← Chapters

အခန်း ၃၈၁

Vol. 39 Ch. 381

အခန်း ၃၈၁

Vol. 39 Ch. 381

အခန်း (၃၈၁)

ဝန်ကြီးချုပ် မိန်းစနာက စကားပြန် တစ်ယောက် ခေါ်လာခဲ့ပေမဲ့ သူ့ရဲ့ အင်္ဂလိပ်စာက တော်တော်လေး ကောင်းမွန်လွန်းလို့ တကယ်တော့ စကားပြန် မလိုသလောက်ပါပဲ။

ဒါပေမဲ့ ကျွန်တော် အံ့သြသွားတာက အယ်လီက သူ့ကို ဂျာမန်လို နှုတ်ဆက်လိုက်တာပါ။

ကျွန်တော် နည်းနည်း အံ့သြသွားတယ်။

“အို။ နင်က ဂျာမန်လိုလည်း တတ်တာလား”

“အခြေခံ စကားပြောလောက်ပဲ တတ်တာပါ။ ကောလိပ်တုန်းက ဂျာမန်သူငယ်ချင်းတစ်ယောက် ရှိလို့ နည်းနည်း တတ်သွားတာ”

“ယောကျာ်းလေးလား”

အယ်လီက ကျွန်တော့်နံဘေးကို ခပ်ဖွဖွ တွန်းလိုက်ပြီး တိုးတိုးလေး ပြောတယ်။

“ဒါက အဓိပ္ပာယ်မရှိတာတွေ ပြောရမယ့် အချိန်နဲ့ နေရာ မဟုတ်ဘူးနော်”

“……”

သူက ဖြေလိုက်လည်း ရတာကို။ ဘာလို့ ရိုးရိုးမပြောနိုင်ရတာလဲ။ ကျွန်တော် ဝန်ကြီးချုပ် မိန်းစနာနဲ့ သောက်ရင်းသောက်ရင်း စကားစမြည် ပြောဖြစ်ခဲ့တယ်။

“ကျွန်တော် ဝန်ကြီးချုပ်ကို တကယ် လေးစားပါတယ်ခင်ဗျာ။ အခုလို တွေ့ရတာ တကယ့်ကို ဂုဏ်ယူမိပါတယ်”

သူက ပြုံးလိုက်တယ်။

“ကျွန်မလည်း စီအီးအို ကန်ဂျင်ဟူ အကြောင်း အများကြီး ကြားဖူးပါတယ်၊ တကယ့်ကို ထူးခြားပြောင်မြောက်တဲ့ အရာတွေကို လုပ်ဆောင်နိုင်ခဲ့တာပဲနော်”

“ကျွန်တော်က ပိုက်ဆံရဖို့ပဲ ကြိုးစားခဲ့တာပါ”

“တကယ်လို့ ပိုက်ဆံရဖို့သက်သက်ပဲ ကြိုးစားခဲ့တာသာ အမှန်ဆိုရင် Big One ကနေ ဖြစ်လာမယ့် ပျက်စီးဆုံးရှုံးမှုတွေကို တားဆီးဖို့ ရှင့်မှာရှိသမျှ အရာအားလုံးကို ရင်းပြီး စွန့်စားမှာ မဟုတ်ဘူးလေ”

ဝန်ကြီးချုပ် မိန်းစနာက ပြုံးနေပေမဲ့ ကျွန်တော့်ကို ကြည့်တဲ့ သူ့ရဲ့အကြည့်က ရှုပ်ထွေးနေပုံရပါတယ်။ Brexit ကိစ္စကြောင့် ထင်တယ်။

Brexit က အီးယူ စတင်တည်ထောင်ချိန်ကစလို့ အဆိုးရွားဆုံး ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့တာပါ။ အဲဒါက ကျွန်တော့်ကြောင့် ဖြစ်ခဲ့တာ မဟုတ်ပေမဲ့ အဲဒီအခွင့်အရေးကို အရယူပြီး အမြတ်အစွန်း အများကြီးကို သိမ်းကျုံးယူခဲ့တာတော့ အမှန်ပဲလေ။

ပြီးတော့ ဂျာမနီက မော်တော်ကားလုပ်ငန်းမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်နေတဲ့ နိုင်ငံဖြစ်ပါတယ်။ Mercedes-Benz၊ BMW၊ Audi၊ Volkswagon၊ Porsche၊ MAN စတာတွေပေါ့။ သူတို့က ကိုယ်ပိုင်အမှတ်တံဆိပ်တွေကို တည်ဆောက်ထားရုံတင် မဟုတ်ဘဲ Mini၊ Bentley၊ Rolls-Royceနဲ့ Lamborghiniလို ကုမ္ပဏီတွေကိုပါ ဝယ်ယူပြီး လက်အောက်ခံ ကုမ္ပဏီတွေအဖြစ် လုပ်ဆောင်ထားတာပါ။

ကိုရီးယားနဲ့ ဂျပန်တို့ကလည်း မော်တော်ကားအင်အားကြီးနိုင်ငံတွေ ဖြစ်ပေမဲ့ ဒေါ်လာ ၁၀၀,၀၀၀ ကျော်တန်တဲ့ ဇိမ်ခံကားဈေးကွက်မှာတော့ ဂျာမနီရဲ့ ဈေးကွက်ဝေစုက လွှမ်းမိုးထားပါတယ်။

"ကားလို့ ပြောရင် ဂျာမန်ကားကိုပဲ ပြေးမြင်ကြတယ်" လို့ လူတွေပြောတာ အလကား မဟုတ်ပါဘူး။

ကျွန်တော် ကိုယ်တိုင်လည်း Mercedesတစ်စီး မောင်းဖို့ အိပ်မက်မက်ခဲ့ဖူးတဲ့ အချိန်ရှိခဲ့ဖူးတယ်။ ကျောင်းတုန်းက စီနီယာ ကီဟုမ်က သူ့အဖေကားကြီး မောင်းလာတုန်းက ဓာတ်ပုံရိုက်ဖို့အတွက်တင် အဲဒီကားရဲ့ စတီယာရင်နောက်မှာ စိတ်လှုပ်ရှားစွာ ထိုင်ခဲ့ဖူးတာကို မှတ်မိနေသေးတယ်။

အဲဒီတုန်းက ကျွန်တော့်လို လူတစ်ယောက်က ကားကုမ္ပဏီတစ်ခုကို ပိုင်ဆိုင်ရလိမ့်မယ်လို့ လုံးဝကိုမထင်ထားမိတာ အမှန်ပါ။

CarOS နဲ့ ပူးပေါင်းခဲ့တဲ့ အမေရိကန်နဲ့ ကိုရီးယား ကုမ္ပဏီတွေနဲ့ မတူတာက ဂျာမန်ကားထုတ်လုပ်သူတွေက ဂျပန်ကားထုတ်လုပ်သူတွေလိုပဲ ကိုယ်ပိုင် သီးခြားထုတ်လုပ်မှုကို လုပ်ဆောင်ခဲ့ကြတယ်။

ဒါပေမဲ့ အနာဂတ် သွားလာလှုပ်ရှားမှု ကဏ္ဍမှာ CarOS နဲ့ ကွာဟချက်က သိသိသာသာ ကြီးမားလာနေတာလေ။ တကယ်လို့ ဒီအတိုင်းသာ ဆက်သွားရင် မော်တော်ကားကဏ္ဍရဲ့ လွှမ်းမိုးမှုက အမေရိကန်ဆီ ရောက်သွားနိုင်တယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေက သိသိသာသာ ရှိနေတာပါ။

ကျွန်တော်က ဂျာမန်ကားထုတ်လုပ်သူတွေအတွက် ပြိုင်ဘက် ဒါမှမဟုတ် မိတ်ဖက် ဖြစ်လာနိုင်တာမလို့ ကားလုပ်ငန်းတစ်ခုလုံးက ကျွန်တော့်ရဲ့ ခရီးစဉ်ကို အနီးကပ် စောင့်ကြည့်နေကြတယ်။

ကျွန်တော် ဝန်ကြီးချုပ် မိန်းစနာနဲ့ စကားပြောနေတုန်း လူအုပ်ကြားထဲမှာ တိုးတိုးတိုးတိုး အသံတွေ ထွက်လာခဲ့တယ်။ ကျွန်တော် ဝင်ပေါက်ဘက်ကို ကြည့်လိုက်တော့ အနောက်တိုင်းဝတ်စုံပြည့်ဝတ်ထားတဲ့ လူဖြူအမျိုးသားတစ်ယောက် လမ်းလျှောက်ဝင်လာတာကို မြင်လိုက်ရတယ်။

အဲ့ဒီလူက ဆီဘက်ရှီယန် ဘလန်ဆိုတဲ့ ပြင်သစ်သမ္မတပါ။

သူဟာ အခု အသက် လေးဆယ်အစောပိုင်းအရွယ် ရောက်နေပြီဖြစ်ပြီး နဖူးက ဆံစပ်က နည်းနည်း ပြောင်နေပေမဲ့ ရုပ်ရှင်မင်းသားတစ်ယောက်လို ခန့်ညားတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားပါတယ်။

သတင်းတွေထဲမှာ ခဏခဏ မြင်ဖူးနေကျ မျက်နှာပါ။ သူက မျှော်လင့်ထားတာထက် စောပြီး ရောက်လာခဲ့တယ်။ မူလက မနက်ဖြန်မှ လာဖို့ စီစဉ်ထားတာ ဖြစ်ပေမဲ့ ပြင်သစ်ဘက်က သူ့ကို ဒီနေ့ပဲ လာဖို့ အကြံပြုခဲ့တယ်လို့ ကြားတယ်။

အယ်လီက ကျွန်တော့်ကို တိုးတိုးလေး ပြောတယ်။

“ပြင်သစ်က ဂျာမနီ ကြီးပွား တိုးတက်နေတာကို ဒီအတိုင်း ထိုင်ကြည့်နေမှာ မဟုတ်ဘူးလေ”

အီးယူရဲ့ ထီးရိပ်အောက်မှာ အတူတူ ရှိနေကြပေမဲ့ နိုင်ငံတိုင်းမှာ ကိုယ်ပိုင် အကျိုးစီးပွားတွေ ရှိကြတာလေ။

သူက ဝန်ကြီးချုပ် မိန်းစနာနဲ့ အရင်ဆုံး နှုတ်ဆက်လိုက်တယ်။ ခေါင်းဆောင်နှစ်ယောက်က သူငယ်ချင်းဟောင်းတွေလို ရင်းနှီးပုံရပါတယ်။

အိမ်နီးနားချင်းနိုင်ငံတွေက များသောအားဖြင့် အဆင်မပြေကြပါဘူး။ ဥပမာပြောရရင် ထိုင်းနဲ့ ဗီယက်နမ်၊ အိုင်ယာလန်နဲ့ အင်္ဂလန်၊ ဘရာဇီးနဲ့ အာဂျင်တီးနားတို့ပေါ့။

မူလက ဥရောပတိုက်မကြီးရဲ့ လွှမ်းမိုးမှုအရှိဆုံး အင်အားစုက ဂျာမနီ မဟုတ်ဘဲ ပြင်သစ် ဖြစ်ခဲ့တာပါ။ အဲဒီနောက် ဂျာမနီက တဟုန်ထိုး တက်လာပြီး နောက်ဆုံးမှာ ကမ္ဘာစစ်နှစ်ကြိမ် ဖြစ်ပွားရတဲ့အထိ ဖြစ်လာခဲ့တယ်။

ပဋိပက္ခတွေ အများကြီး ရှိခဲ့တဲ့ သမိုင်းကြောင်းကြောင့် ဂျာမနီနဲ့ ပြင်သစ်က ကိုရီးယားနဲ့ ဂျပန်လိုပဲ ပြိုင်ဘက်တွေအဖြစ် လူသိများပါတယ်။ ဒါပေမဲ့ အခုတော့ သူတို့က အီးယူဆိုတဲ့ ကြီးမားတဲ့ အသိုက်အဝန်းကို ဦးဆောင်ဖို့ လက်တွဲခဲ့ကြပါပြီ။ (ယူကေကလည်း တစ်ချိန်က အီးယူထဲမှာ ပါဝင်ခဲ့ပေမဲ့ သူတို့က အီးယူကနေ ထွက်ဖို့ပဲ ဆုံးဖြတ်ခဲ့ကြတယ်)

ပြင်သစ်ရဲ့ ကုန်ထုတ်လုပ်မှုက ဂျာမနီထက် နည်းနည်း နောက်ကျနေတာ အမှန်ပါပဲ။ ဒါပေမဲ့ အနီးကပ် ကြည့်မယ်ဆိုရင် ပြင်သစ်ကလည်း ကုန်ထုတ်လုပ်မှု အင်အားကြီးနိုင်ငံ ဖြစ်ပါတယ်။

သူတို့မှာ Renault နဲ့ Peugeot ဆိုတဲ့ အဓိက ကားကုမ္ပဏီကြီး နှစ်ခု ရှိပါတယ်။ (အရည်အသွေးက ဂျာမန်ကားတွေလောက် မမီဘူးပေါ့)။ ပြီးတော့ Airbus က ဦးဆောင်တဲ့ ဥရောပရဲ့ အကြီးဆုံး အာကာသနဲ့ လေကြောင်းလုပ်ငန်းကိုလည်း ပိုင်ဆိုင်ထားတယ်။

ပြီးတော့ သူတို့ အားသာတဲ့ နောက်ထပ် ကဏ္ဍတစ်ခုကတော့ စွမ်းအင်ပါပဲ။

ပြင်သစ်ရဲ့ EDF က ရုရှားရဲ့ Rosatom နဲ့ ယှဉ်နိုင်တဲ့ ကြီးမားပြီး အထင်ကြီးစရာကောင်းတဲ့ ကုမ္ပဏီတစ်ခုပါ။ ပြင်သစ်မှာတင် မကဘဲ ဥရောပတစ်ခွင်လုံးရဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ၂၀ ရာခိုင်နှုန်းကျော်ကို တာဝန်ယူထားတာပါ။

တစ်ခုရှိတာက ပြင်သစ်ရဲ့ လျှပ်စစ်ထုတ်လုပ်မှု ၈၀ ရာခိုင်နှုန်းက နျူကလီးယား ဓာတ်အားပေးစက်ရုံတွေအပေါ် မှီခိုနေတာပါ။ နျူကလီးယားစွမ်းအင် ဒါမှမဟုတ် ဆက်စပ်နည်းပညာတွေနဲ့ ပတ်သက်လာရင် ပြင်သစ်က ဘယ်သူ့ကိုမှ မရှုံးပါဘူး။

ပြင်သစ်ရဲ့ နျူကလီးယားနည်းပညာက အဆင့်မြင့်တယ်ဆိုတာ ပြောနေစရာ မလိုသလို၊ လျှပ်စစ်ထုတ်လုပ်တာ၊ စီမံခန့်ခွဲတာနဲ့ ပို့လွှတ်တာ အပါအဝင် လျှပ်စစ်နဲ့ ပတ်သက်တဲ့ ကဏ္ဍအားလုံးမှာ မြင့်မားတဲ့ နည်းပညာစွမ်းရည်တွေကို ပိုင်ဆိုင်ထားပါတယ်။

ဒါတွေအပြင် ဖက်ရှင်နဲ့ အဝတ်အထည်တွေပိုင်းကိုလည်း ထည့်ပြောနေစရာတောင် လိုမယ်မထင်ပါဘူး။ ဇိမ်ခံပစ္စည်းတွေလို့ တွေးလိုက်တာနဲ့ ပြင်သစ်နဲ့ အီတလီကို ချက်ချင်း ပြေးမြင်ကြတာပဲ မဟုတ်လား။

လူဦးရေနည်းတဲ့ နိုင်ငံတစ်ခုက ဘဏ္ဍာရေး ဒါမှမဟုတ် IT လို လုပ်ငန်းတစ်ခု၊ နှစ်ခုမှာ တိုးတက်ရုံနဲ့ တစ်ဦးချင်း GDP ဒေါ်လာ ၃၀,၀၀၀ ကျော်ကို ကျော်လွန်နိုင်ပါတယ်။ ဒါပေမဲ့ လူဦးရေ သန်း ၅၀ ကျော်သွားပြီဆိုရင်တော့ နိုင်ငံတစ်ခုက ကဏ္ဍအားလုံးမှာ ကောင်းကောင်း စွမ်းဆောင်နိုင်ဖို့လိုပါတယ်။

ပြင်သစ်မှာ ကြီးမားစွာ ဖွံ့ဖြိုးတိုးတက်လာတဲ့ စက်မှုလုပ်ငန်း အခြေခံအုတ်မြစ် ရှိပြီး ပြစ်သစ်က ဂျာမနီပြီးရင် အီးယူမှာ ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံ ဖြစ်ပါတယ်။

ဒါ့အပြင် ပြင်သစ်မှာ ဂျာမနီမှာ မရှိတဲ့ အပိုင်ပစ္စည်း နှစ်ခု ရှိပါတယ်။ အဲဒါတွေကတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်နေရာနဲ့ နျူကလီးယားလက်နက်တွေပါပဲ။ ဒါကြောင့် နိုင်ငံရေး၊ သံတမန်ရေးနဲ့ စစ်ရေးအင်အား အရ ကြည့်ရင် ဥရောပရဲ့ အင်အားအကောင်းဆုံး နိုင်ငံလို့ ယူဆလို့ရပါတယ်။

ကျွန်တော် သမ္မတ ဘလန်နဲ့ နှုတ်ဆက်လိုက်တယ်။

“ပထမဆုံးအကြိမ် ဆုံရတာ ဝမ်းသာပါတယ်” လို့ ကျွန်တော် အင်္ဂလိပ်လို ပြောလိုက်တော့ သူကလည်း အင်္ဂလိပ်လိုပဲ ကျွမ်းကျွမ်းကျင်ကျင် ပြန်ဖြေတယ်။

“တွေ့ရတာ ဝမ်းသာပါတယ်။ စီအီးအို ကန်ဂျင်ဟူ။ တီဗီမှာ မြင်ရတာထက် အပြင်မှာ ပိုပြီး ခန့်ညားတာပဲ”

အယ်လီကလည်း နှုတ်ဆက်လိုက်တယ်။

“မင်္ဂလာပါ၊ ကျွန်မ အယ်လီကင်ပါ”

“ဝိုး။ ကောလာဟလတွေ ကြားဖူးပေမဲ့ တကယ်ကို ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ အလှတရားနဲ့ပြည့်စုံတာပဲ”

“ချီးမွမ်းပေးတာ ကျေးဇူးတင်ပါတယ်”

“ဟားဟား။ နင် မော်ဒယ်အဖြစ် ပါဝင်ခဲ့တဲ့ ဗီဒီယိုကို ငါ တော်တော် သဘောကျခဲ့တာ”

စကားပြောနေတုန်း အယ်လီကို ခပ်ပေါ့ပေါ့လေး ထိတွေ့တတ်တဲ့ သူ့ရဲ့ အမူအရာက ကျွန်တော့်ကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့တယ်။ ဒါက ကျွန်တော် ကြားဖူးတဲ့ နာမည်ကြီး 'ပြင်သစ်တွေရဲ့လက်သရမ်းမှု' ဆိုတာလား။

ပြင်သစ်နိုင်ငံရဲ့ သမိုင်းတစ်လျှောက် အငယ်ဆုံးသမ္မတအနေနဲ့ သူက အစပိုင်းမှာ ငယ်ရွယ်ပြီး အရည်အချင်းရှိတဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ ပုံရိပ်ကို ခိုင်ခိုင်မာမာ ပြသနိုင်ခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ပြည်သူတွေရဲ့ သူ့အပေါ် အမြင်က ပြောင်းလဲသွားခဲ့တယ်။

တကယ်တော့ ပြင်သစ်ရဲ့ လက်ရှိစီးပွားရေး အခြေအနေက လုံးဝမကောင်းပါဘူး။

ကုန်ထုတ်လုပ်မှု ကျဆင်းလာတာနဲ့အမျှ ကုမ္ပဏီတွေက ရင်းနှီးမြှုပ်နှံမှုတွေကို လျှော့ချနေကြတာပါ။ စက်ရုံအသစ်တွေ မတည်ဆောက်နိုင်တာကြောင့် အလုပ်အကိုင် ဖန်တီးမှုတွေ ရပ်တန့်နေပြီး အလုပ်သမားတွေရဲ့ အခြေအနေနဲ့ လူမှုဖူလုံရေးက တဖြည်းဖြည်း ဆိုးရွားလာခဲ့တယ်။

ဒါပေမဲ့ ဒီလို အခြေအနေကြားထဲမှာပဲ သမ္မတ ဘလန်က ရင်းနှီးမြှုပ်နှံမှုကို လှုံ့ဆော်ပေးမယ်ဆိုပြီး အမြတ်ခွန်တွေကို လျှော့ချပစ်မယ်လို့ ကြေညာခဲ့ပြီး တစ်ချိန်ထဲမှာပဲ စက်သုံးဆီခွန်ကို ၁၀ ရာခိုင်နှုန်းကျော် တိုးမြှင့်မယ်လို့ ထုတ်ပြန်ခဲ့တယ်။

ဓာတ်ဆီနဲ့ ဒီဇယ်အပေါ် ကောက်ခံတဲ့ စက်သုံးဆီခွန်က တစ်ချိန်က ချမ်းသာတဲ့သူတွေပဲ ပေးရတဲ့ အခွန်လို့ ယူဆခဲ့ကြတာပါ။ ဘာလို့လဲဆိုတော့ ချမ်းသာမှု မရှိတဲ့သူတွေက အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးကို အားကိုးကြပြီး သူဌေးတွေက ကားအင်ဂျင်အကြီးကြီးတွေ မောင်းကြလို့ပါပဲ။

ဒါပေမဲ့ အဲဒါတွေက အတိတ်ကကိစ္စတွေလေ။ အခုခေတ်မှာ ကားအသစ်ကြီးတွေက ကားအဟောင်းလေးတွေထက် ဆီစား ပိုသက်သာတတ်ကြပါတယ်။

ဒါ့အပြင် ချမ်းသာတဲ့သူတွေက မြို့လယ်ခေါင်မှာ နေထိုင်ကြလေ့ရှိပြီး ကားသုံးဖို့ မလိုသလောက်ပါပဲ။ သာမန်လူတွေကတော့ မြို့ပြရဲ့ မြင့်မားတဲ့ အိမ်ငှားခတွေကို မတတ်နိုင်လို့ မြို့ပြင်တွေကို တွန်းထုတ်ခံရပြီး ကားမရှိရင် မဖြစ်တဲ့ ဘဝတွေ ရောက်နေကြရတာပါ။

ရလဒ်အနေနဲ့ စက်သုံးဆီခွန်က ဝင်ငွေနည်းတဲ့သူတွေကို ပိုပြီး ထိခိုက်စေတဲ့ အခွန်တစ်ခု ဖြစ်လာခဲ့တယ်။

ပြင်သစ်အစိုးရက လူတွေကို ဆီစားသက်သာတဲ့ကား ဒါမှမဟုတ် လျှပ်စစ်ကားတွေ ပြောင်းသုံးဖို့ အကြံပြုခဲ့ပေမဲ့ ဆီစားသက်သာတဲ့ကားတွေကို ဝယ်ဖို့တတ်နိုင်ရင် လူတွေက တတ်နိုင်မယ်ဆိုရင် လူတွေက စက်သုံးဆီခွန် တိုးမြှင့်တာကို ဆန္ဒပြနေကြမှာမဟုတ်ဘူးလေ။

နောက်ဆုံးမှာ အလုပ်သမားတွေရဲ့ စိတ်ပျက်ဒေါသတွေ ပေါက်ကွဲထွက်သွားပြီး ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစလို့ ပြင်သစ်တစ်ဝှမ်းမှာ ပြင်းထန်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့တယ်။ စက်သုံးဆီခွန် တိုးမြှင့်မှုက အလုပ်သမားတွေရဲ့ ရင်ထဲမှာ စုပြုံနေတဲ့ မကျေနပ်မှုတွေကို မီးရှို့လိုက်တဲ့ မီးပွားပါပဲ။

မီဒီယာတွေက ကိုရီးယား အလုပ်သမားသမဂ္ဂတွေရဲ့ အကြမ်းဖက်မှုကို ခဏခဏ ဝေဖန်တတ်ကြပေမဲ့ ပြင်သစ်အလုပ်သမားတွေ ဆန္ဒပြတာကို ကြည့်ရင်တော့ ပြည်တွင်းစစ် အဆင့်လောက်ကို ရှိတာပါ။

နောက်ဆုံးမှာ သမ္မတ ဘလန်က စက်သုံးဆီခွန် တိုးမြှင့်မှုကို ဖျက်သိမ်းမယ်လို့ ကြေညာပြီး အခြေအနေကို ထိန်းသိမ်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆန္ဒပြပွဲတွေနဲ့ သူ့ကို ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုမှုတွေက ဆက်ရှိနေခဲ့တယ်။

ကျွန်တော့်အပြင် ခေါင်းဆောင်နှစ်ယောက်က တခြား ကိုရီးယား စီးပွားရေးသမားတွေနဲ့လည်း နှုတ်ဆက်ခဲ့ကြတယ်။

လူတိုင်းက လေယာဉ်စီးရလို့ ခရီးပန်းနေတာတွေ မပြေကြသေးတာကြောင့် ဟိုတယ်မှာ ကျင်းပတဲ့ ညစာစားပွဲက မြန်မြန်ဆန်ဆန်ပဲ ပြီးဆုံးသွားခဲ့တယ်။

လူတိုင်း သိသိသာသာ ပင်ပန်းနေကြပေမဲ့ နားဖို့ အချိန်မရှိခဲ့ပါဘူး။ အကြီးစား လုပ်ငန်းစုတွေနဲ့ အလတ်စားလုပ်ငန်းတွေက ကိုယ်စားလှယ်တွေ၊ လုပ်ငန်းအဖွဲ့တွေက တစ်နေရာထဲမှာ စုဝေးပြီး အစည်းအဝေးတွေကို ညဉ့်နက်တဲ့အထိ ဆက်လုပ်ခဲ့ကြတယ်။

“အခြေအနေ ကြည့်ရသလောက် လွယ်မှာ မဟုတ်ဘူး”

“ကျွန်တော်တို့ဘက်က ပိုပြီး အလျင်လိုနေတဲ့ အခြေအနေဆိုတာ သူတို့ သိနေကြတော့ ညှိနှိုင်းတဲ့နေရာမှာ အောက်ဘက်က ရောက်နေတယ်”

“ဂျာမန်တွေနဲ့ လက်တွဲရတာ ဘယ်တော့မှ မလွယ်ကူခဲ့ဘူး”

တကယ်လို့ ကိုရီးယားနဲ့ ဂျပန်တို့ ကုန်သွယ်ရေး အငြင်းပွားမှု ဖြစ်ပွားခဲ့ရင် ဂျာမနီနဲ့ ပြင်သစ်လို နိုင်ငံတွေက ဘယ်သူ့ဘက်က ရပ်တည်ပေးမလဲ။ အဖြေကတော့ ဘယ်သူ့ဘက်မှ ရပ်တည်မှာ မဟုတ်ဘူးဆိုတာပါပဲ။

ပြီးတော့ အဲဒီအငြင်းပွားကြားထဲကနေ သူတို့က နှစ်ဦးနှစ်ဖက်စလုံးကနေ ရနိုင်မယ့် အကျိုးအမြတ်တွေကိုပဲ အလုပ်ရှုပ်ခံပြီး ရှာဖွေကြမှာပါ။

ကျွန်တော်တို့ သူတို့ဆီ လာခဲ့ရတဲ့ အချက်ကိုယ်တိုင်က ကျွန်တော်တို့ရဲ့ မသာယာတဲ့ အခြေအနေကို ဖော်ပြနေတာပဲလေ။

အင်း၊ ဒါက ကျွန်တော် မျှော်လင့်ထားတဲ့အတိုင်းပါပဲ။

လက်တွေ့ကျကျ ပြောရရင် ဂျပန်နိုင်ငံကနေ တင်သွင်းနေတဲ့ ကုန်ကြမ်းတွေနဲ့ အစိတ်အပိုင်းတွေ အားလုံးကို တခြားနေရာက အရင်းအမြစ်တွေနဲ့ အစားထိုးဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ကိုရီးယားကုမ္ပဏီတွေက သူတို့ရဲ့ အဓိကကုန်ကြမ်းတွေနဲ့ အစိတ်အပိုင်းတွေရဲ့ ၁၀ ရာခိုင်နှုန်းလောက်ကိုပဲ တခြား ပေးသွင်းသူတွေဆီကနေ ရယူနိုင်မယ်ဆိုရင်တော့ ဂျပန်အပေါ် ကျွန်တော်တို့ရဲ့ ကုန်သွယ်မှု မှီခိုနေရတာက သိသိသာသာ လျော့ကျသွားမှာပါ။

ဒါက ဒုံဒေမွန်ဈေးမှာ အဝတ်အစား ဝယ်သလိုမျိုး တစ်ကြိမ်ထဲ တစ်ခါထဲ အပြီးအပြတ်ဝယ်လို့ရတဲ့အရာမျိုး မဟုတ်ဘူး။ စာချုပ်ချုပ်ပြီဆိုရင် ပုံမှန်အားဖြင့် အနည်းဆုံး တစ်နှစ်လောက် ကြာတတ်တာပါ။

တကယ်လို့ ကိုရီးယားကုမ္ပဏီတွေက ဂျပန်က ကုန်ကြမ်းပေးသွင်းသူတွေအစား တခြားနိုင်ငံက ကုန်ကြမ်းပေးသွင်းသူတွေကို ပြောင်းလဲလိုက်ရင် ဂျပန်ဘက်က ပိတ်ဆို့အရေးယူမှုတွေကို နောက်ပိုင်းမှာ ပြန်လည်ရုပ်သိမ်းသွားရင်တောင် ဂျပန်ကုမ္ပဏီတွေရဲ့ ကုန်ကြမ်းပစ္စည်းတွေကို အချိန်အတန်ကြာအောင် အသုံးပြုနိုင်မှာ မဟုတ်တော့ပါဘူး။

“ဂျပန်နိုင်ငံရေးသမားတွေက ဒီပိတ်ဆို့အရေးယူမှုတွေကို သူတို့သဘောအတိုင်း အဓိပ္ပာယ်မရှိ လုပ်ခဲ့တာမလို့ ပိတ်ဆို့အရေးယူမှုက သူတို့ကို ထိခိုက်စေတယ်ဆိုတာ သိသွားတာနဲ့ သူတို့ဘာသာ ပြန်ရုပ်သိမ်းကြလိမ့်မယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က တခြား ပေးသွင်းသူတွေကို ရှာဖွေပြီး ကျွန်တော်တို့ရဲ့ စျေးဆွေးနွေးနိုင်စွမ်းကို မြှင့်တင်ဖို့ပဲ”

ကျွန်တော် လုပ်ငန်းအဖွဲ့ကို လှည့်ကြည့်ပြီး ပြောလိုက်တယ်။

“ဒီဆွေးနွေးပွဲရဲ့ သော့ချက်က ကျွန်တော်တို့ လက်ထဲမှာ ရှိတာပါ။ သူတို့လက်ထဲမှာ ရှိတာ မဟုတ်ဘူး။ ဒါကြောင့် အဆင်မပြေတဲ့ သဘောတူညီချက်တစ်ခုကိုတောင် လက်မခံဘူးဆိုတဲ့ စိတ်ဓာတ်နဲ့ ရှေ့ဆက်သွားကြပါ”

CarOS က ဒီထရိုက် ကွန်ဗင်းရှင်းစင်တာမှာ ကားအသစ်တစ်စီးကို မိတ်ဆက်ဖို့ ပြင်ဆင်နေခဲ့တယ်။ အတိအကျ ထုတ်မပြောထားပေမဲ့ အဲဒါ ဘယ်လိုကားမျိုး ဖြစ်မလဲဆိုတာ လူတိုင်း ကောင်းကောင်း သိနေကြပါတယ်။

အလိုအလျောက် မောင်းနှင်နိုင်တဲ့ လျှပ်စစ်ထရပ်ကားပေါ့။

CarOS အပြင် တခြား ကားထုတ်လုပ်သူ အားလုံးနီးပါးက လျှပ်စစ်ကားတွေကို ထုတ်လုပ်နေကြတာပါ။ ဒါပေမဲ့ စီးပွားရေးလုပ်ငန်းသုံး ယာဉ်တွေဖြစ်တဲ့ လျှပ်စစ်ထရပ်ကားတွေကတော့ စိန်ခေါ်မှု အသစ်တွေကို ဖြစ်ပေါ်စေခဲ့တယ်။

Nikolaက မူလက သူတို့ရဲ့ လျှပ်စစ်ထရပ်ကား ဖြစ်တဲ့ Colon ကို ဒီနှစ်မှာ မိတ်ဆက်ဖို့ စီစဉ်ထားခဲ့တာပါ။ ဒါပေမဲ့ ပြင်းထန်တဲ့ ဘဏ္ဍာရေး အကြပ်အတည်းကြောင့် ထုတ်လုပ်မှုက လုံးဝကို ရပ်တန့်သွားခဲ့ပြီး Nikolaရဲ့ထုတ်လုပ်ရေးအဖွဲ့ရဲ့ လုပ်ငန်းအစိတ်အပိုင်းအတော်များများ ထွက်ခွာသွားခဲ့ကြတယ်။

ဒါရီလ်က ကားထုတ်လုပ်ရေးကို အရှိန်မြှင့်ဖို့ Nikolaကနေ ပါရမီရှင်တွေကို ခေါ်ယူခဲ့တယ်။ Concept ကားကိုတောင် ပြသခဲ့ပြီးပြီတို့၊ အစုလိုက်အပြုံလိုက် ထုတ်လုပ်ဖို့ နီးကပ်နေပြီတို့ဆိုတဲ့ ကောလာဟလတွေက ပျံ့နှံ့နေခဲ့တာပါ။

အဲဒီနောက် ရုတ်တရက် မိတ်ဆက်မယ့်ရက်ကို မူလသတ်မှတ်ထားတာထက် ၁၀ ရက်လောက် စောပြီး ရွှေ့ဆိုင်းလိုက်တယ်။

တချို့ မီဒီယာတွေက ဒီလှုပ်ရှားမှုက စီအီးအို ကန်ဂျင်ဟူရဲ့ ဂျာမနီခရီးစဉ်နဲ့ ဆက်စပ်နေနိုင်တယ်လို့ သုံးသပ်ခဲ့ကြတယ်။

ဘာပဲဖြစ်ဖြစ် မီဒီယာတွေနဲ့ ပြည်သူတွေ စုဝေးနေကြတုန်း CarOS ရဲ့ စီအီးအို ဒါရီလ်က စင်ပေါ်ကို တက်လာခဲ့တယ်။ အမြဲတမ်းလိုပဲ ပင်ပန်းနွမ်းနယ်နေပုံရတဲ့ သူက တည်ငြိမ်တဲ့ အသံနဲ့ ပြောလိုက်တယ်။

“ဒီနေ့ ကျွန်တော် မိတ်ဆက်ပေးမယ့် ယာဉ်ကတော့ CarOS ရဲ့ လျှပ်စစ်ထရပ်ကား ဖြစ်တဲ့ ADT1 ပါ”

CarOS က လျှပ်စစ်ထရပ်ကားတွေကို အစုလိုက်အပြုံလိုက် ထုတ်လုပ်ဖို့ အစီအစဉ်တွေကို ယခင်က ကြေညာခဲ့ဖူးပြီး ရှိပြီးသား အွန်ဆောင်း ထရပ်ကားတွေကို အလိုအလျောက်မောင်းနှင်မှု စနစ်တွေ တပ်ဆင်ကာ အတန်းလိုက် မောင်းနှင်ခြင်းကို ပြသခဲ့ဖူးပါတယ်။ အခုအချိန်မှာတောင် အတန်းလိုက် မောင်းနှင်နေတဲ့ သယ်ယူပို့ဆောင်ရေး ထရပ်ကားတွေက အမေရိကန်တစ်ဝှမ်းမှာ ဖြတ်သန်းမောင်းနှင်နေကြတုန်းပါ။

အရှေ့ဆုံးက ကားကလွဲလို့ နောက်က လိုက်ပါလာတဲ့ ထရပ်ကားတွေက လူမပါဘဲ မောင်းနှင်တာမလို့ ကြီးမားတဲ့ ဘေးကင်းလုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေ ရှိခဲ့ပေမဲ့ အခုအချိန်အထိ မတော်တဆမှုတစ်ခုလေးတောင် မဖြစ်ပွားခဲ့ပါဘူး။

အဲဒီနောက်မှာတော့ လိုက်ကာ ပွင့်သွားပြီး ADT1 ကို ပြသခဲ့တယ်။ လေလှိုင်းခုခံမှုကို လျှော့ချဖို့ အကောင်းဆုံး ဒီဇိုင်းဆွဲထားတဲ့ ထရပ်ကားရဲ့ ပုံစံက အမြန်ရထားတစ်စီးကို ပြေးမြင်စေပါတယ်။

လျှပ်စစ်ထရပ်ကားတွေ ထုတ်လုပ်ရာမှာ အကြီးမားဆုံး စိန်ခေါ်မှုက ဘတ္ထရီပါပဲ။ သာမန် ဒီဇယ်ထရပ်ကားတွေရဲ့ ဆီစားသက်သာမှုက ခရီးသည်တင်ကားတွေရဲ့ ၂၀ ရာခိုင်နှုန်းလောက်ပဲ ရှိတာမလို့ လျှပ်စစ်ထရပ်ကားတွေက လျှပ်စစ်ကားတွေထက် အဆပေါင်းများစွာ ကြီးမားတဲ့ ဘတ္ထရီတွေ လိုအပ်ပါတယ်။

ဘတ္ထရီပမာဏကို ရိုးရိုးရှင်းရှင်းပဲ တိုးမြှင့်လိုက်လို့ ရတယ်လို့ ထင်စရာရှိပေမဲ့ ပမာဏကို တိုးမြှင့်လိုက်တဲ့အခါ အပူထွက်တာကို စီမံခန့်ခွဲဖို့နဲ့ တည်ငြိမ်မှုကို သေချာစေဖို့က မလွယ်ကူပါဘူး။

ပိုပြီး ကြီးမားတဲ့ ပြဿနာကတော့ ဘတ္ထရီပမာဏ ကြီးမားလာတာနဲ့အမျှ အားသွင်းချိန် ပိုကြာလာတာပါပဲ။

သယ်ယူပို့ဆောင်ရေး လုပ်ငန်းမှာ အချိန်က ပိုက်ဆံပါ။ ကုန်ပစ္စည်းတွေကို အချိန်မီ ပို့ဆောင်ဖို့ အလျင်လိုနေတဲ့အချိန်မှာ အားသွင်းဖို့အတွက် တစ်နာရီ ဒါမှမဟုတ် အဲဒီထက်မက ရပ်နားထားရမှာက လုံးဝအဆင်မပြေပါဘူး။

တခြား ကားကုမ္ပဏီတွေကလည်း ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းအမျိုးမျိုးကို ရှာဖွေခဲ့ကြတယ်။

လျှပ်စစ်ကေဘယ်ရထားတွေလိုမျိုး ကားအပေါ်ကနေ လျှပ်စစ်လိုင်းတွေနဲ့ ချိတ်ဆက်တဲ့ နည်းလမ်း ဒါမှမဟုတ် ကြိုးမဲ့အားသွင်းဖို့အတွက် လမ်းအောက်မှာ လျှပ်စစ်ကွိုင်တွေ မြှုပ်နှံထားတဲ့ နည်းလမ်းတွေကိုတောင် ဆွေးနွေးခဲ့ကြတာပါ။ တချို့နိုင်ငံတွေက ထရပ်ကား အသွားအလာများတဲ့ အဝေးပြေးလမ်းတွေမှာ အဲဒီစနစ်တွေကို စမ်းသပ်ခဲ့ကြတယ်။ ဒါပေမဲ့ ဒီနည်းလမ်းတွေက လမ်းအခြေခံအဆောက်အဦးတွေကို ပြုပြင်မွမ်းမံဖို့ လိုအပ်တာမလို့ ကနဦး ကုန်ကျစရိတ်တွေ မြင့်မားစေပါတယ်။

CarOS သုတေသနအဖွဲ့နဲ့ ပါမောက္ခ ကင်ဟိုမင်တို့က မတူညီတဲ့ ဖြေရှင်းချက်တစ်ခုကို တင်ပြခဲ့ကြတယ်။

အဲ့ဒီဖြေရှင်းချက်ကတော့ ကုန်ဆုံးသွားတဲ့ ဘတ္ထရီကို အားအပြည့်သွင်းထားတဲ့ ဘတ္ထရီနဲ့ လုံးဝ လဲလှယ်ပေးမယ့် ဘတ္ထရီလဲလှယ်ရေး စနစ်ပါ။

ဒါရီလ်က ဗီဒီယိုတစ်ခုကို ပြသခဲ့တယ်။ ဗီဒီယိုထဲမှာက လျှပ်စစ်ထရပ်ကားတစ်စီးဟာ စခန်းတစ်ခုထဲကို မောင်းနှင် ဝင်ရောက်သွားပြီး စက်ပစ္စည်းတစ်ခုက ကားအောက်ခြေကနေ ကုန်ဆုံးနေတဲ့ ဘတ္ထရီကို အလိုအလျောက် ဖယ်ရှားလိုက်ပြီး အားအပြည့်သွင်းထားတဲ့ ဘတ္ထရီတစ်ခုကို ထည့်သွင်းပေးလိုက်ပါတယ်။

“ADT1 ဘတ္ထရီကို လဲလှယ်ဖို့ လိုအပ်တဲ့အချိန်က ၂ မိနစ်တိတိပဲ ကြာပါတယ်”

ဒါက လူတိုင်း စဉ်းစားမိနိုင်တဲ့ ရိုးရှင်းတဲ့ အယူအဆတစ်ခုလို ထင်ရပေမဲ့ လက်တွေ့ အကောင်အထည်ဖော်ဖို့ကတော့ လုံးဝမလွယ်ကူပါဘူး။ ဒါပေမဲ့ ပါမောက္ခ ကင်ဟိုမင်က ခက်ခဲတဲ့ဒီအရာကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့တယ်။ သူက အပူထွက်ရှိမှုကို လျှော့ချပြီး ဘေးကင်းမှုကို သေချာစေတဲ့အပြင် ပမာဏမြင့်မားတဲ့ လဲလှယ်နိုင်သော ဘတ္ထရီကို တီထွင်အောင်မြင်ခဲ့တာပါ။

ဒီနည်းလမ်းကို အသုံးပြုခြင်းက တခြား ပြဿနာတစ်ခုဖြစ်တဲ့ လျှပ်စစ်ကားတွေရဲ့ မြင့်မားတဲ့ ကုန်ကျစရိတ်ကိုလည်း သဘာဝကျကျ ဖြေရှင်းပေးနိုင်ခဲ့တယ်။ ဘတ္ထရီပမာဏ ပိုကြီးမားတာကြောင့် လျှပ်စစ်သယ်ယူပို့ဆောင်ရေး ထရပ်ကားတွေက ပုံမှန်အားဖြင့် ခရီးသည်တင်ကားတွေထက် အဆပေါင်းများစွာ ပိုပြီး ဈေးကြီးတတ်ကြပါတယ်။

ကျွမ်းကျင်သူတွေက အနည်းဆုံး ဒေါ်လာ ၂၅၀,၀၀၀ လောက် ကျသင့်လိမ့်မယ်လို့ ခန့်မှန်းခဲ့ကြတာပါ။

ဒါပေမဲ့ အဲဒီနောက်မှာ ကြေညာခဲ့တဲ့ ဈေးနှုန်းကတော့ တကယ့်ကို တုန်လှုပ်စရာပါပဲ။ ADT1 ရဲ့ ဈေးနှုန်းက ဒေါ်လာ ၁၅၀,၀၀၀ ဖြစ်နေခဲ့တာလေ။ ဒါက လက်ရှိ ရှိနေတဲ့ ဒီဇယ်ထရပ်ကားတွေရဲ့ ဈေးနှုန်းနဲ့ တူတူပါပဲ။

အမျိုးမျိုးသော အလိုအလျောက် မောင်းနှင်မှု နည်းပညာတွေနဲ့ ဘေးကင်းလုံခြုံရေးဆိုင်ရာ အင်္ဂါရပ်တွေ တပ်ဆင်ထားတာကို ထည့်တွက်ရင်တောင် အခုလို ဈေးနှုန်းမျိုး ရရှိဖို့က မဖြစ်နိုင်ဘူးလို့ ထင်ရပါတယ်။

All Chapters