← Chapters

အခန်း ၁၆၅

Vol. 17 Ch. 165

အခန်း ၁၆၅

Vol. 17 Ch. 165

အခန်း (၁၆၅)

နောက်တစ်နေ့ နံနက်စောစော။

နေရောင်ခြည်များက ရွာငယ်လေးတစ်ခုလုံးကို ဖုံးလွှမ်းထားပြီး ရွှေရောင်ပိုးဇာပုဝါတစ်ထည်ဖြင့် ဖုံးအုပ်ထားသကဲ့သို့ ဖြစ်နေလေ၏။

အစောကြီးနိုးနေပြီဖြစ်သော ဆရာဟယ်သည် ဤမျှလှပသော မြင်ကွင်းမျိုးကို တစ်ခါမျှမမြင်ဖူးခဲ့ပေ။

လင်းယန် နိုးလာသောအခါ ခြံဝင်းထဲတွင် ထိုင်နေသော ဆရာဟယ်ကို မြင်လိုက်ရသဖြင့် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားလေ၏။

“ဆရာဟယ်၊ ဘာလို့ ဒီလောက် အစောကြီး ထနေတာလဲ၊ အစီအစဉ် ထုတ်လုပ်ရေးအဖွဲ့က ဘယ်အချိန် စုရမယ်လို့ ပြောထားလို့လဲ”

ယခုမှ မနက်ခြောက်နာရီသာ ရှိသေးသည်။

‘အစီအစဉ်ထုတ်လုပ်ရေးအဖွဲ့က သူတို့ကို ဒီအချိန်ကြီး စုခိုင်းလောက်တဲ့အထိ ရူးသွပ်နေမှာ မဟုတ်ဘူးမလား'

ဆရာဟယ်က အနည်းငယ် ပြုံးလိုက်လေ၏။

“ငါ့ရဲ့ ဇီဝနာရီ (သဘာ၀အလေ့အကျင့်) ကြောင့်ပါ၊ ငါလည်း ဘာမှ မတတ်နိုင်ဘူး၊ မင်းတို့ရွာရဲ့ ဂေဟစနစ် ပတ်ဝန်းကျင်က တကယ်ကို ကောင်းတာပဲ

အခုခေတ် ရွာတော်တော်များများက စီးပွားရေးဆန်လွန်းနေပြီ၊ အိမ်တိုင်းက အထပ်မြင့်တိုက်တွေ ဆောက်လာကြတော့ ရိုးရာ ကျေးလက်ဒေသ အငွေ့အသက်တွေနဲ့ ကင်းကွာလာကြတယ်”

“မင်းတို့ရွာလေးပဲ အစဉ်အလာအရှိဆုံး ဗိသုကာလက်ရာတွေကို ထိန်းသိမ်းထားတာ၊

ဖွံ့ဖြိုးတိုးတက်မှုလည်း မရှိဘူး၊ စီးပွားရေးလည်း မဆန်ဘူး၊ မင်းတို့ ရွာသူကြီးတော့ ဖိအားတွေ တော်တော်များမှာပဲနော်”

လင်းယန်က အလွန်လေးနက်သော အမူအရာဖြင့် ပြန်လည်ဖြေကြားလိုက်လေ၏။

“ဆရာဟယ်၊ ကျွန်တော်တို့ရွာက ရွှံ့အိမ်တွေမှာ ဆက်ပြီးနေနေရတဲ့ အကြောင်းရင်းက အရမ်းဆင်းရဲလွန်းလို့ဆိုတာကို ခင်ဗျား တစ်ခါမှ မတွေးမိဘူးလား”

ဆရာဟယ် ဤစကားကို ကြားလိုက်ရသောအခါ အလွန်အမင်း အံ့အားသင့်သွားခဲ့သည်။ သူသည် ဤအရာက အကြောင်းရင်း ဖြစ်နေလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။

လင်းယန်က ဆက်ပြောလေ၏။

“ကျွန်တော် ဒီရွာမှာ ကြီးပြင်းလာခဲ့တာပါ၊ ကျွန်တော့်ရဲ့ အမှတ်ရမှုတွေအရဆိုရင် ဒီတောင်ပေါ်ရွာလေးက အမြဲတမ်း နောက်ကျကျန်နေခဲ့တာပဲ၊

ခင်ဗျား မနေ့က လျှောက်လာခဲ့တဲ့ ကွန်ကရစ်လမ်းကတောင် အစီအစဉ် ထုတ်လုပ်ရေးအဖွဲ့က ဖောက်ပေးထားတာ”

“တကယ်တော့ ရွာသားတွေကလည်း လူငယ်တွေ ပိုပြီး နေချင်လာအောင် ရွာလေးကို ဖွံ့ဖြိုးတိုးတက်စေချင်ကြတာပဲ၊

ဒါပေမဲ့ ကျွန်တော်တို့ရွာက အရမ်း ဆင်းရဲလွန်းတော့ လူငယ်အများစုက ပိုက်ဆံရှာဖို့ အပြင်ကို ထွက်သွားကြတယ်၊ ရွာထဲမှာ အသက်ကြီးတဲ့သူ တချို့နဲ့ ကျန်ရစ်ခဲ့တဲ့ ကလေးတွေလောက်ပဲ ကျန်တော့တယ်”

ဤအကြောင်းရင်းကို ကြားလိုက်ရသောအခါ ဆရာဟယ်မှာ အနည်းငယ် စိတ်ထိခိုက်သွားလေ၏။

“တောင်းပန်ပါတယ်၊ အဲဒါက တကယ့်အကြောင်းရင်းဆိုတာကို ငါ တကယ်မသိခဲ့ဘူး”

လင်းယန်က ပြုံး၍ ခေါင်းခါယမ်းလိုက်၏။ ဆရာဟယ်၏စကားများကို စိတ်ထဲမထားပေ။

ဆရာဟယ်ကဲ့သို့ အဆင့်အတန်းရှိသော လူတစ်ဦးသည် ဤကဲ့သို့သော ဘဝမျိုးနှင့် တစ်ခါမျှ မထိတွေ့ဖူးကြောင်း သူ သိလေသည်။ ထို့ကြောင့် သူ နားမလည်ခြင်းမှာ ပုံမှန်ပင်။

“ဪ... ဟုတ်သားပဲ၊ အစီအစဉ် ထုတ်လုပ်ရေးအဖွဲ့က ရှစ်နာရီမှာ စုရမယ်လို့ ပြောထားတယ်၊ ဒီမှာ မနက်စာစားပြီးမှ သွားကြမလား”

“အိုကေ”

လင်းယန်သည် ကြက်ဥခေါက်ဆွဲ သုံးပန်းကန်ကို ရိုးရှင်းစွာ ပြင်ဆင်လိုက်သည်။ ရိုးရှင်းသောပါဝင်ပစ္စည်းများ ဖြစ်သော်လည်း သူ့လက်ရာကြောင့် အရသာကတော့ တကယ့်ကို ထူးခြားနေလေ၏။

ဆရာဟယ်သည် ဟင်းရည်ကို အကုန်အစင်သောက်ချလိုက်ပြီး ၎င်း၏ စူထွက်နေသောဝမ်းဗိုက်ကို ပွတ်သပ်ကာ မေးလိုက်လေ၏。

“မင်းရဲ့ လက်ထောက်က မနက်စာစားဖို့ မလိုဘူးလား”

“သူက အိပ်ရာမထနိုင်လို့ မနက်စာကို အမြဲတမ်းကျော်လိုက်တာပဲ၊ အရေးကြီးတဲ့ ကိစ္စရှိမှပဲ ကျွန်တော်တို့နှစ်ယောက်လုံး အစောကြီးထကြတာ”

ယာတောအိမ်လေး စတင်တည်ထောင်စ အချိန်က လင်းယန်အတွက် အလုပ်အများဆုံး အချိန်ဖြစ်ရာ သူသည် နေ့တိုင်းနီးပါး အစောကြီးထခဲ့ရသည်။

အခု အရာအားလုံးက တဖြည်းဖြည်း လမ်းကြောင်းမှန်ပေါ် ရောက်လာပြီဖြစ်ရာ သူ အေးအေးဆေးဆေး အိပ်ရာထနောက်ကျနိုင်ပြီဖြစ်သည်။

မနက်စာ စားပြီးချိန်တွင် မနက် ခုနစ်နာရီခန့်သာ ရှိသေးသည်။

ဤနေရာမှ ရွာထိပ်သို့သွားရန် အများဆုံးမှ ဆယ့်ငါးမိနစ်သာ ကြာမည်ဖြစ်သည်။

ဤမျှအစောကြီးသွားရန်မလိုအပ်ပေ။

လင်းယန်သည် ခြံဝင်းအတွင်း၌ ထိုက်ချိစတင် လေ့ကျင့်နေလိုက်သည်။

နိုးလာပြီဖြစ်သော မာရူကိုသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူ့ကို အတော်လေး ပီပြင်စွာ စတင်အတုခိုးနေလေ၏။

ဆရာဟယ် ဤမြင်ကွင်းကို မြင်သောအခါ မတ်တတ်တောင် ဖြောင့်ဖြောင့် မရပ်နိုင်သေးတဲ့ ဝတုတ်တုတ် မာရူကိုက လင်းယန်နဲ့အတူ ထိုက်ချိ သင်ချင်နေတာလားဟု တွေးမိလိုက်သည်။

သူသည် သူတို့၏ ဘေးတွင် ရပ်ကာ သူတို့၏ လှုပ်ရှားမှုများကို ခေတ္တမျှ လိုက်လံ အတုခိုးနေလိုက်သည်။

ကင်မရာမန်းသည် ဤမြင်ကွင်းကို အလျင်အမြန်ရိုက်ကူးလိုက်လေ၏။

ပရော်ဖက်ရှင်နယ်ကင်မရာမန်းတစ်ဦးအနေဖြင့် ဒါရိုက်တာက သူတို့၏တီဗီအစီအစဉ်အတွက် ပရိသတ် ပိုမိုရရှိစေရန် မနေ့က ခရီးမထွက်မီကတည်းက စိတ်ဝင်စားစရာအကောင်းဆုံး အခိုက်အတန့်များကို အတတ်နိုင်ဆုံးရိုက်ကူးရန် သူ့ကို အထူးမှာကြားထားခဲ့သည်။

ပရိသတ်များလေလေ ကင်မရာမန်းတစ်ဦးအနေဖြင့် သူ လစာတိုးနိုင်လေလေဖြစ်သည်။

‘အခု ဒါက တကယ့်ကို အကောင်းဆုံး အခိုက်အတန့် မဟုတ်ဘူးလား'

သူသည် ဤဓာတ်ပုံကို ဒါရိုက်တာထံသို့ ပေးပို့လိုက်ရာ ဒါရိုက်တာသည် သဘာဝကျစွာပင် ယင်းကို ပြုပြင်တည်းဖြတ်ပြီး အကောင့်ပေါ်တွင် တင်ပေးလိမ့်မည် ဖြစ်သည်။

ဆရာဟယ်သည် လှုပ်ရှားမှု အနည်းငယ်မျှ အတုခိုးပြီးနောက် အနည်းငယ် ရယ်စရာကောင်းနေသည်ဟု ခံစားရသဖြင့် လက်လျှော့လိုက်လေ၏။

“ခုနက ခင်ဗျား ရိုက်လိုက်တဲ့ ဓာတ်ပုံကို ကျွန်တော့်ဖုန်းထဲ ပို့ပေးပါ၊ ကျွန်တော့်ရဲ့ Weiboအကောင့်မှာ တင်မလို့”

ဓာတ်ပုံကို ရရှိပြီးနောက် ဆရာဟယ်သည် ဝေပေါ်တွင် “မနက်ခင်း လေ့ကျင့်ခန်း” ဟူသော စာသားနှင့်အတူ ချက်ချင်းတင်လိုက်လေ၏။

ဤဝေပေါ် ပို့စ်သည် ညဉ့်နက်သည်အထိ မအိပ်သေးသော အွန်လိုင်းအသုံးပြုသူ အများအပြား၏ ပြန်လည်မျှဝေခြင်းနှင့် ကွန်းမန့်များ ရေးသားခြင်းကို ချက်ချင်း ရရှိခဲ့လေသည်။

“ပန်ဒါတောင် ထိုက်ချိ လေ့ကျင့်နေပြီလား”

“အရမ်း ချစ်စရာကောင်းတဲ့ သုံးယောက်တွဲလေးပဲ”

“ဆရာဟယ် ထိုက်ချိစသင်နေပြီလား၊ ကျန်းမာတဲ့ နေထိုင်မှုပုံစံအတွက် ပြင်ဆင်နေတာလား”

“ဆရာဟယ်ရဲ့ လှုပ်ရှားမှုတွေက ရယ်စရာကောင်းပေမဲ့ တစ်ဖက်လူရဲ့ လှုပ်ရှားမှုတွေကတော့ တော်တော်လေး အံ၀င်ဂွင်ကျဖြစ်နေတယ်၊ သူက အများကြီးလေ့ကျင့်ထားတယ်ဆိုတာ သိသာတယ်”

“ရယ်ရလွန်းလို့သေတော့မယ်၊ မနေ့ညက ဆရာဟယ် ဝက်စာပုံး မမနိုင်လို့ ရုတ်တရက် လေ့ကျင့်ခန်းလုပ်ချင်စိတ် ပေါက်သွားတာ ဖြစ်ရမယ်”

“ရပါတယ် ဆရာဟယ်၊ ခင်ဗျား ဝက်စာပုံး မမနိုင်ရင်တောင် ခင်ဗျားရဲ့ ပရိသတ်တွေက ခင်ဗျားကို မုန်းသွားမှာ ဟုတ်ပါဘူး”

ဆရာဟယ်သည် ဤကွန်းမန့်များကို ခေါင်းထဲတွင် မေးခွန်းသင်္ကေတများ အပြည့်ဖြင့် ကြည့်နေမိလေ၏။

‘ ဒီအွန်လိုင်းအသုံးပြုသူတွေရဲ့ အာရုံစိုက်မှုက အရမ်းကြီး ထူးဆန်းလွန်းမနေဘူးလား'

‘မနေ့က ဝက်စာပုံး မနိုင်တဲ့ ကိစ္စကို ဘာလို့ သူတို့က ဆုပ်ကိုင်ထားရတာလဲ'

လှုပ်ရှားမှု တစ်ဆက်စာ ပြီးသွားသောအခါ လင်းယန် တစ်ကိုယ်လုံး ချွေးများဖြင့် ရွှဲနစ်နေပြီး မာရူကိုမှာမူ အစောကြီးကတည်းက လက်လျှော့ကာ မြေကြီးပေါ်တွင် ပုံကျနေလေပြီ။

လင်းယန် ၎င်း၏ပုံစံကို မြင်သောအခါ ရယ်ချင်စိတ် ပေါက်လာလေ၏။

“မင်းက ကွန်ဖူးပန်ဒါ ဖြစ်ချင်တာလား၊ ဒါဆို အခုကစပြီး မနက်တိုင်း ငါ့နောက်ကနေ လေ့ကျင့်ခန်းလိုက်လုပ်”

မာရူကို ဤစကားကို ကြားလိုက်ရသောအခါ ဝါးအိမ်ထဲသို့ အလျင်အမြန် ပြန်ဝင်သွားပြီး နားမကြား၊ စကားမပြောတတ်သူအဖြစ် စတင် ဟန်ဆောင်နေတော့သည်။

ရှစ်နာရီတိတိ။

အခြား အဖွဲ့ဝင် လေးဖွဲ့သည် ရွာထိပ်တွင် သမ်းဝေကာ ရပ်နေကြပြီး ယခုလေးတင် အိပ်ရာမှ နိုးလာပုံရကာ အိပ်ချင်မူးတူးဖြစ်နေကြဆဲပင်။

လင်းယန်နှင့် ဆရာဟယ်တို့ တစ်ဖွဲ့တည်းသာ တက်ကြွလန်းဆန်းနေကြလေ၏။

အဖြူရောင်အပေါ်အင်္ကျီကို ဝတ်ဆင်ထားသော အစီအစဉ် ထုတ်လုပ်ရေးအဖွဲ့၏ ဒါရိုက်တာသည် အသံချဲ့စက်ကိုကိုင်ကာ အော်ဟစ်လိုက်လေ၏။

“အားလုံးပဲ၊ ထကြပါတော့”

“မနေ့က ကျွန်တော်တို့ အစီအစဉ်ထုတ်လုပ်ရေးအဖွဲ့က ဧည့်သည်တွေကိုပေးခဲ့တဲ့ အံ့အားသင့်စရာတွေကို သဘောကျကြရဲ့လား”

“ရုတ်တရက် ရောက်လာတဲ့ ဧည့်သည်တွေကြောင့် ခင်ဗျားတို့ ကြောက်လန့်သွားကြလား”

“ဟားဟားဟား၊ ကျွန်တော် နောက်မနေတော့ပါဘူး၊ ကျွန်တော်ကတော့ ‘ဘ၀ဖလှယ်ခြင်း’ အစီအစဉ်ရဲ့ တင်ဆက်သူ ဆရာကျိုးပါ၊ ဒီအပိုင်းမှာ ခင်ဗျားတို့ကို တာဝန်တွေ ချမှတ်ပေးသွားမှာပါ”

ဤအမျိုးသားသည် အစီအစဉ်၏ တင်ဆက်သူ ဖြစ်ရုံသာမက တွဲဖက်ဒါရိုက်တာလည်း ဖြစ်သည်။

သူသည် အများအားဖြင့် အဖွဲ့နှင့်အတူ လိုက်ပါလေ့ရှိသည်။

“ကျေးဇူးပြုပြီး ခင်ဗျားတို့ရဲ့ ပုံရိပ်ကို နည်းနည်းလောက် ဂရုစိုက်ပေးကြပါလား၊ အခု တစ်နိုင်ငံလုံးကို လိုက်ဖ်လွှင့်နေတာနော်”

ဆရာကျိုး လက်ခုပ်တီးလိုက်လေ၏။ သူသည် အချိန်ကို မနက် ရှစ်နာရီဟု တမင်တကာ သတ်မှတ်ထားခြင်းဖြစ်သည်။

ဤမျှ အစောကြီး သတ်မှတ်ထားခြင်းမှာ အစီအစဉ်၏ အကျိုးသက်ရောက်မှု ပိုမိုကောင်းမွန်စေရန်အတွက် ဖြစ်သည်။

အဆက်မပြတ် သမ်းဝေနေသော လူရှစ်ဦးနှင့် နှိုင်းယှဉ်ပါက လင်းယန်တို့ အဖွဲ့က များစွာ ပို၍ တက်ကြွလန်းဆန်းနေလေ၏။

“ဆရာဟယ်က မနေ့ညက တော်တော်လေး အိပ်ရေးဝခဲ့တဲ့ပုံပဲနော်”

ဆရာကျိုးက ပြုံးရွှင်စွာဖြင့် ပြောလိုက်လေ၏။

“ရှောင်လင်းရဲ့အိမ်မှာ အိပ်ရတာ တော်တော်လေး သက်သောင့်သက်သာ ရှိတယ်၊ ပြီးတော့ ဒီမနက် မနက်စာစားဖို့တောင် အစောကြီးနိုးလာတာ၊ ခင်ဗျားတို့ အားလုံးက ဘာလို့ ဒီလောက်တောင် အိပ်ချင်နေကြတာလဲ”

ဟယ်လင်အပြင် ဤအပိုင်းအတွက် အမြဲတမ်းဧည့်သည်များထဲတွင် ဟွမ်လဲ့လည်း ပါဝင်ပြီး ကျန်သုံးဦးမှာ ယာယီ ဧည့်သည်များ ဖြစ်ကြသည်။

သူတို့မှာ ထိပ်တန်း အိုင်ဒေါ ဟန်ရှင်းချန်၊ နာမည်ကြီး လူငယ် သရုပ်ဆောင် ကောင်းဇီဖေးနှင့် လူကြိုက်များသော အဆိုတော် ဝမ်ဇီယီတို့ ဖြစ်ကြသည်။

ဟွမ်လဲ့၏ပါတနာမှာ ဝမ်တာ့လီဖြစ်သည်။

ဟန်ရှင်းချန်နှင့် လီထင်တို့က တစ်ဖွဲ့။

ကောင်းဇီဖေးက ရွှီလီ ကို မဲနှိုက်ရရှိခဲ့သည်။

ဝမ်ဇီယီမှာမူ ရွေးချယ်စရာ မရှိတော့သဖြင့် ဝူအန်းနှင့် တစ်ဖွဲ့တည်း ဖြစ်သွားခဲ့သည်။

မျက်ကွင်းညိုနေသော ဟွမ်လဲ့သည် ဟယ်လင်ကို စိုက်ကြည့်ကာ မေးလိုက်လေ၏။

“မင်းက နည်းနည်းလေးတောင် မအိပ်ချင်ဘူးလား”

ယခုအကြိမ် တည်းခိုရသော ပတ်ဝန်းကျင်မှာ ဤတီဗီအစီအစဉ်တွင် ပါဝင်ခဲ့သမျှတစ်လျှောက်လုံး အဆိုးရွားဆုံးဖြစ်သည်။

မနေ့က သူ ဝမ်တာ့လီ၏အိမ်တွင် တည်းခိုခဲ့ရာ ဟိုဘက်ဒီဘက် လူးလှိမ့်နေပြီး လုံးဝအိပ်မပျော်ခဲ့ပေ။

သူတို့ကဲ့သို့ မြို့ပေါ်တွင် နေသားကျနေသော လူများအတွက် သစ်သားကုတင်မှာ တကယ့်ကို ကပ်ဘေးတစ်ခုပင်။

ဤမတိုင်မီက ဤမျှလောက် မာကျောသောကုတင်မျိုး ရှိလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

‘ကုတင်ကသာ အဲဒီလောက် မာကျောမနေဘဲ အိပ်လို့ရနေမယ်ဆိုရင် အခုလို အားအင်ကုန်ခမ်းနေမှာ မဟုတ်ဘူးလေ'

သို့သော် ကင်မရာရှေ့တွင်မူ ကျေးလက်ပတ်ဝန်းကျင်ကို မကြိုက်ကြောင်း သူ လုံးဝပြသ၍မရပေ။

ထိုသို့မဟုတ်လျှင် မားကတ်တင်း အကောင့်များ က အမျိုးမျိုး လျှောက်ရေးကြပေလိမ့်မည်။

ဤသည်မှာ တီဗီအစီအစဉ်များတွင် နှစ်ပေါင်းများစွာ ပါဝင်ခဲ့ဖူးသော ဟွမ်လဲ့ရရှိထားသည့် အတွေ့အကြုံပင်။

ဟယ်လင်က ပြုံးလိုက်လေ၏။

“မအိပ်ချင်ပါဘူး၊ မနေ့ညက တော်တော်လေး အိပ်ရေးဝခဲ့တယ်”

“ဆရာကျိုး၊ ကျွန်တော်တို့ကို ဆက်ပြီးခန့်မှန်းခိုင်းမနေပါနဲ့တော့၊ ဒီမနက် ကျွန်တော်တို့အတွက် ဘယ်လို တာဝန်မျိုးပြင်ဆင်ထားလဲဆိုတာ မြန်မြန် ပြောပြပါတော့”

ဟယ်လင်သည် တာဝန်ကိုစတင်ရန် အလွန် စိတ်အားထက်သန်နေလေ၏။

ဆရာကျိုး၏ မျက်နှာအမူအရာမှာ တဖြည်းဖြည်း အဓိပ္ပာယ်ပြည့်နှက်လာလေ၏။

“ဒီနေ့ တာဝန်ကို ခင်ဗျားတို့ သေချာပေါက် သဘောကျမှာပါ!”

“ခင်ဗျားတို့ရဲ့ ပါတနာတွေက ကျေးလက်ပတ်ဝန်းကျင်နဲ့ အလွန် ရင်းနှီးကျွမ်းဝင်တဲ့သူတွေ ဖြစ်တဲ့အတွက် ဒီတာဝန်ကို အချင်းချင်း ပူးပေါင်းဆောင်ရွက်ပြီး ပြီးမြောက်အောင် လုပ်ရပါမယ်”

ဟယ်လင်နှင့် လင်းယန်တို့မှလွဲ၍ ကျန်လူတိုင်း၏ ရင်ထဲတွင် မကောင်းသောခံစားချက်တစ်ခု ဖြစ်ပေါ်လာကြလေ၏။

“ဒီတာဝန်က ခင်ဗျားတို့ ခွဲပြီး အစားအသောက်ရှာရမယ့် တာဝန်ပါ၊ နောက်ဆုံး သတ်မှတ်ချိန်က မနက်ဆယ့်တစ်နာရီမတိုင်ခင်ပါ၊

ဆယ့်တစ်နာရီတိတိမှာ အားလုံး ဒီနေရာကို အချိန်မီ လာစုကြဖို့ မျှော်လင့်ပါတယ်၊ ဒီအရာတွေကို တခြားသူတွေရဲ့အိမ်ကနေ ယူလို့မရပါဘူး၊

သဘာဝတောထဲကနေပဲ ရှာရမှာပါ၊ တောင်ပေါ်က မှိုတွေ ဖြစ်ဖြစ်၊ မြစ်ထဲက ငါးလေးတွေ ဖြစ်ဖြစ် စားလို့ရသမျှ အရာအားလုံး ပါဝင်ပါတယ်”

“အတိုချုပ်ပြောရရင် အပြင်ဘက်မှာ ခင်ဗျားတို့ ရှာလို့ရနိုင်တဲ့ အစားအသောက်တွေ အားလုံးပါပဲ၊ အစားအသောက် တန်ဖိုးအမြင့်ဆုံး ရတဲ့အဖွဲ့က အမှတ်ရမှာပါ၊

အမှတ်တွေက ခင်ဗျားတို့ရဲ့ ပြိုင်ပွဲ အဆင့်သတ်မှတ်ချက်ကို ဆိုလိုပြီး တခြား ဖုံးကွယ်ထားတဲ့ အသုံးဝင်မှုတွေလည်း ရှိနိုင်ပါတယ်”

“နောက်ဆုံးရတဲ့ အဖွဲ့ကတော့ ပြစ်ဒဏ်ခံရမှာပါ”

‘ဒါက တီဗီအစီအစဉ်တွေရဲ့ ပုံမှန် လုပ်ရိုးလုပ်စဉ်တစ်ခုပါပဲလေ’

ဟွမ်လဲ့သည် ဝမ်တာ့လီကို စူးစိုက်ကြည့်ကာ ပြောလိုက်လေ၏.

“တာ့လီ၊ ငါတို့ ဒီနေ့တာဝန်ကို အောင်အောင်မြင်မြင် ပြီးမြောက်နိုင်မလားဆိုတာ မင်းအပေါ်မှာပဲမူတည်တယ်နော်”

ဝမ်တာ့လီက ၎င်းကို လုံးဝဂရုမစိုက်ပေ။

“စိတ်မပူပါနဲ့၊ ကျွန်တော် ငါးဖမ်းတတ်ပါတယ်၊ နောက်မှ ခင်ဗျားကို ချောင်းထဲ ငါးဖမ်းဖို့ ခေါ်သွားပေးမယ်”

အခြားအဖွဲ့ သုံးဖွဲ့ကလည်း သူတို့အချင်းချင်း စတင်ဆွေးနွေးလာကြလေ၏။

တင်ဆက်သူက ဤကဲ့သို့သောအကျိုးသက်ရောက်မှုကို လိုချင်ခဲ့ခြင်းဖြစ်သည်။

“ကောင်းပါပြီ၊ လူစုခွဲလို့ရပါပြီ၊ ဆယ့်တစ်နာရီတိတိမှာ ဒီနေရာကို လာစုဖို့ မမေ့ကြနဲ့နော်၊ အချိန်မီမရောက်တဲ့အဖွဲ့ကို နောက်ဆုံးအဆင့်လို့သတ်မှတ်မှာပါ”

“မှတ်ထားပါ၊ ကင်မရာမန်းတွေက ခင်ဗျားတို့ကို ဘာအကူအညီမှ ပေးမှာမဟုတ်ပါဘူး၊ သူတို့ရဲ့တာဝန်က ရိုက်ကူးဖို့သက်သက်ပါပဲ”

All Chapters