင်စွာ စကင်ဖတ်လိုက်သည်ကို မြင်တွေ့လိုက်ရလေ၏။
ထို့နောက် သစ်ပင်ပေါ်သို့ အလျင်အမြန် ပြန်တက်သွားလေတော့သည်။
ဤချောမွေ့လှသော လုပ်ဆောင်ချက်က ဟယ်လင်ကို အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားစေသည်။
“သူ ဘာလုပ်နေတာလဲ၊ ကျွန်တော့်ဖုန်းကို ဘာလို့လုသွားရတာလဲ”
ယန်အာဟူမှာ အားရပါးရ ရယ်မောခြင်းကို မထိန်းနိုင်တော့ပေ။
“ဆရာဟယ်၊ ခင်ဗျားကို သတိပေးဖို့ မေ့သွားတာ၊ တို့အိမ်မှာ အသတိထားရဆုံးက ဒီမျောက်အိုကြီးပဲ၊ ဘာလို့လဲဆိုတော့ သူက လူတွေရဲ့ ဖုန်းတွေကို ခိုးတတ်လို့လေ”
“သူက အစကတည်းက ခင်ဗျား အိတ်ကပ်ထဲက ဖုန်းကို မျက်စိကျနေခဲ့တာ”
မျောက်အိုကြီးသည် သစ်ပင်ပေါ်တွင် ဗီဒီယိုတိုလေးများကို ပျော်ရွှင်စွာဖြင့် စတင်ကြည့်ရှုနေလေပြီ။
ဟယ်လင် တစ်ဦးတည်းသာ သစ်ပင်အောက်တွင် ရပ်ကာ တစ်ဖက်လူက သူ့ဖုန်းအား ပြန်ပေးမည်ဆိုသည်ကို မယုံကြည်နိုင်စွာဖြင့် စောင့်မျှော်နေလေ၏။
လိုက်ဖ်လွှင့်မှု အခန်းအတွင်းရှိ အွန်လိုင်းအသုံးပြုသူများမှာ ရယ်ရလွန်းသဖြင့် ဗိုက်ပင်နာလာကြလေပြီ။
“ဆရာဟယ် လင်းယန်အိမ်ကို ရောက်ရောက်ချင်းရလိုက်တဲ့ ပထမဆုံး သင်ခန်းစာက ဟူကောဆီက ဖြစ်နေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး”
“ဆရာဟယ်ရဲ့ မျှော်လင့်ချက်မဲ့နေတဲ့ မျက်နှာအမူအရာကိုကြည့်ပြီး ငါ နည်းနည်းသနားမိတယ်”
“ဆရာဟယ်က မျောက်အိုကြီး သူ့ကိုခင်တွယ်ချင်လို့ပဲဆိုပြီး ရိုးရိုးလေးတွေးနေခဲ့တာလေ”
“ဒီအဘိုးကြီးက တော်တော်လေးကောက်ကျစ်တာပဲ၊ အိမ်ထဲက လူနှစ်ယောက်ရဲ့ဖုန်းတွေကို ခိုးဖို့မလွယ်ဘူးဆိုတာသိလို့ အခုမှ အသစ်ရောက်လာတဲ့ ဆရာဟယ်ကို ပစ်မှတ်ထားလိုက်တာ၊
ဆရာဟယ် သတိလက်လွတ်ဖြစ်နေတုန်းလေး ခိုးဖို့ကြိုးစားတာမလား”
ဆရာဟယ်မှာ ငိုချင်သော်လည်း မျက်ရည်မထွက်နိုင်အောင် ဖြစ်နေပြီး မျောက်တစ်ကောင်ကို အကျိုးအကြောင်းပြ၍ နားချရန်ကြိုးစားနေလေ၏။
“ငါ့ဖုန်းကို မြန်မြန်ပြန်ပေးစမ်း”
သို့သော် မျောက်အိုကြီးက သူ့ကို လုံးဝလျစ်လျူရှုထားလေ၏။
ဆရာဟယ်သည် မျောက်အိုကြီး၏ နီရဲနေသောတင်ပါးကိုသာ စိုက်ကြည့်ရင်း သူ့ဖုန်းအတွက် စက္ကန့်အနည်းငယ်မျှ ဝမ်းနည်းကြေကွဲနေရုံမှတစ်ပါး အခြားမည်သည့်အရာမျှ မတတ်နိုင်ခဲ့ပေ။
“ဆရာဟယ်ရဲ့ဖုန်းကို မြန်မြန်ပြန်ပေးလိုက်၊ မဟုတ်ရင် အခုကစပြီး ငါ့ဆီက ဘာမှ စားရတော့မှာမဟုတ်ဘူး”
လင်းယန်၏ ပေါ့ပါးသောစကားတစ်ခွန်းက မျောက်အိုကြီး၏စိတ်ခံစားမှုများကို ဆူပူလှုပ်ရှားသွားစေခဲ့သည်။
“အလကားပဲ၊ မင်း ဖုန်းပြန်မပေးရင် ဘာမှရမှာမဟုတ်ဘူး”
မျောက်အိုကြီးသည် အနည်းငယ် မကျေမနပ်ဖြင့် ခြေဆောင့်လိုက်သော်လည်း လင်းယန်၏ သတိပေးနေသောအကြည့်ကို ရင်ဆိုင်လိုက်ရသောအခါ နောက်ဆုံးတွင် ဆရာဟယ်ထံသို့ ဖုန်းပြန်ပေးလိုက်ရလေ၏။
ပြန်လည်ရရှိလာသော သူ့ဖုန်းကို ကြည့်ရင်း ဟယ်လင်သည် နောက်ဆုံးတွင် သက်ပြင်းတစ်ချက် ချနိုင်ခဲ့ပြီး အားကျသည့်ဟန်ဖြင့် ပြောလိုက်လေ၏။
“သူ့ဘာသာသူ သဘောတူပြီး ဖုန်းပြန်ပေးလာအောင် ခင်ဗျား ဘယ်လိုလုပ်လိုက်တာလဲ”
‘ငါ အရင်က မျောက်တွေနဲ့ ပတ်သက်တဲ့ သတင်းတော်တော်များများကို မြင်ဖူးတယ်လေ၊ ဒီတိရစ္ဆာန်မျိုးစိတ်က အမြဲတမ်း တော်တော်လေး ခေါင်းမာတတ်ကြတာ'
‘အွန်လိုင်းမှာ သွားရှာကြည့်ရင် မျောက်တွေက ခရီးသွားတွေဆီက ပစ္စည်းတွေ လုယူတာ၊ တချို့ဆို ပါးတောင် ရိုက်သွားသေးတဲ့ ဖြစ်ရပ်တွေကို အများကြီး တွေ့ရလိမ့်မယ်'
‘သူတို့ လက်ထဲရောက်သွားတဲ့ ဘယ်အရာကိုမဆို ပြန်ရဖို့ အရမ်းခက်ခဲတာ'
‘ဒါပေမဲ့ လင်းယန် စကားတစ်ခွန်းပြောလိုက်ရုံနဲ့ အဆင်ပြေသွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး'
လင်းယန်က ပြုံးလိုက်လေ၏။
“သူသာ ပြန်မပေးဘူးဆိုရင် ကျွန်တော့်အိမ်မှာ အလကားအစာလာစားခွင့်ပြုမှာ မဟုတ်တော့ဘူးလေ”
အကြောင်းပြချက်မှာ ဤမျှ ရိုးရှင်းမည်ဟု ဆရာဟယ် မထင်မှတ်ထားခဲ့ပေ။
သူသည် လင်းယန်အား အသံတိတ် လက်မထောင်ပြလိုက်လေ၏။
“ခင်ဗျား အိမ်မှာ တိရစ္ဆာန်တွေ ဒီလောက်အများကြီး မွေးထားနိုင်တာ မဆန်းပါဘူး၊ တိရစ္ဆာန်တွေနဲ့ ဆက်သွယ်နိုင်တဲ့ ခင်ဗျားရဲ့ စွမ်းရည်က တကယ်ကို အထင်ကြီးစရာပဲ၊
အရင်က တိရစ္ဆာန်တွေနဲ့ ဘာအခက်အခဲမှမရှိဘဲ ဆက်သွယ်နိုင်တဲ့သူမျိုး တစ်ယောက်မှမတွေ့ဖူးခဲ့ဘူး”
လင်းယန်က အနည်းငယ် ပြုံးလိုက်လေ၏။
“ဒီလောက် အကြာကြီး စောင့်နေခဲ့ရတော့ ခင်ဗျား ဗိုက်ဆာနေလောက်ပြီမလား၊ ကျွန်တော် အခု ဟင်းသွားချက်လိုက်ဦးမယ်၊
ဆရာဟယ်... ခင်ဗျားမစားတဲ့ အစားအစာတွေများ ရှိလား၊ ဒါမှမဟုတ် ဘာစားချင်လဲ”
ဟယ်လင်က အလျင်အမြန် ခေါင်းခါယမ်းလိုက်လေ၏။
“ကျွန်တော့်မှာ အစားအသောက်နဲ့ ပတ်သက်ပြီး ကန့်သတ်ချက် ဘာမှမရှိပါဘူး၊ အကုန်စားလို့ ရပါတယ်၊ ကျွန်တော် ခင်ဗျားကို ကူညီပေးမယ်လေ၊
အခု ကျွန်တော်တို့က ပါတနာတွေ ဖြစ်နေပြီဆိုတော့ အတူတကွ အလုပ်လုပ်ရတာကို အသားကျအောင် ကြိုလုပ်ထားတာက မဆိုးပါဘူး၊
မနက်ဖြန် အစီအစဉ် ထုတ်လုပ်ရေးအဖွဲ့က ကျွန်တော်တို့ကို ခက်ခဲတဲ့တာဝန်တွေ ပေးလာရင်လည်း ရင်ဆိုင်နိုင်အောင်လို့ပေါ့”
လင်းယန်သည် ယခင်က တီဗီအစီအစဉ်များတွင် တစ်ခါမျှ မပါဝင်ဖူးသလို တစ်ခါတစ်လေမှသာ ကြည့်ရှုလေ့ရှိသဖြင့် လုပ်ငန်းစဉ်များကို မသိရှိပေ။
“အစီအစဉ်ထုတ်လုပ်ရေးအဖွဲ့က တာဝန်တွေပါပေးသေးတာလား”
ဟယ်လင်က ခေါင်းညိတ်ပြလိုက်လေ၏။
“ဒါရိုက်တာနဲ့ပတ်သက်ပြီး ကျွန်တော် နားလည်ထားသလောက်တော့ မနက်ဖြန်မနက်ဆိုရင် ကျွန်တော်တို့အဖွဲ့ငယ်ငါးဖွဲ့က ရွာထိပ်မှာစုဝေးပြီး အစီအစဉ်ထုတ်လုပ်ရေးအဖွဲ့ကပေးအပ်တဲ့ တာဝန်တွေကို ပြီးမြောက်အောင်လုပ်ရမယ်၊
အဲဒီလိုလုပ်မှပဲ သက်ဆိုင်ရာဆုကြေးတွေကို ရနိုင်မှာ”
လင်းယန်သည် ရုတ်တရက် သက်ပြင်းချလိုက်လေ၏။
ဤမြင်ကွင်းကို မြင်သောအခါ ဟယ်လင်က သူစိတ်လှုပ်ရှားနေသည် သို့မဟုတ် ကြောက်ရွံ့နေသည်ဟု ထင်မှတ်လိုက်သည်။ မည်သို့ပင်ဆိုစေ တစ်ဖက်လူသည် ယခင်က တီဗီအစီအစဉ်တစ်ခုခုတွင် တစ်ခါမျှ မပါဝင်ဖူးပေ။
“စိတ်မပူပါနဲ့၊ နားမလည်တာရှိရင် ကျွန်တော့်ကို မေးလို့ရပါတယ်”
“ကျွန်တော် ဆိုလိုတာ အဲဒါမဟုတ်ပါဘူး၊ မနက်ဖြန် အိပ်ရာထနောက်ကျလို့ မရတော့ဘူးဆိုတာကို တွေးနေတာပါ”
ဤစကားကို ကြားလိုက်ရသောအခါ ဟယ်လင်မှာ တိတ်ဆိတ်သွားလေ၏။ အိပ်ရာထနောက်ကျရန် အချိန်မရှိသောလူတစ်ဦးမှာ ညင်သာစွာပင် ကျိုးပဲ့ကြေမွသွားခဲ့လေပြီ။
“မျက်နှာပြင်ကနေတစ်ဆင့် ဆရာဟယ်ရဲ့ ကျိုးပဲ့ကြေမွသွားမှုကို ခံစားလို့ရတယ်”
“ရယ်ရလွန်းလို့ သေတော့မယ်၊ အလုပ်ကြိုးစားတဲ့ ဆရာဟယ်က အိပ်ရာထနောက်ကျတယ်ဆိုတာ ဘာမှန်းတောင် မသိဘူးမလား”
“ဆရာဟယ် - မင်းတို့က ငါလည်း အိပ်ရာထနောက်ကျလို့ ရတယ်ဆိုတာကို မပြောပြခဲ့ကြဘူးလေ”
လင်းယန်သည် ဟယ်လင် ရုတ်တရက် အဘယ်ကြောင့် တိတ်ဆိတ်သွားမှန်းမသိသဖြင့် သူကိုယ်တိုင်ပင် စတင်ပြောဆိုလိုက်လေ၏။
“ဆရာဟယ်၊ တကယ်လို့ ခင်ဗျားကူညီချင်တယ်ဆိုရင် ကျွန်တော့်ကို မီးမွှေးဖို့ ကူညီပေးလို့ ရပါတယ်”
“ကျွန်တော် ခြံနောက်ဖေးကိုသွားပြီး ဝက်စာ အရင်သွားကျွေးလိုက်ဦးမယ်”
လင်းယန်သည် ဤကဲ့သို့သောအလုပ်များမှာ ကိစ္စငယ်လေးများသာဖြစ်ပြီး ခက်ခဲလိမ့်မည်မဟုတ်ဟု ထင်မြင်ထားသည်။
တီဗီအစီအစဉ်များစွာတွင် ပါဝင်ခဲ့ဖူးသောဟယ်လင်အတွက် မီးမွှေးခြင်းမှာ အမှန်တကယ်ပင် မခက်ခဲလှပေ။
သို့သော် လင်းယန် ဝက်စာသွားကျွေးမည်ဆိုသည်ကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် သူသည် ချက်ချင်း စိတ်ဝင်စားသွားလေ၏။
“ခင်ဗျားအိမ်မှာ ဝက်တွေပါ မွေးထားတာလား၊ ကျွန်တော့်ကို ကျွေးခွင့်ပြုပါလား၊ ကျွန်တော့်ဘဝမှာ ဝက်စာတစ်ခါမှ မကျွေးဖူးဘူး”
လင်းယန်သည် ချက်ပြုတ်ပြီးသားဝက်စာများကို ပုံးထဲသို့လောင်းထည့်ရင်း တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ပြောလိုက်လေ၏။
“ဒါပေမဲ့ နောက်ဖေးက တော်တော်လေးညစ်ပတ်တယ်နော်၊ နောက်ဖေးမှာ ကြက်တွေ၊ ဘဲငန်းတွေ ရှိတဲ့အပြင် နွားတွေနဲ့ ဝက်တွေလည်း ရှိတယ်၊
ဝက်စာကျွေးရတာက တော်တော် ပင်ပန်းတဲ့ အလုပ်မို့လို့ ကျွန်တော်ပဲ သွားလိုက်ပါ့မယ်”
ဆရာဟယ်က လက်ကာပြလိုက်ပြီး လင်းယန်ထံမှ ဝက်စာပုံးကို လုယူလိုက်လေ၏။
“ဝက်စာကျွေးရတာ ဘာများပင်ပန်းလို့လဲ၊ စိတ်မပူပါနဲ့၊ ကျွန်တော့်ကိုသာလွှဲထားလိုက်၊ လုံးဝအဆင်ပြေစေရမယ်”
တစ်ဖက်လူက ယုံကြည်မှုအပြည့်ဖြင့် အာမခံချက်ပေးနေသည်ကို မြင်သောအခါ လင်းယန်မှာ မတတ်သာဘဲ လွှတ်ပေးလိုက်ရလေတော့သည်။
ဝက်စာပုံးကို သယ်ဆောင်ကာ ခြံနောက်ဖေးသို့ ဒယိမ်းဒယိုင်ဖြင့် အနည်းငယ်ရုန်းကန်သွားနေရသော ဆရာဟယ်ကို သူ စောင့်ကြည့်နေလိုက်သည်။
ကင်မရာမန်းက ဤမြင်ကွင်းကို အနီးကပ် ချက်ချင်းရိုက်ကူးလိုက်လေ၏။
“ဆရာဟယ်က တီဗီအစီအစဉ်တွေမှာ ပါဝင်တိုင်း အရမ်းကို လေးလေးနက်နက် လုပ်ဆောင်တာပဲ”
“ဟုတ်တယ်၊ ဘယ်အစီအစဉ်မှာပဲ ပါဝင်ပါစေ၊ ဆရာဟယ်က သူ့ရဲ့ အခန်းကဏ္ဍကို အလေးအနက်ထားတယ်၊ ဟန်ရေးပြဖို့လောက်ပဲ ဂရုစိုက်တဲ့ နာမည်ကြီးတချို့နဲ့တော့ မတူဘူး”
“ဆရာဟယ်အတွက် ငါ တော်တော်လေး စိတ်မကောင်းဖြစ်မိတယ်၊ ဒီလောက်ကြီးတဲ့ ပုံးကြီးကို သူတစ်ယောက်တည်း သယ်နေရတာ၊
သူ့ပါတနာက နည်းနည်းပါးပါး ကူညီပေးရမယ်မှန်း မသိဘူးလား”
“ငိုယိုပြီး လာမညည်းတွားပါနဲ့၊ ပုံမှန်ဆိုရင် သူဌေးလင်းက ပုံးတစ်ပုံးကို လက်တစ်ဖက်တည်းနဲ့ သယ်တာက ဘာပြဿနာမှ မရှိဘူး၊
ဆရာဟယ်အတွက် လေ့ကျင့်ခန်း လုပ်ဖို့ လိုအပ်နေတယ်ဆိုတာကိုရော မစဉ်းစားမိဘူးလား”
လင်းယန်သည် ဤဝက်စာပုံးကို အလွန်လေးလံသည်ဟု အမှန်တကယ် မထင်မှတ်ထားခဲ့ပေ။ ထို့ကြောင့် ဆရာဟယ် ဤမျှလောက် ရုန်းကန်နေရသည်ကို မြင်သောအခါ သူ အတွေးနက်သွားလေ၏။
‘ဒီနေ့ ငါ အများကြီး ထည့်လိုက်မိလို့လား'
‘မဟုတ်ပါဘူး၊ ပုံမှန်လည်း ဒီလောက် အပြည့်ပါပဲ'
ခြံနောက်ဖေးသို့ ခြေမချမီ ဆရာဟယ်သည် ခြံနောက်ဖေးရှိ အခြေအနေကို စိတ်ကူးယဉ်ထားပြီး ဖြစ်သည်။
သို့သော် ခြံနောက်ဖေးမှာ ဤမျှလောက် သန့်ရှင်းသပ်ရပ်နေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ လင်းယန် ပြောပြခဲ့သကဲ့သို့ ရှုပ်ပွပြီး ညစ်ပတ်နေသောနေရာမျိုးနှင့် လုံးဝမတူညီပေ။
ကြက်၊ ဘဲများ၏ အနံ့ဆိုးများပင်မရှိပေ။
ပုံမှန်အားဖြင့် ကောင်းစွာထိန်းသိမ်းထားကြောင်း ထင်ရှားလှသည်။
“ဝိုး... ရှောင်လင်းက ခြံဝင်းကို အရမ်းသန့်ရှင်းအောင် ထားတာပဲ”
ဘဲငန်းဖြူကြီးသည် သူစိမ်းတစ်ဦးဝင်လာသည်ကို မြင်သောအခါ ရိုင်းစိုင်းစွာအော်ဟစ်ရင်း ပြေးလာလေ၏။
ကြောက်လန့်သွားသဖြင့် ဆရာဟယ်သည် ပုံးကို မြေကြီးပေါ်သို့ အလျင်အမြန်ချလိုက်လေ၏။
“မဟုတ်ဘူး၊ ငါ့နောက်ကို မလိုက်နဲ့”
“ကွပ်... ကွပ်... ကွပ်”
“အားးး... မကိုက်နဲ့၊ မကိုက်နဲ့”
ဆရာဟယ်၏ မျက်နှာပေါ်တွင် “အနားမလာနဲ့” ဟု ရေးသားထားသည့်အလား ဖြစ်နေလေ၏။
သို့သော် ဘဲငန်းဖြူကြီးသည် ၎င်းကို အလွန်စိတ်ဝင်စားစရာကောင်းသည်ဟု ထင်မြင်နေပုံရသည်။ လူများက ထိုကဲ့သို့သော အမူအရာမျိုး လုပ်ပြသည်ကို ကြည့်ရသည်ကို ၎င်း အနှစ်သက်ဆုံး ဖြစ်သည်။
အွန်လိုင်းအသုံးပြုသူများက ဤအပြုအမူကို အန္တရာယ်ပြုလိုသောပျော်ရွှင်မှုဟု ခေါ်ဆိုကြလေ၏။
“ဒီဘဲငန်းက တော်တော်ဆိုးတာပဲ၊ သူက ဘာလို့ ဆရာဟယ်ကိုချည်းပဲ လိုက်နေရတာလဲ”
“သနားစရာ ဆရာဟယ်၊ ခြံဝင်းထဲကို ဝင်ဝင်ချင်း အရှေ့မြောက်ပိုင်းကျားနဲ့ ဝံပုလွေတွေရဲ့ခြောက်လှန့်တာကို ခံလိုက်ရတာကတစ်ပိုင်း၊ အခု ကြမ်းကြုတ်တဲ့ဘဲငန်းဖြူကြီးရဲ့လိုက်တာကို ခံနေရပြီ”
“ ‘ကြမ်းကြုတ်တယ်’ ဆိုတဲ့ စကားလုံးက ဘဲငန်းဖြူကြီးတစ်ကောင်အတွက် သိပ်မသင့်တော်လှပေမဲ့၊ ဒီဘဲငန်းဖြူကြီးကတော့ တကယ်ကို ရန်လိုတတ်တာအမှန်ပဲ”
“သူက ဘာလို့ ကင်မရာမန်းကိုမလိုက်ဘဲ ဆရာဟယ်ကိုချည်းပဲ လိုက်နေရတာလဲဆိုတာ ငါ အရမ်းသိချင်နေတာ”
ကင်မရာမန်းသည်လည်း ဤပြဿနာကို သတိပြုမိသွားပြီး သတိပေးလိုက်လေ၏။
“ခင်ဗျား ဘာလို့ ပြေးနေတာကို မရပ်လိုက်တာလဲ၊ ခင်ဗျား ပြေးနေလို့သာ သူက လိုက်နေတာသေချာတယ်”
ဆရာဟယ်သည် ပြေးခြင်းကို ရပ်တန့်လိုက်ပြီး အသက်ရှူမှားမတတ် ဖြစ်နေသော အခြေအနေဖြင့် ဘဲငန်းဖြူကြီးကို စိုက်ကြည့်နေလိုက်သည်။
ဘဲငန်းဖြူကြီးသည်လည်း ရပ်တန့်သွားပြီး သူနှင့် အရမ်းမဝေး၊ အရမ်းမနီးသော အကွာအဝေးတစ်ခုတွင် နေနေလေ၏။
လင်းယန်သည် ခြံနောက်ဖေးမှ ဆူညံသံများကို ကြားလိုက်ရပြီး ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားကာ အလျင်အမြန် လျှောက်လာခဲ့လေ၏။
“ဘဲငန်းဖြူကြီးပဲ”
“တောင်းပန်ပါတယ်ဆရာဟယ်၊ ခြံနောက်ဖေးမှာ ဘဲငန်းဖြူကြီးရှိတယ်ဆိုတာ ကျွန်တော်မေ့သွားလို့ပါ”
ဤကောင်လေး ပြဿနာမရှာသည်မှာ ရက်အတော်ကြာပြီဖြစ်ရာ သူပင် မေ့လုနီးပါး ဖြစ်နေခဲ့သည်။
လင်းယန်သည် ဘဲငန်းဖြူကြီး၏ လည်ပင်းကို ဆုပ်ကိုင်ကာ အားကုန်ခါရမ်းလိုက်လေ၏။
“ငါ့ပါတနာကို ထပ်ပြီးမခြောက်လှန့်နဲ့တော့”
ဘဲငန်းဖြူကြီးမှာ မျက်လုံးထဲတွင် ကြယ်လများလည်သွားသလိုသာ ခံစားလိုက်ရလေ၏။
“ကွပ်... ကွပ်... ကွပ်”
(ငါ့ကို မြန်မြန် လွှတ်ပေးစမ်း)
(ငါ့ရဲ့ ဘဲငန်းဘဝတော့ ပြီးဆုံးတော့မှာပဲ)
လင်းယန်သည် ၎င်းကို မြေကြီးပေါ်သို့ ပစ်ချလိုက်လေ၏။
“မင်း ဆရာဟယ်ကို ထပ်ပြီး ခြောက်လှန့်ဦးမယ်ဆိုရင်၊ ဆရာဟယ် စိတ်သက်သာရာရသွားအောင် မင်းကို သံအိုးကြီးထဲမှာ ပေါင်းပစ်လိုက်မယ်”
ဆရာဟယ်မှာ ရယ်ချင်စိတ် ပေါက်လာလေ၏။
“ခင်ဗျားရဲ့ ဘဲငန်းဖြူကြီးက တော်တော်စိတ်ဝင်စားစရာကောင်းတာပဲ၊ ကျွန်တော်က အကိုက်ခံရမှာ ကြောက်နေမှန်းသိလို့ သူက ဆက်ပြီးလိုက်နေတာကိုး”
လင်းယန်၏ မျက်နှာပေါ်တွင် တောင်းပန်သည့်အမူအရာ ပေါ်လွင်နေလေ၏။
“ဒီဘဲငန်းဖြူကြီးက တော်တော်လေး ဆိုးတယ်၊ ရွာထဲက လူတွေတောင် သူ့ကိုမြင်ရင် နည်းနည်းကြောက်ကြတယ်”
“ဒါပေမဲ့ စိတ်မပူပါနဲ့၊ သူက လူကိုမကိုက်ပါဘူး”
အဘယ်ကြောင့်ဆိုသော် အကယ်၍ ၎င်းသာ တစ်ယောက်ယောက်ကို အန္တရာယ်ပေးရဲပါက အနောက်တိုင်း ခရီးစဉ် (Journey to the West - သေမင်းနိုင်ငံသို့) သို့ ပို့ပေးမည်ဖြစ်ကြောင်း လင်းယန်က ဘဲငန်းဖြူကြီးအား အစောကြီးကတည်းက သတိပေးထားပြီးဖြစ်သောကြောင့်ပင်။