အခန်း ၃၈၇
Vol. 39 Ch. 387
အခန်း (၃၈၇)
အဖွဲ့ခေါင်းဆောင် စီနီယာ ဂျောင်ကီဟုမ် သေသေသပ်သပ် ပြုစုတင်ပြထားတဲ့ စာရွက်စာတမ်းတွေထဲမှာ စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေးနဲ့ ထောက်ပံ့ပို့ဆောင်ရေး ခြစားမှု ဖြစ်ရပ်တွေကို အနှစ်ချုပ် ဖော်ပြထားပါတယ်။
သူက ကျောင်းတုန်းကတည်းက PowerPoint Presentation လုပ်တဲ့အပိုင်းမှာ အလွန်တော်တယ်လို့ နာမည်ကြီးခဲ့သူဖြစ်ပြီး အခုလည်း သူ့ရဲ့ အရည်အချင်းတွေက သံချေးမတက်သေးတာ ထင်ရှားနေပါတယ်။
ဒါပေမဲ့ အဂတိလိုက်စားမှု ပမာဏကတော့ အံ့ဩတုန်လှုပ်စရာ ကောင်းလောက်အောင် များပြားလှပါတယ်။
ကျည်ဆန်မကာနိုင်တဲ့ ကျည်ကာအင်္ကျီတွေ၊ ဖနောင့်တွေ ကွာကျပြီး ရေဝင်တဲ့ စစ်ဖိနပ်တွေ၊ ကုန်ကျစရိတ်တွေ လိမ်လည်ထားတဲ့ စစ်ဝတ်စုံတွေ၊ တရုတ်နိုင်ငံထုတ်ကို ကိုရီးယားထုတ်အဖြစ် အသွင်ပြောင်းထားတဲ့ စစ်ဦးထုပ်တွေ၊ စမ်းသပ်စစ်ဆေးချက် အစီရင်ခံစာတွေ အတုလုပ်ထားတဲ့ ရိုင်ဖယ်သေနတ်တွေ၊ စမ်းသပ်မှု လက်မှတ်တွေ အတုလုပ်ထားတဲ့ တင့်ကားအပိုပစ္စည်းတွေ၊ အဟောင်းတွေကို အသစ်အဖြစ် အသွင်ပြောင်းထားတဲ့ ကိုယ်တိုင်မောင်း အမြောက်ယာဉ် အပိုပစ္စည်းတွေ၊ ဒီဇိုင်းပိုင်း ချို့ယွင်းချက်ရှိတဲ့ သံချပ်ကာကားတွေ၊ အလုပ်မလုပ်တဲ့ ရေအောက်အသံဖမ်းစနစ်တွေ စတာတွေအပြင် တခြားအရာတွေလည်း အများကြီး ရှိနေပါသေးတယ်။
ဒါတင်မကသေးဘဲ ဘတ်ဂျက် ဖြုန်းတီးမှုတွေကလည်း နည်းမျိုးစုံပါပဲ။
ဒုံးကျည် သုတေသနနဲ့ ဖွံ့ဖြိုးရေး ရန်ပုံငွေတွေကို အလွဲသုံးစားလုပ်တာ၊ တိုက်လေယာဉ် ပြုပြင်ထိန်းသိမ်းရေး အသုံးစရိတ်တွေကို ကြားက ဖြတ်စားတာ၊ စားသောက်ကုန် ထောက်ပံ့တဲ့ ကုမ္ပဏီတွေဆီကနေ လာဘ်ငွေယူတာတွေလည်း ပါဝင်ပါတယ်။
ကာကွယ်ရေး FPS ဂိမ်း ထုတ်လုပ်ဖို့အတွက် သုံးစွဲခဲ့တဲ့ ဝမ် သန်း ၅ ထောင်ဟာလည်း ဒီလို ဘတ်ဂျက်ဖြုန်းတီးမှု ဖြစ်ရပ်တွေထဲမှာ ပါဝင်နေမှာ သေချာပါတယ်။
အခု လူသိရှင်ကြားဖြစ်ရပ်တွေတင် ဒီလောက်တောင် ရှိနေမှတော့ ကွယ်ရာမှာ ဖုံးကွယ်ထားတာတွေက ဘယ်လောက်တောင် များနေလောက်မလဲ။
တက်ဂယူက ခေါင်းညိတ်လိုက်ရင်း ပြောတယ်။
“အခုမှပဲ စစ်တပ်က ဘာလို့ လစာ ဒီလောက်နည်းနည်းပဲ ပေးလဲဆိုတာ နားလည်တော့တယ်။ ပိုက်ဆံသုံးရမယ့် နေရာတွေ ဒီလောက်တောင် များနေမှတော့ စစ်သားတွေရဲ့ လစာကို ဘယ်လိုလုပ် တိုးပေးနိုင်တော့မှာလဲ”
ချို့ယွင်းချက်ရှိတဲ့ လက်နက်တွေ ဝယ်ဖို့ ပိုက်ဆံရှိပေမဲ့ စစ်သားတွေရဲ့ လစာတိုးပေးဖို့ကျတော့ ပိုက်ဆံမရှိပါဘူး။ စစ်ဗိုလ်ချုပ်တွေ ဂေါက်ရိုက်ဖို့အတွက် ဂေါက်ကွင်းတွေ ဆောက်ဖို့ ပိုက်ဆံရှိပေမဲ့ ဒဏ်ရာရသွားတဲ့ စစ်သားတွေကို ထောက်ပံ့ဖို့ကျတော့ ပိုက်ဆံမရှိပါဘူး။
နေရာတကာမှာ ပိုက်ဆံတွေ အကုန်သုံးပစ်ပြီးမှတော့ ဘယ်လိုလုပ် ပိုက်ဆံကျန်ပါ့မလဲ။
ဘတ်ဂျက်ဆိုတာ ဦးစားပေး သတ်မှတ်ရတဲ့ ကိစ္စရပ်တစ်ခုပါ။ တကယ်လို့ ဒီပိုက်ဆံက မရှိမဖြစ် လိုအပ်တာမျိုးဆိုရင် သူတို့တွေဟာ ဘယ်လိုနည်းနဲ့မဆို ရှာဖွေမှာ ဖြစ်ပေမဲ့ အဲဒီလို လုပ်ဖို့ လိုအပ်တယ်လို့ တစ်ခါမှ မတွေးခဲ့ကြတာ နေမှာပါ။
“ဒီလိုတွေ လုပ်ထားပြီးတော့မှ စစ်သားတွေကိုကျတော့ နိုင်ငံနဲ့ ပြည်သူအတွက် အနစ်နာခံပါဆိုပြီး အသံကျယ်ကျယ်နဲ့ ပြောရဲကြသေးတယ်”
“ကိုယ်ကဘာမှ မလုပ်ဘဲ ပါးစပ်ကနေ မျိုးချစ်စိတ်အကြောင်း အော်ဟစ်နေရတာထက် လွယ်တာ ဘာရှိဦးမှာလဲ”
ကန့်သတ်ထားတဲ့ အရင်းအမြစ်တွေကို မျှမျှတတနဲ့ ထိရောက်စွာ ခွဲဝေပေးရုံနဲ့တင် နိုင်ငံရဲ့ တိုးတက်မှုနှုန်းကို မြှင့်တင်ပေးနိုင်ပါတယ်။ တစ်ဖက်မှာလည်း ဆန်အိုးထဲက ပိုးမွှားတွေလိုပဲ ခြစားမှုတွေက ဆန်တွေကို တိတ်တဆိတ် ကိုက်ဖြတ် စားသောက်နေတာပါ။
တစ်ချိန်က ထွန်းကားခဲ့တဲ့ ဂရိနိုင်ငံ ပြိုလဲခဲ့ရတဲ့ အဓိက အကြောင်းရင်းကလည်း အစိုးရရဲ့ အဂတိလိုက်စားမှုကြောင့် ဖြစ်ပါတယ်။ ကိုရီးယားလူ့အဖွဲ့အစည်းအတွင်း ကျန်ရှိနေတဲ့ ခြစားမှုတွေကို ဖယ်ရှားပစ်နိုင်ရင် နိုင်ငံရဲ့ တိုးတက်မှုနှုန်းကို ပိုပြီး မြှင့်တင်ပေးနိုင်မှာပါ။
ဒါပေမဲ့ အဂတိလိုက်စားမှုတွေကို ဖယ်ရှားဖို့အတွက် အစိုးရဌာန တိုင်းကို လိုက်ပြီး ရှင်းထုတ်ဖို့ကတော့ မဖြစ်နိုင်ပါဘူး။ လူအင်အား မလုံလောက်တဲ့အပြင် တစ်နိုင်ငံလုံးက နိုင်ငံ့ဝန်ထမ်းတွေရဲ့ တွန်းလှန်မှုကိုလည်း ရင်ဆိုင်ရပါလိမ့်မယ်။
အထိရောက်ဆုံး နည်းလမ်းကတော့ ဌာနတစ်ခုကို နမူနာပြအနေနဲ့ အပြတ်ရှင်းပြလိုက်ဖို့ပါပဲ။
ဖောက်ပြန်ပျက်စီးနေတဲ့ အဖွဲ့အစည်းတစ်ခုကို ‘အရိုးပါမကျန်’ စိစစ်ပြီး အကုန်ဖြိုချပစ်လိုက်ရင် အဲဒါကို မြင်တွေ့သွားတဲ့ တခြားအဖွဲ့အစည်းတွေလည်း သူတို့ဘာသာ ပြုပြင်ပြောင်းလဲလာကြမှာပါ။
“စံနမူနာပြဖြစ်အောင် ဆုံးမပေးဖို့ဆိုရင် ကာကွယ်ရေးဝန်ကြီးဌာနက အကောင်းဆုံးပဲ”
“ဘာလို့လဲ”
“သူက တခြားဌာနတွေနဲ့ ပတ်သက်ဆက်နွှယ်မှု နည်းပြီး ပြည်သူတွေရဲ့ အာရုံစိုက်မှုကို ရရှိဖို့ အကောင်းဆုံး ဖြစ်လို့လေ”
တကယ်လို့ ကျန်းမာရေးနဲ့ လူမှုဖူလုံရေး ဝန်ကြီးဌာန ဒါမှမဟုတ် အလုပ်သမား ဝန်ကြီးဌာနတွေရဲ့ ခြစားမှုကို လိုက်တူးဆွနေရင် ပြည်သူတွေက သိပ်ပြီး စိတ်ဝင်စားကြမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကာကွယ်ရေး ဝန်ကြီးဌာနကတော့ မတူဘူးလေ။ ဘာလို့လဲဆိုတော့ ကိုရီးယားအမျိုးသား အများစုဟာ ဘဝရဲ့ တစ်ချိန်ချိန်မှာ စစ်မှုထမ်းခဲ့ဖူးကြလို့ပါ။
ပြီးတော့ တိုးတက်ပြောင်းလဲရေးဝါဒီတွေက ရိုးသားဖြောင့်မတ်မှုကို တန်ဖိုးထားကြပြီး ရှေးရိုးစွဲဝါဒီတွေက လုံခြုံရေးကို တန်ဖိုးထားကြတာကြောင့် နှစ်ဖက်စလုံးရဲ့ တရားဝင် ထောက်ခံမှုကိုလည်း ရရှိနိုင်ပါတယ်။
“မင်း ဘာလုပ်ဖို့ စိတ်ကူးထားလဲ”
“အတွင်းသတင်း ပေးတာကို လှုံ့ဆော်တာက အမြန်ဆုံး နည်းလမ်း ဖြစ်မယ်လို့ယူဆတယ်”
သီးသန့်ဆန်တဲ့ အဖွဲ့အစည်းတွေမှာ ပြင်ပကနေ ဝင်ရောက်စစ်ဆေးဖို့ ကန့်သတ်ချက်တွေ ရှိပါတယ်။ အကောင်းဆုံး ချဉ်းကပ်ပုံကတော့ အတွင်းပိုင်း အခြေအနေကို ကောင်းကောင်းသိတဲ့ လူတစ်ယောက်က ထုတ်ဖော်တိုင်ကြားတာပါပဲ။
အတွင်းသတင်း တိုင်ကြားသူတွေဟာ အဖွဲ့အစည်းအတွင်းက တရားမဝင်မှုတွေနဲ့ ခြစားမှုတွေကို ဖော်ထုတ်ပြီး ပြည်သူ့အကျိုးစီးပွားကို မြှင့်တင်ပေးနိုင်တဲ့ အကျိုးသက်ရောက်မှု ရှိပါတယ်။ ဒါကြောင့် အတွင်းသတင်း ပေးသူတွေကို ကာကွယ်ပေးဖို့က မူဝါဒဖြစ်သင့်ပေမဲ့ လက်တွေ့မှာတော့ အတွင်းသတင်းပေးမယ့်သူတွေဟာ အပယ်ခံရပြီး မောင်းထုတ်ခံရတာက များပါတယ်။
ဒါက စစ်တပ်ထဲမှာ ပိုပြီးတော့တောင် ပြင်းထန်ပါသေးတယ်။ အတွင်းသတင်း ပေးသူတွေဟာ တရားစွဲဆိုမှုတွေ၊ တိုင်ကြားမှုတွေကြားထဲ နစ်မွန်းသွားရတတ်ပြီး ဘဝပါ ပျက်စီးသွားရတတ်တာပါ။
ဒါကြောင့် အဲဒီလိုမျိုး မဖြစ်စေဖို့အတွက်…
“ဖြောင့်မတ်တဲ့ လုပ်ရပ်တွေအတွက် ထိုက်တန်တဲ့ ဆုလာဘ် ပေးရမယ်”
“OTK ကုမ္ပဏီအနေနဲ့ စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေးနဲ့ ထောက်ပံ့ပို့ဆောင်ရေး ခြစားမှုတွေနဲ့ ပတ်သက်တဲ့ သတင်းပေးမှုတွေကို လက်ခံသွားမှာ ဖြစ်ပါတယ်။ ဖြစ်ရပ်ရဲ့ အရေးကြီးပုံပေါ်မူတည်ပြီး အနည်းဆုံး ဝမ်သန်း ၁၀၀ ကနေ ဝမ် သန်း ၂ ထောင်အထိ ဆုကြေးငွေ ပေးဆောင်သွားမှာ ဖြစ်သလို အလုပ်အကိုင် ပြန်လည်ရရှိဖို့ကိုလည်း အာမခံပေးသွားမှာပါ။ ဒါတင်မကဘဲ တရားစွဲဆိုမှုတွေ ဒါမှမဟုတ် ဥပဒေကြောင်းအရ အရေးယူမှုတွေနဲ့ ရင်ဆိုင်ရရင်လည်း ဥပဒေပိုင်းဆိုင်ရာ ကူညီပံ့ပိုးမှုတွေကို ပေးအပ်သွားမှာ ဖြစ်ပါတယ်”
PR အဖွဲ့ခေါင်းဆောင် ဂျောင်ကီဟုမ်ရဲ့ ရုတ်တရက် ကြေညာချက်ကြောင့် ကာကွယ်ရေး ဝန်ကြီးဌာနတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့တယ်။
နိုင်ငံရေးသမား အများအပြားဟာ ကန်ဂျင်ဟူနဲ့ ပတ်သက်မိပြီး ဘဝပျက်ခဲ့ကြရဖူးပါတယ်။ ပြီးခဲ့တဲ့ အစိုးရလက်ထက်က သူတို့ကျူးလွန်ခဲ့တဲ့ အမှားတွေကြောင့်လည်း ပါတာမလို့ သူတို့တွေဟာ ကန်ဂျင်ဟူရဲ့ မျက်နှာသာပေးမှုကို ရဖို့ တတ်နိုင်သမျှ ကြိုးစားခဲ့ကြပေမဲ့ အခုတော့ ကန်ဂျင်ဟူက သူတို့ကို တိုက်ရိုက် ဓားထုတ်ပြလိုက်ပြီ ဖြစ်ပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနမှာ အရေးပေါ် အစည်းအဝေးတစ်ခု ခေါ်ယူလိုက်ပါတယ်။ ဝန်ကြီး ဘဲယွန်ဘုံက ပျာပျာသလဲနဲ့ အော်ဟစ်လိုက်ရင်း ပြောတယ်။
“ဒါတွေက ဘာတွေလဲ။ သူက ဘာလို့ ရုတ်တရက်ကြီး ဒီလိုလုပ်ရတာလဲ”
“မဟုတ်မှလွဲရော အဲဒီတုန်းက ဆိုက်ဘာစစ်ဌာနချုပ်က တင်ခဲ့တဲ့ ကွန်မန့်တွေကို သူ မြင်သွားလို့လား မသိဘူး”
သူလည်းပဲ အဲဒီကွန်မန့်တွေကို မြင်ခဲ့ဖူးပါတယ်။
မိဘတွေကိုပါ ပစ်မှတ်ထားပြီး အမျိုးမျိုး ဆဲဆိုစော်ကားထားတဲ့ ရွံရှာဖွေရာ ကွန်မန့်ပွဲတော်ကြီးလို့ ခေါ်ရင်တောင် မမှားပါဘူး။ ပြီးတော့ သူတို့တွေက ဆိုက်ဘာစစ်ဆင်ရေး အသွင်ယူပြီး ပြည်သူတွေရဲ့ အခွန်ငွေတွေကို ယူခဲ့ကြတာပါ။
“အဲဒီတုန်းက တာဝန်ရှိတဲ့လူတွေကို ဖမ်းဆီးတာ ဒါမှမဟုတ် ရာထူးကနေ ထုတ်ပယ်တာတို့ကို လုပ်လိုက်ပြီ မဟုတ်ဘူးလား”
အမှန်တော့ အလွန်နည်းပါးတဲ့ လူအနည်းငယ်ကိုသာ အပြစ်ပေးခဲ့တာဖြစ်ပြီး အများစုကတော့ ရာထူးနေရာ ပြောင်းလဲပြီး ဆက်လက် အလုပ်လုပ်ကိုင်နေကြဆဲပါ။
“ဒါမှမဟုတ် သူ အရံစစ်မှုထမ်းရမယ့် အချိန်ရောက်လာလို့ ဖြစ်မလား”
“ဒါမှမဟုတ် ဂိမ်းထုတ်လုပ်ရေး ကုန်ကျစရိတ်အတွက် ကျွန်တော်တို့ဘက်က ကမ်းလှမ်းတာ နည်းလွန်းလို့ စိတ်ဆိုးသွားတာလည်း ဖြစ်နိုင်တယ်”
“သူ လိုချင်တဲ့ပမာဏအတိုင်း ပေးလိုက်ပြီး ဂိမ်းအပ်လိုက်ရင် မကောင်းဘူးလား”
ဘာပဲဖြစ်ဖြစ် ကိစ္စက စတင်သွားခဲ့ပြီမလို့ သူတို့တွေ ဒီအတိုင်း ငြိမ်ခံနေလို့တော့ မရပါဘူး။
ကာကွယ်ရေး ဝန်ကြီးဌာနက စစ်တပ်တစ်ခုလုံးကို အတွင်းသတင်း ပေးတာမျိုး မလုပ်ကြဖို့ ညွှန်ကြားချက် ထုတ်ပြန်လိုက်တယ်။ ချက်ချင်းဆိုသလိုပဲ တပ်ရင်းတိုင်းမှာ လေ့ကျင့်ရေးတွေ အားလုံးကို ရပ်ဆိုင်းလိုက်ပြီး နိုင်ငံရေး ပညာပေး သင်တန်းတွေကို ပြုလုပ်ခဲ့တယ်။
တပ်ရင်းမှူးတွေနဲ့ တပ်ခွဲမှူးတွေက စစ်သားတွေကို စုဝေးစေပြီး အတွင်းသတင်း ပေးခြင်းဟာ စစ်တပ်ကို သစ္စာဖောက်တဲ့ လုပ်ရပ်ဖြစ်ကြောင်း၊ တပ်ဖွဲ့ရဲ့ စည်းကမ်းကို ပျက်ပြားစေကြောင်းနဲ့ တကယ်လို့ မကျေနပ်ချက် တစ်စုံတစ်ရာ ရှိပါက တပ်ဖွဲ့အတွင်းမှာပဲ အရင်ဆုံး ဖြေရှင်းရမယ်ဆိုတဲ့ မူဝါဒကို ပြတ်ပြတ်သားသား ညွှန်ကြားခဲ့တယ်။
နိုင်ငံရေး ပညာပေး အရာရှိက ကောင်းကောင်းကြီး ဟောပြောပို့ချနေစဉ်မှာပဲ တချို့သော အရာရှိတွေနဲ့ တပ်ကြပ်ကြီးတွေကတော့ တခြားအရာတွေကို တွေးတောနေကြပါပြီ။
‘ငါသာ သတင်းကောင်းကောင်းတစ်ခုလောက် သတင်းပေးနိုင်ရင် ထီပေါက်သလို ဖြစ်သွားမှာပဲ’
‘သူတို့က ဆုကြေးငွေအပြင် အလုပ်အကိုင် ပြန်ရဖို့ပါ အာမခံထားသေးတယ်’
‘နည်းနည်းလောက် အပြောခံပြီး ပိုက်ဆံယူလိုက်တာက ပိုကောင်းမလား…’
‘ဦးအောင် ပြောတဲ့လူကပဲ အမြတ်ရမှာ မဟုတ်ဘူးလား’
ကာကွယ်ရေး ဝန်ကြီး ဘဲယွန်ဘုံက မီဒီယာတွေဆီကို သူ့ရဲ့ မကျေနပ်ချက်တွေကို ပြင်းပြင်းထန်ထန် ထုတ်ဖော် ပြောကြားခဲ့တယ်။
“ကာကွယ်ရေးဝန်ကြီးဌာနကို ဒီလိုမျိုး ခြစားတဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် နာမည်ဖျက်နေရင် ဘယ်စစ်သားကကော တာဝန်သိစိတ်နဲ့ စစ်မှုထမ်းချင်တော့မှာလဲ။ မြောက်ကိုရီးယားရဲ့ ရန်စမှုတွေ တိုးပွားနေတဲ့ အချိန်မှာ စစ်တပ်ရဲ့ စိတ်ဓာတ်ကို နှိမ့်ချလိုက်တာက အမျိုးသား လုံခြုံရေးအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှု ဖြစ်လာပါလိမ့်မယ်”
လွတ်လပ်သော ပြည်သူ့ပါတီကလည်း ဒီသဘောထားကို ထပ်ဆင့် ပြောကြားခဲ့တယ်။ လွှတ်တော်အမတ် ယွန်နာကျောင်းက လွှတ်တော်အတွင်းမှာ အခုလို ပြောကြားခဲ့တယ်။
“တိုင်းပြည်တစ်ပြည်မှာ လုံခြုံရေးက အသက်ပဲ။ ကျွန်မတို့ရဲ့ စစ်တပ်ကြောင့်သာ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကနေ ဘေးကင်းနိုင်တာပါ။ စီအီးအို ကန်ဂျင်ဟူရဲ့ စစ်တပ်ခြစားမှုဆိုင်ရာ သတင်းပေးဖို့ လှုံ့ဆော်တဲ့ လုပ်ရပ်က ကျွန်မတို့ စစ်တပ်ရဲ့ အင်အားကို အားနည်းစေပြီး မြောက်ကိုရီးယား စစ်တပ်ကို အကျိုးရှိစေပါတယ်။ အစိုးရအနေနဲ့ ရှေ့ထွက်လာပြီး သူ့ရဲ့ သဘောထားကို ထုတ်ပြန်ကာ ဒီလိုဖြစ်ရပ်မျိုး မဖြစ်ပွားအောင် တားဆီးရပါမယ်”
ဒါပေမဲ့ ပြည်သူတွေရဲ့ တုံ့ပြန်မှုကတော့ လှောင်ပြောင် သရော်တဲ့ ပုံစံမျိုး ဖြစ်နေပါတယ်။
-လုံခြုံရေးက ဒီလောက်အရေးကြီးမှန်း သိရင် မင်းတို့ အရင်ဆုံး စစ်တပ်ထဲ ဝင်လိုက်ကြလေ။
-ဟားဟား။ စစ်တပ်ထဲတောင် မသွားဖူးတဲ့လူတွေက ဘာကိစ္စ အမျိုးသား ကာကွယ်ရေးအကြောင်း လာပြောနေတာလဲ။
-တကယ့် Chickenhawks (စစ်တပ်ထဲမသွားဘဲ စစ်တိုက်ချင်သူများ) တွေပဲ~
-စစ်မှုထမ်းရမှာကို ‘နေမကောင်းလို့ပါ’ ဆိုပြီး ရှောင်လွှဲခဲ့ပြီးတော့မှ ဓာတ်ဘူးကို ကိုင်ကာ ဒါက ဗုံးပဲဆိုပြီး အော်ခဲ့တဲ့ ဟိုလွှတ်တော်အမတ်ကို သတိရမိစေတယ်။
-ကိုယ့်သားသမီးတွေကိုကျတော့ စစ်မှုထမ်းကင်းလွတ်ခွင့် ရအောင် ဒါမှမဟုတ် သက်တောင့်သက်သာရှိတဲ့ နေရာတွေ ရအောင် လုပ်ပေးပြီး ပြည်သူတွေကိုပဲ အနစ်နာခံခိုင်းနေကြတာ။
-လွှတ်တော်အမတ်တွေ၊ ဝန်ကြီးတွေနဲ့ အဲဒီဗိုလ်ချုပ်တွေရဲ့ သားသမီးတွေကို အရင်ဆုံး ရှေ့တန်းကို ပို့လိုက်ကြပါဦး။
အိမ်ပြာတော် (သမ္မတအိမ်တော်) နဲ့ နိုင်ငံရေးသစ်ပါတီတို့ကတော့ အကြပ်ရိုက်စရာ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။
သူတို့က “အတိတ်က ဆိုးညစ်မှုတွေကို ရှင်းလင်းခြင်း” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ခြစားမှုတွေနဲ့ မမှန်မကန်မှုတွေကို အမြစ်ပြတ်ချေမှုန်းဖို့ ရှေ့ထွက်လာခဲ့တာ ဖြစ်ပေမဲ့ တကယ်လို့ ကာကွယ်ရေး ခြစားမှုပြဿနာသာ ထပ်ပြီး ပေါက်ကွဲထွက်လာရင် အစိုးရနဲ့ အာဏာရပါတီတို့ဟာ ဝေဖန်မှုတွေကို ရှောင်လွှဲနိုင်မှာ မဟုတ်ပါဘူး။
ကာကွယ်ရေး ပစ္စည်းဝယ်ယူရေး စီမံခန့်ခွဲမှု အေဂျင်စီ (DAPA) တင်မကဘဲ စစ်ဘက်ဆိုင်ရာ အပြန်အလှန် ကူညီစောင့်ရှောက်ရေး အသင်းနဲ့ ကိုရီးယား စစ်မှုထမ်းဟောင်းများ အသင်းတို့လည်း ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြပါတယ်။ တက်ကြွလှုပ်ရှားသူ စစ်သည်ဟောင်းတွေနဲ့ အငြိမ်းစား စစ်မှုထမ်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ဒီအဖွဲ့အစည်းတွေဟာ အကျိုးစီးပွား အမျိုးမျိုးကို ရယူဖို့အတွက် DAPA နဲ့ ကာလရှည်ကြာ ပူးပေါင်း ကြံစည်ခဲ့ကြတာပါ။
သူတို့ဟာ ခြစားမှုတွေရဲ့ ခိုအောင်းရာ နေရာတွေအဖြစ် အကြိမ်ကြိမ် သတ်မှတ်ခံခဲ့ရဖူးပေမဲ့ ကြီးကြီးမားမား စစ်ဆေးမှုမျိုးနဲ့ တစ်ခါမှ မရင်ဆိုင်ခဲ့ဖူးပါဘူး။ အခုတော့ ရုတ်တရက်ကြီး ကန်ဂျင်ဟူက ဒီပြဿနာကို ထိပ်တိုက် ရင်ဆိုင်လာခဲ့ပါပြီ။
DAPA ရဲ့ အုပ်ချုပ်ရေးမှူး လီမင်ဆော့က အရေးပေါ် အစည်းအဝေးမှာ မေးမြန်းလိုက်တယ်။
“ခြစားမှုနဲ့ ပတ်သက်ပြီး DAPA မိသွားနိုင်တဲ့ အထင်ရှားဆုံး အရာတွေက ဘာတွေလဲ”
“အများကြီး ရှိလွန်းလို့ ဘယ်ကနေ စပြောရမှန်းတောင် မသိတော့ပါဘူး…”
“…”
အထူးစုံစမ်းစစ်ဆေးရေးမှူးချုပ် ဟွမ်ကျောင်ဝန်က အစိုးရရှေ့နေတွေကို တိတ်တဆိတ် ဆင့်ခေါ်လိုက်တယ်။
စုံစမ်းစစ်ဆေးပိုင်ခွင့်နဲ့ တရားစွဲဆိုပိုင်ခွင့် အာဏာရှိတဲ့ အမှုစစ်ရုံးဟာ ကြောက်စရာကောင်းတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး နိုင်ငံရေးသမားတွေနဲ့ အစိုးရဌာနတွေကပါ သူတို့ကို ကြောက်ရွံ့ကြပါတယ်။
ဒါပေမဲ့ ကိုယ်ပိုင် တရားစီရင်ရေး စနစ်ကို ကျင့်သုံးနေတဲ့ ကာကွယ်ရေး ဝန်ကြီးဌာနကတော့ ချွင်းချက်ပါ။
ရှေးရိုးစွဲဝါဒီ ဖြစ်စေ၊ တိုးတက်ပြောင်းလဲရေးဝါဒီ ဖြစ်စေ နိုင်ငံသားအားလုံးဟာ စစ်တပ်နဲ့ ပတ်သက်တဲ့ အမျိုးမျိုးသော ဖြစ်ရပ်တွေ၊ မတော်တဆမှုတွေနဲ့ ခြစားမှုတွေအပေါ် စိတ်ပျက်နေကြပြီလို့ ပြောရင်လည်း မမှားပါဘူး။
ဒါပေမဲ့ ကွဲပြားနေတဲ့ နိုင်ငံတစ်ခုရဲ့ ထူးခြားတဲ့ အခြေအနေကြောင့် ကိုရီးယားမှာ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အာဏာက အရမ်းကိုကြီးမားလှပြီး အတိတ်မှာ ရေတွက်လို့မရအောင် များပြားလှတဲ့ ခြစားမှု သတင်းဆိုးတွေ ရှိခဲ့ရင်တောင် ဘယ်သူမှ မထိရဲခဲ့ကြပါဘူး။
ဒါပေမဲ့ အခုတော့ ကန်ဂျင်ဟူက ရှေ့ထွက်လာပြီး သူတို့ကို တိုက်ရိုက် ပစ်မှတ်ထားလိုက်ပြီ ဖြစ်ပါတယ်။
အစိုးရရှေ့နေအဖွဲ့အတွင်းမှာ ဒီအခြေအနေကို ဘယ်လို ကိုင်တွယ်မလဲဆိုတာနဲ့ ပတ်သက်ပြီး မတူညီတဲ့ သဘောထားတွေ အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်။
“ဒါပေမဲ့လည်း အမှုစစ်ရုံးအနေနဲ့ ကာကွယ်ရေးဝန်ကြီးဌာန အောက်မှာရှိတဲ့ DAPA ကို ဝင်ပြီး စုံစမ်းစစ်ဆေးလို့ မရဘူး မဟုတ်လား” လို့ ဆိုးလ်ဗဟိုခရိုင် အစိုးရရှေ့နေချုပ် အန်ဆောင်းနမ်က ပြောလိုက်တယ်။
“ဒါဆို ဒီလိုလုပ်ရင်ကော ဘယ်လိုလဲ”
“ဘာများလဲ”
“ကျွန်တော်တို့တွေ ကာကွယ်ရေး လုပ်ငန်းစုတွေထဲက ပုဂ္ဂလိက ကုမ္ပဏီတွေကို ဝင်ပြီး စုံစမ်းစစ်ဆေးကြမယ်လေ”
တခြား အစိုးရအေဂျင်စီတွေက ပြည်သူ့ဝယ်ယူရေး ဝန်ဆောင်မှုအဖွဲ့ကတစ်ဆင့် ပစ္စည်းတွေကို ဝယ်ယူကြပေမဲ့ ကာကွယ်ရေး ဝန်ကြီးဌာနကတော့ DAPA ကတစ်ဆင့် သီးခြား ဝယ်ယူတာ ဖြစ်ပါတယ်။ အသင့်စား ခေါက်ဆွဲတွေ ဒါမှမဟုတ် စစ်သုံး ဘီစကစ်တွေလိုမျိုး ပစ္စည်းတွေအတွက်ကတော့ ထုတ်ကုန်တွေကို နှိုင်းယှဉ်ရလွယ်ကူပြီး ကုမ္ပဏီ အများအပြားက လေလံပွဲမှာ ပါဝင်ကြတာကြောင့် ခြစားမှု ဖြစ်နိုင်ခြေ နည်းပါတယ်။
ဒါပေမဲ့ အထူးသတ်မှတ်ချက်တွေနဲ့ ပြုလုပ်ထားတဲ့ စစ်ဝတ်စုံတွေ၊ စစ်ဖိနပ်တွေနဲ့ ကျောပိုးအိတ်တွေလိုမျိုး ပစ္စည်းတွေအတွက်ကတော့ ထုတ်လုပ်တဲ့ ကုမ္ပဏီ အနည်းငယ်ပဲ ရှိပါတယ်။
စိတ်ဝင်စားစရာ အချက်ကတော့ ခြစားမှုတွေကို စုံစမ်းတွေ့ရှိရင်တောင် ဘာအရေးယူမှုမှ မရှိတာပါပဲ။ မူအရဆိုရင်တော့ ခြစားမှုနဲ့ မိတဲ့ ကုမ္ပဏီတွေနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေကို ဖျက်သိမ်းရမှာဖြစ်ပြီး နောင်အနာဂတ်မှာ လေလံဆွဲခွင့် ပိတ်ပင်ရမှာပါ။
ဒါပေမဲ့ DAPA ကတော့ ချွင်းချက် အပိုဒ်တွေကို ဖန်တီးပြီး စာချုပ်တွေကို ဆက်လက် ချီးမြှင့်ခဲ့တယ်။ သူတို့ ပေးလေ့ရှိတဲ့ အကြောင်းပြချက်ကတော့ လိုအပ်တဲ့ သတ်မှတ်ချက်တွေအတိုင်း ထုတ်လုပ်နိုင်တဲ့ တခြားကုမ္ပဏီ မရှိလို့ဆိုတာပါပဲ။
ဒါကြောင့်မလို့လည်း ခြစားမှုတွေက အကြီးအကျယ် ထွန်းကားနေခဲ့တာပါ။ တကယ်လို့သာ သူတို့တွေ ပြတ်ပြတ်သားသား စုံစမ်းစစ်ဆေးမယ်ဆိုရင် နေရာအတော်များများ မိသွားမှာ သေချာပါတယ်။
“ကျွန်တော်တို့သာ ဝင်ပါရင် ကာကွယ်ရေး ဝန်ကြီးဌာနက ငြိမ်နေမှာ မဟုတ်ဘူး”
“သူတို့က ငြိမ်မနေဘဲ ဘာလုပ်နိုင်မှာမလို့လဲ။ သူတို့အနေနဲ့ ကာကွယ်ရေးလုပ်ငန်း ခြစားမှုကိုတော့ ကာကွယ်ပေးရဲမှာ မဟုတ်တာ သေချာပါတယ်”
အစိုးရရှေ့နေချုပ် အန်ဆောင်းနမ်ဟာ ကန်ဂျင်ဟူနဲ့ တိုက်ရိုက် မဆုံဖူးသေးပေမဲ့ ဒုတိယဥက္ကဌ အိုတက်ဂယူနဲ့တော့ တွေ့ဆုံဖူးပါတယ်။ အဲလိုတွေ့ဆုံဖူးတာကြောင့်ပဲ သူတို့တွေဟာ ပြဿနာဖြစ်စေခဲ့တဲ့ ကွိုင်အခြေပြု ဆင့်ပွားရောင်းဝယ်ရေး လိမ်လည်မှု ဂိုဏ်းကို ဖမ်းဆီးနိုင်ခဲ့ပြီး မီဒီယာတွေရဲ့ အကြီးအကျယ် အာရုံစိုက်မှုကို ခံခဲ့ရကာ အမှုစစ်ရုံးရဲ့ ဂုဏ်သတင်းကိုလည်း အများကြီး မြှင့်တင်နိုင်ခဲ့တာပါ။
အထူးစုံစမ်းစစ်ဆေးရေးမှူးချုပ် ဟွမ်ကျောင်ဝန်က တွန့်ဆုတ်နေပုံရတာကြောင့် အစိုးရရှေ့နေချုပ် အန်ဆောင်းနမ်က သူ့ကို ပြတ်ပြတ်သားသား စည်းရုံးလိုက်တယ်။
“ကျွန်တော်တို့ရဲ့ ပြိုင်ဘက်က ကန်ဂျင်ဟူ ဖြစ်နေတာပါ။ ကန်ဂျင်ဟူက ဒါကို စတင်လိုက်ပြီဆိုမှတော့ မကြာခင်မှာ တစ်နိုင်ငံလုံး…. မဟုတ်ဘူး… တစ်ကမ္ဘာလုံးရဲ့ အာရုံစိုက်မှုက ဒီကို ရောက်လာတော့မှာလေ။ ကျွန်တော်တို့ အခုပဲ လှုပ်ရှားရပါမယ်။ စုံစမ်းစစ်ဆေးမှုဆိုတာ အရှိန်အဟုန်ပါ။ အရှိန်အဟုန်က အရေးကြီးပါတယ်”
အဲဒီစကားတွေကြောင့် အထူးစုံစမ်းစစ်ဆေးရေးမှူးချုပ် ဟွမ်ကျောင်ဝန်က ဆုံးဖြတ်ချက် ချလိုက်တယ်။
“ကောင်းပြီ။ စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ဖွဲ့စည်းပြီး ခြစားမှု ရှိတယ်လို့ သံသယရှိတဲ့ ကုမ္ပဏီတွေအားလုံးကို လိုက်လံ စုံစမ်းစစ်ဆေးလိုက်ပါ”
ကန်ဂျင်ဟူ ကိုယ်တိုင်က ကိစ္စကြီးတွေကို ဖန်တီးနိုင်သူတစ်ယောက်ပါ။ မျှော်လင့်ထားတဲ့အတိုင်းပဲ ကမ္ဘာတစ်ဝန်းက မီဒီယာတွေက ဒီဖြစ်ရပ်ကို အကျယ်တဝံ့ ဖော်ပြခဲ့ကြတယ်။
ဖွံ့ဖြိုးပြီး နိုင်ငံအနည်းငယ်မှာသာ စစ်မှုမထမ်းမနေရ စနစ် ရှိတာကြောင့် ဒီဖြစ်ရပ်ဟာ တောင်ကိုရီးယားရဲ့ စစ်မှုထမ်းစနစ်ကို အသစ်တစ်ဖန် အာရုံစိုက်စရာ ဖြစ်လာစေခဲ့ပါတယ်။
-ကိုရီးယားအမျိုးသား အားလုံးက စစ်မှုထမ်းရတယ် ဟုတ်လား။ အံ့ဩစရာပဲ။
-စစ်မှုမထမ်းမနေရ စနစ်ဆိုရင်တောင်မှ လူတွေကို ဒီလိုလစာမျိုးနဲ့ ခိုင်းစေတာက အဓိပ္ပာယ်ရှိရဲ့လား။
-ကန်ဂျင်ဟူက အဲဒီလစာနဲ့ စစ်တပ်ထဲမှာ စစ်မှုထမ်းခဲ့တယ်ဆိုတာ အံ့ဩစရာပဲ။
-ကိုရီးယားက ဖွံ့ဖြိုးပြီး နိုင်ငံတစ်နိုင်ငံ ဖြစ်နေတာကို ဘာလို့ သူတို့ရဲ့ စစ်သားတွေကို သေသေချာချာ မဆက်ဆံကြတာလဲ။
-တကယ်လို့ စစ်သားတွေဟာ နိုင်ငံအတွက် အနစ်နာခံနေကြတာဆိုရင် ထိုက်ထိုက်တန်တန် ပေးသင့်တာပေါ့။
OTK ကုမ္ပဏီ ရုံးချုပ်ရှေ့မှာ တောင်ကိုရီးယားအလံဖြစ်တဲ့ ထယ်ဂုကီအလံက တလူလူ လွင့်ပျံနေပါတယ်။ ဒါက မြင်နေကျ မြင်ကွင်းတစ်ခုမလို့ ထူးဆန်းမနေပေမဲ့ ဒီတစ်ကြိမ်မှာတော့ ပါဝင်သူ အများအပြားဟာ စစ်ဝတ်စုံတွေကို ဝတ်ဆင်ထားကြတာပါ။
အငြိမ်းစား ဗိုလ်ချုပ်တစ်ယောက်က မိုက်ခရိုဖုန်းကိုကိုင်ပြီး အော်ဟစ်လိုက်တယ်။
“ကန်ဂျင်ဟူဆိုတဲ့ မြောက်ကိုရီးယား လိုလားတဲ့ ကွန်မြူနစ်ကို ရှုတ်ချကြ”
“ရှုတ်ချကြ။ ရှုတ်ချကြ”
ဒီမြင်ကွင်းကို ကြည့်နေတဲ့ တက်ဂယူက ကျွန်တော့်ကို ပြောလိုက်တယ်။
“သူတို့က မင်းကို ကွန်မြူနစ်လို့ ခေါ်နေကြပြီ”
“ဟက်”
ဒီတစ်ကြိမ်မှာ ကာကွယ်ရေး ဝန်ကြီးဌာနအနေနဲ့ ခြစားမှုတွေကို ဖယ်ရှားဖို့ ရှေ့ထွက်လာမှာ မဟုတ်တာ သေချာပါတယ်။ သူတို့အားလုံးက တစ်လှေထဲစီး တစ်ခရီးထဲ သွားနေကြတာ ဖြစ်လို့ပါ။
“ကွန်မြူနစ်လို့သတ်မှတ်ကြတာက ကော်ပိုရိတ် စာရင်းအင်း လိမ်လည်မှုတွေ ဒါမှမဟုတ် ခြစားမှုတွေကို စုံစမ်းစစ်ဆေးတဲ့အခါတိုင်း ထွက်လာလေ့ရှိတဲ့ အကြောင်းပြချက်တွေပါပဲ”
စီးပွားရေး ကောင်းနေတဲ့ အခါကျတော့လည်း အောင်မြင်နေတဲ့ ကုမ္ပဏီတွေကို နှောင့်ယှက်တယ်လို့ ညည်းညူကြတယ်။ စီးပွားရေး မကောင်းတဲ့ အခါကျတော့လည်း စီးပွားရေးကို အရင်ဆုံး ပြန်လည် ဦးမော့အောင် လုပ်ရမှာမလို့ ကုမ္ပဏီတွေကို ဘာလို့ လာပြီး နှောင့်ယှက်နေတာလဲလို့ ပြောကြပြန်ရော။
တက်ဂယူက ခေါင်းစောင်းရင်း ပြောလိုက်တယ်။
“ဒါဆို ခြစားမှုကို ဘယ်အချိန်ကျမှ စုံစမ်းစစ်ဆေးရမှာလဲ”
“သူတို့ ပြောချင်တာကတော့ မလုပ်နဲ့လို့ ဆိုလိုတာလေ”
ဒီကိစ္စကလည်း အတူတူပါပဲ။
သူတို့တွေက ကာကွယ်ရေးစွမ်းရည် အားနည်းသွားတာ၊ စစ်တပ်ရဲ့ စိတ်ဓာတ် နှိမ့်ချခံရတာ၊ လုံခြုံရေး ခြိမ်းခြောက်မှု စတာတွေကို အကြောင်းပြပြီး ကန့်ကွက်ကြလိမ့်မယ်ဆိုတာ ကျွန်တော် ကြိုတင် တွေးဆထားပြီးသားပါ။
“ဒီအတွက် အဖြေတစ်ခု ရှိပြီးသားပါ”
“မင်း ဘာလုပ်မလို့လဲ”
“မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးကြေး၊ သွားတစ်ချောင်းအတွက် သွားတစ်ချောင်းကြေးပေါ့ကွာ။ ပြီးတော့ ကွန်မြူနစ်အတွက် ကွန်မြူနစ်ပဲ မဟုတ်ဘူးလား”
နောက်ရက်မှာတော့ ကျွန်တော် တမင်တကာပဲ လမ်းမကြီးပေါ်မှာ ကားပေါ်ကဆင်းပြီး ကုမ္ပဏီဆီကို လမ်းလျှောက်သွားခဲ့တယ်။ မျှော်လင့်ထားတဲ့အတိုင်းပဲ စောင့်ဆိုင်းနေတဲ့ သတင်းထောက်တွေက ချက်ချင်း ပြေးဝင်လာကြပြီး ကျွန်တော့်ဆီကို မိုက်ခရိုဖုန်းတွေ ကမ်းပေးလာကြပါတယ်။
“ခင်ဗျားရဲ့ သဘောထားကိုပြောပေးပါ”
“ကာကွယ်ရေးဝန်ကြီးဌာနနဲ့ နိုင်ငံရေး လောကက စိုးရိမ်ပူပန်မှုတွေအပေါ် ဘာပြောချင်ပါသလဲ”
“ပြည်သူတွေကို စကားတစ်ခွန်းလောက် ပြောပေးပါဦး”
ကျွန်တော်က ရွေးချယ်စရာ မရှိတော့တဲ့ ပုံစံမျိုးနဲ့ ရပ်လိုက်ပြီး ပါးစပ်ကို ဖွင့်ကာ ပြောလိုက်တယ်။
“သူတို့တွေသာ တရားမျှတပြီး ပွင့်လင်းမြင်သာမှု ရှိမယ်ဆိုရင် ကျွန်တော် ဒီလို သတင်းပေးမှုတွေကို လက်ခံတာက ဘာပြဿနာမှ ရှိမှာ မဟုတ်ပါဘူး။ တစ်ဖက်မှာလည်း တကယ်လို့ သူတို့တွေဟာ စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေး ဒါမှမဟုတ် ထောက်ပံ့ပို့ဆောင်ရေးနဲ့ ပတ်သက်ပြီး ခြစားမှုတွေ ကျူးလွန်ထားမယ်ဆိုရင် အဲဒါကို သေသေချာချာ စုံစမ်းစစ်ဆေးပြီး အပြစ်ပေးရမှာပါ။ သမ္မတဟောင်း ပတ်ဆီဟျွန်းက ကာကွယ်ရေး ခြစားမှုဟာ ရန်သူကို အကျိုးပြုတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ပြင်းထန်တဲ့ စစ်တပ် ပြုပြင်ပြောင်းလဲရေးကို ညွှန်ကြားခဲ့ဖူးပါတယ်”
အဲဒီစကားကို ပြောခဲ့တဲ့သူကတော့ အမျိုးမျိုးသော ခြစားမှု စွဲချက်တွေနဲ့ ဖမ်းဆီးခံထားရပြီး လက်ရှိမှာ တရားရင်ဆိုင်နေရဆဲ ဖြစ်တာကိုတော့ ထည့်မပြောတော့ပါဘူးလေ။
သတင်းထောက်တွေက ဆက်ပြီး မေးမြန်းကြတယ်။
“စစ်တပ်ကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်လို့ ယုံကြည်ပါသလား”
ကျွန်တော်က ကင်မရာတွေကို စိုက်ကြည့်လိုက်ရင်း ပြောလိုက်ပါတယ်။
“ခြစားသူတွေဟာ ပြည်သူတွေရဲ့ သွေးချွေးစုတ်ထုတ်ထားတဲ့ အခွန်ငွေတွေကို အလွဲသုံးစားလုပ်ပြီး ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်တပ်ဖွဲ့တွေကို အားနည်းအောင် လုပ်ကာ ရန်သူကို အကျိုးပြုနေရတဲ့ အကြောင်းရင်းက တစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့ ခြစားသူတွေဟာ ကိုရီးယားသမ္မတနိုင်ငံရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ သူလျှိုတွေ ဒါမှမဟုတ် ကွန်မြူနစ်တွေ ဖြစ်နေလို့ပါပဲ။ ဒါကြောင့်မလို့ စုံစမ်းစစ်ဆေးမှုကို ကန့်ကွက်နေတဲ့သူတွေ၊ စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေးနဲ့ ထောက်ပံ့ပို့ဆောင်ရေး ခြစားမှုကို ကာကွယ်ပေးနေတဲ့သူတွေနဲ့ စစ်သားတွေရဲ့ သက်သာချောင်ချိရေး မြှင့်တင်မှုကို ဆန့်ကျင်နေတဲ့သူတွေဟာ သေသေချာချာ သဘောတရားပိုင်းဆိုင်ရာ စိစစ်မှုကို ခံယူရပါမယ်။ အဲ့ဒီလူတွေဟာ ကွန်မြူနစ် လိုလားတဲ့ အင်အားစုတွေနဲ့ ဆက်နွှယ်နေသလား ဒါမှမဟုတ် မြောက်ကိုရီးယားဆီကနေ ညွှန်ကြားချက်တွေ ရယူနေသလားဆိုတာကို ကျွန်တော်တို့ သံသယဝင်ရပါလိမ့်မယ်”