အခန်း ၂၀၃
Vol. 17 Ch. 203
အခန်း။ ၂၀၃
ကျန်းထောင်သည် အမှန်တရားကို ထုတ်ဖော်ပြောဆိုရင်း စိတ်လှုပ်ရှားမှုများ တိုးပွားလာကာ အသံမှာ တုန်ယင်လာသည်။
"သူဌေးသားတွေက ဆင်းရဲတဲ့ ကျောင်းသားတွေအတွက် ရည်ရွယ်ထားတဲ့ ပညာသင်ဆုတွေကို ကြားကနေ လုယူသွားကြတယ်...
ပြီးတော့... ကျွန်တော့်ကိုကျတော့ ဒါတွေက ဖြစ်လေ့ဖြစ်ထရှိတာပဲ... တည်တည်ငြိမ်ငြိမ်ပဲ လက်ခံလိုက်ပါတဲ့..."
"ကျွန်တော် မေးချင်တာက... ဒီလိုမျိုး မတရားတဲ့အဖြစ်အပျက်ကို ကျွန်တော်က ဘယ်လိုလုပ်ပြီး တည်ငြိမ်စွာနဲ့ လက်ခံနိုင်ပါ့မလဲဗျာ..."
"ကျွန်တော် ပညာသင်ဆု မရတာက ကြီးမားတဲ့ ကိစ္စ မဟုတ်ပါဘူး...
ကျွန်တော် ဆင်းရဲပေမဲ့ အမြဲတမ်း အချိန်ပိုင်းအလုပ်တွေ လုပ်ပြီး ငွေရှာနေခဲ့တာပဲ...
ကျွန်တော့်မှာ ခွန်အားရှိတယ်... ဒုက္ခဆင်းရဲကိုလည်း မကြောက်ဘူး..."
"ဒါပေမဲ့... ကျွန်တော့်မှာ သူငယ်ချင်းတွေ၊ အတန်းဖော်တွေ အများကြီး ရှိသေးတယ်ဗျ...
သူတို့က တကယ် ဆင်းရဲတဲ့ ကျောင်းသားတွေပါ...
သူတို့မှာ ပိုက်ဆံမရှိဘူး...ပြီးတော့ ကျွန်တော့်လို အချိန်ပိုင်းအလုပ်တွေ အများကြီး လုပ်နိုင်လောက်တဲ့ အင်အားလည်း မရှိကြဘူး..."
"ဒါပေမဲ့... သူတို့ကလည်း ဆင်းရဲနွမ်းပါးသူများအတွက် ပညာသင်ဆုကို မရကြပြန်ဘူး..."
"ကျွန်တော် တရားမျှတမှုကိုပဲ လိုချင်တာပါ..."
"ပညာသင်ဆု တကယ် ရသင့်ရထိုက်တဲ့ အတန်းဖော်တွေကို တကယ် ရစေချင်တာပါ..."
"သူတို့ရဲ့ ပညာသင်ဆုနေရာတွေကို... သူဌေးသားတွေ၊ ချမ်းသာတဲ့သူတွေရဲ့ နာမည်တွေနဲ့ မတရား အစားထိုးတာမျိုးကို ကျွန်တော် လုံးဝ မလိုချင်ဘူး..."
"ဒါက တကယ့်ကို မတရားတာပဲဗျာ..."
"ကျွန်တော် ကျောင်းကို အစီရင်ခံတင်ပြခဲ့တယ်..."
"နောက်ဆုံး ဘာလမ်းမှမရှိတော့လို့ အွန်လိုင်းပေါ် ဗီဒီယို တင်ဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာပဲ... အတန်းပိုင်ဆရာနဲ့ အတိုင်ပင်ခံဆရာတို့က ကျွန်တော့်ကို ခေါ်ပြီး စကားပြောကြတယ်..."
"သူတို့က ဗီဒီယိုကို ချက်ချင်း ဖျက်ခိုင်းတယ်...
ကျွန်တော့်ကို ကောလာဟလ ဖြန့်နေတာပါလို့ စွပ်စွဲတယ်...
မဖျက်ရင်တော့ ကျောင်းကနေ အရေးယူမယ်ဆိုပြီး ခြိမ်းခြောက်ကြတယ်ဗျာ..."
"ကျွန်တော် တရားမျှတမှုကိုပဲ လိုချင်တာ... ဒါပေမဲ့ ကျွန်တော့်မှာ ဘာလမ်းမှ မရှိတော့ဘူး..."
"ကျွန်တော်... တကယ်ပဲ... ဘာလမ်းမှ မရှိတော့ဘူးဗျာ..."
"ကျွန်တော် စိတ်ပျက်လက်ပျက်နဲ့... ကိုယ့်မိသားစုဝင်တွေရဲ့ အကောင့်နဲ့ ဗီဒီယို တင်ဖို့၊ တခြား ကျောင်းသားတွေကို ဗီဒီယို ကူတင်ခိုင်းဖို့အထိတောင် စဉ်းစားခဲ့ဖူးတယ်..."
"ဒါပေမဲ့ ကျောင်းဘက်က ကျွန်တော့်ကို ခေါ်ယူ စစ်ဆေးမေးမြန်းနေတာကို လုံးဝ မရပ်ဘူး...
ကျွန်တော့် အိပ်ဆောင်ကိုတောင် အဓမ္မ ပြောင်းခိုင်းပြီးတော့... ဆရာနှစ်ယောက်နဲ့အတူ အခန်းထဲမှာ အတူတူ ထားပစ်လိုက်တယ်..."
"နေ့တိုင်း နေ့တိုင်း... အဲဒီဆရာနှစ်ယောက်က ကျွန်တော် ဘာလုပ်သလဲဆိုတာကို မျက်ခြေမပြတ် စောင့်ကြည့်နေတယ်...
ဖုန်းသုံးခွင့် မပေးဘူး... ဗီဒီယို တင်ဖို့ဆိုတာ ဝေးလို့... နေ့တိုင်း ကျွန်တော့်ကို ဖိအားပေးတဲ့ စကားပြောနေကြတယ်...
နေ့တိုင်း အဓိပ္ပာယ်မရှိတဲ့ စိတ်ပညာဆိုင်ရာ ဖျောင်းဖျမှုတွေ လုပ်နေကြတယ်..."
"တရားသူကြီးမင်းခင်ဗျား... ကျွန်တော့်ရဲ့ ထွက်ဆိုချက်ကတော့ ဒီမှာတင် ပြီးပါပြီ...
ဒါတွေအားလုံးဟာ ကျွန်တော် ကိုယ်တိုင်ကြုံခဲ့ရတဲ့... ဖြစ်ပျက်ခဲ့တဲ့ အမှန်တရားတွေချည်းပါပဲ..."
ကျန်းထောင်က မျက်ရည်ဝဲလျက် ဆို့နင့်စွာဖြင့် ထွက်ဆို လိုက်သည်။
ထို့နောက် တရားခွင်တစ်ခုလုံးကို ဝေ့ဝဲကြည့်ကာ ပြတ်သားပြီး နာကျင်လှသော လေသံဖြင့် ဆက်ပြောလိုက်သည်။
"ကျွန်တော် မေးပါရစေဦး...
ချမ်းသာပြီး အာဏာရှိတဲ့ သူဌေးသားတွေက... ဆင်းရဲနွမ်းပါးတဲ့ ကျောင်းသားတွေရဲ့ ပညာသင်ဆုကို ကြားကနေ လုယူပိုင်ခွင့်... တကယ်ပဲ ရှိကြလို့လားဗျာ..."
ဘယ်သူမှ မပြောရဲကြသော်လည်း ကျန်းထောင်ကတော့ မတ်တတ်ရပ်ခဲ့သည်။
ကျောင်းက ထုတ်ပစ်ခံရမည်ကို သိသော်လည်း သူ ရပ်တည်ခဲ့ရသည်။
သူသည် တရားမျှတမှုကို လိုလားနေခြင်းပင်။
တရားသူကြီးချုပ် ရှန်ကျားရွေက ကျန်းထောင်ကို ကြည့်ကာ "ခင်ဗျားပြောတဲ့ သူဌေးသားက ကျောက်ဝမ်ရွှမ်းပေါ့။ သူက ပထမတန်း ပညာသင်ဆုကို ရသွားတာ။ သူက သူဌေးသားဆိုတာ ခင်ဗျား ဘယ်လိုသိလဲ သူက ခင်ဗျားရဲ့ ဆင်းရဲသူ ပညာသင်ဆုကို လုယူသွားတယ်ဆိုတာ ဘယ်လိုသိလဲ" ဟု မေးသည်။
ကျန်းထောင်က "တရားသူကြီးမင်း ကျွန်တော် သိရုံတင်မကဘူး။ ကျွန်တော့် အတန်းဖော်တွေ အားလုံးကလည်း သိကြတယ်။ အတန်းထဲက လူတိုင်း သိကြပါတယ်"
"နေ့တိုင်း ကျောက်ဝမ်ရွှမ်းက အမှတ်တံဆိပ်ပါ အဝတ်အစားတွေ ဝတ်တယ်။ အရမ်း ရက်ရောတယ်။ သူ့မိသားစုမှာ အိမ်တွေ၊ တိုက်တွေ၊ ကားတွေ ဘယ်လောက် ပိုင်ဆိုင်ကြောင်း အမြဲ ကြွားလုံးထုတ်နေကျမို့ သူ ချမ်းသာတယ်ဆိုတာ လူတိုင်း သိတယ်"
"သူ့ရည်းစားကို လာတွေ့တုန်းက ဖာရာရီနဲ့ ပေါ်ရှာကားတွေနဲ့ လာတာ နှစ်ကြိမ်လောက် ရှိပြီ။ သူ ပိုက်ဆံရှိတာ လူတိုင်း သိတယ်"
"သူ မောင်းတဲ့ ကားတွေက တစ်သက်လုံး ရှာရင်တောင် ဝယ်နိုင်မှာ မဟုတ်တဲ့ ဇိမ်ခံကားတွေလေ"
"သူက သူ့အဖေက အရမ်းတော်ကြောင်း၊ ဆင်းရဲသူ ပညာသင်ဆု ရအောင် စီစဉ်ပေးခဲ့ကြောင်း ပြောပြခဲ့တယ်"
"သူ ပညာသင်ဆု ရတဲ့ ပိုက်ဆံတွေကို သူ့ရည်းစားအတွက် စိန်လက်စွပ် ဝယ်ပေးဖို့ သုံးမယ်လို့လည်း ပြောတယ်"
"သူ အမြဲတမ်း ကြွားလုံးထုတ်နေကျပဲ"
"ဆင်းရဲတဲ့ ကျောင်းသားတွေအတွက် ပိုက်ဆံတွေကို သူ ဘာလို့ ဇိမ်ခံဖို့ သုံးရမှာလဲ။ သူ ပိုက်ဆံ လိုနေလို့လား။ သူ့အဖေက အာဏာရှိလို့ တခြား ဆင်းရဲတဲ့ ကျောင်းသားတွေရဲ့ ပညာသင်ဆုကို လုယူပိုင်ခွင့် ရှိနေတာလား။ ပညာသင်ဆုတွေက ဆင်းရဲတဲ့ ကျောင်းသားတွေအတွက် မဟုတ်ဘူးလား"
ကျန်းထောင် စကားဆုံးသွားသည်။
ဂူချန်က ကျန်းထောင်ကို ဆက်မေးလိုက်သည်။
"ကျောက်ဝမ်ရွှမ်းက သူဌေးသားဆိုတာ အားလုံးသိကြတယ် ဟုတ်တယ်မလား။ ကျောင်းဘက်က ခင်ဗျားရဲ့ ဗီဒီယိုကို ဖျက်ပစ်တယ်၊ အကောင့်ကို ပိတ်ပင်တယ်၊ အိပ်ဆောင်ကိုတောင် ပြောင်းရွှေ့ခိုင်းတယ်ဆိုတော့... သူတို့ ခင်ဗျားကို ဘာတွေ ထပ်လုပ်ခဲ့သေးလဲ"
ကျန်းထောင်က "သူတို့က ကျွန်တော့်ကို နေ့တိုင်း စိတ်ပညာဆိုင်ရာ အကြံဉာဏ်တွေ ပေးနေတဲ့ ဆရာတွေကို စေလွှတ်ထားတယ်။ ဆရာနှစ်ယောက်က ကျွန်တော့်နဲ့အတူ အမြဲရှိနေပြီး တစ်ချိန်တုန်းကဆိုရင် ကျွန်တော့်ကို ဖုန်းတောင် သုံးခွင့်မပေးဘူး။ ဖုန်းကို လုံးဝ ကိုင်လို့မရခဲ့ဘူး။ အပြင်မှာ လူတစ်ယောက်ယောက်ကို သွားရှာချင်ရင်တောင်... အားလပ်ရက်မှပဲ အပြင်ထွက်ခွင့်ရတာ" ဟု ဖြေသည်။
ဂူချန်က "ဒါဆိုရင် အဲဒါက တရားမဝင် ထိန်းသိမ်းထားတာပဲ။ ခင်ဗျားကို အပြင်လောကနဲ့ အဆက်အသွယ်မရအောင် ဖုန်းသုံးခွင့် ပိတ်ပင်ထားတာ၊ ခင်ဗျားရဲ့ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကို ကန့်သတ်ထားတာပဲ မဟုတ်ဘူးလား။ အဲဒီ ဆရာနှစ်ယောက်ရဲ့ နာမည်က ဘယ်သူတွေလဲ" ဟု မေးသည်။
ကျန်းထောင်က "အဲဒီဆရာနှစ်ယောက်က ကျွန်တော့်ရဲ့ အတန်းပိုင်ဆရာနဲ့ အတိုင်ပင်ခံဆရာပါပဲ" ဟု ပြောလိုက်သည်။
ဂူချန် ဆက်မမေးရသေးခင်မှာပင် ကျန်းထောင်၏ အတန်းပိုင်ဆရာ ဂူလန်ပင်းက မနေနိုင်တော့ဘဲ ထပြောလိုက်သည်။
"တရားသူကြီးမင်း ကျန်းထောင် လျှောက်ပြောနေတာပါ။ သူက ဂုဏ်သိက္ခာညှိုးနွမ်းအောင် လုပ်နေတာ"
"ကျွန်တော် ကျန်းထောင်နဲ့ အတူရှိနေတာက သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို စိုးရိမ်လို့ပါ။ သူ ပြဿနာတက်နေမှာ စိုးတဲ့အတွက် နေ့တိုင်း စကားပြောပေးတာပါ။ ဒါကို တရားမဝင် ထိန်းသိမ်းတယ်လို့ ဘယ်လိုလုပ် ပြောနိုင်မှာလဲ။ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကို ကန့်သတ်တယ်။ ကျွန်တော်က ဘယ်လိုလုပ်ပြီး သူ့ရဲ့ လွတ်လပ်ခွင့်ကို ကန့်သတ်နိုင်မှာလဲ"
"ဖုန်းမသုံးဘဲနဲ့ အတန်းထဲ မသွားရဘူးလား ဖုန်းမကြည့်ဘဲ အိပ်ဆောင်မှာ စာမလုပ်ရဘူးလား ကျွန်တော်က သူ စာကောင်းကောင်းလုပ်နိုင်ဖို့နဲ့ မဟုတ်တရုတ် ကောလာဟလတွေ ထပ်မဖြန့်စေဖို့ ဖုန်းကို သိမ်းထားပေးတာပါ။ ကောလာဟလ ဖြန့်တာက ရာဇဝတ်မှု မြောက်တယ်လေ ကျန်းထောင်... ဆရာ ဒါလုပ်ပေးတာက မင်းအတွက်ပါ"
ဂူလန်ပင်းက အမြန်ချေပသည်။
သိုသော်လည်း သူ၏ စိတ်ထဲတွင်မူ……
"ဂူချန်က ဥပဒေကြောင်းအရ အချက်ကျကျ ထောက်ပြလိုက်တော့မှပဲ ဒါတွေက တရားမဝင် ထိန်းသိမ်းမှု၊ လွတ်လပ်ခွင့် ကန့်သတ်ချုပ်ချယ်မှုဆိုတဲ့ ကြီးလေးတဲ့ ပြစ်မှုတွေ ဖြစ်သွားတော့မှာလား..."
"တကယ်တော့... ငါလုပ်ခဲ့တာတွေက ကျန်းထောင်ကို မျက်ခြေမပြတ် စောင့်ကြည့်တာ၊ ဖုန်းသုံးခွင့် ပိတ်ပင်တာ၊ တခြားသူတွေနဲ့ အဆက်အသွယ် မလုပ်နိုင်အောင် ဖြတ်တောက်ပစ်တာရယ်... အတန်းထဲက ကျောင်းသားတွေကိုပါ ကျန်းထောင်ရဲ့ နောက်ကွယ်ကနေ ခြေရာခံ လိုက်ခိုင်းခဲ့တာတွေပဲ မဟုတ်ဘူးလား..."
ဂူချန်က "တရားသူကြီးမင်း ကျွန်တော် ကန့်ကွက်ပါတယ်။ တရားခံဘက်က ကျွန်တော့်အမှုသည်ရဲ့ ထွက်ဆိုချက်ကို မတရားဝင်ရောက် နှောင့်ယှက်နေပါတယ်" ဟု ပြောလိုက်သည်။
ဂူလန်ပင်း၏ မျက်နှာမှာ ချက်ချင်းပင် ဖြူလျော့သွားသည်။
တရားသူကြီးချုပ် ရှန်ကျားရွေက "ကန့်ကွက်ချက်ကို လက်ခံတယ်။ တရားခံကို သတိပေးချက် ထုတ်ပြန်လိုက်တယ်" ဟု ပြတ်သားစွာ မိန့်ကြားလိုက်သည်။
"ငါက ဖြစ်ကြောင်းကုန်စင်ကို ရိုးရိုးသားသား ရှင်းပြရုံ သက်သက်လေး လုပ်နေတာကိုတောင်မှ... ဒီလောက်အထိ ကန့်ကွက်ခံရဦးမှာလား..."
"တရားခံတစ်ယောက်အနေနဲ့ တရားခွင်ထဲမှာ ကိုယ့်ကိုကိုယ် ခုခံချေပခွင့်လေးတောင် မရှိတော့ဘူးလား..."
ဂူလန်ပင်းတစ်ယောက် ကြောင်အမ်းအမ်းဖြစ်သွားသည်။
"……."
သူ့အတွက်မူ ထိုအရာက ရှင်းပြချက်မျှသာဖြစ်သော်လည်း တရားသူကြီးချုပ်က သူ့ကို သတိပေးလိုက်ပြီဖြစ်သည်။
ဂူလန်ပင်း၏ ရင်ထဲတွင် စိုးရိမ်စိတ်တို့ တဖွားဖွားပေါ်လာသည်။
ဂူချန်ဆိုသူမှာ တကယ်ပင် ရင်ဆိုင်ရခက်လှသည့် ပြိုင်ဘက်ဖြစ်သည်။
စကားအနည်းငယ် ပြောလိုက်ရုံနှင့်ပင် တရားသူကြီး၏ သတိပေးချက်ကို ခံလိုက်ရပြီဖြစ်သည်။
ဂူလန်ပင်းမှာ မျက်နှာပျက်လျက် ကျန်းထောင်ကိုသာ ငေးကြည့်နေတော့သည်။
သူ နောက်ထပ် စကားတစ်ခွန်းမျှပင် ထွက်မလာဝံ့တော့ပေ။
ဂူချန်က ကျန်းထောင်ကို ဆက်မေးသည်။
"ဂူလန်ပင်းက ခင်ဗျားကို အိပ်ဆောင်မှာ စောင့်ကြည့်ပြီး ဖုန်းသုံးခွင့် ပိတ်ပင်ထားတာလား"
ကျန်းထောင်က "ဟုတ်ပါတယ်။ ကျွန်တော့်ရဲ့ သူငယ်ချင်းတွေ၊ အတန်းဖော်တွေ ကျွန်တော့်ဆီ အဆက်အသွယ် လုပ်လို့မရသလို ကျွန်တော်လည်း တခြားကျောင်းသားတွေကို ဆက်သွယ်ခွင့် မရှိခဲ့ပါဘူး" ဟု ဖြေသည်။
ဂူချန်က မေးခွန်းကို ဆက်မေးပြန်သည်။
"အတန်းတက်တဲ့အခါမှာကော။ ခင်ဗျား အတန်းထဲမှာ လွတ်လပ်ခွင့် ရှိရဲ့လား"
ကျန်းထောင်က "မရှိပါဘူး။ အတန်းတက်တဲ့အခါတိုင်း တူညီတဲ့ အဓိကဘာသာရပ်က ကျောင်းသား လေးယောက်က ကျွန်တော့်ကို အနီးကပ် လိုက်ပါစောင့်ရှောက်ပါတယ်။ ဖုန်းသုံးခွင့် မပေးသလို၊ တခြားသူတွေနဲ့ စကားပြောခွင့်လည်း မပေးပါဘူး။ အိမ်သာသွားတဲ့အချိန်အထိ နောက်ကနေ လိုက်လာကြတယ်။ ကျွန်တော် အရမ်းကို ဖိအားပေးခံထားရလို့ ဘာမှ လုပ်လို့မရခဲ့ပါဘူး။ အားလပ်ရက်အရှည်ကြီး မရှိခဲ့ဘူးဆိုရင်... ဘာတွေ ဖြစ်လာမလဲဆိုတာ ကျွန်တော် မတွေးရဲဘူး။ နေ့တိုင်း ကျွန်တော် အရမ်းကို နာကျင်စွာနဲ့ ဖြတ်သန်းခဲ့ရတာပါ" ဟု ပြောပြသည်။