အခန်း ၁၇၀
Vol. 17 Ch. 170
အခန်း (၁၇၀)
လီထင်၏ဘက်တွင် ရပ်တည်ပေးသော အွန်လိုင်းအသုံးပြုသူ အများအပြားလည်း ရှိနေလေ၏။
“ငါက လမ်းကြုံဝင်လာတဲ့သူ သက်သက်ပါ၊ ဘယ်သူ့ပရိသတ်မှ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒီသာမန်မိန်းကလေးအတွက် ငါ တစ်ခုခုတော့ ပြောချင်တယ်၊ တချို့လူတွေက ဟန်ရှင်းချန်ရဲ့ ပရိသတ်ဆိုတာကို အားကိုးပြီး ဒီမိန်းကလေးကို လက်လွတ်စပယ် တိုက်ခိုက်နေကြတယ်၊ ဒီမိန်းကလေးက ဘာအမှားမှ မလုပ်ထားဘူး မဟုတ်လား”
“ဟုတ်တယ်၊ သူမ ဘာအမှားလုပ်ခဲ့လို့လဲ၊ အစီအစဉ် ထုတ်လုပ်ရေးအဖွဲ့က ပါတနာတွေ သတ်မှတ်ပေးတဲ့ ရည်ရွယ်ချက်က နှစ်ယောက် ပူးပေါင်းဆောင်ရွက်ဖို့ မဟုတ်ဘူးလား၊ သူတို့က သီးခြားစီ သွားလုပ်ကြမယ်ဆိုရင် ပါတနာထားတာက ဘာအဓိပ္ပာယ် ရှိတော့မှာလဲ”
“တချို့လူတွေက တကယ်ကို ရယ်စရာကောင်းတာပဲ၊ ကျေးလက်က တောကြက်တွေ တောယုန်တွေက အဲဒီလောက် ဖမ်းရလွယ်တယ်လို့ သူတို့ တကယ်ထင်နေတာလား၊
အိုင်ဒေါ ဇာတ်လမ်းတွဲတွေ အရမ်းကြည့်ပြီး ရူးနေတာလား၊ အငတ်ဘေးကြုံခဲ့တဲ့ နှစ်တွေတုန်းက ဘာလို့ လူတိုင်း သစ်ခေါက်တွေကိုပဲ ကိုက်စားနေခဲ့ကြရတယ်လို့ထင်လဲ၊
ဘာလို့လဲဆိုတော့ မင်းက ကျွမ်းကျင်တဲ့မုဆိုးတစ်ယောက် မဟုတ်ရင် ဒီလိုတောကောင်တွေကို အမဲလိုက်ဖို့ဆိုတာ အရမ်းခက်ခဲလွန်းလို့ပဲ”
“မိန်းကလေး တစ်ယောက်က သစ်ပင်မတက်တတ်တာ ပုံမှန်မဟုတ်ဘူးလား၊ ဘာလို့ မင်းတို့ရဲ့ အငြိုးအတေးတွေက ဒီလောက်တောင် ကြီးမားနေရတာလဲ”
“ကောင်းပါပြီ... အားလုံးပဲ၊ အရမ်းကြီး ဒေါသထွက်မနေကြပါနဲ့၊ ခုနက ဟာတွေက လူတချို့ရဲ့ပရိသတ်တွေပါ၊ နားလည်တဲ့သူတွေကတော့ နားလည်ကြပါတယ်”
ဟန်ရှင်းချန်၏ ပရိသတ်များနှင့် လမ်းကြုံဝင်လာသူများကြားတွင် အပြန်အလှန် အပြင်းအထန် ငြင်းခုံနေကြလေ၏။
ထို့အပြင် ဟန်ရှင်းချန်ကိုယ်တိုင်ကလည်း ဤကိစ္စကြောင့် လီထင်အပေါ် အမြင်တစ်မျိုး ဖြစ်သွားခဲ့လေသည်။
“ငါ နောက်ဆုံးအဆင့်မရချင်ဘူး၊ ငါ ဟန်ရှင်းချန်ရဲ့ အဘိဓာန်မှာ ‘နောက်ဆုံးအဆင့်’ ဆိုတဲ့ စကားလုံးမရှိဘူး”
ထိုသို့ပြောပြီးနောက် ဟန်ရှင်းချန်သည် လက်နှစ်ဖက်ကို အိတ်ကပ်ထဲထည့်ကာ အခြားလမ်းကြောင်းတစ်ခုဆီသို့ လျှောက်သွားလေ၏။
ကင်မရာမန်းမှာလည်း သူတို့နှစ်ဦးကိုကြည့်ပြီး မည်သူ့နောက်သို့ လိုက်ရမည်ကို မသိသဖြင့် အနည်းငယ်ရှုပ်ထွေးသွားခဲ့၏။
လီထင်သည် ရပ်နေသောနေရာတွင် မကျေမနပ်ဖြင့် ခြေဆောင့်လိုက်ပြီးနောက် သူ့အနောက်သို့ အလျင်အမြန် လိုက်သွားလေ၏။
အကြောင်းရင်းမှာ ရိုးရှင်းပါသည်။ ဤသလဲသီးပင်ကို သူမ တက်ရန် လုံးဝ မဖြစ်နိုင်သောကြောင့်ပင်။
သူမ သလဲသီးများကို အောင်မြင်စွာ ခူးနိုင်မည်၊ မခူးနိုင်မည်ကို အသာထား၊ အကယ်၍ ခူးနိုင်ခဲ့လျှင်ပင် သူမ၏ အောင်မြင်မှုကို ဟန်ရှင်းချန်နှင့် မခွဲဝေချင်ပေ။
ထို့အပြင် ဟန်ရှင်းချန်သည် အနီးအနားရှိ တောင်ပေါ်ဒေသများနှင့် များစွာ ရင်းနှီးကျွမ်းဝင်မှု မရှိပေ။ အကယ်၍ တစ်ခုခု ဖြစ်သွားပါက သူ့ပရိသတ်များက သူမကို အပြစ်တင်ကြမည်မဟုတ်လော။
အစီအစဉ်ထုတ်လုပ်ရေးအဖွဲ့ကလည်း တာဝန်အားလုံးကို သူမအပေါ် ပုံချလာပေလိမ့်မည်။
လီထင်သည် ဓားစာခံအဖြစ်မခံနိုင်ပေ။
“နေဦး... ငါ မင်းနဲ့လိုက်ခဲ့မယ်”
သူတို့နှစ်ဦး ထွက်သွားပြီး မကြာမီမှာပင် ကောဇီဖေးနှင့် ရွှီလီတို့ ကျောပိုးခြင်းငယ်တစ်လုံးကို သယ်ဆောင်ကာ ပေါ်လာကြလေ၏။
ဤတောသလဲသီးပင်များကို မြင်သောအခါ ရွှီလီက အာမေဍိတ်သံ ပြုလိုက်လေ၏。
“ဒီမှာ တောသလဲသီးတွေရှိတယ်၊ ကောင်းကင်ဘုံက ငါတို့ကို တကယ် ကူညီနေတာပဲ၊ ဒီတောသလဲသီးတွေကို ခူးရင် တော်တော်လေး တန်ဖိုးရှိမှာပဲနော်”
ကောဇီဖေးသည် ဟန်ရှင်းချန်ကဲ့သို့ ဤတောသလဲသီးများ၏ တန်ဖိုးကို အထင်သေးခြင်း မရှိဘဲ ရွှီလီကဲ့သို့ပင် ဝမ်းသာအားရဖြစ်သွားကာ ပြောလိုက်လေ၏။
“ဒီနေ့ တာဝန်မှာ ငါတို့ သေချာပေါက်ရှုံးပြီလို့ ထင်နေတာ၊ ကောင်းကင်ဘုံက ငါတို့အပေါ် တော်တော်လေးသဘောကောင်းလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
သူတို့နှစ်ဦးသည် စိတ်လှုပ်ရှားစွာဖြင့် ချက်ချင်းပူးပေါင်းဆောင်ရွက်ကြလေတော့သည်။
ကောဇီဖေးသည် သစ်ပင်ပေါ်သို့ အလျင်အမြန်တက်သွားပြီး အော်ပြောလိုက်လေ၏။
“သစ်ပင်ပေါ်က တောသလဲသီးတွေကိုခူးဖို့ ငါတာဝန်ယူမယ်၊ မင်းက အောက်ကနေဖမ်းဖို့ တာဝန်ယူ၊ ငါတို့မှာ အချိန်အများကြီးရသေးတယ်၊ နှစ်တောင်းလောက် အပြည့်ခူးနိုင်လောက်တယ်”
ရွှီလီ ပြုံး၍ ခေါင်းညိတ်ပြလိုက်လေ၏။
“နင်က သစ်ပင်တက်တဲ့နေရာမှာ တော်တော်လေးသွက်လက်မယ်လို့ ငါ မထင်ထားခဲ့ဘူး”
ကောဇီဖေးသည် သူ့ရင်ဘတ်ကို ဂုဏ်ယူစွာ ပုတ်လိုက်လေ၏။
“ခုနက မင်းပြောလိုက်တဲ့ စကားအရဆိုရင် မင်း ငါ့ရဲ ဇာတ်လမ်းတွဲတွေကို သေချာမကြည့်ဖူးဘူးပဲ”
ရွှီလီက အနည်းငယ် အနေရခက်စွာဖြင့် ပြုံးလိုက်လေ၏။
“ငါ ဇာတ်လမ်းတွဲတွေကြည့်ဖို့ အချိန်သိပ်မရှိလို့ပါ”
ကောဇီဖေးက သူမကို အပြစ်မတင်ဘဲ လေထုကို ပေါ့ပါးသွားစေရန် နောက်ပြောင်လိုက်လေ၏။
“ဒါဆို ဒီတီဗီအစီအစဉ်ပြီးသွားရင် မင်း သေချာပေါက်ကြည့်ရမယ်နော်”
“ဇာတ်လမ်းတွဲတချို့မှာ ငါ သရုပ်ဆောင်ရတဲ့ ဇာတ်ကောင်တွေက စားဖို့၊ သောက်ဖို့၊ လောင်းကစားလုပ်ဖို့၊ မိန်းမလိုက်စားဖို့လောက်ပဲ သိတဲ့သူတွေလေ၊ ဒါကြောင့် ငှက်သိုက်နှိုက်ဖို့ သစ်ပင်တက်တာတို့၊ မြစ်ထဲမှာ ငါးဖမ်းတာတို့ဆိုတာ ငါ့အတွက်တော့ လွယ်လွယ်လေးပေါ့”
ကောဇီဖေး၏ရှင်းပြချက်ကို ကြားလိုက်ရသောအခါ ရွှီလီ၏မျက်နှာပေါ်တွင် ရုတ်တရက် သဘောပေါက်သွားသည့်အမူအရာ ပေါ်လွင်လာပြီး တစ်ချိန်တည်းမှာပင် ဤအကြောင်းပြချက်က သူမကို ရယ်ရခက်၊ ငိုရခက် ဖြစ်သွားစေလေ၏။
နာမည်ကြီး လူငယ်သရုပ်ဆောင် ကောဇီဖေးသည် ဤကဲ့သို့သောအခြေအနေမျိုးတွင် သစ်ပင်တက်ရန် သင်ယူခဲ့ရလိမ့်မည်ဟု သူမ လုံးဝထင်မှတ်မထားခဲ့ပေ။
သို့သော် ဤသည်က ကောဇီဖေး သူ၏သရုပ်ဆောင်မှုအတွက် လူစားထိုးအသုံးမပြုကြောင်းကို တဖြည်းဖြည်း သက်သေပြနေလေသည်။
ယခုခေတ် ဖျော်ဖြေရေးလောကမှ နာမည်ကြီး အနုပညာရှင်များစွာမှာ လူစားထိုး အသုံးပြုရသည်ကို သဘောကျကြသည်။
‘အရင်ကတော့ ပြင်းထန်တဲ့ အက်ရှင်ဇာတ်ဝင်ခန်းတွေအတွက်ပဲ လူစားထိုး သုံးကြတာ'
ဒါပေမဲ့ အခုတော့ အဲဒါက အရမ်းကို အဖြစ်များလာပြီး သစ်ပင်တက်တာ ဒါမှမဟုတ် ရေထဲဆင်းတာလိုမျိုး အခက်အခဲသိပ်မရှိတဲ့ ဇာတ်ဝင်ခန်းတွေအတွက်တောင် လူစားထိုးရှာလာကြပြီ၊
အကြောင်းရင်းက တခြား ဘာမှမဟုတ်ဘူး၊ ဒီနာမည်ကြီး အနုပညာရှင်တွေက ဒီလို ကာယလှုပ်ရှားမှုတွေကို လုပ်ဖို့ ဆန္ဒမရှိကြလို့ပဲ'
ကောဇီဖေးက ဤမျှအထိ တကယ်ရိုက်ကူးလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
ရွှီလီ၏အကြည့်မှာ သူ့အပေါ်သို့ ကျရောက်နေကြောင်း သတိပြုမိသွားသောအခါ ကောဇီဖေးသည် သူ၏သွားဖြူဖြူများကို ပြသကာ တောက်ပစွာ ပြုံးပြလိုက်လေ၏။
“သေချာ အာရုံစိုက်ထားနော်၊ မဟုတ်ရင် နောက်မှ မင်း မဖမ်းနိုင်ဘဲ မင်းခေါင်းကို မှန်ရင် ငါ့အပြစ်မဟုတ်ဘူးနော်”
လိုက်ဖ်လွှင့်မှု အခန်းအတွင်းရှိ အွန်လိုင်းအသုံးပြုသူများမှာ ကောဇီဖေး၏ နောက်တစ်ဝက်၊ တည်တစ်ဝက် လေသံကြောင့် သဘောကျသွားကြလေ၏။
“ဒီအတွဲကလည်း ကြည့်ရတာ အရမ်းကောင်းတယ်၊ ဘာလို့ ကောဇီဖေးက စကားပြောတဲ့အခါ အရမ်းရယ်စရာကောင်းနေရတာလဲ”
“ကောဇီဖေးက စကားပြောတဲ့အခါ တကယ်ကို ဖျော်ဖြေမှုအပြည့်ပဲ”
“အို... ဘုရားရေ၊ ငါ လမ်းကြုံလာရာကနေ သူ့ရဲ့ပရိသတ် ဖြစ်သွားတော့မလိုပဲ၊ ဘယ်လိုလုပ်ရမလဲ”
“သူ အထင်သေးခဲ့တဲ့ တောသလဲသီးတွေကို ကောဇီဖေးတို့အဖွဲ့က ခူးသွားပြီဆိုတာကို ဟန်ရှင်းချန်သာသိရင် ဘယ်လို မျက်နှာထားမျိုး ဖြစ်သွားမလဲ”
“ဘယ်လို မျက်နှာထားမျိုးဖြစ်ရမှာလဲ၊ သူက ဒါတွေကို ဂရုမှ မစိုက်တာ”
“ဟန်ရှင်းချန်တို့ အဖွဲ့က ဘာလို့ပြဿနာရှာနေတာလဲဆိုတာ ငါ တကယ်နားမလည်နိုင်ဘူး”
“ဝမ်ဇီယီတို့ဘက်ကလည်း အဆင်ပြေချောမွေ့နေတယ်၊ ပြိုင်ပွဲအဆင့်သတ်မှတ်ချက်က တော်တော်လေး ရှင်းလင်းနေပြီလို့ ငါထင်တယ်”
“မသေချာသေးဘူးလေ၊ ဆရာဟွမ်တို့ အဖွဲ့က ငါးတစ်ကောင်ပဲ မိသေးတာမဟုတ်ဘူးလား”
“ဆရာဟယ်ကတော့ ဒီတစ်ခါ ရိတ်သိမ်းမှု ကြီးကြီးမားမား ရလိုက်တာပဲ၊ ပိန်းဥအများကြီး တူးနိုင်ခဲ့ရုံသာမကဘဲ ရှဉ့်လေးတစ်ကောင်ဆီကနေ သစ်အယ်သီးတွေတောင် ရခဲ့သေးတယ်”
“တစ်ခုတော့ ရှင်းရှင်းလင်းလင်း ပြောထားဖို့ လိုတယ်၊ ရှဥ့်လေးရဲ့ သစ်အယ်သီးတွေက ဆရာဟယ်ကို ပေးတာမဟုတ်ဘူး၊ သူဌေးလင်းကို ပေးတာ”
“ဟားဟားဟားဟား၊ ဆရာဟယ်ကလည်း သူဌေးလင်းရဲ့ ကျေးဇူးကြောင့် အရောင်ဟပ်ပြီး တောက်ပနေတာပါ”
လင်းယန်နှင့် ဟယ်လင်တို့သည် အလုံအလောက် အနားယူပြီးနောက် စုဝေးရန် ရွာထိပ်သို့သွားဖို့ ပြင်ဆင်နေကြလေ၏။
“လမ်းတစ်လျှောက် ရှုခင်းတွေက တကယ်ကို လှတာပဲ၊ မှတ်တမ်းတင်ထားဖို့ ဓာတ်ပုံတွေ အများကြီး ရိုက်ထားရမယ်၊
ငါ ဒီတီဗီအစီအစဉ်မှာ ပါဝင်လာတာ တော်တော်လေး ကြာပြီ၊ အဲဒါကြောင့် နေရာတော်တော်များများကို ရောက်ခဲ့ဖူးပေမဲ့ ဒီလောက် ဂေဟစနစ်ကောင်းမွန်ပြီး အပြင်က ညစ်ညမ်းမှုတွေနဲ့ လုံးဝမထိတွေ့ရသေးတဲ့ နေရာမျိုး တစ်ခါမှ မရောက်ဖူးဘူး”
လင်းယန်က ပြုံး၍ ထောက်ခံလိုက်လေ၏။
“ကျွန်တော်တို့ရွာရဲ့ ပတ်ဝန်းကျင်က တကယ်ကို တော်တော်လေးကောင်းပါတယ်၊ ခင်ဗျား ဒီမှာ လဝက်လောက် နေရမှာမဟုတ်ဘူးလား”
“ခင်ဗျား အချိန်ယူပြီး ဖြည်းဖြည်းချင်း ခံစားကြည့်လို့ ရပါတယ်”
ဟယ်လင်က ခေါင်းညိတ်ပြပြီး ဓာတ်ပုံများကို တစ်ပုံပြီး တစ်ပုံ ရိုက်ကူးနေကာ သူ၏ ကိုယ်ပိုင် လက်ရာကို အကဲဖြတ်ရန်လည်းမမေ့ပေ။
“ဟေး၊ ငါ ဘာရိုက်ထားလဲ ကြည့်ပါဦး၊ အရမ်းလှတဲ့ငှက်ကလေးတစ်ကောင်”
လင်းယန် အနီးသို့ကပ်ကာ ကြည့်လိုက်လေ၏။ ဟယ်လင်၏ ဓာတ်ပုံမှာ အနီးအနားရှိ စမ်းချောင်းလေးကို ရိုက်ကူးထားခြင်း ဖြစ်သော်လည်း ထိုအခိုက်အတန့်တွင် အပြာရောင်ငှက်ကလေးတစ်ကောင် ထိုနေရာတွင် ရှိနေပြီး ၎င်း၏ လှုပ်ရှားမှုများအရ ရေသောက်နေပုံရသည်။
တကယ်တော့ ငှက်ကလေးတစ်ကိုယ်လုံး အပြာရောင်ဟု ပြောလျှင် မတိကျပေ။
ဤငှက်ကလေးတွင် ရှည်လျားပြီး ကွေးညွတ်နေသော နှုတ်သီးတစ်ခုနှင့် သိသိသာသာ သေးသွယ်ရှည်လျားသော အလယ်အမြီးမွေးများ ရှိသည်။
၎င်း၏ ခေါင်း၊ လည်ပင်းနှင့် ကျောဘက်တို့မှာ မျက်လုံးတွင် အနက်ရောင်အစင်းကြောင်းများပါရှိသော ချောကလက်ရောင်ဖြစ်သည်။
၎င်း၏ လည်ချောင်း၊ ဖင်ပိုင်းနှင့် အမြီးမွေးများမှာ အပြာရောင်ဖြစ်ပြီး ဗိုက်နှင့် တောင်ပံများမှာ အစိမ်းရောင်ဖြစ်၏။
‘ဒီလောက်ထင်ရှားတဲ့ လက္ခဏာတွေနဲ့ဆိုရင် ဒါက လည်ပြာပျားစားငှက်များ ဖြစ်နေမလား'
လင်းယန်သည် ဓာတ်ပုံကို အထူးတလည် Zoom ဆွဲကာ ကြည့်လိုက်ပြီး သေချာပြောလိုက်လေ၏။
“ဆရာဟယ်၊ ဂုဏ်ယူပါတယ်၊ ခင်ဗျားက အလှပဆုံးငှက်ကလေးဖြစ်တဲ့ လည်ပြာ ပျားစားငှက်ကို ဓာတ်ပုံရိုက်နိုင်ခဲ့ပြီ”
ဟယ်လင်မှာ နားမလည်နိုင်အောင် ဖြစ်သွားလေ၏။
“လည်ပြာ ပျားစားငှက်လား”
ဤငှက်မျိုးစိတ်မှာ မည်သို့သော အရာဖြစ်ကြောင်း သူ မသိသည်မှာ ထင်ရှားလှသည်။
လင်းယန်က ခေါင်းညိတ်ပြပြီး စတင်ရှင်းပြလေ၏။
“လည်ပြာ ပျားစားငှက်ကို သူတို့ရဲ့ အပြာရောင် လည်ချောင်းလေးနဲ့ ခွဲခြားသိနိုင်တယ်၊ အရမ်းကို အလှဆင်ထားသလို လှပလွန်းလို့ တရုတ်နိုင်ငံရဲ့ အလှပဆုံး ငှက်ကလေး အဖြစ် တင်စားခေါ်ဝေါ်ကြတယ်”
“လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က တရုတ်နိုင်ငံ သစ်တောဦးစီးဌာနက ထုတ်ပြန်ခဲ့တဲ့ ‘ကုန်းနေ တောရိုင်းတိရစ္ဆာန်များ စာရင်း’ မှာလည်း ပါဝင်ခဲ့ပြီး နိုင်ငံတော်အဆင့် နှစ် ကာကွယ်စောင့်ရှောက်ထားတဲ့ တိရစ္ဆာန်တွေထဲမှာပါဝင်တယ်”
“သူတို့က သစ်တောအစွန်းတွေ၊ သစ်ပင်ကျဲပါးတဲ့ တောတွေ၊ ခြုံပုတ်တွေနဲ့ မြက်ခင်းစောင်းတွေလို ပွင့်လင်းတဲ့ နေရာတွေမှာ နေထိုင်လေ့ရှိပြီး လယ်ကွင်းတွေ၊ ကမ်းရိုးတန်းတွေ၊ မြစ်ဝှမ်းတွေနဲ့ သစ်သီးခြံတွေမှာလည်း တွေ့ရတတ်တယ်”
“ဆရာဟယ်၊ ခင်ဗျား တော်တော်လေးကံကောင်းတာပဲ၊ ကျွန်တော် ရွာကိုပြန်ရောက်နေတာ ဒီလောက်ကြာတာတောင် လည်ပြာ ပျားစားငှက်ကို တစ်ခါမှမမြင်ဖူးဘူး”
လင်းယန်က ပြုံးကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေ၏။
လင်းယန်၏ မိတ်ဆက်စကားကို နားထောင်ပြီးနောက် ဟယ်လင်၏ မျက်လုံးများထဲတွင် အံ့အားသင့်သွားသည့်အမူအရာ ပေါ်လွင်လာလေ၏။
“အရမ်းလှတာ မဆန်းပါဘူး၊ တရုတ်နိုင်ငံရဲ့ အလှပဆုံးငှက်ကလေး ဖြစ်နေတာကိုး၊ ဒါဆို ငါရိုက်ထားတဲ့ ဒီဓာတ်ပုံက သမိုင်းဝင်ဓာတ်ပုံလို့ သတ်မှတ်လို့ရပြီလား”
သူသည် သူ၏ ဓာတ်ပုံကို ကင်မရာဘက်သို့ တမင်တကာ ချိန်ရွယ်လိုက်လေ၏။
“လာ... လာ... ငါရိုက်ထားတဲ့ လက်ရာကို အားလုံးကို အကဲဖြတ်ခိုင်းကြည့်ရအောင်”
“နေဦး၊ ကင်မရာမန်းရဲ့ ကင်မရာက ငါ့ဖုန်းထက် ပိုပြီး ရှင်းရှင်းလင်းလင်းရိုက်နိုင်မှာပဲ၊ သူ့ကို မင်းတို့အတွက် ရိုက်ပြခိုင်းလိုက်မယ်”
ဟယ်လင်သည် ကင်မရာမန်းကို ဦးတည်ရာဘက်သို့ တိတ်တဆိတ် လက်ညှိုးထိုးပြလိုက်၏။ ငှက်ကလေးသည် မြစ်ဘေးတွင် ရေသောက်နေဆဲပင်။
ဤမြင်ကွင်း၏ လှပမှုကြောင့် လူတိုင်းမှာ စကားပင် မပြောနိုင်တော့လောက်အောင် ဖြစ်သွားကြလေ၏။
“တရုတ်နိုင်ငံရဲ့ အလှပဆုံး ငှက်ကလေးဆိုတဲ့ နာမည်နဲ့ တကယ်ကိုထိုက်တန်ပါတယ်”
“ဘယ်လောက်တောင်လှပတဲ့ မြင်ကွင်းလေးလဲ၊ အလိုအလျောက် အသက်အောင့်ထားချင်စိတ်တောင် ပေါက်လာတယ်”
လင်းယန်သည် လည်ပြာ ပျားစားငှက်ရှိရာသို့ ကြည့်လိုက်ပြီး တဖြည်းဖြည်း မျက်မှောင်ကြုတ်သွားလေ၏။
“တစ်ခုခုတော့ မှားနေပြီ...”
ပုံမှန်အားဖြင့် ဤငှက်ကလေးသည် ရေသောက်ပြီးနောက် ရေထဲတွင် ဆက်နေလေ့မရှိပေ။
သို့သော် လည်ပြာ ပျားစားငှက်သည် အနည်းငယ်ဒုက္ခရောက်နေပုံရပြီး ၎င်း၏တောင်ပံများကို အဆက်မပြတ် ခတ်နေလေ၏။
ကင်မရာမန်းက မေးလိုက်လေ၏။
“ဘာလို့ ဒီငှက်လေးရဲ့ ကိုယ်ပေါ်မှာ အနီစက်တွေ အများကြီးရှိနေရတာလဲ”
ကင်မရာ၏ ပစ်ဇယ်ကြည်လင်ပြတ်သားမှုသည် ထိုထောင့်မှ သူတို့ မြင်ရသည်ထက် များစွာ ပိုမိုရှင်းလင်းပြတ်သားလေသည်။
လင်းယန်သည် အနီးသို့ ကပ်ကာ ကြည့်လိုက်ပြီး ကောက်ချက်ချလိုက်လေ၏။
“ဒီလည်ပြာ ပျားစားငှက်မှာငှက်လှေးတွေ ရှိနေတယ်”
“ငှက်လှေး?”
ဟယ်လင်သည် လင်းယန်ကို နားမလည်စွာဖြင့် ကြည့်လိုက်လေ၏။
“ဟုတ်တယ်”
လင်းယန်၏ မျက်နှာအမူအရာမှာ တဖြည်းဖြည်း လေးနက်လာလေ၏။
“လှေးတွေက ငှက်တွေမှာ အဖြစ်များတဲ့ ကပ်ပါးကောင်တွေပဲ၊ သူတို့က ငှက်တွေရဲ့ ခန္ဓာကိုယ်ပေါ်မှာ ကပ်ပါးအဖြစ် နေထိုင်ကြပြီး အမွေးတွေနဲ့ အရေပြားပေါ်မှာ မြန်မြန်ဆန်ဆန် သွားလာလှုပ်ရှားနိုင်တယ်၊
အဓိကကတော့ လက်ခံကောင်ရဲ့ သွေးကို စုပ်ယူပြီး အသက်ရှင်ကြတာ၊ အဲဒါက ငှက်တွေကို သွေးအားနည်းရောဂါဖြစ်စေနိုင်တယ်”
“ဓာတ်ပုံထဲမှာ အားလုံးမြင်ရတဲ့ အဲဒီ အနီစက်လေးတွေက လှေးတွေပဲ”
ဟယ်လင်သည် ဤစကားများကြောင့် အလန့်တကြား ဖြစ်သွားလေ၏။
“ဒါဆို ဒီအခြေအနေက တော်တော်လေး ဆိုးရွားနေတာ မဟုတ်ဘူးလား၊ ငါတို့ အခု ဘာလုပ်သင့်လဲ၊ အကူအညီတောင်းဖို့ သစ်တောဦးစီးဌာနကို ဖုန်းဆက်လိုက်ရင်ရော”
အွန်လိုင်းအသုံးပြုသူများလည်း စိုးရိမ်ပူပန်လာကြလေ၏။
“ငှက်လှေးက ငှက်ငယ်လေးတွေအတွက် တော်တော်လေးဆိုးရွားတဲ့ အခြေအနေတစ်ခုပဲ၊ အချိန်မီမကုသရင် သေတဲ့အထိ ဖြစ်သွားနိုင်တယ်”
“ဒါဆို ပြီးသွားပြီပေါ့၊ သစ်တောဦးစီးဌာနက လူလွှတ်ပေးတဲ့ အချိန်ဆိုရင် ငှက်ကလေးက ပျံသွားလောက်ပြီ မဟုတ်ဘူးလား”
“အရမ်းလှတဲ့ လည်ပြာ ပျားစားငှက်လေးကို နောက်ဆုံးတော့ တွေ့လိုက်ရပေမဲ့၊ တကယ်တမ်းကျတော့ ငှက်လှေးတွေ ရှိနေတာပဲ၊ သူ့ကိုကယ်ဖို့ နည်းလမ်းတစ်ခုခုတော့ ရှာရမယ်!”
“ဒီလည်ပြာ ပျားစားငှက်လေး ရေထဲမှာပဲ နေနေတာ အံ့သြစရာမဟုတ်ဘူး၊ သူ့ကိုယ်ပေါ်က လှေးတွေကို ရေစီးကြောင်းနဲ့ ဆေးချဖို့ ကြိုးစားနေတာဖြစ်မယ်”
“အိုး... ဘုရားရေ၊ ငါ သူ့အတွက် တကယ်ကို စိတ်မကောင်းဖြစ်မိတယ်”