အခန်း ၁၆၆
Vol. 17 Ch. 166
အခန်း (၁၆၆)
လူစုခွဲပြီးနောက်။
ဟယ်လင်သည် လင်းယန်ကို မေးရန် မအောင့်နိုင်တော့ပေ။
“ငါတို့ မှိုသွားခူးမလား၊ ဒါမှမဟုတ် ငါးသွားဖမ်းမလား”
မည်သို့ပင်ဆိုစေ သူ တွေးမိသမျှ အရာများထဲတွင် ဤနှစ်ခုသည် ရရှိရန် အလွယ်ကူဆုံးဖြစ်ပြီး တန်ဖိုးလည်း အတော်အတန် ရှိပုံရသောကြောင့်ပင်။
လင်းယန်က သူ့ကို လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခုဖြင့် ပြုံးပြလိုက်လေ၏။
“ဒီရာသီဥတုနဲ့ မြစ်ထဲမှာ ငါးဖမ်းဖို့ဆိုတာ နည်းနည်းတော့ အေးတယ်၊ ဒီနှစ်ရက်အတွင်း မိုးမရွာထားတော့ တောင်ပေါ်မှာလည်း မှိုတွေ မရှိနိုင်ဘူး”
“ခင်ဗျားကို တခြားတစ်ခုရှာဖို့ ကျွန်တော်ခေါ်သွားပေးမယ်”
ဟယ်လင်သည် ဤကဲ့သို့သောစကားမျိုး ရှိကြောင်း မသိခဲ့ပေ။
အွန်လိုင်းအသုံးပြုသူများက သူတို့၏ ထင်မြင်ချက်များကို ဖော်ပြလာကြလေ၏။
“ဒီနေ့တော့ ငါတို့ ဆရာဟယ်ရဲ့ စွမ်းဆောင်ရည်ကိုပဲ အချိန်ပြည့် ကြည့်ကြတာပေါ့”
“ဆရာဟွမ်တို့အဖွဲ့က ငါးဖမ်းသွားဖို့ ပြင်နေတာကို အခုလေးတင် တွေ့လိုက်တယ်၊ စကားမစပ်... ဒီရာသီဥတုနဲ့ သူတို့ တကယ်ကြီး မြစ်ထဲ ဆင်းကြမလို့လား၊
အခုက ဆောင်းဦးတောင် ရောက်နေပြီ၊ တောင်ပေါ်က ရေတွေက တော်တော်လေး အေးနေပြီနော်၊ ဘောင်းဘီခေါက်တင်ပြီး ငါးဆင်းဖမ်းရင် အေးခဲမသွားနိုင်ဘူးလား”
“ဆရာဟွမ်တို့အဖွဲ့ အပြင် တခြားသုံးဖွဲ့က ဘာလုပ်နေကြလဲ”
“ဟိုဘက် လိုက်ဖ်လွှင့်မှုကနေ သတင်းပို့ပါတယ်၊ တခြားသုံးဖွဲ့က ဘာလုပ်ရမလဲ ဆိုတာကိုတောင် မဆုံးဖြတ်ရသေးပါဘူး”
လင်းယန်က ပြောလိုက်လေ၏။
“ကျွန်တော်တို့ မထွက်ခင် ကိရိယာတချို့ ယူဖို့ အိမ်ကို အရင်ပြန်ရဦးမယ်”
လင်းယန် ခြံဝင်းငယ်လေးထဲသို့ ပြန်ရောက်ပြီးနောက် ဟယ်လင်ကို ကျောပိုးခြင်းတစ်လုံး ကမ်းပေးလိုက်လေ၏။
“ဒါက ခင်ဗျားအတွက်”
သူကိုယ်တိုင်လည်း ကိရိယာများကို ယူဆောင်လာခဲ့၏။
စကားမစပ်၊ သူသည် သစ်ပင်ပေါ်တွင် အိပ်နေသော မျောက်အိုကြီးကိုပါ နှိုးလိုက်သေးသည်။
“အိပ်မနေနဲ့တော့၊ ငါတို့နဲ့ တောင်ပေါ်လိုက်ခဲ့”
ဤရာသီ တီဗီအစီအစဉ်တွင် ရှင်းလင်းသောစည်းမျဉ်းတစ်ခု ရှိသည်။ သူတို့သည် သူတို့၏ ပါတနာများနှင့်သာ ပူးပေါင်းဆောင်ရွက်နိုင်ပြီး ပြင်ပမှ အကူအညီများကို အသုံးမပြုနိုင်ပေ။
ဤသည်မှာ ရွာခံများနှင့် ရင်းနှီးသော လူအချို့က ဖြတ်လမ်းမှ အလွယ်မလုပ်နိုင်စေရန် တားဆီးရန်အတွက်ဖြစ်သည်။
ထို့ကြောင့် ယန်အာဟူအနေဖြင့် ဤအစီအစဉ် ရိုက်ကူးမှုတွင် ပါဝင်ခွင့်မရှိပေ။ ထိုသို့မဟုတ်လျှင် လင်းယန်သည် လိမ်လည်သည်ဟု သတ်မှတ်ခံရမည် ဖြစ်သည်။
သို့သော် တိရစ္ဆာန်များ အတူတကွ ပါဝင်ခွင့်မရှိကြောင်းကိုမူ အစီအစဉ်ထုတ်လုပ်ရေးအဖွဲ့က အတိအလင်း ဖော်ပြထားခြင်းမရှိပေ။
မျောက်အိုကြီးက လင်းယန်ကို အနည်းငယ် တွန့်ဆုတ်နေသည့်အမူအရာဖြင့် ကြည့်လိုက်လေ၏။
“အွီး”
ဤအသံကို ကြားလိုက်ရသောအခါ ဟယ်လင်၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်သည့် အမူအရာ ပေါ်လွင်လာလေ၏။
“ဘာလို့ ဒီမျောက်ရဲ့အော်သံက အရမ်း ထူးဆန်းနေရတာလဲ”
“အော်... သူက ဗီဒီယိုတိုလေးတွေ အကြည့်များပြီး မျောက်တွေက အဲဒီလို အော်ရမယ်လို့ ထင်နေတာလေ”
ဤအကြောင်းပြချက်က ဟယ်လင်၏ မျက်လုံးများကို ပွင့်သွားစေခဲ့သည်။
“ဒီမျောက်ကိုပါ ငါတို့နဲ့ ခေါ်သွားမလို့လား”
လင်းယန်က ခေါင်းညိတ်ပြလိုက်လေ၏။
“မှိုခူးတာတို့၊ ငါးဖမ်းတာတို့က အလုပ်ဖြစ်မှာ မဟုတ်ဘူး၊ ဒီမျောက်ကို ကျွန်တော်တို့ ပိန်းဥသွားတူးဖို့ လမ်းပြခိုင်းမလို့”
“ဒီပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး ဒီမျောက်ထက် ပိုပြီးကျွမ်းကျင်တဲ့သူ မရှိဘူး၊ သူက ကျွန်တော်တို့ကို ပိန်းဥရှာဖို့ သေချာပေါက် ခေါ်သွားပေးနိုင်တယ်”
လင်းယန် ဤမျှသေချာနေရသည့် အကြောင်းရင်းမှာ ပြီးခဲ့သည့်အကြိမ်က ဤမျောက်အိုကြီး လာစဉ်က သူ့ကို ပိန်းဥကြီးတစ်ဥ ယူဆောင်လာပေးခဲ့သောကြောင့်ပင်။
“အွီး”
မျောက်အိုကြီးသည် လက်တစ်ဖက်ကို ဆန့်တန်းလိုက်လေ၏။
ဟယ်လင်က နားမလည်စွာဖြင့် ကြည့်နေမိလေ၏။
“အဲဒါက ဘာအဓိပ္ပာယ်လဲ”
လင်းယန်သည် ကြိုတင်ပြင်ဆင်ထားပြီး ဘေးရှိ ဗီရိုထဲမှ ပျားရည်အရက် ပုလင်းငယ်တစ်လုံးကို ထုတ်ယူလိုက်လေ၏။
“သောက်... သောက်... ဘိုးဘေးကြီး”
“မင်းက ဒီအရက်ကို ပထမဆုံးသောက်ရတဲ့သူပဲ”
တစ်ငုံသောက်ပြီးနောက် မျောက်အိုကြီးသည် သစ်ပင်ပေါ်မှ ကျေနပ်စွာ ခုန်ဆင်းလာပြီး သူတို့နှစ်ဦး၏ ရှေ့မှနေ၍ လျှောက်သွားလေ၏။
ဟယ်လင်မှာ အလွန်အမင်း အံ့အားသင့်သွားခဲ့သည်။
“ဒီမျောက်က တကယ်ကြီး အရက်သောက်တတ်တာလား”
“သူကများ နတ်ဖြစ်သွားတာလား”
လိုက်ဖ်လွှင့်မှုထဲရှိ အွန်လိုင်းအသုံးပြုသူများလည်း အလွန်ထူးဆန်းသည်ဟု ထင်မြင်ကြလေ၏။
“ဒီမျောက်က အရက်သမားများ ဖြစ်နေမလား”
“ဒီမျောက်က ကြည့်ရတာ အသက် နည်းနည်း ကြီးနေပြီဆိုတော့ ဘာလို့ ဒီလိုအရသာမျိုးကို ကြိုက်နေရတာလဲ”
“မပြောနဲ့နော်၊ သူ အရက်သောက်နေတဲ့အချိန် ကျွမ်းကျင်တဲ့လှုပ်ရှားမှုတွေကို ကြည့်လိုက်ရင် သူက ပုံမှန်လည်း အများကြီး သောက်လေ့ရှိတယ်ဆိုတာ သိနိုင်တယ်”
“ဒါက ဒဏ္ဍာရီလာ မျောက်မင်း၀ိုင်လား”
“ရယ်ရလွန်းလို့ သေတော့မယ်၊ မျောက်မင်းဝိုင်ဆိုတာ ဒါကို ပြောတာလား”
“မင်းတို့က သူဌေးလင်းရဲ့ ပရိသတ် မဟုတ်ဘူးဆိုတာ သိသာတယ်၊ သူဌေးလင်းရဲ့ အရင် ဗီဒီယိုတွေထဲမှာ ဒီမျောက် အရက်သောက်နေတဲ့ ဗီဒီယိုတစ်ခု ရှိတယ်လေ”
“ငါ အဲဒါကို တကူးတက သွားရှာကြည့်လိုက်တာ၊ အဲဒီတုန်းက သူဌေးလင်းနဲ့ ဒီမျောက်က အရက်လာခိုးရာကနေ ဆုံခဲ့ကြတာလေ”
“ဝိုး... တကယ်လား၊ အရမ်းရယ်ရတာပဲနော်”
လင်းယန်တို့ဘက်တွင် ရယ်မောသံများဖြင့် ပြည့်နှက်နေလေ၏။
အခြားအဖွဲ့ငယ် လေးဖွဲ့သည်လည်း အစားအသောက်ရှာရန် အသီးသီး ထွက်ခွာသွားကြလေပြီ။
ဟွမ်လဲ့သည် ဝမ်တာ့လီ၏ အကြံပြုချက်ကို သဘောတူခဲ့သည်။
ဝမ်တာ့လီ၏ နောက်သို့ လိုက်ပါကာ သူတို့သည် စမ်းချောင်းငယ်လေးတစ်ခုဆီသို့ ရောက်ရှိလာခဲ့ကြသည်။
ဤစမ်းချောင်းငယ်လေးသည် ကြည်လင်နေပြီး ငါးများစွာ ကူးခတ်နေသည်ကို မြင်တွေ့နိုင်လေ၏။
“မင်းတို့ရွာရဲ့ ဂေဟစနစ်က တကယ်ကို ကောင်းတာပဲ၊ ရေက အရမ်း ကြည်လင်နေတာ”
အခြားနေရာများတွင် ရေထဲ၌ ကူးခတ်နေသော ငါးများကို ဤမျှ ရှင်းလင်းစွာ မည်သို့ မြင်တွေ့နိုင်မည်နည်း။
ဟွမ်လဲ့သည် ဆောင့်ကြောင့်ထိုင်ကာ စမ်းရေဖြင့် လက်ဆေးလိုက်ရာ ရုတ်တရက် တုန်ယင်သွားခဲ့လေ၏။
“ဘာလို့ ရေက ဒီလောက် အေးနေရတာလဲ၊ ဒီလောက် အေးတဲ့ရေထဲကို ငါတို့ တကယ်ဆင်းပြီး ငါးဖမ်းလို့ ရပါ့မလား”
မှတ်ချက်များ မျက်နှာပြင်ပေါ်တွင် ပြည့်နှက်သွားလေ၏။
“အခုက ဆောင်းဦးတောင် ရောက်နေပြီလေ၊ သေချာပေါက် ရေက အေးမှာပေါ့၊ ဒီအကြံဉာဏ်ပေးတဲ့သူက နည်းနည်းလောက် ပိုပြီး ယုံကြည်ရလို့မရဘူးလား”
“ဆရာဟွမ်ရဲ့ ပါတနာက တကယ်ပဲ ကျေးလက်မှာ နေဖူးတာလား၊ ကျေးလက်မှာ နေဖူးတဲ့သူဆိုရင် ဒီရာသီကြီးမှာ ငါးဖမ်းဖို့ အကြံပေးမှာမဟုတ်ဘူးလေ၊ ဟုတ်တယ်မလား”
“ငါ လောင်းရဲတယ်၊ သူတို့သာ ဒီနေ့ မြစ်ထဲဆင်းပြီး ငါးဖမ်းရဲရင် မနက်ဖြန် သေချာပေါက်အအေးမိမှာပဲ”
“မနက်ဖြန် အအေးမိသွားရင် မနက်ဖြန် တာဝန်တွေကို ပြီးမြောက်အောင် လုပ်နိုင်ပါ့မလား၊ ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်မသွားဘူးလား”
“ဆရာဟွမ်အတွက် ငါ စိတ်မကောင်းဖြစ်မိတယ်၊ ကျေးဇူးပြုပြီး ရေထဲ မဆင်းပါနဲ့၊ ရေအေးအေးထဲမှာ အကြာကြီး စိမ်နေရင် အဆစ်အမြစ်ကိုက်ခဲတဲ့ ရောဂါတွေဖြစ်လွယ်တယ်”
သူတို့သည် မှတ်ချက်များကို မမြင်ရသော်လည်း အေးစက်လှသော မြစ်ရေကြောင့် ဟွမ်လဲ့မှာ တုံ့ဆိုင်းသွားခဲ့လေ၏။
ဝမ်တာ့လီက ဤသို့ အကြံပြုရသည့် အကြောင်းရင်းမှာ သူကိုယ်တိုင်လည်း ကျေးလက်တွင်မနေဖူးဘဲ ဆောင်းဦးရာသီတွင် စမ်းရေများ အေးစက်လာမည်ကို မသိသောကြောင့်ပင်။
“သိပ်တော့ ကိစ္စမရှိလောက်ပါဘူး၊ ဟုတ်တယ် မလား”
သူသည် တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ဖိနပ်နှင့် ခြေအိတ်များကို ချွတ်ကာ ခြေထောက်တစ်ဖက်အား ရေထဲသို့ ထည့်လိုက်ရာ ချက်ချင်းပင် ပြန်ရုပ်လိုက်ရလေ၏။
‘ဒီရေက နည်းနည်း အေးလွန်းနေပုံရတယ်'
‘အံ့သြစရာတော့ မဟုတ်ဘူး၊ ဘာပဲဖြစ်ဖြစ် အောက်တိုဘာလကုန်မှာ ရာသီဥတုက ဘယ်လောက်တောင် ပူနိုင်မှာမို့လို့လဲ’
ဟွမ်လဲ့သည် ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလိုက်လေ၏။
“ငါတို့ ငါးမျှားလို့ရမယ့် နေရာတစ်ခုခု သွားရှာရင်ရော”
ဝမ်တာ့လီက ခေါင်းခါယမ်းကာ ငြင်းဆိုလိုက်လေ၏။
“ငါးမျှားဖို့က ကိရိယာတွေ လိုတယ်၊ ငါတို့ဆီမှာ အခုလောလောဆယ် ငါးမျှားဖို့ ဘာကိရိယာမှ မရှိဘူးလေ”
ဤလူနှစ်ဦး စမ်းချောင်းဘေးတွင် ဆောင့်ကြောင့်ထိုင်နေသည်ကို မြင်သောအခါ အွန်လိုင်းအသုံးပြုသူများမှာ စတင်၍ စိုးရိမ်လာကြလေ၏။
“သဘာဝကြီးထဲမှာ အစားအသောက်တွေ ဒီလောက်အများကြီး ရှိတာကို မင်းတို့နှစ်ယောက်က ဒီငါးလေးတွေကိုပဲ သွားရှာနေရသလား”
“ငါတော့ ရူးတော့မှာပဲ၊ တစ်ယောက်ယောက်များ သူတို့ကို အရိပ်အမြွက်လေး ပေးလို့မရဘူးလား”
“နာရီဝက်ကျော်တောင် ကြာနေပြီ၊ ဆယ့်တစ်နာရီထိုးဖို့က နှစ်နာရီပဲ လိုတော့တာ၊ သူတို့က ဒီမှာ ဘယ်လောက်ကြာကြာ ဆောင့်ကြောင့်ထိုင်နေဦးမှာလဲ”
“ကင်မရာမန်းက တကယ်ပဲ သူတို့ကို သတိမပေးတော့ဘူးလား”
“ဆရာဟွမ်၊ ခင်ဗျားရဲ့ ဦးနှောက်က တော်တော်သွက်တယ် မဟုတ်ဘူးလား၊ ဘာလို့ ဒီအချိန်ကျမှ ဒီလောက်တောင် တုံးအသွားရတာလဲ”
ဟွမ်လဲ့သည် ရုတ်တရက် မတ်တတ်ရပ်လိုက်လေ၏။
“ငါတို့ ဒီမှာ အချိန်ဖြုန်းနေလို့ မရဘူး၊ မင်းအိမ်မှာ ငါးဖမ်းပိုက်ရှိလား၊ ငါတို့ တုတ်ချောင်းတွေနဲ့ ငါးဖမ်းပိုက်ကို သုံးပြီး ငါးဖမ်းကိရိယာတစ်ခု လုပ်လို့ရတယ်၊ အဲဒါက ဒီမှာ အချိန်ဖြုန်းနေတာထက် ပိုကောင်းတာပေါ့”
“ငါ့အိမ်မှာ ငါးဖမ်းပိုက်ရှိတယ်၊ ဒါဆို ကိရိယာတွေသွားယူဖို့ အိမ်ကို အရင်ပြန်ကြတာပေါ့”
ဟွမ်လဲ့ သက်ပြင်းတစ်ချက် ချလိုက်လေ၏။
ကံကောင်းထောက်မစွာဖြင့် အိမ်မှာ ထိုအရာများ ရှိနေ၍သာ တော်တော့သည်။ ထိုသို့မဟုတ်လျှင် သူတို့ ဤနေရာတွင် တစ်ယောက်နဲ့တစ်ယောက် ကြည့်နေရုံကလွဲပြီး ဘာမှ တတ်နိုင်မည်မဟုတ်ပေ။
သို့သော် သူ၏ ရင်ထဲတွင် မကောင်းသော နိမိတ်တစ်ခုကို အမြဲတမ်း ခံစားနေရလေ၏။
‘ငါတို့အဖွဲ့များ နောက်ဆုံးအဆင့် ရသွားမလား'
အွန်လိုင်းအသုံးပြုသူ အချို့မှာ အတန်ကြာ ကြည့်ရှုပြီးနောက် အတော်လေး ပျင်းစရာကောင်းသည်ဟု ထင်မှတ်လာကြလေ၏။
“နာရီဝက်ကျော် ကြာပြီးမှ ဒီနှစ်ယောက်က ငါးဖမ်းဖို့ တံငါပိုက် သုံးဖို့ စဉ်းစားမိကြတယ်၊ ပိန်းဥတူးတာကြည့်ဖို့ ဟိုဘက် လိုက်ဖ်လွှင့်မှုကို သွားကြည့်တာကမှ ပိုကောင်းဦးမယ်”
“ဘယ်လိုက်ဖ်လွှင့်မှုက ပိန်းဥတူးနေတာလဲ”
“ဆရာဟယ်ရဲ့ လိုက်ဖ်လွှင့်မှုကို သွားကြည့်လိုက်၊ ပြောင်းကြည့်လိုက်တာနဲ့ မင်း သိသွားလိမ့်မယ်၊ အဲဒါက တော်တော်လေး စိတ်ဝင်စားစရာကောင်းတယ်”
“ငါလည်း အကြံပြုချင်တယ်၊ ငါ အခုလေးတင် ဆရာဟယ်ရဲ့ လိုက်ဖ်လွှင့်မှုကနေ လာတာ၊ အဲဒီမှာ တိရစ္ဆာန်တွေရဲ့ ဖျော်ဖြေမှုတွေတောင် ရှိသေးတယ်၊ အဲဒါက ပိုပြီး စိတ်ဝင်စားစရာမကောင်းဘူးလား”
“ဟန်ရှင်းချန်ရဲ့ လိုက်ဖ်လွှင့်မှုကို မြန်မြန်သွားကြည့်ကြ၊ သူတို့ ရန်ဖြစ်နေကြပြီ”
လူစုခွဲပြီးနောက် ဟန်ရှင်းချန်သည် လီထင်ကို အစားအသောက်ရှာရန် ဘယ်ကိုသွားသင့်သနည်းဟု မေးမြန်းခဲ့သည်။
မည်သို့ပင်ဆိုစေ သူသည် ပတ်ဝန်းကျင်နှင့် များစွာ ရင်းနှီးကျွမ်းဝင်မှုမရှိသည့်အပြင် အိုင်ဒေါတစ်ဦးအနေဖြင့် ကျေးလက်သို့ တစ်ခါမျှ မရောက်ဖူးရာ မည်သည့်လမ်းသို့ သွားရမည်ကို မသိပေ။
လီထင်သည် အွန်လိုင်းအသုံးပြုသူများအပေါ် ကောင်းမွန်သော အထင်အမြင်များ ချန်ထားရစ်နိုင်ရန်အတွက် ယနေ့ အထူး သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားခဲ့သည်။
ထို့ကြောင့် နောက်ဆက်တွဲလှုပ်ရှားမှုများက သူမ၏ပုံရိပ်အား ပျက်စီးသွားစေမည်ကို သဘာဝကျစွာပင် မလိုလားပေ။
“သလဲသီးရိုင်းတွေ ရှိတဲ့ နေရာတစ်ခုကို ငါသိတယ်၊ ငါတို့ သလဲသီး သွားခူးကြမလား”
သလဲသီးခူးရန် သစ်ပင်တက်ခြင်းမှာ မိန်းကလေး တစ်ယောက်အနေဖြင့် သူမ သေချာပေါက် လုပ်မည့်အရာမဟုတ်ပေ။ သူမသည် လမ်းပြရန် တာဝန်ယူရုံသာ ဖြစ်သည်။
‘အဲဒီအချိန်ကျရင် ငါ့ရဲ့ ပြီးပြည့်စုံတဲ့ ပုံရိပ်ကို ဆက်ပြီး ထိန်းသိမ်းထားနိုင်မှာပေါ့'
ဟန်ရှင်းချန်က မေးလိုက်လေ၏။
“ငါတို့ သလဲသီး နည်းနည်းလောက်ပဲခူးရင် တကယ် နောက်ဆုံးအဆင့် ရသွားမှာ မဟုတ်ဘူးလား”
“ရပါတယ်၊ အခုက ဆောင်းဦးရာသီလေ၊ အဲဒါတောင် ဆောင်းဦးနှောင်းပိုင်း ရောက်နေပြီ၊
အစားအသောက်တွေက ရှာရခက်နေပြီဆိုတော့ သူတို့လည်း သိပ်အများကြီး ရှာတွေ့နိုင်မှာ မဟုတ်ပါဘူး”
ဟန်ရှင်းချန်က မျက်မှောင်ကြုတ်ကာ ပြောလိုက်လေ၏။
“သလဲသီး နည်းနည်းလောက် ခူးရုံနဲ့ မလောက်ဘူးလို့ ငါတော့ ထင်တုန်းပဲ”
သူသည် ဤတီဗီအစီအစဉ်အတွက် အပြည့်အဝ ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့သည်။
‘သလဲသီးပင်က သလဲသီးနည်းနည်းလောက်ပဲ ခူးမယ်ဆိုရင် သူ့ရဲ့ စွမ်းရည်ကို ဘယ်လိုလုပ် ပြနိုင်မှာလဲ'
‘ပြီးတော့ အဲဒီမှာ ကြည့်စရာ ဘာမှမရှိဘူးမလား”
‘နည်းနည်း ပိုခက်ခဲတဲ့ အရာတစ်ခုကို စိန်ခေါ်တာက ပိုကောင်းပတယ်'
‘ဆရာဟွမ်တို့အဖွဲ့က မြစ်ထဲမှာ ငါးဖမ်းဖို့ စီစဉ်နေတယ်လို့ ငါ အခုလေးတင် ကြားလိုက်တယ်'
‘အဲဒီလိုမျိုး တစ်ခုခုက သလဲသီးခူးတာထက် ပိုပြီး စိတ်ဝင်စားစရာ မကောင်းဘူးလား'
“ငါတို့ အမဲလိုက် သွားကြရင်ရော”
အမဲလိုက်ခြင်းက ငါးဖမ်းခြင်းထက် သေချာပေါက် ပိုပြီး ပြင်းထန်လေသည်။
သူသည် ထိပ်တန်းအိုင်ဒေါတစ်ဦး ဖြစ်သော်လည်း ကြံ့ခိုင်ရေး သင်တန်း အနည်းငယ်ကိုလည်း တက်ရောက်ခဲ့ဖူးသည်။
ထို့ကြောင့် ဟန်ရှင်းချန်သည် အမဲလိုက်ခြင်းမှာ သူ့အတွက် ပြဿနာမဟုတ်ဟု ထင်မြင်နေလေ၏။
‘အနည်းဆုံးတော့ တောယုန် အနည်းငယ်လောက်ကို ငါ ဖမ်းနိုင်မှာပေါ့'
အကယ်၍ သူ ဤသို့ တွေးနေသည်ကို လင်းယန်သာ သိပါက ဤအိုင်ဒေါမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲလွန်းနေသည်ဟု သေချာပေါက် ထင်မြင်ပေလိမ့်မည်။
ကျေးလက်မှ တောယုန်များသည် အလွန်သွက်လက်ကြရာ သူကိုယ်တိုင်ပင် ဖမ်းနိုင်မည်မဟုတ်ပေ။
ကျေးလက်သို့ တစ်ခါမျှ မရောက်ဖူးသော နာမည်ကြီး အနုပညာရှင်ကြီး တစ်ဦးအတွက်ဆိုလျှင် ပို၍ပင် ဆိုဖွယ်ရာမရှိတော့ပေ။
လီထင် ဤစကားကို ကြားလိုက်ရသောအခါ ‘နင်ရူးနေလား’ ဟူသော အမူအရာမျိုး ပေါ်လာလေ၏။
“ရှင်းချန်၊ ငါ့ကို နောက်နေတာလား”
“ဒီအကြံအစည်ကို စွန့်လွှတ်လိုက်ဖို့ ငါ အကြံပေးချင်တယ်၊ တောင်ပေါ်က တိရစ္ဆာန်လေးတွေက တစ်ကောင်ထက် တစ်ကောင်ကပိုသွက်တယ်၊ ငါတို့ဘာသာ ငါတို့တော့ ဖမ်းလို့မရနိုင်ဘူး”