← Chapters

အခန်း ၃၈၆

Vol. 39 Ch. 386

အခန်း ၃၈၆

Vol. 39 Ch. 386

အခန်း (၃၈၆)

စစ်တပ်ထဲ ကိုယ့်သဘောနဲ့ကိုယ်ဝင်ချင်တဲ့သူကတော့ စစ်တပ်မှာပဲ အသက်မွေးဝမ်းကျောင်းပြုဖို့ ရည်ရွယ်ချက်ရှိထားသူကလွဲလို့ ကျန်တဲ့သူတွေထဲမှာ မရှိသလောက်ပါပဲ။ ဒါဆို လူတွေက ဘာလို့ စစ်တပ်သွားရမှာကို ဒီလောက်တောင် မုန်းတီးနေကြတာလဲ။

သဘာဝကျကျ ပြောရရင်တော့ စစ်တပ်သွားရတာက ကိုယ့်အတွက် ဆုံးရှုံးမှုဖြစ်ပြီး မသွားရတာက အမြတ်ဖြစ်နေလို့ပါ။ အဓိကအကြောင်းရင်းကတော့ ရတဲ့လစာက အနည်းဆုံး လုပ်အားခလောက်တောင် မရှိနိုင်လို့လေ။ ထောင်ထဲက အကျဉ်းသားတွေ အလုပ်လုပ်လို့ရတဲ့ လုပ်အားခထက်တောင် နည်းပါသေးတယ်။

တကယ်လို့ တပ်သားသစ်တစ်ယောက်ရဲ့ လစာက အနည်းဆုံး လုပ်အားခလောက်သာ ရှိမယ်ဆိုရင် လူတွေက တစ်ခါလောက်တော့ လုပ်ကြည့်သင့်တယ်လို့ တွေးမိကြမှာပါ။ တကယ်လို့ အဲဒီလစာက ကော်ပိုရေးရှင်းကြီးတွေမှာ အလုပ်ဝင်ခါစ လစာလောက်သာ ရှိမယ်ဆိုရင် စစ်တပ်ထဲဝင်ဖို့ တန်းစီ စောင့်ဆိုင်းနေကြမှာ အသေအချာပါပဲ။

ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ စစ်သားတစ်ယောက်ရဲ့ လစာဟာ အနည်းဆုံး လုပ်အားခရဲ့ ၃၀ ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။ အဲဒါက တက်လာတဲ့ အစိုးရအဖွဲ့သစ်က လစာကို နှစ်ဆနီးပါး တိုးမြှင့်ပေးခဲ့ပြီးတဲ့နောက်ပိုင်း အခြေအနေပါ။

တချို့က ဒါကိုကြားရင် ‘မင်းက စစ်တပ်ကို ပိုက်ဆံရှာဖို့ သွားတာလား။ တိုင်းပြည်နဲ့ ပြည်သူကို ကာကွယ်ဖို့ စစ်ထဲဝင်ရမှာလေ’ လို့ တွေးကောင်းတွေးနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီသဘောတရားအရဆိုရင် အမျိုးသားလွှတ်တော် အမတ်တွေကိုကျ ဘာလို့ ပိုက်ဆံပေးနေရတာလဲ။ သူတို့လည်း တိုင်းပြည်နဲ့ ပြည်သူ့အတွက် အလုပ်အကျွေးပြုနေကြတာပဲ မဟုတ်လား။

စစ်တပ်ထဲမှာ တာဝန်ထမ်းဆောင်ပြီးနောက် ကျွန်တော် သိရှိနားလည်သွားတဲ့ အချက်ကတော့ ဖြစ်နိုင်ရင် စစ်တပ်နဲ့ မပတ်သတ်ဘဲ ရှောင်လွှဲတာ အကောင်းဆုံးပဲ ဆိုတာပါပဲ။ ချေဘောအမွေခံတွေ၊ နိုင်ငံရေးသမားတွေနဲ့ အနုပညာရှင်တွေက စစ်မှုထမ်းရမှာကို အသည်းအသန် ရှောင်လွှဲဖို့ ကြိုးစားနေကြတာ အကြောင်းမဲ့တော့ မဟုတ်ပါဘူး။

စစ်မှုထမ်းတုန်းကတော့ ကျွန်တော့်မှာ ပိုက်ဆံလည်းမရှိ၊ အဆက်အသွယ်လည်းမရှိလို့သာ သွားခဲ့ရတာပါ။ ဒါပေမဲ့ အခုလိုမျိုး ပိုက်ဆံတွေ အများကြီးရှိနေခဲ့မယ်ဆိုရင် စစ်မှုမထမ်းရလောက်မယ့် ရွေးချယ်ခွင့်တွေကို သေချာပေါက် စဉ်းစားမိလောက်မှာ သေချာပါတယ်။

တချို့ကတော့ စစ်မှုထမ်းခြင်းက လူငယ်ဘဝရဲ့ တန်ဖိုးရှိတဲ့ အတွေ့အကြုံတစ်ခုဖြစ်ပြီး စစ်တပ်က အဲဒါကို သင်ကြားပေးတာလို့ ပြောကြပါတယ်။

ဒါပေမဲ့ လူတစ်ယောက်ဟာ လွတ်လပ်တဲ့သူတစ်ယောက်အနေနဲ့ ဒီထက်မက တန်ဖိုးရှိတဲ့ ဘဝအတွေ့အကြုံတွေကို အများကြီး ရယူနိုင်တာပဲလေ။ တခြားနိုင်ငံက အမျိုးသားတွေဆိုရင် ဒီလိုစစ်မှုထမ်းတဲ့အတွေ့အကြုံမျိုး မရှိဘဲနဲ့လည်း ဘဝကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းနေကြတာပဲ မဟုတ်လား။

ကာကွယ်ရေးဝန်ကြီးဌာနရဲ့ မူဝါဒပြန်ကြားရေးအရာရှိ တင်ပြလာတဲ့ အချက်အလက်တွေထဲမှာ သုတေသနအစီရင်ခံစာတစ်ခု ပူးတွဲပါဝင်နေပါတယ်။ အဲဒီထဲမှာ စစ်မှုထမ်းဖို့ ရှောင်လွှဲရတဲ့ အကြောင်းရင်းတွေကို ‘စစ်တပ်အပေါ် အပျက်သဘောမြင်ခြင်း’၊ ‘ဗဟုသုတ မရှိခြင်း’ နဲ့ ‘ဝေဝေဝါးဝါး ကြောက်ရွံ့ခြင်း’ ဆိုပြီး ဖော်ပြထားတာကို တွေ့လိုက်ရလို့ အံ့သြသွားရတယ်။

ဒါဆို သူတို့က ဂိမ်းတစ်ခုနဲ့ ပရိုမိုးရှင်းလုပ်ရင် လူတွေက စစ်တပ်ထဲ ဝင်ချင်လာကြမယ်လို့ ထင်နေတာလား။

“…”

ဒါက တကယ်ပဲ ဖြစ်နိုင်လို့လား။

သေချာတာကတော့ ကမ္ဘာပေါ်မှာ ဘယ်သူကမှ ‘အမျိုးသားကာကွယ်ရေး FPS’ ဂိမ်းဆော့ပြီး စစ်တပ်ထဲ ဝင်ချင်စိတ် ပေါက်လာမှာ မဟုတ်ပါဘူး။ တကယ်လို့ အံ့ဖွယ်တစ်ပါးအနေနဲ့ အဲဒီလိုလူမျိုး ရှိခဲ့ရင်တောင် စိတ်ကျန်းမာရေးမကောင်းလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်မှုထမ်းခြင်းကနေ ကင်းလွတ်ခွင့် ရသွားမှာပါ။

စစ်မှုထမ်းတာကို ရှောင်လွှဲနေတဲ့ ပြဿနာကို တကယ်ပဲ ဖြေရှင်းချင်တယ်ဆိုရင် စစ်တပ်အတွင်းက အမျိုးမျိုးသော မတရားမှုတွေကို ပြုပြင်ပြောင်းလဲပြီး စစ်သားတွေရဲ့ သက်သာချောင်ချိရေးနဲ့ လစာတွေကို တိုးမြှင့်ပေးဖို့ လိုအပ်ပါတယ်။

အဲဒီလိုလုပ်ရင်တောင် လူတွေက စစ်တပ်ထဲကို အထူးတလည် ဝင်ချင်ကြမှာမဟုတ်ပေမဲ့ ‘လုံးဝမဝင်ချင်ဘူး’ ကနေ ‘မတတ်သာလို့ ဝင်ရရုံပေါ့’ ဆိုတဲ့ အဆင့်အထိတော့ ပြောင်းလဲသွားနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် နိဂုံးချုပ်ရရင်တော့ သူတို့ရဲ့ အခြေခံယူဆချက်က မှားယွင်းနေတာပါ။ အစကတည်းက အခြေခံယူဆချက် မှားယွင်းနေတဲ့အတွက် ဒီလိုအမှိုက်လိုမျိုး အစီရင်ခံစာ ထွက်လာတာလေ။

ကျွန်တော် အရမ်းသိချင်သွားတာကြောင့် မေးလိုက်တယ်။

“ဒီသုတေသနအစီရင်ခံစာကို ဘယ်လိုမျိုး ပြုလုပ်ခဲ့တာလဲ ခင်ဗျာ”

“ကျွန်တော်တို့က ပြင်ပအဖွဲ့အစည်းတစ်ခုကို အပ်ပြီး လုပ်ခိုင်းခဲ့တာပါ။ စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ တက္ကသိုလ်ကျောင်းသားတွေကို စစ်တမ်းကောက်ယူခဲ့ပြီး ကျွမ်းကျင်သူတွေရဲ့ အကြံဉာဏ်ကို ရယူပြီး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်”

“ကုန်ကျစရိတ်ကကော”

“ဝမ် သန်း ၄၀ ဝန်းကျင် ကုန်ကျခဲ့ပါတယ်”

“…”

ဒီလို အမှိုက်လို အစီရင်ခံစာအတွက် ဝမ် သန်း ၄၀ တောင် ပေးခဲ့ရတယ် ဟုတ်လား။

စစ်သားတွေရဲ့ လစာပေးဖို့ကျ ပိုက်ဆံမရှိဘဲ ဒီလိုနေရာမျိုးတွေမှာ သုံးဖို့ကျ ပိုက်ဆံတွေ ပေါများနေပုံရတယ်။ ပြည်သူ့အခွန်ငွေထက် သုံးရလွယ်ကူတဲ့ ပိုက်ဆံဆိုတာ ကမ္ဘာပေါ်မှာ မရှိပါဘူး။

တက်ဂယူက ဘေးကနေ ကြားရုံတင်မကဘဲ အကျယ်ကြီး ထပြောတယ်။

“ဒီဘက်ခေတ် လူငယ်တွေက ချိန်းတွေ့တာတို့၊ အိမ်ထောင်ပြုတာတို့ မလုပ်ကြတာက ပြဿနာအကြီးကြီး ဖြစ်နေတော့ ကျန်းမာရေးနဲ့ လူမှုဝန်ထမ်းဝန်ကြီးဌာနကလည်း အဲဒီပြဿနာကို ဖြေရှင်းဖို့ Dating Sim (အချစ်ဇာတ်လမ်းပုံဖော်ဂိမ်း) တစ်ခုခု လုပ်ပြီး ဖြန့်ဝေပေးသင့်တယ် ထင်တယ်”

ကျွန်တော် ခေါင်းညိတ်ပြလိုက်တယ်။

“တကယ်လို့ ဂိမ်းကို R-rated (အသက်ပြည့်သူသာ ဆော့ခွင့်ရှိတယ်) အဆင့်နဲ့ ဖန်တီးလိုက်ရင် ကလေးမွေးဖွားနှုန်း တိုးတက်ဖို့အတွက် အများကြီး အထောက်အကူပြုမှာ သေချာတယ်”

ပြည်သူ့ဆက်ဆံရေးအရာရှိက တက်ဂယူရဲ့ပြောစကားကို ဟာသပြောနေတာလို့ ထင်ပြီး တဟားဟား အော်ရယ်တော့တယ်။

“ဟားဟား။ အဲဒါလည်း အကြံကောင်းပဲဗျာ”

ဂိမ်းထုတ်လုပ်ရမယ့် ရည်ရွယ်ချက်ကတင် စိတ်ပျက်စရာ ကောင်းနေပြီ ဖြစ်တဲ့အပြင် အဲဒီဂိမ်းနဲ့ပတ်သတ်ပြီး ရေးဆွဲထားတဲ့ ပရောဂျက် စီမံကိန်းဆိုရင် ပိုတောင်ဆိုးပါတယ်။

“ဂိမ်း ဖန်တီးသူ ၁၀ ယောက်၊ အချိန် ၂ နှစ်နဲ့ ဘတ်ဂျက်က ဝမ် သန်း ၅ ထောင် ဟုတ်လား”

“မှန်ပါတယ်။ ဝန်ကြီးက လက်ရှိခေတ်ရေစီးကြောင်းအတိုင်း PC၊ ဖုန်း၊ ပြီးတော့ VR (Virtual Reality) ပါ ချိတ်ဆက်ဆော့လို့ရမယ့် ဂိမ်းမျိုး ဖြစ်စေချင်တာပါ”

“အာ… ဒီလောက်ပိုက်ဆံနဲ့ VR ပါ ထည့်ဦးမလို့လား”

ကျွန်တော် ဆဲတောင် ဆဲမိမလို ဖြစ်သွားတယ်။

ပြီးတော့ လူ ၁၀ ယောက်ထဲနဲ့ ဂိမ်းကို ဖန်တီးခိုင်းတာ ဟုတ်လား။ သူတို့က ဂိမ်းတစ်ခုဖန်တီးထုတ်လုပ်တာကို ယုံဆန်းမှာ ခိုးကူးခွေဗန်းလှည့်ပြီး စီဒီတွေ ခုတ်နေတယ်လို့ အောက်မေ့နေတာလားမသိဘူး။

တက်ဂယူကတော့ အထင်ကြီးသွားပုံရတယ်။

“ဝိုး…. သန်း ၅ ထောင်ကြီးတောင်။ ဒီအကြောင်းကို ဥက္ကဌ အိချီကာဝါ ရှီဂဲရု သာ ကြားရရင် ကောင်းမှာပဲ”

သူသာ အဲဒီလူရဲ့ ပါးကို ထရိုက်လိုက်ရင်တောင် ကျွန်တော် တားမိမှာမဟုတ်ပါဘူး။

အခြေအနေကို သတိမပြုမိသေးတဲ့ အရာရှိကတော့ ပြုံးပြုံးလေးနဲ့ ဆက်လက်ရှင်းပြနေဆဲပါ။

“တိုင်းပြည်ကာကွယ်ရေးရဲ့ အရေးပါမှုကို ပရိုမိုးရှင်းလုပ်ဖို့ ကောင်းမွန်တဲ့ ဂိမ်းတစ်ခု ဖန်တီးနိုင်မယ်ဆိုရင် ကုန်ကျစရိတ်က ဘာအရေးလဲဗျာ။ ကာကွယ်ရေးဝန်ကြီးဌာနက ဒီအမျိုးသားကာကွယ်ရေး FPS ဂိမ်းကို eSports အထိပါ ချိတ်ဆက်ဖို့ အစီအစဉ်ရှိပါတယ်”

အခုတော့ ကျွန်တော် အံ့သြလွန်းလို့ စကားတောင် ကောင်းကောင်းမထွက်နိုင်တော့ပါဘူး။

“eSports ဟုတ်လား”

“ဟုတ်ပါတယ်။ တပ်ဖွဲ့တွေထဲမှာ ခွင့်ရက်ပေးတဲ့ ဆုတွေနဲ့ အမျိုးသားကာကွယ်ရေး လိဂ်ပြိုင်ပွဲတွေကို ကျင်းပသွားမှာဖြစ်ပြီး အရပ်သားလိဂ်တွေကိုလည်း ကမ္ဘာလုံးဆိုင်ရာ ပြိုင်ပွဲကြီးအဖြစ် အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာပါ။ အဲဒီနောက် ကမ္ဘာအနှံ့ ထုတ်လွှင့်ပြသပြီး ဝင်ငွေရှာဖွေခြင်းနဲ့ ကိုရီးယားစစ်တပ်ကို ပရိုမိုးရှင်းလုပ်ခြင်း နှစ်ခုစလုံးကို တစ်ချက်ခုတ် နှစ်ချက်ပြတ် အောင်မြင်အောင် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်”

“…”

ကာကွယ်ရေးဝန်ကြီးဌာနက လူတွေအားလုံးက ငတုံးတွေချည်းပဲလား။

ဂိမ်းတစ်ခုကို eSports ပြိုင်ပွဲဝင် ဂိမ်းတစ်ခု ဖြစ်လာစေဖို့အတွက် လူအများအပြား ဆော့ကစားဖို့ လိုအပ်ရုံတင်မကဘဲ စဉ်ဆက်မပြတ် ရင်းနှီးမြှုပ်နှံမှုနဲ့ ပရိုမိုးရှင်းတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။

ဂိမ်းတစ်ခု ဖန်တီးလိုက်ရုံနဲ့ eSport ဖြစ်လာမယ်လို့ တွေးနေတာက သူတို့တွေ ဂိမ်းလောကကို ဘယ်လောက်တောင် အထင်သေးနေလဲဆိုတာ ပြသနေတာပါပဲ။

“ဝမ် သန်း ၅ ထောင်ဆိုတဲ့ ပမာဏက များပြားတဲ့အတွက် အစပိုင်းမှာတော့ တင်ဒါစနစ်နဲ့ သွားရမှာပါ။ ဒါပေမဲ့ ဂိမ်းတစ်ခုအတွက် စျေးနှုန်းထက် အရည်အသွေးက ပိုအရေးကြီးတယ် မဟုတ်လား။ ဒါကြောင့် ကျွန်တော်တို့က OTK Games နဲ့ပဲ သီးသန့်စာချုပ် ချုပ်ဆိုချင်တာ ဖြစ်ပါတယ်”

ဘယ်သူကြားကြား သူတို့ကပဲ ကျွန်တော်တို့ကို အခွင့်အရေးကြီးတစ်ခု ပေးနေသလိုမျိုး ပြောနေတာပါ။ သူကတော့ ကြီးမားတဲ့ စိတ်ကူးယဉ်ကမ္ဘာထဲမှာ ပိတ်မိနေပုံရတယ်။

ကျွန်တော် တက်ဂယူကို မေးလိုက်တယ်။

“မင်းအထင် ဒီလိုဂိမ်းမျိုးကို ဖန်တီးဖို့ ဘယ်လောက် ကုန်မလဲ”

တက်ဂယူက လက်ပိုက်ပြီး ခဏလောက် စဉ်းစားလိုက်တယ်။

“အရည်အသွေးပေါ်မူတည်ပြီး ကွာခြားနိုင်ပေမဲ့ VR ပါ ထည့်ချင်တယ်ဆိုရင်တော့ ဂိမ်း ဖန်တီးသူ အနည်းဆုံး ၈၀ လောက် လိုအပ်ပြီး ထုတ်လုပ်မှုစရိတ်က အနည်းဆုံး ဝမ် သန်းပေါင်း ၇သောင်းလောက်တော့ ရှိရမယ် မဟုတ်ဘူးလား”

ကျွန်တော်တို့ရဲ့ စကားဝိုင်းကြောင့် အရာရှိမှာ လန့်သွားရတယ်။

“ဟမ်။ သန်းပေါင်း ၇သောင်း ဟုတ်လား။ မဟုတ်သေးပါဘူး။ ဘယ်လိုဂိမ်းမျိုးမလို့ သန်းပေါင်း ၇သောင်းတောင် ကုန်ရမှာလဲ…”

“လောလောဆယ် ထုတ်လုပ်နေတဲ့ VRMMORPG ရဲ့ ဘတ်ဂျက်က ဝမ် သိန်းပေါင်း ၁၀ ကုဋေကျော် ရှိပါတယ်”

“…”

သူ့ရဲ့ ပါးစပ်ကြီး အဟောင်းသားဖြစ်သွားပြီး စကားတစ်လုံးမှ မပြောနိုင်တော့ပါဘူး။

ကျွန်တော် သူ့ကို စိုက်ကြည့်ရင်း မေးလိုက်တယ်။

“ဘယ်လိုလုပ်မလဲ။ စာချုပ် ချုပ်မှာလား”

အဲဒီနောက် သူက လက်ကိုင်ပုဝါနဲ့ နဖူးက ချွေးတွေကို သုတ်ရင်း ပြောပါတယ်။

“ကျွန်-ကျွန်တော် ပြန်သွားပြီး အရင်ဆုံး တိုင်ပင်ဆွေးနွေးလိုက်ပါဦးမယ်…”

တကယ်တော့ ကာကွယ်ရေးဝန်ကြီးဌာနက အထက်လူကြီးတွေက ဂိမ်းကို ဘယ်လိုပဲ ဖန်တီးဖန်တီး ဂရုစိုက်ကြမှာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း သေချာ သုတေသနမလုပ်ဘဲ ဒီလိုမျိုး စီမံကိန်းကို အစီအစဉ်ဆိုပြီး ယူလာကြတာပါ။

ဒီစီမံကိန်းရဲ့ အကြီးမားဆုံး ပြဿနာက ကုန်ကျစရိတ် မဟုတ်ပါဘူး။ သူတို့ဘက်က ဝမ် သန်းထောင်ပေါင်းများစွာ သုံးခဲ့ရင်တောင် ကိုရီးယားစစ်တပ်ကို ပရိုမိုးရှင်းလုပ်ဖို့ ဖန်တီးထားတဲ့ ဂိမ်းကို ဘယ်သူက ဆော့မှာမလို့လဲ။

ပွင့်ပွင့်လင်းလင်း ပြောရရင် ပြည်သူ့အခွန်ငွေတွေကို ဖြုန်းတီးပစ်တာသက်သက်ပါပဲ။

ကျွန်တော် စီနီယာ ကင်ဂျေဟတ်နဲ့ M Pizza အထွေထွေအစည်းအဝေးမှာ တွေ့ခဲ့ရတဲ့ ဒဏ်ရာရ စစ်ပြန်တွေကို သတိရမိသွားတယ်။

သူတို့က အဓမ္မစစ်မှုထမ်းခိုင်းခံရတဲ့ စစ်တပ်ထဲမှာ ပြင်းထန်တဲ့ ဒဏ်ရာတွေရရှိခဲ့ပြီး တစ်သက်လုံး မသန်မစွမ်းဘဝနဲ့ နေထိုင်သွားကြရတာပါ။ ဒါပေမဲ့ သူတို့ဟာ ထိုက်တန်တဲ့ လျော်ကြေးကိုတောင် သေချာမရရှိခဲ့ကြပါဘူး။

ဒီလို ကံကြမ္မာဆိုးနဲ့ ရင်ဆိုင်ခဲ့ရတဲ့သူတွေက မရေမတွက်နိုင်အောင် ရှိပါတယ်။ ဂိမ်းထဲမှာ ရက်အနည်းငယ်လောက် ဆော့ကစားပြီးတာနဲ့ ဘယ်သူမှ စစ်တပ်ထဲ ဝင်ချင်စိတ် ပေါက်မလာမှာကတော့ အသေအချာပါပဲ။

ကျွန်တော် အဆိုပြုလွှာကို ချလိုက်ပြီး ပြောလိုက်တယ်။

“ကာကွယ်ရေးဝန်ကြီးဌာနကို ပြန်ရောက်တဲ့အခါ ကျွန်တော့်ရဲ့ စကားကို ပါးပေးပါ။ ဒီလို အဓိပ္ပာယ်မရှိတဲ့ နေရာတွေမှာ ပိုက်ဆံတွေကို ဖြုန်းတီးမယ့်အစား စစ်သားတွေရဲ့ သက်သာချောင်ချိရေးကို မြှင့်တင်ပေးဖို့နဲ့ တာဝန်ထမ်းဆောင်စဉ် ဒဏ်ရာရခဲ့သူတွေကို အရင်ဆုံး ထောက်ပံ့ပေးဖို့ ပြောလိုက်ပါ”

ကာကွယ်ရေးဝန်ကြီးဌာနရဲ့ မူဝါဒပြန်ကြားရေးအရာရှိရဲ့ မျက်နှာတစ်ခုလုံး ရဲတက်သွားပေမဲ့ ဒေါသလည်း မထွက်ရဲ၊ ပြန်လည်း မချေပရဲဘဲ ထွက်ခွာသွားတော့တယ်။

ရုတ်တရက် စိတ်ဝင်စားသွားတာကြောင့် ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပတ်သက်တဲ့ အချက်အလက်တချို့ကို ရှာဖွေကြည့်လိုက်မိတယ်။

အစိုးရဝန်ကြီးဌာနအသီးသီးထဲမှာ ဘယ်ဝန်ကြီးဌာနက သီးသန့်အဆန်ဆုံး ဖြစ်မလဲ။

သဘာဝကျကျ ပြောရရင်တော့ ကာကွယ်ရေးဝန်ကြီးဌာနပါပဲ။ စစ်တပ်ရဲ့ သဘာဝအရ လူ့အဖွဲ့အစည်းနဲ့ သီးခြားခွဲထုတ်ထားပြီး တခြားဝန်ကြီးဌာနတွေနဲ့ အပြန်အလှန် ဆက်သွယ်မှုလည်း နည်းပါးပါတယ်။ ကာကွယ်ရေးဌာနဟာ စစ်ပုလိပ်၊ စစ်အစိုးရရှေ့နေနဲ့ စစ်ခုံရုံးတွေ အပါအဝင် ကိုယ်ပိုင် တရားစီရင်ရေး အာဏာကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။

ဒါ့အပြင် အစိုးရဝန်ကြီးဌာနတွေထဲမှာ ရန်ပုံငွေ အများဆုံးရှိပြီး ဝန်ထမ်းအင်အား အများဆုံးကို စီမံခန့်ခွဲရတဲ့ နေရာလည်း ဖြစ်ပါတယ်။

တက်ဂယူက မေးတယ်။

“စစ်မှုထမ်းစနစ်ကြောင့် ဝန်ထမ်းအင်အားက အများကြီး ရှိနိုင်တာ ဟုတ်ပါပြီ။ ဒါပေမဲ့ ရန်ပုံငွေတွေကကျ ဘာလို့ အဲဒီလောက်တောင် များနေရတာလဲ”

“ဒီဘက်ခေတ် လက်နက်တွေက စျေးမနည်းဘူးလေ”

ဖျက်သင်္ဘောတွေ ဒါမှမဟုတ် ခေတ်မီ တိုက်လေယာဉ်တွေဆိုရင် ဝမ် သန်းပေါင်း သောင်းဂဏန်း၊ သိန်ဂဏန်းအထိ ရှိတာက ပုံမှန်ပါပဲ။ ပြီးတော့ အဲ့ဒီလက်နက်တွေကို အဲဒါတွေကို ဒါဇင်နဲ့ချီ၊ ရာနဲ့ချီပြီး အသုံးပြုနေကြတာပါ။

“ပြီးတော့ စစ်အခြေစိုက် စခန်းတွေရှိတဲ့ မြေနေရာတွေ အားလုံးကလည်း ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပိုင်ဆိုင်မှုတွေပဲ”

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေကြောင့် စစ်တပ်တွေကို စစ်မဲ့ဇုန် (DMZ) နဲ့ ထိစပ်နေတဲ့ နယ်စပ်ဒေသတွေမှာ စုပြုံချထားပါတယ်။ အဲဒီထဲမှာ ဆိုးလ်မြို့တော် ဧရိယာလည်း ပါဝင်ပါတယ်။

စဉ်းစားကြည့်ရင်တော့ ကာကွယ်ရေးဝန်ကြီးဌာနက တကယ့် မြေပိုင်ရှင်ကြီးပါ။

သူတို့ရဲ့ ဘတ်ဂျက်ကလည်း မတရား များပြားလှပါတယ်။ ဝမ် သိန်းပေါင်း ၅၀ ကုဋေဆိုတာ အစိုးရရဲ့ စုစုပေါင်းဘတ်ဂျက်ရဲ့ တစ်ဆယ်ပုံတစ်ပုံမက ရှိတာပါ။ ကာကွယ်ရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့ နောက်ဆုံးပေါ် လက်နက်တွေကို ဆက်တိုက် မိတ်ဆက်နေတာကြောင့် တိုးတက်မှုနှုန်းကလည်း မြင့်မားနေဆဲပါ။

တိုင်းပြည်ကို ကာကွယ်ဖို့ ပိုက်ဆံသုံးတာကို ဘယ်ပြည်သူက ညည်းညူမှာလဲ။ ဒါပေမဲ့ ကာကွယ်ရေး လုပ်ငန်းဆိုင်ရာ အဂတိလိုက်စားမှု အရှုပ်တော်ပုံတွေကတော့ မကြာခဏဆိုသလို ပေါ်ပေါက်လာတတ်ပါတယ်။

သူတို့တွေက ဂိမ်းတစ်ခုအတွက် ဝမ် သန်း ၅ ထောင် သုံးဖို့ ပြောနေတာကို ကြည့်ရင် ဒီလိုနည်းလမ်းတွေနဲ့ ယိုစိမ့်သွားတဲ့ ပိုက်ဆံတွေက မနည်းမနော ရှိမှာ သေချာပါတယ်။

စစ်သားတွေရဲ့ လစာအကြောင်း ပြောလာတိုင်း သူတို့က ဘတ်ဂျက်မရှိဘူးလို့ပဲ အမြဲတမ်း ပြောလေ့ရှိပါတယ်။ တကယ်လို့ ဒီပိုက်ဆံတွေကိုသာ သေသေချာချာ စီမံခန့်ခွဲနိုင်မယ်ဆိုရင် အနည်းဆုံးတော့ အနည်းဆုံး အခကြေးငွေလောက်တော့ ပေးနိုင်မှာ မဟုတ်ဘူးလား။

ကျွန်တော် PR အဖွဲ့ခေါင်းဆောင် စီနီယာ ဂျောင်ကီဟုမ်ကို စီအီးအိုရုံးခန်းထဲ ခေါ်လိုက်တယ်။

“ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပတ်သက်တဲ့ စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေးနဲ့ ဝယ်ယူရေး လိမ်လည်မှုတွေလိုမျိုး အဂတိလိုက်စားမှု အချက်အလက်တွေကို စုစည်းပြီး တင်ပြပေးပါ”

အဖွဲ့ခေါင်းဆောင် စီနီယာ ဂျောင်ကီဟုမ်ဟာ မျက်လုံး အဝိုင်းသား ဖြစ်သွားပါတယ်။ တစ်စုံတစ်ခုကြောင့် သူ လန့်သွားပုံရပါတယ်။

“ဘာဖြစ်လို့လဲ”

ကျွန်တော့်ရဲ့ မေးခွန်းကို သူက စိတ်လှုပ်ရှားနေတဲ့ အသံနဲ့ ပြန်ပြောတယ်။

“ကျွန်တော် ဒီလိုနေ့မျိုး ရောက်လာမှာကို စောင့်နေခဲ့တာ ကြာပါပြီ။ ကာကွယ်ရေးဝန်ကြီးဌာနကို သေချာပေါက် ပညာပေးရမယ်… မဟုတ်ပါဘူး၊ ပြုပြင်ပြောင်းလဲရပါမယ်။ ဒါကို ကျွန်တော့်နှလုံးသားထဲမှာ တွေးနေခဲ့တာ ကြာပါပြီ”

“…”

ကျွန်တော်က အချက်အလက် ရှာခိုင်းရုံတင်ပဲ ရှိသေးတာလေ။

စဉ်းစားကြည့်တော့ စီနီယာကီဟုမ်ကလည်း စစ်တပ်ထဲမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတာပဲ မဟုတ်လား။ သူ့ရဲ့ မျက်နှာအမူအရာကို ကြည့်ရုံနဲ့တင် စစ်တပ်ထဲမှာ အများကြီး ခံစားခဲ့ပုံရမှန်း ပြောနိုင်ပါတယ်။

စစ်မှုထမ်းဟောင်းတစ်ယောက်အနေနဲ့ ကျွန်တော် စာနာမိတယ်။

ကျွန်တော် ဘာမှမပြောဘဲ သူ့ရဲ့ ပုခုံးကို ပုတ်ပေးလိုက်တယ်။

နေ့လယ်စာစားချိန် ရောက်တဲ့အခါ ဘေးအဆောက်အဦးမှာ အလုပ်လုပ်နေတဲ့ အယ်လီ ရောက်လာပါတယ်။

မှာထားတဲ့ ထမင်းဘူးတွေကို ကျွန်တော်တို့ အတူတူ စားလိုက်ကြတယ်။ တက်ဂယူက ကာကွယ်ရေးဝန်ကြီးဌာနက လူတွေ လာသွားတဲ့အကြောင်း ပြောပြတော့ အယ်လီက မျက်မှောင်ကြုတ်လိုက်တယ်။

“သူတို့မှာ အဲဒီလိုနေရာတွေအတွက် သုံးဖို့ ပိုက်ဆံရှိရင် စစ်သားတွေကို အရင်ဆုံး စောင့်ရှောက်ပေးဖို့က ဦးစားပေး ဖြစ်သင့်တာ မဟုတ်ဘူးလား”

“ငါ ပြောတာလည်း အဲဒါပဲလေ”

ကျွန်တော်တို့ ထမင်းစားနေတဲ့ အချိန်မှာပဲ စီနီယာ ဆန်းယော့က အဖွဲ့ခေါင်းဆောင် စီနီယာ ဂျောင်ကီဟုမ်နဲ့အတူ တက်လာပါတယ်။

“မင်း ကာကွယ်ရေးဝန်ကြီးဌာနကို ကိုင်တွယ်မလို့လား။ အတွေးကောင်းပဲ။ အဲဒါ တကယ်ကို ကောင်းတဲ့အကြံကွ”

“ဗျာ”

ကျွန်တော် အဲဒီလို မပြောခဲ့ပါဘူးဗျာ။

“မင်း လုပ်မယ်ဆိုရင်လည်း သေသေချာချာ လုပ်လိုက်စမ်းပါ။ သူတို့ကို လွှတ်မပေးနဲ့။ ငါ စစ်တပ်ထဲမှာ ကြုံခဲ့ရတာတွေကို တွေးမိတိုင်း အခုထိ ညဘက်ဆို လန့်လန့်နိုးနေတုန်းပဲ”

သူကတော့ ထိန်းမနိုင်သိမ်းမရ စိတ်လှုပ်ရှားနေပုံရပါတယ်။ စီနီယာဆန်းယော့ကလည်း စစ်တပ်ထဲမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူပါ။

သတင်းကြားတာနဲ့ အဖွဲ့ခေါင်းဆောင် ဆိုဆန်းဝန်လည်း စီအီးအိုရုံးခန်းထဲ တက်လာပါတယ်။

“ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အဂတိလိုက်စားမှုကို စုံစမ်းစစ်ဆေးမလို့လား”

“မဟုတ်ပါဘူး၊ ကျွန်တော်က အစိုးရရှေ့နေလည်း မဟုတ်တာ ဘယ်လိုလုပ် စုံစမ်းစစ်ဆေးနိုင်မှာလဲ။ အချက်အလက်တွေကိုပဲ ကြည့်နေတာပါ”

“စစ်သားတွေ အများကြီးက ကာကွယ်ရေး ကဏ္ဍရဲ့ အဂတိလိုက်စားမှုတွေ ပပျောက်သွားဖို့အတွက် မျှော်လင့်နေကြတာ”

“အဖွဲ့ခေါင်းဆောင်ကကော စစ်တပ်ထဲ ဝင်ခဲ့ဖူးတာလား ခင်ဗျာ”

ကျွန်တော့်ရဲ့ မေးခွန်းကို အဖွဲ့ခေါင်းဆောင် ဆိုဆန်းဝန်က စောင့်ဆိုင်းနေခဲ့သလိုမျိုး ခေါင်းညိတ်ပြတယ်။

“ငါက လေထီးတပ်ကလေ။ တကယ်တော့ ဒီဘက်ခေတ် စစ်တပ်က အများကြီး သက်သာသွားပါပြီ။ ငါတို့တုန်းကဆိုရင် ပြောမပြတတ်အောင်ပဲ။ ငါ အများကြီး ခံခဲ့ရတာ၊ ဒီအသက်အရွယ်အထိတောင် ရဟတ်ယာဉ်ပေါ်ကနေ ကြိုးနဲ့ဆင်းတဲ့ ပုံစံကို ကောင်းကောင်းလုပ်ပြနိုင်သေးတယ်”

“…”

လူတိုင်းက ဘယ်တပ်ဖွဲ့ကဖြစ်ကြောင်း၊ အဲဒီမှာ ဘယ်လိုလေ့ကျင့်ခန်းတွေ လုပ်ခဲ့ရကြောင်းနဲ့ ဘယ်လောက်တောင် ပင်ပန်းခဲ့ရကြောင်းတွေကို အပြိုင်အဆိုင် ပြောနေကြပါတော့တယ်။

စစ်တပ်အကြောင်း ပြောလာရင် အမျိုးသားတွေအားလုံးက အရမ်း စိတ်လှုပ်ရှားသွားတတ်ကြတာပါ။

အယ်လီက ကျွန်တော့်ကို စိတ်ပျက်လက်ပျက် အမူအရာနဲ့ ကြည့်လာတယ်။

“ကိုရီးယားအမျိုးသားတွေ အားလုံးက ဒီလိုပဲလား”

ကျွန်တော် ခေါင်းခါပြလိုက်ပြီး ပြောလိုက်တယ်။

“စစ်တပ်ထဲဝင်ဖူးတဲ့သူတွေပဲ အဲဒီလိုဖြစ်တာပါ”

ကျွန်တော် အချက်အလက်တွေကို စစ်ဆေးကြည့်လိုက်တယ်။

နိုင်ငံရေးအာဏာကတော့ ရွေးကောက်ပွဲတွေကတစ်ဆင့် ပြောင်းလဲသွားနိုင်ပါတယ်။ ဒါပေမဲ့ ဘယ်သူပဲ ရာထူးတက်တက် အရာရှိတွေကတော့ သူတို့ရဲ့ ရာထူးနေရာတွေကို ဆက်ထိန်းထားကြတာပါ။ အဲဒီထဲမှာ စစ်တပ်က ပြောင်းလဲမှုအနှေးဆုံး အဖွဲ့အစည်း ဖြစ်ပါတယ်။

စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေးနဲ့ ဝယ်ယူရေး ကဏ္ဍတွေမှာ အဂတိလိုက်စားမှုက အမြစ်တွယ်နေခဲ့တာ ကြာပါပြီ။ တခြားကဏ္ဍတွေမှာ အဂတိလိုက်စားမှု မရှိဘူးလို့ မဆိုလိုပေမဲ့ စစ်တပ်မှာ အဂတိလိုက်စားမှုပိုပြီး ပြင်းထန်ရတဲ့ အကြောင်းရင်းတွေကတော့ ရှိပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနက လွတ်လပ်ပြီး သီးသန့်အဆန်ဆုံး အဖွဲ့အစည်းတစ်ခုပါ။ အစိုးရက ဝယ်ယူတဲ့ ကုန်ပစ္စည်းအများစုက ပြည်သူ့ဝယ်ယူရေး ဝန်ဆောင်မှုအဖွဲ့ကတစ်ဆင့် သွားတာဖြစ်ပေမဲ့ ကာကွယ်ရေးဝန်ကြီးဌာနကတော့ ကာကွယ်ရေး ဝယ်ယူရေး ပရိုဂရမ် စီမံခန့်ခွဲမှုအဖွဲ့ကတစ်ဆင့် သီးခြား ဝယ်ယူတာ ဖြစ်ပါတယ်။

ဒါ့အပြင် တခြားဝန်ကြီးဌာနတွေက စားပွဲ ဒါမှမဟုတ် ကွန်ပျူတာတွေကို မှာယူကြတာဖြစ်ပေမဲ့ စစ်တပ်ကတော့ အမြောက်ကျည် ဒါမှမဟုတ် ညကြည့်မှန်ပြောင်းတွေလိုမျိုး အထူးပစ္စည်းတွေကို မှာယူကြတာပါ။

ဒီလိုပစ္စည်းတွေကို ထုတ်လုပ်တဲ့ ကုမ္ပဏီတွေက ကန့်သတ်ချက်ရှိပြီး စျေးကွက်ထဲမှာ အလားတူပစ္စည်းမျိုး မရှိတဲ့အတွက် စွမ်းဆောင်ရည်နဲ့ စျေးနှုန်းကို နှိုင်းယှဉ်ဖို့ မလွယ်ကူပါဘူး။ ဒါကြောင့် စစ်တပ်က သီးသန့်ကုမ္ပဏီတွေနဲ့ပဲ သီးသန့်စာချုပ် ချုပ်ဆိုလေ့ ရှိကြပါတယ်။ တင်ဒါစနစ်နဲ့ သွားရင်တောင် ကုမ္ပဏီအနည်းငယ်က ကြိုတင်ညှိနှိုင်းပြီး ခွဲဝေယူကြတာမျိုးပါ။

ဒါကြောင့်လည်း ကျည်ဆန်မကာနိုင်တဲ့ ကျည်ကာအင်္ကျီတွေ၊ ဖနောင့်ကျွတ်ထွက်သွားတဲ့ စစ်ဖိနပ်တွေ ဒါမှမဟုတ် ရေထဲနစ်မြုပ်သွားတဲ့ အသက်ကယ်အင်္ကျီတွေက မကြာခဏဆိုသလို ပေါ်ထွက်လာတတ်တာပါ။

ဒါက သာမန်အချိန်တွေမှာ သည်းခံနိုင်စရာ ရှိကောင်းရှိနိုင်ပေမဲ့ တကယ့်စစ်ပွဲ ဖြစ်ပွားလာတဲ့အခါမှာတော့ စံမမီတဲ့ ပစ္စည်းကိရိယာတွေကြောင့် ကျွန်တော်တို့ရဲ့ တပ်ဖွဲ့တွေ ရှုံးနိမ့်သွားနိုင်တယ်လေ။

ပိုက်ဆံတွေကိုတော့ အထက်ကလူတွေက အိတ်ထဲထည့်သွားကြပေမဲ့ တစ်နိုင်ငံလုံးကတော့ ထိခိုက်နစ်နာမှုကို ခံစားကြရမှာပါ။

စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေး အဂတိလိုက်စားမှု အရှုပ်တော်ပုံတွေက မကြာခဏ ပေါ်ပေါက်လာတတ်ပြီး အဲဒီအချိန်တိုင်း ပြည်သူ့ဆန္ဒတွေ ဆူပွက်လာကာ အမျိုးမျိုးသော တုံ့ပြန်မှုတွေကို ကြေညာလေ့ရှိပါတယ်။ ဒါပေမဲ့ ခဏကြာသွားတဲ့အခါ ဘာမှမဖြစ်ခဲ့သလိုမျိုး အရင်အတိုင်း ပြန်ဖြစ်သွားတတ်ကြတာပါ။

အစိုးရနဲ့ ကော်ပိုရေးရှင်းတွေက အချိန်အကြာကြီး ရင်းနှီးတဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားကြတာပါ။ ဒါကြောင့် ကုမ္ပဏီတစ်ခုအနေနဲ့ အစိုးရရဲ့ အဂတိလိုက်စားမှုကို ဖော်ထုတ်ဖို့ဆိုတာ မတွေးဝံ့စရာပါပဲ။

ဒါပေမဲ့ ကျွန်တော်ကတော့ ကွာခြားပါတယ်။ ကျွန်တော့်မှာ လက်ရှိ အာဏာပိုင်တွေနဲ့ ဘာအဆက်အသွယ်မှ မရှိတဲ့အတွက် ဘယ်သူ့ကိုမှ ကြောက်နေစရာ မလိုပါဘူး။

ကိုရီးယားရဲ့ သန့်ရှင်းမှုအဆင့်အတန်းက အတိတ်ကထက်စာရင် အများကြီး တိုးတက်လာခဲ့ပြီ ဖြစ်ပေမဲ့ ဂျာမနီ ဒါမှမဟုတ် နော်ဝေနိုင်ငံတွေလိုမျိုး ဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့ ယှဉ်လို့တော့ မရသေးပါဘူး။

အပြင်ကို သေချာမပေါ်ထွက်လာပေမဲ့ အစိုးရအတွင်းမှာ အဂတိလိုက်စားမှုနဲ့ မတရားမှုတွေက ‘ရိုးရာ’ ဒါမှမဟုတ် ‘ထုံးစံ’ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပျံ့နှံ့နေဆဲပဲလေ။ သူတို့ကတော့ အရင်ကတည်းက ဒီလိုပဲ လုပ်လာခဲ့တာမလို့ အခုလည်း ဒီလိုပဲ လုပ်ရတာလို့ ပြောကြပါလိမ့်မယ်။

ကျွန်တော် ဥရောပမှာ တွေ့ခဲ့ရတဲ့ ဒုက္ခသည်တွေနဲ့ M Pizza အထွေထွေအစည်းအဝေးမှာ တွေ့ခဲ့ရတဲ့ ဒဏ်ရာရ စစ်ပြန်တွေကို သတိရမိသွားတယ်။

ကျွန်တော့်မှာ ပိုက်ဆံတွေ ဘယ်လောက်ပဲ ရှိနေရှိနေ ကမ္ဘာပေါ်က ပြဿနာအားလုံးကိုတော့ မဖြေရှင်းနိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်ဘေးနားမှာရှိတဲ့ ပြဿနာတွေကိုတော့ အနည်းဆုံးတော့ ဖြေရှင်းပေးနိုင်လောက်မှာပဲလေ။

All Chapters