အခန်း ၃၈၄
Vol. 39 Ch. 384
အခန်း (၃၈၄)
ကန်ဂျင်ဟူ ဂျာမနီကို လာလည်တဲ့ ကိစ္စက ဂျာမနီတင်မကဘဲ ဥရောပတစ်ခုလုံးမှာပါ အဓိက ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့တယ်။
ဒါကလည်း ဖြစ်သင့်ပါတယ်။ သူက ငယ်ငယ်ရွယ်ရွယ်နဲ့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်နေတာလေ။ အဲဒီလောက် ကြီးမားတဲ့ ငွေကြေးအင်အားနဲ့ဆိုရင် နိုင်ငံတွေကိုပါ စိတ်တိုင်းကျ လွှမ်းမိုးနိုင်စွမ်း ရှိပါတယ်။ သူ ရှိနေတာကြောင့် ကိုရီးယားနိုင်ငံရဲ့ နိုင်ငံတကာ အဆင့်အတန်းက ဘယ်လောက်တောင် ပြောင်းလဲသွားလဲဆိုတာ ကြည့်ရုံနဲ့တင် သိနိုင်တယ်လေ။
ပိုပြီး အရေးကြီးတာက သူက အခုထိ လူပျိုကြီး ဖြစ်နေသေးတာပါ။
ဥရောပက တော်ဝင်မိသားစုတွေ၊ မျိုးရိုးမြင့် မင်းစိုးရာဇာတွေနဲ့ သူဌေးတွေအားလုံးက ကန်ဂျင်ဟူကို မျက်စိကျနေကြသလို နာမည်ကြီး အနုပညာရှင်တွေ၊ မော်ဒယ်တွေနဲ့ သာမန် အမျိုးသမီးတွေပါ စင်ဒရဲလား အိပ်မက်ကို မက်နေကြတာပါ။
သူတို့က ကန်ဂျင်ဟူရဲ့ အာရုံစိုက်မှုကို ရဖို့အတွက် ပါတီပွဲတွေ ဖိတ်တာ၊ တွေ့ဆုံပွဲတွေမှာ သမီးဖြစ်သူတွေကို ခေါ်လာတာမျိုး စတဲ့ နည်းလမ်းမျိုးစုံ သုံးခဲ့ကြပေမဲ့ ကန်ဂျင်ဟူကတော့ သွားလေရာကို သူ့ရည်းစားကိုပဲ အမြဲ ခေါ်သွားလေ့ရှိပါတယ်။ ပြီးတော့ အဲဒီရည်းစားကလည်း ပါရီ ဒါမှမဟုတ် မီလန်မှာ မော်ဒယ်လုပ်ရင်တောင် မော်ဒယ်လောကကို လွှမ်းမိုးနိုင်လောက်တဲ့ အလှအပမျိုးကို ပိုင်ဆိုင်ထားတာပါ။
သူတို့နှစ်ယောက် အတူတူ နေထိုင်နေကြတယ်ဆိုတာကလည်း လူတိုင်းသိတဲ့ အချက် ဖြစ်နေပါပြီ။ ဟုတ်ပါတယ်၊ ချစ်သူအဖြစ် တွဲနေတာက အချိန်မရွေး ပြီးဆုံးသွားနိုင်ပေမဲ့... သူတို့က ပွဲတိုင်းကို အတူတူ တက်ရောက်နေကြတာကြောင့် တခြားအမျိုးသမီးတွေ အတွက် ကန်ဂျင်ဟူနားကို ကပ်ဖို့ အခွင့်အရေးတောင် မရှိခဲ့ပါဘူး။
ဒါကြောင့် သူတို့ကြားထဲမှာ အကြံသစ်တစ်ခု ဖြစ်ပေါ်လာခဲ့တယ်။
"ဒုဥက္ကဌကော မလာဘူးလား”
"အာ… ဒုဥက္ကဌကို မြင်ဖူးချင်လိုက်တာ”
"ဒုတိယအဆင့်ရှိတဲ့သူဆိုရင်လည်း အဆင်ပြေတာပဲလေ”
"ကန်ဂျင်ဟူလောက် မဟုတ်ရင်တောင် သူက ကမ္ဘာ့ ဒုတိယ အချမ်းသာဆုံးလူ မဟုတ်လား”
"ကောလာဟလတွေအရတော့ သူက ကန်ဂျင်ဟူရဲ့ နောက်ကွယ်က တကယ့် အာဏာရှိသူလို့ ပြောကြတယ်..."
"ငါ ကိုရီးယားကို သွားရင် သူ့ကို တွေ့နိုင်မလား”
အဲဒီအတွေးတွေကို ဘာမှမသိရှာတဲ့ တက်ဂယူကတော့ ဆိုဖာပေါ်မှာ လှဲလျောင်းရင်း ပျော်စရာ အချိန်တွေကို ဇိမ်နဲ့ ဖြတ်သန်းနေပါတယ်။
စီးပွားရေးပညာမှာတော့ လက်ဝါးကြီးအုပ်မှုတွေက ဈေးကွက်ကို ထိခိုက်စေပါတယ်။
ဈေးကွက်ရဲ့ အခြေခံမူတွေကို ပျက်ပြားစေတာ မှန်ပေမဲ့ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရင် လက်ဝါးကြီးအုပ်ထားတဲ့ ကုမ္ပဏီ တော်တော်များများကို တွေ့နိုင်ပါတယ်။ မိုက်ခရိုဆော့ဖ်ရဲ့ Windows၊ Goobleရဲ့ ရှာဖွေရေးအင်ဂျင်နဲ့ Andromeda OS၊ Adobeရဲ့ ဆော့ဖ်ဝဲတွေ၊ Intelရဲ့ ကွန်ပျူတာ CPUတွေ၊ Qualcommရဲ့စမတ်ဖုန်း APsစသဖြင့်ပေါ့။
CarOS ကလည်း အလိုအလျောက် မောင်းနှင်မှု ကဏ္ဍမှာ လက်ဝါးကြီးအုပ် အနေအထား ရှိနေပေမဲ့ မိုက်ခရိုဆော့ဖ်လိုပဲ ဆော့ဖ်ဝဲကို ပြန်လည် ရောင်းချတဲ့ မဟာဗျူဟာကို သုံးခဲ့တယ်။ ဒါကြောင့် တခြားကားကုမ္ပဏီတွေက သတ်မှတ်ထားတဲ့ အခကြေးငွေ ပေးရုံနဲ့ CarOS ရဲ့ ဆော့ဖ်ဝဲကို သုံးနိုင်ကြပါတယ်။ ကားတွေက ကွန်ပျူတာထက် ပိုဈေးကြီးတာကြောင့် အခကြေးငွေကတော့ ပိုပြီး မြင့်မားမှာပေါ့လေ။
CarOS ရဲ့ ဂေဟစနစ်ထဲ ဝင်မလား ဒါမှမဟုတ် ကိုယ်ပိုင်စနစ် ဖန်တီးမလားဆိုတာက GM၊ Fordနဲ့ အွန်ဆောင်း မော်တာတို့လို ကုမ္ပဏီတွေရဲ့ ရွေးချယ်မှုပဲ ဖြစ်ပါတယ်။
ဂျာမန် ကားထုတ်လုပ်သူတွေက နေ့တိုင်း အစည်းအဝေးတွေ ကျင်းပနေခဲ့ကြတယ်။ CarOS က တစ်ကောင်ထဲ အရှိန်ပြင်းပြင်း ပြေးနေတာကြောင့် ဂျာမန် 'Big Three' လို့ ခေါ်တဲ့ ကုမ္ပဏီကြီး သုံးခုက အလိုအလျောက် မောင်းနှင်မှုနဲ့ လျှပ်စစ်ကားတွေကို ပူးတွဲ ဖွံ့ဖြိုးအောင် လုပ်ဖို့ စုစည်းခဲ့ကြတယ်။ သူတို့က ဂျာမန် မော်တော်ယာဉ် နည်းပညာရဲ့ ထိပ်တန်း အဆင့်အတန်းကို ယုံကြည်ပြီး ပြန်လိုက်မီနိုင်မယ်လို့ ထင်ခဲ့ကြပေမဲ့ ရလဒ်တွေကတော့ မျှော်လင့်သလောက် ဖြစ်မလာခဲ့ပါဘူး။
အမှန်အတိုင်း ပြောရရင် ဂျာမန် မော်တော်ယာဉ် နည်းပညာအကြောင်းကို အထူး ရှင်းပြနေစရာ မလိုပါဘူး။ အင်ဂျင်နဲ့ ဂီယာစနစ်တင် မကဘဲ ဒီဇိုင်း၊ ရွေးချယ်စရာ စနစ်မျိုးစုံနဲ့ အဆင်ပြေမှုတွေက အတုမရှိ ကောင်းမွန်တာပါ။
CarOS က အများကြီး တိုးတက်လာခဲ့တယ် ဆိုပေမဲ့ Mercedes ဒါမှမဟုတ် BMWတို့ရဲ့ ဆန်းပြားတဲ့ အတွင်းပိုင်း အလှဆင်မှု ဒါမှမဟုတ် သားရေရဲ့ ထိတွေ့မှု အရသာမျိုးကို လိုက်မီဖို့က လိုပါသေးတယ်။ ဒါပေမဲ့ ဒါက တစ်ပိုင်းပေါ့လေ။ အလိုအလျောက် မောင်းနှင်မှု နည်းပညာနဲ့ ဘတ္ထရီ နည်းပညာဘက် ရောက်လာတဲ့အခါမှာတော့ အခြေအနေက လုံးဝ တခြားစီ ဖြစ်သွားပါပြီ။
ဂျာမန် Big Three ကလည်း နိုင်ငံအသီးသီးမှာ မောင်းသူမဲ့ကား စမ်းသပ်မှုတွေ ပြီးစီးခဲ့ကြပေမဲ့ အမြောက်အမြား ထုတ်လုပ်တဲ့ အဆင့်ကိုတော့ မရောက်သေးပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ CarOS ကတော့ မောင်းသူမဲ့ တက္ကစီတွေကို စမ်းသပ် ပြေးဆွဲနေပြီ ဖြစ်လို့ နည်းပညာ ကွာဟချက်ကို ဆက်တိုက် ပိုကျယ်အောင် လုပ်နေခဲ့ပါပြီ။
သူတို့အားလုံး ရင်ထဲမှာ မကျေမနပ် ဖြစ်နေခဲ့ကြတယ်။ သမိုင်းကြောင်း ရှည်လျားတဲ့ ဂျာမန် ကုမ္ပဏီကြီး သုံးခုက ကုမ္ပဏီအသစ်တစ်ခုရဲ့ ကျော်တက်တာကို ခံလိုက်ရလိမ့်မယ်လို့ ဘယ်သူကမှ မထင်ထားဘူးလေ။ သူတို့ဘက်က အပြောင်းအလဲကို လက်ခံဖို့ နည်းနည်း နောက်ကျသွားခဲ့တာ သက်သက်ပါ။
CarOS က လက်ရှိမှာ ဥရောပဆီ တင်ပို့နေပေမဲ့ အမေရိကန် ဈေးကွက်ကိုပဲ အဓိက အာရုံစိုက်နေတာကြောင့် တင်ပို့မှု ပမာဏက သိပ်မများသေးပါဘူး။ ကားအသစ်တွေ မိတ်ဆက်တာနဲ့ မြောက်အမေရိကရဲ့ ဝယ်လိုအားကို ဖြည့်ဆည်းဖို့တင် ခက်ခဲနေတာကြောင့် တင်ပို့မှုကို တိုးချဲ့ဖို့ အကန့်အသတ် ရှိနေခဲ့ပါတယ်။
ဒါပေမဲ့ ချက်ချင်း ရောင်းရတဲ့ အရေအတွက်ထက် ပိုအရေးကြီးတာက အမှတ်တံဆိပ်ရဲ့ နာမည်ကျော်ကြားမှုပါပဲ။ CarOS က အဆင့်မြင့်ဆုံး နည်းပညာသုံး ကားဆိုတဲ့ ပုံရိပ်ကို ဥရောပမှာ အခိုင်အမာ တည်ဆောက်နိုင်ခဲ့ပါပြီ။ အခုထိ အဆင့်မြင့် ဇိမ်ခံကား အကြီးစား မော်ဒယ်တွေကို မိတ်မဆက်သေးပေမဲ့ မကြာခင်မှာ ဒီဈေးကွက်ထဲကို ဝင်လာဖို့ ရာခိုင်နှုန်း တော်တော်လေး များနေပါတယ်။
CarOS က မြောက်အမေရိက ဈေးကွက်ကို အာရုံစိုက်နေရင်တောင် GM၊ Fordနဲ့ အွန်ဆောင်း မော်တာတို့က ဥရောပမှာ စက်ရုံပေါင်း ဒါဇင်ချီ ရှိနေတာလေ။ တကယ်လို့ OTK ဘတ္ထရီ ထောက်ပံ့မှု အခြေအနေ ပိုကောင်းလာပြီး ဒီစက်ရုံတွေအားလုံးကို လျှပ်စစ်ကား စက်ရုံတွေအဖြစ် ပြောင်းလဲလိုက်ရင် ဘာဖြစ်သွားမလဲ။
ဒါ့အပြင် အီးယူက တခြားဒေသတွေထက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စည်းမျဉ်းတွေ ပိုမို တင်းကြပ်ပြီး သဘာဝပတ်ဝန်းကျင်နဲ့ လျော်ညီတဲ့ ကားတွေ တိုးပွားလာဖို့ အများကြီး ပံ့ပိုးပေးနေတာပါ။ ဂျာမနီက သူ့နိုင်ငံတွင်း ကုမ္ပဏီတွေကို ဘယ်လိုပဲ ကာကွယ်ဖို့ ကြိုးစားပေမဲ့ တခြား အီးယူ နိုင်ငံတွေကတော့ ဒီလို လုပ်မှာ မဟုတ်ပါဘူး။ ပြင်သစ်မှာဆိုရင် သမ္မတကိုယ်တိုင်က CarOS နဲ့ မဟာမိတ်ဖွဲ့ဖို့ တက်ကြွစွာ ကြိုးပမ်းနေခဲ့ပါပြီ။
ဂျပန်က မကြာသေးခင်က သူတို့ရဲ့ သဘောထားကို ပြောင်းလဲခဲ့တာကလည်း မော်တော်ယာဉ် ကဏ္ဍမှာ ရှိတဲ့ CarOS ရဲ့ အင်အားကြောင့်ပဲ ဖြစ်ပါတယ်။
လူတိုင်း ဆုံးဖြတ်ချက် မချနိုင်ဘဲ ဝေခွဲမရ ဖြစ်နေတုန်းမှာ BMW အုပ်စုရဲ့ ဥက္ကဌ တိုဘီယပ်စ် ဟီဘတ် က စကားစလိုက်တယ်။
“ကျွန်တော်တို့တွေ တွေဝေနေဖို့ အချိန်မရှိတော့ဘူး။ အချိန်တွေ ပိုကြာသွားရင် ကျွန်တော်တို့ကပဲ CarOS ဆီ တောင်းပန် တိုးလျှိုးရတဲ့ အခြေအနေ ဖြစ်သွားလိမ့်မယ်။ မြန်မြန်ဆန်ဆန်ပဲ နည်းပညာ မဟာမိတ် ဖွဲ့ပြီး CarOS အလိုအလျောက် မောင်းနှင်တဲ့ လျှပ်စစ်ကားတွေနဲ့ သူတို့တွေ မဝင်ရောက်ရသေးတဲ့ အဆင့်မြင့်ကား ဈေးကွက်ကို အမိအရ ဆုပ်ကိုင်ထားရမယ်”
BMW အုပ်စုက ဆိုဆောင်း အုပ်စုနဲ့ ဆက်တိုက် ဆက်ဆံရေး ရှိခဲ့ပြီး အရင်က ဆိုဆောင်း ဘတ္ထရီတွေကို သုံးခဲ့တာ ဖြစ်သလို ဥက္ကဌ တိုဘီယပ်စ် ဟီဘတ်ကလည်း ဥက္ကဌ လင်ဂျင်ယုံနဲ့ တစ်ကိုယ်ရေ ခင်မင်ရင်းနှီးမှု ရှိပါတယ်။
ဒါပေမဲ့ Daimler AGရဲ့ ဥက္ကဌ ဂွန်တာ ဟတ်မန်းနဲ့ Volkswagon အုပ်စုရဲ့ ဥက္ကဌတို့ကတော့ အမြင် နည်းနည်း ကွဲပြားနေခဲ့တယ်။ Daimler AGက လွတ်လပ်တဲ့ နည်းပညာပိုင်းမှာ တိုးတက်အောင်ပိုပြီး ရင်းနှီးမြှုပ်နှံချင်ကြပြီး Volkswagonကတော့ OTK ဘတ္ထရီတွေကို ဝယ်ယူနိုင်ပေမဲ့ CarOS ရဲ့ အလိုအလျောက် မောင်းနှင်မှု နည်းပညာကိုတော့ လုံးဝ လက်မခံနိုင်ဘူးလို့ ရပ်တည်ခဲ့တယ်။
နောက်ဆုံးမှာတော့ ကုမ္ပဏီကြီး သုံးခုက ပူးပေါင်းဆောင်ရွက်မှုကို ဆက်လုပ်သွားမှာ ဖြစ်ပေမဲ့ တစ်ဦးချင်းစီရဲ့ လမ်းကြောင်းအတိုင်း သွားကြဖို့ ဆုံးဖြတ်လိုက်ကြတယ်။
ဥက္ကဌ လင်ဂျင်ယုံက ဥရောပ ကားထုတ်လုပ်သူပေါင်းစုံနဲ့ တွေ့ဆုံပြီး အရောင်းမြှင့်တင်ရေးကို ပြင်းပြင်းထန်ထန် လုပ်ဆောင်ခဲ့တယ်။
စမတ်ဖုန်းတွေ သုံးစွဲမှု များလာလေ Qualcommက APsတွေ ပိုရောင်းရလေ ဖြစ်သလိုမျိုး အလိုအလျောက် မောင်းနှင်တဲ့ လျှပ်စစ်ကားတွေ ခေတ်စားလာရင် ဆိုဆောင်း အီလက်ထရောနစ်နဲ့ ဆိုဆောင်း SBတို့က အကျိုးအမြတ် ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဥက္ကဌကိုယ်တိုင် အရောင်းမြှင့်တင်ရေးကို ခြေတုန်အောင် လိုက်လံ လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။
ကိုရီးယားနဲ့ ဂျပန်ကြား ကုန်သွယ်မှု ပဋိပက္ခက ဂျပန်ရဲ့ နောက်ဆုတ်မှုနဲ့ ပြီးဆုံးသွားခဲ့ပေမဲ့ ကိုရီးယားနဲ့ အီးယူကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ပမာဏကတော့ ပိုပြီး ကြီးထွားလာခဲ့တယ်။ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်က အစက ရည်ရွယ်ထားတဲ့ စက်ယန္တရားတွေ၊ ကုန်ကြမ်းတွေနဲ့ အစိတ်အပိုင်းတွေအပြင် ယဉ်ကျေးမှု၊ ခရီးသွားလာရေးနဲ့ ဘဏ္ဍာရေးအထိပါ သိသိသာသာ ကျယ်ပြန့်လာခဲ့တယ်။
အီးယူ ကုမ္ပဏီတွေက အမှုဆောင်တွေနဲ့ ဝန်ထမ်းတွေက ဘာလင်ဆီ စုပြုံ ရောက်ရှိလာကြတာကြောင့် ဟိုတယ်အခန်း ရှာဖို့တောင် ခက်ခဲနေခဲ့ပါတယ်။
နေရာအနှံ့ကနေ တွေ့ဆုံဖို့ ဖိတ်ကြားချက်တွေ ရောက်လာခဲ့ပြီး အဲဒီထဲမှာ နယ်သာလန် ဘုရင်၊ စပိန် ဘုရင်၊ ဒိန်းမတ် ဘုရင်၊ ဘယ်လ်ဂျီယံ ဘုရင်နဲ့ လူဇင်ဘတ် နယ်စားကြီးတို့လို တော်ဝင်မိသားစုတွေနဲ့ မင်းစိုးရာဇာတွေရဲ့ ဖိတ်ကြားချက်တွေလည်း ပါဝင်နေခဲ့တယ်။ မင်းစိုးရာဇာတွေရဲ့ အခွင့်ထူးခံစနစ်တွေ ပျောက်ကွယ်သွားပြီ ဆိုပေမဲ့ တချို့နိုင်ငံတွေမှာတော့ ဘွဲ့အမည်တွေ ရှိနေသေးတာပါ။
“၂၁ ရာစုမှာ တော်ဝင်မိသားစုတွေနဲ့ မင်းစိုးရာဇာတွေဆိုတာက စိတ်ဝင်စားဖို့တော့ ကောင်းတယ်နော်”
အယ်လီက ပြုံးပြီး ပြောတယ်။
“ဘာလို့ ရုတ်တရက်ကြီး အံ့သြနေရတာလဲ။ နင်ဟာ အရင်ကလည်း နော်ဝေ ဘုရင်နဲ့ တွေ့ဖူးတာပဲ မဟုတ်လား”
ကိုရီးယားရဲ့ ချမ်းသာကြွယ်ဝမှု သမိုင်းကြောင်းက ဆယ်စုနှစ် အနည်းငယ်ပဲ ရှိသေးပြီး အဲဒီအချိန်အတွင်းမှာ ချေဘောတွေက သူတို့ရဲ့ ကိုယ်ပိုင် အင်ပါယာကို တည်ဆောက်ခဲ့ကြတာပါ။ ဒါပေမဲ့ ဥရောပ တော်ဝင်မိသားစုတွေနဲ့ မင်းစိုးရာဇာတွေကတော့ သူတို့ရဲ့ ဂုဏ်ဒြပ်ကို မျိုးဆက်အလိုက် ဆက်ခံလာခဲ့ကြတာ ဖြစ်သလို သူဌေးတွေကလည်း ရာစုနှစ်ချီပြီး သူတို့ရဲ့ စည်းစိမ်ကို ပျိုးထောင်လာခဲ့ကြတာ ဖြစ်ပါတယ်။
ဒါကြောင့် လူတန်းစား စနစ်က ခိုင်မာနေပြီး ဥရောပ တော်ဝင်မိသားစုတွေနဲ့ မင်းစိုးရာဇာတွေရဲ့ အသိုင်းအဝိုင်းထဲကို ဝင်ရောက်ဖို့က တကယ့်ကို ခက်ခဲပါတယ်။
“ဘုရင် ဒါမှမဟုတ် နယ်စားကြီးလို ဘွဲ့ထူးမျိုး ရှိရတာ ဘယ်လို ခံစားချက်မျိုး ဖြစ်မလဲ ငါ သိချင်မိတယ်”
“အာဏာမရှိဘဲ ဂုဏ်ဒြပ်ပဲ ရှိတဲ့ ဘုရင်ထက်စာရင် ဂျင်ဟူရဲ့ အနေအထားက ပိုပြီး အဆင်ပြေမနေဘူးလား။ ဒါကြောင့်လည်း လူတိုင်းက နင့်ကို တွေ့ချင်ပြီး တစ်ခုခု လုပ်ဖို့ ကြိုးစားနေကြတာလေ”
ထူးဆန်းတာက ကျွန်တော်တို့ သွားလေရာ နေရာတိုင်းမှာ လှပတဲ့ အမျိုးသမီးတွေ အများကြီး ရှိနေတတ်တာပဲ။ အယ်လီက ကျွန်တော်နဲ့အတူ ရှိနေတာကြောင့် ဘယ်သူမှတော့ ပေါ်ပေါ်ထင်ထင် လာပြီး မပတ်သက်ရဲကြပါဘူး။
အယ်လီက စနောက်တဲ့ သဘောနဲ့ ပြောတယ်။
“ဒီလောက်တောင် လူကြိုက်များနေတော့ နင် ပျော်နေမှာပဲနော်။ ဂျင်ဟူ”
ကျွန်တော် ရယ်လိုက်တယ်။
“သူတို့အားလုံးက ပိုက်ဆံကိုပဲ ကြည့်နေကြတာပါ”
ပိုက်ဆံသာ မရှိရင် အာရှက လူငယ်တစ်ယောက်ကို သူတို့တွေ ဒီလောက်တောင် အာရုံစိုက်ကြပါ့မလား။
ကျွန်တော် ဘာလင်မှာ ရှိနေတုန်း ဥရောပတစ်ခွင်မှာ ဒုက္ခသည် ဆန့်ကျင်ရေးနဲ့ ဒုက္ခသည် ထောက်ခံရေး ဆန္ဒပြပွဲတွေက ပြန်လည် ပြင်းထန်လာခဲ့တယ်။ ဖြစ်ရပ် နှစ်ခုက တစ်ချိန်ထဲမှာပဲ ဖြစ်ပွားခဲ့တာပါ။
တစ်ခုက မြေထဲပင်လယ်ကို ဖြတ်ကူးလာတဲ့ ဒုက္ခသည်လှေ မှောက်သွားတာကြောင့် ကလေးငယ်တွေ အပါအဝင် လူပေါင်း ၅၀ နီးပါး သေဆုံးခဲ့ရတဲ့ ကိစ္စပါ။ သေဆုံးသူ အရေအတွက် အတိအကျကို မသိရသေးဘဲ ကလေးငယ်တွေရဲ့ ရုပ်အလောင်းတွေက ကမ်းခြေဆီ မျောပါလာနေတုန်းပဲ ဖြစ်ပါတယ်။
နောက်တစ်ခုကတော့ ဂျာမနီမှာ ရှိတဲ့ ဒုက္ခသည်တွေ ပါဝင်တဲ့ အုပ်စုလိုက် မုဒိမ်းမှု ဖြစ်ရပ်ပါ။ နစ်နာသူက ဒုက္ခသည်တွေအတွက် တက်ကြွစွာ လုပ်အားပေးနေတဲ့ တက္ကသိုလ်ကျောင်းသူတစ်ယောက် ဖြစ်နေတာကြောင့် ဂျာမန်ပြည်သူတွေကို ပိုပြီး တုန်လှုပ်စေခဲ့တယ်။
ဒီဖြစ်ရပ်က ဒုက္ခသည်တွေအပေါ် အပျက်သဘောဆောင်တဲ့ လူထုအမြင်ကို ပိုမို ကြီးထွားစေခဲ့ပြီး ဒုက္ခသည်တွေကို လက်ခံတဲ့ဘက်က ရပ်တည်ခဲ့တဲ့ ဝန်ကြီးချုပ် မိန်းစနာရဲ့ ထောက်ခံမှုနှုန်းကိုပါ သိသိသာသာ ကျဆင်းသွားစေခဲ့တယ်။
ဥရောပက အာဖရိက၊ အရှေ့အလယ်ပိုင်းတို့နဲ့ မြေထဲပင်လယ်ပဲ ခြားပြီး ကပ်နေတာပါ။ မြေထဲပင်လယ်ကို ဖြတ်ကျော်လိုက်တာနဲ့ ဥရောပကို တိုက်ရိုက် ရောက်နိုင်တာကြောင့် အာဏာရှင်စနစ်၊ ငတ်မွတ်ခေါင်းပါးမှုနဲ့ ပြည်တွင်းစစ်တွေကနေ ထွက်ပြေးလာကြတဲ့ ဒုက္ခသည် အမြောက်အမြားက လှေတွေနဲ့ ရောက်လာခဲ့ကြတယ်။
တိုးပွားလာတဲ့ ဒုက္ခသည် အရေအတွက်က ဥရောပအတွက် ခေါင်းခဲစရာ ဖြစ်လာခဲ့ပါတယ်။ အီးယူမှာ လွတ်လပ်စွာ သွားလာခွင့်ကို အာမခံထားတဲ့ ရှန်ဂန် သဘောတူညီချက် ရှိနေပြီး အဖွဲ့ဝင် နိုင်ငံတွေကြား နယ်စပ် ဖြတ်ကျော်မှုက လွတ်လပ်ပါတယ်။
ဒါပေမဲ့ ဘာသာစကား မတူပေမဲ့ ခရစ်ယာန်ဘာသာနဲ့ ဒီမိုကရေစီဆိုတဲ့ ဘုံတန်ဖိုးတွေကို မျှဝေထားကြတဲ့ ဥရောပသားတွေနဲ့ မတူဘဲ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကက လာတဲ့ ဒုက္ခသည်တွေကတော့ လူမျိုး၊ ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှုနဲ့ ယဉ်ကျေးမှုတွေက လုံးဝ ကွဲပြားတာပါ။
ဝန်ကြီးချုပ် မိန်းစနာက အီးယူ နိုင်ငံတွေကို ဒုက္ခသည်တွေ လက်ခံဖို့ အကြိမ်ကြိမ် တောင်းဆိုခဲ့ဖူးတယ်။
ဒါက လူသားချင်း စာနာထောက်ထားမှု သက်သက်ကြောင့်တင် မဟုတ်ပါဘူး။ ဥရောပကလည်း ဖွံ့ဖြိုးပြီး နိုင်ငံအများစုလိုပဲ မွေးဖွားနှုန်း ကျဆင်းတာနဲ့ လူဦးရေ အိုမင်းရင့်ရော်မှု ပြဿနာကို ပြင်းထန်စွာ ရင်ဆိုင်နေရတာ ဖြစ်လို့ သာမန် အလုပ်ကြမ်းတွေအတွက် ဒုက္ခသည် အလုပ်သမားတွေ လိုအပ်နေတာလေ။
ဒါပေမဲ့ အီးယူရဲ့ အင်အားအကောင်းဆုံး စီးပွားရေးနိုင်ငံ ဖြစ်တဲ့ ဂျာမနီမှာတောင် ဒီလောက် ကန့်ကွက်မှုတွေ ကြုံနေရရင် တခြားနိုင်ငံတွေမှာဆိုရင် ဘယ်လောက်တောင် ပိုဆိုးလောက်မလဲ။
အခြေအနေကို မထိန်းချုပ်နိုင်တော့တဲ့ အီးယူက တူရကီဆီ ကြီးမားတဲ့ ငွေကြေး အကူအညီတွေ ပေးပြီး ဒုက္ခသည်တွေကို အဲဒီမှာပဲ ထိန်းသိမ်းထားဖို့ တားဆီးနေခဲ့ရတယ်။ တူရကီကလည်း အဲဒီပိုက်ဆံတွေကို ယူထားပြီး အီးယူနဲ့ ပဋိပက္ခ ဖြစ်တိုင်း ဒုက္ခသည်တွေကို ဆက်လက် လက်မခံတော့ဘူးလို့ ခြိမ်းခြောက်လေ့ရှိပါတယ်။
အယ်လီက ပြောတယ်။
“ဗြိတိန်က အီးယူကနေ နှုတ်ထွက်သွားတာကလည်း ဒီဒုက္ခသည် ပြဿနာကြောင့်ပဲ မဟုတ်လား”
ဗြိတိန် အီးယူက နှုတ်ထွက်မှုမှာ အကြောင်းရင်းများစွာ ရှိပေမဲ့ ဒုက္ခသည် ခွဲတမ်း ပြဿနာက အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာပါ။
ပြန်စဉ်းစားကြည့်ရင် ဥရောပနိုင်ငံတွေ၊ အထူးသဖြင့် ဗြိတိန်က အတိတ်က ကိုလိုနီ အုပ်ချုပ်မှုတွေလုပ်ခဲ့မှုကြောင့် အာဖရိကနဲ့ အရှေ့အလယ်ပိုင်းရဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေအတွက် အကြီးမားဆုံး တာဝန် ရှိတာ ဖြစ်ပြီး အခုတော့ အဲဒီအကျိုးဆက်က ဒုက္ခသည် ပြဿနာ အနေနဲ့ သူတို့ဆီ ပြန်လည် သက်ရောက်လာတာပါပဲ။
“ကိုရီးယားမှာလည်း မကြာသေးခင်က ဒုက္ခသည် ပြဿနာကြောင့် ဆူညံသွားခဲ့သေးတယ် မဟုတ်လား”
“ဟုတ်တယ်။ ငါတို့က ဒုက္ခသည်ပြဿနာကို သူတစ်ပါး ကိစ္စလို့ပဲ ထင်ထားခဲ့ကြတာ”
ကိုရီးယားမှာလည်း ဆီးရီးယား ဒုက္ခသည် တော်တော်များများ ဝင်ရောက်လာပြီး ခိုလှုံခွင့် တောင်းခံခဲ့ကြတုန်းက လူမှုရေး ပြဿနာ ဖြစ်ခဲ့ဖူးပါတယ်။
တခြားနိုင်ငံက ပြည်တွင်းစစ်က ကျွန်တော်တို့နဲ့ ဘာမှ မဆိုင်ဘူးလို့ ထင်ခဲ့ကြပေမဲ့ ရုတ်တရက်ကြီး အဲဒီအကျိုးဆက်က ကျွန်တော်တို့ဆီပါ ရောက်လာခဲ့တာပါ။ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ အခွင့်အရေး ရရှိဖို့ဆိုရင် တာဝန်နဲ့ ဝတ္တရားတွေလည်း ရှိလာတာပဲလေ။ ကိုရီးယားထက် စီးပွားရေး အင်အား နည်းတဲ့ နိုင်ငံတွေတောင် ဒုက္ခသည်တွေကို လက်ခံနေကြတာ ဖြစ်လို့ ကိုရီးယား တစ်နိုင်ငံထဲ ငြင်းဆန်ဖို့က ခက်ပါတယ်။
ဒါပေမဲ့ ကိုရီးယားက မြောက်ကိုရီးယား ဒုက္ခသည်တွေဆိုတဲ့ ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးကို ထမ်းထားရပြီးသား ဖြစ်လို့ အရှေ့အလယ်ပိုင်းက ဒုက္ခသည်တွေကိုပါ ထပ်ပြီး လက်ခံဖို့ဆိုရင် ကုန်ကျစရိတ် ကိစ္စလိုမျိုး လက်တွေ့ကျတဲ့ ပြဿနာတွေ ရှိနေပါတယ်။
တကယ်တော့ ဒုက္ခသည်တွေကို တားဆီးဖို့ အထိရောက်ဆုံး နည်းလမ်းက သူတို့ရဲ့ မိခင်နိုင်ငံတွေရဲ့ အခြေအနေကို တည်ငြိမ်အောင် လုပ်ပေးဖို့၊ ဥပမာ ပြည်တွင်းစစ်တွေကို အဆုံးသတ်ပေးဖို့ပါပဲ။ ဒါဆိုရင် ဒုက္ခသည် အသစ်တွေ ပေါ်လာမှာ မဟုတ်တော့သလို ရှိပြီးသား သူတွေလည်း ပြန်သွားကြမှာပါ။
ဒါပေမဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကတော့ ဒါကို မဖြေရှင်းနိုင်ဘဲ အင်အားမဲ့နေခဲ့ကြတယ်။
သတင်းစာထဲက ကမ်းခြေ ဓာတ်ပုံကို ကြည့်ရင်း ကျွန်တော် ရေရွတ်လိုက်တယ်။
“ကမ္ဘာကြီးက တကယ်ကို မတရားဘူး”
ကလေးတွေက သူတို့ရဲ့ လူမျိုးကို ရွေးချယ်ခွင့် မရှိကြပါဘူး။ ကျွန်တော်လည်း ကိုရီးယားလူမျိုး ဖြစ်ချင်လို့ ဖြစ်လာတာ မဟုတ်ဘဲ ကိုရီးယားမှာ မွေးဖွားလာခဲ့တာကြောင့်သာ ကိုရီးယားလူမျိုး ဖြစ်လာခဲ့တာပါ။ ဖွံ့ဖြိုးပြီး နိုင်ငံမှာ မွေးဖွားလာရုံနဲ့တင် ကျန်းမာရေး၊ ပညာရေးနဲ့ အလုပ်အကိုင်လိုမျိုး အခွင့်အရေး အများကြီးကို ရရှိနိုင်ပေမဲ့ စစ်ဖြစ်နေတဲ့ နိုင်ငံမှာ မွေးဖွားလာရင်တော့ ဒုက္ခသည် ဖြစ်ရတာပါပဲ။ အဲဒီကလေးတွေက ဘာအမှားများ လုပ်ခဲ့လို့လဲ။
“ငါသာ ပိုက်ဆံတွေ အများကြီး ပိုရှာနိုင်ရင် ဒီလို ပြဿနာတွေကို ဖြေရှင်းပေးနိုင်လောက်မလား”
အယ်လီက ခေါင်းခါပြတယ်။
“မဖြေရှင်းပေးနိုင်လောက်ဘူး။ နင့်မှာ ပိုက်ဆံ ဘယ်လောက်ပဲ ရှိရှိ ကမ္ဘာပေါ်က ပြဿနာ အားလုံးကိုတော့ မဖြေရှင်းနိုင်ဘူးလေ”
ကျွန်တော် သက်ပြင်းချသလို ပြုံးလိုက်တယ်။
“နင်ပြောတာ ဟုတ်လောက်မှာပါ”
အယ်လီက ကျွန်တော့်ကို နောက်ကနေ ဖက်လိုက်ပြီး ပြောတယ်။
“ဒါပေမဲ့ ကမ္ဘာကြီးကို ပိုကောင်းတဲ့ နေရာတစ်ခု ဖြစ်အောင်တော့ နင် ကူညီပေးနိုင်ပါတယ်။ လူတွေက မျှော်လင့်ချက် အနည်းငယ် ရှိရုံနဲ့တင် ဆက်ပြီး ရှင်သန်နိုင်ကြတာပဲလေ”
“ငါ တကယ်ပဲ အဲဒီလို လုပ်နိုင်မလား”
“သေချာတာပေါ့။ ဂျင်ဟူ။ နင်ကတော့ တကယ် လုပ်နိုင်မှာပါ”
ဥရောပမှာ ကျွန်တော့်ရဲ့ အခန်းကဏ္ဍကတော့ ပြီးဆုံးသွားခဲ့ပြီ။
နောက်ဆက်တွဲ ကိစ္စတွေကိုတော့ စီးပွားရေး ခေါင်းဆောင်တွေဆီပဲ လွှဲထားခဲ့ပြီး ကိုရီးယားကို ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်။ ပြင်သစ်သမ္မတ၊ စီးပွားရေး အမှုဆောင်တွေနဲ့ နောက်ဆုံး တွေ့ဆုံပွဲတစ်ခု ကျင်းပခဲ့တယ်။
ပြင်သစ်မှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးချဲ့ဖို့ တောင်းဆိုရင်း သမ္မတ ဘလန်က ပွင့်ပွင့်လင်းလင်း ပြောခဲ့တယ်။
“ဥရောပက ပြဿနာမျိုးစုံနဲ့ ရင်ဆိုင်နေရတာပါ။ ဒါပေမဲ့ အခက်အခဲတွေ ဘယ်လောက်ပဲ ရှိရှိ၊ ကျွန်တော်တို့ကတော့ ညီညွတ်တဲ့ ဥရောပရဲ့ တန်ဖိုးကို ဆက်လက် ထိန်းသိမ်းသွားမှာပါ”
ကွဲပြားမှုတွေနဲ့ ပဋိပက္ခတွေက ဘာကိုမှ ဖြစ်ထွန်းစေမှာ မဟုတ်ပါဘူး။ ကမ္ဘာစစ် နှစ်ကြိမ် ကြုံဖူးလို့ ရလာတဲ့ သင်ခန်းစာ ဖြစ်မှာပေါ့လေ။
ကျွန်တော် ခေါင်းညိတ်ပြလိုက်တယ်။
“ကျွန်တော်လည်း ဥရောပရဲ့ ညီညွတ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် တတ်နိုင်သမျှ ကူညီပေးသွားပါ့မယ်”