← Chapters

အခန်း ၂၀၄

Vol. 17 Ch. 204

အခန်း ၂၀၄

Vol. 17 Ch. 204

အခန်း။ ၂၀၄

တိုက်ရိုက်ထုတ်လွှင့်မှုရှိ ပရိသတ်များမှာ သည်းမခံနိုင်တော့ဘဲ မှတ်ချက်များဖြင့် တရစပ် တိုက်စစ်ဆင်နေကြသည်။

[စောက်ကျိုးနည်း ဒါ တက္ကသိုလ် ဟုတ်သေးရဲ့လား။ ထောင်ထဲ ရောက်နေသလိုပဲ] [တကယ်ကို ရွံဖို့ကောင်းတယ်။ ကျန်းထောင်နေရာမှာသာ ငါရှိရင် ရူးသွားလောက်ပြီ]

[ဖုန်းလည်း သုံးခွင့်မပေး၊ လူတွေနဲ့လည်း တွေ့ခွင့်မပေးဘူးလား ဒါက လွတ်လပ်ခွင့် ကန့်သတ်တာလေ။ တရားမဝင် ထိန်းသိမ်းထားတာပဲ]

[ဒါက ဥပဒေနဲ့ မညီဘူး လုံးဝ မညီဘူး]

[ဒီအတန်းပိုင်ဆရာ ဂူလန်ပင်းကို အရင်ဆုံး ထောင်ထဲပို့လိုက် သူက တကယ်ကို ရွံစရာကောင်းတယ်]

ပရိသတ်များ၏ ဒေါသသံများဖြင့် ပြည့်နှက်နေချိန်တွင် ဂူချန်က စာရွက်စာတမ်းများကို ထုတ်ယူလိုက်ပြီး

"တရားသူကြီးမင်း... ကျွန်တော် တင်ပြချင်တာ ရှိပါတယ်..."

"ကျန်းထောင်ရဲ့ ပညာသင်ဆုကို သူဌေးသား ကျောက်ဝမ်ရွှမ်းက လုယူသွားခဲ့သလို တခြား တကယ် ဆင်းရဲနွမ်းပါးတဲ့ ကျောင်းသားတွေလည်း ပညာသင်ဆု လုံးဝ မရရှိခဲ့ကြပါဘူး...

ရန်ချန်းတက္ကသိုလ်က ပညာသင်ဆုနေရာတွေကို သူတို့စိတ်ကြိုက် ပြောင်းလဲပစ်ခဲ့တာဖြစ်ပြီး... ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၄၃ အရ အများပြည်သူဆိုင်ရာ တာဝန်ရှိသူတွေက အာဏာကို အလွဲသုံးစားလုပ်ပြီး နိုင်ငံတော်အကျိုးစီးပွားကို ထိခိုက်စေမယ်ဆိုရင်... ထောင်ဒဏ် ၃ နှစ်ကနေ ၇ နှစ်အထိ ချမှတ်နိုင်ပါတယ်..."

"ပညာသင်ဆု လုယူခံရတာကို သိပြီးတဲ့နောက် ကျန်းထောင်က အတန်းပိုင်ဆရာ ဂူလန်ပင်းနဲ့ အတိုင်ပင်ခံဆရာ ကျိုးခိုင်တို့ဆီကို သွားရောက်အကူအညီတောင်းခဲ့ပေမဲ့... သူတို့က ကိစ္စကို မျက်ကွယ်ပြုခဲ့ကြရုံတင်မကဘဲ... အမှန်တရားကို တမင်ဖုံးကွယ်ထားတဲ့ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာအတုကိုပါ ထုတ်ပြန်ခဲ့ကြတာပါ..."

"ဒါတင်မကသေးပါဘူး တရားသူကြီးမင်း... ဂူလန်ပင်းနဲ့ ကျိုးခိုင်တို့က ကျန်းထောင်ရဲ့ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်နဲ့ လုံခြုံမှုကို ပိတ်ပင်ကန့်သတ်ခဲ့ပြီး တရားမဝင် ဖမ်းဆီးထိန်းသိမ်းတာ၊ တခြားကျောင်းသားတွေကို ခိုင်းစေပြီး နောက်ယောင်ခံစောင့်ကြည့်တာမျိုးတွေနဲ့ လွတ်လပ်ခွင့်ကို ညှဉ်းပန်းနှိပ်စက်ခဲ့ကြပါတယ်..."

"ကျွန်တော်တို့ရဲ့ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၃၈ အရ... တရားမဝင် ထိန်းသိမ်းတာ ဒါမှမဟုတ် အခြားနည်းလမ်းတွေနဲ့ တစ်ပါးသူရဲ့ လွတ်လပ်ခွင့်ကို မတရားသဖြင့် နစ်နာအောင် လုပ်မယ်ဆိုရင်... ထောင်ဒဏ် ၃ နှစ်ထက်မပိုတဲ့ ပြစ်ဒဏ် ဒါမှမဟုတ် ရာဇဝတ်မှုဆိုင်ရာ ထိန်းသိမ်းခြင်းတွေ ချမှတ်ရမှာပါ..."

"ဒါကြောင့်... ကျွန်တော်တို့ဘက်က ဂူလန်ပင်းနဲ့ ကျိုးခိုင်တို့ကို ထောင်ဒဏ် ၇ နှစ်စီ တိတိကျကျ ချမှတ်ပေးဖို့ တောင်းဆိုပါတယ်..."

ဂူချန်က လက်ထဲက စာရွက်စာတမ်းတွေကို စားပွဲပေါ် ဖြန်းခနဲ ချလိုက်ပြီး တည်ငြိမ်စွာ ဝင်ထိုင်လိုက်သည်။

ဂူလန်ပင်းမှာမူ "အယ်…." ဟုသာ တွေးမိလျက် ကြောင်တောင်တောင် ဖြစ်သွားသည်။

အိမ်တွင် လွှင့်နေသည်ကို ကြည့်နေသော ကျိုးခိုင်မှာလည်း "…."

တရားခွင်သို့ပင် မရောက်သေးဘဲ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရတော့မည့်အရေးကို ကြုံလိုက်ရသဖြင့် သူတို့မှာ အံ့အားသင့်သွားကြသည်။

ဤအချိန်တွင် တရားခံဘက်မှ ရှေ့နေ ယန်ရှောင်ဒုန်းက စပြောလိုက်သည်။

"တရားသူကြီးမင်း... တစ်ဖက်ဆန့်ကျင်ဘက် ရှေ့နေရဲ့ တင်ပြချက်တွေက လုံးဝကို အဓိပ္ပာယ်မရှိသလို... ဘာသက်သေအထောက်အထားမှလည်း မရှိပါဘူး..."

"ကျွန်တော်တို့ဘက်က ရှင်းရှင်းလင်းလင်း တင်ပြခဲ့ပြီးပါပြီ...

ကျန်းထောင်က အွန်လိုင်းပေါ်မှာ ကောလာဟလတွေ လျှောက်ဖြန့်နေတဲ့အတွက် အတန်းပိုင်ဆရာနဲ့ အတိုင်ပင်ခံဆရာတို့က ကျောင်းသားဖြစ်သူ လမ်းမှားရောက်ပြီး အရေးယူမခံရစေဖို့ စေတနာရှေ့ထားပြီး စိတ်ပိုင်းဆိုင်ရာ အကြံဉာဏ်ပေးခဲ့တာပါ...

ကျန်းထောင်ရဲ့ မိုက်ရူးရဲဆန်တဲ့ အပြုအမူတွေကြောင့်... နောက်ကြောင်းပြန်လှည့်လို့ မရတော့တဲ့ အမှားမျိုး မကျူးလွန်မိအောင် ကာကွယ်ပေးခဲ့တာပါ..."

"ဒါကြောင့်... ဒါက စိတ်ပိုင်းဆိုင်ရာ အကြံဉာဏ်ပေးခြင်းသာဖြစ်ပြီး... တရားမဝင် ထိန်းသိမ်းထားပါတယ်ဆိုတာကတော့ လုံးဝ အဓိပ္ပာယ်မဲ့တဲ့ စွပ်စွဲချက်ပါ...

တရားမဝင် ထိန်းသိမ်းထားတယ်ဆိုတာကို သက်သေပြနိုင်မယ့် အထောက်အထားကော ရှေ့နေဂူချန်မှာ ရှိလို့လား...

ကျန်းထောင်ရဲ့ လွတ်လပ်ခွင့်ကို ကန့်သတ်ခဲ့ပါတယ်ဆိုတဲ့ ကျောင်းသားလေးယောက်ကော ဘယ်သူတွေလဲ... သက်သေပြစမ်းပါ..."

"ပြီးတော့... ကျောင်းတစ်ကျောင်းလုံးရဲ့ လုပ်ငန်းတာဝန်တွေက အရမ်းများပြားတဲ့အတွက်... ပညာသင်ဆု ကိစ္စမှာ အမှားအယွင်း အနည်းငယ် ရှိနိုင်တာဟာ လူ့သဘာဝပါပဲ...

ကျောင်းဆိုတာ စက်ယန္တရားကြီး မဟုတ်တဲ့အတွက် အချိန်တိုင်း ပြီးပြည့်စုံနေဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး...

အမှားရှိရင်လည်း ကျောင်းရဲ့ တရားဝင် လမ်းကြောင်းကနေတစ်ဆင့် အယူခံဝင်လို့ ရသားပဲဟာ..."

"ကျောင်းရဲ့ သေချာစုံစမ်းစစ်ဆေးမှုအရ... ကျန်းထောင်က အမှန်တကယ် ဆင်းရဲနွမ်းပါးတဲ့သူ မဟုတ်တဲ့အတွက်... သူ ပညာသင်ဆု မရတာဟာ လုံးဝ ပုံမှန်ပါပဲ...

ဆင်းရဲနွမ်းပါးသူ စာရွက်စာတမ်း သက်သေခံ အထောက်အထား ရှိနေရုံနဲ့တင် မပြီးသေးပါဘူး...

ကျောက်ဝမ်ရွှမ်းက ပညာသင်ဆု လုယူသွားတယ်ဆိုတာလည်း လုံးဝကို အခြေအမြစ်မရှိတဲ့ စွပ်စွဲချက် သက်သက်ပါ..."

"အခုဆိုရင် ကျန်းထောင်က ကျောင်းတော်ကြီးကိုပါ မလေးမစားနဲ့ တရားစွဲဆိုတဲ့အထိ ရဲတင်းလာပြီ...

လူတွေကို ပညာပေးရမယ့် ကျောင်းတော်ကြီးမှာ... ဒီလိုကျောင်းသားမျိုး ထွက်ပေါ်လာတာက... ကျောင်းရဲ့ အကြီးမားဆုံး ကျရှုံးမှုပဲလို့ ကျွန်တော် ပြောချင်ပါတယ်..."

တိုက်ရိုက်ထုတ်လွှင့်မှုရှိ ပရိသတ်များမှာ ယန်ရှောင်ဒုန်း၏ ခုခံချေပချက်ကို ကြားရပြီးနောက် ကျောချမ်းသွားကြသည်။

ဤသူမှာ တကယ့်ကို ဝါရင့်ပါမောက္ခဖြစ်ပြီး ထိပ်တန်းရှေ့နေပီပီ တိကျပြတ်သားစွာ ခုခံနိုင်လွန်းသည်။ သာမန်ရှေ့နေများထက် အဆပေါင်းများစွာ သာလွန်နေသည်။

[ဒီလူက တကယ်ပဲ ပါမောက္ခ ဟုတ်ရဲ့လား]

တရားခွင်အတွင်း အခြေအနေမှာ ပိုမိုတင်းမာလာပြီး ပြင်ပမှ စောင့်ကြည့်နေသူများ၊ ဥပဒေပညာရှင်များကြားတွင် ဂူချန် ရှုံးနိမ့်တော့မည်ဟူသော အသံများ ကျယ်လောင်လာသည်။

အင်တာနက်ပေါ်တွင် လူအများက ဂူချန်၏ အခြေအနေကို စိုးရိမ်တကြီး ဝေဖန်နေကြသည်။

[ဂူချန် ဒီအမှုကို အနိုင်ရဖို့ မသေချာဘူး။ ကျောင်းသားနဲ့ ကျောင်းဆိုတာက ပင်ကိုအရ ကျောင်းသားက အားနည်းနေတာ။ အခုပြိုင်ဘက်ကလည်း အသက် ၅၀ ကျော် ဝါရင့်ပါမောက္ခဆိုတော့ အင်မတန် အစွမ်းထက်တယ်]

[ဥပဒေမဲ့မိုက်ရူးရဲဂူချန်တောင် ဒီတစ်ခါတော့ ရှုံးတော့မယ် ထင်တယ်]

[ကျန်းထောင်ကို တရားမဝင် ထိန်းသိမ်းထားတယ်ဆိုပေမဲ့ သက်သေအထောက်အထားမှ မရှိတာ။ ကျောင်းဘက်က စောင့်ကြည့်ကင်မရာ မှတ်တမ်းတွေကို ဘယ်ပေးမလဲ။ သက်သေမပါဘဲနဲ့တော့ ဘယ်လိုမှ လုပ်လို့မရဘူး]

[ဂူချန်က နတ်ဘုရားမှ မဟုတ်တာ အမှုတိုင်း အနိုင်ရနေဖို့မှ မဖြစ်နိုင်တာ]

ဖန်တဥပဒေရုံးမှ ကောင်းရုန်သည်လည်း အလုပ်ပြီးချိန်တွင် စိတ်မသက်မသာဖြင့် စောင့်ကြည့်နေသည်။ ကျောင်းနှင့် တရားစွဲဆိုရသည့် အမှုမျိုးတွင် ကျောင်းသားဘက်မှ အထောက်အထား ရှာဖွေရသည်မှာ အလွန်ပင် ခက်ခဲလှသည်။

နောက်ထပ် တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုတွင် ကျောက်ဖန်ဂန်းကလည်း သူ၏ အမြင်ကို ထုတ်ဖော်၍ ပြောလိုက်သည်။

"ဂူချန် ဒီအမှုကို ရှုံးတော့မှာပါ။ ကျောင်းဘက်က အခုလို ယုံကြည်မှုရှိနေတာက သူတို့မှာ အချက်အလက်နဲ့ အထောက်အထား အပြည့်အစုံ ရှိနေလို့ပဲ။ ကျန်းထောင်က ဆင်းရဲနွမ်းပါးသူ စံနှုန်းနဲ့ မကိုက်ညီဘူးဆိုတာ သူတို့ သက်သေပြနိုင်လိမ့်မယ်"

"ဒီအမှုမှာ ကျန်းထောင် ရှုံးလိမ့်မယ်။ ပြီးရင် ဂူချန်ကိုယ်တိုင် ဂုဏ်သိက္ခာညှိုးနွမ်းစေမှုနဲ့ ထောင်ကျသွားလိမ့်မယ်။ ဂူချန်က စိတ်ခံစားချက်ကို ဦးစားပေးလွန်းတယ်။ ဥပဒေမဲ့မိုက်ရူးရဲဖြစ်နေပေမဲ့ ဥပဒေကိုတော့ လေးစားရမယ်။ တရားစွဲတိုင်း အနိုင်ရပြီး လူတိုင်းကို ထောင်ထဲ ပို့နိုင်မယ်လို့ ထင်နေတာကတော့ မှားယွင်းတဲ့ တွေးခေါ်မှုပဲ။ အတန်းပိုင်ဆရာနဲ့ အတိုင်ပင်ခံကို ချက်ချင်း ထောင်ချမယ်ဆိုပြီး စိတ်ကြီးဝင်နေတဲ့ သူ့ရဲ့ လုပ်ရပ်က အခုတော့ သူ့အတွက်ပဲ အန္တရာယ် ဖြစ်လာလိမ့်မယ်"

ကျောက်ဖန်ဂန်း၏ သုံးသပ်ချက်မှာ ပြတ်သားသည်။

သူသည် ဂူချန်အပေါ် ဘယ်သောအခါကမှ ယုံကြည်မှု မထားခဲ့ပေ။

သို့သော်လည်း ရွှယ်ချင်းချင်းကမူ ဂူချန်၏ ဘေးနားမှ မခွာဘဲ စိတ်အားထက်သန်စွာ ဆက်လက် လိုက်ပါနေဆဲပင်။

"ဂူချန်က ဘာများ ထူးခြားလို့လဲ"

"သူ အမှုလိုက်ခဲ့တာ ၁၀ မှုတောင် မပြည့်သေးဘူး။ ဥပဒေရုံးတစ်ခု ဖွင့်ထားရုံနဲ့တင် သူက တကယ့်ကို အထင်ကြီးစရာ ကောင်းနေလို့လား"

"ဒီအမှုကိုကြည့်လေ အရှုံးနဲ့သာ အဆုံးသတ်တော့မယ့် ပုံစံမဟုတ်ဘူးလား"

"ဒီအမှုကိုသာ ရှုံးသွားရင် ဂူချန်ရဲ့ လူကြိုက်များမှုနဲ့ ဂုဏ်သတင်းတွေက အောက်ခြေအထိ ရောက်သွားလိမ့်မယ်။ ဂူချန်သာ ဥပဒေကို ချိုးဖောက်ပြီး ထောင်ကျသွားရင် ရွှယ်ချင်းချင်းတောင် သူ့ဘေးမှာ ဆက်နေမှာ မဟုတ်တော့ဘူး"

...

ဂူချန်က မတ်တတ်ရပ်ကာ ခပ်အေးအေးပင် ပြောလိုက်သည်။

"ကျွန်တော် တရားခံဘက်က ရှေ့နေကို မေးခွန်းထုတ်ချင်ပါတယ်။ ပညာသင်ဆုနဲ့ ပတ်သက်ပြီး ကျောင်းဘက်က အမှားအယွင်း အနည်းငယ် ဖြစ်တတ်တာက ပုံမှန်ပဲလို့ ခင်ဗျား ပြောသွားတယ်။

ဒါဆို ကျွန်တော် မေးပါရစေ ကျန်းထောင်ရဲ့ မိသားစု အခြေအနေကို လူတိုင်း သိကြပါတယ်။ မိဘနှစ်ပါးစလုံး ကွယ်လွန်ပြီး အဘိုးတစ်ယောက်တည်းပဲ ကျန်ရစ်ခဲ့တဲ့သူ။ ကျောင်းလခတောင် မနည်းရှာဖွေနေရတဲ့အပြင် ရွာကော်မတီရဲ့ ဆင်းရဲနွမ်းပါးကြောင်း ထောက်ခံစာလည်း ပါဝင်ပါတယ်"

"ဒီအခြေအနေမျိုးနဲ့ ကျန်းထောင်ကို တတိယတန်း ပညာသင်ဆုလောက်ပဲ ပေးလိုက်တာက ပုံမှန်လို့ ခင်ဗျား ပြောချင်တာလား။ သူ့ရဲ့ တင်ပြချက်တွေအရဆိုရင် ပထမတန်း ပညာသင်ဆု ရရှိသင့်သူပါ။ ကျောင်းထဲမှာ သူ့ထက် ပိုဆင်းရဲတဲ့သူတွေ ရှိနေသေးလို့လား"

"အဆုံးမှာတော့ ကျန်းထောင်က ပညာသင်ဆု မရခဲ့ဘူး။ တစ်ဖက်မှာလည်း အားလုံးအသိဖြစ်တဲ့ သူဌေးသားက ပညာသင်ဆု ရသွားတယ်။ ဒါကိုပဲ ကျောင်းဘက်က မတော်တဆ အမှားအယွင်းလို့ ခင်ဗျား ခြုံငုံပြောနေမှာလား"

ဂူချန်၏ စကားသံများ ထွက်ပေါ်လာသည်နှင့် တရားခွင်အတွင်းရော တိုက်ရိုက်ထုတ်လွှင့်မှုတွင် စောင့်ကြည့်နေသူများပါ အားပေးသံများ မြည်ဟီးလာသည်။

မိဘမဲ့ ကျန်းထောင်နှင့် ဖာရာရီ၊ ပေါ်ရှာကားများ မောင်းနှင်နေသည့် သူဌေးသားများ၏ ပညာသင်ဆုကိစ္စတွင် မည်သူက ပို၍ ထိုက်တန်သည်ဆိုသည်မှာ ထင်ရှားနေသည်။

All Chapters