← Chapters

အခန်း ၄၉၄

Vol. 50 Ch. 494

အခန်း ၄၉၄

Vol. 50 Ch. 494

အခန်း ၄၉၄ လူသား မျိုးနွယ် ကျန်းချဲ့

ကိုးထပ် သွေးစေတီက ကောင်းကင်နှင့် မြေကြီးကို ဖောက်ထွက်သွားပြီး မျက်တောင်တစ်ခတ်အတွင်း လျှို့ဝှက်နယ်မြေ၏ အထက်ဘက်တွင် ဧရာမ အပေါက်ကြီးတစ်ခုကို ဖန်တီးလိုက်သည်။ ပတ်ဝန်းကျင်မှ လေဟာနယ် ရေစီးကြောင်းများက အပေါက်အတွင်းသို့ အဆက်မပြတ် ဝင်ရောက်လာပြီး လျှို့ဝှက်နယ်မြေ အတွင်းရှိ အရာအားလုံးကို ထင်သလို ဖျက်ဆီးနေတော့သည်။

ကိုးထပ် သွေးစေတီကြီး တစ်ခုလုံး လျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်သွားပြီးနောက်မှသာ ပြန်လည် ငြိမ်သက်သွားတော့သည်။

ကျန်းချဲ့နှင့် အခြားသူများက ချန်းခွန်းစေတီ အတွင်းမှ လျင်မြန်စွာ ထွက်ပေါ်လာပြီး အကြည့်များက ရှေ့ရှိ ပုံရိပ်အချို့ အပေါ်သို့ ချက်ချင်း ကျရောက်သွားသည်။ ပတ်ဝန်းကျင် တစ်ခုလုံး သေမင်းတမန် တိတ်ဆိတ်မှု အတွင်းသို့ ချက်ချင်း ကျဆင်းသွားတော့သည်။

ကျန်းချဲ့နှင့် အောက်ကျိန်းတို့၏ ရင်ထဲတွင် အတွေးတစ်ခု တစ်ပြိုင်နက်တည်း ပေါ်လာသည်။

'ချုံခို တိုက်ခိုက်သူတွေ ရှိနေတယ်'

လျှို့ဝှက်နယ်မြေ အတွင်းသို့ စတင် ဝင်ရောက်လာစဉ် ကတည်းက ကျန်းချဲ့အနေဖြင့် အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားမိခဲ့သည်။ လျှို့ဝှက်နယ်မြေ အတွင်းတွင် အစွမ်းထက်သော အရှိန်အဝါ အချို့ ရှိနေကြောင်း အာရုံခံမိသဖြင့် ချင်းချင်းကို အပြင်သို့ မခေါ်ထုတ်လာခဲ့ချေ။

အောက်ခွန်းနှင့် ချင်းဖုန်းတို့ကိုသာ ချန်းခွန်းစေတီ အတွင်းမှ အတူတူ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ရှေ့ရှိ သားရဲခေါင်းနှင့် လူသား ခန္ဓာကိုယ် ရှိသော ပုံရိပ်အချို့ကို အကဲခတ် ကြည့်ရင်း အနည်းငယ် တွေဝေသွားသည်။ ရှေ့ရှိ ပုံရိပ်များက မြင်ရုံနှင့် လူသားများ မဟုတ်ကြောင်း သိသာ ထင်ရှားလှသည်။ မိစ္ဆာမျိုးနွယ်များ လူသားအသွင် ပြောင်းထားခြင်း ပင်ဖြစ်သည်။

အောက်ကျိန်းနှင့် အခြားသူများကလည်း ကျန်းချဲ့တို့အဖွဲ့၏ ဇာစ်မြစ်ကို ရိပ်မိသွားကြသည်။ ထင်ရှားစွာပင် လူသားမျိုးနွယ်များ ဖြစ်ကြောင်း သိလိုက်ရသဖြင့် ရင်ထဲတွင် လေးလံသွားပြီး အချင်းချင်း တစ်ချက် ကြည့်လိုက်ကြကာ ပုံရိပ်ငါးခုစလုံး လေဟာနယ် အထက်သို့ ပြိုင်တူ တက်လှမ်းလာကြသည်။

အောက်ကျိန်းက အဖြူရောင် အရိုးလှံရှည် တစ်လက်ကို ချက်ချင်း ခေါ်ယူလိုက်ပြီး ကိုယ်ပတ်လည်မှ အရှိန်အဝါများက တစ်ဟုန်ထိုး မြင့်တက်လာသည်။ မျက်ဝန်းများထဲတွင် မာနကြီးမှုနှင့် အထင်အမြင်သေးမှုများ ပါဝင်နေပြီး လူသားစကားဖြင့် အော်ဟစ်လိုက်သည်။

"ငါက နဂါးနန်းတော်ရဲ့ အိမ်ရှေ့မင်းသား သုံးပဲ မင်းက ဘယ်သူလဲ"

အောက်ကျိန်း၏ အကြည့်က ရှေ့ဆုံးမှ လူငယ်လေး အပေါ်သို့ တိုက်ရိုက် ကျရောက်သွားသည်။ အဘယ်ကြောင့်ဆိုသော် ရှေ့ရှိ လူများထဲတွင် ပိုးသားဝတ်စုံ ဝတ်ဆင်ထားသော ထို အမျိုးသား ထံမှသာ ဖိအားကို ခံစားရသောကြောင့် ပင်ဖြစ်သည်။

ဤအချက်က အောက်ကျိန်းကို အလေးထားရန် လုံလောက်နေပြီ ဖြစ်သည်။ နဂါးနန်းတော်၏ အိမ်ရှေ့မင်းသား သုံး တစ်ဦး အနေဖြင့် အောက်ကျိန်းတွင် အစစ်အမှန် နဂါး သွေးမျိုးဆက် ရှိနေသည် သာမက နှစ်ပေါင်းရာနှင့်ချီ ခက်ခဲစွာ ကျင့်ကြံလာခဲ့သူ ဖြစ်သည်။ မိစ္ဆာနယ်မြေ၏ ထိပ်တန်း ပါရမီရှင် များထဲမှ တစ်ဦးဟု ခေါ်ဆိုနိုင်ပြီး သူ့ကို ဖိအား ပေးနိုင်သူ ဆိုသည်မှာ သေချာပေါက် သာမန်လူ မဟုတ်ချေ။

ဝိညာဉ်နယ်မြေ အတွင်းမှ နတ်အဆင့် ဂိုဏ်းကြီးများ၏ အဓိက တပည့် ဖြစ်မည်မှာ သေချာလှသည်။ သေချာသည်မှာ အောက်ကျိန်းက အလေးထားရုံ သက်သက်သာ ဖြစ်ပြီး သူ့ကို ကြောက်ရွံ့သွားစေရန် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ချေ။ မိစ္ဆာမျိုးနွယ်များက ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို အဓိကထားပြီး တိုက်ခိုက်နိုင်စွမ်း အရ အဆင့်တူ လူသား သိုင်းပညာရှင်များထက် တစ်ဆင့် ပိုမို သာလွန်လေ့ ရှိသည်။

ဆိုရလျှင် လူသား သိုင်းသူတော်စင် သာ ရောက်မလာပါက အောက်ကျိန်းတွင် အနည်းငယ်မျှ ကြောက်ရွံ့စိတ် မရှိချေ။ ရှိနေသည်မှာ သတ်ဖြတ်လိုစိတ် သက်သက်သာ ဖြစ်သည်။ သူ၏ ယခု ခရီးစဉ် သတင်း ပေါက်ကြား၍ မရနိုင်ခြင်း ကြောင့် သာမက လူသားနှင့် မိစ္ဆာတို့မှာ အတူတကွ ယှဉ်တွဲ နေထိုင်၍ မရနိုင်သောကြောင့် ပင်ဖြစ်သည်။ အကယ်၍ လူသား ပါရမီရှင်များနှင့် တွေ့ဆုံပါက သေချာပေါက် သတ်ဖြတ်ပစ်ရန်သာ အရေးကြီးပေသည်။

ထိုနည်းတူပင် ကျန်းချဲ့၏ မျက်ဝန်းများကလည်း အနည်းငယ် ပြောင်းလဲသွားသည်။ သို့သော် သူ့ကို ပြောင်းလဲသွားစေသည်မှာ တစ်ဖက်လူ၏ စွမ်းအား ကြောင့် မဟုတ်ချေ။ ယခုလက်ရှိ ကျင့်စဉ်အဆင့် အရ သိုင်းသူတော်စင် မှလွဲ၍ မည်သူ့ကိုမျှ သူ မကြောက်ရွံ့ချေ။ သူ့ကို အံ့အားသင့် စေသည်မှာ တစ်ဖက်လူ၏ ဇာစ်မြစ် ပင်ဖြစ်သည်။

'နဂါးနန်းတော်ရဲ့ အိမ်ရှေ့မင်းသား သုံး တဲ့လား'

ဝိညာဉ်နယ်မြေ အတွင်းတွင် နဂါးနန်းတော် အမည်ရှိ အင်အားစု လုံးဝ မရှိကြောင်း ကျန်းချဲ့ သေချာပေါက် အတည်ပြုနိုင်သည်။ တစ်ဖက်လူ၏ အသွင်အပြင်နှင့် ပေါင်းစပ်လိုက်ရာ တစ်ဖက်လူက ထျန်းယွမ် အပြင်ဘက်ရှိ မိစ္ဆာနယ်မြေမှ လာရောက်ခြင်း ဖြစ်ကြောင်း သူ အတိအကျ ဆုံးဖြတ်နိုင်လိုက်သည်။ သို့သော် ပြဿနာမှာ တစ်ဖက်လူက ဘယ်လို ရောက်လာသနည်း ဆိုသည့် အချက် ပင်ဖြစ်သည်။

ခရီး မစတင်မီက နိုင်ငံတော်ဆရာ ယောင်ယွဲ့ကို ကိုယ်တိုင် မေးမြန်းခဲ့ဖူးသည်။ ထျန်းယွမ် ဆိုသည်မှာ မိစ္ဆာနယ်မြေနှင့် ဝိညာဉ်နယ်မြေ ကြားရှိ ကြီးမားသော တားဆီးမှု ကြီးတစ်ခု ဖြစ်ပြီး နယ်မြေ နှစ်ခုလုံးကို အပြီးတိုင် ခြားနားထားကြောင်း နိုင်ငံတော်ဆရာက တိကျစွာ ပြောပြခဲ့သည်။

အကယ်၍ တစ်ဖက်လူက ခိုးဝင်လာခြင်း သာဆိုပါက ကိစ္စက အနည်းငယ် ကြီးမားသွားပြီ ဖြစ်သည်။ အကယ်၍ မိစ္ဆာ တပ်မကြီးသာ လေဟာနယ် ရေစီးကြောင်းမှ တစ်ဆင့် ဝိညာဉ်နယ်မြေ အတွင်းသို့ ခိုးဝင်လာပါက မျက်တောင်တစ်ခတ်အတွင်း ကပ်ဘေးကြီး တစ်ခု ကျရောက်လာတော့မည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မိစ္ဆာနယ်မြေ၏ အင်အားက ဝိညာဉ်နယ်မြေ ထက် တစ်ဆင့် ပိုမို သာလွန်နေသောကြောင့် ပင်ဖြစ်သည်။

ဤအချက်ကို မြို့တော်တွင် ရှိနေစဉ် ကတည်းက ကျန်းချဲ့က သဲလွန်စ အချို့ကို အာရုံခံမိခဲ့သည်။ ဝိညာဉ်နယ်မြေတွင် အင်အားစု တစ်ခုတည်းသာ ရှိနေခြင်း မဟုတ်ပေ။ မြောက်ပိုင်း လူရိုင်း ဝမ်ထင်၊ တောင်ပိုင်း ဝူစုန်းနတ်ဘုရားကျောင်း၊ ထို့အပြင် တာအိုဂိုဏ်း၊ ဗုဒ္ဓဘာသာ၊ ဓားဂိုဏ်းနှင့် မဟာမိသားစု ကြီးများ အားလုံးက အင်အား ကွဲပြား နေပြီး ပြည်တွင်း စစ်ပွဲများ အဆက်မပြတ် ဖြစ်ပွားနေကြသည်။ လူသားမျိုးနွယ်ကို ထောက်ခံ အားပေးရန် ဆန္ဒရှိသူမှာ ထျန်းကျန့်တောင် တစ်ခုတည်းသာ ရှိသည်။ တာအိုနှင့် ဗုဒ္ဓဘာသာကလည်း အကူအညီ ပေးနေကောင်း ပေးနေနိုင်သော်လည်း အစွမ်းကုန် ကြိုးစားနေမည်တော့ မဟုတ်ချေ။ ၎င်းနှင့် နှိုင်းယှဉ်ပါက မိစ္ဆာနယ်မြေ အတွင်းရှိ မိစ္ဆာမျိုးနွယ် အသီးသီးက အားလုံး တစ်သားတည်း ဖြစ်ရန် မဖြစ်နိုင်သော်လည်း မိစ္ဆာမျိုးနွယ်များက အစွမ်းထက်သူ ကိုသာ လေးစားကြသည်။

ယေဘုယျ အားဖြင့် အင်အား အများအပြားကို စုစည်းနိုင်စွမ်း ရှိကြသည်။ ဆိုရလျှင် လူသားမျိုးနွယ်များက ထျန်းယွမ်ကို ခုခံ ကာကွယ်နေရုံ သက်သက်သာ ဖြစ်ပြီး တန်ပြန် တိုက်ခိုက်နိုင်စွမ်း လုံးဝ မရှိသလောက် ပင်ဖြစ်သည်။ မိစ္ဆာနယ်မြေ ကတော့ အဆက်မပြတ် တိုက်ခိုက်နေကြသည်။ အစစ်အမှန် စွမ်းအား ပိုင်းတွင် ကွာဟချက်က မသေးငယ်လှချေ။ မိစ္ဆာနယ်မြေသာ လူ့လောကသို့ သက်ဆင်းလာပါက အင်ပါယာနန်းတော်က တားဆီးနိုင်လိမ့်မည်ဟု ကျန်းချဲ့ လုံးဝ မထင်မှတ်ချေ။

ဤအချက်ကို အခြေခံ၍ ကျန်းချဲ့က လျှို့ဝှက်နယ်မြေ အတွင်းသို့ မဝင်ရောက်မီက သတိထားခဲ့သော်လည်း လျှို့ဝှက်နယ်မြေ အတွင်းရှိ အန္တရာယ် များကိုသာ သတိထားခဲ့ခြင်း ဖြစ်သည်။ အများဆုံး ဝိညာဉ်နယ်မြေ အတွင်းရှိ မိစ္ဆာမျိုးနွယ်များ သာ ဖြစ်မည်ဟု ခန့်မှန်းခဲ့သည်။ မိစ္ဆာနယ်မြေမှ စွမ်းအားရှင်များ ဤနေရာသို့ ရောက်ရှိနေလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ချေ။

ဤနေရာသို့ ရောက်သောအခါ ကျန်းချဲ့၏ မျက်လုံးထောင့်မှ အကြည့်က ဘေးနားရှိ အောက်ခွန်း အပေါ်သို့ ရောက်ရှိသွားသည်။ မျက်တောင်တစ်ခတ်အတွင်း အောက်ခွန်းမှာ အေးစက်သော ချွေးများ ထွက်လာပြီး အလျင်အမြန် ရှင်းပြလိုက်သည်။

"အရှင်သခင် ကျွန်တော်မျိုးက အရှင်သခင်ကို လိမ်ညာဖို့ ရည်ရွယ်ချက် လုံးဝ မရှိပါဘူး ဒီလူတွေ ရောက်နေလိမ့်မယ်လို့ ကျွန်တော်မျိုးလည်း မထင်ထားခဲ့ဘူး"

"ငါက မင်းကို မေးနေတာလေ ဘာလို့ မဖြေတာလဲ"

အောက်ကျိန်းက အေးစက်စက် နှာမှုတ်သံဖြင့် အော်ဟစ်လိုက်သည်။ စကားသံများထဲတွင် အနည်းငယ် မာနကြီးမှုများ ပါဝင်နေပြီး ကျန်းချဲ့၏ အထက်တွင် ရပ်တည်နေသည့်အလား ပင်ဖြစ်သည်။

"လူသားမျိုးနွယ် ကျန်းချဲ့ပဲ"

ကျန်းချဲ့က သတိပြန်ဝင်လာပြီး တည်ငြိမ်စွာ စကားလုံးအချို့ကို ဖွင့်ဟလိုက်သည်။

"မင်းက လူသားဆိုတာ ငါ သိတယ် ပြောစမ်း မင်းက ဒီလျှို့ဝှက်နယ်မြေ အကြောင်းကို ဘယ်ကနေ သိလာတာလဲ"

အောက်ကျိန်းက လေးနက်သော အသံဖြင့် ဆက်လက် မေးလိုက်သည်။

"မင်းကကော ထျန်းယွမ်ကို ဘယ်လို ရှောင်ကွင်းပြီး ဒီကို ရောက်လာတာလဲ"

ကျန်းချဲ့က လက်ကို မြှောက်လိုက်ရာ ဟွမ်ကူးနတ်လှံတံက လက်ထဲသို့ ရောက်ရှိလာသည်။ ဘေးနားရှိ အောက်ခွန်း၊ ချင်းဖုန်းနှင့် အခြားသူများ ကလည်း လေးနက်သော မျက်နှာထားများဖြင့် အချိန်မရွေး တိုက်ခိုက်ရန် အသင့် ပြင်ထားလိုက်ကြသည်။

"ရိုင်းစိုင်းလိုက်တာ ငါက မင်းကို မေးနေတာ မင်းက ငါ့ကို ပြန်မေးခွင့် ရှိလို့လား"

အောက်ကျိန်း၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး ဒေါသထွက်သွားသည့်အလား ပတ်ဝန်းကျင်တွင် နဂါး ဟိန်းဟောက်သံများ ပဲ့တင်ထပ်သွားတော့သည်။

"အိမ်ရှေ့မင်းသား သုံး အဲဒီ လူသား ဘေးက လူက ကျွန်တော်တို့ ရေနဂါး မျိုးနွယ်က ဆင်းသက်လာတာ ထင်တယ် အဲဒီကောင် ကများ ဒီလူတွေကို လျှို့ဝှက်နယ်မြေထဲ ခေါ်လာတာလား မသိဘူး"

အောက်ကျိန်း၏ ဘေးရှိ ဦးချိုတစ်ချောင်း ပါဝင်သော လူသန်ကြီးက လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"ဟင် ရေနဂါး ခန္ဓာကိုယ် ဟုတ်လား"

အောက်ကျိန်းက ထိုစကားကို ကြားသောအခါ အောက်ခွန်း၏ ကိုယ်ပေါ်ရှိ အငွေ့အသက်ကို လျင်မြန်စွာ အာရုံခံမိသွားပြီး ကိုယ်ပတ်လည်တွင် သတ်ဖြတ်လိုစိတ်များ ချက်ချင်း ထွက်ပေါ်လာတော့သည်။

ရေနဂါး မျိုးနွယ်က ၎င်းတို့ အစစ်အမှန် နဂါးမျိုးနွယ်၏ လက်အောက်ခံ ဖြစ်သော်လည်း နဂါးမျိုးနွယ် ပင်ဖြစ်သည်။ လူသားမျိုးနွယ် ထံတွင် အညံ့ခံကာ အစေခံရမည်လား။ ဤသည်မှာ ရေနဂါး မျိုးနွယ်၏ အရှက်ရမှု သာမက အစစ်အမှန် နဂါးမျိုးနွယ်၏ အရှက်ရမှု လည်း ဖြစ်သည်။

"ရွှံ့ထဲက ငါးရှဉ့်လေး တစ်ကောင်ကများ ဒီနေရာမှာ လာပြီး ပါးစပ် သရမ်းနေရဲတယ် ကောင်းပြီလေ မင်းက သေချာ မဖြေချင်ဘူး ဆိုမှတော့ အညံ့ခံတဲ့ အထိ ရိုက်နှက်ရတာပေါ့"

ကျန်းချဲ့က အေးစက်စက် နှာမှုတ်လိုက်သည်။

နောက်ထပ် စကားများ ပြောနေရန် ရည်ရွယ်ချက် မရှိတော့ချေ။ ပတ်ဝန်းကျင်တွင် သိုင်းသူတော်စင် မရှိကြောင်း အာရုံခံမိပြီးနောက် သူ၏ ရင်ထဲတွင် သတ်ဖြတ်လိုစိတ်များ ဖြစ်ပေါ်လာပြီ ဖြစ်သည်။ နဂါးနန်းတော် အိမ်ရှေ့မင်းသား သုံး ဆိုလျှင်ရော ဘာဖြစ်သနည်း။ သူ့လက်ထဲ ရောက်လာလျှင် သေရမည်သာ ဖြစ်သည်။

"မင်း လောက်နဲ့များ"

အောက်ကျိန်းက ခေါင်းကို မော့ကာ မျက်ဝန်းများထဲတွင် မာနကြီးမှုနှင့် အထင်အမြင်သေးမှုများ ပြည့်နှက်နေသည်။ လူသား စစ်မှန်သောသခင် များကို သူ မသတ်ဖူးသည် မဟုတ်ချေ။ သို့သော် သူ၏ ပြိုင်ဘက် ဖြစ်လာရန် အရည်အချင်း ပြည့်မီသူ အနည်းငယ်သာ ရှိသည်။ တစ်ဖက်လူက ဝိညာဉ်နယ်မြေမှ ပါရမီရှင် ဖြစ်လျှင်တောင် သူ၏ ခြေအောက်တွင် ဒူးထောက် နေရမည်သာ ဖြစ်သည်။

ထိုသို့ ပြောပြီးနောက် သူက ကျန်းချဲ့၏ ဘေးရှိ အောက်ခွန်းကို လှည့်ကြည့်ကာ ပါးစပ်ကို ဟ၍ နဂါး ဟိန်းဟောက်သံ တစ်ချက် လွှတ်ထုတ်လိုက်သည်။

"နဂါးမျိုးနွယ် ဖြစ်ပြီးတော့ လူသားဆီမှာ အညံ့ခံတယ် ဆိုတာ သေဖို့ ကောင်းတယ် ဒါပေမဲ့ မင်းက ဝိညာဉ်နယ်မြေက ဆင်းသက်လာလို့ လူသားတွေ အောက်မှာ နေရတာဆိုတော့ အခု ငါ့ဆီမှာ အညံ့ခံမယ်ဆိုရင် ရေနဂါး မျိုးနွယ် ဖြစ်တာကို ထောက်ထားပြီး အစောင့်အရှောက် စစ်သူကြီး အဖြစ် လက်ခံပေးမယ် အဲဒီလိုမှ မဟုတ်ရင် ဒီနေ့ မင်းရဲ့ အရွတ်တွေကို ဆွဲထုတ်ပြီး အရေခွံ ခွာပစ်မယ် အရှက်တကွဲ ဖြစ်အောင် သွေးနဲ့ ဆေးကြောပစ်မယ်"

"နို့နံ့ မစင်သေးတဲ့ ငါးရှဉ့်လေး ကများ ဒီနေရာမှာ လာပြီး ပါးစပ် သရမ်းနေရဲတယ် ဒီနေ့ ဘယ်သူ့ရဲ့ သေမယ့်နေ့ လဲဆိုတာ မသိသေးဘူး မင်း သတ္တိ ရှိရင် ထွက်လာပြီး တိုက်ကြည့်လိုက်လေ"

အောက်ခွန်းက ချက်ချင်း ရေနဂါး ခန္ဓာကိုယ်ကို ဖော်ထုတ်ကာ တစ်ဖက်လူကို အော်ဟစ် စိန်ခေါ်လိုက်သည်။ သူ ဤမျှ ရိုင်းစိုင်းနေရခြင်းမှာ ကျန်းချဲ့ထံသို့ သစ္စာရှိကြောင်း ပြသလိုခြင်း ကြောင့် သာမက ကျန်းချဲ့၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ယုံကြည်နေသောကြောင့် ပင်ဖြစ်သည်။ သိုင်းသူတော်စင် အောက်တွင် ကျန်းချဲ့ကို ယှဉ်ပြိုင်နိုင်သူ မည်သူမျှ မရှိကြောင်း သူ ယုံကြည်ထားသည်။ ဤသည်မှာ သူ၏ ယုံကြည်မှု ပင်ဖြစ်သည်။

"သေချင်နေတာပဲ"

အောက်ကျိန်းက ချက်ချင်း ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး ခြေတစ်လှမ်း လှမ်းလိုက်ရာ မျက်တောင်တစ်ခတ်အတွင်း လေဟာနယ်တွင် အသံလှိုင်း ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာပြီး ရုတ်တရက် လေဟာနယ် အထက်တွင် အနီရောင် အစစ်အမှန် နဂါး ပုံရိပ်တစ်ခု ပေါ်ထွက်လာတော့သည်။ သူက အဖြူရောင် အရိုးလှံရှည်ကို မြှောက်ကိုင်ကာ အောက်ခွန်းထံသို့ တိုက်ရိုက် ထိုးချလိုက်သည်။ မျက်တောင်တစ်ခတ်အတွင်း ကောင်းကင်နှင့် မြကြီး အရောင် ပြောင်းသွားပြီး မိစ္ဆာစွမ်းအင်များ နေရာအနှံ့ ပျံ့နှံ့သွားတော့သည်။

အောက်ခွန်း၏ မျက်နှာထား ချက်ချင်း ပြောင်းလဲသွားပြီး ကြီးမားသော ဖိအားကြီး တစ်ခုကို ခံစားလိုက်ရသည်။ တစ်ဖက်လူ၏ စွမ်းအား ကြောင့် သာမက တစ်ဖက်လူ၏ နဂါး အရှိန်အဝါက သူ့ကို ကြီးမားစွာ ဖိနှိပ်ထားနိုင်သောကြောင့် ပင်ဖြစ်သည်။ သို့သော် တစ်ဖက်လူက တိုက်ခိုက်လာပြီ ဖြစ်ရာ သူက သဘာဝကျစွာပင် နောက်ဆုတ်၍ မရတော့ချေ။ ချက်ချင်း ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး ရှေ့သို့ တက်၍ ရင်ဆိုင်ရန် ပြင်လိုက်သည်။ သို့သော် မလှုပ်ရှားရသေးမီမှာပင် ကျန်းချဲ့၏ တားဆီးခြင်းကို ခံလိုက်ရသည်။

ထို နဂါးနန်းတော် အိမ်ရှေ့မင်းသား သုံး ဆိုသူက ကျန်းချဲ့ကို ဖိအား အနည်းငယ် ပေးနိုင်စွမ်း ရှိရာ သေချာပေါက် သာမန် စစ်မှန်သောသခင် မဟုတ်ချေ။ အောက်ခွန်း တစ်ယောက်တည်း ဖြင့် သွားရောက် ယှဉ်ပြိုင်ရန် ဆိုသည်မှာ အများကြီး ကွာဟ နေသေးသည်။

ချက်ချင်းပင် ကျန်းချဲ့၏ ခန္ဓာကိုယ်က လေဟာနယ်ကို ဖောက်ထွက်သွားပြီး အဆုံးအစမရှိသော လေပြင်းများက လိုက်ပါလာကာ ကြယ်ကြွေကြီး တစ်ခုအလား ကောင်းကင်သို့ ထိုးတက်သွားပြီး ဟွမ်ကူးနတ်လှံတံကို ဆုပ်ကိုင်ကာ အားကုန် ရိုက်ချလိုက်တော့သည်။

"ဝုန်း"

အဆုံးစွန်သော တိုက်ခိုက်မှု အောက်တွင် ကျယ်လောင်သော ပေါက်ကွဲသံကြီးက ကောင်းကင်နှင့် မြေကြီး တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားပြီး ပတ်ဝန်းကျင်ရှိ လေဟာနယ် ပင်လျှင် ဤအခိုက်အတန့်တွင် ပြိုကျသွားသည့်အလား ပေရာဂဏန်းခန့် ကျယ်ဝန်းသော မြေပြင်က ချက်ချင်း ကျွံကျသွားတော့သည်။ လှိုင်းလုံးများ ရိုက်ခတ်မှု အောက်တွင် မိုးကြိုးများ ကျရောက်လာသည့်အလား ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာတော့သည်။

တိုက်ခိုက်မိသော မျက်တောင်တစ်ခတ်အတွင်း ပုံရိပ်တစ်ခုက လျင်မြန်စွာ နောက်ဆုတ်သွားပြီး အတင်းအကျပ် ဖိနှိပ်ခံလိုက်ရသည့်အလား ပင်ဖြစ်သည်။ အနီရောင် အကြေးခွံများ ဝတ်ဆင်ထားသော အိမ်ရှေ့မင်းသား သုံး အောက်ကျိန်း ပင်ဖြစ်သည်။ ယခုအခါ သူ၏ မျက်နှာပေါ်တွင် အံ့အားသင့် မှင်တက်နေသော အရိပ်အယောင်များ ပြည့်နှက်နေသည်။

ထို ကျန်းချဲ့ ဆိုသူ၏ စွမ်းအားက ဤမျှလောက် အစွမ်းထက် လိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ချေ။ အခြေအနေကို ကြည့်ခြင်းအားဖြင့် ထျန်းကျန့်တောင်မှ ဓားမိစ္ဆာနှင့် အနည်းငယ်မျှပင် မလျော့နည်းကြောင်း သိသာလှသည်။ တစ်ဖက်လူ၏ ခွန်အားက သူ့ကို မဖိနှိပ်နိုင်သော်လည်း တစ်ဖက်လူ၏ ကျယ်ပြောလှသော သွေးချီစွမ်းအားများက သူ့ကို ကြီးမားသော ဖိအားများ ပေးစွမ်းနိုင်သည်။ ထို့အပြင် ထို နတ်လှံတံ၏ သတ္တုကလည်း သူ၏ လက်ထဲရှိ အရိုးလှံရှည်နှင့် လုံးဝ မလျော့နည်းချေ။ ဤအရာက သူ့ကို အနည်းငယ် တွေဝေသွားစေသည်။

အဘယ်ကြောင့်ဆိုသော် သူ၏ လက်ထဲရှိ ဤ အရိုးလှံရှည်မှာ နဂါးနန်းတော်မှ သေဆုံးသွားသော မိစ္ဆာသူတော်စင် တစ်ပါး၏ ကျောရိုးဖြင့် ဖန်တီးထားခြင်း ဖြစ်ပြီး အလွန် ထူးခြား ဆန်းကြယ်ကာ ထက်မြက်လွန်းလှသည်။ သူ အားအကိုးရဆုံး အနီးကပ် တိုက်ခိုက်ရေး လက်နက် ပင်ဖြစ်သည်။

ထို့အပြင် သူ့ကို အံ့အားသင့် စေသည်မှာ ထို ကျန်းချဲ့ ဆိုသူ၏ ကိုယ်ပေါ်တွင်လည်း နဂါး အရှိန်အဝါများ ထွက်ပေါ်နေပြီး နဂါးမျိုးနွယ်မှ ဆင်းသက်လာသည့်အလား သူ၏ ဖိနှိပ်မှုကို အနည်းငယ်မျှပင် မခံရခြင်း ပင်ဖြစ်သည်။ ဤသည်သာ သူ့ကို အမှန်တကယ် အံ့အားသင့် စေသော အကြောင်းရင်း ပင်ဖြစ်သည်။

အစစ်အမှန် နဂါးမျိုးနွယ်က မိစ္ဆာနယ်မြေရှိ မျိုးနွယ်ဆယ်ခုတွင် ထိပ်ဆုံးမှ ရပ်တည်နိုင်ခြင်းမှာ အစစ်အမှန် နဂါးမျိုးနွယ်တွင် မွေးရာပါ နဂါး အရှိန်အဝါ ရှိနေသောကြောင့် ပင်ဖြစ်သည်။ ရေနဂါး ဖြစ်စေ အစစ်အမှန် နဂါး ဖြစ်စေ အားလုံးတွင် နဂါး အရှိန်အဝါ ပါဝင်သည်။ တိုက်ခိုက်သည့် အချိန်တိုင်း တစ်ဖက်လူကို အမြဲတမ်း ကြိုတင် ဖိနှိပ်ထားနိုင်ပြီး အမြဲတမ်း အောင်ပွဲခံနိုင်သည်။ သို့သော် ဤ လူသား ကတော့...

အောက်ကျိန်း၏ မျက်နှာထား အကြီးအကျယ် ပြောင်းလဲသွားခြင်းနှင့် နှိုင်းယှဉ်ပါက ကျန်းချဲ့က လေဟာနယ်တွင် ရပ်နေစဉ် တောင်တန်းကြီး တစ်ခုအလား တည်ငြိမ်နေပြီး မျက်နှာပေါ်တွင် မည်သည့် ထူးခြားမှုမျှ မရှိချေ။ သူ၏ ခန့်မှန်းချက် အရ ဤ အောက်ကျိန်း၏ စွမ်းအားက သာမန် မဟုတ်သော်လည်း သူ့အမြင်တွင် လီချန်ကောနှင့် အဆင့်အတန်း တူညီလောက်မည် ဟု ထင်မြင်မိသည်။ ပို၍ အစွမ်းထက် လျှင်တောင် အများကြီး ပိုစွမ်းမည် မဟုတ်ချေ။ အဖြူအမည်း မိစ္ဆာ နှစ်ပါး၏ ပူးပေါင်း တိုက်ခိုက်မှုကိုပင် လုံးဝ မယှဉ်နိုင်ချေ။ ဤကဲ့သို့သော ပြိုင်ဘက်က သူ့ကို ဖိအား အနည်းငယ် ပေးနိုင်သော်လည်း ထိုမျှသာ ဖြစ်သည်။ နှစ်ဖက် စွမ်းအားက အများကြီး ကွာဟ နေဆဲ ပင်ဖြစ်သည်။

"မင်းက ဘယ် နတ်အဆင့် ဂိုဏ်းက အဓိက တပည့်လဲ ငါနဲ့ အစွမ်းချင်း တူတူလောက် ရှိတယ် ဆိုတော့ လူသားတွေ အားလုံးက အသုံးမကျတဲ့ သူတွေ မဟုတ်ဘူးပဲ"

အောက်ကျိန်းက မျက်နှာပေါ်ရှိ မာနကြီးမှု များကို ရုပ်သိမ်းလိုက်သော်လည်း စကားပြောဆိုမှု တွင်တော့ အနည်းငယ်မျှ အရှုံးပေးခြင်း မရှိချေ။

ကျန်းချဲ့ကတော့ သူ့ကို တစ်ချက်မျှသာ ကြည့်လိုက်ပြီး ဤ အနီရောင် ငါးရှဉ့်နှင့် စကားပြောရန် စိတ်မဝင်စားချေ။ တစ်ဖက်လူကို ဖိနှိပ်ပြီး ဝိညာဉ် ရှာဖွေလိုက်ပါက သူ သိချင်သော အရာ အားလုံးကို သိရမည်သာ ဖြစ်သည်။

အတွေးတစ်ချက်ဖြင့် လူသားပုံစံ မိစ္ဆာ ဓမ္မရုပ်တုကြီး တစ်ခုက လျင်မြန်စွာ ထွက်ပေါ်လာပြီး တစ်ဖက်လူ ထံသို့ လက်သီးဖြင့် ထိုးချလိုက်သည်။ မျက်တောင်တစ်ခတ်အတွင်း ကြီးမားသော ဖိအားကြီး တစ်ခုက ကောင်းကင်ကို ဖုံးကွယ်သွားသည့်အလား သက်ဆင်းလာတော့သည်။

"သတ္တိ ကောင်းလှချည်လား"

အောက်ကျိန်းက ချက်ချင်း ဒေါသထွက်သွားသည်။ ဤ ကျန်းချဲ့က သူ့ကို အထင်သေးနေပြီဟု ခံစားလိုက်ရပြီး ချက်ချင်း မော့ကြည့်ကာ ဟိန်းဟောက်လိုက်သည်။ လေဟာနယ် အထက်ရှိ ပုံရိပ်ယောင် အနီရောင် အစစ်အမှန် နဂါးကြီးက မျက်တောင်တစ်ခတ်အတွင်း ပီပြင်လာပြီး ကျန်းချဲ့ထံသို့ အမြီးဖြင့် ရိုက်ချလိုက်သည်။

သို့သော် သူ၏ ဤ အနီရောင် နဂါးကြီးက အနည်းငယ် ထူးဆန်းနေသည်။ ဦးချို နှစ်ချောင်း ရှိသော်လည်း အချိုးအစား မကျချေ။ ရေနဂါး၏ အဆင့်မြင့် ပုံစံနှင့် ပို၍ တူနေသည်။ အကြောင်းရင်းမှာ မိစ္ဆာသူတော်စင် အဆင့် မဟာ မိစ္ဆာများသာ နဂါး ခန္ဓာကိုယ်ကို အပြည့်အဝ ဖန်တီးနိုင်သောကြောင့် ပင်ဖြစ်သည်။ သို့သော် ဤသို့ ဆိုလျှင်တောင် အစစ်အမှန် ခန္ဓာကိုယ်၏ စွမ်းအားက အနည်းငယ်မျှ မလျော့နည်းချေ။

နဂါးအမြီးက ရိုက်ချလိုက်ရာ တုန်ခါမှုများ အားလုံးကို ပြေပျောက်သွားစေပြီး ပေါက်ကွဲသံများ နေရာအနှံ့ ထွက်ပေါ်လာကာ ကျန်းချဲ့၏ မိစ္ဆာ ဓမ္မရုပ်တုနှင့် လျင်မြန်စွာ တိုက်ခိုက်မိသွားတော့သည်။ ကျယ်လောင်သော အသံကြီး တစ်ချက်နှင့်အတူ နှစ်ဖက်စလုံးက နောက်သို့ ဆုတ်သွားကြသည်။ အစွမ်းချင်း တူညီနေသည့် သဘော ပင်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ကျန်းချဲ့နှင့် အောက်ကျိန်းတို့ တိုက်ခိုက်နေစဉ် နောက်ဘက်ရှိ ရေနဂါး လေးကောင်က လျင်မြန်စွာ အစစ်အမှန် ခန္ဓာကိုယ်ကို ဖော်ထုတ်လိုက်ကြသည်။ ၎င်းတို့၏ စွမ်းအားကလည်း မိစ္ဆာဘုရင် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဟိန်းဟောက်ကာ ကျန်းချဲ့ထံသို့ ပြေးဝင်လာရန် ပြင်လိုက်သော်လည်း အောက်ကျိန်း၏ ဟန့်တားခြင်းကို ခံလိုက်ရသည်။

"ဒီလူက ငါ့ရဲ့ ပြိုင်ဘက်ပဲ မင်းတို့တွေ တခြား သူတွေကို သွားသတ်လိုက်"

"ဟုတ်ကဲ့ပါ"

"အိမ်ရှေ့မင်းသား သုံးရဲ့ အမိန့်အတိုင်း ပါပဲ"

ရေနဂါး လေးကောင်က ချက်ချင်း ဦးတည်ရာ ပြောင်းကာ အောက်ခွန်းနှင့် အခြားသူများ ထံသို့ ပြေးဝင်သွားတော့သည်။ ဤကဲ့သို့သော တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် အောက်ခွန်းနှင့် အခြားသူများ ကလည်း အနည်းငယ်မျှ ပေါ့ဆခြင်း မရှိကြချေ။ သုံးယောက်သားက ပြိုင်တူ လှုပ်ရှားကာ ရေနဂါး လေးကောင်နှင့် တိုက်ခိုက်ကြတော့သည်။ မြေပြင်များ ပြိုကျပြီး လေဟာနယ်များ တုန်ခါသွားကာ တုန်ခါမှုများ ဖြစ်ပေါ်လာတော့သည်။ ထင်ရှားစွာပင် စစ်မှန်သောသခင်များ၏ ရောနှော တိုက်ခိုက်မှုက လျှို့ဝှက်နယ်မြေ၏ ခံနိုင်ရည် အကန့်အသတ် သို့ ရောက်ရှိနေပြီ ဖြစ်သည်။

"ဘယ်လိုလဲ"

အစစ်အမှန် နဂါး ခန္ဓာကိုယ်ဖြင့် ကျန်းချဲ့ကို တွန်းထုတ်ပြီးနောက် အောက်ကျိန်းက အရိုးလှံရှည်ကို ကိုင်ကာ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။ ထင်ရှားစွာပင် ကျန်းချဲ့ကို အစွမ်းထက်သော ပြိုင်ဘက် တစ်ဦးအဖြစ် သတ်မှတ်လိုက်ပြီး ပြိုင်ဘက်၏ အသိအမှတ်ပြုမှုကို ရယူလိုသော သဘော ရှိနေသည်။

သို့သော် ကျန်းချဲ့က ဤ အနီရောင် ငါးရှဉ့်နှင့် ကလေး ကစားသလို ကစားရန် စိတ်မဝင်စားချေ။ ဓမ္မရုပ်တု နောက်ဆုတ်သွားချိန်တွင် သူက ချက်ချင်း ပြန်လည် လှုပ်ရှားလိုက်ပြီး ကိုယ်ပတ်လည်တွင် သွေးသား စွမ်းအင်များ လျင်မြန်စွာ လှုပ်ရှားလာကာ ရွှေရောင် သွေးကန့်လန့်ကာကြီး တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ သူက မိစ္ဆာကမ္ဘာသို့ ဆင်းသက်လာသည့်အလား ဟွမ်ကူးနတ်လှံတံဖြင့် အောက်ကျိန်းထံသို့ ထိုးချလိုက်သည်။

"ကောင်းပြီလေ"

အောက်ကျိန်းက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး မူလက လူသားပုံစံ ရှိနေသော ခေါင်းက ချက်ချင်း နဂါးခေါင်း အဖြစ် ပြောင်းလဲသွားကာ ခြေထောက် နှစ်ဖက်ကို လှုပ်ခါလိုက်ရာ မြေပြင်က ချက်ချင်း ကျွံကျသွားပြီး ကျန်းချဲ့၏ တိုက်ခိုက်မှုကို အနည်းငယ်မျှ တွေဝေခြင်း မရှိဘဲ တိုက်ရိုက် ခံယူလိုက်သည်။

ထို့နောက်... လေဟာနယ်၏ ငြိမ်သက်မှုက ကျိုးပေါက်သွားသည်နှင့်အတူ အောက်ကျိန်းက သွေးအန်ကာ နောက်သို့ လွင့်စင်သွားတော့သည်။ သို့သော် ယခုအခါ သူ၏ မျက်ဝန်းများထဲတွင် အံ့အားသင့် မှင်တက်မှုများ မရှိတော့ဘဲ ပြင်းထန်သော တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။ နောက်သို့ လွင့်စင်သွားစဉ် လေဟာနယ်တွင် ရှိနေသော အနီရောင် အစစ်အမှန် နဂါးနှင့် တစ်သားတည်း ဖြစ်သွားတော့သည်။

မျက်စိရှေ့တွင်ပင် အနီရောင် အစစ်အမှန် နဂါး၏ အရွယ်အစားက ကြီးမားလာပြီး လေဟာနယ် အထက်တွင် နေရာယူကာ ကျန်းချဲ့ကို အထက်စီးမှ ကြည့်နေတော့သည်။ ထို့နောက် နဂါး ဟိန်းဟောက်သံ ထွက်ပေါ်လာပြီး အနီရောင် မီးပင်လယ်ကြီး တစ်ခုက ချက်ချင်း ပန်းထွက်လာတော့သည်။ အနီရောင် မီးတောက်များက လေဟာနယ်ကိုပင် အရည်ပျော်သွားစေမည့်အလား အပူချိန်က အဆက်မပြတ် မြင့်တက်လာပြီး မီးပင်လယ်ကြီးက မျက်တောင်တစ်ခတ်အတွင်း ကျန်းချဲ့ထံသို့ လွှမ်းခြုံလာတော့သည်။

"ထွက်သွားစမ်း"

ကျန်းချဲ့က နတ်လှံတံကို ကိုင်ဆောင်ကာ မတ်မတ် ရပ်နေပြီး မျက်ခုံး ကြားရှိ နတ်ဘုရား မှော်စာလုံးက လင်းလက်သွားကာ မျက်တောင်တစ်ခတ်အတွင်း ယင်ယန် မိစ္ဆာ မီးတောက်များ ထွက်ပေါ်လာပြီး ကျရောက်လာသော အနီရောင် မီးတောက်များနှင့် ရင်ဆိုင် တိုက်ခိုက်လိုက်သည်။ မရေမတွက်နိုင်သော မီးတောက် အကြွင်းအကျန်များက လေဟာနယ်မှ ကျဆင်းလာသည်။ မီးတောင် ပေါက်ကွဲသည့်အလား လျှို့ဝှက်နယ်မြေ တစ်ဝက်ကျော်ကို အပြည့်အဝ လောင်ကျွမ်းသွားစေတော့သည်။

All Chapters