အခန်း ၃၉၀
Vol. 39 Ch. 390
အခန်း (၃၉၀)
ဥရောပခရီးစဉ်ရဲ့ ရလဒ်တွေက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့တယ်။
ပြင်သစ်နိုင်ငံရဲ့ EDF က Rosatom နဲ့ လက်တွဲလိုက်တယ်။ TWR နည်းပညာကို သူတို့ဘာသာ သီးခြား ဆက်လက်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်သွားမှာ ဖြစ်ပေမဲ့ နည်းပညာကို အောင်မြင်စွာ တီထွင်ထားပြီးသား ဖြစ်တဲ့ Rosatom ကို စံချိန်စံညွှန်းအဖြစ် အသိအမှတ်ပြုဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။
ISO စံချိန်စံညွှန်း လက်မှတ်ကို တရားဝင် မရရှိသေးပေမဲ့ Rosatom ရဲ့ TWR က နိုင်ငံတကာ စံချိန်စံညွှန်း ဖြစ်လာဖို့ သေချာသလောက် ရှိသွားခဲ့ပါပြီ။
ပြင်သစ်သမ္မတ ဘလန်က OTK ဘတ္ထရီ ထောက်ပံ့မှု ရရှိဖို့ ကြိုးစားခဲ့တာကြောင့် သူ့ရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ပေးတဲ့အနေနဲ့ CL Chemical နဲ့ SSK Innovation တို့ရဲ့ ဥရောပစက်ရုံတွေကနေ OTK ဘတ္ထရီတွေကို ထုတ်လုပ်ပြီး အနာဂတ်မှာ Renault နဲ့ Peugeot တို့ဆီ ထောက်ပံ့ပေးသွားမယ်လို့ ကျွန်တော် ကြေညာပေးခဲ့တယ်။
BMW ကလည်း CarOS စခန်းနဲ့ ပူးပေါင်းဖို့ အခိုင်အမာ ဆုံးဖြတ်လိုက်တယ်။
BMW က ကမ္ဘာက အသိအမှတ်ပြုထားတဲ့ အဆင့်မြင့်ဇိမ်ခံကားပါ။ ဒါပေမဲ့ ဒေါ်လာ ၁၀,၀၀၀ ကျော်တန် အလွန်အမင်း ဇိမ်ခံကား ဈေးကွက်မှာတော့ Mercedes နဲ့ Porsche တို့ကို စံချိန်မမှီဘဲ ရှုံးနိမ့်နေရတာလေ။
သူတို့ရဲ့ မဟာဗျူဟာက လျှပ်စစ်ကားကြီးတွေနဲ့ လျှပ်စစ်ဇိမ်ခံကား ကဏ္ဍကို စိုးမိုးဖို့ပါ။
ဒါကြောင့် BMW တစ်ခုထဲ ဘက်ပြောင်းလိုက်ရုံနဲ့တင် ဂျာမနီရဲ့ ထိပ်သီးကုမ္ပဏီ သုံးခု မဟာမိတ်အဖွဲ့ကြီး ပြိုကွဲသွားခဲ့ပါပြီ။ CarOS နဲ့ ဆောင်း အီလက်ထရောနစ် တို့က တိတ်တဆိတ် ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ကြတယ်။
တစ်ချိန်ထဲမှာပဲ CarOS ကလည်း အလုပ်တွေ ရှုပ်နေခဲ့ပါတယ်။ အလိုအလျောက် မောင်းနှင်နိုင်တဲ့ လျှပ်စစ်ကုန်ကား ADT1 က တရားဝင် စတင်မရောင်းချရသေးခင်မှာတင် အရမ်းရောင်းကောင်း နေခဲ့တာပါ။ အကြီးစား ကုန်စည်ပို့ဆောင်ရေး လုပ်ငန်း လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေဆိုရင် အစီးရေ ရာနဲ့ချီပြီး ကြိုတင်အော်ဒါမှာဖို့ ပိုက်ဆံတွေကို အတင်း လာပေးနေကြတာလေ။
ADT1 ရဲ့ အဓိက သော့ချက်ကတော့ ဘတ္ထရီ အစားထိုးစနစ် ဖြစ်ပါတယ်။ CarOS က ဒီနှစ်မကုန်မီမှာပဲ အမေရိကန် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဘတ္ထရီ အစားထိုးစခန်း (BRC) တွေကို တည်ဆောက်ဖို့ စီစဉ်ခဲ့တယ်။
ဒီအတွက် ထန်းဝေ က တီထွင်ထားတဲ့ algorithmကို အသုံးပြုခဲ့တယ်။ ထန်းဝေ က အမေရိကန် ကုန်စည်ပို့ဆောင်ရေး ကုန်ကားတွေရဲ့ သွားလာမှု လမ်းကြောင်းတွေကို လေ့လာဆန်းစစ်ပြီး BRC တွေအတွက် အကောင်းဆုံး တည်နေရာတွေကို ရွေးချယ်ပေးခဲ့သလို လိုအပ်မယ့် ဘတ္ထရီ ပမာဏကိုပါ တွက်ချက်ပေးခဲ့တယ်။
အလိုအလျောက် မောင်းနှင်တဲ့ တက္ကစီ ဝန်ဆောင်မှုကလည်း အဆင်ပြေပြေ လည်ပတ်နေပါတယ်။
စမ်းသပ်မောင်းနှင်မှု ကာလအတွင်းမှာ ဘာမတော်တဆမှုမှ မရှိဘဲ ပြီးဆုံးခဲ့ပြီးနောက် ကယ်လီဖိုးနီးယားနဲ့ မစ်ရှီဂန် တို့က ပထမဆုံး တရားဝင် မောင်းနှင်ခွင့် လိုင်စင် ထုတ်ပေးခဲ့တယ်။
ဒါပေမဲ့ လက်ရှိ တက္ကစီ လုပ်ငန်းအပေါ် ဆိုးကျိုးတွေ သက်ရောက်မှာကို စိုးရိမ်တာကြောင့် ရရှိတဲ့ ဝင်ငွေရဲ့ ၁၅ ရာခိုင်နှုန်းကို လက်ရှိ သယ်ယူပို့ဆောင်ရေး လုပ်ငန်းခွင်က အလုပ်သမားတွေ အတွက် ရန်ပုံငွေအဖြစ် ထည့်ဝင်ဖို့နဲ့ မောင်းနှင်မယ့် ယာဉ်အစီးရေ၊ အချိန်တွေကို ပြည်နယ်အစိုးရရဲ့ စည်းမျဉ်းအတိုင်း လိုက်နာဖို့ သဘောတူခဲ့ပါတယ်။
အလိုအလျောက် မောင်းနှင်မှု နည်းပညာရဲ့ ဘေးကင်းမှုကို လုံလောက်စွာ သက်သေပြနိုင်ခဲ့ပေမဲ့ အကြီးမားဆုံး ပြဿနာကတော့ ပြည်သူတွေရဲ့ အနုတ်လက္ခဏာ ဆောင်တဲ့ အယူအဆပဲ ဖြစ်ပါတယ်။
အမေရိကန် တစ်ဝှမ်းမှာ လူတွေက မောင်းသူမဲ့ ယာဉ်တွေကို တမင်တကာ ရန်လိုစွာ မောင်းနှင်တာ ဒါမှမဟုတ် ရပ်ထားတဲ့ ကားတွေကို ဖျက်ဆီးတာမျိုးတွေ ဖြစ်ပွားခဲ့တာကြောင့် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ စတင်ခဲ့ရတယ်။
လက်တွေ့ကျမှုနဲ့ မဆိုင်ဘဲ မောင်းသူမဲ့ ယာဉ်တွေအပေါ် ထားရှိတဲ့ မုန်းတီးမှုက ဖြေရှင်းရမယ့် စိန်ခေါ်မှုတစ်ခု ဖြစ်နေတာပါ။
ဒါက အကူးအပြောင်း ကာလမှာ ရှောင်လွှဲလို့ မရတဲ့ ပြဿနာတစ်ခုပါပဲ။ တကယ်လို့ ပဋိပက္ခတွေ ပိုမို ပြင်းထန်လာရင် တုံ့ပြန်ဆောင်ရွက်မှုတွေ လိုအပ်မှာ ဖြစ်ပေမဲ့ အဲဒီလို မဟုတ်ရင်တော့ အချိန်တန်ရင် သူ့အလိုလို ပြေလည်သွားမှာ ဖြစ်ပါတယ်။
ပါမောက္ခ ကင်ဟိုမင် နဲ့ တွေ့ဖို့ သုတေသနဌာနဆီ အကြာကြီးကြာမှ ကျွန်တော် ရောက်ဖြစ်ခဲ့တယ်။
OTK ဘတ္ထရီ ထုတ်လုပ်မှု တိုးချဲ့လာတာနဲ့အမျှ သုတေသနဌာနဆီကို ရိုင်ယယ်တီကြေးတွေ အများကြီး ဝင်လာခဲ့ပါတယ်။ OTK ဘတ္ထရီကို တီထွင်ခဲ့တဲ့ ပါမောက္ခ ကင်ဟိုမင် ကလည်း တစ်သက်လုံး သုံးလို့ မကုန်နိုင်လောက်အောင် ပိုက်ဆံတွေ အများကြီး ရရှိခဲ့ပါတယ်။
အရင်ကထက် နှိုင်းယှဉ်လို့ မရအောင် ကြွယ်ဝချမ်းသာလာခဲ့ပေမဲ့ သူကတော့ ပုံမှန်အတိုင်းပဲ ရိုးရိုးရှင်းရှင်း နေထိုင်တုန်းပါပဲ။ အခြေခံ သိပ္ပံပညာကို ထောက်ပံ့ပေးမယ့် ဖောင်ဒေးရှင်းတစ်ခု ထူထောင်ခဲ့တာကို ကြည့်ရင်ပဲ သူက ပိုက်ဆံကို သိပ်ပြီး စိတ်မဝင်စားမှန်း သိနိုင်ပါတယ်။
ကျွန်တော်တို့ ပထမဆုံး တွေ့တုန်းကလိုပဲ ပါမောက္ခ ကင်ဟိုမင် က ကျွန်တော့်အတွက် ကော်ဖီမစ်တစ်ခွက်ကို ကိုယ်တိုင် ဖျော်ပေးခဲ့တယ်။
"ငါ ကမ္ဘာပေါ်မှာ ကောင်းတယ်ဆိုတဲ့ ကော်ဖီတွေ အကုန် သောက်ကြည့်ဖူးပါတယ်။ ဒါပေမဲ့ ဒါထက် ပိုသောက်လို့ကောင်းတဲ့ ကော်ဖီတော့ မတွေ့ဖူးသေးဘူး"
"ပါမောက္ခရဲ့ လျှာက အရင်ကတည်းက ဒီကော်ဖီနဲ့ ယှဉ်ပါးနေလို့ မဟုတ်ဘူးလား"
ပါမောက္ခ ကင်ဟိုမင် က ကော်ဖီကို စစ်ကနဲ သောက်ရင်း ပြောလိုက်တယ်။
"ဟုတ်တာပေါ့။ ယဉ်ပါးနေတဲ့ အရာတွေဆီကနေ ခွာထုတ်ဖို့ဆိုတာ ခက်တယ်မဟုတ်လား"
သူက မကြာသေးခင်ကမှ ESS (စွမ်းအင် သိုလှောင်မှု စနစ်) မီးလောင်မှုတွေနဲ့ ပတ်သက်ပြီး အစိုးရနဲ့ ပူးတွဲ စုံစမ်းစစ်ဆေးမှုတစ်ခု ပြုလုပ်ခဲ့တာပါ။
"ဒါနဲ့ မီးလောင်ရတဲ့အကြောင်းအရင်းက ဘာတဲ့လဲ"
"အရာရာတိုင်းမှာ ပြဿနာ ရှိနေတာလေ။ ဘတ္ထရီ၊ စွမ်းအင် ပြောင်းလဲမှု စနစ်၊ ဆော့ဖ်ဝဲလ်၊ လည်ပတ်မှု စီမံခန့်ခွဲမှု စတာတွေ အကုန်လုံးပါပဲ။ ငါတို့မှာ အဲဒီလို အကြီးစား စွမ်းအင် သိုလှောင်တဲ့ စက်ပစ္စည်းတွေကို လည်ပတ်တဲ့ အတွေ့အကြုံ အားနည်းခဲ့ပုံရတယ်။ ဒါကြောင့် ဒီတစ်ကြိမ်မှာ ပြဿနာတွေကို ပြင်ဆင်ရင်း ပေါင်းစပ် စီမံခန့်ခွဲမှု စနစ်တစ်ခုကိုပါ တည်ဆောက်ခဲ့တယ်။ ဘတ္ထရီ အပူလွန်ကဲတာ ဒါမှမဟုတ် ဝါယာရှော့ဖြစ်တာတွေကို ကြိုတင် စုံစမ်းသိရှိပြီး တုံ့ပြန်နိုင်ရုံနဲ့တင် ပျက်စီးဆုံးရှုံးမှုကို သိသိသာသာ လျှော့ချနိုင်မှာပါ"
ESS ဆိုတာ နေရောင်ခြည် ဒါမှမဟုတ် လေစွမ်းအင်လိုမျိုး အရင်းအမြစ်တွေကနေ ထုတ်လုပ်လိုက်တဲ့ လျှပ်စစ်ဓာတ်အားကို ဘတ္ထရီတွေထဲမှာ သိုလှောင်ထားပြီး ပြန်လည် ထုတ်လွှတ်ပေးတာပါ။ ရာသီဥတုနဲ့ မဆိုင်ဘဲ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကို တည်ငြိမ်စွာ ထောက်ပံ့ပေးနိုင်တာကြောင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကို တိုးချဲ့ရာမှာ မရှိမဖြစ် လိုအပ်တဲ့ စက်ပစ္စည်းတစ်ခုလို့ သတ်မှတ်နိုင်ပါတယ်။
ကျွန်တော်က လျှပ်စစ်ကားတွေကြောင့် ဘတ္ထရီထဲ ရင်းနှီးမြှုပ်နှံခဲ့တာ ဖြစ်ပေမဲ့ မကြာသေးခင်ကတော့ ဘတ္ထရီက စက်မှုလုပ်ငန်း အားလုံးမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာခဲ့တယ်။ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ဘတ္ထရီ လိုအပ်ချက်က တိုးတက်လာရုံပဲ ရှိပြီး လျော့ကျသွားမှာ မဟုတ်ပါဘူး။
ဘတ္ထရီရဲ့ အရေးပါမှုကို နားလည်လာကြတဲ့ ကုမ္ပဏီတွေက ရင်းနှီးမြှုပ်နှံမှုတွေကို တိုးမြှင့်ဖို့ အလုအယက် ကြိုးစားနေကြပေမဲ့ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုမှာတော့ OTK ဘတ္ထရီကို ဘယ်သူမှ ယှဉ်နိုင်စွမ်း မရှိကြပါဘူး။
ပါမောက္ခ ကင်ဟိုမင် ကလည်း ဘတ္ထရီအရွယ်အစားကို သေးငယ်အောင် ပြုလုပ်တဲ့ သုတေသနကို ဆက်လက် လုပ်ဆောင်နေပါတယ်။ စမတ်ဖုန်း ဒါမှမဟုတ် တက်ဘလက်တွေမှာ သုံးတဲ့ ဘတ္ထရီတွေအပြင် အဝတ်အစားတွေထဲမှာ ထည့်သွင်းနိုင်လောက်အောင် ပါးလွှာတဲ့ ဘတ္ထရီတွေနဲ့ ကွေးညွှတ်လို့ရတဲ့ ဘတ္ထရီတွေကို ဖန်တီးဖို့က သူ့ရဲ့ ပန်းတိုင်ပါ။
"ဘတ္ထရီတွေကို အနာဂတ်ရဲ့ Semiconductorတွေလို့ ခေါ်ဆိုနိုင်တယ်။ ဘတ္ထရီတွေရဲ့ အသုံးဝင်မှုက ပိုပြီးတော့ပဲ ကြီးထွားလာမှာပါ"
ဘတ္ထရီ လိုအပ်ချက် ပေါက်ကွဲထွက်လာတာနဲ့အမျှ ကုမ္ပဏီတွေကလည်း တက်ကြွစွာနဲ့ ပညာရှင်တွေကို စည်းရုံးဖို့ ကြိုးစားကြတယ်။ တခြား ထုတ်လုပ်ရေး ကဏ္ဍတွေက အလုပ်အကိုင် ရှားပါးမှုကြောင့် ရုန်းကန်နေရချိန်မှာ ဘတ္ထရီ စက်မှုလုပ်ငန်းကတော့ သုတေသန၊ ထုတ်လုပ်ရေးနဲ့ ရောင်းချရေး ရာထူးတွေအထိ ဝန်ထမ်းအင်အား ပြင်းထန်စွာ လိုအပ်နေခဲ့တာပါ။
အထူးသဖြင့် သုတေသန ပညာရှင်တွေရဲ့ တန်ဖိုးက အဆမတန် မြင့်တက်လာခဲ့တယ်။ OTK သုတေသနဌာနမှာ အလုပ်လုပ်နေတဲ့ သုတေသန ပညာရှင်တွေဆိုရင်လည်း မက်မောဖွယ်ရာ ကမ်းလှမ်းမှုများစွာ ရရှိခဲ့ကြတယ်။
တချို့က တခြားကုမ္ပဏီတွေကို ပြောင်းရွှေ့သွားကြပေမဲ့ အများစုကတော့ ဆက်လက် ကျန်ရှိနေခဲ့ကြတယ်။ ဒါက သူတို့အနေနဲ့ စက်မှုလုပ်ငန်းမှာ အကောင်းဆုံး ထောက်ပံ့ကြေးကို ရရှိနေတာကြောင့်လည်း ပါသလို ပါမောက္ခ ကင်ဟိုမင် နဲ့အတူ သုတေသန လုပ်ငန်းတွေ ဆက်လက် လုပ်ဆောင်ချင်ကြတာကြောင့်လည်း ဖြစ်ပါတယ်။
"မင်းက ကိစ္စကြီးတစ်ခုကို ထပ်လုပ်လိုက်ပြန်ပြီပဲ။ မနေ့က ထုတ်ပြန်လိုက်တာကို ကြည့်လိုက်ရတယ်။ နောက်နှစ်ကျရင် စစ်သည်တွေရဲ့ လစာကို အများကြီး တိုးပေးမှာဖြစ်သလို တာဝန်ထမ်းဆောင်စဉ် ဒဏ်ရာရခဲ့တဲ့ ဝန်ထမ်းတွေကို ထောက်ပံ့ပေးမှုကိုပါ တိုးမြှင့်ပေးမှာတဲ့နော်။ လူတိုင်းက ဒါကို လုပ်ရပ်ကောင်းတစ်ခုအဖြစ် ချီးကျူးနေကြတယ်"
"ကုမ္ပဏီဆီကိုလည်း ကျေးဇူးတင်ကြောင်း ဖုန်းဆက်ကြတာတွေ အများကြီး ရခဲ့ပါတယ်"
သဘာဝကျစွာပဲ ချီးကျူးတာထက် ပိုများတဲ့ ဝေဖန်မှုတွေကိုလည်း ကျွန်တော် ရရှိခဲ့တာပေါ့။ အခုချိန်မှာတော့ ဆဲဆိုကြတာတွေကို တော်တော်လေး အကျင့်ရနေပါပြီ။
"မင်း နိုင်ငံရေးထဲ ဝင်ဖို့ စဉ်းစားဖူးလား။ ဒါနဲ့ ပတ်သက်ပြီး ပြောရရင် မင်း နိုင်ငံရေးထဲ ဝင်လိုက်တာက မကောင်းတဲ့ အကြံတော့ မဟုတ်ဘူးကွ"
"ကျွန်တော်လား"
"မင်းဆီကို ဝင်ပြိုင်ဖို့ ကမ်းလှမ်းတာတွေ မရှိဘူးလား။ ငါ့ဆီတောင်မှ ပါတီကနေ အမတ်လောင်းအဖြစ် ဝင်ပြိုင်ရင် ပါတီရဲ့ အမည်စာရင်း တင်သွင်းပေးမယ်ဆိုပြီး နေရာအသီးသီးက ဖုန်းဆက်ကြသေးတာလေ"
ရွေးကောက်ပွဲမှာ ဝင်ပြိုင်ရင်တောင်မှ ၁၀၀ ရာခိုင်နှုန်း အနိုင်ရမယ်လို့ အာမ မခံနိုင်ပါဘူး။ ဒါပေမဲ့ နိုင်ငံရေးသစ်ပါတီ နဲ့ လေဘာပါတီ နှစ်ခုလုံးမှာ သူတို့ရဲ့ အားကောင်းတဲ့ နယ်မြေတွေ ရှိကြပါတယ်။
အဲဒီလို နယ်မြေမျိုးမှာ အမည်စာရင်း တင်သွင်းခံရပြီး ဝင်ပြိုင်ရင်တော့ အနိုင်ရဖို့ သေချာသလောက် ရှိသွားပါပြီ။ နိုဘယ်ဆုကို ကိုင်ဆောင်ပြီး မဲဆွယ်စည်းရုံးတာကတော့ ပိုပြီးတော့တောင် အဆင်ပြေဦးမှာပါ။
ကိုရီးယားလူမျိုးတွေက နိုဘယ်ဆုကို သဘောကျကြတာလေ။
"ကျွန်တော် အလုပ်တွေနဲ့ အရမ်း အလုပ်ရှုပ်နေတာပါ"
"ဒါပေမဲ့ လွှတ်တော်အမတ် ရာထူးကို ယူထားကြတဲ့ ချေဘော ဥက္ကဌတွေလည်း ရှိတာပဲ မဟုတ်လား"
အရင်းရှင်စနစ်က တစ်ဝမ် တစ်မဲ ဖြစ်ပေမဲ့ ဒီမိုကရေစီကတော့ လူတစ်ယောက်ကို တစ်မဲ ဖြစ်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲတွေက ပိုက်ဆံနဲ့ မဆိုင်ဘဲ သီးခြား ဖြစ်ပျက်နေတယ်လို့ တွေးမိဖို့ လွယ်ကူပေမဲ့ လက်တွေ့မှာတော့ အဲဒီလို မဟုတ်ပါဘူး။
ဥပမာအားဖြင့် မြေပိုင်ရှင် 'က' က ဒေသတစ်ခုမှာရှိတဲ့ မြေအားလုံးကို ပိုင်ဆိုင်ထားပြီး အဲဒီမှာ နေထိုင်သူ အားလုံးက 'က' ရဲ့ လက်အောက်မှာ မြေငှားစိုက်ပျိုးသူတွေ ဖြစ်တယ်လို့ မြင်ယောင်ကြည့်ပါ။
တကယ်လို့ 'က'၊ 'ခ' နဲ့ 'ဂ' တို့က အဲဒီဒေသမှာ ရွေးကောက်ပွဲ ဝင်ပြိုင်ကြရင် ဒေသခံတွေက ဘယ်သူ့ကို မဲပေးကြမလဲ။
ဘယ်သူက ပိုပြီး အရည်အချင်း ရှိသလဲဆိုတာနဲ့ မဆိုင်ဘဲ သူတို့မှာ 'က' ကိုပဲ မဲပေးဖို့ ရွေးချယ်စရာ ရှိမှာပါ။ တကယ်လို့ 'က' က ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားလို့ ဒေါသထွက်ပြီး သူတို့ဆီ မြေငှားတာကို ငြင်းပယ်လိုက်ရင် အဲဒီ မြေငှားစိုက်ပျိုးသူတွေရဲ့ ဝမ်းစာက စိန်ခေါ်မှုနဲ့ ကြုံတွေ့ရမှာ ဖြစ်ပါတယ်။
ဒါကြောင့် မြေယာ ပြုပြင်ပြောင်းလဲမှုကို သေချာ မလုပ်ဆောင်ခဲ့ဘဲ မြေပိုင်ရှင် စနစ် ဆက်လက် တည်ရှိနေတဲ့ နိုင်ငံတွေမှာဆိုရင် ဒေသဆိုင်ရာ ကောင်စီတွေကနေ ဗဟို လွှတ်တော်အထိ အမတ် အများအပြားက မြေပိုင်ရှင်တွေ ဖြစ်နေကြတာပါ။ အဲဒီ မြေပိုင်ရှင်တွေက သဘာဝအတိုင်း သူတို့အတွက် အကျိုးရှိမယ့် ဥပဒေတွေကို ဖန်တီးပြီး ပြဋ္ဌာန်းကြတာကြောင့် မြေပိုင်ရှင် စနစ်ကို ပိုမို ခိုင်မာစေတဲ့ သံသရာဆိုးကြီး ဖြစ်ပေါ်လာတယ်လေ။
အလားတူပဲ တကယ်လို့ အကြီးစား ကော်ပိုရေးရှင်းတစ်ခုက ဒေသတစ်ခုလုံးရဲ့ အဓိက အလုပ်အကိုင် ဖန်တီးပေးသူ ဖြစ်နေပြီး အဲဒီ ကော်ပိုရေးရှင်းရဲ့ ဥက္ကဌက ရွေးကောက်ပွဲ ဝင်ပြိုင်ရင် မဲအပြတ်အသတ်နဲ့ ရွေးချယ်ခံရလေ့ ရှိပါတယ်။
ရွေးကောက်ပွဲတွေကို ဘယ်လောက်ပဲ တရားမျှတစွာ ကျင်းပခဲ့ပါစေ၊ လက်တွေ့မှာတော့ လူတွေက ပိုက်ဆံရဲ့ ဩဇာလွှမ်းမိုးမှုကနေ မလွတ်မြောက်နိုင်ကြပါဘူး။
"တကယ်လို့ ကျွန်တော်သာ လွှတ်တော်ထဲ ရောက်သွားရင် လူတိုင်းက ကျွန်တော့် ကော်လံကို လာဆွဲကြလိမ့်မယ်"
ပါမောက္ခ ကင်ဟိုမင် က ကျွန်တော့်စကားကို ကြားတော့ သဘောကျစွာ ရယ်မောလိုက်တယ်။
နိုင်ငံရေးသစ်ပါတီမှာကော၊ လေဘာပါတီမှာပါ ကျွန်တော့်အပေါ် မကျေနပ်ချက်တွေ ထားရှိနေတဲ့ လွှတ်တော်အမတ်တွေ မနည်းမနော ရှိပါတယ်။ ဘယ်လိုပဲကြည့်ကြည့် ကျွန်တော့်လို တိကျတဲ့ဘက်ရယ်လို့မရှိတဲ့သူအတွက်တော့ နိုင်ငံရေးဆိုတာက ခက်ခဲတဲ့ ကမ္ဘာကြီးပါပဲ။
"ပြီးတော့ နိုင်ငံရေးထဲ ပါဝင်ဖို့ဆိုတာ နိုင်ငံရေးသမား ဖြစ်မှ မဟုတ်ပါဘူးဗျာ"
တစ်ခါတလေ နာမည်ကြီး ပုဂ္ဂိုလ်တွေက နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ထုတ်ဖော်ပြောဆိုမှုတွေ ပြုလုပ်တဲ့အခါ လူတွေက "အဲဒီလို ပြောချင်ရင် အလုပ်ကနေ နှုတ်ထွက်ပြီး နိုင်ငံရေးထဲပဲ ဝင်လိုက်တော့" လို့ ဝေဖန်လေ့ ရှိကြတယ်။
ဒါပေမဲ့ ဒီမိုကရေစီ နိုင်ငံတစ်ခုမှာ အချုပ်အခြာအာဏာက ပြည်သူတွေဆီမှာ ရှိပါတယ်။ ဒီ အချုပ်အခြာအာဏာ ဆိုတာက ရွေးကောက်ပွဲမှာ မဲပေးရုံတင် မဟုတ်ပါဘူး။ စီးပွားရေးနဲ့ နိုင်ငံရေးက အနီးကပ် ဆက်စပ်နေတာကြောင့် ကျွန်တော့်ရဲ့ လှုပ်ရှားမှု အားလုံးကို နိုင်ငံရေးအရ အရေးပါပြီးသားလို့ ယူဆနိုင်ပါတယ်။
နိုင်ငံရေးထဲ တရားဝင် ဝင်ရောက်မှသာ နိုင်ငံရေး လုပ်ဆောင်နိုင်တယ်လို့ ပြောဆိုတာက ပြည်သူတွေကို နိုင်ငံရေး ဆွေးနွေးမှုတွေကနေ ခပ်ဝေးဝေးမှာ ထားဖို့ဆိုတဲ့ အကွက်တစ်ခုထက် မပိုပါဘူး။
အမေရိကန်မှာဆိုရင် ကမ္ဘာ့အဆင့်မီ ကုမ္ပဏီ စီအီးအိုတွေ၊ ဟောလိဝုဒ် စတားတွေ၊ တီဗီရှိုး အစီအစဉ် တင်ဆက်သူတွေအထိ ထင်ရှားကျော်ကြားသူ အများအပြားက သူတို့ သဘောကျတဲ့ ပါတီတွေနဲ့ အမတ်လောင်းတွေကို အတိအလင်း ထောက်ခံကြပြီး သူတို့ရဲ့ နိုင်ငံရေး အယူအဆတွေကို မချွင်းမချန် ထုတ်ဖော် ပြောဆိုကြပါတယ်။
အဲဒီလို ထောက်ခံတာကြောင့် တခြား နိုင်ငံရေး အယူအဆ ရှိသူတွေဆီကနေ ဝေဖန်မှုတွေ ကြုံတွေ့ရနိုင်ပေမဲ့ အဲလိုထောက်ခံတာကလည်း သူတို့ရဲ့ ရွေးချယ်မှုပဲ ဖြစ်ပါတယ်။
"မင်း နောက်ပိုင်းမှာရော နိုင်ငံရေးထဲ လုံးဝ မဝင်တော့ဘူးလား"
"အဲဒါကတော့ ကျွန်တော်လည်း မသိသေးပါဘူး"
ပါမောက္ခ ကင်ဟိုမင် က ခေါင်းညိတ်လိုက်တယ်။
"ကောင်းလိုက်တဲ့အဖြေပဲ။ ဘဝဆိုတာ ရှည်လျားပြီး ဘာဖြစ်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ ပြောမရဘူးကွ။ မင်းဟာ တစ်နေ့နေ့မှာ သမ္မတရာထူးအတွက် ဝင်ပြိုင်ချင် ပြိုင်လာမှာပါ"
စကားမစပ် သမ္မတဖြစ်ဖို့က ကျွန်တော့်မှာ အသက်အရွယ် လိုအပ်ချက် ပြည့်မီဖို့ လိုနေသေးတာလေ။
ကျွန်တော်က နောက်ပြောင်တဲ့ သဘောနဲ့ ပြောလိုက်တယ်။
"ကျွန်တော် ဝင်ပြိုင်နိုင်တဲ့ အသက်အရွယ် ရောက်ဖို့ဆိုရင် အဝေးကြီး လိုသေးတာမလို့ ပါမောက္ခပဲ ဝင်ပြိုင်လိုက်ပါလား။ ကျွန်တော် မဲပေးပါ့မယ်"
"မလုပ်ပါနဲ့။ ငါက နောက်ပိုင်း ပညာရေး လောကဆီ ပြန်သွားရဦးမှာ"
"ပါမောက္ခက သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို ဆက်မလုပ်တော့ဘူးလား"
ပါမောက္ခ ကင်ဟိုမင် က ခေါင်းကို ခါယမ်းလိုက်တယ်။
"လူသားမျိုးနွယ်ဆိုင်ရာ ဘာသာရပ်တွေမှာတော့ အသက်ကြီးလာတာနဲ့အမျှ ပညာရပ်ဆိုင်ရာ အောင်မြင်မှုတွေက တိုးတက်လာတတ်ပေမဲ့ သိပ္ပံပညာမှာတော့ အဲဒီလို မဟုတ်ဘူး။ တစ်နေ့နေ့မှာ ရလဒ်အသစ်တွေကို မထုတ်လုပ်နိုင်တော့ဘူးလို့ ခံစားရရင် ပညာရေး လောကဆီ ပြန်သွားသင့်တယ်။ တကယ်လို့ ငါ သင်ပေးခဲ့တဲ့ ကျောင်းသားတွေထဲက တစ်ယောက်ယောက်က ငါ မလုပ်နိုင်ခဲ့တဲ့ အရာတစ်ခုကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ရင် အဲဒါထက် ပိုကောင်းတာ ရှိဦးမလား"
ဒီစကားကို ကြားလိုက်ရတော့ သူက မွေးရာပါ ပညာရှင်တစ်ယောက် ဖြစ်ကြောင်း ခံစားလိုက်ရတယ်။ ရုတ်တရက် ပါမောက္ခ မိုဟန် နဲ့ ပါမောက္ခ ပက်ထရော့ဗ် တို့ကို သတိရသွားခဲ့တယ်။ သူတို့ကလည်း အလားတူ ခံစားချက်မျိုး ရှိကြတာပါ။
ပါမောက္ခ ကင်ဟိုမင် က ပြုံးရင်း ပြောလိုက်တယ်။
"ဒါကြောင့်လည်း တခြား ပါမောက္ခတွေနဲ့ ခင်မင်ရင်းနှီးမှုကို ထိန်းသိမ်းထားတာပါ။ နောက်ပိုင်း ငါ့အတွက် သွားစရာ နေရာမရှိရင် သူတို့ဆီကနေ ထောက်ခံစာတွေ တောင်းရမှာမလို့လေ"
သူက ဒီလို ပြောလိုက်ပေမဲ့ Caltech၊ MIT၊ မော်စကို တက္ကသိုလ်နဲ့ ကိုရီးယား တက္ကသိုလ် တို့လို နေရာမျိုးတွေကတော့ သူ့ကို စည်းရုံးဖို့အတွက် အပြိုင်အဆိုင် ကြိုးစားကြမှာ သေချာပါတယ်။
ပါမောက္ခ ကင်ဟိုမင် က ကျွန်တော့်ကို မေးလိုက်တယ်။
"မင်းရော အနားယူတဲ့အခါ ဘာလုပ်ဖို့ စဉ်းစားထားလဲ"
"အင်း။ ကျွန်တော်လည်း အဲဒီအကြောင်း မစဉ်းစားရသေးပါဘူး"
တစ်ခါတလေ အနာဂတ်ရဲ့ အရိပ်အယောင်တွေကို မြင်ရလေ့ ရှိပေမဲ့ ကျွန်တော့်ရဲ့ အနာဂတ် ပုံရိပ်ကိုတော့ ရေရေရာရာ မမြင်ရသေးပါဘူး။ အနာဂတ်မှာ ကျွန်တော် ဘယ်မှာ ရောက်နေပြီး ဘာတွေ လုပ်နေမလဲ။
"အင်းလေ၊ မင်းက အနားယူဖို့ စဉ်းစားဖို့အတွက် ငယ်ပါသေးတယ်"
"ငယ်သေးတယ်လို့တော့ တထစ်ချမယူဆပါဘူး။ SoftBank ရဲ့ ဥက္ကဌ မာဆာယိုရှီ ဆန် ဆိုရင် အသက် ၁၈ နှစ်ကျော်လောက်မှာတင် ဘဝစီမံကိန်းတွေကို ရေးဆွဲခဲ့တယ်လို့ ပြောကြတာပဲလေ"
IT၊ ဆော့ဖ်ဝဲလ်နဲ့ မိုဘိုင်း ဆက်သွယ်ရေး လုပ်ငန်းတွေကို လွှမ်းမိုးထားတဲ့ ဂျပန် စက်မှုလက်မှု အုပ်စု SoftBank ရဲ့ ဥက္ကဌ မာဆာယိုရှီ ဆန် က အသက် ၂၀ ကျော်ကနေ ၆၀ အထိ ပိုက်ဆံရှာပြီး အကြီးစား ကုမ္ပဏီတစ်ခု တည်ထောင်ကာ အနားယူဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။
အံ့အားသင့်စရာကောင်းတာက အဲဒီ စီမံကိန်းက ဘာမှ လွဲချော်မှု မရှိဘဲ လက်တွေ့ ဖြစ်လာခဲ့တယ်။ တကယ်လို့ သူ မလိုက်နာခဲ့တဲ့ အစိတ်အပိုင်းတစ်ခု ရှိတယ်ဆိုရင်တော့ အဲဒါက အနားယူမယ့် စီမံကိန်းပဲ ဖြစ်မှာပါ။
သူက အခုအချိန်က လူ့သမိုင်းမှာ အလျင်မြန်ဆုံး ပြောင်းလဲနေတဲ့ အချိန် ဖြစ်တာကြောင့် နောက်ထပ် နည်းနည်းလောက် ပိုပြီး အလုပ်လုပ်ချင်သေးတယ်ဆိုပြီး အနားယူတာကို နောက်ဆုတ်ခဲ့တယ်။
OTK Company မတိုင်မီက ကမ္ဘာ့ အကြီးဆုံး ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကတော့ Berkshire Hathaway ဖြစ်ပါတယ်။
Berkshire Hathaway က ဝါရင် ဘတ်ဖတ် ဆိုတဲ့ လူတစ်ယောက်ရဲ့ အရည်အချင်းအပေါ်မှာလုံးဝ မူတည်နေတာပါ။ Berkshire Hathaway က ဝါရင် ဘတ်ဖတ် ဖြစ်ပြီး ဝါရင် ဘတ်ဖတ် က Berkshire Hathaway ဖြစ်တယ်လို့ ပြောရင် လွန်မယ်မထင်ပါဘူး။
ဒါပေမဲ့ ဥက္ကဌ ဝါရင် ဘတ်ဖတ် က အသက် ၉၀ နီးပါး ရှိနေပြီဖြစ်တာကြောင့် ရှယ်ယာရှင်တွေ အားလုံးက သူ့ရဲ့ ကျန်းမာရေးအတွက် စိုးရိမ်နေကြပါတယ်။ ကျန်းမာရေး ရုတ်တရက် ဆိုးရွားသွားတာမျိုး မဖြစ်ခဲ့ရင်တောင်မှ နောက် ၁၀ နှစ်အတွင်းမှာ သူ အနားယူသွားဖို့ ရာခိုင်နှုန်း များနေတာပါ။
ဒါကြောင့် ဝါရင် ဘတ်ဖတ် က ဆယ်စုနှစ်ပေါင်းများစွာ ကြာအောင် ဆက်ခံသူတွေကို လေ့ကျင့်ပေးခဲ့ပြီး တကယ်လို့ သူ မနက်ဖြန်မှာ ရာထူးကနေ နုတ်ထွက်သွားရင်တောင် နောက်ထပ် ဥက္ကဌက ကုမ္ပဏီကို ကောင်းမွန်စွာ ဦးဆောင်သွားလိမ့်မယ်လို့ ရှယ်ယာရှင်တွေကို ပြောကြားခဲ့တယ်။
လက်တွေ့မှာတော့ သူ အနားယူသွားရင်တောင် Berkshire Hathaway မှာ အဓိက ပြဿနာကြီးကြီးမားမား ရှိလာမှာ မဟုတ်ပါဘူး။ ဒါဆို OTK Company ကော ဘယ်လိုလဲ။
OTK Company က ကမ္ဘာ့ အကြီးဆုံး ကုမ္ပဏီအဖြစ် တိုးတက်လာခဲ့တာက ကျွန်တော့်ရဲ့ ရင်းနှီးမြှုပ်နှံမှု ကျွမ်းကျင်မှုတွေကြောင့်လို့ လုံးဝပြောလို့ရပါတယ်။ ဒါပေမဲ့ ဒါက ဝါရင် ဘတ်ဖတ် လိုမျိုး လေ့လာမှုနဲ့ အတွေ့အကြုံတွေကနေ တည်ဆောက်ထားတဲ့ ရင်းနှီးမြှုပ်နှံမှု နည်းစနစ်တွေ ဒါမှမဟုတ် အမြင်တွေကြောင့် မဟုတ်ဘဲ ကျွန်တော့်ရဲ့ အနာဂတ် မြင်နိုင်စွမ်းကြောင့်ပါ။
ရင်းနှီးမြှုပ်နှံမှု နည်းစနစ်တွေနဲ့ အမြင်တွေကိုတော့ ပညာပေးမှုတွေကနေတစ်ဆင့် လက်ဆင့်ကမ်း ပေးနိုင်ပေမဲ့ အနာဂတ် မြင်နိုင်စွမ်းကိုတော့ လက်ဆင့်ကမ်း ပေးလို့ မရပါဘူး။ ပြီးတော့ ကျွန်တော့်လို တခြားလူတစ်ယောက်ကို ရှာတွေ့နိုင်မှာလည်း မဟုတ်ပါဘူး။
အောင်မြင်မှု အကြီးအကျယ် ရရှိထားတဲ့ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတွေတောင်မှ ချက်ချင်း ပြိုကွဲသွားနိုင်တယ်လေ။
ကမ္ဘာ့ ငွေကြေးကပ်ပျက်ကာလအတွင်းမှာ Lehman Brothers အပါအဝင် သမိုင်းဝင် ရင်းနှီးမြှုပ်နှံမှု ဘဏ်တွေဟာ တစ်ခုပြီးတစ်ခု ဒေဝါလီခဲ့ကြပြီး နှစ် ၂၀၀ သမိုင်းကြောင်းရှိတဲ့ Barings Bank ဆိုရင် Nick Leeson ဆိုတဲ့ လူတစ်ယောက်ရဲ့ မှားယွင်းတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကြောင့် ဒေဝါလီခံခဲ့ရတယ်။
ကျွန်တော် ထွက်ခွာသွားပြီးနောက်မှာ OTK Company က ဆက်လက် တည်ရှိနိုင်ဦးမှာလား။ သို့မဟုတ် တခြား ကုမ္ပဏီတွေလိုပဲ သမိုင်းရဲ့ နောက်ကွယ်မှာ ပျောက်ကွယ်သွားမှာလား။
ကျွန်တော်က ငယ်ရွယ်သေးတာကြောင့် အလုပ်ကနေ ချက်ချင်း ထွက်ဖို့တော့ ရည်ရွယ်ချက် မရှိပါဘူး။ ဒါကြောင့် အလောတကြီး မလိုပေမဲ့ ဒါက တစ်နေ့နေ့မှာ စဉ်းစားရမယ့် ပြဿနာတစ်ခုပဲ ဖြစ်ပါတယ်။
"ကျွန်တော် ကော်ဖီ သောက်လို့ ကောင်းခဲ့ပါတယ်"
ပါမောက္ခ ကင်ဟိုမင် က ပြုံးရင်း ပြောလိုက်တယ်။
"ကော်ဖီ သောက်ချင်ရင် ကြိုက်တဲ့အချိန် လာခဲ့ပါ"