အခန်း ၃၈၃
Vol. 39 Ch. 383
အခန်း (၃၈၃)
ကျွန်တော် ဘာလင်မှာ ရှိနေတုန်း နေရာအနှံ့ကနေ ဖိတ်ကြားစာတွေ အလုအယက် ရောက်လာခဲ့တယ်။
အနီးအနားမှာရှိတဲ့ နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေအားလုံးက ကျွန်တော်နဲ့ တွေ့ဆုံဖို့ ဆန္ဒရှိကြောင်း ပြသခဲ့ကြပြီး သမ္မတ ဘလန်ကလည်း ပါရီ(ပဲရစ်)ကို လာလည်ဖို့ ကျွန်တော့်လက်ကို ကိုင်ပြီး အတင်းအကြပ် တောင်းဆိုခဲ့တယ်။ ဒါ့အပြင် အီးယူ ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ ပြောဆိုသံတွေလည်း ရှိနေခဲ့တာပါ။
ကျွန်တော် စီးပွားရေး ခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေနဲ့ အလုပ်ရှုပ်နေတုန်းမှာ ဂျပန်အမျိုးသားတစ်ယောက် ကျွန်တော် တည်းခိုနေတဲ့ ဟိုတယ်ဆီ ရောက်လာခဲ့တယ်။
သူ့နာမည်က အိုကာမိုတို တာကီအို ပါ။
သူက တခြားသူမဟုတ်ဘဲ ဂျပန်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်ပြီး နိုင်ငံရဲ့ သံတမန်ရေးကို တာဝန်ယူထားရသူ ဖြစ်ပါတယ်။ ဝန်ကြီးချုပ် အိုကာဇာကီရဲ့ လူယုံအဖြစ် လူသိများပြီး အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှု ပြဿနာတွေနဲ့ ပတ်သက်ရင် အဓိပ္ပာယ်မရှိတဲ့ စကားတွေကို လျှောက်ပြောလေ့ရှိလို့ နာမည်ကြီးတဲ့သူလည်း ဖြစ်ပါတယ်။
“မတွေ့ရတာ ကြာပြီနော်”
ကျွန်တော်ကတော့ အံ့သြသွားတဲ့ ပုံစံမျိုး ဖမ်းလိုက်တယ်။
“ကိုရီးယား ဒါမှမဟုတ် ဂျပန်မှာ မဟုတ်ဘဲ ဘာလင်လို နေရာမျိုးမှာ ဝန်ကြီးနဲ့ ဒီလို ဆုံရလိမ့်မယ်လို့ လုံးဝ မမျှော်လင့်ထားမိဘူး”
သူလည်း ဒီလို ဖြစ်လာလိမ့်မယ်လို့ ထင်ထားပုံမရပါဘူး။ ကျွန်တော်က သူ့ကို မေးလိုက်တယ်။
“ပြီးခဲ့တဲ့တစ်ခေါက် တွေ့တုန်းက ကျွန်တော့်ကို ဘာပြောခဲ့လဲ မှတ်မိသေးလား”
နိုင်ငံခြားရေးဝန်ကြီး အိုကာမိုတိုက စိတ်ပျက်စရာ ကောင်းတဲ့ မျက်နှာပေးမျိုး လုပ်လိုက်တယ်။
နီရှီဒါ စတော့ပွဲစားကုမ္ပဏီ အမှားအယွင်း ဖြစ်တုန်းက သူက OTK ကုမ္ပဏီဆီ လာခဲ့ပေမဲ့ ကျွန်တော်က အပေါက်ဝကနေတင် မောင်းထုတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတုန်းက သူ ကားပေါ်တက်ရင်း ကျွန်တော့်ကို နောင်တရစေရမယ်လို့ ခြိမ်းခြောက်ခဲ့ဖူးပေမဲ့ အခု အခြေအနေကို ကြည့်ရင်တော့ နောင်တရမယ့်သူက ကျွန်တော် မဟုတ်တာ သေချာနေပါပြီ။
“ဘာကိစ္စ ရှိလို့လဲ”
နိုင်ငံခြားရေးဝန်ကြီး အိုကာမိုတိုက သက်ပြင်းချသလိုမျိုး ပြောတယ်။
“မင်း တကယ် လိုချင်တာက ဘာလဲ”
အခုအချိန်မှာ ကျွန်တော် ပိုင်ဆိုင်ထားတဲ့ ငွေကြေးနဲ့ နည်းပညာကမှ တကယ့် အစွမ်းအစဆိုတာကို သူ ယုံကြည်သွားလို့ ထင်တယ်။ သူ့ရဲ့ မျက်နှာပေးနဲ့ အမူအရာက အရင်ကနဲ့ လုံးဝ ကွဲပြားနေခဲ့ပါပြီ။
“ဒါက ကျွန်တော် စခဲ့တဲ့ ကိစ္စ မဟုတ်တော့ ကျွန်တော် လိုချင်တာက တကယ်ပဲ အရေးကြီးလို့လား။ အရေးကြီးတာက ဂျပန် ဘာလိုချင်လဲ ဆိုတာပဲ မဟုတ်လား”
“ဂျပန်အစိုးရ လိုလားတာက ကိုရီးယားနဲ့ ဂျပန် ဆက်ဆံရေး မြန်မြန်ဆန်ဆန် ပြန်ကောင်းမွန်ဖို့ပဲ။ နှစ်နိုင်ငံကြား ပဋိပက္ခက ဘယ်သူ့အတွက်မှ အကျိုးမရှိဘူး”
ဒီအချက်ကိုတော့ ကျွန်တော် သဘောတူတယ်။
“ဒါဆို နီရှီဒါ စတော့ပွဲစားကုမ္ပဏီရဲ့ အော်ဒါအမှား ကိစ္စကကော”
“အစိုးရအဆင့်မှာ လျော်ကြေး တောင်းတာ ဒါမှမဟုတ် တောင်းပန်ခိုင်းတာမျိုးတွေ ထပ်ပြီး လုပ်မှာ မဟုတ်တော့ပါဘူး”
ကျွန်တော် ခေါင်းညိတ်ပြလိုက်တယ်။
“ဒါကတော့ ဖြစ်သင့်တာပေါ့”
ဂျပန်တရားရုံးချုပ်ရဲ့ စီရင်ထုံး ရှိပြီးသား ဖြစ်လို့ ကျွန်တော့်ဘက်က ပြန်ပေးဖို့ တာဝန် မရှိတာ အစကတည်းကပါ။ သူတို့တွေ အတင်းအကြပ် ဖိအားပေးနေခဲ့တာက သူတို့ရဲ့ တာဝန်ပျက်ကွက်မှုကို ကျွန်တော့်ဆီ လွှဲချပြီး တစ်ခုခု ပြန်ရနိုးနိုးနဲ့ ကြိုးစားခဲ့ကြတာ ဖြစ်မှာပါ။
ကိုယ်ပိုင်ဆိုင်တဲ့အရာကို ကာကွယ်ဖို့ဆိုရင် အင်အား ရှိဖို့ လိုပါတယ်။ တကယ်လို့ ကျွန်တော့်မှာ ဘာအင်အားမှ မရှိခဲ့ရင် တိုယိုတာ ရှယ်ယာတွေကို အစကတည်းက ပြန်ပေးခဲ့ရမှာ ဖြစ်သလို အခု ကိစ္စမှာလည်း ကျွန်တော်ကိုယ်တိုင်ပါ အရင် သွားပြီး ခေါင်းငုံ့တောင်းပန်ရမှာပါ။
“ဒါဆို စီအီးအို ကန်ဂျင်ဟူ လိုလားတဲ့ အချက်ကို အခု နားထောင်ပါရစေ”
ကျွန်တော် ခဏလောက် စဉ်းစားပြီးမှ ပြောလိုက်တယ်။
“ကျွန်တော့်ဘက်ကတော့ ထူးထူးခြားခြား လိုချင်တာ မရှိပါဘူး။ ဒါပေမဲ့ နိုင်ငံသားတစ်ယောက် အနေနဲ့တော့ ကိုရီးယားနဲ့ ဂျပန် ဆက်ဆံရေးက အရင်လိုပဲ ပုံမှန် ပြန်ဖြစ်သွားဖို့ မျှော်လင့်ပါတယ်”
ဂျပန် အစိုးရအဖွဲ့ရဲ့ အတွင်းရေးမှူးချုပ် ဟာယာရှီက မီဒီယာတွေကို ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့တယ်။
“ကိုရီးယားနဲ့ ဂျပန် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဂျပန်အနေနဲ့ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှု ပြဿနာတွေကို တက်ကြွစွာ ပြန်လည် စိစစ်သွားမှာ ဖြစ်သလို ဆွေးနွေးမှုတွေကိုလည်း ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂျပန်အစိုးရအနေနဲ့ စစ်ရာဇဝတ်မှုတွေအတွက် တာဝန်ရှိမှုကို အသိအမှတ်ပြုတဲ့ ကိုနိုကြေညာချက်နဲ့ မူရာယာမ ကြေညာချက်တွေကို လေးစား လိုက်နာသွားမှာ ဖြစ်ကြောင်း ရှင်းလင်းစွာ ပြောကြားလိုပါတယ်”
အိမ်ဖြူတော်က ဂျပန်ရဲ့ ဆုံးဖြတ်ချက်ကို ချက်ချင်းပဲ ကြိုဆိုခဲ့ပြီး နှစ်ဖက်စလုံး ခိုင်မာတဲ့ ဆက်ဆံရေး ဖြစ်အောင် ကြိုးစားသင့်တယ်လို့ တုံ့ပြန်ခဲ့တယ်။ ဝန်ကြီးချုပ် အိုကာဇာကီက သမ္မတ ဟိုချန်မင်းဆီ ဖုန်းဆက်ခဲ့ပြီး နှစ်ယောက်သား တစ်နာရီနီးပါး စကားပြောခဲ့ကြကာ ကိုရီးယား-ဂျပန် ထိပ်သီးအစည်းအဝေးကို တတ်နိုင်သမျှ မြန်မြန် ကျင်းပဖို့ သဘောတူခဲ့ကြတယ်။
အရင်က အမှားတွေကို ငြင်းဆန်ခဲ့တဲ့ ဂျပန်က တာဝန်ရှိမှုကို အသိအမှတ်ပြုတဲ့ဘက် ပြောင်းလဲလာတာကြောင့် သမ္မတနဲ့ နိုင်ငံရေးသစ်ပါတီရဲ့ ထောက်ခံမှုနှုန်းက ထိုးတက်သွားခဲ့တယ်။
တခြား အတိုက်အခံ ပါတီတွေကလည်း ကြိုဆိုတဲ့ ကြေညာချက်တွေ ထုတ်ပြန်ခဲ့ကြပေမဲ့ လွတ်လပ်သောပြည်သူများပါတီကတော့ သူတို့ရဲ့ ဆွံ့အမှုကို ဖုံးကွယ်လို့ မရနိုင်ခဲ့ပါဘူး။
သူတို့က အတိတ်က သမိုင်းကြောင်း ပြဿနာတွေကို ဖော်ထုတ်နေတာက အမျိုးသား ညီညွတ်မှုကို ပျက်ပြားစေတယ်လို့ အစိုးရကို ဆက်တိုက် ဝေဖန်နေခဲ့တာ ဖြစ်ပေမဲ့ အခုတော့ ဂျပန်ကိုယ်တိုင်က တာဝန်ရှိမှုကို အသိအမှတ်ပြုလိုက်ပြီလေ။
သတင်းစာ ရှင်းလင်းပွဲ လုပ်နေတုန်း ဒီသတင်းကို ကြားလိုက်ရတဲ့ ကိုယ်စားလှယ် ယွန်နာကျောင်းက ချက်ချင်းပဲ စကားလမ်းကြောင်း ပြောင်းလိုက်တယ်။
“အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှု ပြဿနာတွေအပေါ် ဂျပန်ရဲ့ သဘောထား ပြောင်းလဲလာအောင် လုပ်ဆောင်နိုင်ခဲ့တာက ကျွန်မတို့ လွတ်လပ်သောပြည်သူများပါတီ အဖွဲ့ဝင်တွေရဲ့ အခန်းကဏ္ဍက တကယ့်ကို အရေးပါခဲ့တယ်လို့ ယုံကြည်ပါတယ်။ မီဒီယာတွေရဲ့ မဟုတ်မမှန် လုပ်ကြံ ရေးသားမှုတွေ ရှိခဲ့ပေမဲ့ ကိုရီးယား-ဂျပန် ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ဖို့ ကျွန်မတို့ ပါတီဝင်တွေရဲ့ ကြိုးပမ်းမှုကနေ ဒီလို သံတမန်ရေးရာ အောင်မြင်မှုကို ရရှိခဲ့တာပါ…”
ယွန်နာကျောင်းရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကြောင့် နေရာအနှံ့ကနေ ကန့်ကွက်သံတွေ ထွက်ပေါ်လာပြီး သတင်းစာ ရှင်းလင်းပွဲ ခန်းမတစ်ခုလုံး ရုန်းရင်းဆန်ခတ် ဖြစ်သွားခဲ့တယ်။ ကိုယ်စားလှယ် ယွန်နာကျောင်းရဲ့ ခေါင်းပေါ်မှာတော့ ဗီနိုင်းဆိုင်းဘုတ်တစ်ခုက လွင့်ပျံနေခဲ့ပြီး အဲဒီထဲမှာ ‘ဂျပန်မှာ LDP ပါတီ ပြန်လည် အာဏာရရှိရေးနဲ့ ဝန်ကြီးချုပ် အိုကာဇာကီရဲ့ LDP ကြီးစိုးမှုစနစ် ထူထောင်ရေး’ လို့ ရေးထားပါတယ်။
-ဟမ်။ အမှတ်ယူဖို့အတွက် နင်တို့က ဘာတွေများ လုပ်ခဲ့လို့လဲ။
-လွတ်လပ်သောပြည်သူများပါတီက ဘာတွေ ကြိုးစားခဲ့လို့လဲ။
-ဒါဆို အိမ်ပြာတော်နဲ့ နိုင်ငံရေးသစ်ပါတီကြောင့် အောင်မြင်တာလို့ ပြောချင်တာလား။
-မဟုတ်ဘူး။ အိမ်ပြာတော်နဲ့ နိုင်ငံရေးသစ်ပါတီလည်း ဘာမှ မလုပ်ခဲ့ဘူးလေ။ ကန်ဂျင်ဟူ တစ်ယောက်ထဲ လုပ်သွားတာပါဟ။ ဟားဟား။
-ဒါနဲ့ အဲဒီ ဗီနိုင်းက ဘာလဲ။ ဓာတ်ပုံကိုပြင်ထားတာ မဟုတ်လား။
-သေချာတာပေါ့၊ ပြင်ထားတာ ဖြစ်မှာပါ။ မြောက်ကိုရီးယားလိုလားတဲ့ လက်ဝဲသမား မီဒီယာတွေက မျိုးချစ် ကွန်ဆာဗေးတစ် လွတ်လပ်သောပြည်သူများပါတီကို ဒီလို ဖန်တီးထားတဲ့ ဓာတ်ပုံနဲ့ စွပ်စွဲရဲတယ်ပေါ့လေ။ သတင်းအမှား ဖြန့်ဝေမှုနဲ့ တရားစွဲပြီး ချက်ချင်း ထောင်ထဲ ထည့်ရမယ်။
-ဟားဟား၊ မယုံနိုင်စရာပဲ၊ ဒါပေမဲ့ အဲဒါ တကယ်ကြီးပဲလေ။
-ဟာ။ အဲ့ဒီစာသားက တကယ် ဖြစ်နိုင်လို့လား။ ကိုရီးယားလွှတ်တော်ဆိုတာက ဂျပန် လွှတ်တော်မှ မဟုတ်တာ။
-ဒါပေမဲ့ ကန်ဂျင်ဟူကတော့ တကယ်ပဲ လန်းတယ်။ ဂျပန်ကို တစ်ယောက်ထဲနဲ့ အလဲထိုးလိုက်တာလား။
-စီးပွားရေးနဲ့ အဆင့်မြင့် နည်းပညာ ရှိဖို့က ဒီလောက်တောင် အရေးကြီးတာလား။
-ဟားဟား၊ သူက အဲဒီ ယန်း သိန်းပေါင်း ၂ ကုဋေကျော်ပိုက်ဆံတွေကို တစ်ပြားမှ ပြန်မပေးဘဲ အကုန် သိမ်းထားတာပဲ။
-ကန်ဂျင်ဟူသာ တိုယိုတာ ရှယ်ယာတွေကို ကိုင်ထားသေးရင် ညှိနှိုင်းဖို့ မျှော်လင့်ချက်က ရှိချင်ရှိဦးမယ်။ ဒါပေမဲ့ သူက ဈေးကွက်ထဲမှာ အကုန်ရောင်းပြီး ပိုက်ဆံက ယူသွားပြီလေ။ အခုချိန်မှာ ပြန်ပေးဖို့က မဖြစ်နိုင်သလောက်ပဲ။
-သနားစရာ ယွန်-ကာဇာကီ ရေ။
-လွတ်လပ်သောပြည်သူများပါတီအနေနဲ့ ဂျပန်အတွက် မတ်တပ်ရပ်ပေးရမယ့် အချိန်ပဲ။ သူတို့အားလုံး ကန့်ကွက်တဲ့အနေနဲ့ လွှတ်တော်အမတ် ရာထူးတွေကနေ နုတ်ထွက်သင့်တယ်။
-ဟုတ်တယ်၊ ကိုယ်စားလှယ် ယွန်နာကျောင်းက ဦးဆောင်ပြီး ခေါင်းတုံးတုံးပြီး အစိုးရဆန့်ကျင်ရေး တိုက်ပွဲကို ဦးဆောင်သင့်တယ်။
ကြေညာချက် ထွက်ပြီးနောက်မှာ ဂျပန်က ပိတ်ဆို့မှုတွေကို တိတ်တဆိတ် ရုပ်သိမ်းလိုက်ပြီး ကုန်ကြမ်းတွေနဲ့ အစိတ်အပိုင်းတွေ တင်ဆောင်လာတဲ့ ကွန်တိန်နာ သင်္ဘောတွေက ကိုရီးယား ရေလက်ကြားကို မြန်မြန်ဆန်ဆန်ပဲ ဖြတ်ကျော်လာခဲ့ကြတယ်။
ကိုရီးယားနဲ့ ဂျပန် ဆက်ဆံရေးက ပြန်လည် နွေးထွေးလာတာကြောင့် ရုရှားနဲ့ တရုတ်တို့ကလည်း သူတို့ရဲ့ သဘောထားတွေကို ပြောင်းလဲခဲ့ကြတယ်။ Rosatomက TWR ပရောဂျက်မှာ ဂျပန် နျူကလီးယား စွမ်းအင် ကုမ္ပဏီတွေကို ပြန်လည် ထည့်သွင်းဖို့ ဆုံးဖြတ်ခဲ့သလို တရုတ်ကလည်း ဂျပန်ဆန့်ကျင်ရေး စိတ်ဓာတ်တွေကို လျှော့ချပြီး ဂျပန်ဆီ အုပ်စုလိုက် ခရီးသွားလာခွင့်ကို ပြန်လည် ခွင့်ပြုခဲ့တယ်။
ဒီအခြေအနေကို စောင့်ကြည့်နေတဲ့ ဥရောပနဲ့ အမေရိကန် မော်တော်ယာဉ် ထုတ်လုပ်သူတွေက ဂျပန် ကုမ္ပဏီတွေဆီ ပစ္စည်းတွေ ပြန်လည် မှာယူခဲ့ကြတာကြောင့် ဂျပန်က သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းတွေက သက်ပြင်းချနိုင်ခဲ့ကြတယ်။
ဂျပန်တစ်ခုလုံးကလည်း ကြိုဆိုနေကြပေမဲ့ ဂျပန်ဆန်းသစ်တီထွင်မှုပါတီရဲ့ ဥက္ကဌ ကာတို နာကာမူရာ တစ်ယောက်ပဲ ဝန်ကြီးချုပ် အိုကာဇာကီနဲ့ ကိုရီးယားကို ပြစ်တင် ဝေဖန်ဖို့ အသံကျယ်နေခဲ့တယ်။
“ဒါက ဂျပန်ရဲ့ အရှက်ရစရာ သံတမန်ရေးရှုံးနိမ့်မှုပဲ။ ကိုရီးယားကို ခေါင်းငုံ့ရတာ မရှက်ဘူးလား။ ကိုရီးယားဘက်က တောင်းပန်မှုနဲ့ လျော်ကြေး မရမချင်း ပိတ်ဆို့မှုတွေကို မရုပ်သိမ်းသင့်ဘူး”
အရင်ကဆိုရင် သူ့ရဲ့ ထောက်ခံသူတွေက ဒီလို စကားမျိုးကို အားပေးကြမှာ ဖြစ်ပေမဲ့ အခုတစ်ခေါက်တော့ ဆန့်ကျင်ဘက် ဖြစ်သွားခဲ့တယ်။ ကိုယ်က အရင် ထိုးတာနဲ့ အထိုးခံရတာက အခြေအနေချင်း မတူဘူးလေ။
ဂျပန် စီးပွားရေး အဖွဲ့အစည်းတစ်ခုက ဂျပန်ဆန်းသစ်တီထွင်မှုပါတီကို ပြင်းပြင်းထန်ထန် ဝေဖန်တဲ့ ပူးတွဲ ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့တယ်။
“ကိုယ်တိုင် ပိတ်ဆို့မှုတွေ လုပ်နေလို့ ဘာများ ရလာမှာလဲ”
“ဂျပန် ကုမ္ပဏီတွေကိုပဲ နစ်နာစေတဲ့ ပိတ်ဆို့မှုတွေကို ဘာလို့ ဆက်လုပ်နေမှာလဲ”
“ကိုရီးယားက အရင်လို အနိုင်ကျင့်လို့ ရတဲ့ နိုင်ငံ မဟုတ်တော့တာကို ဘာလို့ နားမလည်ကြတာလဲ”
“ဥက္ကဌ ကာတိုအနေနဲ့ စကားပဲ ပြောမနေဘဲ ကန့်ကွက်တဲ့အနေနဲ့ ဗိုက်ခွဲ အသေခံလိုက်ပါလား”
တက်ဂယူက ကျွန်တော့်ဆီဖုန်းဆက်ခဲ့တယ်။
[ဘာလဲကွာ။ ဘာလို့ အခုကတည်းက ရပ်လိုက်တာလဲ။ ကိုယ်စားလှယ် ယွန်နာကျောင်းက ဂျပန်ကို အကြပ်ရိုက်အောင် မလုပ်ပါနဲ့လို့ ပြောလို့ ရပ်လိုက်တာလား]
“…သူက အဲဒီလို ပြောလို့လား”
ကျွန်တော်က လွတ်လပ်သောပြည်သူများပါတီ ပြောတာတွေကို စိတ်မဝင်စားလို့ မသိခဲ့ပါဘူး။
“ရပ်ရမယ့် အချိန်တန်ပြီ မဟုတ်လား။ ရိုနယ်ကလည်း ငါ့ကို ဖြည်းဖြည်းချင်း လုပ်ဖို့ ပြောထားတယ်ကွ”
ဂျပန်ရဲ့ စည်းရုံးမှုတွေကြောင့် ဝါရှင်တန် နိုင်ငံရေး နယ်ပယ်က ကြားဝင် စွက်ဖက်မယ့် အခြေအနေကို ရိုနယ်က အတင်းအကြပ် တားဆီးပေးထားခဲ့တာ ဖြစ်ပါတယ်။ တကယ်လို့ ဒီထက်မက ပဋိပက္ခ ပိုကြီးထွားလာရင် အမေရိကန်က ကြားဝင် စေ့စပ်ပေးတော့မှာလေ။
[နှမြောစရာပဲ။ အဆုံးအထိ ဆက်သွားရင် တကယ့်ကို ပျော်စရာ ကောင်းမှာ]
“သိပ်ပြီးတော့ ပျော်စရာ ကောင်းမှာ မဟုတ်ပါဘူးကွာ။ ဆန်ကာကူ ကျွန်းစု ပဋိပက္ခတုန်းက ဘာဖြစ်ခဲ့လဲဆိုတာ ပြန်စဉ်းစားကြည့်ဦး”
၂၀၁၀ ပြည့်နှစ်တုန်းက ဂျပန်က ဆန်ကာကူ ကျွန်းစု အနီးမှာ ငါးဖမ်းနေတဲ့ တရုတ် ငါးဖမ်းသင်္ဘော ကပ္ပတိန်ကို ဖမ်းဆီးခဲ့တာကြောင့် တရုတ်က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ဖူးပါတယ်။
တရုတ်အစိုးရက သူတို့ရဲ့ ထုံးစံအတိုင်း ဂျပန်ဆီ ခရီးသွားလာခွင့် ပိတ်ပင်တာ၊ ရှားပါးသတ္တု တင်ပို့မှု ရပ်ဆိုင်းတာတွေနဲ့ ဂျပန်အစိုးရကို ဖိအားပေးခဲ့တယ်။ နောက်ဆုံးမှာတော့ ဂျပန်က တရုတ် ကပ္ပတိန်ကို ဘာပြစ်ဒဏ်မှ မပေးဘဲ လွှတ်ပေးခဲ့ရတယ်။ ဒါပေမဲ့ တရုတ်က အဲဒီထက်မကဘဲ အစိုးရအဆင့် တောင်းပန်မှုနဲ့ လျော်ကြေးပါ တောင်းဆိုခဲ့တာကြောင့် ဂျပန်က ခေါင်းငုံ့ခဲ့ရတယ်။
ဒီအဆင့်အထိ ကြည့်ရင် တရုတ်က ပြီးပြည့်စုံတဲ့ အောင်ပွဲ ရခဲ့တယ်လို့ ထင်ရပေမဲ့ လက်တွေ့ကတော့ မတူခဲ့ပါဘူး။
ဒီဖြစ်ရပ်ကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးက အဆိုးရွားဆုံး ဖြစ်သွားခဲ့ပြီး ဂျပန်ပြည်သူတွေက အရှက်ရစရာ သံတမန်ရေးကြောင့် ဒေါသထွက်ခဲ့ကြတယ်။ အာဏာရခါစ ဒီမိုကရက်တစ်ပါတီရဲ့ ထောက်ခံမှုနှုန်းက ထိုးကျသွားခဲ့ပြီး နောက်ဆုံးမှာ LDP ပါတီ ပြန်လည် အာဏာရလာကာ ဝန်ကြီးချုပ် အိုကာဇာကီ ပေါ်ထွက်လာဖို့ အကြောင်းရင်း ဖြစ်ခဲ့ရတယ်။
တရုတ်ရဲ့ အမြင်မှာတော့ သူတို့နဲ့ ရင်းနှီးတဲ့ အစိုးရကို ကိုယ်တိုင် ဖြုတ်ချလိုက်သလိုမျိုး အမှားတစ်ခု ဖြစ်ခဲ့တာပါ။ ဒါ့အပြင် တရုတ်က ရှားပါးသတ္တုတွေကို လက်နက်တစ်ခုလို သုံးပြီး ဂျပန်ကို အချိန်မရွေး ဖိအားပေးနိုင်တယ်ဆိုတာကို သိသွားကြတာကြောင့် ဂျပန်က ရှားပါးသတ္တုတင်သွင်းတဲ့ လမ်းကြောင်းတွေကို စုံလင်အောင် ပြုလုပ်ခဲ့သလို လျှပ်စစ် စွန့်ပစ်ပစ္စည်းတွေထဲကနေ ရှားပါးသတ္တုတွေ ထုတ်ယူမယ့် နည်းပညာကို ဖွံ့ဖြိုးအောင် လုပ်ဆောင်ခဲ့ပြီး တရုတ်အပေါ် မှီခိုမှုကို သိသိသာသာ လျှော့ချနိုင်ခဲ့တယ်။ ဒါ့အပြင် ဂျပန်ရဲ့ရင်းနှီးမြုတ်နှံမှုတွေကလည်း မရေရာမှုတွေကြောင့် ပြန်လည် ထွက်ခွာသွားခဲ့လို့ တရုတ် စီးပွားရေးကိုပါ ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်စေခဲ့တယ်။
တကယ်လို့ ကျွန်တော်သာ မရပ်ခဲ့ရင် ဂျပန်ကလည်း အဆုံးအထိ ရင်ဆိုင်ဖို့ ဆုံးဖြတ်သွားမှာပါပဲ။ ဒါကြောင့် အခုလို အချိန်မှာ သူတို့ ကမ်းလှမ်းလာတဲ့ လက်ကို အလိုက်သင့် အသိအမှတ်ပြုပြီး လက်ခံလိုက်တာက အကောင်းဆုံးပဲလေ။
“ဂျပန်က ဘယ်လောက်ပဲ အခက်အခဲ ဖြစ်နေတယ် ပြောပြော၊ သူတို့က တကယ်ပဲ ပြိုလဲသွားမှာမလို့လား”
ကမ္ဘာပေါ်မှာ ကိုရီးယား တစ်နိုင်ငံထဲပဲ ဂျပန်ကို အထင်သေးတယ်လို့ ပြောကြသလိုမျိုး ဂျပန်ရဲ့ စီးပွားရေး အင်အားက တကယ်တော့ မယုံနိုင်စရာ ပမာဏ ရှိတာပါ။
အရှေ့အာရှက ကျွန်းနိုင်ငံလေးတစ်နိုင်ငံရဲ့ GDPက ဂျာမနီ၊ ယူကေနဲ့ ပြင်သစ်တို့ထက် ပိုမြင့်နေတာလေ။ ပြီးတော့ အဲဒီGDPနဲ့ ညီမျှတဲ့ ကြီးမားတဲ့ ပြည်တွင်း ဈေးကွက်ကိုလည်း ပိုင်ဆိုင်ထားသေးတယ်။ ဂျပန်က နျူကလီးယား စွမ်းအင် ဒါမှမဟုတ် မော်တော်ယာဉ် ကဏ္ဍမှာ နောက်ကျကျန်ခဲ့ရုံနဲ့တင် လွယ်လွယ်နဲ့ ပြိုလဲသွားမယ့် နိုင်ငံမျိုး မဟုတ်ပါဘူး။
ဘယ်လိုပဲ ဖြစ်ဖြစ် ဂျပန်က ကိုရီးယားအတွက် အရေးပါတဲ့ မိတ်ဖက်တစ်ခုပါ။ ဒါက သံတမန်ရေးနဲ့ စစ်ရေးအရတင် မကဘဲ စီးပွားရေးအရလည်း ပိုပြီး မှန်ကန်ပါတယ်။ ဆက်ဆံရေး ပိုပြီး ဆိုးရွားသွားတာက ကိုရီးယားအတွက်လည်း မကောင်းပါဘူး။
ကုန်သွယ်မှုဆိုတာ တစ်ဖက်က ရှုံးရင် တစ်ဖက်က နိုင်ရမယ်ဆိုတဲ့ ဥပဒေဿမျိုး မဟုတ်ပါဘူး။ ကုန်စည်ပို့ဆောင်ရေးက တန်ဖိုးမြှင့်တင်မှုကို ဖန်တီးပေးသလိုမျိုး ကုန်သွယ်မှုကလည်း နှစ်ဖက်စလုံးအတွက် ကြီးမားတဲ့ အကျိုးအမြတ်ကို ယူဆောင်လာပေးတာပါ။
တကယ်တော့ ဂျပန်ဟာ ကမ္ဘာ့ ဒုတိယ အကြီးဆုံး စီးပွားရေးနိုင်ငံ ဖြစ်လာဖို့အတွက် ကိုရီးယားရဲ့ အခန်းကဏ္ဍက အများကြီး ပါဝင်ခဲ့ပါတယ်။
ကိုရီးယားစစ်ပွဲကြောင့် စီးပွားရေး အရှိန်ရခဲ့တာ ရှိသလို နောက်ပိုင်းမှာလည်း ကိုရီးယား စီးပွားရေးက "ဟန်မြစ်ရဲ့ အံ့ဖွယ်" လို့ ခေါ်ရလောက်အောင် ကြီးမားစွာ တိုးတက်လာခဲ့တယ်။ ဂျပန်ရဲ့ အမြင်မှာတော့ အိမ်နီးနားချင်းမှာတင် ကြီးမားတဲ့ ဈေးကွက်ကြီးတစ်ခု ပေါ်ထွက်လာခဲ့တာပဲလေ။
တည့်တည့်ပြောရရင် ကိုလိုနီစနစ်နဲ့ ခေါင်းပုံဖြတ်လို့ ရတဲ့ အမြတ်အစွန်းက နောက်ပိုင်း ကုန်သွယ်မှုကနေ ရတဲ့ အမြတ်အစွန်းနဲ့ နှိုင်းယှဉ်ရင် ဘာမှ မဟုတ်တော့ပါဘူး။
လက်တွေ့မှာ နယ်ချဲ့ခေတ်တုန်းက မဟာအင်အားကြီး နိုင်ငံတွေ လုပ်ခဲ့တဲ့ ကိုလိုနီ အုပ်ချုပ်ရေးက သိပ်ပြီး တွက်ခြေမကိုက်တော့ဘူးလေ။ ကိုလိုနီ နယ်မြေတွေမှာ အခြေခံ အဆောက်အဦး တည်ဆောက်တာနဲ့ စီမံခန့်ခွဲမှု ကုန်ကျစရိတ်တွေက ရရှိလာတဲ့ အကျိုးအမြတ်ထက် ပိုများနေတာမျိုး ဒါမှမဟုတ် ကိုလိုနီ နယ်မြေ ဖွံ့ဖြိုးတိုးတက်ရေးကို အာရုံစိုက်နေရလို့ မိခင်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုပါ ဘေးဖယ်ထားရတာမျိုးလိုမျိုး ကြီးမားတဲ့ ဆိုးကျိုးတွေ ရှိခဲ့တာပါ။
ကိုလိုနီစနစ် ပျောက်ကွယ်သွားတာက ကျွန်စနစ် ပျောက်ကွယ်သွားတဲ့ အကြောင်းရင်းနဲ့ အတူတူပါပဲ။
အလုပ်လုပ်ချင်စိတ် မရှိဘဲ အမြဲတမ်း ထွက်ပြေးဖို့ပဲ ကြံစည်နေပြီး အမြဲတမ်း စောင့်ကြည့်နေရတဲ့ ကျွန်တွေကို သုံးမယ့်အစား လုပ်ခလစာပေးပြီး ကိုယ့်သဘောနဲ့ကိုယ် အလုပ်လုပ်မယ့် အလုပ်သမားတွေကို ငှားရမ်းတာက ပိုပြီး ထိရောက်ပါတယ်။ ပိုပြီး အရေးကြီးတာက ကျွန်တွေက ပစ္စည်းတွေ မဝယ်ကြပေမဲ့ အလုပ်သမားတွေကတော့ သူတို့ရဲ့ ဝယ်ယူသုံးစွဲမှုတွေကတစ်ဆင့် စီးပွားရေးလုပ်ငန်းတွေကို ပိုပြီး ချမ်းသာကြွယ်ဝစေတာလေ။
ဒီလိုပဲ တခြားနိုင်ငံတွေကို သေနတ် ထောက်ပြီး ကိုလိုနီစနစ်နဲ့ လုယက်တာထက် စီးပွားရေးကို ဖွံ့ဖြိုးစေပြီး ကုန်သွယ်မှုကတစ်ဆင့် အမြတ်အစွန်း ရှာတာက အဆပေါင်းများစွာ ပိုပြီး ထိရောက်ပါတယ်။
ဆင်းရဲတဲ့ နိုင်ငံတစ်နိုင်ငံက အသက်မွေးဝမ်းကျောင်း ပြုနိုင်လာတဲ့အခါ ပြည်သူတွေက အဝတ်အထည်တွေ၊ စမတ်ဖုန်းတွေနဲ့ ကားတွေကို ဝယ်ယူကြမှာပဲ။ ပြီးတော့ စမတ်ဖုန်း သုံးဖို့အတွက် အခြေခံအဆောက်အဦးတွေကို ဆောက်ရပါမယ်၊ ကားမောင်းဖို့အတွက် လမ်းတွေ ဖောက်ရပါမယ်။ အဲဒီလောက်အထိ ဈေးကွက်သစ်တစ်ခု ပေါ်ထွက်လာတာပါ။
ဖွံ့ဖြိုးပြီး နိုင်ငံတွေက ဆင်းရဲတဲ့ နိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေကို ပုံစံအမျိုးမျိုးနဲ့ ကူညီ ပံ့ပိုးပေးနေတာက သဘောကောင်းလို့ မဟုတ်ဘဲ အမြတ်ထွက်လို့ ဖြစ်ပါတယ်။
အရင်က အမေရိကန်ရဲ့ အကူအညီကို ရရှိခဲ့တဲ့ ကိုရီးယားက အခုဆိုရင် အမေရိကန်ရဲ့ အရေးပါတဲ့ မဟာမိတ် ဖြစ်နေသလိုမျိုးပေါ့။
“အမေရိကန်တင် မဟုတ်ဘူး၊ ရုရှားလည်း အစကတည်းက ဂျပန်ကို TWR ပရောဂျက်ကနေ လုံးဝ ဖယ်ထုတ်ဖို့ ဒါမှမဟုတ် ဂျပန်ရဲ့ ရင်းနှီးမြုတ်နှံမှုတွေကို ပြန်ရုပ်သိမ်းခိုင်းဖို့ ရည်ရွယ်ချက် ရှိခဲ့တာ မဟုတ်ဘူး။ သူတို့က စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ နယ်မြေ ပဋိပက္ခတွေမှာ အသာစီး ရဖို့အတွက် ငါ့ဘက်ကနေ ခဏလောက် လိုက်ပါ ကစားပေးခဲ့ကြတာလေ”
ဒါတွေကြောင့်လည်း ကျွန်တော်တို့ နှစ်ဦးနှစ်ဖက်လုံး အကျိုးရှိမယ့် ရလဒ်ကို ရရှိခဲ့တာပါ။ သမ္မတ ဗိုင်ဆော့စကီးကလည်း သူ့ရဲ့ ထောက်ခံမှုနှုန်း သိသိသာသာ တိုးတက်လာတာကြောင့် တကယ့်ကို သဘောကျနေခဲ့ပါပြီ။
တက်ဂယူက တံတွေးမျိုချလိုက်တယ်။
[ဟင်း… ဒါဆိုလည်း မတတ်နိုင်ဘူးပေါ့။ ဒါဆို ဥရောပ ကုမ္ပဏီတွေနဲ့ လုပ်နေတဲ့ ဝယ်ယူရေး ညှိနှိုင်းမှုတွေကိုပါ ရပ်လိုက်တော့မှာလား။]
“ဘာတွေ ပြောနေတာလဲ။ ဒါက သီးခြား ကိစ္စလေ။ အဲဒီ ကိစ္စကတော့ အခုမှ စတင်ရုံပဲ ရှိသေးတာ”
ထပ်ပြီး ပြောရရင် ဂျပန်တစ်နိုင်ငံထဲနဲ့တင် ကုန်သွယ်မှု လိုငွေပြမှုက တစ်နှစ်ကို ဝမ် သိန်းပေါင်း ကုဋေ၃၀ ရှိပါတယ်။ တင်သွင်းလာတဲ့ ကုန်ကြမ်းတွေနဲ့ အစိတ်အပိုင်းတွေကို ပြုပြင်မွမ်းမံပြီး တခြားနိုင်ငံတွေကို ပြန်လည် ရောင်းချပြီး အမြတ်အစွန်း ရှာနေတာ ဖြစ်လို့ လက်တွေ့မှာ အသားတင် အမြတ် ရနေတာ မှန်ပေမဲ့ ကုန်သွယ်မှုအပေါ် မြင့်မားစွာ မှီခိုနေရတာက ပြင်းထန်တဲ့ ပြဿနာတစ်ခုပါပဲ။
ကိုရီးယား-ဂျပန် ဆက်ဆံရေး ဘယ်လိုပဲ ဖြစ်ဖြစ်၊ တင်သွင်းတဲ့ လမ်းကြောင်းတွေကို စုံလင်အောင် လုပ်မယ့် ကျွန်တော့်ရဲ့ အစီအစဉ်ကတော့ ပြောင်းလဲမှာ မဟုတ်ပါဘူး။
တရုတ်က ရှားပါးသတ္တု တင်ပို့မှု ပိတ်ဆို့တုန်းက ဂျပန်က တင်သွင်းတဲ့ လမ်းကြောင်းတွေကို စုံလင်အောင် ပြုလုပ်ပြီး နည်းပညာသစ်တွေ တီထွင်ခဲ့သလိုမျိုး ကိုရီးယားလည်း ဒီလိုပဲ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။
ဂျပန်က ပိတ်ဆို့မှုတွေကို ရုပ်သိမ်းလိုက်တာကြောင့် အခုအချိန်မှာ ပြာပြာသလဲ ဖြစ်နေရတာက ဥရောပ ကုမ္ပဏီတွေပဲ ဖြစ်ပါတယ်။ ကိုရီးယား ဝယ်ယူသူတွေအနေနဲ့ အခုဆိုရင် နှစ်ဖက်စလုံးကို အပြိုင်အဆိုင် ဖြစ်စေပြီး ပိုပြီး ကောင်းမွန်တဲ့ ကမ်းလှမ်းချက်ကို ပေးမယ့်သူနဲ့ စာချုပ် ချုပ်ဆိုနိုင်ပြီလေ။
[အိုး… မိုက်တယ်ကွ]
တကယ်တော့ ဒါက ကျွန်တော့် အိုင်ဒီယာ မဟုတ်ပါဘူး။
“ဒါက အစ်မ ဟျွန်းဂျူးရဲ့ အိုင်ဒီယာပါကွာ”
အစ်မ ဟျွန်းဂျူးက အခြေအနေတွေက ဒီလို ဖြစ်လာလိမ့်မယ်လို့ ကြိုတင် ခန့်မှန်းထားခဲ့ပြီး နောက်ထပ် ဘာဆက်လုပ်ရမလဲ ဆိုတာကိုပါ ကျွန်တော့်ကို ပြောပြထားခဲ့တာပါ။ အနာဂတ်ကို ကြိုမြင်နေသလိုမျိုး အတိအကျ ခန့်မှန်းနိုင်ခဲ့တာက တကယ့်ကို အံ့သြစရာပါပဲ။
ဒီလို အရည်အချင်းမျိုး ရှိလို့လည်း Golden Gateရဲ့ အကြီးအကဲ ဖြစ်လာနိုင်တာပါ။