← Chapters

အခန်း ၃၈၈

Vol. 39 Ch. 388

အခန်း ၃၈၈

Vol. 39 Ch. 388

အခန်း (၃၈၈)

သတင်းထောက်တွေအားလုံး ဆွံ့အသွားကြတယ်။

တောင်ကိုရီးယားနိုင်ငံမှာ တစ်ဖက်လူကို "ကွန်မြူနစ် (ဒါမှမဟုတ်) သူလျှို" လို့ စွပ်စွဲလိုက်တာဟာ ဘယ်လိုမှ မချေပနိုင်တဲ့ အကောင်းဆုံး တိုက်ကွက်တစ်ခု ဖြစ်ပါတယ်။ ဒီကတ်ကို ထုတ်သုံးလိုက်ရုံနဲ့တင် ကိုယ့်ဘက်က ထောက်ခံသူတွေကို စုစည်းနိုင်ပြီး ပြိုင်ဘက်ကို အကြပ်ရိုက်သွားစေနိုင်တယ်လေ။

တစ်ဖက်လူက ဘယ်လောက်ပဲ ငြင်းဆန်ပါစေ၊ ဒါမှမဟုတ် ကွန်မြူနစ်မဟုတ်ကြောင်း သက်သေပြနိုင်ပါစေ ​အဓိက အကြောင်းအရင်းက ပျောက်ကွယ်သွားပြီး အယူဝါဒပိုင်းဆိုင်ရာ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေပဲ ကျန်ရှိတော့မှာ ဖြစ်ပါတယ်။

ဒါကြောင့်မလို့လည်း လူတိုင်းက ဒီအယူဝါဒကတ်ကို ထုတ်သုံးဖို့ သဘောကျနေကြတာ နေမှာပါ။

ကျောင်းတွေမှာ အခမဲ့ နေ့လယ်စာ ကျွေးဖို့ အဆိုပြုမလား။

—အဲ့ကောင် ကွန်မြူနစ်။

သပိတ်မှောက်မလား။

—အဲ့ကောင် ကွန်မြူနစ်။

အစိုးရကို ဝေဖန်မလား။

—အဲ့ကောင် ကွန်မြူနစ် လို့ စွပ်စွဲခဲ့ကြတာလေ။

ရယ်စရာကောင်းတဲ့ အချက်တစ်ခုကတော့ အဲဒီလို "ကွန်မြူနစ်" လို့ လိုက်ပြီး စွပ်စွဲရတာကို သဘောကျတဲ့သူတွေထဲမှာ စစ်တပ်ထဲ သေသေချာချာ သွားဖူးတဲ့သူက မရှိသလောက် ရှားတာပါပဲ။

နောက်ဆုံးတော့လည်း မျိုးချစ်စိတ်ဆိုတာ ခန္ဓာကိုယ်နဲ့ မဟုတ်ဘဲ ပါးစပ်နဲ့ ပြရတာမျိုး မဟုတ်လား။

ခဏအကြာမှာတော့ စိတ်ပြန်စုစည်းလိုက်တဲ့ သတင်းထောက် တစ်ယောက်က မေးမြန်းလိုက်တယ်။

“အခုလို သတင်းပေးမှုတွေကို လက်ခံရတဲ့ ခင်ဗျားရဲ့ တကယ့် ရည်ရွယ်ချက်က ဘာလဲခင်ဗျာ”

“ကာကွယ်ရေးလုပ်ငန်းထဲကို ဝင်ရောက်ဖို့ ပြင်ဆင်နေတာမျိုး ရှိလို့လား”

“ကာကွယ်ရေးဝန်ကြီးဌာနအပေါ် ပုဂ္ဂိုလ်ရေးအရ မကျေနပ်ချက် တစ်စုံတစ်ရာ ရှိနေလို့လားခင်ဗျာ”

နောက်ဆုံးမေးခွန်းကတော့ ရင်ထဲကို အတော်လေး ထိမှန်သွားစေပါတယ်။

စစ်မှုထမ်းခဲ့ဖူးတဲ့သူတစ်ယောက်အနေနဲ့ ပုဂ္ဂိုလ်ရေး ခံစားချက်တွေ ဘယ်လိုလုပ် မရှိဘဲ နေပါ့မလဲ။ ဒါပေမဲ့လည်း ခြစားမှုတွေကို ဖယ်ရှားပစ်နိုင်တာက ကောင်းတဲ့အရာပဲလေ။

"မညီမညာ ပေါက်နေတဲ့ ဝါးပင်တစ်သောင်းရှိရင် အားလုံးကို ခုတ်ပစ်ဖို့လိုတယ်"

ဒါက ထန်မင်းဆက်ခေတ်က ကဗျာဆရာ တုဖူရဲ့ ကဗျာတစ်ပုဒ်ဖြစ်ပြီး ဥက္ကဌ ကျန်းဖင်ဟွာက ကိုးကားပြီးနောက်ပိုင်းမှာ ပြန်လည် နာမည်ကြီးလာခဲ့တဲ့ စကားပုံတစ်ခု ဖြစ်ပါတယ်။ အဂတိလိုက်စားမှုကို အမြစ်ပြတ် ချေမှုန်းဖို့က ဘယ်လောက်တောင် အရေးကြီးလဲဆိုတာကို လုံးဝ လျှော့တွက်လို့ မရပါဘူး။

စီးပွားရေး တိုးတက်နေသရွေ့ ခြစားမှုတွေကို လျစ်လျူရှုထားလို့ရတယ်ဆိုတဲ့ အယူအဆဟောင်းက ခေတ်မရှိတော့ပါဘူး။ အခုခေတ်မှာတော့ ရိုးသားဖြောင့်မတ်မှုက နိုင်ငံရဲ့ ယှဉ်ပြိုင်နိုင်စွမ်းအတွက် အလွန်အရေးကြီးပါတယ်။ ဒါကြောင့်မလို့လည်း ဆွဇ်ဇာလန် ဒါမှမဟုတ် နယ်သာလန်လိုမျိုး လုပ်အားခ အလွန်ကြီးမားတဲ့ နိုင်ငံတွေမှာ စီးပွားရေးလုပ်ငန်းတွေ အောင်မြင်ဖြစ်ထွန်းနိုင်ကြတာပါ။

ကျွန်တော်က ရှည်ရှည်ဝေးဝေး ရှင်းပြပြီး ဆရာကြီးတစ်ယောက်လို ပုံစံမျိုး မပေါက်ချင်တာကြောင့် ခေါင်းထဲပေါ်လာတဲ့ အဖြေတစ်ခုကိုပဲ သင့်တော်သလို ပေးလိုက်တယ်။

“သူလျှိုတွေကို ဖမ်းဖို့အတွက် အကြောင်းပြချက် လိုလို့လား”

[ကန်ဂျင်ဟူရဲ့ တုန်လှုပ်စရာ သူလျှိုနဲ့ ကွန်မြူနစ် ပြောကြားချက်]

[စစ်တပ်အင်အားနဲ့ စစ်သားတွေရဲ့ စိတ်ဓာတ် ကျဆင်းမှာကို စိုးရိမ်နေတဲ့ ဗိုလ်ချုပ်တွေနဲ့ လွှတ်တော်အမတ်တွေကို ကွန်မြူနစ်လို့ တံဆိပ်ကပ်လိုက်ပြီ]

[အဓိပ္ပာယ်မရှိတဲ့ အယူဝါဒပိုင်းဆိုင်ရာ စွပ်စွဲချက်များ]

[နိုင်ငံရေးသစ်ပါတီ ခေါင်းဆောင် ယွန်နာကျောင်း - "ကန်ဂျင်ဟူရဲ့ ပြင်းထန်တဲ့ စကားတွေကြောင့် ကျွန်မ လက်တွေ တုန်ရီပြီး မျက်ရည်တွေတောင် ကျခဲ့ရတယ်"]

[အများပြည်သူနဲ့ သက်ဆိုင်တဲ့ လူပုဂ္ဂိုလ်တွေအနေနဲ့ အပြောအဆို အပြုအမူတွေကို သတိထားဖို့ လိုအပ်...]

ကိုရီးယား စစ်မှုထမ်းဟောင်းများ အသင်းနဲ့ စစ်ဘက်ဆိုင်ရာ အပြန်အလှန် ကူညီစောင့်ရှောက်ရေး အသင်းလိုမျိုး စစ်တပ်အဖွဲ့အစည်းတွေဟာ အကြီးအကျယ် ကန့်ကွက်ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ကြပြီး ပြည်သူ့သဘောထားကို လှုံ့ဆော်ဖို့ ကြိုးစားခဲ့ကြတယ်။

ဒါပေမဲ့လည်း ပြည်သူအများစုကတော့ ကန်ဂျင်ဟူကိုပဲ ဝိုင်းဝန်း ထောက်ခံခဲ့ကြပြီး အဲဒီဆန္ဒပြပွဲတွေအပေါ် မြင်တဲ့ အမြင်ကတော့ မကောင်းလှပါဘူး။

ဘာလို့လဲဆိုတော့ စစ်တပ်အတွင်းက ခြစားမှုတွေအပေါ် ပြည်သူတွေရဲ့ ဒေါသက အလွန်ကြီးမားနေလို့ပါပဲ။

-ဟားဟား။ ကိုယ့်အမြင်နဲ့ မတူရင် ကွန်မြူနစ် ဖြစ်သွားတာပဲ။

-အမှန်တော့ စစ်တပ်က ခြစားမှုတွေကို ကာကွယ်ပေးနေတဲ့သူတွေကမှ တကယ့် သူလျှိုတွေနဲ့ ကွန်မြူနစ်တွေ မဟုတ်ဘူးလား။ ပိုက်ဆံယူပြီး အရည်အသွေးမပြည့်မီတဲ့ လက်နက်တွေကို လက်ခံတာ၊ ဒါမှမဟုတ် ကာကွယ်ရေး ဘတ်ဂျက်တွေကို ခိုးယူတာတွေက ငါတို့ စစ်တပ်ကို အားနည်းအောင် လုပ်နေတာပဲလေ။

-ခေတ်တွေ ပြောင်းသွားလို့ပေါ့၊ အရင်ခေတ်ကဆိုရင် ဒါမျိုးက ချက်ချင်း သေဒဏ်ပေးခံရမှာ သေချာတယ်။

-တခြားအရာတွေကိုတော့ မသိဘူး။ စစ်တပ်ထဲမှာ ခိုးစားတဲ့သူမှန်သမျှကိုတော့ သေနတ်နဲ့ပစ်ပြီး သေဒဏ်ပေးသင့်တယ်~

-ဘာလို့ ဒီလောက်တောင် ရုတ်ရုတ်သဲသဲ ဖြစ်နေကြတာလဲ။ ကာကွယ်ရေးဝန်ကြီးဟောင်း ဟန်မင်းဂူ ပြောတာအရဆိုရင် ကာကွယ်ရေးလုပ်ငန်း ခြစားမှုဆိုတာ 'ဝမ်းရေးအတွက် ကျူးလွန်တဲ့ ပြစ်မှု' ပဲလေ ^^

-အဲဒီ ဗိုလ်ချုပ်ကြီးတွေက သူတို့ဝမ်းရေးအတွက် ရှာဖွေနေကြချိန်မှာ စစ်သားတွေကတော့ သေပေးနေရတာပေါ့လေ။

-ဒါနဲ့ ကန်ဂျင်ဟူက ဘာလို့ ရုတ်တရက်ကြီး ဒီလိုလုပ်နေရတာလဲ။ သူ အရံစစ်မှုထမ်းရမယ့် အချိန်နီးလာလို့ များလား။

-တပ်ထဲမှာလည်း ဒုက္ခခံခဲ့ရပြီး အခု အရံစစ်သင်တန်းမှာလည်း ထပ်ပြီး ဒုက္ခခံနေရတာဆိုတော့ သူ စိတ်ဆိုးတာလည်း မဆန်းပါဘူး။

-သူ စစ်တပ်ထဲမှာ ခံခဲ့ရတဲ့ အရာတွေအတွက် ကလဲ့စားချေနေတာများလား။

-ဒါပေမဲ့ သူ စစ်မှုထမ်းခဲ့တာကိုတော့ အသိအမှတ်ပြုပါတယ်။

-ကန်ဂျင်ဟူက စစ်မှုထမ်းကင်းလွတ်ခွင့် ရခဲ့တာ မဟုတ်ဘူးလား။

-မဟုတ်ဘူး။ သူက တပ်ကြပ်ကြီးအဆင့်ထိ သေသေချာချာ တာဝန်ထမ်းဆောင်ခဲ့တာ။ ပြီးခဲ့တဲ့တစ်ခေါက်ကလည်း အရံစစ်သင်တန်း သွားခဲ့သေးတယ်~

-ဟားဟား၊ ကန်ဂျင်ဟူရဲ့ ပိုက်ဆံနဲ့ဆိုရင် ပုဂ္ဂလိက စစ်တပ် (PMC) တစ်ခုကို ငှားပြီး ကိုယ်ပိုင် စစ်တပ်တစ်ခုတောင် တည်ထောင်လို့ ရလောက်တယ်။

ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ DAPA (ကာကွယ်ရေး ပစ္စည်းဝယ်ယူရေး စီမံခန့်ခွဲမှု အေဂျင်စီ) တို့ကတော့ အတွင်းသတင်း ပေးမယ့်သူတွေကို တားဆီးဖို့အတွက် အစွမ်းကုန် ကြိုးစားနေကြပါတယ်။

သတ်မှတ်ထားတဲ့ လေ့ကျင့်ရေးတွေ အားလုံးကို ရပ်ဆိုင်းလိုက်ပြီး ကြည်း၊ ရေ၊ လေ၊ မရိန်း တပ်ဖွဲ့အားလုံးက စစ်သားတွေကို အပြင်းအထန် "စိတ်ဓာတ်ရေးရာ ပညာပေး သင်တန်းတွေ" ပြုလုပ်ခဲ့ကြတယ်။ စစ်တပ်အတွင်းက PC ကဖေးတွေမှာ OTK ကုမ္ပဏီနဲ့ သတင်းမီဒီယာ ဝဘ်ဆိုက်တွေဆီ ဝင်ရောက်ခွင့်ကိုလည်း လုံးဝ ပိတ်ဆို့ထားလိုက်တယ်။

သူတို့ရဲ့ ရည်ရွယ်ချက်က ခြစားမှုတွေကို ရှာဖွေဖော်ထုတ်ပြီး ဖယ်ရှားပစ်ဖို့ထက် လူတွေရဲ့ ပါးစပ်ကို ပိတ်ပစ်ဖို့ပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီကြိုးပမ်းမှုတွေက ထိရောက်မှု သိပ်မရှိပါဘူး။

နောက်ဆုံးတော့လည်း သာမန်စစ်သားတွေ ကြုံတွေ့ရတဲ့ အဂတိမှုတွေက အများအပြားရှိနေတာလေ။

ဒီလို အခြေအနေတွေကြားထဲမှာပဲ တပ်မမှူး ဂျောင်ချောမြောင်က အရာရှိတွေ စုဝေးရာမှာ ပြောကြားခဲ့တဲ့ စကားတစ်ခွန်းက သတင်းမီဒီယာတွေဆီ ပေါက်ကြားသွားခဲ့တယ်။

“စစ်သားတစ်ယောက်ရဲ့ တာဝန်ကို မေ့လျော့ပြီး ကိုယ့်ကိုယ်ကျိုးစီးပွားအတွက် သတင်းပေး တိုင်ကြားတဲ့ လူယုတ်မာတွေကို အမြစ်ပြတ် ရှာဖွေပြီး နမူနာပြအနေနဲ့ ပြတ်ပြတ်သားသား အရေးယူသွားမယ်”

-ဟားဟား၊ ဘယ်လို နမူနာပြမှာလဲ။ သေနတ်နဲ့ ပစ်သတ်မှာလား။

-တပ်မမှူးတစ်ယောက်ရဲ့ အဆင့်အတန်းက ကာကွယ်ရေး ခြစားမှုကို တိုင်ကြားတဲ့သူတွေကို လိုက်လံ နှိမ်နင်းမယ်လို့ ပြောနေတာပဲ။

-ဒီအတိုင်းဆိုရင် စစ်တပ်ထဲမှာပါ လက်ယာစွန်း ရန်သူတော် အဖွဲ့အစည်းတွေ ဖွဲ့စည်းကြတော့မယ်ထင်တယ်~

-ဒီလူက အနည်းဆုံးတော့ သူလျှို ဖြစ်နေမှာ သေချာတယ်။

-သူက ကွန်မြူနစ်ပဲ။ ကွန်မြူနစ်တစ်ယောက် ပေါ်လာပြီ။

-OTK ကုမ္ပဏီထဲကို တင့်ကားနဲ့ တိုက်ရိုက် မောင်းဝင်လိုက်ရင် မကောင်းဘူးလား။

-သွားကြစို့~ အာဏာသိမ်းပွဲ လုပ်ကြစို့~~

-ဟေ့။ မင်းလည်းပဲ အာဏာသိမ်းပွဲ ကောင်းကောင်းတစ်ခု လုပ်လို့ရတယ်လေ။

ဝေဖန်မှုတွေ အဆက်မပြတ် ထွက်ပေါ်လာတာကြောင့် တပ်မမှူး ဂျောင်ချောမြောင်က 'သူ့ရဲ့ ရည်ရွယ်ချက်ကို လူတွေ နားလည်မှုလွဲသွားတာ' ဖြစ်ကြောင်း ပြောကြားပြီး နောက်ဆုတ်သွားခဲ့တယ်။

DAPA အရာရှိတစ်ယောက်က မီဒီယာ အင်တာဗျူးတစ်ခုမှာ 'ရေကြည်လွန်းရင် ငါးမရှင်နိုင်ဘူး' လို့ ညည်းညူပြောဆိုခဲ့တဲ့အခါမှာတော့ ကာကွယ်ရေး ကော်မတီက လွှတ်တော်အမတ်တစ်ယောက်က အခုလို ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။

“အဲဒီစကားက မမှားပါဘူး၊ ဒါပေမဲ့ ရေကို ညစ်ပတ်အောင် လုပ်နေတဲ့လူက ပြောရမယ့် စကားတော့ မဟုတ်ဘူး ထင်တယ်”

OTK ကုမ္ပဏီ ဌာနချုပ် ရှေ့မှာတော့ စစ်ဝတ်စုံ ဝတ်ဆင်ထားတဲ့ လူတွေနဲ့ ပြည့်နှက်နေပါတယ်။

“ကွန်မြူနစ် စွပ်စွဲချက်အတွက် တောင်းပန်လော့”

“ကွန်မြူနစ်များ တောင်းပန်စမ်း”

“အငြိမ်းစား စစ်သားတွေရဲ့ ဝမ်းရေးကို အာမခံပေးကြ”

ဒါကို ကြည့်ရင်းနဲ့ တောင်ကိုရီးယားဟာ တကယ်ပဲ လွတ်လပ်စွာ စုဝေးခွင့်နဲ့ ဆန္ဒပြခွင့်ရှိတဲ့ နိုင်ငံတစ်ခု ဖြစ်မှန်း သိသာစေပြီး ဘာကြောင့်ရယ်မသိ ဂုဏ်ယူစရာ ခံစားချက်မျိုး ပေါ်လာစေတယ်။

ဒါပေမဲ့ သူတို့တွေ ဘယ်လောက်တောင် ကြားက ဖြတ်စားထားကြလို့ ဒီလောက်အထိ အသည်းအသန် လာပြီး ဆန္ဒပြနေကြတာလဲ။

အယ်လီက မေးလိုက်တယ်။

“ဂျင်ဟူ။ နင် စစ်တပ်ထဲမှာ ရှိတုန်းက ဘာခြစားမှုမှ မတွေ့ခဲ့ဖူးဘူးလား”

“အင်း... အများကြီး ရှိခဲ့တာပေါ့”

တကယ်လို့သာ အားလုံးကို ပြောပြရမယ်ဆိုရင် ညပေါင်းများစွာ မအိပ်ဘဲ ပြောရင်တောင် ပြီးနိုင်မှာ မဟုတ်ပါဘူး။

“တစ်ခုလောက်ပဲ ပြောပြပါလား”

ကျွန်တော်က ခေါင်းထဲ ချက်ချင်း ပေါ်လာတာကို ပြောလိုက်ပါတယ်။

“ဌာနချုပ်တပ်ခွဲရဲ့ စီမံထောက်ပံ့ရေး တပ်ကြပ်ကြီးက ကားမောင်းတဲ့ စစ်သားတွေကို သူ့ရဲ့ ကိုယ်ပိုင်ကားထဲကို စစ်သုံး ဒီဇယ်ဆီတွေ ထည့်ခိုင်းလေ့ရှိတယ်”

အယ်လီက ခေါင်းစောင်းလိုက်ရင်း ပြောတယ်။

“စစ်သုံး လောင်စာဆီတွေကို ကိုယ်ပိုင်ကားအတွက် သုံးတာက အလွဲသုံးစားလုပ်တာ မဟုတ်ဘူးလား”

“မှန်တယ်။ အဲဒါ ခိုးမှုပဲ”

စီမံထောက်ပံ့ရေး တပ်ကြပ်ကြီးက စနေ၊ တနင်္ဂနွေ အပြင်ထွက်ဖို့အတွက် စစ်သားတွေကို သူ့ကားကိုပါ ဆေးခိုင်းသေးတာပါ။ ဒါပေမဲ့ ဘယ်သူကကော အဲဒီစီမံထောက်ပံ့ရေး တပ်ကြပ်ကြီးကို သွားပြီး ထောက်ပြရဲပါ့မလဲ။

“ငါတို့ရဲ့ စီမံထောက်ပံ့ရေး တပ်ကြပ်ကြီးက အမြဲတမ်း ပါးစပ်ကနေ ပရိတ်ရွတ်သလို ရွတ်လေ့ရှိတာက စစ်သားတစ်ယောက်ရဲ့ တာဝန်ဟာ တိုင်းပြည်နဲ့ ပြည်သူအတွက် အနစ်နာခံဖို့ ဖြစ်ပြီး နိုင်ငံက ငါ့အတွက် ဘာလုပ်ပေးလဲဆိုတာထက် ငါက တိုင်းပြည်အတွက် ဘာလုပ်ပေးနိုင်မလဲဆိုတာကိုပဲ တွေးရမယ်တဲ့။ ဒါပေမဲ့ နိုင်ငံရေးလောကထဲမှာ စစ်တပ် ပင်စင်လစာတွေကို လျှော့ချဖို့ ပြုပြင်ပြောင်းလဲရေးအကြောင်း ပြောကြတဲ့အခါမှာတော့ သူက ဒေါသတကြီးနဲ့ ပါးစပ်က အမြှုပ်တောင် ထွက်မတတ် အော်ဟစ်တော့တာပဲ။ 'တိုင်းပြည်က ငါ့အတွက် ဘာလုပ်ပေးဖူးလို့ ငါ့ပင်စင်ကို လာဖြတ်ရတာလဲ' ဆိုပြီးတော့လေ”

“ဆိုလိုတာက သူက တခြားလူတွေကိုတော့ အနစ်နာခံခိုင်းပြီး သူ့ရဲ့ ပင်စင်လစာ လျှော့ချခံရမယ့် အနစ်နာခံမှုကိုကျတော့ မခံနိုင်ဘူးပေါ့လေ”

“အင်း။ တခြားလူတွေဆီကနေ အနစ်နာခံမှုကို တောင်းဆိုတတ်တဲ့ လူတွေဟာ ကိုယ်တိုင် အနစ်နာခံဖို့ကျတော့ ဘယ်တော့မှ မတွေးကြဘူးလေ”

တခြားလူတွေကို အနစ်နာခံခိုင်းဖို့က လွယ်ကူပေမဲ့ ကိုယ်တိုင် အနစ်နာခံဖို့ကျတော့ ခက်ခဲလှပါတယ်။

ကျွန်တော်တို့အားလုံး စကားပြောရင်း တိုင်ကြားထားတဲ့ အချက်အလက်တွေကို စစ်ဆေးနေစဉ်မှာပဲ တီဗီမှာ သတင်းထူးတစ်ခု တက်လာခဲ့တယ်။

ဆိုးလ်ဗဟိုခရိုင် အမှုစစ်ရုံးရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အစိုးရရှေ့နေချုပ် အန်ဆောင်းနမ် ကိုယ်တိုင် ပေါ်လာတာပါ။ တက်ဂယူက သူ့ကို သိတယ်လို့ ချက်ချင်း ထပြီး ပြောလိုက်တယ်။

“အို။ အဲဒီလူ တီဗီမှာ ပြန်ပါလာပြန်ပြီ”

တက်ဂယူ ပြောပုံအရဆိုရင် သူက လူအများ အာရုံစိုက်တာကို ခံချင်တဲ့သူတစ်ယောက် ဖြစ်ပုံရပါတယ်။

အစိုးရရှေ့နေချုပ် အန်ဆောင်းနမ်က ကင်မရာတွေရှေ့မှာ ထုတ်ပြန်ချက်ကို ဖတ်ကြားလိုက်တယ်။

“အမှုစစ်ရုံးအနေနဲ့ ခြစားမှု ရှိတယ်လို့ သံသယရှိရတဲ့ ကာကွယ်ရေး ကုမ္ပဏီ ၃၄ ခုကို တစ်ပြိုင်ထဲ ဝင်ရောက် ရှာဖွေ သိမ်းဆည်းမှုတွေ ပြုလုပ်ခဲ့ပါတယ်”

အမှုစစ်ရုံးက ကာကွယ်ရေးလုပ်ငန်း ခြစားမှုတွေကို စုံစမ်းစစ်ဆေးဖို့ သီးသန့်အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းလိုက်တာကြောင့် ကာကွယ်ရေး ဝန်ကြီးဌာနက ဒါဟာ လုပ်ပိုင်ခွင့်ကို ကျော်လွန်လုပ်ဆောင်တာ ဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့တယ်။

သူတို့က ကာကွယ်ရေး ခြစားမှုဟာ စစ်တပ် စစ်ခုံရုံးရဲ့ လုပ်ပိုင်ခွင့် ဖြစ်တယ်လို့ အကြောင်းပြခဲ့ကြပေမဲ့ စုံစမ်းစစ်ဆေးမှုက ပုဂ္ဂလိက ကုမ္ပဏီတွေကိုသာ ပစ်မှတ်ထားတာ ဖြစ်လို့ တားဆီးနိုင်မယ့် နည်းလမ်း မရှိခဲ့ပါဘူး။

DAPA ဟာ စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းတွေနဲ့ ကန်ထရိုက်တာတွေကို ရွေးချယ်ဖို့ သီးသန့် အာဏာရှိတာကြောင့် ကုမ္ပဏီ အတော်များများဟာ ဆယ်စုနှစ်တစ်ခုကျော်ကြာ ပစ္စည်းတွေကို ထောက်ပံ့ပေးခွင့် ရရှိထားခဲ့ကြတာပါ။

အဲ့လိုကာလရှည်ကြာ ထောက်ပံ့ခွင့်ရရှိတာက ကုမ္ပဏီတွေနဲ့ စစ်တပ်က အဆင့်မြင့် အရာရှိတွေကြားထဲမှာ ခိုင်မာတဲ့ ဆက်ဆံရေးတွေ သဘာဝအတိုင်း ဖြစ်ပေါ်လာစေခဲ့ပါတယ်။

အငြိမ်းစား ဗိုလ်ချုပ်ကြီးတွေဟာ ကာကွယ်ရေး ကုမ္ပဏီတွေရဲ့ အတိုင်ပင်ခံတွေအဖြစ် ခန့်အပ်ခံရပြီး မြင့်မားတဲ့ လစာတွေကို ရယူကြသလို ပွဲစားတွေအဖြစ်လည်း လှုပ်ရှားကြတာပါ။

သူတို့တွေဟာ ခြစားမှုတွေကြောင့် အပြစ်ပေးခံရရင်တောင်မှ တခြား ကုမ္ပဏီ နာမည်တစ်ခုနဲ့ ပြောင်းပြီး ပစ္စည်းတွေကို ဆက်လက် ထောက်ပံ့ပေးကြတာလေ။ အရည်အသွေး စမ်းသပ်မှု ကျရှုံးတဲ့ ပစ္စည်းတွေကို အောင်မြင်တယ်ဆိုပြီး ဖြတ်ပေးကြတယ်၊ အများပြည်သူ လေလံပွဲ လုပ်ရမယ့် ပစ္စည်းတွေကို ညှိနှိုင်းစာချုပ်တွေအဖြစ် ပြောင်းလဲပစ်ကြတယ်၊ သတ်မှတ်ချက်တွေကို သီးသန့် ကုမ္ပဏီတစ်ခုအတွက် အဆင်ပြေအောင် ပြောင်းလဲပြီး တခြားကုမ္ပဏီတွေကို ပယ်ချပစ်ကြတယ်၊ နောက်ဆုံး ကုမ္ပဏီ သုံးခုက လေလံဆွဲခဲ့ပေမဲ့ အဲဒီသုံးခုလုံးက လူတစ်ယောက်ထဲ ပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေ ဖြစ်နေတာမျိုးတွေအထိ ရှိခဲ့ပါတယ်။

အမှုစစ်ရုံးက သိမ်းဆည်းရမိတဲ့ အထောက်အထားတွေနဲ့ အရှိန်အဟုန်မြှင့် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာကြောင့် စစ်တပ် ဗိုလ်ချုပ်ကြီးတွေတင်မကဘဲ လွှတ်တော်အမတ်တွေပါ ပတ်သက် ဆက်နွှယ်နေတာကို တွေ့ရှိခဲ့တယ်။

သတင်းထောက်တွေက နိုင်ငံရေးသစ်ပါတီက လွှတ်တော်အမတ်တစ်ယောက်ဆီ မိုက်ခရိုဖုန်းတွေ ကမ်းပေးလိုက်ကြတယ်။

“ခင်ဗျားရဲ့ ခဲအိုဖြစ်သူ ဖွင့်ထားတဲ့ ကုမ္ပဏီက စစ်သုံး ဂျာကင်အင်္ကျီတွေကို ထောက်ပံ့ပေးနိုင်ဖို့အတွက် DAPA ကို ဖိအားပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ရှိနေပါတယ်။ ဒါက အမှန်ပဲလားခင်ဗျာ”

လွှတ်တော်အမတ် ချွိုင်းမန်ဆူးက ခေါင်းကို အပြင်းအထန် ခါယမ်းလိုက်ရင်း ပြောတယ်။

“ကျွန်တော် ဘာမှ မသိပါဘူး။ ကျွန်တော့် ခဲအို ဘာအလုပ်လုပ်လဲဆိုတာတောင် ကျွန်တော် မသိဘူး”

“လေလံမဆွဲခင်မှာ ခင်ဗျားနဲ့ DAPA ရဲ့ အုပ်ချုပ်ရေးမှူးတို့ ဖုန်းပြောခဲ့တဲ့ အသံဖိုင်ကို ကျွန်တော်တို့ ရရှိထားပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ”

“……ကျွန်တော် ဘာမှ ထပ်ပြီး မဖြေတော့ပါဘူး”

သတင်းပေးမှုတွေက ဆက်တိုက် ရောက်ရှိနေဆဲဖြစ်ပြီး ကျွန်တော်ကလည်း ကတိပေးထားတဲ့အတိုင်း ဆုကြေးငွေတွေကို ပေးခဲ့တယ်။

အဝတ်အစားတွေ၊ အိပ်ယာလိပ်တွေလိုမျိုး သာမန် ပစ္စည်းတွေကနေစလို့ တိုက်လေယာဉ်တွေ၊ စစ်သင်္ဘောတွေလိုမျိုး ကြီးမားတဲ့ လက်နက်တွေအထိ ပါဝင်ပါတယ်။ သူခိုးအသေးစားတွေကနေ သူခိုးကြီးတွေအထိ ရှိနေပြီး တကယ့်ကို "အားလုံးက သူခိုးတွေချည်းပဲ" ဆိုတဲ့ စကားပုံနဲ့ ကွက်တိ ကျနေတာပါ။

ဖြစ်ရပ်တွေက စုံလင်လှပါတယ်။ စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေး ခြစားမှု၊ ထောက်ပံ့ပို့ဆောင်ရေး ခြစားမှု၊ အလွဲသုံးစားလုပ်မှု၊ လာဘ်ပေးလာဘ်ယူမှု၊ ပြည်သူတွေရဲ့ အခွန်ငွေတွေကို ဖြုန်းတီးမှု စတာတွေ ဖြစ်ပါတယ်။

အချက်အလက်တွေက များပြားလှတာကြောင့် ကျွန်တော်တို့ချင်းတင် ကြည့်လို့ မနိုင်တော့ပါဘူး။ ဝန်ထမ်းတွေနဲ့အတူ ဝိုင်းဝန်း စစ်ဆေးရပါတယ်။ စစ်မှုထမ်းဖူးတဲ့ ဝန်ထမ်းတွေဆိုရင် အချိန်ပို ဆင်းရရင်တောင်မှ အားလုံးက စိတ်လှုပ်ရှားပြီး ပျော်ရွှင်နေကြတာပါ။

စီနီယာ ဆန်းယော့က မယုံနိုင်စရာ ဖြစ်ရပ်တွေကို ကြည့်ပြီး တံတွေးမျိုချကာ ပြောလိုက်တယ်။

“မဖြစ်နိုင်တာ။ စစ်သားတွေရဲ့ နေထိုင်မှု အဆင့်အတန်း မြှင့်တင်ရေး စီမံကိန်းအတွက် ဝမ် သိန်းပေါင်း ၁၀ ကုဋေ သုံးခဲ့တယ်လို့ ပြောထားတာဟ။ ဒါဆို အဲဒီပိုက်ဆံတွေ အကုန်လုံး ဘယ်ရောက်ကုန်တာလဲ။ သူတို့တွေက ရာအီမြန် ဒါမှမဟုတ် ဖရူဂျီယို (ကိုရီးယားက ဇိမ်ခံတိုက်ခန်း အမှတ်တံဆိပ်များ) ထုတ်တဲ့ ပစ္စည်းတွေနဲ့များ စစ်တန်းလျားတွေကို ဆောက်ခဲ့ကြလို့လား”

စာရွက်စာတမ်းတွေအရဆိုရင် အဲဒီပမာဏရဲ့ တစ်ဝက်လောက်နဲ့တင် စစ်တန်းလျား အသစ်တွေကို ကောင်းကောင်း ဆောက်လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကာကွယ်ရေး ဝန်ကြီးဌာနကတော့ ဘတ်ဂျက် မလောက်ငှဘူးလို့ အကြောင်းပြပြီး ထပ်တိုးဘတ်ဂျက်တွေကိုပါ တောင်းခံခဲ့ပါသေးတယ်။

“သူတို့က စစ်ဘက်ဆိုင်ရာ လုံခြုံရေးအရ ဘတ်ဂျက်သုံးစွဲမှု အသေးစိတ်ကို ထုတ်မပြနိုင်ဘူးလို့ ပြောနေကြတာပဲ။ အဆောက်အဦး ဆောက်တာနဲ့ ကုတင်တွေ သွင်းတာက လုံခြုံရေးနဲ့ ဘာဆိုင်လို့လဲ”

အတွင်းသတင်းပေးသူရဲ့ အစီရင်ခံစာအရဆိုရင် ဆောက်လုပ်ရေး ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး ပိုက်ဆံတွေကို ကြားက ဖြတ်စားခဲ့တဲ့ မှတ်တမ်းတွေ ရှိနေပါတယ်။ သူတို့တွေက သေသေသပ်သပ်ကို ခိုးယူခဲ့ကြတာပါ။

အဖွဲ့ခေါင်းဆောင် ဆိုဆန်းဝန်ကလည်း ဝင်ပြောလိုက်တယ်။

“ဒီပိုက်ဆံတွေနဲ့သာဆိုရင် စစ်သားတွေကို အနည်းဆုံး လုပ်အားခ ပေးရင်တောင်မှ ပိုက်ဆံတွေ အများကြီး ပိုနေဦးမှာပဲ”

ပြီးခဲ့တဲ့ နှစ်အနည်းငယ်တုန်းကလည်း ကာကွယ်ရေး ခြစားမှု သတင်းဆိုးတစ်ခု ပေါက်ကွဲခဲ့တာကြောင့် ဗိုလ်ချုပ်ကြီး အများအပြား ရာထူးကနေ ထုတ်ပယ်ခံခဲ့ရဖူးသလို ရေတပ်ဦးစီးချုပ်ပါ ဖမ်းဆီးခံခဲ့ရဖူးပါတယ်။

ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာလည်း ဘာမှ ပြောင်းလဲမသွားခဲ့ပါဘူး။ ဒါက ခြစားမှုတွေဟာ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းစီရဲ့ အမှားကြောင့် မဟုတ်ဘဲ စနစ်တစ်ခုလုံးရဲ့ ချို့ယွင်းချက်ကြောင့် ဖြစ်မှန်း ထင်ရှားစေပါတယ်။

နောက်ရက်မှာတော့ မနက်စောစောမှာပဲ ဧည့်သည်တစ်ယောက် ရောက်ရှိလာခဲ့တယ်။ သူကတော့ ပြီးခဲ့တဲ့တစ်ခေါက်က လာခဲ့ဖူးတဲ့ ကာကွယ်ရေး ဝန်ကြီးဌာနက ပြန်ကြားရေး အရာရှိပါ။

“ကျွန်တော်တို့ အရင်က ဆွေးနွေးခဲ့တဲ့ ဂိမ်းထုတ်လုပ်ရေးကို အပ်ချင်လို့ပါ”

“စစ်မှုထမ်းဖို့ လှုံ့ဆော်တဲ့ ကာကွယ်ရေး FPS ဂိမ်းကို ပြောတာလား”

“ဟုတ်ကဲ့ပါ”

“ကျွန်တော် အရင်က ပြောခဲ့သလိုပဲ ဘတ်ဂျက်က မူလထက် ဆယ်ဆမက ပိုများမှာ ဖြစ်ပါတယ်။ အဆင်ပြေရဲ့လား”

သူက ချက်ချင်းပဲ ခေါင်းညိတ်လိုက်ရင်း ပြောတယ်။

“ရပါတယ်ခင်ဗျာ။ ဒါက အမျိုးသား လုံခြုံရေးအတွက်ဆိုတော့ အဲ့လောက်ပမာဏကို သုံးပေးရမှာပေါ့”

“……”

ဒီလို အဓိပ္ပာယ်မရှိတဲ့ ကိစ္စရပ်တစ်ခုအတွက် ဝမ် သန်း ၇သောင်းတောင် သုံးမယ်တဲ့လား။ ဒါပေမဲ့လည်း သူတို့တွေ အခုထိ ဖြုန်းတီးခဲ့တဲ့ ပိုက်ဆံတွေနဲ့ ယှဉ်ရင်တော့ ဒီပမာဏက သေးငယ်လွန်းလှပါတယ်။

သူ့ရဲ့ မျက်လုံးတွေနဲ့ အမူအရာကို ကြည့်ရုံနဲ့တင် ဘာတွေးနေလဲဆိုတာ ကျွန်တော် ကောင်းကောင်း သိနိုင်ပါတယ်။ သူက ကျွန်တော်တို့ဆီကို စစ်တပ်ဂိမ်း ကန်ထရိုက်တစ်ခု ပေးလိုက်ခြင်းအားဖြင့် အခု ရရှိထားတဲ့ ခြစားမှု သတင်းပေးချက်တွေကို မထုတ်ပြန်ဖို့ တားဆီးချင်နေတာပါ။

တက်ဂယူက ပွင့်ပွင့်လင်းလင်းပဲ မေးလိုက်တယ်။

“ဒါက ကျွန်တော်တို့ကို ခြစားမှု သတင်းတွေ မထုတ်ပြန်ဖို့ လာဘ်ထိုးတဲ့ သဘောမျိုးတော့ မဟုတ်ပါဘူးနော်”

အဲဒီစကားကြောင့် သူက ခေါင်းကို ခါယမ်းလိုက်ရင်း လက်နှစ်ဖက်ကိုပါ ယမ်းပြလိုက်တယ်။

“အို၊ မဟုတ်တာ။ လုံးဝ မဟုတ်ပါဘူးခင်ဗျာ။ ကျွန်တော်တို့က OTK Games က ဒီပရောဂျက်အတွက် အသင့်တော်ဆုံး ဖြစ်မယ်လို့ ယုံကြည်လို့ ကမ်းလှမ်းတာပါ”

“ဒါဆို ကျွန်တော်တို့က ခြစားမှု သတင်းတွေအားလုံးကို ဖွင့်ချလိုက်ရင်ကော ရတယ်မလား”

“အဲဒါကတော့ နည်းနည်း……”

သူက ခဏလောက် တွန့်ဆုတ်နေပြီးမှ သတိထားပြီး ပြောလိုက်တယ်။

“တကယ်လို့ ထုတ်လုပ်ရေး ကုန်ကျစရိတ်တွေ ထပ်ပြီး လိုအပ်မယ်ဆိုရင်လည်း ကျွန်တော်တို့ဘက်က ထပ်ပြီး စိစစ်ပေးလို့ ရပါတယ်”

“……”

ပိုက်ဆံဆိုတာ ကောင်းကင်ကနေ ဒီအတိုင်း ပြုတ်ကျလာတာ မဟုတ်ပါဘူး။

ဂိမ်းတစ်ခုအတွက် ဝမ်သန်းထောင်ပေါင်းများစွာ သုံးစွဲတယ်ဆိုတာ တခြားနေရာတွေက ဘတ်ဂျက်တွေကို ဖြတ်တောက်လိုက်တာနဲ့ အတူတူပါပဲ။ နောက်ဆုံးတော့ စစ်သားတွေပဲ အဲဒီဒဏ်ကို ခံကြရမှာပါ။

တက်ဂယူက အော်ဟစ်လိုက်တော့တယ်။

“ထွက်သွားစမ်း”

[စစ်တန်းလျား အသစ်များ လဲလှယ်ရေး စီမံကိန်းတွင် ခြစားမှုများ ပြည့်နှက်နေကြောင်း တွေ့ရှိရ]

[ဗီဒိုများနှင့် ကုတင်များ၏ ကုန်ကျစရိတ်ကို ဆယ်ဆမက လိမ်လည် ဖောင်းပွထား]

[ဝတ်ဆင်ရာတွင် မသက်မသာဖြစ်စေသော စစ်ဝတ်စုံများနှင့် အလွယ်တကူ ကွာကျတတ်သော စစ်ဖိနပ်များ၊ အားလုံးတွင် အကြောင်းရင်း ရှိနေခဲ့သည်]

[နေ့ခင်းဘက်တွင် ဘာမှမမြင်နိုင်သလို ညဘက်တွင်လည်း အရာဝတ္ထုများကို သေသေချာချာ မမြင်နိုင်သော ညကြည့်မှန်ပြောင်းများ]

[ရေအောက်အသံဖမ်းစနစ်စမ်းသပ်ချက် အစီရင်ခံစာများ အတုပြုလုပ်ထား]

[လက်ရှိ တာဝန်ထမ်းဆောင်ဆဲ ဗိုလ်ချုပ်ကြီးတစ်ဦးသည် ကာကွယ်ရေး ကုမ္ပဏီတစ်ခုထံမှ ဝမ်သန်း ၁၀၀ လာဘ်ငွေ ယူခဲ့သည်ဟု သံသယရှိ]

[လေတပ် ဗိုလ်မှူးကြီးတစ်ဦးသည် တိုက်လေယာဉ် ပြုပြင်ထိန်းသိမ်းရေး ရန်ပုံငွေထဲမှ ဝမ် သန်း ၂၈၀ အလွဲသုံးစားလုပ်ခဲ့ကြောင်း အတည်ပြု]

[ဧည့်ခံကျွေးမွေးမှုများကို လက်ခံပြီး အသုံးပြုပြီးသား အပိုပစ္စည်းများကို ပစ္စည်းအသစ်အဖြစ် မျက်စိမှိတ် ခွင့်ပြုခဲ့...]

OTK ကုမ္ပဏီက လက်ခံရရှိထားတဲ့ ကာကွယ်ရေး ခြစားမှု ဖြစ်ရပ်တွေကို စုစည်းပြီး ကြေညာလိုက်တဲ့အခါမှာတော့ မျှော်လင့်ထားတဲ့အတိုင်းပဲ ကမ္ဘာတစ်ဝန်းက မီဒီယာတွေကပါ အထူးတလည် အာရုံစိုက်ခဲ့ကြတော့တယ်။

ကန်ဂျင်ဟူနဲ့ အမြဲတမ်း သဘောထား ကွဲလွဲလေ့ရှိတဲ့ ရှေးရိုးစွဲ မီဒီယာတွေတောင်မှ ဒီအကြောင်းကို အကျယ်တဝံ့ ဖော်ပြခဲ့ကြပါတယ်။ တိုးတက်ပြောင်းလဲရေးဝါဒီ ဖြစ်စေ၊ ရှေးရိုးစွဲဝါဒီ ဖြစ်စေ ဘယ်သူမဆိုစစ်တပ်အတွင်းက ခြစားမှုတွေကိုတော့ ပြင်းပြင်းထန်ထန် ရှုတ်ချကြလို့ပါပဲ။

-သူတို့မှာ ဦးနှောက်ကော ရှိကြသေးရဲ့လား။

-ဒါက မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေနဲ့ အမျိုးသား လုံခြုံရေးအကြောင်း အမြဲတမ်း အော်ဟစ်နေတဲ့ သူတွေရဲ့ တကယ့် မျက်နှာဖုံး အစစ်ပဲ။

-စစ်သားတွေကိုကျတော့ စစ်ပွဲက အချိန်မရွေး ဖြစ်ပွားနိုင်တယ်ဆိုပြီး အလုပ်ကို အသေခိုင်းထားပြီး သူတို့ကိုယ်တိုင်ကျတော့ ပြည်သူတွေရဲ့ အခွန်ငွေတွေနဲ့ စည်းစမ်ခံနေကြတာ~

-အခုဆိုရင် သူတို့တွေက အတွင်းသတင်း ပေးတဲ့သူတွေကို လိုက်ဖမ်းပြီး နမူနာပြ အရေးယူဖို့ပဲ စဉ်းစားနေကြမှာ သေချာတယ်။

-ကာကွယ်ရေး ခြစားမှုဆိုတာ နိုင်ငံတော် သစ္စာဖောက်မှုပဲ။ ဒီတစ်ကြိမ် မိတဲ့ အကောင်တွေအားလုံးကို စစ်တပ်ရဲ့ စည်းကမ်းကို ပြန်လည် ထိန်းသိမ်းဖို့အတွက် သေနတ်နဲ့ပစ်ပြီး သေဒဏ်ပေးသင့်တယ်။

ခြစားမှုတွေထဲမှာ ပတ်သက်နေတဲ့ ဗိုလ်ချုပ်ကြီးတချို့ဟာ ကိစ္စတွေ အကြီးအကျယ်မပေါက်ကွဲခင်မှာပဲ ခွင့်ရက်တွေ တင်ခဲ့ကြသလို လေ့ကျင့်ရေးအကြောင်းပြပြီး နိုင်ငံခြားကိုပါ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြတယ်။

ပြည်သူတွေရဲ့ ဒေါသက အထွတ်အထိပ်ကို ရောက်ရှိလာတာကြောင့် စစ်တပ် စစ်ခုံရုံးကလည်း မတတ်သာဘဲ စုံစမ်းစစ်ဆေးမှုတွေကို စတင်ခဲ့ရပြီး ကာကွယ်ရေး ဝန်ကြီး ဘဲယွန်ဘုံက ပြည်သူတွေရဲ့ ရှေ့မှာ ခါးညွတ်ပြီး တောင်းပန်ခဲ့ရတယ်။

“ကာကွယ်ရေးဝန်ကြီးတစ်ယောက်အနေနဲ့ ကိုရီးယားသမ္မတနိုင်ငံရဲ့ လုံခြုံရေးအတွက် တာဝန်ရှိသူပီပီ မကြာသေးခင်က စစ်တပ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ အမျိုးမျိုးသော ခြစားမှု ဖြစ်ရပ်တွေအပေါ် နက်နက်နဲနဲ တာဝန်ရှိမှုကို ခံစားရပြီး အလွန်အမင်း နောင်တရမိပါတယ်။ ကျွန်တော်တို့ စစ်တပ်အနေနဲ့ ဒီအခွင့်အရေးကို အသုံးချပြီး သေသေချာချာ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ကာ ခြစားမှုတွေကို အမြစ်ပြတ် ဖယ်ရှင်းပြီး ပြည်သူတွေ ယုံကြည်အားကိုးရတဲ့ သန်မာတဲ့ စစ်တပ်တစ်ခုအဖြစ် ပြန်လည် မွေးဖွားလာစေရမယ်လို့ ကတိပြုပါတယ်”

သမ္မတ ဟိုချန်မင်းက ပြင်းထန်တဲ့ စစ်တပ် ပြုပြင်ပြောင်းလဲရေးကို ညွှန်ကြားခဲ့ပြီး ပြုပြင်ပြောင်းလဲရေးရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ လက်နက်တွေနဲ့ အထူးပစ္စည်းတွေကလွဲလို့ ကျန်တဲ့ သာမန် ပစ္စည်းတွေအားလုံးကို DAPA အစား ပြည်သူ့ဝယ်ယူရေး ဝန်ဆောင်မှုအဖွဲ့ကတစ်ဆင့် ဝယ်ယူဖို့ ဆုံးဖြတ်ခဲ့တယ်။

ဒါက DAPA ရဲ့ အာဏာကို လျှော့ချပစ်လိုက်တာ ဖြစ်တာကြောင့် ကာကွယ်ရေး ဝန်ကြီးဌာနအနေနဲ့ လက်ခံဖို့ ခက်ခဲပါတယ်။

ဒါပေမဲ့လည်း အရင်က ဖုံးကွယ်ထားခဲ့တဲ့ ကာကွယ်ရေး ခြစားမှု သတင်းဆိုးတွေက တစ်ခုပြီးတစ်ခု ပေါက်ကွဲထွက်လာနေပြီး စစ်တပ်အပေါ် ပြည်သူတွေရဲ့ ယုံကြည်မှုကလည်း အောက်ဆုံးအထိ ထိုးဆင်းသွားခဲ့တာကြောင့် သူတို့ဘက်က ငြင်းဆန်ဖို့ အကြောင်းပြချက် မရှိခဲ့ပါဘူး။

စစ်တပ် ခြစားမှုတွေကို ဖယ်ရှားပစ်တာနဲ့အတူ စစ်သားတွေရဲ့ သက်သာချောင်ချိရေးနဲ့ လစာ မြှင့်တင်ရေး အကြောင်းအရာတွေကိုပါ ဆွေးနွေးခဲ့ကြတယ်။

တောင်ကိုရီးယားဟာ အနည်းဆုံး လုပ်အားခ စနစ်ကို သေသေချာချာ ကျင့်သုံးနေတဲ့ နိုင်ငံတစ်ခုပါ။ ပြည်သူတွေကို နိုင်ငံက သတ်မှတ်ထားတဲ့ ပမာဏထက် လျော့နည်းပြီး အလုပ်မခိုင်းစေသင့်ပါဘူး။ ဒါကြောင့်မလို့လည်း အစိုးရဌာနတွေကော ပုဂ္ဂလိက ကုမ္ပဏီတွေပါ အနည်းဆုံး လုပ်အားခအောက် မလျော့နည်းစေဖို့အတွက် Wage System တွေကို စနစ်တကျ ဖွဲ့စည်းထားကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ချွင်းချက်တစ်ခုတော့ ရှိနေပါတယ်။ အဲဒါကတော့ စစ်တပ်ပါပဲ။

စစ်သားတွေဟာ တပ်ဖွဲ့အတွင်းမှာ ၂၄ နာရီပတ်လုံး ပိတ်လှောင်ခံထားရပြီး အလုပ်လုပ်ကိုင်နေကြရပေမဲ့ ရရှိတဲ့ လစာကတော့ အနည်းဆုံး လုပ်အားခရဲ့ တစ်ဝက်တောင် မရှိပါဘူး။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တိုင်ကြားမှုတစ်ခု ပြုလုပ်ခဲ့စဉ်တုန်းက စစ်တပ်ဘက်က နေစရာနဲ့ စားစရာတွေကို ထောက်ပံ့ပေးထားတာကြောင့် အနည်းဆုံး လုပ်အားခ ပေးစရာ မလိုပါဘူးဆိုတဲ့ အဓိပ္ပာယ်မရှိတဲ့ တုံ့ပြန်မှုကို ပေးခဲ့ဖူးပါတယ်။

ဒီအကြောင်းအရာက အတိတ်မှာလည်း အကြိမ်ကြိမ် အငြင်းပွားစရာ ဖြစ်ခဲ့ဖူးတာပါ။

ကာကွယ်ရေး ဝန်ကြီးဌာနကလည်း စစ်သားတွေရဲ့ လစာဟာ အနည်းဆုံး လုပ်အားခအထိ ရသင့်တယ်ဆိုတာကို အသိအမှတ်ပြုပေမဲ့ ဘတ်ဂျက် မလုံလောက်မှုဆိုတဲ့ လက်တွေ့ကျတဲ့ ပြဿနာကိုပဲ အကြောင်းပြလေ့ ရှိပါတယ်။

ဒါပေမဲ့ အခုဖြစ်ရပ်ကြောင့် ဝမ်သန်းထောင်ပေါင်းများစွာကို ကြားက ဖြတ်စားခဲ့ကြမှန်း ပေါ်ပေါက်သွားခဲ့ပါပြီ။ တကယ်လို့သာ အဲဒီပိုက်ဆံတွေကို သေသေချာချာ စုဆောင်းထားခဲ့ရင် စစ်သားတွေရဲ့ လစာကို ကောင်းကောင်း တိုးပေးနိုင်ခဲ့မှာ ဖြစ်တာမလို့ လစာတိုးပေးမယ့်ကိစ္စမှာ ပြည်သူတွေရဲ့ ထောက်ခံမှုက ပိုပြီး အားကောင်းလာခဲ့ပါတော့တယ်။

All Chapters