အခန်း ၃၈၂
Vol. 39 Ch. 382
အခန်း (၃၈၂)
ဒါရီလ်ရဲ့ ကြေညာချက်က တကယ့်ကို တုန်လှုပ်စရာကောင်းတဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်ခဲ့တယ်။
အခုအချိန်မှာတောင် လျှပ်စစ်ကားတစ်စီးရဲ့ ဘတ္ထရီတန်ဖိုးက ကားတစ်စီးလုံးစာ ဈေးနှုန်းနဲ့ မတိမ်းမယိမ်း ဖြစ်နေတုန်းလေ။ ဒါဆို ဘတ္ထရီအရွယ်အစားက အဆပေါင်းများစွာ ပိုကြီးတဲ့ ကုန်စည်ပို့ဆောင်ရေး ထရပ်ကားတွေဆိုရင် ဘယ်လောက်တောင် ဖြစ်လောက်မလဲ။
ဒါကြောင့် သူတို့က ထရပ်ကားကိုပဲ ရောင်းပြီး ဘတ္ထရီကိုတော့ လစဉ်ကြေးနဲ့ ငှားရမ်းတဲ့ စနစ်တစ်ခုကို တီထွင်ခဲ့ကြတာပါ။
ဒီနည်းလမ်းက သုံးစွဲသူတွေအတွက် ကနဦးကုန်ကျစရိတ်ကို သိသိသာသာ လျှော့ချပေးနိုင်သလို ကုမ္ပဏီအတွက်လည်း လစဉ် ပုံမှန်ဝင်ငွေ ရရှိစေမှာ ဖြစ်ပါတယ်။
“နောက် ၁၀ နှစ်အတွင်း လမ်းမတွေပေါ်က ကုန်စည်ပို့ဆောင်ရေး ထရပ်ကားတွေရဲ့ ၈၀ ရာခိုင်နှုန်းကို အလိုအလျောက် မောင်းနှင်စနစ်သုံး လျှပ်စစ်ထရပ်ကားတွေနဲ့ အစားထိုးသွားမှာ ဖြစ်ပါတယ်”
သာမန်အိမ်ထောင်စုတွေ သုံးတဲ့ လူစီးကားတွေဆိုရင် တစ်နေ့ကို မောင်းနှင်ချိန်က တစ်နာရီ၊ နှစ်နာရီလောက်ပဲ ရှိပြီး တစ်နှစ်လုံး မောင်းနှင်ခရီးမိုင်ကလည်း အလွန်ဆုံး ကီလိုမီတာ ၂၀,၀၀၀ ဝန်းကျင်ပဲ ရှိတတ်ပါတယ်။
ဒါပေမဲ့ ကုန်စည်ပို့ဆောင်ရေး ထရပ်ကားတွေကျတော့ မတူပါဘူး။
ကုန်ပစ္စည်း တင်တာ၊ ချတာ ဒါမှမဟုတ် ဆီဖြည့်တဲ့ အချိန်ကလွဲရင် ကားမောင်းသမားတွေက အလှည့်ကျစနစ်နဲ့ တစ်နေ့လုံး လမ်းပေါ်မှာပဲ အချိန်ကုန်ကြတာပါ။ တစ်နှစ် မောင်းနှင်ခရီးမိုင်က ကီလိုမီတာ ၂၀၀,၀၀၀ ကျော်သွားတာက အဆန်းမဟုတ်ပါဘူး။ ဒါကြောင့် ကားတွေက မြန်မြန်ဟောင်းနွမ်းသွားပြီး အများစုက ၁၀ နှစ်အတွင်းမှာပဲ ဖျက်ဆီးပစ်ရတတ်တယ်။
အလိုအလျောက်မောင်းနှင်စနစ်သုံး လျှပ်စစ်ထရပ်ကားတွေက လက်ရှိ ကုန်စည်ပို့ဆောင်ရေး ထရပ်ကားတွေထက် စီးပွားရေးအရ တွက်ခြေကိုက်မှုမှာ ပိုပြီး သာလွန်ကောင်းမွန်သလို သဘာဝပတ်ဝန်းကျင်နဲ့လည်း ညီညွတ်ပါတယ်။ အစုလိုက်အပြုံလိုက် ထုတ်လုပ်နိုင်မယ့် အချိန်ပေါ်မူတည်ပြီး ဒီခန့်မှန်းချက်က တကယ်ပဲ လက်တွေ့ဖြစ်လာနိုင်ပါတယ်။
ကုမ္ပဏီ တော်တော်များများကလည်း လျှပ်စစ်ထရပ်ကားတွေ ထုတ်လုပ်ဖို့ အစီအစဉ်တွေကို ကြေညာထားပြီး ဖြစ်သလို ရှေ့ပြေးပုံစံ ကားတွေကိုတောင် ပြသခဲ့ကြဖူးတယ်။ ဒါပေမဲ့ ဘယ်သူကမှ အစုလိုက်အပြုံလိုက် ထုတ်လုပ်နိုင်တဲ့အဆင့်အထိ မရောက်သေးပါဘူး။
ဒါရီလ်က ကတိတစ်ခု ပေးလိုက်သလိုမျိုး အသံကျယ်ကျယ်နဲ့ ပြောလိုက်တယ်။
“ADT1 ကို ဒီနှစ် ဒုတိယနှစ်ဝက်မှာ စတင်ရောင်းချမှာဖြစ်ပြီး ထုတ်လုပ်မှုလိုင်းကိုလည်း စတင် တည်ဆောက်နေပါပြီ။ ဒါ့အပြင် ကားမိတ်ဆက်ပွဲမတိုင်ခင် အမေရိကန်တစ်ဝှမ်းမှာ ဘတ္ထရီ လဲလှယ်ရေး စတေရှင် အခု ၁၀၀ ကို တည်ဆောက်သွားမှာ ဖြစ်ပါတယ်”
လျှပ်စစ်ဓာတ်အားရဲ့ သဘာဝအရ လူသုံးများတဲ့ အချိန်တွေမှာ ပြတ်လပ်တတ်ပြီး ညဉ့်နက်ပိုင်းတွေမှာတော့ ပိုလျှံနေတတ်ပါတယ်။ သူတို့ရဲ့ အစီအစဉ်ကတော့ လူသုံးနည်းတဲ့ ညဉ့်နက်ပိုင်းအချိန်တွေမှာ အားကုန်နေတဲ့ ဘတ္ထရီတွေကို အားသွင်းပြီး လျှပ်စစ်ဓာတ်အားလိုင်းပေါ်က ဝန်ထုပ်ဝန်ပိုးကို လျှော့ချဖို့ပဲ ဖြစ်ပါတယ်။
ကြေညာချက် ပြီးဆုံးသွားတာနဲ့ တက်ရောက်လာသူအားလုံး သဘောကျပြီး မတ်တပ်ရပ် လက်ခုပ်တီးခဲ့ကြတယ်။
[CarOS ADT1၊ ကုန်စည်ပို့ဆောင်ရေး တော်လှန်ရေးရဲ့ အစ]
[အလိုအလျောက်မောင်းနှင်စနစ်ခေတ် တရားဝင် စတင်ပြီ]
[GM နဲ့ Ford တို့ပါ ကုန်သွယ်ရေး မော်တော်ယာဉ် ကဏ္ဍမှာ CarOS နဲ့ ပူးပေါင်းဆောင်ရွက်မည်…]
[အလိုအလျောက်မောင်းနှင်စနစ်သုံး ကားတွေအပေါ် စိုးရိမ်မှုနဲ့ ကန့်ကွက်မှုတွေလည်း ဆက်ရှိနေဆဲ]
[အလိုအလျောက်မောင်းနှင်စနစ်သုံး လျှပ်စစ်ထရပ်ကားတွေက ကုန်စည်ပို့ဆောင်ရေး စွမ်းဆောင်ရည်နဲ့ ကုန်ဈေးနှုန်း တည်ငြိမ်မှုကို အထောက်အကူပြုမယ်လို့ ကျွမ်းကျင်သူများ သုံးသပ်]
ပွဲအပြီး ထွက်လာတဲ့ သတင်းတွေကို ကျွန်တော် စစ်ဆေးနေတုန်းမှာ အယ်လီက လှမ်းမေးတယ်။
“ဂျင်ဟူ၊ ဘာလို့ မိတ်ဆက်ပွဲကို မတက်ခဲ့တာလဲ”
“အားလုံးရဲ့ အာရုံစိုက်မှုက ငါ့ဆီမှာပဲ မရှိသင့်ဘူးလေ”
ဒီကားသစ် မိတ်ဆက်ပွဲမှာ မီးမောင်းထိုးပြသမှုနဲ့ လက်ခုပ်သံတွေကို ရသင့်တာက ပင်ပင်ပန်းပန်း လုပ်ဆောင်ခဲ့ကြတဲ့ အမှုဆောင်တွေနဲ့ တီထွင်သူတွေပါ။ သူတို့က ကားအုပ်စုလိုက် တန်းစီမောင်းနှင်တဲ့ နည်းပညာကို စီးပွားဖြစ် အသုံးချနိုင်ခဲ့တာပါ။ ဒီလောက် မြန်မြန်ဆန်ဆန်နဲ့ အလိုအလျောက်မောင်းနှင်စနစ်သုံး လျှပ်စစ်ထရပ်ကားတစ်စီးကို ဖန်တီးနိုင်လိမ့်မယ်လို့ ကျွန်တော်တောင် မမျှော်လင့်ထားခဲ့ဘူး။
တစ်ဖက်က ကြည့်ရင် ဒါက ကြီးမားတဲ့ အပြောင်းအလဲကြီး မဟုတ်ပါဘူး။ လက်ရှိ ကုန်စည်ပို့ဆောင်ရေး ထရပ်ကားတွေက ဈေးပိုသက်သာပြီး ပိုပြီး စွမ်းဆောင်ရည် ကောင်းမွန်လာနေတာလည်း ရှိပါတယ်။ ဒါပေမဲ့ နောက်တစ်ဖက်က ကြည့်ရင်တော့ ဒါက ကုန်စည်ပို့ဆောင်ရေး နယ်ပယ်ရဲ့ တော်လှန်ရေးတစ်ခုပါပဲ။
ကုန်စည်ပို့ဆောင်ရေးက အရင်းအမြစ်တွေကို ထိရောက်စွာ ခွဲဝေနေရာချထားမှုမှာ အရေးပါပါတယ်။
ဒေသတစ်ခုမှာ အသုံးမဝင်တဲ့ အရာတစ်ခုက တခြားဒေသတစ်ခုမှာ တန်ဖိုးရှိတဲ့ အရာ ဖြစ်လာနိုင်ပါတယ်။ တစ်ခါတရံ ဒေသတစ်ခုမှာ စိုက်ပျိုးသီးနှံတွေ အထွက်တိုးပြီး ပုပ်သိုးကုန်ချိန်မှာ တခြားဒေသတစ်ခုက လူတွေကတော့ ငတ်မွတ်ခေါင်းပါးနေရတဲ့ အခြေအနေမျိုးတွေ ရှိခဲ့ဖူးတယ်။
အစားအသောက် ပို့ဆောင်ရေး App တွေက စားသောက်ဆိုင်တွေကို တိုက်ရိုက်ဖုန်းဆက်ပြီး မှာယူရတဲ့ အဆင့်ကနေ Appကတစ်ဆင့် မှာယူ ငွေပေးချေတဲ့အဆင့်အထိ ပြောင်းလဲပေးခဲ့တယ်။ စားသုံးသူတွေနဲ့ စားသောက်ဆိုင်တွေကတော့ အတူတူပဲဖြစ်ပြီး မှာယူပုံနဲ့ ငွေပေးချေမှုပုံစံပဲ ပိုပြီး အဆင်ပြေသွားတာပါ။ ဒါပေမဲ့ စားသောက်ဆိုင်တွေကနေ မှာယူမှု ပမာဏကတော့ သိသိသာသာ တိုးလာခဲ့တယ်။ ပြီးတော့ အဲဒီ အစားအသောက် ပို့ဆောင်ရေး Appတွေ ကိုယ်တိုင်လည်း ကြီးမားစွာ တိုးတက်အောင်မြင်လာခဲ့ကြတယ်။
ဒီလိုနည်းနဲ့ ကုန်စည်ပို့ဆောင်ရေးစနစ်ကို ပြုပြင်ပြောင်းလဲ ပေးရုံနဲ့တင် လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ တန်ဖိုးမြှင့်တင်မှုကို ကြီးမားစွာ အထောက်အကူပြုနိုင်ပါတယ်။
ဒါတွေကို ကျွန်တော်က အသေးစိတ် လိုက်ရှင်းပြနေစရာ မလိုပါဘူး။ မီဒီယာတွေက ကမ္ဘာလုံးဆိုင်ရာ ကုန်စည်ပို့ဆောင်ရေးအပေါ် သက်ရောက်လာနိုင်မယ့် အလားအလာတွေအကြောင်း သတင်းတွေကို အပြိုင်အဆိုင် ဖော်ပြနေကြပါပြီ။
ပြည်တွင်း ကုန်စည်ပို့ဆောင်ရေးစနစ် တိုးတက်လာတာက ရေကြောင်းနဲ့ လေကြောင်း သယ်ယူပို့ဆောင်ရေးအပေါ်မှာလည်း သက်ရောက်မှု ရှိလာမှာပါ။ ဒါကြောင့် တစ်ကမ္ဘာလုံးမှာရှိတဲ့ စက်မှုလုပ်ငန်းတွေက သတိကြီးစွာ ထားနေကြပြီး သူတို့ရဲ့ အနာဂတ် မဟာဗျူဟာတွေကို ပြန်လည် သုံးသပ်နေကြရပါပြီ။
ကျွန်တော် ဒါရီလ်ဆီ ဖုန်းဆက်လိုက်တယ်။
“မိတ်ဆက်ပွဲကို ကျွန်တော် ကြည့်ခဲ့ပါတယ်။ တကယ့်ကို ကောင်းမွန်ပါတယ်။ ကျွန်တော့်ကြောင့်နဲ့ အတင်းအကြပ် အားစိုက်ထုတ်လိုက်ရတာမျိုးတော့ မဟုတ်ပါဘူးနော်”
[ဝန်ထမ်းတွေ တော်တော်လေး ပင်ပန်းသွားကြတာပါ။ ဒါပေမဲ့ အဆင်ပြေပြေနဲ့ ပြီးဆုံးသွားလို့ ဝမ်းသာရပါတယ်။]
“ဒီနေ့တော့ စောစောအိမ်ပြန်ပြီး ကောင်းကောင်း အနားယူလိုက်ပါဦး”
မိတ်ဆက်ပွဲတုန်းက သူ့မျက်နှာကို ကြည့်မိတော့ မျက်ကွင်းတွေ ညိုနေတာက နှုတ်ခမ်းအထိ ရောက်တော့မယ့်အတိုင်းပါပဲ။ မြင်တဲ့သူတိုင်းက ကျွန်တော့်ကို မကောင်းဆိုးဝါး ရှယ်ယာရှင်တစ်ယောက်လို့ ထင်ကြတော့မယ်ထင်တယ်။
ဒါပေမဲ့ ဒါရီလ်က စိတ်လှုပ်ရှားစွာနဲ့ ပြောရှာတယ်။
[ငါတို့ တရားဝင် ကြိုတင်မှာယူမှုတွေ မစရသေးပေမဲ့ ကုမ္ပဏီတွေဆီကနေ အစီးရေ ရာနဲ့ချီတဲ့ pre-order တွေ ရနေပါပြီ။ Walmart ဆိုရင် ငွေအပြည့်အဝ ကြိုပေးပြီး စောင့်မယ်လို့တောင် ပြောနေပါတယ်]
ဘတ္ထရီ ငှားရမ်းခနဲ့ လဲလှယ်ခတွေကို ပေါင်းလိုက်ရင်တောင် လောင်စာဆီ ကုန်ကျစရိတ်က လက်ရှိ ကုန်ကျစရိတ်ရဲ့ သုံးပုံတစ်ပုံအောက်ပဲ ရှိမှာ ဖြစ်ပြီး ကားမောင်းသမားလည်း မလိုတော့ပါဘူး။ လက်ရှိ မောင်းနှင်နေတဲ့ ဒီဇယ်ထရပ်ကားတွေနဲ့ နှိုင်းယှဉ်ရင် ကုန်ကျစရိတ်ကို တစ်နှစ်အတွင်းမှာတင် ပြန်လည် ရရှိနိုင်မှာပါ။
“ပြဿနာက ကားမောင်းသမားတွေ အလုပ်လက်မဲ့ ဖြစ်ကုန်ကြမယ့်ကိစ္စပဲ”
ထရပ်ကား ငါးစီးက အုပ်စုလိုက် တန်းစီမောင်းနှင်မယ်ဆိုရင် မမျှော်လင့်ထားတဲ့ အခြေအနေတွေအတွက် ရှေ့ဆုံးက ကားတစ်စီးမှာပဲ လူမောင်းသမား လိုအပ်မှာပါ။
အဆုံးသတ်မှာတော့ ကားမောင်းသမား ငါးယောက်မှာ လေးယောက်က အလုပ်ပြုတ်သွားမယ့် သဘောပဲလေ။
[အဲဒီ ပြဿနာကို အစိုးရနဲ့ လောလောဆယ် ဆွေးနွေးနေပါတယ်။ အရင်က ပြောခဲ့ဖူးသလိုပဲ ငါတို့အနေနဲ့ တိုးချဲ့နေတဲ့ စက်ရုံတွေမှာ ကားမောင်းသမားတွေကို ဦးစားပေး ခန့်အပ်သွားဖို့ အစီအစဉ် ရှိသလို ရောင်းရငွေရဲ့ တစ်စိတ်တစ်ပိုင်းကိုလည်း အလုပ်လက်မဲ့ ထောက်ပံ့ကြေး ပေးတာ ဒါမှမဟုတ် အလုပ်အကိုင်သစ် ရှာဖွေရေးမှာ ကူညီပေးဖို့ သုံးစွဲသွားမှာပါ။ CarOS ထရပ်ကားတွေကို ဝယ်ယူမယ့် ကုမ္ပဏီတွေနဲ့လည်း လက်ရှိ ကားမောင်းသမားတွေရဲ့ အလုပ်လုပ်ချိန် လျှော့ချရေးနဲ့ သက်သာချောင်ချိရေး တိုးမြှင့်ပေးဖို့ ဆွေးနွေးနေပါတယ်]
အလုပ်လက်မဲ့ ပြဿနာက တကယ်ပဲ စိုးရိမ်စရာ ဖြစ်ပေမဲ့ သူတို့တွေ တစ်နည်းနည်းနဲ့တော့ အဖြေရှာနိုင်ကြမှာပါ။ အမြဲတမ်းလည်း ဒီလိုပဲ ဖြေရှင်းနိုင်ခဲ့ကြတာပဲလေ။
ဒါရီလ်နဲ့ ဖုန်းပြောပြီးတာနဲ့ အိမ်ဖြူတော်ကနေ ဖုန်းဝင်လာတယ်။
[မိတ်ဆက်ပွဲကို ငါ ကြည့်လိုက်ရတယ်။ တကယ့်ကို အံ့သြစရာကောင်းတဲ့ ကားတစ်စီးကို ထပ်ပြီး ဖန်တီးလိုက်ပြန်ပြီပဲ]
မိတ်ဆက်ပွဲအပြီးမှာ ရိုနယ်က “အမေရိကန် ကုန်ထုတ်လုပ်မှု ကဏ္ဍရဲ့ နောက်ထပ် အောင်ပွဲတစ်ခု” လို့ တွစ်တာမှာ တင်ခဲ့သေးတာပါ။
“ကျွန်တော် ဘာမှလုပ်ခဲ့ရတာမရှိပါဘူးဗျာ။ ဒါတွေအားလုံးက အမေရိကန်ရဲ့ နည်းပညာနဲ့ အောင်မြင်ခဲ့တာပါ”
ရိုနယ်က ဂုဏ်ပြုစကား ပြောပြီးတာနဲ့ အဓိက အကြောင်းအရာကို စပြောတယ်။
[ဂျပန်တွေက ကြားဝင်စေ့စပ်ပေးဖို့ အပြင်းအထန် ငါတို့ကို တောင်းဆိုနေကြတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကတင် ဂျပန်သံအမတ်က နိုင်ငံခြားရေးဝန်ကြီးဆီ လာပြီး လာရောက် ညည်းတွားသွားသေးတယ်]
ကျွန်တော် ရယ်လိုက်မိတယ်။
“ဒါ ထူးဆန်းတာပဲ။ ဂျပန်က ပိတ်ဆို့အရေးယူမှုတွေ စလုပ်ခဲ့တာဆိုတော့ ကိုရီးယားကို ဘာလုပ်ပေးစေချင်တာလဲ”
[ငါ့ကို ပြန်မေးမနေနဲ့လေ]
အခုကိစ္စက လူကောင်ကြီးတဲ့သူက အရင် စထိုးတာမှန်ပေမဲ့ တစ်ချက် အထိုးခံရပြီး ငြိမ်သွားမယ်လို့ ထင်ထားတဲ့သူက သေလုအောင် ပြန်ချတာကို ခံလိုက်ရတာမျိုးပါ။
ဒီအခြေအနေမှာ လူကောင်ကြီးတဲ့သူက ဆက်မချချင်တော့ဘူး။ ဒါပေမဲ့ ကိုယ်က အရင် စထိုးထားတာ ဖြစ်လို့ အားလုံး ကြည့်နေတဲ့ ရှေ့မှာ တောင်းပန်ပြီး နောက်ဆုတ်ဖို့က သိက္ခာကျစရာ ဖြစ်နေတာမျိုးလေ။
အကောင်းဆုံး အခြေအနေကတော့ ဆရာဖြစ်သူက လာပြီး ကြားဖြတ် တားဆီးပေးဖို့ပါပဲ။ အထိုးခံရတဲ့သူကိုပါ ဆရာက ဆူပူပေးရင် ပိုတောင် ကောင်းသေးတာပေါ့။
ကိုရီးယားနဲ့ ဂျပန်က အမေရိကန်အတွက် အရေးပါတဲ့ မဟာမိတ်တွေပါ။ ဒါကြောင့် အမေရိကန်အနေနဲ့ ဘယ်သူက မှန်တယ်၊ မှားတယ်ဆိုတာထက် နှစ်ယောက်လုံး အဆင်ပြေပြေ ရှိနေကြဖို့ပဲ လိုလားမှာပဲလေ။
ဂျပန်က သူတို့ရဲ့ စီးပွားရေး အင်အားထက် သံတမန်ရေး ဩဇာက ပိုပြီး အားနည်းတာကြောင့် အမေရိကန် နိုင်ငံရေး နယ်ပယ်ကို အချိန်အတော်ကြာအောင် စည်းရုံး သိမ်းသွင်းခဲ့တာပါ။ ဒါကြောင့် ကိုရီးယားနဲ့ ဂျပန်ကြား ယခင် ပဋိပက္ခတွေတုန်းက အမေရိကန်က ဘေးလူလိုပဲ နေခဲ့တာလည်းရှိသလို၊ ဂျပန်ဘက်ကပဲ ရပ်တည်ပေးခဲ့တာမျိုးလည်း လုပ်ခဲ့တာများပါတယ်။
ဒါကြောင့် ဂျပန်ရဲ့ အမြင်မှာတော့ ဒီပြဿနာကိုလည်း အမေရိကန်ရဲ့ အကူအညီနဲ့ ဖြေရှင်းချင်နေကြတာလေ။
အမေရိကန်ရဲ့ကြားဝေဖြန်ဖြေပေးမှာကို ကျွန်တော် ခွင့်ပြုလို့ မရပါဘူး။
အမှန်အတိုင်း ပြောရရင် လက်ရှိ အခြေအနေက အမေရိကန်အတွက်လည်း သိပ်ပြီး မဆိုးလှဘူးလေ။ ဂျပန်နဲ့ အဓိက ကုန်သွယ်နေတဲ့ ကိုရီးယား ကုမ္ပဏီတချို့က အခုဆိုရင် အမေရိကန် ကုမ္ပဏီတွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်နေကြရပါပြီ။
ဆိုဆောင်း အီလက်ထရောနစ်နဲ့ SSK Nix တို့က အမေရိကန်ရဲ့ Semiconductor စက်ပစ္စည်းတွေနဲ့ ကုန်ကြမ်းပစ္စည်းတွေ တင်သွင်းမှုကို တိုးမြှင့်ဖို့ ဆုံးဖြတ်ခဲ့ကြတာကြောင့် ရိုနယ်အတွက်လည်း တကယ့်ကို စိတ်ကျေနပ်စရာ ဖြစ်ခဲ့ရတယ်။
“ကလေးတွေက ရန်ဖြစ်ပြီးရင် ဘာမှမဖြစ်ခဲ့သလိုမျိုး ပြန်တည့်သွားကြတာပဲ။ ကိုရီးယားနဲ့ ဂျပန်ရဲ့ ထူးခြားတဲ့ ဆက်ဆံရေး သဘာဝကို သမ္မတကြီးလည်း ကောင်းကောင်း သိသားပဲ မဟုတ်လား”
[ဟင်း… အဲဒါတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ဝါရှင်တန်မှာတော့ ပြောသံဆိုသံတွေ တော်တော် များနေလို့ပါ]
စီးပွားရေးအရ အကျိုးအမြတ် ရှိနေရင်တောင် အရှေ့အာရှက အဓိက မဟာမိတ် နှစ်နိုင်ငံ ရန်ဖြစ်နေတာကြောင့် ဝါရှင်တန် မှာ စိုးရိမ်မှုတွေ မြင့်တက်နေတာကတော့ သဘာဝပါပဲ။
ကျွန်တော် ရိုနယ်ကို စိတ်အေးသွားအောင် ပြောပေးလိုက်တယ်။
“ကျွန်တော် ဒါကို မြန်မြန်ဆန်ဆန်ပဲ အဆုံးသတ်လိုက်ပါ့မယ်။ စိုးရိမ်မနေပါနဲ့တော့”
ကုမ္ပဏီ တစ်ခုချင်းစီရဲ့ လုပ်ငန်းအဖွဲ့တွေက အရေးကြီးတဲ့ ပစ္စည်းတွေအတွက် ဆွေးနွေးနေကြတုန်းမှာ ကျွန်တော်က ဥက္ကဌ လင်ဂျင်ယုံနဲ့အတူ ဂျာမနီ မော်တော်ယာဉ် လုပ်ငန်းရှင်တွေနဲ့ သွားရောက် တွေ့ဆုံခဲ့တယ်။
BMW Group ရဲ့ ဥက္ကဌ တိုဘီယပ်စ် ဟီဘတ်၊ Daimler AG ရဲ့ ဥက္ကဌ ဂွန်တာ ဟတ်မန်း၊ ပြီးတော့ Volkswagen Group ရဲ့ ဥက္ကဌ ဂျော့ခ် လိုဟီတို့နဲ့သွားတွေ့ခဲ့တာပါ။
ဒီသုံးယောက် ထိန်းချုပ်ထားတဲ့ Brand တွေကတင် ဒါဇင်နဲ့ချီ ရှိနေပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ကုမ္ပဏီ တန်ဖိုးအားလုံးကို ပေါင်းလိုက်ရင်တောင်… CarOS ကိုတော့ မမီကြသေးပါဘူး။
ကျွန်တော့်အတွက်တော့ ပထမဆုံး အကြိမ် တွေ့ဆုံဖူးတာ ဖြစ်ပေမဲ့ ဥက္ကဌ လင်ဂျင်ယုံကတော့ သူတို့နဲ့ အရင်က အနည်းငယ် ဆုံဖူးခဲ့ပုံရပါတယ်။ သူက ဂျာမန်ဘာသာစကားနဲ့ ရင်းရင်းနှီးနှီး နှုတ်ဆက်လိုက်တယ်။
“ဥက္ကဌကြီးက ဂျာမန်စကားပါ တတ်တာလား”
“ငယ်ငယ်တုန်းက အနည်းငယ် သင်ယူခဲ့ဖူးတာပါ”
သူက မွေးကတည်းက ကုမ္ပဏီကို ဆက်ခံဖို့ သတ်မှတ်ခံထားရတဲ့သူဆိုတော့ အတော်လေး ကောင်းမွန်တဲ့ ပညာရေးကို ရရှိခဲ့မှာပေါ့လေ။
နှုတ်ဆက်စကားတွေ ပြီးနောက် ဥက္ကဌ ဟီဘတ်က စကားစတယ်။
“ကျွန်တော်တို့ ADT1 မိတ်ဆက်ပွဲကို ကြည့်ခဲ့ပါတယ်။ ဂုဏ်ယူပါတယ်”
သူတို့က မိတ်ဆက်ပွဲ မတိုင်ခင်ကတည်းက ဒီသတင်းအချက်အလက်တွေကို ရရှိထားပြီး ဖြစ်မှာပါ။
ကျွန်တော် သူတို့ကို ပြောလိုက်တယ်။
“ဥရောပက တိုက်ကြီးတစ်ခုထဲအဖြစ် ဆက်စပ်နေတာကြောင့် အလိုအလျောက်မောင်းနှင်စနစ်သုံး လျှပ်စစ်ထရပ်ကားတွေ ယူဆောင်လာမယ့် ကုန်စည်ပို့ဆောင်ရေး တော်လှန်ရေးက အီးယူ အဖွဲ့ဝင် နိုင်ငံတွေကြား ပိုပြီး စည်းလုံးမှုကို အားကောင်းစေမှာ ဖြစ်သလို ဥရောပ နိုင်ငံတွေရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကိုလည်း မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်”
အားလုံးက ဂုဏ်ပြုစကားတွေ ပြောနေကြပေမဲ့ သူတို့ရဲ့ စိတ်ထဲမှာတော့ ရှုပ်ထွေးနေကြပုံရတယ်။
ခြုံငုံကြည့်လိုက်ချိန်မှာ အကျိုးရှိစေတယ်ဆိုရုံနဲ့တင် လူတိုင်းက အမြတ်ထွက်ကြမှာ မဟုတ်ဘူးလေ။ အထူးသဖြင့် ပြိုင်ဘက်တွေကတော့ ဆုံးရှုံးမှုတွေ ရှိလာနိုင်တာပေ့ါ။
သူတို့ကတော့ စိတ်ထဲကနေ အမြတ်နဲ့ အရှုံးကို တွက်ချက်နေကြတာ ဖြစ်မှာပါ။
ကျွန်တော်ကပဲ စကား ဆက်ပြောလိုက်တယ်။
“ဒီဘက်ခေတ်မှာ လူတွေက စမတ်ဖုန်း မရှိလို့ ဝယ်ကြတာမျိုး ဒါမှမဟုတ် ကားမရှိလို့ ဝယ်ကြတာမျိုးက အလွန် ရှားသွားပါပြီ။ အများစုက ရှိပြီးသား ထုတ်ကုန်တွေကို အစားထိုး လဲလှယ်ကြတာပဲ များပါတယ်။ ဒါပေမဲ့ အခုခေတ် ထုတ်ကုန်တွေက တော်တော်လေး ကောင်းမွန်အောင် ပြုလုပ်ထားကြတာကြောင့် အစားထိုး လဲလှယ်တဲ့ သက်တမ်းက ပိုပြီး ရှည်ကြာလာခဲ့တယ်”
ဒါကြောင့် နောက်ပိုင်းထွက်တဲ့ထုတ်ကုန်တွေမှာ သိပ်ပြီး အသုံးမဝင်တဲ့ လုပ်ဆောင်ချက်အသစ်တွေကို ထည့်သွင်းပြီး ရှိပြီးသား ထုတ်ကုန်တွေကို အဟောင်း ဖြစ်သွားအောင် ပြုလုပ်ပြီး အစားထိုး လဲလှယ်ချင်စိတ် ဖြစ်ပေါ်အောင် ဆွဲဆောင်နေကြတာပါ။
ဒါပေမဲ့ အစားထိုး လဲလှယ်မှု ဝယ်လိုအားက တစ်ပြိုင်ထဲ အပြင်းအထန် မြင့်တက်လာမယ့် အချိန်တစ်ခုတော့ ရှိပါတယ်။ အဲဒါကတော့ ထုတ်ကုန်ရဲ့ ပုံစံခွက်တစ်ခုလုံး ပြောင်းလဲသွားတဲ့ အချိန်ပါ။
“စမတ်ဖုန်းတွေ ပထမဆုံး ထွက်လာတုန်းက အခြေအနေကို မှတ်မိကြမှာပါ။ အစပိုင်းမှာတော့ ကျွမ်းကျင်သူတွေ ဒါမှမဟုတ် စူးစမ်းလိုစိတ် ရှိတဲ့ လူနည်းစုပဲ သုံးခဲ့ကြတာလေ။ သာမန် ခလုတ်နှိပ်ဖုန်းတွေကို အဆင်ပြေပြေ သုံးနေကြတဲ့ လူတွေကတော့ စမတ်ဖုန်းတွေက ဘာလို့ လိုအပ်တာလဲဆိုတာကိုတောင် နားမလည်ခဲ့ကြဘူး။ နည်းပညာအသစ်က အဆင်ပြေမှုကို ဖန်တီးပေးတာ မဟုတ်ဘဲ ရှိပြီးသား အဆင်မပြေမှုတွေကို ထုတ်ဖော်ပြသပေးတာ ဖြစ်တယ်ဆိုတဲ့ စကား ရှိပါတယ်။ အလိုအလျောက်မောင်းနှင်စနစ်သုံး လျှပ်စစ်ကားတွေကလည်း ဒီလိုပါပဲ။ တစ်ခါလောက် စမ်းသုံးကြည့်ပြီးတာနဲ့ လက်ရှိ ကားတွေက ဘယ်လောက်တောင် အဆင်မပြေဖြစ်လဲဆိုတာကို သိရှိသွားကြမှာပါ။ အနာဂတ် သယ်ယူပို့ဆောင်ရေး ခေတ်က အခုမှ စတင်တာပါ။ မကြာခင်မှာ ဓာတ်ဆီနဲ့ ဒီဇယ်ကားတွေကနေ လျှပ်စစ်ကားတွေဆီ အစားထိုး လဲလှယ်မယ့် ဝယ်လိုအားက တစ်ပြိုင်ထဲ ပေါက်ကွဲထွက်လာမှာလေ။ ပြီးတော့ အဲဒီအချိန်ကျရင် ကုမ္ပဏီတစ်ခုက ရရှိသွားမယ့် ဈေးကွက်ဝေစုက အဲ့ဒီကုမ္ပဏီရဲ့ အနာဂတ် ကံကြမ္မာကို ဆုံးဖြတ်ပေးသွားမယ်လို့ ကျွန်တော် ယူဆပါတယ်”
ကျွန်တော် ပြောပြီးတာနဲ့ ဥက္ကဌ လင်ဂျင်ယုံက ပြုံးပြီး ပြောတယ်။
“ဒါဆို ကျွန်တော်တို့တွေ ဆွေးနွေးမှုကို ဖြည်းဖြည်းချင်း စလိုက်ကြတော့မလား”
CarOS က ADT1 ကို ကြေညာပြီးနောက်မှာ ကန်ဂျင်ဟူက ဥရောပမှာ လှုပ်ရှားမှုတွေကို စတင် ပြုလုပ်ခဲ့တယ်။
ကန်ဂျင်ဟူက ဂျပန်အပေါ် ကုန်သွယ်ရေး မှီခိုမှုကို လျှော့ချပြီး အီးယူနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို ပိုမို အားကောင်းအောင် လုပ်ဆောင်သွားမယ့် အစီအစဉ်ကို ဗြောင်ကျကျ ကြေညာခဲ့တယ်။
ဒါက ဥရောပအတွက်လည်း အခွင့်အလမ်းသစ်တစ်ခု ဖြစ်လာခဲ့တယ်။
တောင်ကိုရီးယားက ကမ္ဘာ့ ၁၁ ခုမြောက် စီးပွားရေး အင်အားကြီး နိုင်ငံ ဖြစ်ပါတယ်။ အီးယူ အဖွဲ့ဝင် နိုင်ငံတွေထဲမှာ ကိုရီးယားထက် GDP ပိုမြင့်တာက ဂျာမနီ၊ ပြင်သစ်နဲ့ အီတလီတို့ပဲ ရှိပါတယ်။ (ယူကေကိုတော့ ထည့်မတွက်ထားဘူးပေါ့)
တောင်ကိုရီးယားရဲ့ စီးပွားရေး တိုးတက်မှုနှုန်းက ဥရောပ နိုင်ငံတွေထက် ပိုပြီး မြန်ဆန်သလို ပိုပြီး တက်ကြွမှုလည်း ရှိပါတယ်။ ပြီးတော့ ကန်ဂျင်ဟူကိုယ်တိုင်ပါ ပါဝင်နေတာကြောင့် ဥရောပအနေနဲ့လည်း ကိုရီးယားနဲ့ ကုန်သွယ်မှု တိုးချဲ့ဖို့ကို ပိုပြီး လိုလားနေကြတာပါ။
ထွက်ပေါက် ရှာဖွေနေတဲ့ ကိုရီးယားနဲ့ မတူဘဲ ဂျပန်ကတော့ ပွက်လောရိုက်နေခဲ့ပါပြီ။
အထူးသဖြင့် မော်တော်ယာဉ် ထုတ်လုပ်သူတွေ ခံစားနေရတဲ့ စိုးရိမ်မှုက အပြင်းအထန် ဖြစ်နေတာပါ။ ဂျာမနီနဲ့ ပြင်သစ် နှစ်နိုင်ငံထဲမှာတင် ကမ္ဘာ့ ထိပ်တန်း မော်တော်ယာဉ် ကုမ္ပဏီ ၁၀ ခုထဲက ၅ ခု ရှိနေတာ ဖြစ်ပါတယ်။
အလိုအလျောက်မောင်းနှင်စနစ်သုံး လျှပ်စစ်ထရပ်ကား ကြေညာချက်နဲ့အတူ CarOS က လူစီးကားတွေတင်မကဘဲ ကုန်သွယ်ရေး မော်တော်ယာဉ် ကဏ္ဍအထိပါ CarOSရဲ့ နယ်ပယ်ကို တိုးချဲ့လိုက်ပါပြီ။
တကယ်လို့ ကန်ဂျင်ဟူက အလိုအလျောက်မောင်းနှင်စနစ် နည်းပညာနဲ့ OTK ဘတ္ထရီ ထောက်ပံ့မှုကို အသုံးချပြီး ဂျပန်ပစ္စည်းတွေ သုံးစွဲမှုကို လျှော့ချဖို့ တောင်းဆိုလာရင် ဘယ်လိုလုပ်မလဲ။
ကုမ္ပဏီတွေက သူ့စကားကို မျက်စိမှိတ်ပြီး လိုက်နာကြမှာ မဟုတ်ပေမဲ့ အရင်းအနှီးနဲ့ နည်းပညာ နှစ်ခုလုံးကို လက်ထဲမှာ ကိုင်ဆောင်ထားတဲ့ ကန်ဂျင်ဟူကိုတော့ လျစ်လျူရှုလို့ ရမှာ မဟုတ်ပါဘူး။
ဂျပန် စီးပွားရေး အဖွဲ့အစည်းတွေက တောင်ကိုရီးယားနဲ့ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်အောင် လုပ်ဆောင်ဖို့ နိုင်ငံရေး နယ်ပယ်ကို တညီတညွတ်ထဲ တိုက်တွန်းနေကြပါပြီ။
ပြာပြာသလဲ ဖြစ်နေတဲ့ ဂျပန်နဲ့ ဆန့်ကျင်ဘက်အနေနဲ့ တောင်ကိုရီးယားကတော့ ဒီကိစ္စအပေါ် လုံးဝ စိတ်မဝင်စားသလိုမျိုး ရှိနေပါတယ်။ တောင်ကိုရီးယား အစိုးရက ဘာမှမပြောတဲ့အပြင် အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှု လျော်ကြေး စီရင်ချက်နဲ့ ပတ်သက်တဲ့ ပိုင်ဆိုင်မှု သိမ်းဆည်းခြင်း လုပ်ငန်းစဉ်တွေကို တိတ်တဆိတ် ဆက်လက် လုပ်ဆောင်နေခဲ့တာပါ။ ဂျပန်ရဲ့ ကန့်ကွက်ချက်တွေကိုလည်း ဘာမှ မတုံ့ပြန်ဘဲ သူတို့ လုပ်သင့်လုပ်ထိုက်တာကို လုပ်နေသလိုမျိုး နေနေခဲ့ကြတာလေ။
စဉ်းစားကြည့်ရင် အီးယူနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကိုလည်း ကန်ဂျင်ဟူက သူ့သဘောနဲ့သူ လုပ်ဆောင်နေတာ ဖြစ်ပြီး တောင်ကိုရီးယား အစိုးရကတော့ ပါဝင်ပတ်သက်မှု မရှိပါဘူး။
ဂျပန် နိုင်ငံရေး နယ်ပယ်မှာတော့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ဆီ တိုင်ကြားဖို့ ပြောဆိုသံတွေ ရှိနေပေမဲ့ ဂျပန်က အရင် စတင် ပိတ်ဆို့ခဲ့တာ ဖြစ်လို့ ရန်စတဲ့သူက ရဲဆီ သွားတိုင်သလိုမျိုးပဲ ဖြစ်နေမှာပါ။
ဂျပန် အစိုးရက အဖြေရှာဖို့အတွက် တောင်ကိုရီးယားနဲ့ လျှို့ဝှက် ဆက်သွယ်ဖို့ ကြိုးစားခဲ့သေးတယ်။
တောင်ကိုရီးယားက အချိန်အတော်ကြာအောင် ဂျပန်ရဲ့ ကိုလိုနီ ဖြစ်ခဲ့ဖူးသလို လွတ်လပ်ရေး ရပြီးနောက်မှာလည်း ဂျပန်နဲ့ နီးကပ်တဲ့ ဆက်ဆံရေး ရှိခဲ့ဖူးပါတယ်။ ဒါကြောင့် ဂျပန်လိုလားသူတွေက နိုင်ငံရေးနဲ့ အရာရှိ နယ်ပယ်တွေမှာ အများအပြား ရှိနေကြတာပါ။ အဲ့ဒီလူတွေကို အချိန်အတော်ကြာအောင် စည်းရုံးထားခဲ့တာ ဖြစ်လို့ ဂျပန်ရဲ့ အကျိုးစီးပွားအတွက် လှုပ်ရှားပေးကြလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြတာပါ။
ဒါပေမဲ့ ဘာကြောင့်လဲတော့ မသိဘူး၊ လူတိုင်းက တွေ့ဆုံဖို့ကို ရှောင်ရှားနေကြပါတယ်။ ဘာလို့လဲလို့ မေးတဲ့အခါ သူတို့က အစိုးရနဲ့ ရင်ဆိုင်ရတာကို မမှုပေမဲ့ ကန်ဂျင်ဟူနဲ့တော့ မပတ်သက်ချင်ဘူးလို့ ပြောကြတယ်လေ။
လေဘာပါတီကတော့ ဂျပန်ဘက်ကနေ တစ်ခုထဲသော ရပ်တည်ပေးနေတဲ့ ပါတီ ဖြစ်ပေမဲ့… သိပ်တော့ အသုံးမဝင်လှပါဘူး။
အခုအချိန်မှာ သူတို့ရဲ့ တစ်ခုထဲသော မျှော်လင့်ချက်က အမေရိကန်ပဲ ဖြစ်ပါတယ်။
တကယ်လို့ အမေရိကန်က အမိန့်ပေးရင် တောင်ကိုရီးယားက လိုက်နာရုံကလွဲလို့ တခြားရွေးချယ်စရာ မရှိပါဘူး။ ဂျပန်က အမေရိကန်ကို လှုပ်ရှားစေဖို့ သူတို့တို့ရဲ့ စည်းရုံးရေး အင်အားအားလုံးကို အသုံးချခဲ့ပေမဲ့ လူတိုင်းက အထက်ကနေ တစ်ခုခု ကြားထားပုံရပြီး ဘယ်သူကမှ မလှုပ်ရှားခဲ့ကြဘူး။
ဒီအတောအတွင်းမှာ ကိုရီးယား ကုမ္ပဏီတွေက စက်ပစ္စည်းတွေ၊ အဓိက ကုန်ကြမ်းတွေနဲ့ အစိတ်အပိုင်းတွေအတွက် ဥရောပ ကုမ္ပဏီတွေနဲ့ ဆွေးနွေး ညှိနှိုင်းခဲ့ကြတယ်။ ထုတ်ကုန် သတ်မှတ်ချက်၊ ထုတ်လုပ်မှု ပမာဏ၊ သယ်ယူပို့ဆောင်ရေးနဲ့ အခွန်အခတွေလိုမျိုး ရှုပ်ထွေးတဲ့ ကိစ္စရပ်တွေကို စစ်ဆေးပြီးမှ တရားဝင် စာချုပ် ချုပ်ဆိုမှာ ဖြစ်ပေမဲ့ စာချုပ် မတိုင်ခင် အဆင့်ဖြစ်တဲ့ နားလည်မှုစာချွန်လွှာ (MOU) တွေကိုတော့ တစ်ခုပြီးတစ်ခု လက်မှတ်ရေးထိုးခဲ့ကြပါပြီ။
ဂျပန်ကို ပြောင်လှောင်လိုက်သလိုမျိုး ကန်ဂျင်ဟူက MOU လက်မှတ်ရေးထိုးတိုင်း ပါဝင်တဲ့ ပစ္စည်းတွေနဲ့ ပမာဏကို ကြေညာခဲ့ပြီး ကြေညာချက် ထွက်လာတိုင်း စာချုပ် ဖျက်သိမ်းခံရတဲ့ ဂျပန် ကုန်ပစ္စည်း ထောက်ပံ့သူတွေကတော့ ညည်းတွားနေကြရပါပြီ။
အနာဂတ်မှာ ထပ်မံ ထုတ်လုပ်မယ့် OTK ဘတ္ထရီ ပမာဏအားလုံးကို ဥရောပ ကုမ္ပဏီတွေဆီပဲ တိုက်ရိုက် ပေးပို့သွားနိုင်တယ်ဆိုတဲ့ ကောလာဟလတွေလည်း ထွက်ပေါ်နေခဲ့ပါတယ်။ တကယ်လို့ ဂျာမနီနဲ့ ပြင်သစ် မော်တော်ယာဉ် ထုတ်လုပ်သူတွေပါ နည်းပညာ ပူးပေါင်းဆောင်ရွက်မှုအတွက် CarOS ဘက်လှည့်သွားရင် ဂျပန်ရဲ့ မော်တော်ယာဉ် လုပ်ငန်းက ပိုပြီး အထီးကျန်သွားမှာ ဖြစ်ပါတယ်။
ဂျပန် အစိုးရက တုံ့ပြန်မယ့် အစီအစဉ်တွေကို အလုပ်ရှုပ်ခံပြီး ပြင်ဆင်နေတုန်းမှာ နောက်ထပ် သတင်းတစ်ခု ထွက်ပေါ်လာခဲ့ပြန်တယ်။
ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့မှာ အီးယူ ထိပ်သီးအစည်းအဝေးကို မကြာခင် ကျင်းပဖို့ သတ်မှတ်ထားပြီး အီးယူ ခေါင်းဆောင်တွေက ဘယ်လ်ဂျီယံဆီ စုပြုံ ရောက်ရှိနေကြတာပါ။ ပြီးတော့ ကန်ဂျင်ဟူကလည်း အဲဒီအစည်းအဝေးကို တက်ရောက်ဖို့ ဖိတ်ကြားခံခဲ့ရတယ်။
ဒီသတင်းကို ကြားရတဲ့အခါ ဝန်ကြီးချုပ် အိုကာဇာကီတစ်ယောက် ဆွံ့အသွားခဲ့ရတယ်။
‘အဲဒီကောင်က အခု အဲဒီမှာ ဘာတွေ ထပ်လုပ်ဖို့ ကြံစည်နေပြန်တာလဲ’